၂၀၂၅ မတ်လ ၇ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး အကြီးအကဲ Türk ၏ မြန်မာနိုင်ငံလူ့အခွင့်အရေး လက်ရှိအခြေအနေနှင့် ပတ်သက်၍ ၎င်း၏တင်ပြမှုကို NUGက ကျေးဇူးတင်ကြိုဆို
📌 ၂။ မြန်မာနိုင်ငံရှိ အမျိုးသမီးများနှင့် မိန်းကလေးငယ် ၁၀.၄ သန်းသည် ၂၀၂၅ ခုနှစ်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေ
📌 ၃။ နွေဦးတော်လှန်ရေးဟာနောက်တဆင့်တွန်းလိုက်ရင် အဖြေပေါ်တော့မယ့်အခြေအနေဖြစ်တယ်လို့ဆို
📌 ၄။ ရန်ကုန်တိုင်းတပ်ရင်းအတွက် ကျည်ကာအင်္ကျီ ၁၆၀ထည် ၊ ကျည်ကာပလိပ်ပြား အခု ၃၂၀ နဲ့ ကျည်ကာဦးထုပ် အလုံး၁၆၀ တို့ကို တပ်ဆင်ပေးနိုင်ခဲ့
📌 ၅။ ၂၀၂၁ ဇူလိုင်လကနေ ၂၀၂၄ ဒီဇင်ဘာလအတွင်း အကြမ်းဖက်ဖြစ်စဉ်တွေကြောင့် စစ်ကိုင်းတိုင်းထဲမှာ အရပ်သား ၅၀၀၀ ကျော်သေဆုံးခဲ့
========================
၂၀၂၅ ခုနှစ် မတ်လ ၇ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ဝိုင်းမော်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ စစ်ရေးလှုပ်ရှားလာတာကြောင့် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်က ၂ ဦးသေဆုံး
🚩 ၂။ တောင်တွင်းကြီးမြို့နယ်မှာ စစ်မှုထမ်းကြေးကောက်နေတဲ့ ကန်ကြီးကုန်းကျေးရွာ အုပ်ချူပ်ရေးမှူးကို ရှင်းလင်း
🚩 ၃။ ရေစကြိုနယ် မြေစွန်းတော်ရွာက ဒေသနေပြည်သူ ၅ ဦးကိုသတ်ဖြတ်ကာ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီး
🚩 ၄။ အုတ်ဖိုနယ်မှာ စစ်မှုထမ်းကြေးအဖြစ် တအိမ်ကို ကျပ် ၃ သိန်းကောက်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကိုရှင်းလင်း
🚩 ၅။ စစ်ကိုင်းတိုင်းတွင်းရှိပျူရွာနဲ့စကစတပ်များကို ယင်းမာပင်မြို့နယ် ပကဖ လက်ရုံးတပ် ULF စစ်ကြောင်းနှင့်တော်လှန်ရေးတပ်များတိုက်ခိုက်အောင်မြင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး အကြီးအကဲ Türk ၏ မြန်မာနိုင်ငံလူ့အခွင့်အရေး လက်ရှိအခြေအနေနှင့် ပတ်သက်၍ ၎င်း၏တင်ပြမှုကို NUGက ကျေးဇူးတင်ကြိုဆို
မတ်လ၇ရက်
လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး အကြီးအကဲ Türk ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး လက်ရှိအခြေအနေနှင့် ပတ်သက်၍ ၎င်း၏ တင်ပြမှုကိုNUGက ကျေးဇူးတင်ကြိုဆိုလိုက်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ လူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက မတ်လအတွင်း ဖော်ပြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ကိုယ်စား လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး အကြီးအကဲ Türk ၏ မြန်မာနိုင်ငံနှင့်ပတ်သတ်၍ အပြန်အလှန် တုံ့ပြန်ဆွေးနွေးခြင်းအပြင် မြန်မာနိုင်ငံ လူ့အခွင့်အရေး လက်ရှိအခြေအနေနှင့် ပတ်သက်၍ ၎င်း၏ တင်ပြမှုကို ကျေးဇူးတင်ကြိုဆိုအက်တယ်လို့ဖော်ပြပါတယ်။
မဟာမင်းကြီးက မြန်မာနိုင်ငံအခြေအနေကို ကမ္ဘာပေါ်တွင် အဆိုးဆုံး အခြေအနေအဖြစ် ဖော်ပြခဲ့ပြီး အကြမ်းဖက်စစ်အုပ်စု၏ ရာဇ၀တ်မှုများနှင့် ချိုးဖောက်မှုများကို ကိုင်တွယ် ဖြေရှင်းရာတွင် “အပြည့်အဝနားလည်နိုင်ရန်ပင် ခဲယဉ်းသော လူသားများ၏ ထိခိုက်ခံစားရမှု ဖြစ်စဉ်များ” တင်စား ဖော်ပြခဲ့သည်။ အဆိုပါဖြစ်စဉ်များတွင် အငတ်ဘေး၊ အစုလိုက် အပြုံလိုက် အရပ်သားသေဆုံးမှုများ၊ အတင်းအကြပ် စစ်မှုထမ်းစေခြင်း၊ ခေါင်းဖြတ် သတ်ဖြတ်ခြင်း၊ မီးရှို့ခြင်း၊ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ဖြတ်တောက်ခြင်း၊ ကွပ်မျက်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ လူသားဒိုင်းအဖြစ်အသုံးပြုခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တို့ပါဝင်ပါတယ်။
အကြမ်းဖက်စစ်အုပ်စု အဖွဲ့ဝင်များနှင့် ၎င်းတို့၏ လုပ်ငန်းများနှင့် မိတ်ဖက် အပေါင်းအပါများ အပေါ် ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုများ အပါအဝင် လက်နက်၊ ခဲယမ်းများ၊ လေယာဉ်ဆီ နှင့် ကုန်ပစ္စည်းများ၊ ဆော့ဖ်ဝဲလ်နှင့် နည်းပညာများကို အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အသုံးချမှုများအတွက် အသုံးပြုနိုင်သည့် ပစ္စည်းများကို စစ်အစိုးရထံ လွှဲပြောင်း ပေးခြင်းများကို ရပ်ဆိုင်းခြင်း အရေးယူမှုဖြင့် မြန်မာနိုင်ငံအား ဦးစားပေး လုပ်ဆောင်ရန် မဟာမင်းကြီး၏ မေတ္တာရပ်ခံချက်ကို အပြည့်အဝ ထောက်ခံအပ်တယ်လို့ဆိုပါတယ်။
========================
📌📌 ၂။ မြန်မာနိုင်ငံရှိ အမျိုးသမီးများနှင့် မိန်းကလေးငယ် ၁၀.၄ သန်းသည် ၂၀၂၅ ခုနှစ်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေ
မတ်လ၇ရက်
မြန်မာနိုင်ငံရှိ အမျိုးသမီးများနှင့် မိန်းကလေးငယ် ၁၀.၄ သန်းသည် ၂၀၂၅ ခုနှစ်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေတယ်လို့ ဆွစ်ဇာလန်သံရုံးရန်ကုန်ကဖော်ပြပါတယ်။
မြန်မာနိုင်ငံရှိ အမျိုးသမီးများနှင့် မိန်းကလေးငယ် ၁၀.၄ သန်းသည် ၂၀၂၅ ခုနှစ်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေပြီး လိုအပ်နေသူများ၏ ၅၂ ရာခိုင်နှုန်းကို ကိုယ်စားပြုတယ်လို့ဆိုပါတယ်။
အမျိုးသမီးများ ဦးဆောင်သော အိမ်ထောင်စုများသည် ပိုမိုဆင်းရဲမွဲတေမှု အန္တရာယ်များနှင့် ရင်ဆိုင်နေရပြီး အမျိုးသမီးများ၏ အလုပ်အကိုင်သည် ၂၀၁၇ ခုနှစ်မှစ၍ အမျိုးသားများ၏နှုန်းထက် နှစ်ဆ ၁၁% ကျဆင်းသွားခဲ့ကာ အမျိုးသမီးနှင့် မိန်းကလေးငယ်များ၏ ၁၃.၉% တွင် မသန်စွမ်းမှုရှိပြီး ရင်းနှီးသော လက်တွဲဖော် ၏အကြမ်းဖက်မှု ဖြစ်နိုင်ခြေ ၂ ဆမှ ၃ ဆ ပိုများတယ်လို့ဖော်ပြပါတယ်။
ဆက်လက်၍ စိန်ခေါ်မှုများရင်ဆိုင်နေရသည့်တိုင် မြန်မာနိုင်ငံရှိ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက် ပိုမိုမျှတပြီး ရေရှည်တည်တံ့သော အနာဂတ်ကို ဖော်ဆောင်ရန် ဆွစ်ဇာလန်သံရုံးက ကတိပြုထားတယ်လို့ဆိုပါတယ်။
========================
📌📌 ၃။ နွေဦးတော်လှန်ရေးဟာနောက်တဆင့်တွန်းလိုက်ရင် အဖြေပေါ်တော့မယ့်အခြေအနေဖြစ်တယ်လို့ဆို
မတ်လ၇ရက်
နွေဦးတော်လှန်ရေးဟာနောက်တဆင့်တွန်းလိုက်ရင် အဖြေပေါ်တော့မယ့်အခြေအနေဖြစ်တယ်လို့ မတ်လအတွင်း စစ်ရေးအခြေအနေများကိုသုံးသပ်ဖော်ပြတဲ့ PDF Insightက ဖော်ပြပါတယ်။
"အာရှဒေသတွင်း အင်အားကြီးတွေရဲ့ ပြိုင်ဆိုင်မှု ရုပ်လုံးမပေါ်ခင်မှာ တော်လှန်ရေးအင်အားတွေအနေနဲ့ မအလကို အဆုံးအဖြတ်သဘောထိရောက်တဲ့ အောင်ပွဲတွေ ရထားဖို့လိုတာဖြစ်တယ်။ တဘက်မှာ US ရဲ့ နိုင်ငံခြားရေးမူဝါဒထဲမှာ မြန်မာပါလာအောင် လော်ဘီ လုပ်ရမှာပါ။ နောက်တဘက်ကလည်း ဘယ်အင်အားကြီးကိုမှ နင်ဘဲငဆ ဆန့်ကျင်တာမျိုး လုပ်လို့မရပါဘူး။ တော်လှန်ရေးတရပ်ဟာ ဆန့်ကျင်သူနည်းလေ ကောင်းလေပါပဲ။ KIA ဗိုလ်ချုပ်တယောက်ပြောခဲ့သလို အချိန်က အဆုံး အဖြတ်ပေးသွားလိမ့်မယ်ဆိုတဲ့ စကားလိုပါပဲ။ နောက်တဆင့်တွန်းလိုက်ရင် အဖြေပေါ်တော့မယ့်အခြေအနေဖြစ်ပါတယ်။ တကယ်တော့ EAO များရော NUG လက်အောက် PDF တပ်များအားလုံး ဒီလိုအခွင့်အလမ်းနဲ့ အခြေအနေအတွက် အသင့်အနေအထားမှာရှိနေတာဖြစ်ပါတယ်"လို့ဆိုပါတယ်။အကြမ်းဖက်စစ်ကောင်စီဟာလက်ရှိမှာ ဆုံးရှုံးထားတဲ့နယ်မြေများတိုးပွားလာပါတယ်။
========================
📌📌 ၄။ ရန်ကုန်တိုင်းတပ်ရင်းအတွက် ကျည်ကာအင်္ကျီ ၁၆၀ထည် ၊ ကျည်ကာပလိပ်ပြား အခု ၃၂၀ နဲ့ ကျည်ကာဦးထုပ် အလုံး၁၆၀ တို့ကို တပ်ဆင်ပေးနိုင်ခဲ့
မတ်လ၇ရက်
ရန်ကုန်တိုင်းတပ်ရင်းအတွက် ကျည်ကာအင်္ကျီ ၁၆၀ထည် ၊ ကျည်ကာပလိပ်ပြား အခု ၃၂၀ နဲ့ ကျည်ကာဦးထုပ် အလုံး ၁၆၀တို့ကို တပ်ဆင်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် - PRF မှာ ရန်ကုန်တိုင်းအတွက် ပါဝင်တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ထောက်ပို့ငွေပမာဏဟာ တပ်ရင်းထောက်ပံ့နဲ့ အထွေထွေအသုံးစရိတ်အတွက် လိုအပ်မှုအပြင် ပိုမိုရရှိခဲ့တာဖြစ်လို့ ရန်ကုန်တိုင်းတပ်ရင်းအတွက် ကျည်ကာအင်္ကျီ ၁၆၀ထည် ၊ ကျည်ကာပလိပ်ပြား အခု ၃၂၀ နဲ့ ကျည်ကာဦးထုပ် အလုံး ၁၆၀ တို့ကို တပ်ဆင်ပေးနိုင်ခဲ့တယ်လို့ဖော်ပြပါတယ်။
ပြည်သူလုထုရဲ့ လေးနက်တဲ့ မေတ္တာနဲ့ ပါဝင်ထောက်ပို့မှုတွေကြောင့် PDF ရဲဘော်တွေဟာ လုံခြုံ ၊ ရဲရင့်စွာ ဆက်လက်တိုက်ပွဲဝင်နိုင်ပြီဖြစ်တယ်လို့အသိပေးဆိုပါတယ်။
========================
📌📌 ၅။ ၂၀၂၁ ဇူလိုင်လကနေ ၂၀၂၄ ဒီဇင်ဘာလအတွင်း အကြမ်းဖက်ဖြစ်စဉ်တွေကြောင့် စစ်ကိုင်းတိုင်းထဲမှာ အရပ်သား ၅၀၀၀ ကျော်သေဆုံးခဲ့
မတ်လ၇ရက်
၂၀၂၁ ဇူလိုင်လကနေ ၂၀၂၄ ဒီဇင်ဘာလအတွင်း အကြမ်းဖက်ဖြစ်စဉ်တွေကြောင့် စစ်ကိုင်းတိုင်းထဲမှာ အရပ်သား ၅၀၀၀ ကျော်သေဆုံးခဲ့ရပါတယ်။
၂၀၂၁ ဇူလိုင်လကနေ ၂၀၂၄ ဒီဇင်ဘာလအတွင်း အကြမ်းဖက်ဖြစ်စဉ်တွေကြောင့် စစ်ကိုင်းတိုင်းထဲမှာ အရပ်သား ၅၀၀၀ ကျော်သေဆုံးခဲ့ရတယ်လို့ မတ်လအတွင်း Data for myanmarက ဖော်ပြပါတယ်။
ထိုထဲမှာမှအမျိုးသမီးနဲ့ကလေးငယ်သေဆုံးမှု၂၄ရာခိုင်နှုန်းပါဝင်ပြီး အရပ်သားသေဆုံးမှုရဲ့၇၃ရာခိုင်နှုန်းဟာ အရပ်သားများကိုပစ်မှတ်ထားသတ်ဖြတ်ခဲ့တာလို့သိရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ဝိုင်းမော်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ စစ်ရေးလှုပ်ရှားလာတာကြောင့် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်က ၂ ဦးသေဆုံး
မတ်လ၇ရက်
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းကကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ စစ်ရေးလှုပ်ရှားလာတာ ကြောင့် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်က ၂ ဦးသေဆုံးကာ လက်နက် ၂ လက်ရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဝိုင်းမော်မြို့နယ်အအတွင်းမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေဟာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး သွားလာ နေပြီး လူငယ်လူရွယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးနေတာတွေ လုပ်နေတယ်လို့ KIA သတင်းပြန်ကြားရေးဌာနကလည်း မနေ့ မတ်လ ၆ ရက်နေ့ ညပိုင်းမှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီဟာ ဝိုင်းမော်မြို့နယ်အတွင်းက ကျေးရွာတွေကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာတွေလုပ်နေပြီး ပြည်သူ့စစ်အဖွဲ့တွေ က အရပ်သားပြည်သူတွေနေထိုင်ရာ အိမ်တွေထဲအထိဝင်ရောက် ဝင်ရောက်ကာ စခန်းချနေတာတွေရှိနေတယ်လို့ ဆိုပါတယ်။
အခုလို စစ်အုပ်စုဘက်က ကား၂ စီးနဲ့ စစ်ရေးလှုပ်ရှားလာတာကြောင့် မိတ်လ ၅ ရက်နေ့က KIA နဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ် လို့ သိရပါတယ်။
လိုင်ဇာဘက်ကနေ ဝိုင်းမော်မြို့အဝင်ဘက်ကို ချဉ်းကပ်လာတဲ့ စစ်ကောင်စီတပ်နဲ့ ရွှေမင်းပြည်သူစစ်အဖွဲ့ကို KIA နဲ့ ပူးပေါင်း အဖွဲ့တွေက မတ်လ ၅ ရက်နေ့မှာ အနီးကပ်တိုက်ခိုက်နိုင်ခဲ့တာကြောင့် စစ်အုပ်စုဘက်က ၂ဦးသေဆုံးပြီး သေနတ် ၂ လက် ရရှိခဲ့ကာ ရန်သူစစ်အုပ်စု ထွက်ပြေးသွားတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တဦးကလည်း ပြောပါတယ်။
တနိုင်းဘက်မှာတော့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်စွဲရာနေရာတခုကို စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ် ပူးပေါင်း တပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် လက်လွှတ်ခဲ့ရတယ်လို့ သိရပါတယ်။
မနေ့ မတ်လ ၆ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ မင်းဇေသန့် ပြည်သူ့စစ်တို့ပါတဲ့ ပူးပေါင်းအဖွဲ့က တနိုင်း-လီဒိုလမ်း ပိုင်း မှာရှိတဲ့ ဒူးဇွပ်ရွာအနီးက KIA တပ်နေရာကို ထိုးစစ်ဆင်ခဲ့တာကြောင့် လက်လွှတ်ပေးခဲ့ရတာလို့ ဒေသသတင်းရင်းမြစ်တွေ က ပြောပါတယ်။
စစ်ကောင်စီဟာ ဗန်းမော်မြို့တိုက်ပွဲမှာ အထိနာနေနေတာကြောင့် ကချင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်တာမရှိတဲ့နေရာတွေ ကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေသလို မြစ်ကြီးနား၊ ဝိုင်းမော်၊ ပူတာအိုနဲ့ ဖားကန့်ဒေသတွေမှာ စစ်အင်အား ဖြည့်တင်းကာ စစ်ရေးလှုပ်ရှားမှုတွေရှိနေတယ်လို့ KIA သတင်းပြန်ကြားရေးဌာနက အသိပေးထားပါတယ်။
========================
🚩🚩 ၂။ တောင်တွင်းကြီးမြို့နယ်မှာ စစ်မှုထမ်းကြေးကောက်နေတဲ့ ကန်ကြီးကုန်းကျေးရွာ အုပ်ချူပ်ရေးမှူးကို ရှင်းလင်း
မတ်လ၇ရက်
မကွေးတိုင်း တောင်တွင်းကြီးမြို့နယ်မှာ ပြည်သူလူထုဆီကနေ စစ်မှုထမ်းကြေး အတင်းအဓမ္မ ကောက်ခံနေတဲ့ ကန်ကြီးကြီးကုန်ရွာ အုပ်ချုပ်ရေးမှူး ဝင်းသန်း ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မကွေးပြောက်ကျားတပ်ဖွဲ့ က ပြောပါတယ်။
တောင်တွင်းကြီးမြို့နယ် ကန်ကြီးကုန်းကျေးရွာသ အုပ်ချူပ်ရေးမှူး ဝင်းသန်း ကို တော်လှန်ရေးတပ်ဖွဲ့တွေက မနေ့ မတ်လ ၆ ရက် နေ့လည် ၁ နာရီခွဲခန့်မှာ နေအိမ်အတွင်း ဝင်ရောက်ရှင်းလင်းခဲ့ရာ သေနတ်ကျည် ၄ ချက် ထိမှန်ပြီး သေဆုံးသွားတာလို့ သိရပါတယ်။
သေဆုံးသွားတဲ့ အုပ်ချူပ်ရေးမှူး ဝင်းသန်း ဟာ စစ်မှုထမ်းကြေးအဖြစ် ပြည်သူလူထုဆီကနေ လစဉ် ကျပ် ၃သောင်း ကောက်ခံတာ၊ လျှပ်စစ်မီတာခတွေ တောင်းခံတာနဲ့ လမ်းဖွံ့ဖြိုးရေးငွေတွေကို အကြမ်းဖက်စစ်တပ်နဲ့ ပေါင်းစားနေ တာတွေကြောင့် ပစ်ခတ်ရှင်းလင်းရတာလို့ အသိပေးထားပါတယ်။
ဒီတိုက်ခိုက်မှုကို Magway Guerrilla Warfare -မကွေးပြောက်ကျားတပ်ဖွဲ့နဲ့ Dragon King People's Defense Force -နဂါးမင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ တောင်တွင်းကြီး တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
သေဆုံးသွားတဲ့ စစ်ကောင်စီခန့် အုပ်ချူပ်ရေးမှူး ဝင်းသန်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေရရှိထားပြီးဖြစ်တာကြောင့် စစ်တပ်ထောက်တိုင်တွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းကြဖို့ အသိပေးထားပြီး မဟာမိတ်တပ်ဖွဲ့တွေ အနေနဲ့ စစ်အာဏာရှင် ကျဆုံးတဲ့အထိ တိုက်ခိုက်ချေမှုန်းသွားမှာဖြစ်တဲ့အတွက် ပြည်သူလူထုကလည်း ပူးပေါင်း ပါဝင်ပေး ကြဖို့ မကွေးပြောက်ကျားတပ်ဖွဲ့က တိုက်တွန်းထားပါတယ်။
========================
🚩🚩 ၃။ ရေစကြိုနယ် မြေစွန်းတော်ရွာက ဒေသနေပြည်သူ ၅ ဦးကိုသတ်ဖြတ်ကာ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီး
မတ်လ၇ရက်
မကွေးတိုင်း ရေစကြိုမြို့နယ် မြေစွန်းတော်ရွာကို စစ်တပ်က ၃ ရက်ဆက်တိုက် စီးနင်းခဲ့ပြီး အရပ်သား ၅ ဦးကို သတ်ဖြတ် ခဲ့ကာ ရွာလုံးကျွတ် မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ရေစကြိုသတင်းအချက်အလက်ကော်မတီ Yesagyo Township Info Committee က ပြောပါတယ်။
အကြမ်းဖက် စစ်တပ်လက်အောက်ခံ ပခုက္ကူ တပ်မ ၁၀၁ နဲ့ ရေစကြိုမှာရှိတဲ့ ၂၅၆၊ ၂၅၇ ၊ ၂၅၈ တပ်ရင်းတို့က အင်အား ၂၀၀ ခန့်ရှိတဲ့အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဟာ မတ်လ ၂ ရက်နေ့ မနက် ၆ နာရီခွဲကစပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ခတ်ကာ ရေစကြိုနယ် ရေလယ်ကျွန်း ဒေသက မြေစွန်းတော်ရွာကို ဝင်ရောက်စီးနင်းပြီး အိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့တယ် လို့ ဆိုပါတယ်။
အဲဒီ အကြမ်းဖက် စစ်တပ်စစ်ကြောင်းဟာ ကျေးရွာအတွင်းက ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူသွားပြီး ထွက်မပြေးနိုင်တဲ့ အသက် ၆ဝ ကနေ အသက် ၈၈ နှစ်အရွယ်ကြားရှိတဲ့ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၂ ဦးကိုသတ်ဖြတ်ခဲ့တယ်လို့ အသိပေးထားပါတယ်။
မတ်လ ၄ ရက်နေ့အထိ ၃ ရက်ဆက်တိုက် မီးရှို့ ဖျက်ဆီးခဲ့တာကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ပြာကျခဲ့ရတယ်လို့ သိရပါတယ်။
အဲဒီအကြမ်းဖက် စစ်တပ်စစ်ကြောင်းဟာ မတ်လ ၅ ရက် မနက် ၉ နာရီခွဲခန့်မှာ ဇရပ်နီကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြ ညနေ ၄ နာရီကျော်အချိန်မှာ သာဂေါင်လေးကျေးရွာကို ဆက်လက်ဝင်ရောက်စီးနင်းပြီး မီးရှို့ ဖျက်ဆီးခဲ့ကြပါသေးတယ်။
========================
🚩🚩 ၄။ အုတ်ဖိုနယ်မှာ စစ်မှုထမ်းကြေးအဖြစ် တအိမ်ကို ကျပ် ၃ သိန်းကောက်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကိုရှင်းလင်း
မတ်လ၇ရက်
ပဲခူးတိုင်းအနောက်ခြမ်း အုတ်ဖိုမြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးပြီး စစ်မှုထမ်းကြေးအဖြစ် တအိမ်ကို ကျပ် ၃ သိန်းကောက်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး မြင့်ဦးကို ပစ်ခတ်ရှင်လင်းခဲ့ရာက ကားတစီး သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေက ဆိုပါတယ်။
အုတ်ဖိုမြို့နယ် သာလိကာကျွေးရွာမှာနေတဲ့ ဒေါင်းစပါးအုပ်စုအုပ်ချုပ်ရေးမှူး မြင့်ဦး ကို သာယာဝတီခရိုင် တပ်ရင်းအမှတ် ၃၈၀၁ တပ်ခွဲ ၅ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့က တော်လှန်ရေးရဲဘော်တွေ မနေ့ မတ်လ ၆ ရက် နေ့လည် ၃ နာရီခန့်မှာရှင်းလင်းခဲ့တာလို့ သိရပါတယ်။
သာလိကာ - ဂွေးချောင်း ဆက်သွယ်ရေးလမ်းအတိုင်း ဖောကားနဲ့ လယ်ထဲကို မောင်းနှင်းလာချိန်မှာ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့က ရှင်းလင်းခဲ့တာကြောင့် ဖောကားတစီးနဲ့ဖုန်းတလုံး သိမ်းဆည်းနိုင်ခဲ့တာလို့ ဒေသတွင်းတော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
သေဆုံးသွားတဲ့ မြင့်ဦးဟာ ကျေးရွာအတွင်းက လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးရာမှာ ဦးဆောင်ပါဝင်ပြီး အကြမ်းဖက် စစ်တပ်နဲ့ပေါင်းကာ အခွန်နဲ့ ဆက်ကြေးတွေ အဓမ္မကောက်ခံနေတဲ့အပြင် ရပ်ရွာအတွင်းက လူငယ်တွေရှိတဲ့အိမ်တွေကို စစ်မှုထမ်းကြေးကောက်ဖို့ အုတ်ဖိုမြို့နယ်ရဲစခန်းကို တိုက်တွန်းနေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ သိရပါတယ်။
ဒေသတွင်းမှာ စစ်ရေးအရှိန် မြှင့်တင်လှုပ်ရှားသွားမှာဖြစ်တဲ့အတွက် ပြည်သူလူထုအနေနဲ့ အကြမ်းဖက်စစ်တပ်၊ ပျူစောထီး တွေနဲ့ စစ်တပ်ထောက်တိုင်တွေကို ရှောင်ရှားသွားလာနေထိုင်ကြဖို့ သာယာဝတီခရိုင် တပ်ရင်းအမှတ် ၃၈၀၁ တပ်ခွဲ ၅ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့က အသိပေးပြောဆိုထားပါတယ်။
========================
🚩🚩 ၅။ စစ်ကိုင်းတိုင်းတွင်းရှိပျူရွာနဲ့စကစတပ်များကို ယင်းမာပင်မြို့နယ် ပကဖ လက်ရုံးတပ် ULF စစ်ကြောင်းနှင့်တော်လှန်ရေးတပ်များတိုက်ခိုက်အောင်မြင်
မတ်လ၇ရက်
စစ်ကိုင်းတိုင်းတွင်းရှိပျူရွာနဲ့စကစတပ်များကို ယင်းမာပင်မြို့နယ် ပကဖ လက်ရုံးတပ် ULF စစ်ကြောင်းနှင့်တော်လှန်ရေးတပ်များတိုက်ခိုက်အောင်မြင်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ကင်မွန်းတော်(ပျူ)ရွာအား ဖေဖော်ဝါရီလ (၁၅)ရက် မနက် (၁၁)နာရီ (၂၃)မိနစ်အချိန်က စတင်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲစတင်ဖြစ်ပွားချိန်မှ (၁)နာရီခန့်အကြာတွင် ချောင်းဦးမြို့ပေါ်ထွေအုပ်ရုံး၊ မိုးကောင်းဘုန်းကြီးကျောင်း၊ မြပုလဲ၊ ခင်မွန်ဘက်စုံံမွေးမြူရေး စစ်ကောင်စီအထိုင်စခန်းများမှ တိုက်ပွဲဖြစ်ပွားနေစဉ်
(၁၂၀) မမ လက်နက်ကြီးများဖြင့် (၅၂)ကြိမ် ပစ်ကူပေးခဲ့တယ်လို့ဆိုပါတယ်။
ထို့နောက် ညနေ (၆)နာရီ (၁၇)မိနစ်ချိန် မုံရွာမြို့နယ် ညောင်ဖြူပင်စခန်း၊ မုံရွာမြို့နယ်တောပု ပျူစောထီးရွာမှ စခပူးပေါင်းအင်အား (၂၀၀)ခန့်ရှိသော စစ်ကူစစ်ကြောင်းနှင့် မိမိတို့၏ လမ်းကြောင်းဖြတ်တောက်ရေးတာဝန်ယူထားသော ရဲဘော်များနှင့် (၁၅)မိနစ်ခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။
ကင်မွန်းတော်(ပျူ)ရွာ အရှေ့ဘက်ခြမ်းရှိ ဘန်ကာများ၊ ရွာမြောက်ဘက်ခြမ်းရှိ ဘန်ကာများ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ည (၈)နာရီခန့်တွင် စစ်ကူစစ်ကြောင်း ကင်မွန်းတော်ရွာအနီး ချဉ်းကပ်လာ၍ ရဲဘော်များ ဆုတ်ခွာပေးခဲ့ကြပြီးဖေဖော်ဝါရီလ (၁၆)ရက်ညနေ (၅)နာရီ (၄၂)မိနစ်ချိန်တွင် ချောင်းဦးမြို့တွင်းရောက် မုံရွာနမခ အင်အား (၇၀)ခန့်ဖြင့် အင်အားဖြည့် ရိက္ခာပို့ စစ်ကြောင်းသည် တော်လှန်ရေးတပ်များ အသင့်ထောင်ထားသော မိုင်းထိပြီးအထိနာခဲ့ပါတယ်။
ဖေဖော်ဝါရီလ(၁၇)ရက် ညနေ (၄)နာရီ (၃၀)မိနစ်ခန့်တွင် နမခ ၊ ညောင်ဖြူပင် စခန်း၊ တော်ပုပျူရွာမှ ကင်းမွန်တော်ရွာအတွင်းရောက်ရှိခဲ့သော စစ်ကူစစ်ကြောင်းမှ အင်အား အချို့ပြန်လည်ထွက်ခွာလာရာတော်လှန်ရေးရဲဘော်များနှင့် ထိတွေတိုက်ပွဲဖြစ်ပွားခဲ့ပြီး၎င်းတိုက်ခိုက်မှုများအတွင်း ရန်သူ့ဘက်မှ (၂၃)ဦးခန့်သေဆုံးကာ ULF စစ်ကြောင်းမှ ရဲဘော် (၂)ဦး နှင့်မဟာမိတ်တပ်ဖွဲ့မှ ရဲဘော်(၂)မြင့်မြတ်စွာ ကျဆုံးခဲ့ရပါတယ်။
ထို့နောက် (၂၀၂၅)ခု မတ်လ (၄)ရက် ညနေ (၃)နာရီ (၁၀)မိနစ် အချိန် မုံရွာမြို့တွင်းမှ ထွက်လာသော သံပြားကာကား (၂)စီးသည် ချောင်းဦးမြို့ကို ဖြတ်၍ မြင်းမူဘက်သို့ ဦးတည်ထွက်ခွာစဉ် မုံရွာ-မန္တလေး လမ်းတနေရာ မိမိတို့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်အထိနာခဲ့ပြီး၎င်းတိုက်ခိုက်မှုမှ စစ်ကောင်စီ၏ သံပြားကာကား (၂) စီး၊ MA 1 (၄) လက်၊ MA 3 (၁) လက်၊ MA 11 (၃) လက်၊ G 3 (၁) လက်၊G 1(၁)လက် ၊ 60 mm စိန်ပြောင်း (၁) လက်၊ Lala (၁) လက် ၊ ကျည်ဘောက်မျိုးစုံ (၂၂)ဘောက် သိမ်းဆည်းရရှိခဲ့ကာသံပြားကာ ကား (၂) စီးမှာ မောင်းနှင်မရတော့သဖြင့် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်
No comments:
Post a Comment