၂၀၂၅ ဧပြီလ ၁၁ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရမှ (၂၅) နှစ်မြောက် ကယန်းအမျိုးသားနေ့သို့ သဝဏ်လွှာပေးပို့
📌 ၂။ ဖလမ်းမြို့သိမ်းအောင်ပွဲအတွက် ချင်းညီနောင်တပ်ဖွဲ့ကို ချင်းပြည်ကောင်စီ ဂုဏ်ပြု
📌 ၃။ စစ်ကိုင်းဖက်ဒရယ်တပ်ပေါင်းစုအနေနဲ့ မဟာမိတ်အင်အားစုတွေနဲ့အတူ တနိုင်ငံလုံး လွတ်မြောက်ရေး တိုက်ပွဲဝင်သွားမယ် လို့ပြော
📌 ၄။ စစ်ကိုင်းငလျင်ကြောင့် သေဆုံးခဲ့သူတွေနဲ့ တွေဦးတော်လှန်ရေးမှာကျဆုံးခဲ့သူတွေအတွက် ဆုတောင်းပွဲလုပ်
📌 ၅။ မြန်မာငလျင်အတွက် ကုလသမဂ္ဂက ဒေါ်လာ ၂၄၁ သန်း နောက်ထပ်ထောက်ပို့ရန် တောင်းဆို
========================
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရမှ (၂၅) နှစ်မြောက် ကယန်းအမျိုးသားနေ့သို့ သဝဏ်လွှာပေးပို့
ဧပြီလ ၁၁ရက်နေ့
၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့ တွင် ကျရောက်ခဲ့သော (၂၅) နှစ်မြောက် ကယန်းအမျိုးသားနေ့ အခါသမယမှာ ပြည်တွင်း၊ ပြည်ပရှိ ကယန်းတိုင်းရင်းသားများအားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံပြီး ဘေးဒုက္ခအန္တရာယ်များမှ ကင်းစင်ကြပါစေကြောင်း ပဏာမဆုမွန်ကောင်းတောင်းအပ်ပါသည်ဟု ဖေါ်ပြထားပါသည်။
ကယန်းအမျိုးသားများသည် မြန်မာ့သမိုင်းတွင် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဘာသာစကားနှင့် ရိုးရာဓလေ့ထုံးတမ်းများကို တန်ဖိုးထားထိန်းသိမ်းလာခဲ့သော သမိုင်းအစဉ်အလာကြီးမားသည့် တိုင်းရင်းသားများ ဖြစ်ကြပါသည်။ ၂၀၀၀ ပြည့်နှစ်၊ ဧပြီလ (၁၀) ရက်နေ့တွင် ပြုလုပ်ခဲ့ကြသော ကယန်းအမျိုးသားတို့၏ ပထမဆုံးညီလာခံမှ ကယန်းအမျိုးသားနေ့ကို စတင်သတ်မှတ်၍ ကျင်းပခဲ့ရာ ယနေ့ သည် (၂၅) နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။ ခေတ်အဆက်ဆက် အမျိုးသားရေးစိတ်ဓာတ်ကို မြဲမြံစွာစွဲကိုင်ပြီး တိုင်းပြည်တည်ဆောက်ရေးတွင် တက်ကြွစွာပါဝင်ခဲ့ ကြသည်ကို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အသိအမှတ်ပြု ဂုဏ်ယူဝမ်းမြောက်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။
ယခုကာလသည် မြန်မာနိုင်ငံအနေဖြင့် လူလုပ်ဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်များ ရင်ဆိုင်နေရသည့် စိတ်မချမ်းမြေ့ဖွယ် အချိန်ကာလဖြစ်ပါသည်။ နိုင်ငံတော်အာဏာကို မတရားလု ယူရန် စဥ်ဆက်မပြတ် ကြိုးစားနေသော အကြမ်းဖက်စစ်အုပ်စု၏ ရက်စက်ယုတ်မာမှုများကြောင့် များစွာသော အကျပ်အတည်းနှင့် ဖိနှိပ်မှုများကို ဆက်လက်ခံစားနေရဆဲ ဖြစ်ပါသည်။စစ်အာဏာ ရှင်များ၏ အကြမ်းဖက်ဖိနှိပ်မှုများကို နှစ်ပေါင်းများစွာ ပြင်းပြင်းထန်ထန် ခံစားခဲ့ရသော်လည်း အမျိုးသားလွတ်မြောက်ရေးနှင့် တန်းတူညီမျှရေးတို့အတွက် မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူများနှင့် အတူ ယနေ့ပြည်သူ့နွေဦးတော်လှန်ရေး၌ စုစည်းတိုက်ပွဲဝင်လျက် ရှိသည့်အတွက် အမျိုးသားညီ ညွတ်ရေးအစိုးရအနေဖြင့် ကယန်းအမျိုးသားများအား လေးနက်စွာအသိအမှတ်ပြု ဖော်ပြအပ် ပါသည်။
ယနေ့(၂၅)နှစ်ပြည့် ကယန်းအမျိုးသားနေ့အခါသမယမှသည် ကယန်းအမျိုးသားများအားလုံး စိတ်ဓာတ်ခိုင်မာစွာဖြင့် လက်ရှိအခက်အခဲများကို ကျော်လွှားနိုင်ပြီး၊ ရည်မှန်းထားသည့် လွတ်လပ်မှု၊ တရားမျှတမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တိုင်းရင်းသားအားလုံးနှင့် အတူတကွတည်ဆောက်နိုင်ကြပါစေကြောင်း မျှော်ရည်မှန်းလျက် အမျိုးသားညီညွတ်ရေးအစိုးရမှ ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်ဟုပါရှိပါသည်။
========================
📌📌 ၂။ ဖလမ်းမြို့သိမ်းအောင်ပွဲအတွက် ချင်းညီနောင်တပ်ဖွဲ့ကို ချင်းပြည်ကောင်စီ ဂုဏ်ပြု
ဧပြီလ ၁၁ရက်နေ့
ချင်းပြည်နယ် ဖလမ်းမြို့ကို ချင်းညီနောင်မဟာမိတ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်မှုအပေါ် ဂုဏ်ပြုကြောင်း ချင်းပြည် ကောင်စီ က ထုတ်ပြန်ပါတယ်။
ဖလမ်းအခြေစိုက်တဲ့ စစ်ကောင်စီရဲ့ ခလရ-၂၆၈ တပ်ရင်းကို ချင်းညီနောင်နဲ့ မဟာမိတ်တပ်တွေက ဧပြီ ၇ ရက်က သိမ်းပိုက် နိုင်ခဲ့တာကို မှတ်တမ်းတင်ဂုဏ်ပြုတဲ့အကြောင်း ချင်းပြည်ကောင်စီက အသိပေးထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
တိုက်ပွဲအတွင်း အသက်ပေးလှူသွားကြတဲ့ တော်လှန်ရေးရဲဘော်တွေကို ဦးညွှတ်ကြောင်း ဖော်ပြထားပြီး ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားကြတဲ့ ရဲဘော်တွေရဲ့ ပေးဆပ်မှုအပေါ် ဂုဏ်ယူလေးစားတယ်လို့လည်း ချင်းပြည်ကောင်စီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်စနစ် အပြီးတိုင်ချေမှုန်းရေး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး၊ ချင်းပြည်နဲ့ ချင်းအမျိုးသား တည်ဆောက်ရေးတို့အတွက် ချင်းပြည်သူများ၊ တော်လှန်ရေးအင်အားစုများနဲ့အတူ တိုက်ပွဲဝင်သွားမယ်လို့ ချင်းပြည်ကောင်စီက ကြေညာထားပါတယ်။
========================
📌📌 ၃။ စစ်ကိုင်းဖက်ဒရယ်တပ်ပေါင်းစုအနေနဲ့ မဟာမိတ်အင်အားစုတွေနဲ့အတူ တနိုင်ငံလုံး လွတ်မြောက်ရေး တိုက်ပွဲဝင်သွားမယ် လို့ပြော
ဧပြီလ ၁၁ရက်နေ့
စစ်ကိုင်းဖက်ဒရယ်တပ်ပေါင်းစုအနေနဲ့ မဟာမိတ်အင်အားစုတွေနဲ့ပေါင်းပြီး ဒေသတွင်းလွတ်မြောက်ရေးမှသည် တနိုင်ငံလုံး လွတ်မြောက်ရေးအထိ လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
စစ်ကိုင်းဖက်ဒရယ်တပ်ပေါင်းစုကို စစ်ကိုင်းဒေသ ဖက်ဒရယ်ယူနစ်အတွင်းမှာရှိတဲ့ ဒေသတွင်းတော်လှန်ရေးအင်အားစု တွေနဲ့ စစ်ပုံကျအောင်စုဖွဲ့ထားတာလို့သိရပါတယ်။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလထဲမှာ စစ်ကိုင်းဖက်ဒရယ်တပ်ပေါင်းစုကို စစ်ကြောင်းကြီး ၅ ကြောင်းအပါအဝင် တပ်ပေါင်းစု အဖွဲ့ဝင်တပ်တွေ အရံတပ်တွေနဲ့ စနစ်တကျ ထူထောင်ခဲ့တယ်လို့ဆိုပါတယ်။
စစ်ကိုင်းဖက်ဒရယ်တပ်ပေါင်းစု စစ်ကြောင်းတွေဟာ ရှေ့ပြေးစီမံချက်နဲ့ဖွဲ့စည်းထားတဲ့ စစ်ကိုင်းဖက်ဒရယ်ကောင်စီ၊ စစ်ကိုင်း ဖိုရမ်ဖက်ဒရေးရှင်းတို့ရဲ့ နိုင်ငံရေးဦးဆောင်မှုနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ဒေသတွင်းနဲ့ ဒေသပြင်ပမှာရှိတဲ့ မဟာမိတ်တပ်ရင်း တပ်ဖွဲ့များ၊ တိုင်းရင်းသားတော်လှန်ရေးတပ်များအတူ စစ်ဆင်ရေးတွေ လုပ်ဆောင်ရွက်နေတယ်လို့ အသိပေးပါတယ်။
၂၀၂၄ ခုနှစ် အောက်တိုဘာမှာစတင်ခဲ့တဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲမှာလည်း စစ်ကိုင်းဖက်ဒရယ် တပ်ပေါင်းစုက စစ်ကြောင်း ၂ ကြောင်း ပါဝင်တိုက်ခိုက်ခဲ့ပြီး အခုနှစ် ဧပြီလဆန်းပိုင်းမှာ မြို့သိမ်းနိုင်တဲ့အထိ ကျရာတာဝန်ကနေ ပါဝင်ကူညီနိုင်ခဲ့တယ်လို့ လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကိုင်းဖက်ဒရယ်တပ်ပေါင်းစုအနေနဲ့ စစ်ကိုင်းဒေသ ဖက်ဒရယ်ယူနစ်အတွင်းမှာရှိတဲ့ ဒေသကာကွယ်ရေးတပ်တွေ စနစ်တကျပေါင်းစည်းနိုင်ဖို့ ဆက်လက်ကြိုးစားသွားမှာဖြစ်ပြီး မဟာမိတ်အင်အားစုတွေနဲ့အတူ ဒေသတွင်း လွတ်မြောက် ရေးသည် တနိုင်ငံလုံး လွတ်မြောက်ရေးအထိ ဦးလည်မသုန် ပါဝင်ထမ်းဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၄။ စစ်ကိုင်းငလျင်ကြောင့် သေဆုံးခဲ့သူတွေနဲ့ တွေဦးတော်လှန်ရေးမှာကျဆုံးခဲ့သူတွေအတွက် ဆုတောင်းပွဲလုပ်
ဧပြီလ ၁၁ရက်နေ့
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ထဲက ရွာတရွာမှာ စစ်ကိုင်းငလျင်ကြောင့် သေဆုံးခဲ့သူတွေနဲ့ တွေဦးတော်လှန်ရေးမှာကျဆုံးခဲ့သူတွေ ကောင်းရာဘုံဘဝရောက်စေဖို့အတွက် ဆုတောင်းပွဲလုပ်လုပ်ခဲ့တယ် လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။
ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က အဖွဲ့ခေါင်းဆောင်တွေ တာဝန်ခံတွေနဲ့ အဖွဲ့ဝင်များ အပါအဝင် တိုက်နယ်၊ရပ်ကျေးတို့က ပအဖ၊ပကဖများ ၊ ပုလဲမြို့နယ်အတွင်းက ဒေသနေပြည်သူတွေစုပေါင်းပြီး ဒေသတွင်း က သံဃာတော်တွေကို ပင့်ဖိတ်ပြီး ဧပြီလ ၉ ရက်နေ့မှာ ဆုတောင်းပွဲ လုပ်ခဲ့တာလို့ သိရပါတယ်။
မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင် ကပ်ဆိုးကြီးကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူများ၊ နွေဦးတော်လှန် ရေးမှာ ကျဆုံးခဲ့ရတဲ့ ပြည်သူများ၊ ရဲဘော်များ ကောင်းရာဘုံဘဝ ရောက်စေဖို့ ဆုတောင်းပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဒီဆုတောင်းပွဲမှာ သံဃာတော်တွေက ပရိတ်တရားတော်တွေ ချီးမြှင့်ပေးခဲ့ပြီး သီလဆောက်တည်ပေးခဲ့ကာ တရားနာပရိတ် သတ်တွေက ဆွမ်း၊ သင်္ကန်း၊ ဝတ္ထုငွေတို့ ကပ်လှူပူဇော်ခဲ့ပြီး ရေစက်ချ အမျှအတမ်းပေးဝေခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၅။ မြန်မာငလျင်အတွက် ကုလသမဂ္ဂက ဒေါ်လာ ၂၄၁ သန်း နောက်ထပ်ထောက်ပို့ရန် တောင်းဆို
ဧပြီလ ၁၁ရက်နေ့
မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော ရစ်ခ်ျတာစကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြောင့် လူ ၃၆၀၀ ကျော် သေဆုံးခဲ့ပြီး နောက်ထပ် လူ ၄၈၀၀ ဒဏ်ရာရကာ ၁၈၄ ဦး ပျောက်ဆုံးနေဆဲဖြစ်သည်။
အဆိုပါ သဘာဝဘေးကြောင့် မြို့နယ်ပေါင်း ၅၈ ခုတွင် လူပေါင်း ကိုးသန်းကျော် ထိခိုက်ခဲ့ပြီး ဆေးရုံနှင့် စာသင်ကျောင်းများ အပါအဝင် ထောင်နှင့်ချီသော အဆောက်အဦများ ပြိုကျပျက်စီးခဲ့သည်။ နောက်ဆက်တွဲငလျင်များသည် အပြင်းထန်ဆုံးထိခိုက်သည့်ဒေသများတွင် ဆက်လက်လှုပ်ခတ်နေပြီး ဆိုးရွားနေပြီဖြစ်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်းကို ပိုမိုဆိုးရွားစေသည်။
အရေးပေါ်အခြေအနေကို တုံ့ပြန်သည့်အနေဖြင့် ကုလသမဂ္ဂအေဂျင်စီများသည် အထိခိုက်ဆုံးဒေသများရှိသူများအား ထောက်ပံ့ရန် နောက်ထပ်ဒေါ်လာ ၂၄၁ ဒသမ ၆ သန်းကို တောင်းဆိုထားပြီး မြန်မာနိုင်ငံအတွက် ၂၀၂၅ ခုနှစ် လူသားချင်းစာနာထောက်ထားမှုလိုအပ်ချက်နှင့် တုံ့ပြန်ရေးအစီအစဉ်မှ ဒေါ်လာ ၁၃၄ သန်းကိုလည်း တပါတည်း ပေးအပ်သွားရန်ရှိကြောင်း သိရသည်။
ပြန်လည်ပြင်ဆင်ထားသော အစီအစဉ်တွင် အကူအညီများ အရေးပေါ်လိုအပ်နေသည့် လူပေါင်း နှစ်သန်းခန့်ကို ကနဦး သတ်မှတ်ထားပြီး ငလျင်မလှုပ်မီကတည်းက အကူအညီ လိုအပ်နေသေးသူ 4.3 သန်းကိုလည်း ထည့်သွင်းထားသည်။
မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းခဲ့သော စစ်အာဏာရှင် ကြောင့် ဖြစ်ပွားနေရသည့် ပြည်တွင်းစစ်အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီနှင့် အကာအကွယ်များ လိုအပ်နေသည့် လူဦးရေ၏ သုံးပုံတစ်ပုံခန့်ဖြစ်သည့် သန်း ၂၀ နီးပါးသည် သဘာဝဘေးအန္တရာယ်မတိုင်မီ အကျပ်အတည်းနှင့် ရင်ဆိုင်နေကြရသည်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ဖလမ်းမြို့သိမ်းတိုက်ပွဲ မှာ Myingyan Black Tiger တပ်ဖွဲ့က ၇ ဦးနဲ့ PDF-Zoland တပ်ဖွဲ့က ၁၀ ဦး ကျဆုံး
ဧပြီလ ၁၁ရက်နေ့
ချင်းပြည်နယ်က ဖလမ်းမြို့သိမ်းတိုက်ပွဲမှာပါဝင်ခဲ့တဲ့ မန္တလေးတိုင်းအခြေစိုက် Myingyan Black Tiger-MBT တပ်ဖွဲ့က ရဲဘော် ၇ ဦး၊ တီးတိန်မြို့နယ်အခြေစိုက် PDF-Zoland တပ်ဖွဲ့က ၁၀ ဦး ကျဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက အသီးသီးထုတ်ပြန်ပါတယ်။
၅ လတာ ကြာမြင့်ခဲ့တဲ့ ချင်းပြည်နယ် ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ မန္တလေးတိုင်းအခြေစိုက် Myingyan Black Tiger- MBT တပ်ဖွဲ့နဲ့ တီးတိန်မြို့နယ်အခြေစိုက် PDF-Zoland တပ်ဖွဲ့တို့ ပါဝင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး MBT တပ်ဖွဲ့က ရဲဘော် ၃ ဦး ခြေလက်အင်္ဂါဆုံးရှုံးခဲ့ကာ ရဲဘော် ၃၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ MBT တပ်ဖွဲ့က မနေ့ ဧပြီလ ၁ဝ မှာ ထုတ်ပြန်ပါတယ်။
ချင်းပြည်နယ် ဖလမ်းမြို့ကို စစ်ကောင်စီ ကင်းစင်နယ်မြေဖြစ်အောင် ပူးပေါင်းပါဝင်တိုက်ခိုက်နိုင်ခဲ့တဲ့ ကျားမဲ Commando စစ်ကြောင်းနဲ့ ကျားမဲစစ်ကြောင်း - ၇ က ရဲဘော်တွေရဲ့ ဇွဲ၊လုံးလ၊သတ္တိနဲ့အမိန့်နာခံမှုကို MBTတပ်ဖွဲ့အနေနဲ့ လေးစားဂုဏ်ယူမိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ချင်းညီနောင်အဖွဲ့ဝင် PDF – Zoland တပ်ဖွဲ့က ရဲဘော် ၁၀ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရတယ်လို့ ဒီနေ့ ဧပြီလ ၁၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ဖလမ်းမြေမှာ ကြွေလွင့်ခဲ့ရတဲ့ တီးတိန်က သူရဲကောင်းကြယ်များလို့ PDF-Zoland တပ်ဖွဲ့က အသိပေးထားပြီး ပြည်သူတွေ ဘေးကင်း လုံခြုံရေးအတွက် မလျော့သောဇွဲနဲ့ သက်စွန့်ကြိုးပမ်းထမ်းဆောင်ရင်း ကြေလွင့်ခဲ့ရတဲ့ လူငယ်တွေကို အလေးနီ ပြုပါတယ်လို့ အသိပေးထားပါတယ်။
ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖော်ဆောင်ခဲ့တဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ချင်းညီနောင် CB နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေ ဖြစ်တဲ့ 96 Solider PDF၊ Anti- Fascist Internationalist Front -AIF၊ Burma National Revolutionary Army -BNRA၊ Burmese Revolutionary Technical Front -BRTF ယမ်းအဖွဲ့၊ Generationa Z Army -GZA၊ Giant Revolution Force – GRF၊ Harmonious Northern Brother-HNB၊ Kalay Revolution Force – KRF၊ Kalay Urban Guerrialla - Kalay UG၊ Myingyan Black Tiger – MBT၊ National Liberation Army – NLA၊ Revolvtion Ambulance Wolf -RAW Medical Team၊ Sagaing Federal Troop (SFT - စစ်ကိုင်းဖက်ဒရယ် တပ်ပေါင်းစု)၊ Yaw Defense Force – YDF၊ Zo Army – ZA၊ ကလေးခရိုင် ပကဖနဲ့ ဒရုန်းအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ချင်းညီနောင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဖလမ်းမြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၉ ရက်နေ့ကစတင်ခဲ့တာဖြစ်ပြီး အခုနှစ် ဧပြီလ ၉ ရက်နေ့မှာ ဖလမ်းမြို့နယ် တခုလုံးကို စစ်ကောင်စီကင်းစင်တဲ့ နယ်မြေအဖြစ် ဖော်ဆောင်နိုင်ခဲ့ပြီလို့ ချင်းလက်နက်ကိုင် ၆ ဖွဲ့နဲ့စုစည်းထားတဲ့ ချင်းညီနောင်အဖွဲ့က ဧပြီ ၉ ရက်နေ့မှာထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၂။ ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ၂ ဦးကျဆုံးခဲ့ပြီး ပြင်းထန်ဒဏ်ရာသူတွေနဲ့ ခြေလက်ဆုံးရှုံးခဲ့သူတွေရှိတယ်လို့ BNRA ပြော
ဧပြီလ ၁၁ရက်နေ့
ချင်းညီနောင်စစ်ဆင်ရေးဖြစ်တဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA က ရဲဘော် ၂ ဦး ကျဆုံးပြီး ပြင်းထန်ဒဏ်ရာသူတွေနဲ့ ခြေလက်ဆုံးရှုံးခဲ့သူတွေရှိတယ်လို့ ဒီနေ့ ဧပြီ ၁၁ မှာ ထုတ်ဖော်ပြောဆိုပါတယ်။ဖလမ်းမြို့သိမ်းစစ်ဆင်ရေးနဲ့ပတ်သက်တဲ့ စစ်ရေးသတင်းထုတ်ပြန်ရာမှာ အခုလို ထည့်သွင်းပြောဆိုလိုက်တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၉ ရက်မှာ စတင်ခဲ့တဲ့ ချင်းညီနောင်စစ်ဆင်ရေးဖြစ်တဲ့ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးဟာ အခုနှစ် ဧပြီ ၉ ရက်နေ့မှာ အောင်မြင်စွာအပြီးသတ်ဖော်ဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
BNRA အနေနဲ့ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးအတွက် ၂၀၂၄ ခုနှစ် သြဂုတ်လကစပြီး ချင်းညီနောင်အပါအဝင် အခြားမဟာမိတ် တပ်တွေနဲ့အတူ စတင်စုဖွဲ့ပြင်ဆင်ခဲ့တာဖြစ်ပြီး စစ်ရဲ့ သဘော၊တော်လှန်ရေးရဲ့ သဘာဝအလျောက် အခက်အခဲတွေကြားက ဖလမ်းမြို့ ခလရ ၂၆၈ တပ်ကုန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာလို့ သိရပါတယ်။
ဖလမ်းမြို့သိမ်းစစ်ဆင်ရေးအတွင်းမှာ BNRA က ရဲဘော် ၂ ဦး ကျဆုံးခဲ့သလို ခြေထောက်တဖက်ဆုံးရှုံးသူ ၂ ဦး၊ ခြေထောက် ၂ ဖက်ဆုံးရှုံးသူ ၂ ဦး၊ လက်ချောင်းဆုံးရှုံးသူတဦး၊ ပြင်းထန်ဒဏ်ရာရသူ ၃ ဦး ရှိခဲ့တယ်လို့လည်း အသိပေးပါတယ်။
BNRA အနေနဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၂ က စတင်ခဲ့တဲ့ ချင်းပြည်တောင်ပိုင်း ကျင်ဒွေးမြို့စစ်ဆင်ရေးမှာလည်း ပါဝင်ခဲ့ပြီး ရဲဘော်တဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
ချင်းပြည်မြောက်ပိုင်း ဖလမ်းမြို့သိမ်းစစ်ဆင်ရေးဟာ BNRA အတွက် ချင်းပြည်နယ်အတွင်းပါဝင်ခဲ့သော ဒုတိယမြောက် မြို့သိမ်းစစ်ဆင်ရေးဖြစ်ပြီး တောင်ပေါ် မြေပြန့် တော်လှန်ရေးအင်အားစုတွေ စုပေါင်းဖော်ဆောင်တဲ့ စစ်ရေးဖော်ဆောင်မှု ဖြစ်ပြီး အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ချင်းညီနောင်အနေနဲ့ တနှစ်တာကျော်ကာလအတွင်း အောင်မြင်မှုတွေရရှိခဲ့တာကို ဂုဏ်ယူဝမ်းမြောက်ကြောင်းနဲ့ စစ်ဆင်ရေး တွေမှာ အသက်၊ ခန္ဓာပေးဆပ်စွန့်လွှတ်ခဲ့တဲ့ တပ်တော်အသီးသီးက တပ်မှူး၊ တပ်သားတွေကို မှတ်တမ်းတင်ဂုဏ်ပြုကြောင်း
ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA ဗဟိုသတင်းနှင့်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၃။ ကောလင်းမြို့နယ်ကို စစ်ကောင်စီ လေကြောင်းကနေ ထပ်မံဗုံးကြဲ
ဧပြီလ ၁၁ရက်နေ့
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်ကို စစ်ကောင်စီက ဒီနေ့ ဧပြီလ ၁၁ ရက် မနက်ပိုင်းမှာ လေကြောင်းကနေ ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ကောလင်း- PDF က ထုတ်ပြန်ပါတယ်။
ကောလင်းမြို့နယ်အရှေ့ခြမ်းမှာရျိတဲ့ ရွှေဘို - မြစ်ကြီးနားကားလမ်းဘေးက သဲချောင်းရွာသစ်ကို ဒီနေ့မနက်အစောပိုင်း ၃ နာရီ ၄၀ မိနစ်မှာ လေကြောာင်းကနေ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
မြေပြင်မှာ စစ်ရေးလှုပ်ရှားမှုမရှိဘဲ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုလို့ ကောလင်း KLPDF ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဗုံးသီး ၂ လုံးချတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကျေးရွာအနီး လယ်ကွင်းအတွင်း တလုံးကျရောက်ပေါက်ကွဲခဲ့တာကြေင့် ထိခိုက် ပျက်စီးမှုအနည်းငယ်သာရှိခဲ့တယ်လို့ အသိပေးထားပါတယ်။
စစ်ကောင်စီဟာ မနေ့ ဧပြီ ၁၀ ရက် နေ့လည် ၁ နာရီ ၄၀ မိနစ်တုန်းကလည်း ကောလင်းမြို့နယ် အင်ပင်လှကျေးရွာ စာသင်ကျောင်းကို ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၃ နှစ်အရွယ် မိန်းကလေးတဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရခဲ့ကာ ပျက်စီးဆုံးရှုံးမှု များစွာရှိခဲ့ပါတယ်။
အင်းတော်မြို့ကို ဆုံးရှုံးထားပြီး တပ်မမှူးပါ ဖမ်းဆီခံထားရတဲ့ စစ်ကောင်စီဟာ အင်းတော်၊ကောလင်းနဲ့ဝန်းသိုမြို့နယ်တို့ကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေရာ ကောလင်းမြို့ဟာ ၂ ရက်ဆက် လေကြောင်းတိုက်ခိုက်တာခံလိုက်ရ တာပဲဖြစ်ပါတယ်။
ဒါကြောင့် စစ်ကောင်စီရဲ့လေကြောင်းအန္တရာယ်ကို ကောလင်း၊ ဝန်းသိုနဲ့ အင်းတော်တနယ်လုံး ဂရုစိုက်ကြဖို့ တော်လှန်ရေး တပ်ဖွဲ့တွေက သတိပေးထားပါတယ်။
========================
🚩🚩 ၄။ ကယန်းအမျိုးသားနေ့အခမ်းအနားလုပ်တဲ့ရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်
ဧပြီလ ၁၁ရက်နေ့
ကယန်းအမျိုးသားနေ့အခမ်းအနားပြုလုပ်ခဲ့တဲ့ ဖယ်ခုံမြို့နယ် သိကျိတ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
မနေ့ ဧပြီ ၁၀ ရက်ကလုပ်တဲ့ ၂၅ နှစ်ပြည့် ကယန်းအမျိုးသားနေ့ ငွေရတုအထိမ်းအမှတ်ပွဲအပြီး ည ၁၂ နာရီခန့်မှာ စစ်တပ် က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အိမ်တလုံးပျက်စီးပြီး အရပ်သားပြည်သူ ၂ ဦးဒဏ်ရရသွားတယ်လို့ ဒေသနေပြည်သူတွေ က ပြောပါတယ်။
စစ်အုပ်စုဟာ ကယန်းအမျိုးသားတရပ်လုံးကို ရန်သူလို့ သဘောထားတယ်လို့ ဒေသနေပြည်သူတဦးက အသိပေးပါတယ်။
စစ်အုပ်စုက ကယန်းလူမျိုးတွေကို သူပုန်လို့သတ်မှတ်ရင် သူပုန်မျိုးဟေ့ တို့ကယန်းလို့ ကျွန်တော်တို့ ဂုဏ်ယူစွာ ဟစ်ကြွေး မယ်လို့လည်း ဆိုပါတယ်။
၂၅ နှစ်ပြည့် ကယန်းအမျိုးသားနေ့ ငွေရတုအထိမ်းအမှတ်ပွဲပြီးချိန်မှာ စစ်တပ်က ပေါင် ၂၀၀ ဗုံးလာကြဲသွားတာလို့လည်း ဒေသတွင်းသတင်းတွေအရ သိရပါတယ်။
ကယန်းကျေးရွာပေါင်း ၁ဝဝ ကျော်က ဒေသနေပြည်သူ တသောင်းကျော်နဲ့ စည်းကားသိုက်မြိုက်စွာကျင်းပနိုင်ခဲ့တဲ့ ၂၅ နှစ်ပြည့် ကယန်းအမျိုးသားနေ့ကို စစ်ကောင်စီက ဖျက်ဆီးဖို့ ကြိုးပမ်းတဲ့လုပ်ရပ်လို့လည်း ဆိုပါတယ်။
ကယန်းလူထုတရပ်လုံးလွတ်မြောက်ရေးအတွက် ကယန်းလူမျိုးတွေညီညွတ်ကြဖို့ ၂၅ ကြိမ်မြောက် ကယန်းအမျိုးသားနေ့ မှာ ကယန်းအမျိုးသားပါတီ-KNP ဥက္ကဋ္ဌ ခွန်းဘီထူး က တိုက်တွန်းပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဒီအခမ်းအနားမှာ ကယန်းအလံတော်ကို အလေးပြုခြင်း၊ ကယန်းအလံလွှင့်ထူခြင်း၊ ကယန်းဘုံအက ကခြင်းနဲ့ ငလျင်ဘေး ကြောင့်ထိခိုက်သေဆုံးခဲ့သူတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ တမိနစ်ငြိမ်သက်တဲ့ အစီအစဉ်တို့ ပါဝင်ခဲ့ တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်
No comments:
Post a Comment