၂၀၂၅ ဧပြီလ ၁၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ငလျင်ဘေးကြားက ထိုးစစ်ဆင်နေတဲ့ အကြမ်းဖက်စစ်အုပ်စုလုပ်ရပ်ကို နိုင်ငံတကာက စောင့်ကြည့်တဲ့ ယန္တရား လုပ်ငန်းစဥ် တစ်ခု လိုအပ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် ပြောကြား
📌 ၂။ ကိုရီးယားရောက် လူငယ်တွေ မြန်မာပြည်နဲ့ တော်လှန်ရေးအတွက် ရန်ပုံငွေရှာဖွေမှု လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ချီးကျူးဂုဏ်ပြု
📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ လျာထားတဲ့ ငလျင်ဘေးအတွက် အမေရိကန်ဒေါ်လာ တစ်မီလီယံထဲမှတစ်သိန်းလေးသောင်းသုံးထောင်ကျော်ကို အသုံးပြုပြီးဖြစ်၊ ငလျင်ဘေးသင့်ဒေသများအတွင်း ထိုးစစ်ရပ်နားထားမှုကို တစ်ပတ် သက်တမ်းတိုးမည်
📌 ၄။ မွန်ပြည်နယ် ကျန်းမာရေးကောင်စီ (Mon State Health Council) ဖွဲ့စည်းကြောင်း ထုတ်ပြန်
📌 ၅။ မြန်မာ့နွေဦးတော်လှန်ရေးတွင် ပါဝင်တိုက်ခိုက်နေကြသော တော်လှန်ရေးအင်အားစုများမှ အပစ်အခတ်ရပ်စဲထားခြင်းကို ကြိုဆိုထောက်ခံကြောင်း အကျဉ်းထောင်များရှိ နိုင်ငံရေးအကျဉ်းသား/အကျဉ်းသူများမှ အိတ်ဖွင့်ပေးစာပေးပို့ခဲ့
📌 ၆။ မတ်လ ၂၈ ရက်မှ ဧပြီလ ၁၁ ရက်အထိအရေးပေါ် ငလျင်တုံ့ပြန်နိုင်ရေးကမ်ပိန်းကို ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းကြောင့် စုစုပေါင်း ကျပ်ငွေ ၁.၆၅ ဘီလီယံနီးပါး မြင့်တင်နိုင်ခဲ့တယ်လို့ နွေဦးဖွံဖြိုးရေး SDB ဘဏ် အသိပေး
📌 ၇။ ၂၀၂၅ မတ်လအတွင်း ထောက်ပို့တပ်သား ၂၁၇၄၆ဦး ရှိပြီး ထောက်ပို့ငွေပမာဏ အမေရိကန်ဒေါ်လာ ၆၃၉,၁၆၂ ရရှိကြောင်း PRF အသိပေး
========================
၂၀၂၅ ခုနှစ် ဧပြီလ ၁၃ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ အင်းတော်ကြီး အနီးမှာ KIA ပူးပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ ဦး သေဆုံး
🚩 ၂။ သာလွန်အင်အားဖြင့် မိုးဗြဲမြို့ကို စစ်ကောင်စီ ထိုးစစ်ဆင်နေပေမယ့် ခုခံထိန်းချုပ် ထားနိုင်ဆဲဖြစ်
🚩 ၃။ တောင်ဒဂုံ မြို့မရဲစခန်းအား လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်
🚩 ၄။ KNU ခလယ်လွီထူ ခရိုင်မှာ စစ်ကောင်စီက ပြည်သူတစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီးခဲ့
🚩 ၅။ နွားထိုးကြီးမြို့နယ်၊ လက်ဝဲ+မြင်းနီရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ သက်ကြီးအမျိုးသား ၁ဦး သေဆုံးပြီး နေအိမ် ၅ လုံး မီးလောင်
🚩 ၆။ သာဂေါင်ကြီး စာသင်ကျောင်းကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ပစ်ခတ်တိုက်ခိုက်
🚩 ၇။ ဒီပဲယင်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုရင် ၃ ပါးနဲ့ ကလေးငယ် တစ်ဦး အပါအဝင် ၅ ဦးသေဆုံး
🚩 ၈။ ရေဖြူ ခလရ ၄၀၇ တပ်ရင်းမှ စစ်ကောင်စီတပ်သား ၁ ဦး မိသားစုနှင့်အတူ အလင်းဝင်
🚩 ၉။ ကရင်နီပြည် တပ်မတော် ထိန်းချုပ်နယ်မြေမှာ အရေးပေါ် အခြေခံ ဆေးသင်တန်းဖွင့်လှစ်ခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ငလျင်ဘေးကြားက ထိုးစစ်ဆင်နေတဲ့ အကြမ်းဖက်စစ်အုပ်စုလုပ်ရပ်ကို နိုင်ငံတကာက စောင့်ကြည့်တဲ့ ယန္တရား လုပ်ငန်းစဥ် တစ်ခု လိုအပ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် ပြောကြား
ဧပြီ ၁၂ရက်
Radio NUG
ငလျင်ဘေးကြားက ထိုးစစ်ဆင်နေတဲ့ အကြမ်းဖက်စစ်အုပ်စုလုပ်ရပ်ကို နိုင်ငံတကာက စောင့်ကြည့်တဲ့ယန္တရား လုပ်ငန်းစဥ်တစ်ခုလိုအပ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်က ဧပြီ ၁၂ရက်မှာ ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ စစ်ကိုင်းငလျင်ကြီး (Major Earthquake) တုံ့ပြန်ရေးလုပ်ငန်းစဉ်များနဲ့ ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
"ကျွန်မတို့က ထိုးစစ်တွေကို ရပ်တန့်ထားပြီးတော့ ငလျင်ကယ်ဆယ်ရေးလုပ်ငန်းတွေ အားပြုပြီးတော့ ဆောင်ရွက်နေတဲ့ အချိန်မှာကိုပဲ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးနဲ့ တိုက်ခိုက်မှုတွေ၊ အထူးသဖြင့်တော့ စစ်ဖက်တိုက်ခိုက်မှုတင်မဟုတ်ဘဲနဲ့ အရပ်သားပစ်မှတ်တွေကိုလည်း စစ်ဖက်၊ အရပ်ဖက်ခွဲခြားမှုမရှိဘဲ ထိုးစစ်ဆင်နေတဲ့ ကိစ္စတွေ ၊ တိုက်ခိုက်နေတဲ့ ကိစ္စတွေကို စာရွက်ပေါ်မှာတင် မဟုတ်ဘဲ လက်တွေ့လိုက်ပါဆောင်ရွက်ဖို့ဆိုလို့ရှိရင် နိုင်ငံတကာက စောင့်ကြည့်ဖို့ လိုပါတယ်။ နိုင်ငံတကာက စောင့်ကြည့်တဲ့ လုပ်ငန်းစဥ် တစ်ခုလိုတယ်ဆိုတာကို ဒီအချိန်မှာ အလေးပေးပြီး ပြောကြားလိုတယ်။ တစ်ဖက်မှာလည်းပဲ လူသားချင်းစာနာမှုအကူအညီတွေကို နိုင်ငံတကာ အထောက်အပံ့အကူအညီပေးရေး အဖွဲ့အစည်းတွေအနေနဲ့ တိတိကျကျ တင်းတင်းရင်းရင်း ပြတ်ပြတ်သားသား လိုက်နာဆောင်ရွက်ဖို့ လိုပါတယ်"လို့ ဝန်ကြီးက ပြောပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ မတ်လ ၂၈ရက်မှ ဧပြီ ၁၁ရက်အထိ လေကြောင်းတိုက်ခိုက်မှု ၇၂ကြိမ်ပြုလုပ်ခဲ့ပြီး သေဆုံးသူ ၁၀၅ဦး ရှိခဲ့ကာ လက်နက်ကြီးပစ်ခတ်မှု အကြိမ် ၃၀တွင် သေဆုံးသူ ၆ဦး ရှိခဲ့ပါတယ်။
========================
📌📌 ၂။ ကိုရီးယားရောက် လူငယ်တွေ မြန်မာပြည်နဲ့ တော်လှန်ရေးအတွက် ရန်ပုံငွေရှာဖွေမှု လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ချီးကျူးဂုဏ်ပြု
ဧပြီလ ၁၂
Radio NUG
ကိုရီးယားရောက် လူငယ်တွေ မြန်မာပြည်နဲ့တော်လှန်ရေးအတွက် ရန်ပုံငွေရှာဖွေမှု လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ချီးကျူးဂုဏ်ပြုကာ တက်ရောက်ခဲ့ပါတယ်။
"ကိုရီးယားရောက် လူငယ်တွေ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်ရောက်တိုင်း မြန်မာပြည်က ပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေအတွက် အလှည့်ကျ ရန်ပုံငွေရှာနေကြတဲ့ဟာ မိုးထဲလေထဲမှာလည်း မရပ်မနားပါပဲ။ ဘယ်နေရာ၊ ဘယ်ရောက်ရောက်၊ ဘာတာဝန်တွေပဲထမ်းထမ်း ရောက်တဲ့နေရာမှာ တာဝန်ကျေကြတယ်၊ စာနာကြတယ်၊ အားပေးကြတယ်၊ ခံယူချက်ချင်းတူသလို ရည်မှန်းချက်ချင်းလည်းတူကြတဲ့ သူတွေအားလုံးဟာ တော်လှန်ရေးရဲဘော်ရဲဘက်တွေချည်းပါပဲ"လို့ ဝန်ကြီးက ပြောကြားထားပါတယ်။
========================
📌📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ လျာထားတဲ့ ငလျင်ဘေးအတွက် အမေရိကန်ဒေါ်လာ တစ်မီလီယံထဲမှတစ်သိန်းလေးသောင်းသုံးထောင်ကျော်ကို အသုံးပြုပြီးဖြစ်၊ ငလျင်ဘေးသင့်ဒေသများအတွင်း ထိုးစစ်ရပ်နားထားမှုကို တစ်ပတ် သက်တမ်းတိုးမည်
ဧပြီ ၁၂ရက်
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ လျာထားတဲ့ ငလျင်ဘေးအတွက် အမေရိကန်ဒေါ်လာ တစ်မီလီယံထဲမှ တစ်သိန်းလေးသောင်းသုံးထောင်ကျော်ကို အသုံးပြုပြီး ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက စစ်ကိုင်းငလျင်ကြီး(Major Earthquake) တုံ့ပြန်ရေးလုပ်ငန်းစဉ်များနဲ့ ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။
"လက်ရှိအခြေအနေမှာ အလှူငွေ ရရှိမှုနဲ့ သုံးစွဲပုံကို တင်ပြချင်ပါတယ်။ အလှူငွေအနေနဲ့ကတော့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အမေရိကန်ဒေါ်လာ တစ်မီလီယံကို လျာထားခဲ့တယ်။ ယူအက်စ်ဒီ တစ်မီလီယံကို လျာထားတဲ့ အထဲမှာ ယူအက်စ်ဒီ တစ်သိန်းလေးသောင်းသုံးထောင်ကျော်ကို အသုံးပြုပြီး ဖြစ်တယ်။ အဲဒီထဲမှာမှ အလှူငွေလက်ခံရရှိတာလည်း ရှိပါတယ်။ အလှူငွေလက်ခံရရှိမှုကတော့ မြန်မာကျပ် နှစ်ဒဿမကိုးဘီလျံပေါ့။ သုံးစွဲပြီးတာတော့ တစ်ဒဿမကိုးဘီလျံသုံးစွဲဆောင်ရွက်ပြီးဖြစ်တယ်" လို့ ပြောပါတယ်။
ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ငလျင်ဘေးသင့်ဒေသတွေမှာ ထိုးစစ်ဆင်မှုအားလုံးကို ရက်သတ္တပတ် နှစ်ပတ်ကြာ ရပ်ဆိုင်းခဲ့ပြီး နောက်ထပ်တစ်ပတ် ထပ်မံသက်တမ်းတိုးမယ်လို့ ပြောဆိုပါတယ်။
“ ဧပြီ ၁၃ ကနေ ဧပြီ ၂၀ ရက်နေ့အထိပေါ့နော်။ အဲ့ဒီမှာ ကျွန်တော်တို့ ထိုးစစ်ကို ၁ ပတ် ထပ်မံရပ်နားမယ့် ကိစ္စကလည်းပဲ ဒီငလျင်ဘေးဒဏ်သင့် ဒေသတွေနဲ့ ဆက်စပ်ခရိုင်များ ဆိုပြီးတော့ ဖြစ်မှာပါဗျ။ ဧပြီ ၁၃ ရက်နေ့ကနေ နောက်ထပ် တစ်ပတ်ကို ထိုးစစ်ရပ်စဲဖို့ ကာလ တိုးချဲ့သွားဖို့ ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်သွားဖို့ ရှိပါတယ်” လို့ ဦးနေဘုန်းလတ်က ပြောဆိုခဲ့ပါတယ်။
========================
📌📌 ၄။ မွန်ပြည်နယ် ကျန်းမာရေးကောင်စီ (Mon State Health Council) ဖွဲ့စည်းကြောင်း ထုတ်ပြန်
ဧပြီ ၁၂
Radio NUG
မွန်ပြည်နယ်အတွင်းရှိ CDM ကျန်းမာရေးဝန်ထမ်းများအား ကိုယ်စားပြုသည့် အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာစေရန်အတွက် ကျန်းမာရေးဌာနအသီးသီးမှ ကျန်းမာရေးဝန်ထမ်းများနှင့် တော်လှန်ရေးတွင် ပါဝင်ဆောင်ရွက်နေကြသော ကျန်းမာရေးဝန်ထမ်းများ၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ ကျန်းမာရေးအလွှာ ကိုယ်စားပြု (၅) ခုအား ပေါင်းစည်းပြီး ၂၀၂၅ခုနှစ်၊ မတ်လ ၂၅ ရက်နေ့တွင် မွန်ပြည်နယ် ကျန်းမာရေးကောင်စီ (Mon State Health Council) ကို ဖွဲ့စည်းခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ဆရာဝန်ကိုယ်စားပြုအလွှာ၊ သူနာပြုနှင့် သားဖွားကိုယ်စားပြုအလွှာ၊ ကျန်းမာရေးမှူးနှင့် ကျန်းမာရေးကြီးကြပ်ကိုယ်စားပြုအလွှာ၊ ဆေးဘက်ဆိုင်ရာ နည်းပညာရှင် ကိုယ်စားပြုအလွှာ၊ တိုင်းရင်းဆေးပညာရှင် ကိုယ်စားပြုအလွှာစတဲ့ အလွှာ ၅ခုအား ပေါင်းစည်းဖွဲ့စည်းထားတယ်လို့ ဖော်ပြထားပါတယ်။
မွန်ပြည်နယ် ကျန်းမာရေး ကောင်စီ (MSHC)ကို စစ်အာဏာရှင်စနစ် အမြစ်ပြတ်ကျဆုံးရေးနှင့် ဖယ်ဒရယ် ဒီမိုကရေစီ နိုင်ငံသစ် ထူထောင်ရာတွင် မွန်ပြည်နယ် ကျန်းမာရေးကောင်စီအနေဖြင့် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ရန်၊ မွန်ပြည်နယ်အတွင်းရှိ ပြည်သူအားလုံး လက်လှမ်းမီနိုင်သည့် ဘေးကင်းလုံခြုံသော ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်၊ မွန်ပြည်နယ်အတွင်းရှိ ပြည်သူ့ကျန်းမာရေးဆိုင်ရာ မူဝါဒ ပေါ်ထွက်လာရေးအတွက် မိတ်ဖက်ကျန်းမာရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်သွားရန်၊ မွန်ပြည်နယ်အတွက် အရည်အသွေးနှင့် စွမ်းဆောင်ရည် ပြည့်ဝသည့် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်သွားရန် ရည်ရွယ်ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။
မွန်ပြည်နယ် ကျန်းမာရေး ကောင်စီအနေဖြင့်လည်း အခြားသော ပြည်နယ်/တိုင်းများတွင် CDM ကျန်းမာရေးဝန်ထမ်းများဖြင့် သီးခြားစုဖွဲ့ ကိုယ်စားပြုသည့် ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းများ ပေါ်ထွက်လာရေးကို အထူးအားပေး ထောက်ခံပါကြောင်းနှင့် ဘုံရည်မှန်းချက်တူညီသော အဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၅။ မြန်မာ့နွေဦးတော်လှန်ရေးတွင် ပါဝင်တိုက်ခိုက်နေကြသော တော်လှန်ရေးအင်အားစုများမှ အပစ်အခတ်ရပ်စဲထားခြင်းကို ကြိုဆိုထောက်ခံကြောင်း အကျဉ်းထောင်များရှိ နိုင်ငံရေးအကျဉ်းသား/အကျဉ်းသူများမှ အိတ်ဖွင့်ပေးစာပေးပို့ခဲ့
ဧပြီ ၁၂ရက်
Radio NUG
မြန်မာ့နွေဦးတော်လှန်ရေးတွင် ပါဝင်တိုက်ခိုက်နေကြသော တော်လှန်ရေးအင်အားစုများမှ အပစ်အခတ်ရပ်စဲထားခြင်းကို ကြိုဆိုထောက်ခံကြောင်း အကျဉ်းထောင်များရှိ နိုင်ငံရေးအကျဉ်းသား/အကျဉ်းသူများမှ အိတ်ဖွင့်ပေးစာပေးပို့ခဲ့တယ်လို့ ဧပြီ ၁၂ရက် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများ ကွန်ယက် (PPNM)က ဖော်ပြပါတယ်။
မတ်လ(၂၈)ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်နှင့် ၎င်းနောက်ဆက်တွဲ လှုပ်ခတ်နေသော ငလျင်များနှင့် စပ်လျဉ်း၍ မိဘပြည်သူများနှင့် တာဝန်ရှိသူများဆီသို့ အကျဉ်းထောင်များရှိ နိုင်ငံရေးအကျဉ်းသား/အကျဉ်းသူများမှ အိတ်ဖွင့်ပေးစာတရပ်ပေးပို့ခဲ့ပါတယ်။
၂၀၂၅ခုနှစ်၊ မတ်လ(၂၈)ရက်နေ့တွင် မြန်မာနိုင်ငံအလယ်ပိုင်းအား ဗဟိုပြု၍ လှုပ်ခတ်ခဲ့ပါသော ပြင်းအား(၇.၇)ရစ်ချက်စတာ စကေးရှိသည့် ငလျင်ဒဏ်ကြောင့် အသက်အိုးအိမ်စည်းစိမ်များစွာ ဆုံးရှုံးနစ်နာခဲ့ရသည့်အတွက် ကျွန်တော်တို့ နိုင်ငံရေးအကျဥ်းသား ရဲဘော်ရဲဘက်များမှ များစွာစိတ်ထိခိုက်ဝမ်းနည်းကြေကွဲရပါကြောင်း ဦးစွာပြောကြားလိုတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီ၏ လူမဆန်သောလုပ်ရပ်များအား ကျွန်တော်တို့နိုင်ငံရေးအကျဥ်းသားရဲဘော်ရဲဘက်များမှ ပြည်သူများနှင့်အတူ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချကာ ယခုအချိန်တွင် ငလျင်ဒဏ်ကြောင့် ကြီးမားစွာ ပျက်စီးဆုံးရှုံးခဲ့ရပါသော ဒေသများတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဥ်များ အလျင်အမြန် ဆောင်ရွက်ပြီးစီးနိုင်ရေးမှာ ပထမဦးစားပေးဖြစ်တယ်လို့ ဆိုပါတယ်။
ထို့ကြောင့် မြန်မာ့နွေဦးတော်လှန်ရေးတွင် ပါဝင်တိုက်ခိုက်နေကြသော တော်လှန်ရေးအင်အားစုများမှ အပစ်အခတ်ရပ်စဲထားခြင်းကိုလည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုထောက်ခံပြီး ငလျင်ဒဏ်ကြောင့် ဆုံးရှုံးနစ်နာခဲ့ကြရသည့် ပြည်သူများနှင့်အတူ ကျွန်တော်တို့ နိုင်ငံရေးအကျဥ်းသား ရဲဘော်ရဲဘက်များအပါအဝင် မြန်မာနိုင်ငံသူ နိုင်ငံသားများ အားလုံးတို့မှ စိတ်နှလုံးသားချင်း တစ်ထပ်တည်းရှိပါကြောင်းနှင့် အတူတကွလက်တွဲပြီး ပူးပေါင်းပါဝင်ထူထောင်ကြမည်ဖြစ်ကြောင်း ပြောကြားလိုတယ်လို့ ဖော်ပြထားပါတယ်။
========================
📌📌 ၆။ မတ်လ ၂၈ ရက်မှ ဧပြီလ ၁၁ ရက်အထိအရေးပေါ် ငလျင်တုံ့ပြန်နိုင်ရေးကမ်ပိန်းကို ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းကြောင့် စုစုပေါင်း ကျပ်ငွေ ၁.၆၅ ဘီလီယံနီးပါး မြင့်တင်နိုင်ခဲ့တယ်လို့ နွေဦးဖွံဖြိုးရေး SDB ဘဏ် အသိပေး
ဧပြီ ၁၂ရက်
Radio NUG
မတ်လ ၂၈ ရက်မှ ဧပြီလ ၁၁ ရက်အထိ အရေးပေါ် ငလျင်တုံ့ပြန်နိုင်ရေး ကမ်ပိန်းကို ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းကြောင့် စုစုပေါင်း ကျပ်ငွေ ၁.၆၅ ဘီလီယံနီးပါး မြင့်တင်နိုင်ခဲ့တယ်လို့ ဧပြီ ၁၂ရက် နွေဦးဖွံ့ဖြိုးရေးဘဏ်မှ အလုပ်အမှုဆောင်အရာရှိကယ်လ်ဗင်က အသိပေးဆိုထားပါတယ်။
"ချစ်ခင်ရပါသော တော်လှန်ရေးအသိုက်အဝန်းမှ အဖွဲ့ဝင်များခင်ဗျာ။ မကြာသေးမီက မြန်မာနိုင်ငံအလယ်ပိုင်းတွင် ပြင်းအားမြင့် ငလျင်လှုပ်ခတ်မှုဒဏ် ခံခဲ့ရသော ရပ်ရွာလူထုများကို ပံ့ပိုးကူညီရန်အတွက် Spring Development Bank (SDB) နွေဦးဘဏ်မှ ဦးဆောင်စီစဥ်သည့် ကမ်ပိန်းကို Spring CrowdFund - နွေဦးလူထုရန်ပုံငွေ (SCF) ပလက်ဖောင်းအား အသုံးပြု၍ ပါဝင်ပေးခဲ့သည့်အတွက် အထူး ကျေးဇူးတင်ပါတယ်။ ပြည်သူတို့ရဲ့ ကရုဏာနဲ့ ရက်ရောမှုကြောင့် အရေးပေါ်လိုအပ်နေတဲ့ မိသားစုတွေအတွက် မရှိမဖြစ် အရင်းအမြစ်တွေ ဖြစ်သည့် ရေသန့်၊ အစားအသောက်၊ ဆေးဝါးနဲ့ အမိုးအကာတွေကို ဖြည့်တင်းပေးနိုင်ရုံသာမက စည်းလုံးညီညွတ်မှုအင်အားအဖြစ် သတင်းစကားလည်း ပျံ့နှံ့စေခဲ့ပါတယ်။ အကျပ်အတည်းဒုက္ခ ကြုံတွေ့ရတိုင်း လူမှုအသိုင်းအဝိုင်းများအနေနဲ့ တကိုယ်တည်း မရင်ဆိုင်ရဘဲ ကျွန်တော်တို့ အားလုံး အတူတကွ ရပ်တည်တန်ဖိုးထားကြောင်း လက်ဆင့်ကမ်းစေပါတယ်" လို့ ဖော်ပြပါတယ်။
မတ်လ ၂၈ ရက်မှ ဧပြီလ ၁၁ ရက်အထိ အရေးပေါ် ငလျင်တုံ့ပြန်နိုင်ရေး ကမ်ပိန်းကို တစိုက်တမတ် အာရုံစူးစိုက်ပြီး ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းကြောင့် စုစုပေါင်း 1,646,770,255 MMK (ကျပ်ငွေ ၁.၆၅ ဘီလီယံနီးပါး) မြင့်တင်နိုင်ခဲ့တဲ့အတွက် ကျိုးနွံစွာ ဂုဏ်ယူမိကြောင်း ဖော်ပြပါတယ်။
ငလျင်ဘေးသင့် ဒေသအားလုံးအတွက် ရည်စူးထားသော Spring CrowdFund ကမ်ပိန်းများမှတစ်ဆင့် လိုအပ်နေသူများအား ကူညီပံ့ပိုးခြင်းဖြင့် စည်းလုံးညီညွတ်မှုကို ဆက်လက် လက်တွဲညီကြဖို့လည်း တိုက်တွန်းထားပါတယ်။
========================
📌📌 ၇။ ၂၀၂၅ မတ်လအတွင်း ထောက်ပို့တပ်သား ၂၁၇၄၆ဦး ရှိပြီး ထောက်ပို့ငွေပမာဏ အမေရိကန်ဒေါ်လာ ၆၃၉,၁၆၂ ရရှိကြောင်း PRF အသိပေး
ဧပြီ ၁၂
Radio NUG
ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် PRF အနေနဲ့ ၂၀၂၅ မတ်လအတွင်း ထောက်ပို့တပ်သား ၂၁,၇၄၆ဦး ရှိပြီး ထောက်ပို့ငွေပမာဏ အမေရိကန်ဒေါ်လာ ၆၃၉,၁၆၂ခန့် ရရှိကြောင်း အသိပေးတင်ပြထားပါတယ်။
ဧပြီလအတွက် စတင်ထမ်းဆောင်နိုင်ပြီ ဖြစ်ပြီး မတ်လအတွင်း တာဝန်ထမ်းဆောင်မှုကို PDF တပ်ရင်း/စစ်ကြောင်းများရဲ့ တပ်ရင်းရိက္ခာနဲ့ အထွေထွေအသုံးစရိတ်အတွက် ပို့ဆောင်ရာမှာ အသုံးပြုသွားမှာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်သားများဆီ လက်ဝယ်ရောက်ရှိတဲ့အခါမှာလည်း PRF စာမျက်နှာများမှတဆင့် ပြန်လည်တင်ပြသွားပါမယ်လို့ ဖော်ပြထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီနဲ့ ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ အင်းတော်ကြီး အနီးမှာ KIA ပူးပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ ဦး သေဆုံး
ဧပြီလ ၁၂ ရက်၊
Radio NUG
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီး အနီး၊ ဆနွင်းကုန်း ကျေးရွာအုပ်စု၊ နန်းမွန်းစုစည်းရွာနဲ့ အင်းသာရွာဘက်မှာ စစ်ကောင်စီ နဲ့ KIA ပူးပေါင်းတပ်ဖွဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သား ၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဧပြီလ ၁၁ ရက်နေ့မှာ စစ်ကောင်စီနှင့် SNA (ရှမ်းနီ) ပူးပေါင်းတပ်ဖွဲ့နဲ့ KIA, PDF လှည့်ကင်းအဖွဲ့တို့ မနက် ၄ နာရီကနေ ၈ နာရီအထိ တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီနဲ့ ရှမ်းနီ ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့ဘက်က ၅ ဦး သေဆုံးခဲ့ကာ လက်နက် ၂ လက်၊ ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
KIA တပ်မဟာ ၉၊ တပ်ရင်း ၂၆ နယ်မြေ၊ ဆနွင်းကုန်းဘက်ကို စစ်ကောင်စီတပ်နဲ့ SNA ပူးပေါင်းအဖွဲ့က စစ်ကြောင်း ထိုးလာတာကြောင့် တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
ထို့အပြင် နေ့လည် ၁ နာရီ ၄၀ မိနစ်ခန့်မှာ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့ကာ ဒုံးတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၂။ သာလွန်အင်အားဖြင့် မိုးဗြဲမြို့ကို စစ်ကောင်စီ ထိုးစစ်ဆင်နေပေမယ့် ခုခံထိန်းချုပ် ထားနိုင်ဆဲဖြစ်
ဧပြီလ ၁၂ ရက်၊
Radio NUG
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ဖယ်ခုံမြို့နယ်၊ ရှမ်း-ကရင်နီ နယ်စပ်က မိုးဗြဲမြို့ကို သာလွန် အင်အားဖြင့် စစ်ကောင်စီက ထိုးစစ်ဆင်နေပေမယ့် မဟာမိတ်တပ်များနှင့်အတူ ခုခံကာကွယ်ထားဆဲ ဖြစ်တယ်လို့ တပ်ရင်း 805 - Nay Pyi Taw PDF က ထုတ်ပြန်ထားပါတယ်။
မိုးဗြဲ-လွိုင်ကော် လမ်းပိုင်းကို ပြန်လည် ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူ၊ ဒရုန်း နဲ့ လေကြောင်းပစ်ကူများ အလွန်အကျွံ အသုံးပြုကာ ၂၀၂၅ နှစ်စပိုင်းက စတင် ထိုးစစ်ဆင် နေတာပါ။
မိုးဗြဲမြို့ကို မဟာမိတ် တပ်ပေါင်းစုနှင့်အတူ Nay Pyi Taw PDF ကလည်း ခုခံ တိုက်ခိုက်နေပြီး နေ့စဉ် တိုက်ပွဲပြင်းထန်နေတယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဘက်မှ အထိအခိုက်ကျဆုံး များပြားနေပြီး တပ်ရင်း (၈၀၅) Nay Pyi Taw PDF ၊ ထနောင်းစစ်ကြောင်းမှ ဒု-တပ်ခွဲမှူး ၁ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ကာ ရဲဘော် ၆ ဦး ဒဏ်ရာရ ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိအချိန်ထိ မိုးဗြဲမြို့ကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ ဘက်က ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်ကာ စစ်ကောင်စီက တိုက်ပွဲ ဧရိယာ မဟုတ်တဲ့ အရပ်သားများ ရှိရာကို လက်နက်ကြီး၊ လေကြောင်းများဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကာ ထိခိုက်သေဆုံးမှုများလည်း ရှိတယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ တောင်ဒဂုံ မြို့မရဲစခန်းအား လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်
ဧပြီလ ၁၂ ရက်၊
Radio NUG
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ တောင်မြောက်လမ်းဆုံ အနီးရှိ မြို့မရဲစခန်းအား လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ THE BLOOD LINE အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဧပြီလ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီ အချိန်ခန့်မှာ THE BLOOD LINE အဖွဲ့က လက်ပစ်ဗုံး တစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့ဝင် ၂ ဦး ရှိရာ နေရာကို ကျရောက် ပေါက်ကွဲခဲ့ပြီး ရဲတပ်သား ၁ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ဆင်ရေး ဆောင်ရွက်ခဲ့တဲ့ THE BLOOD LINE ရဲဘော်များ ဘေးကင်းစွာဖြင့် လုံခြုံ စိတ်ချရတဲ့ နေရာကို ရောက်ရှိပြီ ဖြစ်တယ်လို့ အသိပေးထားပါတယ်။
========================
🚩🚩 ၄။ KNU ခလယ်လွီထူ ခရိုင်မှာ စစ်ကောင်စီက ပြည်သူတစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီးခဲ့
ဧပြီလ ၁၂ ရက်၊
Radio NUG
ကရင့်အမျိုးသား အစည်းအရုံး၊ ခလယ်လွီထူခရိုင်၊ ဆောထိမြို့နယ်မှာ သိမ်ဇရပ် အခြေစိုက် ခမရ ၂၀၇ တပ်ရင်းမှ စစ်ကောင်စီ တပ်သားများက ဈေးဝယ်ထွက်လာတဲ့ ပြည်သူတစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
ဧပြီလ ၁၀ ရက်နေ့က သိမ်ဇရပ်မြို့ပေါ်ကို ဈေးဝယ်ထွက်လာတဲ့ သံမှန်ဇရပ်မှာ ရော်ဘာခြစ်လုပ်ငန်း လုပ်ကိုင်သူ အသက် ၃၀ အရွယ်ရှိ ဇင်မင်းထိုက်ဆိုသူကို ညနေ ၆ နာရီခွဲခန့်မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက အတင်းအဓမ္မ ဖမ်းဆီးခဲ့တာပါ။
ထို့အပြင် ဧပြီလ ၉ ရက်နေ့ ည ၁၀ နာရီမှာ ခလရ ၂၆၄ တပ်မှ ၁၂၀ မမ ၄ လုံး ပစ်ခတ်ခဲ့ရာ ထောလူခို၊ ကောက်မယ်သူနဲ့ ပန်းတင်ကုန်း ကျေးရွာတို့မှာ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် ၁ လုံး ပျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
ည ၉ နာရီ ၄၈ မိနစ်မှာလည်း ကြိမ်ကွင်းကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးချ တိုက်ခိုက်ခဲ့ရာ နေအိမ် ၂ လုံး ထိခိုက်ပျက်စီး ခဲ့ပါတယ်။
အလားတူ ဧပြီ ၁၁ ရက်နေ့မှာ လယ်ဒိုမြို့နယ်၊ ကွင်းဆိပ်ကျေးရွာကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ လေးလမ်းဆုံအနီး ကျရောက်ခဲ့ပြီး နေအိမ် ၂ လုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဧပြီလ ၈ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်မှာလည်း ခလရ ၂၆၄ တပ်ကနေ ၁၂၀ မမ ၂ လုံး ပစ်ခတ်ခဲ့ရာ တောင်ခင်ကျေးရွာ ဘုန်းကြီးကျောင်းထဲ ကျရောက် ပေါက်ကွဲခဲ့ပြီး ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ နွားထိုးကြီးမြို့နယ်၊ လက်ဝဲ+မြင်းနီရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ သက်ကြီးအမျိုးသား ၁ဦး သေဆုံးပြီး နေအိမ် ၅ လုံး မီးလောင်
ဧပြီ ၁၂
Radio NUG
ဧပြီလ ၁၁ ရက်နေ့ ည ၇ နာရီ ၂၀ မိနစ်ခန့်တွင် နွားထိုးကြီးမြို့နယ်၊ လက်ဝဲ+မြင်းနီရွာကို မြင်းခြံမြို့နယ် ခမရ ၁၅ မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီးများကြောင့် အသက် ၈၂ နှစ် အရွယ် ဦးပေါသန်း ကျည်စထိမှန်ကာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ် ၅ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၆။ သာဂေါင်ကြီး စာသင်ကျောင်းကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ပစ်ခတ်တိုက်ခိုက်
ဧပြီလ ၁၂ ရက်၊
Radio NUG
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ၊ သာဂေါင်ကြီးရွာ စာသင်ကျောင်းကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yesagyo Township Info Committee က ထုတ်ပြန်ထားပါတယ်။
ဧပြီလ ၁၂ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာဖြစ်ပြီး ကျောင်းသား၊ ပြည်သူများ ဘေးလွတ်ရာကို ထွက်ပြေးနိုင်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။
စာသင်ကျောင်းဆောင်နဲ့ ကျောင်းသုံး ပရိဘောဂပစ္စည်းများ ထိခိုက်ပျက်စီးမှု ရှိခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၇။ ဒီပဲယင်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုရင် ၃ ပါးနဲ့ ကလေးငယ် တစ်ဦး အပါအဝင် ၅ ဦးသေဆုံး
ဧပြီလ ၁၂ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ကြခတ်ကျေးရွာ၊ တောင်ငူ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ကိုရင် ၃ ပါးနဲ့ ကလေးငယ် ၁ ဦး အပါအဝင် ၅ ဦး သေဆုံးခဲ့တယ်လို့ ဒီပဲယင်း ဒေသခံ သတင်းရင်းမြစ်က သိရပါတယ်။
ဧပြီလ ၁၂ ရက်နေ့ နေ့လည် ၂ နာရီခန့်မှာ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့တာဖြစ်ပြီး ကိုရင် ၃ ပါး၊ ကျောင်းသားလေး မောင်ဆိုနီ နဲ့ စစ်ရှောင်ပြည်သူ ဦးမောင် ဆိုသူတို့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ထို့အပြင် ကိုရင် ၅ ပါးနဲ့ စစ်ရှောင်ပြည်သူ ၁ ဦး၊ စုစုပေါင်း ၆ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၈။ ရေဖြူ ခလရ ၄၀၇ တပ်ရင်းမှ စစ်ကောင်စီတပ်သား ၁ ဦး မိသားစုနှင့်အတူ အလင်းဝင်
ဧပြီ ၁၂
Radio NUG
ဧပြီလ ၁၁ ရက်နေ့တွင် ရေဖြူမြို့နယ် ခလရ ၄၀၇ တပ်ရင်းမှ အသက် ၂၄ နှစ်အရွယ် စစ်ကောင်စီတပ်သား ရဲမင်းခန့်သည် ဇနီးဖြစ်သူ မဝင်းစန္ဒီတို့နှင့်အတူ အလင်းဝင်ရောက်လာခဲ့ကြောင်း ချိုးဖြူပြောက်ကျားတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
၎င်းတို့သည် ဧပြီလ ၁၀ ရက်နေ့တွင် ထွက်ပြေးလာခဲ့တယ်လို့ သိရပြီး လုံခြုံတဲ့ နေရာသို့ ပို့ဆောင်ထားကာ စားဝတ်နေရေးနှင့် မိသားစု ပြန်လည်ထူထောင်ရေးအတွက် လုပ်ဆောင်ပေးသွားမယ်လို့ သိရပါတယ်။
========================
🚩🚩 ၉။ ကရင်နီပြည် တပ်မတော် ထိန်းချုပ်နယ်မြေမှာ အရေးပေါ် အခြေခံ ဆေးသင်တန်းဖွင့်လှစ်ခဲ့
ဧပြီလ ၁၂ ရက်၊
Radio NUG
ကရင်နီပြည် တပ်မတော် (KA) ထိန်းချုပ်နယ်မြေမှာ အရေးပေါ် အခြေခံ ဆေးသင်တန်း အပတ်စဉ် (၁) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ က သင်တန်းစတင် ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး အရေးပေါ် ကယ်ဆယ်ရေး အပိုင်းကို အဓိက သင်ကြားပေးခဲ့ကာ (ဧပြီလ ၁၂ ရက်နေ့) မှာ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တာလို့ သိရပါတယ်။
အပတ်စဉ် ၁ သင်တန်းကို သင်တန်းသား/သူ ၂၃ ဦး တက်ရောက်ပြီးစီးခဲ့ပြီး သင်တန်းဆရာ/မ ၃ ဦးဖြင့် သင်ကြားပေးခဲ့တာလို့ ဆိုပါတယ်။
ရှေ့တန်း စစ်မြေပြင်မှာ အရေးပေါ် ကယ်ဆယ်ရေး ဆောင်ရွက်နိုင်ဖို့ ဆေးမှူးတွေ လိုအပ်နေတာကြောင့် အခုလို သင်တန်းကို ဖွင့်လှစ်ခဲ့ရတာ ဖြစ်ပြီး မွမ်းမံသင်တန်းတွေ ဆက်လက်ဖွင့်လှစ်သွားမယ်လို့လည်း သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment