၂၀၂၅ ဧပြီလ ၂၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် ကွယ်လွန်ခြင်းအပေါ် CRPHနဲ့ NUGတို့ ဝမ်းနည်းကြောင်းဖော်ပြ
📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ ဆက်သွယ်ရေးသတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနအနေနဲ့ လူထု အင်တာနက်ဆက်သွယ်ရေး ပြတ်တောက်မှုမရှိစေရေးအတွက် ဆက်သွယ်ရေးစက်အလုံးပေါင်း၂၀၀နီးပါး တပ်ဆင်ထားပြီးဖြစ်
📌 ၃။ ငလျင်ဘေးဒုက္ခကြောင့် ဆိုးရွားစွာ မွှေနှောက်ဖျက်ဆီးခံရသည့် မြန်မာပြည်သူများကို ယခုအချိန်မှာပင်စစ်အုပ်စုက ဆက်လက် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ မစ္စ Yanghee Leeပြောကြား
📌 ၄။ စစ်အုပ်စုက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ကျူးလွန်ခဲ့သောကြောင့် အရပ်သားပြည်သူ (၂၁) ဦး သေဆုံးခဲ့ပြီး၊ အတည်ပြုရန်လိုအပ်နေဆဲ သေဆုံးအရပ်သား (၇၀) ဦး၏ စာရင်းကိုလည်း သီးခြားကောက်ယူစုဆောင်းရရှိထား
📌 ၅။ ငလျင်ကြောင့်အကြမ်းဖက်စစ်တပ်ရဲ့ Main Server တွေနဲ့ ကေဘယ်ဆက်ကြောင်းတွေပါ ပျက်စီးခဲ့ပုံရပြီး ဂူတွေထဲမှာထားတဲ့ ဆက်သွယ်ရေးဌာနပါ မြေမြုပ်သွားပုံရတယ်လို့ဆို
📌 ၆။ မြန်မာပြည်ကြီး ဘေးဒုက္ခ အမျိုးမျိုးမှ ပြန်လည်ထူထောင်နိုင်စေဖို့အတွက် ဘာသာပေါင်းစုံ ဆုတောင်းပွဲ သြစတြေးလျမှာ ကျင်းပ
========================
၂၀၂၅ ခုနှစ် ဧပြီလ ၂၂ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ဒေါနစစ်ကြောင်း(၃)နှင့် မွန်၊ ကရင်၊ ထားဝယ် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ရေးအရ မဟာမိတ်အဖြစ် ပူးပေါင်းဆောင်ရွက်ကြရန် သဘောတူညီမှုရရှိခဲ့
🚩 ၂။ စစ်ကောင်စီက ထိုင်းပိုင်နက်ကို ကျူးကျော်ပြီး ဗုံးကြဲချခဲ့တာကြောင့် ထိုင်စစ်တပ်က လေယာဉ်ပစ် အမြောက်တွေကို နယ်စပ်မှာ ပြောင်းရွှေ့ချထား
🚩 ၃။ PRA မကွေးက၂၀၂၅ ခုနှစ်အတွင်း တိုက်ပွဲပေါင်း၂၃ ကြိမ် ဖော်ဆောင်ခဲ့ပြီး စစ်ကောင်စီဘက်မှ ဗိုလ်မှူးသီဟအောင်အပါအဝင် ၆၃ ဦးသေဆုံးခဲ့
🚩 ၄။ ငဖဲမြို့နယ်နဲ့ ပဒါန်းမြို့နယ်မှာ နှစ်လအတွင်း တိုက်ပွဲ ၄ ခု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သား ၂၀ နီးပါး သေဆုံးခဲ့
🚩 ၅။ စစ်ကိုင်းမှာ ငလျင်ဘေးသင့် ပြည်သူများအား နယ်လှည့်ဆေးကုသရေးအဖွဲ့ ဗုံးကြဲတိုက်ခိုက်ခံရ
🚩 ၆။ တောင်ခမ်းမှာ စစ်ကောင်စီက အဆိပ်ဓာတ်ငွေ့ ဗုံးများဖြင့် ကြဲချတိုက်ခိုက်
🚩 ၇။ ကန့်ဘလူမြို့နယ် သင်တောရွာအား စစ်ကောင်စီဘက်မှ Jet Fighter ဖြင့် ပေါင် ၅၀၀ နှစ်လုံးကြဲချခဲ့၍ အရပ်သား ၆ ဦးသေဆုံး၊ နေအိမ်အချို့မီးလောင်ပျက်စီးခဲ့ရ
🚩 ၈။ ဘုတ်ပြင်းတွင် အောင်ပွဲရ ပကဖ တပ်ဖွဲ့ဝင်များကို ဒေသခံများက တခဲနက်ဂုဏ်ပြုကြိုဆို
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် ကွယ်လွန်ခြင်းအပေါ် CRPHနဲ့ NUGတို့ ဝမ်းနည်းကြောင်းဖော်ပြ
ဧပြီလ ၂၁ရက်
Radio NUG
ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် ကွယ်လွန်ခြင်းအပေါ် CRPHနဲ့ NUGတို့ ဝမ်းနည်းကြောင်းဖော်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံ အကျပ်အတည်းနှင့် ပတ်သက်၍ ကမ္ဘာလုံးဆိုင်ရာ အပြောအဆို အပြောအများဆုံး ခေါင်းဆောင်တစ်ဦးဖြစ်သည့် ပုပ်ရဟန်းမင်းကြီး Francis ကွယ်လွန်သွားသည်ကို ကြားသိရသည့်အတွက် များစွာ စိတ်မကောင်းဖြစ်မိပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ကက်သလစ်အသိုက်အဝန်းအတွက် ကျွန်ုပ်တို့၏ အရိုးသားဆုံး ဝမ်းနည်းကြောင်းကို မျှဝေပါမယ်လို့CRPHက Xမှာ ဖော်ပြရေးသားထားပါတယ်။
ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ဟာ ဧပြီလ ၂၁ ရက် မနက် ၇ နာရီ ၃၅ မိနစ်မှာ ဗာတီကန်ရှိ Casa Santa Marta နေအိမ်မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
ပုပ်ရဟန်းမင်းကြီး Francis ကွယ်လွန်သွားသည့်အတွက် ကျွန်ုပ်တို့ အလွန်စိတ်မကောင်းဖြစ်မိပါတယ်။ ငြိမ်းချမ်းရေးအတွက် မယိမ်းယိုင်နဲ့ မြန်မာပြည်သူ ပြည်သားတွေအတွက် သူ့ရဲ့မေတ္တာကရုဏာဟာ ကျွန်ုပ်တို့ရဲ့ အမှောင်မိုက်ဆုံးအချိန်တွေမှာ မျှော်လင့်ချက်တွေ ယူဆောင်လာခဲ့တယ်။ တရားမျှတခြင်း၊ ချစ်ခြင်းမေတ္တာနှင့် လူသားဆန်ခြင်း၏အမွေကို ကျွန်ုပ်တို့ ဂုဏ်ပြုပါတယ်။ ထာဝရအေးချမ်းသာယာရှိပါစေလို့ NUGကလည်းဖော်ပြထားပါတယ်။
========================
📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ ဆက်သွယ်ရေးသတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနအနေနဲ့ လူထု အင်တာနက်ဆက်သွယ်ရေး ပြတ်တောက်မှုမရှိစေရေးအတွက် ဆက်သွယ်ရေးစက်အလုံးပေါင်း၂၀၀နီးပါး တပ်ဆင်ထားပြီးဖြစ်
ဧပြီလ ၂၁ရက်
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ ဆက်သွယ်ရေးသတင်း အချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနအနေနဲ့ လူထု အင်တာနက်ဆက်သွယ်ရေး ပြတ်တောက်မှုမရှိစေရေးအတွက် ဆက်သွယ်ရေးစက်အလုံးပေါင်း၂၀၀နီးပါး တပ်ဆင်ထားပြီးဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၏ လေးနှစ်ပြည့် လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ ထုတ်ပြန်ချက်အရသိရပါတယ်။
ဆက်သွယ်ရေးသတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနအနေနဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ တိုင်းရင်းသားပြည်နယ်တချို့ရှိဒေသများတွင် အင်တာနက်ဆက်သွယ်ရေးပြတ်တောက်မှု မရှိစေရေးအတွက် ဆက်သွယ်ရေး စက်အလုံးပေါင်း၂၀၀နီးပါး တပ်ဆင်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။
ထို့အပြင် စစ်ကိုင်းတိုင်းတွင်းရှိ မြို့နယ်၂၂မြို့နယ် ကျေးရွာပေါင်း ၇၈ရွာတွင် Federal Netအင်တာနက်ကွန်ရက်သုံးစွဲနိုင်ရေး ဆောင်ရွက်ပေးခဲ့ပါတယ်။
လက်ရှိအချိန်အထိ Federal Netအင်တာနက် နေ့စဥ်ပျမ်းမျှသုံးစွဲသူ ၁၂၃၀၀၀ဦးခန့်ရှိပြီဖြစ်ပါတယ်။
========================
📌📌 ၃။ ငလျင်ဘေးဒုက္ခကြောင့် ဆိုးရွားစွာ မွှေနှောက်ဖျက်ဆီးခံရသည့် မြန်မာပြည်သူများကို ယခုအချိန်မှာပင်စစ်အုပ်စုက ဆက်လက် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ မစ္စ Yanghee Leeပြောကြား
ဧပြီလ ၂၁ ရက်
Radio NUG
ငလျင်ဘေးဒုက္ခကြောင့် ဆိုးရွားစွာ မွှေနှောက်ဖျက်ဆီးခံရသည့် မြန်မာပြည်သူများကို ယခုအချိန်မှာပင် စစ်အုပ်စုက ဆက်လက် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ မစ္စ Yanghee Leeပြောကြားလိုက်ပါတယ်။
ဧပြီလအတွင်း မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ၏ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
"မြန်မာပြည်သမိုင်း၏ မည်သည့်ကာလနှင့်မဆို နှိုင်းချင့်ကြည့်ပါက စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများမှ ကလေးများအပါအဝင် အရပ်သားများကို သတ်ဖြတ်ခြင်းဟာ ယခုကာလတွင် အများဆုံးပင်ဖြစ်ပါတယ်။ စစ်အုပ်စုသည် ရာစုနှစ်တစ်ခုကျော်အတွင်း မြန်မာနိုင်ငံကို တိုက်ခတ်ခဲ့သည့် အဆိုးရွားဆုံး ငလျင်ဘေးဒုက္ခကြီးကြောင့် အလွန်ဆိုးရွားစွာ မွှေနှောက်ဖျက်ဆီးခံရသည့် အရပ်သားများကို ယခုအချိန်မှာပင် ဆက်လက် ဗုံးကြဲတိုက်ခိုက်နေပါတယ်"လို့ပြောပါတယ်။
ဒါ့အပြင်မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) သည် ဧပြီ (၄) ရက်နေ့က ဂျီနီဗာမြို့တွင် ပြီးဆုံးခဲ့သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ (၅၈) ကြိမ်မြောက် အစည်းအဝေးတွင် မြန်မာနိုင်ငံအပေါ် ပြန်လည်အားသစ်လောင်းလာသော နိုင်ငံတကာ၏ အာရုံစိုက်မှုကို ကြိုဆိုအပ်တယ်လို့ ဖော်ပြပါတယ်။
အာဆီယံသည် မြန်မာနိုင်ငံနှင့် အာဆီယံဒေသတွင်းအတွက် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ဖော်ဆောင်ရန် လုံးဝပျက်ကွက်ခဲ့ပါတယ်။ အာဆီယံသည် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် အခြားနိုင်ငံများနှင့်အတူ မြန်မာနိုင်ငံအတွက် ဒေသဆိုင်ရာ တုံ့ပြန်မှုတရပ်ကို ဦးဆောင်ရမည်ဖြစ်ပြီး၊ NUG၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် မြန်မာ့အရပ်ဘက်လူ့အဖွဲ့အစည်းတို့နှင့် ပူးပေါင်း၍ နိုင်ငံ၏ဒေသအများစုဖြစ်သည့် စစ်တပ်၏ ထိန်းချုပ်မှုပြင်ပရှိ ဒေသများအပါအဝင် အလွန်အမင်းလိုအပ်နေသော အသိုင်းအဝိုင်းများထံသို့ နယ်စပ်ဖြတ်ကျော်လမ်းကြောင်းများမှတဆင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ပေးပို့ရန်ဖြစ်ပါတယ်လို့ မစ္စတာ Marzuki Darusman ကလည်းပြောကြားပါတယ်။
========================
📌📌 ၄။ စစ်အုပ်စုက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ကျူးလွန်ခဲ့သောကြောင့် အရပ်သားပြည်သူ (၂၁) ဦး သေဆုံးခဲ့ပြီး၊ အတည်ပြုရန်လိုအပ်နေဆဲ သေဆုံးအရပ်သား (၇၀) ဦး၏ စာရင်းကိုလည်း သီးခြားကောက်ယူစုဆောင်းရရှိထား
ဧပြီလ ၂၁ ရက်
Radio NUG
စစ်အုပ်စုက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ကျူးလွန်ခဲ့သောကြောင့် အရပ်သားပြည်သူ (၂၁) ဦး သေဆုံးခဲ့ပြီး၊ အတည်ပြုရန် လိုအပ်နေဆဲ သေဆုံးအရပ်သား (၇၀) ဦး၏ စာရင်းကိုလည်း သီးခြားကောက်ယူစုဆောင်းရရှိထားတယ်လို့AAPPကဖော်ပြပါတယ်။
နိုင်ငံတကာရှေ့မှောက်၌ မျက်နှာသာရစေရေး အကျဉ်းသားလွှတ်ပေးမှုကို ဟန်ပြသရုပ်ဖော်နေသော်လည်း အခြားတဖက်တွင် မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ကာလအတွင်း၌ပင် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ကို စစ်အုပ်စုက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ကျူးလွန်ခဲ့တယ်လို့ဖော်ပြပါတယ်။
အဆိုပါလေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ (၂၁) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး၊ အတည်ပြုရန်လိုအပ်နေဆဲ သေဆုံးအရပ်သား (၇၀) ဦး၏ စာရင်းကိုလည်း သီးခြားကောက်ယူစုဆောင်းရရှိထားတယ်လို့ဆိုပါတယ်။
========================
📌📌 ၅။ ငလျင်ကြောင့်အကြမ်းဖက်စစ်တပ်ရဲ့ Main Server တွေနဲ့ ကေဘယ်ဆက်ကြောင်းတွေပါ ပျက်စီးခဲ့ပုံရပြီး ဂူတွေထဲမှာထားတဲ့ ဆက်သွယ်ရေးဌာနပါ မြေမြုပ်သွားပုံရတယ်လို့ဆို
ဧပြီလ ၂၁ရက်
Radio NUG
ငလျင်ကြောင့်အကြမ်းဖက်စစ်တပ်ရဲ့ Main Server တွေနဲ့ ကေဘယ်ဆက်ကြောင်းတွေပါ ပျက်စီးခဲ့ပုံရပြီး ဂူတွေထဲမှာထားတဲ့ ဆက်သွယ်ရေးဌာနပါ မြေမြုပ်သွားပုံရတယ်လို့ စစ်ရေးသတင်းများ သုံးသပ်ရေးသားနေတဲ့ PDF Insightကဖော်ပြပါတယ်။
"မတ်လ ၂၈ ရက်နေ့က တတိုင်းပြည်လုံး စိတ်နှလုံးညှိုးချုံးသွားစေတဲ့ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ခဲ့ပါတယ်၊ တော်လှန်ရေးတပ်တွေက လူစိတ်ရှိသူတွေဖြစ်လို့ စစ်ရေးလက်ဦးမှု ရယူနိုင်ချေတွေအားလုံးကို လက်ရှောင်ပြီး အပစ်အခတ်ရပ်ပေးခဲ့ပါတယ်။ စစ်တပ်ကတော့ ဘင်မ်းစတက်အစည်းဝေးမှာ မျက်နှာပမ်းလှစေဖို့ ဧပြီလ ၂ ရက်နေ့မှ ဟန်ပြ အပစ်ရပ်ကြောင်းကြေညာခဲ့တယ်။ ဒါပေမယ့် လက်တွေ့မှာ နေ့စဥ်တစ်ရက်မပြတ် တနိုင်ငံလုံး နေရာအနှံ့ဗုံးကြဲနေတာဖြစ်တယ်။ တကယ်တော့ ထုတ်ပြန်ကြေညာတာ မလုပ်ပေမယ့် နပတ စစ်တပ်ထဲမှာ ငလျင်ကြောင့် အပျက်အစီးအတော်များခဲ့ပါတယ်။ ဆက်သွယ်ရေးတွေ၊ main server တွေနဲ့ ကေဘယ်ဆက်ကြောင်းတွေပါ ပျက်စီးခဲ့ပုံရပါတယ်။လှိုင်ဂူတွေထဲမှာထားတဲ့ ဆက်သွယ်ရေးဌာန မြေမြုပ်သွားပုံရတယ်။ ဒီအခြေအနေတွေကို တော်လှန်ရေးတပ်တွေ အခွင့်ကောင်းယူမှာစိုးလို့ ဗုံးကြဲပြီး ကြိုကန်နေတာပါပဲ"လို့ဆိုပါတယ်။
လက်ရှိမှာ တော်လှန်ရေးရဲ့ စစ်ရေးအဆုံးအဖြတ်ဟာ စစ်အုပ်စုလက်ထဲမရှိတော့ဘဲ NUG နဲ့ EAO တွေလက်ထဲမှာပဲရှိတော့တယ်လို့ PDF Insightကဆိုထားပါတယ်။
========================
📌📌 ၆။ မြန်မာပြည်ကြီး ဘေးဒုက္ခ အမျိုးမျိုးမှ ပြန်လည်ထူထောင်နိုင်စေဖို့အတွက် ဘာသာပေါင်းစုံ ဆုတောင်းပွဲ သြစတြေးလျမှာ ကျင်းပ
ဧပြီလ ၂၁ ရက်
Radio NUG
မြန်မာပြည်ကြီး ဘေးဒုက္ခ အမျိုးမျိုးမှ ပြန်လည်ထူထောင်နိုင်စေဖို့အတွက် ဘာသာပေါင်းစုံ ဆုတောင်းပွဲ သြစတြေးလျမှာ ကျင်းပရာ NUGကိုယ်စားလှယ်ဒေါက်တာထွန်းအောင်ရွှေ တက်ရောက်ခဲ့ပါတယ်။
မတ်လ ၂၈ ရက် ၂၀၂၅ ဖြစ်ခဲ့သော ကြောက်မက်ဖွယ် အင်အားပြင်းငလျင်ကြောင့် အသက်ဆုံရှုံးမှုများအတွက်၊ ကျန်ရစ်သူ မိသားစုများ၏ စိတ်ခန္ဓာ ပြန်လည် ကျန်းမာ တည်ဆောက်နိုင်စေရန်အတွက်၊ မြန်မာပြည်ကြီး ဘေးဒုက္ခ အမျိုးမျိုးမှ ပြန်လည်ထူထောင်နိုင်စေဖို့အတွက် ဘာသာပေါင်းစုံ ဆုတောင်းပွဲကို ဧပြီ၂၁ရက် Granville Centre,မှာကျင်းပါတယ်။
အခမ်းအနားသို့ ဘာသာပေါင်းစုံမှ လူပုဂ္ဂိုလ်များ တက်ရောက်ကာ ငြိမ်သက်ဆုတောင်းခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီက ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ဒေါနစစ်ကြောင်း(၃)နှင့် မွန်၊ ကရင်၊ ထားဝယ် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ရေးအရ မဟာမိတ်အဖြစ် ပူးပေါင်းဆောင်ရွက်ကြရန် သဘောတူညီမှုရရှိခဲ့
ဧပြီလ ၂၁ ရက်
Radio NUG
ဒေါနစစ်ကြောင်း(၃)နှင့် မွန်၊ ကရင်၊ ထားဝယ် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ရေးအရ မဟာမိတ်အဖြစ် ပူးပေါင်းဆောင်ရွက်ကြရန် သဘောတူညီမှုရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
ဧပြီလ ၁၇ ရက်နေ့ မနက်ပိုင်းတွင် ဒေါနစစ်ကြောင်း(၃)(တပ်ခွဲ-၄၊ တပ်ခွဲ-၆၊ တပ်ခွဲ-၇)၊ KNU တပ်မဟာ ၆ တပ်ရင်း၂၇ ၊ မွန်ပြည်သစ်ပါတီ (AD) ၊ မွန်ပြည်တော်လှန်ရေးတပ် MSRF ၊ ABSDFတပ်ရင်း-၁ ၊ ဓဝယ်တပ်တော် DNLA တို့မှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဖော်ပြပါတယ်။
ဆွေးနွေးပွဲတွင် ရေဖြူမြို့နယ်အတွင်း ဝင်ရောက်နေသော စစ်ကောင်စီ စစ်ကြောင်းများအား ထိရောက်စွာ ဟန့်တားနိုင်ရန်နှင့် စစ်ရေးအရ အချိတ်အဆက်မိမိ အရှိန်မြှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ယခုဖွဲ့စည်းထားတဲ့ အဖွဲ့တွေအနေနဲ့ ဖွဲ့ထားရုံ သဘောမျိုး မဟုတ်ဘဲ မြေပြင်မှာလည်း လက်တွေ့ကျကျ အကောင်အထည်ဖော်ဖို့ လိုအပ်နေပြီး အမှန်တကယ် ပူးပေါင်းနိုင်ပါက စစ်ကောင်စီ တပ်စခန်းတွေကို သိမ်းနိုင်တဲ့အထိ အကျိုးကျေးဇူး ရနိုင်တယ်လို့ ဒေါနတပ်ရင်း ဗျူဟာ (၃၃) စစ်ဆင်ရေးမှူး စောဒါးကိုက လဂွန်းအိမ် စာစဉ်မှာ ပြောဆိုထားပါတယ်။
တွေ့ဆုံဆွေးနွေးမှုမှ ရလဒ်ကောင်းများ ရရှိခဲ့ပြီး အောင်မြင်သော စစ်ရေးဖော်ဆောင်မှုများ ရရှိရေးအတွက်လည်း ဘုံသဘောတူညီချက်များ ထားရှိ၍ ကြိုးစားဆောင်ရွက်လျက်ရှိတယ်လို့ဖော်ပြပါတယ်။
လက်ရှိမှာ အဆိုပါ စစ်ရေး မဟာမိတ် ပူးပေါင်းအဖွဲ့တွေအနေနဲ့ ဧပြီလ ၂၀ ရက်နေ့က ရေဖြူမြို့နယ်၊ မင်းသားကျေးရွာက စစ်ကောင်စီတပ် စခန်းသိမ်း တိုက်ပွဲမှာ အတူတိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၁၀ ဦးကျော် သေဆုံးခဲ့ပြီး မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေဘက်က ၃ ဦး ထိခိုက်ထားကာ စစ်ရေးတင်းမာနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
========================
🚩🚩 ၂။ စစ်ကောင်စီက ထိုင်းပိုင်နက်ကို ကျူးကျော်ပြီး ဗုံးကြဲချခဲ့တာကြောင့် ထိုင်စစ်တပ်က လေယာဉ်ပစ် အမြောက်တွေကို နယ်စပ်မှာ ပြောင်းရွှေ့ချထား
ဧပြီလ ၂၁ ရက်၊
Radio NUG
စစ်ကောင်စီတပ်က KNLA တပ်စခန်းများကို ဗုံးကြဲရာမှာ ထိုင်းလေပိုင်နက်ကို ကျူးကျော်ခဲ့တာကြောင့် ထိုင်းစစ်တပ်က လေယာဉ်ပစ် အမြောက်တွေကို နယ်စပ်မှာ ရွှေ့ပြောင်း ချထားတယ်လို့ ထိုင်းသတင်းဌာန Khaosod နဲ့ ဘန်ကောက်ပိုစ့်မှာ ဖော်ပြထားပါတယ်။
ဧပြီလ ၂၁ ရက်မှာ တနင်္သာရီတိုင်း၊ ထားဝယ်ဒေသ၊ ထီးခီးနယ်စပ် တစ်ဖက်ခြမ်းရှိ ကန်ချနဘူရီ ပြည်နယ်၊ မူအမ်းခရိုင်၊ ဖူနမ်ရွန် ရွာသားတွေက စစ်ကောင်စီရဲ့ Y-12 လေယာဉ်တစ်စီး ပျံသန်းလာတာကို မြင်ခဲ့ရပြီး မကြာခင်မှာ ပေါက်ကွဲသံ ၁၀ ချက် ကြားခဲ့ရတယ်လို့ ဆိုပါတယ်။
ထို့အပြင် စစ်ကောင်စီရဲ့ Mi-17 ရဟတ်ယာဉ် တစ်စီးကိုလည်း တွေ့ခဲ့ရပြီး အဆိုပါ နယ်စပ်အနီးမှာ စစ်ကောင်စီတပ်သား ၆၀ ခန့် ဆင်းသက်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်နေ့က ထားဝယ်ဒေသအတွင်းရှိ ထီးထဗျူဟာ စခန်းကို KNLA နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့ပါတယ်။
အဆိုပါတိုက်ပွဲ ပြင်းထန်လာတဲ့ အချိန်မှာ ထိုင်းဘက်ခြမ်းက နယ်စပ်အနီးကို ဗုံးမကြဲဖို့ နဲ့ ထိုင်းဘက်ကို တိုက်ပွဲတွေ ကျော်လာခြင်း မပြုဖို့ သတိပေးထားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
လက်ရှိမှာတော့ ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီ နယ်စပ်ဒေသမှာ ထိုင်းစစ်တပ်၊ အမှတ် (၉) ခြေလျင်တပ်မ က လုံခြုံရေး ယူထားပြီး၊ လေပိုင်နက် ကာကွယ်ရေးအတွက် လေယာဉ်ပစ် အမြှောက်တွေ ရွှေ့ပြောင်း ချထားတယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ PRA မကွေးက၂၀၂၅ ခုနှစ်အတွင်း တိုက်ပွဲပေါင်း၂၃ ကြိမ် ဖော်ဆောင်ခဲ့ပြီး စစ်ကောင်စီဘက်မှ ဗိုလ်မှူးသီဟအောင်အပါအဝင် ၆၃ ဦးသေဆုံးခဲ့
ဧပြီလ ၂၁ရက်
Radio NUG
PRA မကွေးက၂၀၂၅ ခုနှစ်အတွင်း တိုက်ပွဲပေါင်း၂၃ကြိမ် ဖော်ဆောင်ခဲ့ပြီး စစ်ကောင်စီဘက်မှ ဗိုလ်မှူးသီဟအောင်အပါအဝင် ၆၃ဦးသေဆုံးခဲ့တယ်လို့ PRA မကွေးက စစ်ရေးလှုပ်ရှားမှုများကို သတင်းထုတ်ပြန်ဖော်ပြပါတယ်။
၂၀၂၅ ခုနှစ်ဇန်နဝါရီလမှ ဧပြီလအထိ တိုက်ပွဲ ကြီးငယ်ပေါင်း၂၃ကြိမ်ကို ဖော်ဆောင်ခဲ့ပြီး ရန်သူ့စကစရဲ့ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြပါတယ်။
အဆိုပါစစ်ဆင်ရေးများအတွင်း စစ်ကောင်စီဘက်မှ ဗိုလ်မှူးသီဟအောင်အပါအဝင် ၆၃ဦးသေဆုံးခဲ့ကာ ဗိုလ်ကြီးအောင်ငြိမ်းချမ်း၊တင်ကိုထက်တို့ အပါအဝင် ၁၈ဦးကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
========================
🚩🚩 ၄။ ငဖဲမြို့နယ်နဲ့ ပဒါန်းမြို့နယ်မှာ နှစ်လအတွင်း တိုက်ပွဲ ၄ ခု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သား ၂၀ နီးပါး သေဆုံးခဲ့
ဧပြီလ ၂၁ ရက်၊
Radio NUG
မကွေးတိုင်း၊ ငဖဲမြို့နယ်နဲ့ ပဒါန်းမြို့နယ်များမှာ ဖေဖော်ဝါရီလနဲ့ မတ်လက ဖော်ဆောင်ခဲ့တဲ့ တိုက်ပွဲ ၄ ခု မှာ စစ်ကောင်စီ တပ်သား ၁၉ ဦး ကို သုတ်သင်နိုင်ခဲ့တယ်လို့ လူထုတော်လှန်ရေး မဟာမိတ် အင်အားစု (PRA-Magway) က ထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မနက်ပိုင်းတွင် ငဖြဲမြို့နယ်၊ နတ်ရေကန် အနီးက စင်နာခြံကို ကင်းပုန်းဝပ်ဖို့ ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့်ကို PRA - Magway တပ်ဖွဲ့ဝင်တွေက ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားတွေ ထိခိုက်ဒဏ်ရာ ရခဲ့ကာ ပြန်ဆုတ်သွားတယ်လို့ ဆိုပါတယ်။
အလားတူ ဖေဖော်ဝါရီလ ၂၈ ရက် မနက်မှာလည်း နတ်ရေကန် ဗျူဟာကုန်းက ဆင်းလာတဲ့ အင်အား ၆၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းကို ဖြတ်တောက် တိုက်ခိုက်ခဲ့ရာ ၆ ဦး သေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မတ်လ ၁၈ ရက်နေ့ မနက်ပိုင်းကလည်း ငဖဲမြို့နယ်၊ ပဇီကျေးရွာကနေ လိုင်ကျေးရွာဘက် ထွက်လာတဲ့ အင်အား ၄၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းနဲ့ လိုင်ကျေးရွာ လမ်းခွဲမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ၇ ဦး သေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
မတ်လ ၃၀ ရက်နေ့ မနက် အစောပိုင်းမှာလည်း ပုသိမ်-မုံရွာ လမ်းပိုင်းပေါ်မှာ ပဒါန်းမြို့ဝင်ဂိတ်ကို PRA - Magway နဲ့ မင်းဘူးခရိုင် အမှတ် (၂) တပ်ရင်းတို့ ပူးပေါင်းပြီး ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ၆ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၄ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။
ပဒါန်းမြို့ဝင်ဂိတ်ဟာ စစ်ကောင်စီတပ်၊ ရဲနဲ့ စရဖ ပူးပေါင်းအင်အား ၂၀ ကျော် တပ်စွဲထားပြီး ဖြတ်သန်း သွားလာသူ ပြည်သူများနဲ့ ဈေးသည်တွေဆီကနေ အဓမ္မငွေကြေးတောင်းခံခြင်း၊ ဖိနှိပ်ရမ်းကားခြင်းများ ပြုလုပ်နေတာကြောင့် တိုက်ခိုက်ခဲ့ရတာလို့ PRA-Magway က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီနဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများအတွင်း လက်နက်ခဲယမ်းပစ္စည်းများစွာကိုလည်း သိမ်းဆည်းရရှိ ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
========================
🚩🚩 ၅။ စစ်ကိုင်းမှာ ငလျင်ဘေးသင့် ပြည်သူများအား နယ်လှည့်ဆေးကုသရေးအဖွဲ့ ဗုံးကြဲတိုက်ခိုက်ခံရ
ဧပြီလ ၂၁ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ အိုင်ဒိုင်ကျေးရွာမှာ ငလျင်ဒဏ်သင့် ဒေသခံပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ နယ်လှည့်ဆေးကုသရေးအဖွဲ့ ဗုံးကြဲတိုက်ခိုက်ခံရတယ်လို့ မဇ္ဈိမ သတင်းဌာနက ဖော်ပြထားပါတယ်။
ဧပြီ ၂၁ ရက်နေ့ မွန်းလွဲပိုင်းမှာ အဆိုပါ နယ်လှည့်ဆေးကုသရေးအဖွဲ့ ရောက်ရှိနေတဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ခိုက်ခံရမှုအတွင်း ဆေးလာကုတဲ့ ပြည်သူ ၄ ဦးနဲ့ ဘုန်းကြီးကျောင်းမှ သံဃာတော် ၂ ပါး ထိခိုက် ဒဏ်ရာရခဲ့ကာ နယ်လှည့် ဆေးကုသရေး အဖွဲ့ကတော့ ထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။
စစ်ကောင်စီက ငလျင်ဘေးကြောင့် ဧပြီလ ၂ ရက် ကနေ ၂၂ ရက် နေ့ထိ အပစ်ရပ် ကြေညာထားပေမယ့် အရပ်သား ပြည်သူများကို ဦးတည်တဲ့ လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက် လုပ်ဆောင်နေသလို ငလျင်ဘေးသင့် ပြည်သူများအား ဆေးကုသပေးနေတဲ့ အဖွဲ့ကိုပါ ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တာဟာ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်း ဖြစ်တယ်လို့ စစ်ကိုင်းတိုင်းမှ ကာကွယ်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။
ဧပြီလ ၁ ရက်နေ့ကနေ ၂၁ ရက်နေ့အတွင်း မန္တလေးတိုင်း သပိတ်ကျင်း၊ စဉ့်ကူးနှင့် မတ္တရာ မြို့နယ်များကို လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀ ထက်မနည်း ပြုလုပ်ခဲ့ရာ အရပ်သား ပြည်သူ ၆၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၆။ တောင်ခမ်းမှာ စစ်ကောင်စီက အဆိပ်ဓာတ်ငွေ့ ဗုံးများဖြင့် ကြဲချတိုက်ခိုက်
ဧပြီလ ၂၁ ရက်၊
Radio NUG
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်ခမ်းကျေးရွာ အနီးတဝိုက်မှာ စစ်ကောင်စီတပ်က အဆိပ်ဓါတ်ငွေ့ဗုံးများ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF) က ထုတ်ပြန်ထားပါတယ်။
ဧပြီလ ၂၁ ရက်နေ့က TNLA နဲ့ DPLA တပ်များရှိရာနေရာကို နေ့လည် ၁ နာရီခန့်မှာ အဆိပ်ဓါတ်ငွေ့ဗုံး ၃ လုံး ကြဲချခဲ့ပြီး ၆ မိနစ်ခန့် အကြာမှာ နောက်ထပ် ၄ လုံး ထပ်မံကြဲချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ အဆိပ်ငွေ့များကို ရှူရှိုက်မိခဲ့တဲ့ ရဲဘော်များမှာ မူးဝေအော့အန်ခြင်း၊ သွေးပေါင်ချိန်ကျခြင်းများ ဖြစ်ခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီဘက်က အပစ်ခတ် ရပ်စဲကြောင်း ကြေညာထားပေမယ့် နိုင်ငံတကာမှ တားမြစ်ထားသော အဆိပ်ဓါတ်ငွေ့ ဗုံးများ အသုံးပြုတိုက်ခိုက်ခြင်းကို တောင်ခမ်းတွင် သာမက အခြား တော်လှန်ရေးတပ်များ ရှိရာ နေရာတွေမှာလည်း မကြာခဏ ပြုလုပ်နေတယ် ဆိုပါတယ်။
တောင်ခမ်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ TNLA, DPLA ပူးပေါင်းတပ်များ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီက လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုများအပြင် အဆိပ်ဓါတ်ငွေ့ ဗုံးများကိုပါ အသုံးပြုကာ ထိုးစစ်ဆင်မှု လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
========================
🚩🚩 ၇။ ကန့်ဘလူမြို့နယ် သင်တောရွာအား စစ်ကောင်စီဘက်မှ Jet Fighter ဖြင့် ပေါင် ၅၀၀ နှစ်လုံးကြဲချခဲ့၍ အရပ်သား ၆ ဦးသေဆုံး၊ နေအိမ်အချို့မီးလောင်ပျက်စီးခဲ့ရ
ဧပြီလ ၂၁ ရက်
Radio NUG
ဧပြီလ ၂၀ ရက်နေ့ ညပိုင်း ၆ နာရီ ၅၀ မိနစ်တွင် ကန့်ဘလူမြို့နယ် သင်တောရွာအား တံတားဦးတက် Jet Fighter တစ်စီးဖြင့် စစ်ရေးပစ်မှတ်မရှိဘဲ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်အဖွဲ့က အတည်ပြုဆိုပါတယ်။
စစ်ကောင်စီဘက်မှ Jet Fighter ဖြင့် ပေါင် ၅၀၀ နှစ်လုံးကြဲချခဲ့ခြင်းဖြစ်ပြီး ဦးစိုးမင်း+ ဒေါ်မူချို ကုန်စုံဆိုင်နှင့် အနီးသို့ ကျရောက်ခဲ့ပြီး သင်တောရွာမှ ဦးကျော်မင်းကြီး(၅၀)နှစ်၊ ကိုဖိုးမော့(၃၀)နှစ်ခန့်၊ ကိုမင်းမင်း(၃၀)ကျော်၊ ဒေါ်ခင်မာနှင်း(၅၀)ခန့်၊ ဒေါ်စော(၅၀)ကျော်နှင့် မမိသေး(၂၀)ကျော်တို့ ၆ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်းသိရပါတယ်။
သင်တောရွာသည် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင်လည်း စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သဖြင့် ဘုန်းကြီးကျောင်းနှစ်ထပ်ကျောင်းဆောင်၊ ဘုရားဆင်းတုတော်၊ စေတီနှင့် ဘုန်းကြီးအပါအဝင် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ဖူးတယ်လို့ သိရပါတယ်။
========================
🚩🚩 ၈။ ဘုတ်ပြင်းတွင် အောင်ပွဲရ ပကဖ တပ်ဖွဲ့ဝင်များကို ဒေသခံများက တခဲနက်ဂုဏ်ပြုကြိုဆို
ဧပြီလ ၂၁ရက်
Radio NUG
ဘုတ်ပြင်းတွင် အောင်ပွဲရ ပကဖ တပ်ဖွဲ့ဝင်များကို ဒေသခံများက တခဲနက် ဂုဏ်ပြုကြိုဆိုခဲ့ကြပါတယ်။
တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ရွှေဂဲညိုကျေးရွာက ပျူစောထီးစခန်းကို အောင်မြင်စွာ တိုက်ခိုက်ပြီး ပြန်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို တနင်္သာရီမြို့နယ် ဒေသခံပြည်သူတွေကနေ ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ သတင်းရရှိပါတယ်။
တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)တိုက်ခိုက်ရေးအဖွဲ့ တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(တိုက်ခိုက်ရေး)တို့မှ ဘုတ်ပြင်းမြို့နယ်၊ တောင်ငယ်ရွာအခြေစိုက် ရွှေဂဲညိုရွာ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်(ပသစ)အဖွဲ့အား
ဧပြီလ၁၆ရက်နေ့၊ နံနက်(၃:၀၀) နာရီအချိန်တွင် ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ၏ ပြည်သူ့စစ်ခေါင်းဆောင် ဌေးဝင်း သေဆုံးခဲ့ပြီး လက်နက် (၁၀)လက် အား သိမ်းဆည်းရမိခဲ့ပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် သာကီနဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment