၂၀၂၅ ဧပြီလ ၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ မြေငလျင်ကြီးကြောင့် အများဆုံးထိခိုက်ခဲ့သည့် ဒေသ (၄)ခု၏ ထိခိုက်ဆုံးရှုံးမှုများကို အမျိုးသားညီညွတ်ရေးအစိုးရ ထုတ်ပြန်
📌 ၂။ စစ်ကောင်စီကြောင့် ပြည်သူများ ခံစားနေမှုများအပြင် ငလျင်ဒဏ်ကြောင့် ထပ်တိုးခံစားရတဲ့ ပြည်သူတွေအတွက် (၁၅၀) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များ ညီလာခံသို့ မဖြစ်ဖြစ်အောင် လာတက်ရောက်နေတာဖြစ်တယ်လို့ ဒေါက်တာ ဝင်းမြတ်အေးဆို
📌 ၃။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ အစည်းအဝေး ကျင်းပပြုလုပ်
📌 ၄။ မြန်မာနိုင်ငံသို့ ငလျင်ဘေးအတွက် လာရောက်ကူညီနေသည့် USAID ဝန်ထမ်း သုံးဦး အလုပ်ထုတ်ခံရ
📌 ၅။ ငလျင်အတွက် ကူညီကယ်ဆယ်ရေး လုပ်ဆောင်မည့် မည်သည့်အဖွဲ့မဆို သီးခြားလွတ်လပ်စွာ ရပ်တည်ဆောင်ရွက်ခွင့်မရှိဘဲ ကြိုတင်ခွင့်ပြုချက်တောင်းခံရမယ်လို့ အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်း ပြောဆို
📌 ၆။ စစ်ကိုင်းမြို့နယ် အရေးပေါ်ငလျင်ကယ်ဆယ်ရေးကော်မတီမှ ပြိုကျနေအိမ် ၂၈လုံးအတွက် ကျပ်သိန်း ၈,၄၀၀,၀၀၀ ထောက်ပံ့
========================
၂၀၂၅ ခုနှစ် ဧပြီလ ၇ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးနှင့် ငလျင်ဘေးဒဏ်သတင်းကောက်နုတ်ချက်များ
🚩 ၁။ ညောင်ကျိုး ဗျူဟာ စခန်းကုန်းအား အာရက္ခတပ်တော်မှ အလုံးစုံ သိမ်းပိုက်ရရှိ
🚩 ၂။ ဆီမီးခုံ ဆေးရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို လက်ပစ်ဗုံးဖြင့် အနီးကပ် ပစ်ခတ်တိုက်ခိုက်
🚩 ၃။ မိုးဗြဲတိုက်ပွဲမှာ မိုးဗြဲ PDF (၁၀၀၁) တပ်ရင်းမှ တပ်စုမှူး တဦး ကျဆုံးခဲ့
🚩 ၄။ လေးနှစ်တာ ကာလအတွင်း CDF-Thantlang မှ ရဲဘော် ၆၇ ဦး အသက်ပေးလှူခဲ့
🚩 ၅။ အပစ်ရပ် ကြေညာထားပေမယ့် နောင်ချိုမြို့နယ်ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်
🚩 ၆။ ရေပူ ကျေးရွာကို စစ်ကောင်စီ နဲ့ PNA ပြည်သူ့စစ်တို့က ဒရုန်းဖြင့် ဗုံး အလုံး ၃၀ ကြဲချတိုက်ခိုက်
🚩 ၇။ ပကဖ စုဖွဲ့မှုတပ် NCO အကြပ်သင်တန်း သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ မြေငလျင်ကြီးကြောင့် အများဆုံးထိခိုက်ခဲ့သည့် ဒေသ (၄)ခု၏ ထိခိုက်ဆုံးရှုံးမှုများကို အမျိုးသားညီညွတ်ရေးအစိုးရ ထုတ်ပြန်
ဧပြီ ၆
RadioNUG
ဧပြီလ ၆ ရက်နေ့အထိ ကောက်ယူရရှိသော စာရင်းများအရ စစ်ကိုင်းမြို့၏ အနောက်မြောက်ဘက် ၁၆ ကီလိုမီတာအကွာတွင် အင်အား (၇.၇)ဖြင့် လှုပ်ခတ်ခဲ့သည့် မြေငလျင်ကြီးကြောင့် အများဆုံးထိခိုက်ခဲ့သည့် ဒေသ (၄)ခု၏ ထိခိုက်ဆုံးရှုံးမှုများကို အမျိုးသားညီညွတ်ရေးအစိုးရမှ ထုတ်ပြန်ထားပါတယ်။
နေပြည်တော်ကောင်စီအတွင်း သေဆုံးသူ ၄၇၈ဦး၊ ဒဏ်ရာရသူ ၈၃၅ဦး၊ ပျောက်ဆုံးသူ ၁၁ဦးနှင့် ဘေးသင့်သူ ၃၃၈,၈၀၃ဦး ရှိပြီး နေအိမ် ၅၆၀၀လုံး ၊ ဘာသာရေးအဆောက်အအုံ ၁၁၂၄ခု၊ စာသင်ကျောင်း ၃၈၀ကျောင်းနှင့် အခြေခံအဆောက်အအုံ ၂၅၄၈ ခု ထိခိုက်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မန္တလေးတိုင်းအတွင်း သေဆုံးသူ ၁၈၀၈ဦး၊ ဒဏ်ရာရသူ ၆၅၄ဦး၊ ပျောက်ဆုံးသူ ၂၀၅ဦးနှင့် ဘေးသင့်သူ ၂,၂၄၉,၀၅၈ဦး ရှိပြီး နေအိမ် ၁၇၆၃၇လုံး ၊ ဘာသာရေးအဆောက်အအုံ ၃၃၈၈ခု၊ စာသင်ကျောင်း ၁၂၇ကျောင်းနှင့် အခြေခံအဆောက်အအုံ ၁၅၃၇ ခု ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းအတွင်း သေဆုံးသူ ၆၉၃ဦး၊ ဒဏ်ရာရသူ ၈၇၀ဦး၊ ပျောက်ဆုံးသူ ၂ဦးနှင့် ဘေးသင့်သူ ၄၂၈,၇၆၁ဦး ရှိပြီး နေအိမ် ၄၇၄၅လုံး ၊ ဘာသာရေးအဆောက်အအုံ ၄၀၀ခု၊ စာသင်ကျောင်း ၄၀ ကျောင်းနှင့် အခြေခံအဆောက်အအုံ ၅၀၅ ခု ထိခိုက်ပျက်စီးခဲ့ပါတယ်။
ပဲခူးတိုင်းအတွင်း သေဆုံးသူ ၆၈ဦး၊ ဒဏ်ရာရသူ ၂၃၄ဦးနှင့် ဘေးသင့်သူ ၂၅၈,၄၉၉ဦး ရှိပြီး နေအိမ် ၄၆၅လုံး၊ ဘာသာရေးအဆောက်အအုံ ၁၉ခု၊ စာသင်ကျောင်း ၅ကျောင်းနှင့် အခြေခံအဆောက်အအုံ ၁၁ ခု ထိခိုက်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၂။ စစ်ကောင်စီကြောင့် ပြည်သူများ ခံစားနေမှုများအပြင် ငလျင်ဒဏ်ကြောင့် ထပ်တိုးခံစားရတဲ့ ပြည်သူတွေအတွက် (၁၅၀) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များ ညီလာခံသို့ မဖြစ်ဖြစ်အောင် လာတက်ရောက်နေတာဖြစ်တယ်လို့ ဒေါက်တာ ဝင်းမြတ်အေးဆို
ဧပြီ ၆
Radio NUG
စစ်ကောင်စီကြောင့် ပြည်သူများ ခံစားနေမှုများအပြင် ငလျင်ဒဏ်ကြောင့် ထပ်တိုးခံစားရတဲ့ ပြည်သူတွေအတွက် (၁၅၀) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များ ညီလာခံသို့ မဖြစ်ဖြစ်အောင် လာတက်ရောက်နေတာဖြစ်တယ်လို့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒေါက်တာ ဝင်းမြတ်အေးက ပြည်သူသို့ တင်ပြခဲ့ပါတယ်။
"ကျွန်တော် နိုင်ငံတကာပါလီမန်များညီလာခံကို (၁၄၆) ကြိမ်မြောက်ကတည်းက တက်ရောက်ခဲ့တာ ဖြစ်ပြီးတော့ တက်ရောက်တိုင်းမှာလည်း နိုင်ငံတကာ ပါလီမန်များ ညီလာခံက အသိအမှတ်ပြုပြီးတော့ ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ CRPH ကို နိုင်ငံတကာ ပါလီမန်တွေကနေပြီးတော့ မြန်မာနိုင်ငံရဲ့ တရားဝင်လွှတ်တော်အနေနဲ့ အသိအမှတ်ပြုထားတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ ပြည်သူ့ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေကို ဖိတ်ကြားပြီးတော့ ဒီမှာ ဆွေးနွေးညှိနှိုင်းဖို့ အခွင့်အရေး ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံတကာပါလီမန်များ ညီလာခံကို ကျေးဇူးတင်ပါတယ်။"လို့ ဝန်ကြီးက ဆိုပါတယ်။
ထို့အပြင် "ကျွန်တော် တက်ရောက်ခဲ့တဲ့ အချိန်တိုင်းမှာ ပြည်သူတွေရဲ့ ဒုက္ခတွေ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ၊ ပြည်သူတွေအတွက် လိုအပ်ချက်တွေ၊ ဒါတွေအတွက် နိုင်ငံတကာက သိအောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့ပါတယ်။ ဒီတစ်ခေါက်ကတော့ ပိုပြီးတော့ ထူးခြားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်သူတွေဟာ ဒုက္ခတွေ ခံစားနေရတဲ့ကြားက နောက်ထပ် ဒုက္ခတစ်ခု ထပ်ဆင့်လာတာ ဖြစ်ပါတယ်။ ဒါဟာ မကြာခင်က ဖြစ်ပွားခဲ့တဲ့ ကြီးမားတဲ့ ငလျင်ဒဏ်ကို ခံရတာ ဖြစ်ပါတယ်။"လို့ အသိပေးတင်ပြထားပါတယ်။
"ဒီလို ကြီးမားပြင်းထန်တဲ့ သဘာဝဘေးကြီး ဖြစ်လာတဲ့အခါမှာ ပြည်သူတွေရဲ့ ဒုက္ခဟာ တော်တော်ကို ဆိုးရွားတဲ့ အခြေအနေကို ရောက်ရှိသွားတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေ၊ နိုင်ငံတကာက ပိုပြီး အာရုံစိုက်လာတဲ့အချိန်မှာ ကျွန်တော်တို့အနေနဲ့ ဘယ်လိုနည်းနဲ့ ပြည်သူလူထုကို ကယ်ဆယ်ရမလဲဆိုတဲ့ကိစ္စကို ဆွေးနွေးဖို့ လိုပါတယ်။ ဒါကြောင့်လည်း ဒီညီလာခံကို မဖြစ်ဖြစ်အောင် လာပြီးတော့ တက်ရောက်တာပဲ ဖြစ်ပါတယ်။"လို့ ထပ်လောင်း ပြောဆိုခဲ့ပါတယ်။
========================
📌📌 ၃။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ အစည်းအဝေး ကျင်းပပြုလုပ်
ဧပြီ ၆
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲအစည်းအဝေး (၄/၂၀၂၅)ကို ဧပြီလ ၆ရက်နေ့ မနက်(၁၀:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေး၌ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ တွဲဖက်အတွင်းဝန်မှ အဖွင့်အမှာစကားပြောကြားခဲ့တယ်လို့ သိရပါတယ်။
ထို့နောက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ အုပ်ချုပ်ရေးဆိုင်ရာ ပေါင်းစပ်လုပ်ငန်းများနှင့် ပတ်သက်၍ သိရှိလိုသည်များကို ဆွေးနွေးခဲ့ကြရာ ဝန်ကြီးဌာန အသီးသီး၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။
အဆိုပါတွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ရန်ကုန်တိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ရပ်နားခဲ့ပါတယ်။
========================
📌📌 ၄။ မြန်မာနိုင်ငံသို့ ငလျင်ဘေးအတွက် လာရောက်ကူညီနေသည့် USAID ဝန်ထမ်း သုံးဦး အလုပ်ထုတ်ခံရ
ဧပြီ ၆
Radio NUG
ငလျင်ဘေးဒဏ်သင့် အရှေ့တောင်အာရှ နိုင်ငံဆီ စေလွှတ်ခံရတဲ့ ဝန်ထမ်း ၃ယောက်ဟာ အခုသီတင်းပတ်ကုန်ကျမှ သူတို့တွေ အလုပ်ထုတ်ခံရတော့မှာ ဖြစ်တယ်ဆိုတဲ့ အသိပေး အကြောင်းကြားမှုကို ရရှိခဲ့တာ ဖြစ်တယ်လို့ USAIDရဲ့ အရာရှိဟောင်း တစ်ယောက်ဖြစ်သူ မာစီယာ ဝေါင်က ပြောကြားကြောင်း The New York Times သတင်းမှာ ဖော်ပြထားပါတယ်။
သူတို့ ၃ယောက်ထဲက တစ်ယောက်ဟာ ဝါရှင်တန်ဒီစီမြို့တော်ကနေ ထွက်ခွာလာတာဖြစ်ပြီး ကျန်တဲ့ ၂ယောက်ကတော့ မနီလာနဲ့ ဘန်ကောက်မြို့က ထွက်ခွာလာကြသူတွေဖြစ်ကာ လက်ရှိ မန္တလေးမြို့ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။
အမေရိကန်ရဲ့ သမ္မတသစ် ဒေါ်နယ်ထရန့် လက်အောက်မှာ USAID ကို ဖျက်သိမ်းဖို့ လုပ်ဆောင်နေပြီး ဝန်ထမ်းအရေအတွက် အများအပြားကို ထုတ်ပယ်ဖို့လည်း ပြင်ဆင်လျက်ရှိပြီး USAID ရဲ့ ပရောဂျက် စုစုပေါင်း ၈၄ ရာခိုင်နှုန်းကို ဖြတ်တောက် လျှော့ချထားတယ်လို့ သိရပါတယ်။
ထုတ်ပယ်ခံလိုက်ရတဲ့ ဝန်ထမ်း ၃ ယောက်ဟာ လူသားချင်း စာနာမှု အထောက်အပံ့တွေ ရောက်ရှိနိုင်ရေးအတွက် ကြိုးကြိုးစားစားနဲ့ အာရုံစိုက် လုပ်ဆောင်ခဲ့သူတွေလို့လည်း ဆိုပါတယ်။
========================
📌📌 ၅။ ငလျင်အတွက် ကူညီကယ်ဆယ်ရေး လုပ်ဆောင်မည့် မည်သည့်အဖွဲ့မဆို သီးခြားလွတ်လပ်စွာ ရပ်တည်ဆောင်ရွက်ခွင့်မရှိဘဲ ကြိုတင်ခွင့်ပြုချက်တောင်းခံရမယ်လို့ အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်း ပြောဆို
ဧပြီ ၆
Radio NUG
မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဘေးကယ်ဆယ်ရေးလုပ်မည့် မည်သည့်အဖွဲ့မဆို သီးခြားလွတ်လပ်စွာ ရပ်တည်ဆောင်ရွက်ခွင့်မရှိဘဲ ကြိုတင်ခွင့်ပြုချက် တောင်းခံရမှာဖြစ်ပြီး စစ်ကောင်စီနှင့် ပူးတွဲဆောင်ရွက်မှ ခွင့်ပြုမယ်လို့ အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်းက စစ်ကောင်စီအထူးအစည်းအဝေးတွင် ပြောဆိုခဲ့ပါတယ်။
"ကူညီကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် မည်သည့်အဖွဲ့အစည်းမဆို သီးခြားလွတ်လပ်စွာ ရပ်တည်၍ ဆောင်ရွက်ခွင့်မရှိပဲ ကြိုတင်ခွင့်ပြုချက် တောင်းခံထားသည့် အဖွဲ့အစည်းများဖြစ်ရန်လိုပြီး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်မှသာ ခွင့်ပြုပေးသွားမည်ဖြစ်သည်ကို မူဝါဒတစ်ရပ်အနေဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များအနေဖြင့်လည်း မိမိတို့သက်ဆိုင်ရာနယ်မြေများသို့ ရောက်ရှိလာသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ NGO အဖွဲ့အစည်းများကို မိမိတို့ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်မှသာ ခွင့်ပြုပေးသွားရန်လိုကြောင်း" ပြောဆိုထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံတကာသတင်းမီဒီယာတွေအနေနဲ့ ငလျင်ဒဏ်သင့်ဒေသတွေမှာ သွားရောက် မြေပြင်သတင်းရယူခွင့်တွေကိုလည်း ကန့်သတ်ထားပါတယ်။
========================
📌📌 ၆။ စစ်ကိုင်းမြို့နယ် အရေးပေါ်ငလျင်ကယ်ဆယ်ရေးကော်မတီမှ ပြိုကျနေအိမ် ၂၈လုံးအတွက် ကျပ်သိန်း ၈,၄၀၀,၀၀၀ ထောက်ပံ့
ဧပြီ ၆
Radio NUG
ဧပြီလ ၆ရက်နေ့ မနက်အစောပိုင်းတွင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ ကျေးရွာတစ်ရွာမှ ငလျင်ဘေးဒဏ်သင့်၍ နေအိမ်ပြိုကျခဲ့သော ပြည်သူများအား စစ်ကိုင်းမြို့နယ်အရေးပေါ် ငလျင်ကယ်ဆယ်ရေးကော်မတီမှ ထောက်ပံ့ကြေးပေးခဲ့ကြောင်း သိရပါတယ်။
နေအိမ်ပြိုကျခဲ့တဲ့ တစ်အိမ်ထောင်လျှင် ငွေကျပ် (၃၀၀၀၀၀)စီဖြင့် နေအိမ် (၂၈)လုံးအတွက် စုစုပေါင်း ငွေကျပ် (၈၄၀၀၀၀၀)ကျပ်အား ထောက်ပံ့ပေးခဲ့တယ်လို့ သိပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ညောင်ကျိုး ဗျူဟာ စခန်းကုန်းအား အာရက္ခတပ်တော်မှ အလုံးစုံ သိမ်းပိုက်ရရှိ
ဧပြီလ ၆ ရက်၊
Radio NUG
ပဲခူးတိုင်း၊ ညောင်ကျိုးဗျူဟာ စခန်းကုန်းအား အာရက္ခတပ်တော် (AA) မှ အလုံးစုံ သိမ်းပိုက်ရရှိခဲ့တယ်လို့ AA Info Desk မှ ထုတ်ပြန်ထားပါတယ်။
ညောင်ကျိုးဗျူဟာ စခန်းကုန်းကို မတ်လ ၁၇ ရက်နေ့မှာ စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ၁၆ ရက်အကြာ ဧပြီလ ၂ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
အာရက္ခ တပ်တော်အနေနဲ့ ကစဉ့်ကလျား ထွက်ပြေးနေသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နိုင်တဲ့ အခွင့်အရေး ရှိခဲ့ပေမယ့် တဖက်သတ် အပစ်ရပ်ခဲ့တာကြောင့် ထိုးစစ်များ ရပ်တန့်ကာ မိမိတို့ ထုတ်ပြန်ချက်ကို လေးစားလိုက်နာကြောင်း ပြသခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီက အပစ်ရပ် ထုတ်ပြန်ခဲ့တဲ့ ဧပြီလ ၂ ရက်နေ့ နောက်ပိုင်း ၃, ၄, ၅ ရက်နေ့များမှာ သစ်ပုတ်တောင် ရေတပ်စခန်း၊ ဒိုးတန်းတောင်၊ အမှတ် (၃၂) ရဲတပ်ရင်းနဲ့ မြေပြင်စစ်ကြောင်းများက ကျောက်ဖြူ မြို့နယ်မှ ကြတ်တိန် (ကြတ္တိန်)၊ သပြုတောင်၊ ပျားတဲ၊ ပြင်ရှည်၊ လိပ်ခမော်၊ ကုလားဘာ၊ ဟင်းခပ်ပြင် ကျေးရွာများကို လက်နက်ကြီး၊ ဒရော့ဗုံး အသုံးပြု တိုက်ခိုက်ခဲ့သလို စစ်သင်္ဘော၊ ဂျက်တိုက်လေယာဉ်များကိုပါ အသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဧပြီလ ၅ ရက်နေ့ တရက်ထဲမှာတင် ဒရော့ဗုံးအကြိမ်ရေ ၆၀ ကျော်နဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု အကြိမ် ၅၀ ထက်မနည်း ရှိခဲ့ကာ စစ်တွေမြို့နယ် မင်းလှရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ၂ ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဧပြီလ ၅ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်ခန့်မှာလည်း ရခိုင်ရိုးမ တောင်တန်းပေါ်က အာရက္ခတပ်တော် တပ်ဖွဲ့ဝင်များ ရှိရာနေရာကို Y12 ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက အပစ်ရပ် ထုတ်ပြန်ကြေညာခဲ့တဲ့ နောက်ပိုင်းမှ ယနေ့အချိန်ထိ စစ်ကောင်စီရဲ့ ကြည်း၊ ရေ၊ လေ တိုက်ခိုက်မှုများကို ဒဏ်ရာရ၊ အသက်စွန့်လွှတ်ခဲ့ရတဲ့ စစ်သည်တော်များ ရှိသည့်တိုင်အောင် မည့်သည့် တုံ့ပြန်မှုမျိုးမှ မပြုလုပ်ခဲ့ဘဲ ထုတ်ပြန်ချက်ပါအတိုင်း တိကျစွာ လိုက်နာခဲ့တယ်လို့ အသိပေးထားပါတယ်။
========================
🚩🚩 ၂။ ဆီမီးခုံ ဆေးရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို လက်ပစ်ဗုံးဖြင့် အနီးကပ် ပစ်ခတ်တိုက်ခိုက်
ဧပြီလ ၆ ရက်၊
Radio NUG
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ဆီးမီးခုံမြို့က ဆေးရုံဝင်းအတွင်း အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဧပြီလ ၁ ရက်နေ့ နေ့လည် ၁၁ နာရီ ဝန်းကျင်မှာ လက်ပစ်ဗုံးဖြင့် အနီးကပ် သွားရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ထို့အပြင် ထိခိုက်မှု တချို့လည်း ရှိခဲ့ပြီး ထပ်လောင်း သေဆုံးနိုင်မှုနဲ့ ထိခိုက်ဒဏ်ရာရရှိသူ အရေအတွက်ကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၃။ မိုးဗြဲတိုက်ပွဲမှာ မိုးဗြဲ PDF (၁၀၀၁) တပ်ရင်းမှ တပ်စုမှူး တဦး ကျဆုံးခဲ့
ဧပြီလ ၆ ရက်၊
Radio NUG
ကရင်နီဒေသ မိုးဗြဲမြို့မှာ စစ်ကောင်စီရဲ့ ထိုးစစ်တွေကို ကြံ့ကြံ့ခံရင်ဆိုင်ရင်း မိုးဗြဲ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (၁၀၀၁) တပ်ရင်းမှ တပ်စုမှူး တဦး ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။
ဧပြီလ ၃ ရက်နေ့မှာ မိုးဗြဲ PDF၊ ကျွဲချိုတပ်ခွဲမှ တပ်စုမှူး ရဲဘော် ထက်ဝေ (ခ) ဖိုးဝ ဟာ စစ်ကောင်စီရဲ့ ထိုးစစ်ကို ကြံ့ကြံ့ခံ ရင်ဆိုင်ရင်း အသက်ပေးလှူ သွားခဲ့ရတယ်လို့ ဆိုပါတယ်။
“ဒီနွေဦးတော်လှန်ရေး တိုက်ပွဲမှာ မင်းချစ်တဲ့သူ၊ မင်းအပေါင်းသင်း၊ ချစ်ရတဲ့ မိသားစုတွေကိုပါ အားလုံး ချန်ခဲ့ပြီး ငါတို့ အားလုံးရဲ့ နှလုံးသားထဲမှာ သမိုင်းကောင်း၊ မှတ်တမ်းကောင်းတွေကိုပါ ကမ္ဗည်းရေးထိုးထားနိုင်ခဲ့တယ်။ ကျန်ခဲ့တဲ့ တာဝန်တွေအတွက် ငါတို့ကို မင်း စိတ်ချလက်ချ ထားခဲ့ပါ။ ပြီးတော့ စိတ်ဖြောင့်ဖြောင့်နဲ့သာ သွားနှင့်ပါ ရဲဘော်ဖိုးဝ” လို့ မိုးဗြဲ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ ကျွဲချို ထောက်ပို့ က ဖော်ပြထားပါတယ်။
ရဲဘော် ဖိုးဝဟာ မိုးဗြဲ - PDF က ကျဆုံးခဲ့ရတဲ့ ၉ ဦးမြောက် အာဇာနည် သူရဲကောင်း တဦးဖြစ်တယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ လေးနှစ်တာ ကာလအတွင်း CDF-Thantlang မှ ရဲဘော် ၆၇ ဦး အသက်ပေးလှူခဲ့
ဧပြီလ ၆ ရက်၊
Radio NUG
Chinland Defense Force Thantlang စတင်တည်ထောင်ခဲ့ချိန်မှစ ယနေ့အထိ လေးနှစ်တာ ကာလအတွင်း ရဲဘော် ၆၇ ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရတယ်လို့ CDF - Thantlang တည်ထောင်ခြင်း ၄ နှစ်ပြည့် အထိမ်းအမှတ်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
CDF-Thantlang ကို ၂၀၂၁ ဧပြီလ ၆ ရက်နေ့က စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ အဖိနှိပ်ခံ ပြည်သူ တရပ်လုံး လွတ်မြောက်ရေး၊ ချင်းလူမျိုးနှင့် ချင်းပြည်ကို ကာကွယ်ပြီး ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ရရှိရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး တို့အတွက် တည်ထောင်ခဲ့တာ ဖြစ်ပြီး ယနေ့မှာ ၄ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။
တော်လှန်ရေး ၄ နှစ်တာ ကာလအတွင်း CDF-Thantlang မှ ရဲဘော် ၆၇ ဦး အသက်ပေးလှူ ခဲ့ရသလို ထန်တလန်မြို့မှ အပြစ်မဲ့ပြည်သူ ၁၇ ဦးဟာလည်း စစ်ကောင်စီ လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
ချင်းပြည်နဲ့ ချင်းလူမျိုး လွတ်မြောက်ရေးအတွက် မြင့်မြတ်စွာ ကျဆုံးသူများနဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း ဆုံးရှုံးခဲ့ရတဲ့ ရဲဘော်အားလုံးကို အလေးအနက် ဦးညွတ်အလေးပြုထားပြီး တော်လှန်ရေး လေးနှစ်တာ အတွင်း အဘက်ဘက်မှ ကူညီပံ့ပိုးပေးခဲ့ကြတဲ့ ပြည်တွင်း၊ ပြည်ပက ပြည်သူတရပ်လုံးကိုလည်း အထူး ကျေးဇူးတင်ကြောင်း ဖော်ပြထားပါတယ်။
========================
🚩🚩 ၅။ အပစ်ရပ် ကြေညာထားပေမယ့် နောင်ချိုမြို့နယ်ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်
ဧပြီလ ၆ ရက်၊
Radio NUG
ဧပြီလ ၂ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ အပစ်ရပ် ကြေညာခဲ့ပေမယ့် စစ်ကောင်စီတပ်က PSLF/TNLA ထိန်းချုပ်ရာ နောင်ချို မြို့နယ်ကို လေကြောင်းမှ လာရောက်ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
ဧပြီလ ၅ ရက်နေ့ ည ၁၀ နာရီ ၁၁ မိနစ်ခန့်မှာ နောင်ချိုမြို့နယ်၊ နောင်လင်ရွာနဲ့ နမ့်ဆောင်ဟူး ရွာတို့ကို ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၃ ကြိမ် လာရောက်ကြဲချခဲ့တယ်လို့ ဆိုပါတယ်။
ဗုံးသီးကျရောက် ပေါက်ကွဲမှုကြောင့် အရပ်သား ပြည်သူ နေအိမ် ၄ လုံး ထိမှန် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
အလားတူ ဧပြီလ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်မှာ နောင်ချိုမြို့နယ် တောင်ခမ်းရွာကို စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံး ၃ လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့ပါတယ်။
စစ်ကောင်စီက ရက်ပေါင်း ၂၀ ကြာ အပစ်ရပ်တယ်လို့ ကြေညာထားပေမယ့် PSLF/TNLA အုပ်ချုပ်တဲ့ မြို့များကို စစ်အင်အား ဖြည့်တင်းခြင်း၊ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်းကနေ ဗုံးကြဲခြင်းတို့ကို ကျူးလွန်နေတယ်လို့ သိရပါတယ်။
========================
🚩🚩 ၆။ ရေပူ ကျေးရွာကို စစ်ကောင်စီ နဲ့ PNA ပြည်သူ့စစ်တို့က ဒရုန်းဖြင့် ဗုံး အလုံး ၃၀ ကြဲချတိုက်ခိုက်
ဧပြီလ ၆ ရက်၊
Radio NUG
ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေ မြို့နယ်၊ အင်းလေးဒေသ တောင်ဘက်ခြမ်းက ရေပူကျေးရွာကို စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ PNA (ပအိုဝ်းပြည်သူ့စစ်) အဖွဲ့တို့က ဒရုန်းဖြင့် ဗုံးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ အင်းလေးဒေသ လူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဧပြီလ ၅ ရက်နေ့ မနက် ၆ နာရီ ဝန်းကျင်ကနေ ညနေ ၅ နာရီခွဲ ဝန်းကျင်ထိ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ တနေကုန် ဒရုန်းဖြင့် ဗုံး (လက်နက်ကြီး) အလုံးရေ ၃၀ ကြဲချခဲ့တာလို့ ဆိုပါတယ်။
ဗုံးကြဲခံရတာကြောင့် ရေပူကျေးရွာမှ အရပ်သား ပြည်သူပိုင် နေအိမ် ၂ လုံး မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၇။ ပကဖ စုဖွဲ့မှုတပ် NCO အကြပ်သင်တန်း သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်
ဧပြီလ ၆ ရက်၊
Radio NUG
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ ဒေသတွင်း ပ.က.ဖ စုဖွဲ့မှုတပ်က NCO အကြပ်သင်တန်း (၁/၂၀၂၄) သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ခဲ့တယ်လို့ မြိုင် ပကဖ က ထုတ်ပြန်ထားပါတယ်။
မတ်လ ၂၇ ရက်နေ့က ဒေသတွင်း တနေရာမှာ ကျင်းပခဲ့တဲ့ သင်တန်းဆင်းပွဲကို မြိုင်မြို့နယ် ပ.က.ဖ တာဝန်ခံ၊ ပေါက်မြို့နယ် ပ.က.ဖ တာဝန်ခံ၊ ကမ္မတပ်ပေါင်းစု တာဝန်ရှိသူများနှင့် ဒေသ တာဝန်ရှိသူများ၊ မဟာမိတ် တပ်မှူးများ၊ ပ.က.ဖ စုဖွဲ့မှုတပ် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
သင်တန်းဆင်းပွဲမှာ မြိုင် ပကဖ တာဝန်ခံ ကိုလက်ယာက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တာဝန်ရှိသူ အသီးသီးမှ သင်တန်းဆင်း ရဲဘော်များကို အားပေးစကား ပြောကြားခြင်း၊ ထူးချွန် သင်တန်းသားများကို ဆုချီးမြှင့်ခြင်းများ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
NCO အကြပ်သင်တန်းကို ပခုက္ကူခရိုင်အတွင်းက ရဲဘော်များ၊ ပကဖ စုဖွဲ့မှုတပ်မှ တပ်မှူးငယ်များ၊ ဂန့်ဂေါခရိုင်မှ ရဲဘော်များ တက်ရောက်ခဲ့ပြီး သစ္စာစောင့်သိမှု စည်းကမ်းကောင်းမွန်မှု အမိန့်နာခံတတ်မှု ဘာသာရပ်များ အပါအဝင် သင်တန်းကို စနစ်တကျ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment