၂၀၂၅ ဧပြီလ ၉ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ အမျိုးသားညီညွှတ်ရေးအစိုးရ စိုးမိုးထိန်းချုပ်ရာမတ္တရာမြို့နယ်အတွင်းငလျင်ဒဏ်ခံစားခဲ့ရတဲ့ ပြည်သူတွေကို မတ္တရာပကဖက ကူညီကယ်ဆယ်ထောက်ပံ့
📌 ၂။ စစ်ကိုင်းတိုင်းဒေသကြီးရှိ ငလျင်ဒဏ်သင့် ကလေးများ၊ မိသားစုများအတွက် ရောဂါဘေးကာကွယ်ရန်နှင့် ကျန်းမာရေးကောင်းမွန်စေရန် အရေးပါသော တစ်ကိုယ်ရေသန့်ရှင်းရေးပစ္စည်းများကိုယူနီဆတ်က တိုက်ရိုက်ထောက်ပံ့ပေးခဲ့
📌 ၃။ မြန်မာနိုင်ငံ မြေငလျင်ကယ်ဆယ်ရေးအတွက် ဥရောပကော်မရှင်သည် လူသားချင်းစာနာထောက်ထားမှုအကူအညီ နောက်ထပ် ယူရို ၁၀ သန်းကို ထပ်ဆောင်း ပံ့ပိုး
📌 ၄။ ဆေးဝါးများနှင့် ရောဂါရှာဖွေရေးစမ်းသပ်ကိရိယာများအပါအဝင် ဆေးကုသရေးဆိုင်ရာအထောက် အကူပြုပစ္စည်းများပါဝင်တဲ့ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့၏ လေယာဥ် C-130မြန်မာသို့ရောက်ရှိ
📌 ၅။ အဆိုတော်တူးတူးရဲ့တော်လှန်ဂီတ အယ်လ်အေည ပွဲမှ အမေရိကန်ဒေါ်လာ ၂၉၁၅၁.၆၆ဒေါ်လာရရှိခဲ့
========================
၂၀၂၅ ခုနှစ် ဧပြီလ ၉ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ အပစ်ရပ်ကြေညာထားချိန်မှာ စစ်ကောင်စီဘက်က စတင်တိုက်ခိုက်လာခဲ့တာကြောင့် စစ်ဒေသ-၁ ပူးပေါင်းတပ်က အင်းတော်မြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ KIA ပြော
🚩 ၂။ အကြမ်းဖက်စစ်ကောင်စီက အပစ်အခတ်ရပ်စဲကြောင်းထုတ်ပြန်ပြီးနောက်ပိုင်း အချိန်နာရီမခြားဘဲ အရပ်သားပြည်သူတွေ နေထိုင်ရာ မြို့ရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ မန္တလေး PDF ပြော
🚩 ၃။ မြင်းခြံမှာရှိတဲ့ စစ်တပ်အထိုင်ဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်သား ၁၄ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရ
🚩 ၄။ အုတ်ဖိုမှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်သားတွေကို အရက်တိုက်ပြီး ပြည်သူပိုင်အိမ်တွေကို မီးရှို့ခိုင်းတဲ့ ရာအိမ်မှူးကို ရှင်းလင်း
🚩 ၅။ စလင်းနယ်က တောင်ဘိုရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးတာကြောင့် အိမ် ၁၇ လုံး မီးလောင်ပြာကျ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ အမျိုးသားညီညွှတ်ရေးအစိုးရ စိုးမိုးထိန်းချုပ်ရာမတ္တရာမြို့နယ်အတွင်းငလျင်ဒဏ်ခံစားခဲ့ရတဲ့ ပြည်သူတွေကို မတ္တရာပကဖက ကူညီကယ်ဆယ်ထောက်ပံ့
အမျိုးသားညီညွှတ်ရေးအစိုးရ စိုးမိုးထိန်းချုပ်ရာမတ္တရာမြို့နယ်အတွင်းငလျင်ဒဏ်ခံစားခဲ့ရတဲ့ ပြည်သူတွေကို မတ္တရာပကဖက ကူညီကယ်ဆယ်ထောက်ပံ့ခဲ့တယ်လို့သိရပါတယ်။
ငလျင်ဒဏ်ခံစားခဲ့ရတဲ့ ပြည်သူတွေကို မတ္တရာမြို့နယ် ပကဖက ကူညီကယ်ဆယ်ထောက်ပံ့မှု တွေ ဆောင်ရွက်ခဲ့တယ်လို့ပကဖအသံကဖော်ပြပါတယ်။
အမျိုးသားညီညွှတ်ရေးအစိုးရ စိုးမိုးထိန်းချုပ်ရာမတ္တရာမြို့နယ်အတွင်း မတ်၂၈ ရက်ကလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် သာသနိကအဆောက်အဦးတွေနဲ့လူနေအိမ်တွေပြိုကျပျက်စီးခဲ့ပြီး လူထိခိုက်သေဆုံးမှုတွေဖြစ်ပွားခဲ့ပါတယ်။
========================
📌📌 ၂။ စစ်ကိုင်းတိုင်းဒေသကြီးရှိ ငလျင်ဒဏ်သင့် ကလေးများ၊ မိသားစုများအတွက် ရောဂါဘေးကာကွယ်ရန်နှင့် ကျန်းမာရေးကောင်းမွန်စေရန် အရေးပါသော တစ်ကိုယ်ရေသန့်ရှင်းရေးပစ္စည်းများကိုယူနီဆတ်က တိုက်ရိုက်ထောက်ပံ့ပေးခဲ့
ဧပြီ၉ရက်
စစ်ကိုင်းတိုင်းဒေသကြီးရှိ ငလျင်ဒဏ်သင့် ကလေးများ၊ မိသားစုများအတွက် ရောဂါဘေးကာကွယ်ရန်နှင့် ကျန်းမာရေးကောင်းမွန်စေရန် အရေးပါသော တစ်ကိုယ်ရေသန့်ရှင်းရေးပစ္စည်းများကိုယူနီဆတ်က တိုက်ရိုက်ထောက်ပံ့ပေးခဲ့တယ်လို့သိရပါတယ်။
ဧပြီလအတွင်းယူနီဆတ်မြန်မာရဲ့သတင်းထုတ်ပြန်ချက်အရယူနီဆက်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ ငလျင်ဒဏ်သင့် ကလေးများ၊ မိသားစုများအတွက် ရောဂါဘေးကာကွယ်ရန်နှင့် ကျန်းမာရေးကောင်းမွန်စေရန် အရေးပါသော တစ်ကိုယ်ရေသန့်ရှင်းရေးပစ္စည်းများကို တိုက်ရိုက်ထောက်ပံ့ပေးခဲ့တယ်လို့ဖော်ပြပါတယ်။
ငလျင်ဘေးအန္တရာယ်ဖြစ်ပြီးနောက် သန့်ရှင်းသောရေနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးဟာ အလွန်ပဲ အရေးကြီးတယ်လို့လည်းဖော်ပြပါတယ်။
========================
📌📌 ၃။ မြန်မာနိုင်ငံ မြေငလျင်ကယ်ဆယ်ရေးအတွက် ဥရောပကော်မရှင်သည် လူသားချင်းစာနာထောက်ထားမှုအကူအညီ နောက်ထပ် ယူရို ၁၀ သန်းကို ထပ်ဆောင်း ပံ့ပိုး
မြန်မာနိုင်ငံ မြေငလျင်ကယ်ဆယ်ရေးအတွက် ဥရောပကော်မရှင်သည် လူသားချင်းစာနာထောက်ထားမှုအကူအညီ နောက်ထပ် ယူရို ၁၀ သန်းကို ထပ်ဆောင်း ပံ့ပိုးလိုက်ပါတယ်။
မတ်လ (၂၈) ရက် ၊ ၂၀၂၅ ခုနှစ် က မြန်မာနိုင်ငံနှင့် အနီးအနားဒေသတဝိုက်တွင် လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ မြေငလျင်ကယ်ဆယ်ရေးလုပ်ငန်းများနှင့် စပ်လျဥ်း၍ ဥရောပကော်မရှင်သည် လူသားချင်းစာနာထောက်ထားမှုအကူအညီ နောက်ထပ် ယူရို ၁၀ သန်းကို ထပ်ဆောင်း ပံ့ပိုးလိုက်တယ်လို့ဖော်ပြပါတယ်။
ရန်ပုံငွေသည် အရေးပေါ် အမိုးအကာ၊ ဆေးဝါးကုသရေး၊ ရေသန့်နှင့် မိလ္လာသန့်ရှင်းရေးဝန်ဆောင်မှုများ အပါအဝင် မိသားစုခြေရာခံခြင်း နှင့် ပြန်လည်ပေါင်းစည်းခြင်း တို့ကို ပံ့ပိုးပေးမှာဖြစ်တယ်လို့သိရပါတယ်။
ဤရန်ပုံငွေသည် မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော ငလျင်အတွက် ဥရောပသမဂ္ဂ ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ စုစုပေါင်း ယူရို ၁၃ သန်း အထိ ရောက်ရှိခဲ့ပြီဖြစ်ပြီး ၂၀၂၅ ခုနှစ်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီလျာထားချက် ယူရို ၄၆ သန်း ၏ တစိတ်တဒေသဖြစ်တယ်လို့သိရပါတယ်။
========================
📌📌 ၄။ ဆေးဝါးများနှင့် ရောဂါရှာဖွေရေးစမ်းသပ်ကိရိယာများအပါအဝင် ဆေးကုသရေးဆိုင်ရာအထောက် အကူပြုပစ္စည်းများပါဝင်တဲ့ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့၏ လေယာဥ် C-130မြန်မာသို့ရောက်ရှိ
ဆေးဝါးများနှင့် ရောဂါရှာဖွေရေးစမ်းသပ်ကိရိယာများအပါအဝင် ဆေးကုသရေးဆိုင်ရာအထောက် အကူပြုပစ္စည်းများပါဝင်တဲ့ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့၏ လေယာဥ် C-130မြန်မာသို့ရောက်ရှိပြီဖြစ်ကြောင်းသတင်းရရှိပါတယ်။
ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့၏ လေယာဥ် C-130 သည် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီ ဖြစ်ကာ ဂျပန်နိုင်ငံသည် မြန်မာပြည်သူပြည်သားများနှင့်အတူ ရှိနေမည်ဖြစ်ကြောင်း ဂျပန်သံရုံးရန်ကုန်ကသတင်းထုတ်ပြန်ပါတယ်။
မတ်လ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံ၌လှုပ်ခတ်ခဲ့သော ငလျင်ကြောင့်ဖြစ်ပေါ်ခဲ့သည့် မြောက်မြားစွာသော ထိခိုက်ပျက်စီးမှုများအတွက် ကယ်ဆယ်ကုသပေးရန် မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေးဆေးဘက်ဆိုင်ရာနည်းပညာအဖွဲ့ (JDR) က လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာကူညီထောက်ပံ့ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက်ပစ္စည်းများပေးပို့ခြင်းဖြစ်တယ်လို့သိရပါတယ်။
ဂျပန်နိုင်ငံအစိုးရသည် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရသော မြန်မာပြည်သူပြည်သားများကို ကူညီထောက်ပံ့သွားမည့် အပြောင်းအလဲမရှိသောမူဝါဒနှင့်အညီ ဆေးကုသရေးဆိုင်ရာလိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းအပါအဝင် မြန်မာပြည်သူပြည်သားများ တိုက်ရိုက်အကျိုးခံစားရရှိစေမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများကို အစွမ်းကုန် ဆက်လက်ကူညီ ပံ့ပိုးပေးသွားမယ်လို့သိရပါတယ်။
========================
📌📌 ၅။ အဆိုတော်တူးတူးရဲ့တော်လှန်ဂီတ အယ်လ်အေည ပွဲမှ အမေရိကန်ဒေါ်လာ ၂၉၁၅၁.၆၆ဒေါ်လာရရှိခဲ့
ဧပြီ၉ရက်
အဆိုတော်တူးတူးရဲ့တော်လှန်ဂီတ အယ်လ်အေည ပွဲမှ အမေရိကန်ဒေါ်လာ ၂၉၁၅၁.၆၆ဒေါ်လာရရှိခဲ့တယ်လို့သိရပါတယ်။
ဧပြီလအတွင်း LA NUG Supporters ကသတင်းထုတ်ပြန်ပါတယ်။
"အဆိုတော် တူးတူးရဲ့ တော်လှန်ဂီတ အယ်လ်အေည ပွဲပါ တော်လှန်ရေးစိတ်အပြည့်ဖြင့် ကျင်းပခဲ့ကြတဲ့ အောင်မြင်တဲ့ ဂီတဖျော်ဖြေပွဲတခု ဖြစ်ခဲ့ပါတယ် တူးတူးကိုချစ်ကြတဲ့ပရိတ်သတ်တွေ၊ အမှန်တရားဘက်က ရပ်တည်ကြတဲ့ ဓမ္မဘက်တော်သားတွေက ရုံပြည့်ရုံလျှံ အားပေးခဲ့ကြပါတယ်။ကုန်ကျစားရိတ်များနှုတ်ပြီး ရန်ပုံငွေ $29151.66 ရရှိခဲ့ပါတယ်"လို့ဖော်ပြပါတယ်။
အဆိုတော် တူးတူး၊ သွန်းသံစဉ်၊ ဂျနဗီ၊ Los Angeles Band မှ ကိုခင်စိုး၊ ကိုမိုးကြီး၊ ကိုဇော်ကြီး၊ ကိုမောင်ဝင်း၊ Sound Engineer ကိုထွန်းဦး၊ နည်းပညာအဖွဲ့၊ လေလံအစီအစဉ်မှာ အကူအညီများပေးခဲ့ကြသူများ၊ အချိန်တိုအတွင်း ပွဲလက်မှတ်များ အားလုံးရောင်းကုန်အောင် ကူညီခဲ့ကြသူများ၊ အစားအသောက်များ ရောင်းချ ဝယ်ယူ လှူဒါန်းကြသူများ အားလုံးကို အယ်လ်အေမိသားစုများက ကျေးဇူးတင်စွာဖြင့် လေးစားဂုဏ်ယူမှတ်တမ်းတင်အပ်တယ်လို့ဆိုပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ အပစ်ရပ်ကြေညာထားချိန်မှာ စစ်ကောင်စီဘက်က စတင်တိုက်ခိုက်လာခဲ့တာကြောင့် စစ်ဒေသ-၁ ပူးပေါင်းတပ်က အင်းတော်မြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ KIA ပြော
အပစ်ရပ်ထားချိန်မျာ စစ်ကောင်စီဘက်က တိုက်ခိုက်မှုတွေစတင်လုပ်ဆောင်ခဲ့တာကြောင့် စစ်ဒေသ-၁ ပူးပေါင်းတပ်က ခုခံတိုက်ခိုက်ရင်း အင်းတော်မြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ ကချင်လွတ်လပ်ရေးတပ်မတော်-KIA သတင်းပြန်ကြား ရေးဌာနက ဧပြီ ၈ ရက်ညပိုင်းမှာ ဖော်ပြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ကချင်လွတ်လပ်ရေးတပ်မတော်-KIAတို့က အပစ်ရပ်ထား မယ်လို့ ကြေညာထားသလို စစ်ကောင်စီဘက်ကလည်း ဧပြီ ၂ ရက်ကနေ ၂၂ရက်ထိ အပစ်ရပ်မယ်လို့ ကြေညာထားပေမယ့် စစ်ကောင်စီဘက်က ဧပြီ ၂ ရက်ညပိုင်းမှာ ဗန်းမော်မြို့ကို လေကြောင်းကနေတိုက်ခိုက်ခဲ့ပြီး ဧပြီ ၃ ရက်နေ့မှာ အင်းတော်နဲ့ ဝိုင်းမော်မြို့ကို လေကြောင်းကနေ တိုက်ခိုက်တာ မြေပြင်ကနေ ထိုးစစ်ဆင်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသသတင်းရင်းမြစ် တွေကလည်း အသိပေးပါတယ်။
အခုလို အပစ်ရပ်ထားမယ်လို့ ထုတ်ပြန်ထားပေမယ့် စစ်ကောင်စီဘက်က စတင်တိုက်ခိုက်လာတဲ့အတွက် အမှတ် - ၁ စစ် ဒေသ ပူးပေါင်းတပ်တွေက ခုခံတိုက်ခိုက်ရာကနေ ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်စခန်းနဲ့ အင်းတော်မြို့တခုလုံးကို ဧပြီ ၇ ရက်ညနေမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာလို့ KIA သတင်းပြန်ကြားရေးကဆိုပါတယ်။
အင်းတော်မြို့သိမ်းတိုက်ပွဲမှာ စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းတွေရရှိခဲ့တာကိုလည်း အသိပေးထားပါတယ်။
ဖမ်းမိတဲ့ စစ်သုံ့ပန်းအရေအတွက်ကို ဖော်ပြမထားပေမယ့် စစ်ရေးသတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ စစ်သုံ့ပန်း ၄၀ ကျော်၊ ဟောင်ဝစ်ဇာအမြောက်၊ ၁၂၀ မမ လက်နက်ကြီးနဲ့ လက်နက်ငယ်မျိုးစုံအပါအဝင် ခဲယမ်းကျည်အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
အင်းတော်မြို့သိမ်းတိုက်ပွဲနဲ့ပတ်သက်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာတော့ အင်းတော်မြို့သိမ်းတိုက်ပွဲ ကို ကာကွယ်ရေးဝန်ကြီးဌာန အမှတ် - ၁ စစ်ဒေသအနေနဲ့ ၈ လကျော်ကြာတိုက်ခိုက်ခဲ့ရပြီး တပ်မမှူးနဲ့အဖွဲ့ ထွက်ပြေးသွား တယ်လို့ အသိပေးထားပါတယ်။
အင်းတော်မြို့ဟာ စစ်ကောင်စီ တပ်မ - ၇၇ ရှေ့တန်းဌာနချုပ် အခြေပြုရာမြို့ဖြစ်ပြီး တပ်မမှူးကိုယ်တိုင် ကြီးကြပ်ကွပ်ကဲ နေတာလို့ သိရပါတယ်။
========================
🚩🚩 ၂။ အကြမ်းဖက်စစ်ကောင်စီက အပစ်အခတ်ရပ်စဲကြောင်းထုတ်ပြန်ပြီးနောက်ပိုင်း အချိန်နာရီမခြားဘဲ အရပ်သားပြည်သူတွေ နေထိုင်ရာ မြို့ရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ မန္တလေး PDF ပြော
အကြမ်းဖက်စစ်ကောင်စီဟာ အပစ်အခတ်ရပ်စဲကြောင်းထုတ်ပြန်ပြီးနောက်ပိုင်း အချိန်နာရီမခြားဘဲ အရပ်သားပြည်သူတွေ နေထိုင်ရာ မြို့ရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ မန္တလေး PDF က ပြောဆိုလိုက်ပါတယ်။
မတ်လ ၂၈ ရက်နေ့မှာ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို အားစိုက်လုပ်ဆောင်နိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်မှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေအားလုံး ငလျင်ဒဏ်သင့်နဲ့ဆက်စပ်ဒေသတွေမှာ မိမိကိုယ်ကိုယ် ခုခံကာကွယ် ခွင့်ကလွဲလို့ ထိုးစစ်အားလုံး ၃ ပတ်ခန့် ရပ်စဲထားမယ်လို့ ထုတ်ပြန်ကြေငြာခဲ့တဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး အနေနဲ့လည်း စစ်ဆင်ရေးတွေ ယာယီရပ်ဆိုင်းခဲ့တယ်လို့ ဆိုပါတယ်။
အကြမ်းဖက် စစ်ကောင်စီကလည်း ဧပြီလ ၂ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ အပစ်အခတ်ရပ်ထားမယ်လို့ ထုတ်ပြန်ကြေညာ ခဲ့ပေမယ့် လက်တွေ့မြေပြင်မှာတော့ အကြမ်းဖက်စစ်ကောင်စီဟာ ဒီကြေညာချက် ထုတ်ပြန်ပြီး အချိန်နာရီ မခြားဘဲ အရပ်သားပြည်သူတွေနေထိုင်ရာ မြို့ရွာဒေသတွေကို လေကြောင်းတိုက်ခိုက်မှုတွေ တောက်လျှောက် ပြုလုပ်ခဲ့တာ တွေ့ရ တယ်လို့ အသိပေးပါတယ်။
အကြမ်းဖက် စစ်ကောင်စီဘက်က အပစ်အခတ်ရပ်ထားမယ်လို့ ကြေညာပြီးချိန်မှာ စဉ့်ကူးမြို့နယ်အတွင်း လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ်၊ မတ္တရာမြို့နယ်မှာ တကြိမ် ၊ သပိတ်ကျင်းမြို့နယ်မှာ ၅ ကြိမ်၊ မိုးကုတ်မြို့နယ်မှာတကြိမ်နဲ့ နောင်ချို မြို့နယ်မှာတကြိမ် ပြုလုပ်ခဲ့တာ သက်သေအထောက်အထားတွေနဲ့မှတ်တမ်းတင်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖောပြထား ပါတယ်။
ဒါ့အပြင် အကြမ်းဖက် စစ်ကောင်စီဟာ မြေပြင်ကနေ စစ်ကြောင်းထိုးတာ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေလည်း လုံးဝ ရပ်နားတာမရှိဘဲ ဆက်လက်လုပ်ဆောင်နေတာ တွေ့ရတယ်လို့ ဆိုပါတယ်။
အခုလို အကြမ်းဖက် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူအချို့ ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့ကြောင့် အကြမ်းဖက် စစ်ကောင်စီဘက်က အပစ်အခတ်ရပ်စဲမယဆိုတဲ့ ထုတ်ပြန်ကြေညာချက်ဟာ ငလျင်ဘေးကို အကြောင်းပြုပြီး ပြည်သူလူထုနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအကြား နိုင်ငံရေးအမြတ်ထုတ်လိုတဲ့ လုပ်ကြံလီဆယ်မှုတခုသာ ဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးက ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၃။ မြင်းခြံမှာရှိတဲ့ စစ်တပ်အထိုင်ဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်သား ၁၄ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရ
မန္တလေးတိုင်း မြင်းခြံမြို့ အမှတ် ၁၈ ရပ်ကွက်မှာရှိတဲ့ စစ်တပ်အထိုင်ဂိတ်ကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့တာမှာ စစ်သား ၁၄ ဦးသေဆုံးပြီး ၈ ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ Myingyan Black Tiger – MBT တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
အဲဒီ စစ်တပ် အထိုင်ဂိတ်ကို Myingyan Black Tiger – MBT တပ်ဖွဲ့နဲ့ ညီနောင်မဟာမိတ်တွေက ဧပြီလ ၆ ရက်နေ့ ညနေ ၄ နာရီခွဲလောက်မှာ အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
တိုက်ပွဲကြာမြင့်ချိန် ၁ နာရီနီးပါးမှာ စစ်သား ၁၄ ဦးသေဆုံးပြီး အမှတ် ၁၈ အုပ်ချုပ်ရေးမှူးအပါအဝင် တပ်သား ၈ ဦး ဒဏ်ရာ ရသွားတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် စစ်တပ်ဂိတ်ကို စစ်ကူလာတဲ့ စစကောင်စီတပ်ဖွဲ့ဝင်တွေပါတဲ့ကားကိုလည်း ကြားဖတ်တိုက်ခိုက်နိုင်ခဲ့ပြီး ထိခိုက်မှု တွေရှိပေမယ့် ထိခိုက်သေဆုံးမှု အခြေနေအသေးစိတ်ကို ဆက်လက်စုံစမ်းနေတယ်လို့ - MBT တပ်ဖွဲ့က ပြောပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို Myingyan Black Tiger – MBT တပ်ဖွဲ့နဲ့ မဟာမိတ်တွေဖြစ်တဲ့ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့၊ BGF တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
========================
🚩🚩 ၄။ အုတ်ဖိုမှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်သားတွေကို အရက်တိုက်ပြီး ပြည်သူပိုင်အိမ်တွေကို မီးရှို့ခိုင်းတဲ့ ရာအိမ်မှူးကို ရှင်းလင်း
ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်အတွင်း လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်သားတွေကို အရက်တိုက်ပြီး ပြည်သူပိုင်အိမ်တွေကို မီးရှို့ခိုင်းတဲ့ ရာအိမ်မှူးတဦးကို ရှင်းလင်းခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက ထုတ်ပြန်ပါတယ်။
ခမရ ၆ ကနေ ဆိုင်ကယ်မောင်းပြီး ပြန်လာတဲ့ အုတ်ဖိုမြို့နယ် သရက်နှစ်ဖျားလိမ်အုပ်စု ပေါင်းတည်စုရွာက ပျူခေါင်းဆောင် ရာအိမ်မှူး ဖိုးဖြူကို မနေ့ ဧပြီလ ၈ ရက် နေ့လည် ၁ နာရီခွဲ့ခန့်မှာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက် ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက ရဲဘော်တွေ ပစ်ခတ်ရှင်းလင်းခဲ့တာလို့ သိရပါတယ်။
သေဆုံးသွားတဲ့ ဖိုးဖြူဆီက လက်ပစ်ဗုံးတလုံး၊ ဆိုင်ကယ်တစီး၊ စစ်ကောင်စီတပ်နဲ့ဆက်သွယ်ပြောဆိုရာမှာသုံးတဲ့ ဖုန်း ၂လုံး နဲ့ ငွေကျပ် ၆၇၀၀၀ သိမ်းဆည်းရရှိခဲ့တယ်လို့လည်း အသိပေးထားပါတယ်။
ပျူစောထီးခေါင်းဆောင်ဖြစ်တဲ့ ဖိုးဖြူဟာ တော်လှန်ရေးရဲဘော်တွေရဲ့ အချက်အလက်တွေ စုံစမ်းထောက်လှမ်းပြီး စစ်တပ် ကို သတင်းပို့တာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်သားနဲ့ ရဲတွေကို သူ့အိမ်မှာ ဧည့်ခံကျွေးမွေးပြီး ပြည်သူပိုင် အိမ် တွေက ပစ္စည်းတွေကို ခိုးယူခိုင်းတဲ့အပြင် မီးရှို့ခိုင်းတာတွေ လုပ်ဆောင်နေတဲ့အတွက် အခလို အရေးယူရတာလို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက ထုတ်ပြန်ထားပါတယ်။
ပြည်သူလူထုနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ဒုက္ခပေးနေတဲ့ စစ်ကောင်စီနဲ့ စစ်ကောင်စီထောက်တိုင်တွေကို အရှန်မြင့် တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက် သူတို့ရှိတဲ့နေရာတွေကို သွားလာနေထိုင်တာမျိုး မလုပ်ကြဖို့ မြေအောက်ပြောက်ကျား တပ်ဖွဲ့-အုတ်ဖိုက ဒေသနေပြည်သူတွေကိုလည်း အသိပေးထားပါတယ်။
========================
🚩🚩 ၅။ စလင်းနယ်က တောင်ဘိုရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးတာကြောင့် အိမ် ၁၇ လုံး မီးလောင်ပြာကျ
မကွေးတိုင်း စလင်းမြို့နယ်မြောက်ပိုင်းမှာရှိတဲ့ တောင်ဘိုရွာကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးတာကြောင့် အိမ် ၁၇ လုံး မီးလောင်ပြာကျခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။
ဧပြီလ ၆ ရက်နေ့ ညနေ ၄ နာရီခန့်မှာ တောင်ဘိုရွာကို အကြမ်းဖက် စစ်တပ်က ၄ နေရာခွဲပြီး မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။
အကြမ်းဖက် စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ် ၁၇ လုံးအပြင် စပါးကျီရှိတဲ့ နွားတင်းကုပ် ၄ လုံးလည်း မီးလောင် ပြာကျခဲ့တယ်လို့ သိရပါတယ်။
အခုလို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေး PDF ရဲဘော်တွေက ဝင်ရောက် တိုက်ခိုက်ချိန်မှာ စစ်ကောင်စီတပ်သွားတွေ ဆုတ်ခွာထွက်ပြေးသွားတယ်လို့လည်း သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်နှင့်မင်းသီဟန်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်
No comments:
Post a Comment