၂၀၂၅ ဧပြီလ ၂၈ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ တော်လှန်ရေးရန်ပုံငွေရှာဖွေပေးတဲ့ ကိုယ်စားလှယ်များအခက်အခဲအကြပ်အတည်းကို ကိုယ်ချင်းစာနာမိတယ်လို့ ပြည်ထောင်စုဝန်ကြီးဦးတင်ထွန်းနိုင်ဆို
📌 ၂။ ပြင်သစ်နိုင်ငံရောက်မြန်မာများအသင်းမှ မြန်မာ့ငလျင်ဘေးအတွက် ၁၈၉၃၀ယူရိုအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးထံလွှဲပြောင်းပေးအပ်
📌 ၃။ ယူကေမှာကျင်းပတဲ့ အပျော်မပါတော်လှန်သကြန်ပွဲသို့ ပြည်ထောင်စုဝန်ကြီးဒေါ်ခင်မမမျိုးတက်ရောက်
📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ တတိယအကြိမ် တက္ကသိုလ်ဝင်ခွင့်ခေါ်ယူ
📌 ၅။ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာ ဘာသာ/ ပညာ မဲ့ အရိုင်းအစိုင်းတွေရဲ့လုပ်ရပ်ဖြစ်တယ်လို့ဆို
📌 ၆။ အမေရိကန်နိုင်ငံကယ်လီဖိုးနီးယား တောင်ပိုင်း So Cal Myanmar FCနှင့် ကယ်လီဖိုးနီးယား မြောက်ပိုင်း Bay Area Mi Pamilia FC တို့၏ ချစ်ကြည်ရေး ရန်ပုံငွေ ဘောလုံးပွဲမှရန်ပုံငွေအမေရိကန်ဒေါ်လာလေးသောင်းကျော်ရှာဖွေပေးနိုင်ခဲ့
========================
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ တော်လှန်ရေးရန်ပုံငွေရှာဖွေပေးတဲ့ ကိုယ်စားလှယ်များအခက်အခဲအကြပ်အတည်းကို ကိုယ်ချင်းစာနာမိတယ်လို့ ပြည်ထောင်စုဝန်ကြီးဦးတင်ထွန်းနိုင်ဆို
ဧပြီ၂၈ရက်
တော်လှန်ရေးရန်ပုံငွေရှာဖွေပေးတဲ့ ကိုယ်စားလှယ်များအခက်အခဲအကြပ်အတည်းကို ကိုယ်ချင်းစာနာမိတယ်လို့ စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ဆိုပါတယ်။
"ဒီတော်လှန်ရေးမှာ အခြားတဖက်ကဆင်ခြင်ရန်၊ နားလည်ပေးရန် ကိစ္စတွေအများကြီးရှိနေပါတယ်။ ကျနော့်အနေနဲ့ကတော့ အားလုံးနဲ့ထိစပ်နေတာမို့ အလွယ်လေး ကိုယ်ချင်းစာနာမိပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။ရန်ပုံငွေပရောဂျက်တိုင်းရဲ့ တင်းကြပ်တဲ့ စည်းမျဉ်းတွေနဲ့ ဘဏ်တွေက ပေးတဲ့ဒုက္ခတွေကြားမှာ ကိုယ်စားလှယ်တိုင်း ပုံမှန်အိတ်စိုက်ရတယ်လို့ ကိုယ်စားလှယ်များရဲ့ ဒုက္ခကိုကိုယ်စားလှယ်တဦးကရေးသားဖော်ပြထားပါတယ်။
နွေဦးတော်လှန်ရေးတွင် ဘဏ္ဍာရန်ပုံငွေရှာဖွေရေးအောင်မြင်မှုသမိုင်းမှတ်တိုင်များအနေနဲ့ ငွေတိုက်စာချုပ်ရောင်းချမှု၊EODရှယ်ယာများရောင်းချမှု၊နွေဦးဖွံဖြိုးရေးဘဏ်ရှယ်ယာများရောင်းချခြင်းတို့ ပါဝင်ပါတယ်။
========================
📌📌 ၂။ ပြင်သစ်နိုင်ငံရောက်မြန်မာများအသင်းမှ မြန်မာ့ငလျင်ဘေးအတွက် ၁၈၉၃၀ယူရိုအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးထံလွှဲပြောင်းပေးအပ်
ဧပြီ၂၈ရက်
မြန်မာ့ငလျင်ဘေးနှင့်နွေဦးအင်အားစုများအတွက် ပြင်သစ်နိုင်ငံရောက်မြန်မာများအသင်း၏နှစ်သစ်ကူးရံပုံငွေရှာပွဲမှ မြန်မာ့ငလျင်ဘေးအတွက် ၁၈၉၃၀ ယူရိုအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးထံ လွှဲပြောင်းပေးအပ်တယ်လို့ ပြင်သစ်နို နိုင်ငံရောက်မြန်မာများအသင်းက အတည်ပြုဆိုထားပါတယ်။
အဆိုပါထဲတွင် ၁၈၉၃၀ ယူရိုအား မြန်မာ့ငလျင်ဘေးအတွက် NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးထံ ပေးအပ်ခဲ့ပြီး၊၄၉၀၀ ယူရိုအား နွေဦးအင်အားစုများအားပေးအပ်သွားမယ်လို့ဆိုပါတယ်။
အလှူရှင်များအားလုံးနှင့်ပူးပေါင်းပါဝင်သူမြန်မာများ၊တိုင်းရင်းသားများ၊ပြင်သစ်နိုင်ငံသားများနှင့် La Courneuve မြို့တော်ဝန်ရုံးအား အထူးကျေးဇူးတင်ရှိကြောင်း ဖော်ပြထားပါတယ်။
========================
📌📌 ၃။ ယူကေမှာကျင်းပတဲ့ အပျော်မပါတော်လှန်သကြန်ပွဲသို့ ပြည်ထောင်စုဝန်ကြီးဒေါ်ခင်မမမျိုးတက်ရောက်
ဧပြီ၂၈ရက်
ယူကေမှာကျင်းပတဲ့ အပျော်မပါတော်လှန်သကြန်သကြန်ပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုး တက်ရောက်ခဲ့ပါတယ်။
အခမ်းအနားကို ဧပြီ၂၇ရက် Forge Valley School Wood Lane Sheffield မှာ ကျင်းပခဲ့ပါတယ်။"ကျမတို့ပြည်ပမှာရှိနေတဲ့မြန်မာတွေရဲ့ စုစည်းညီညွတ်မှုတွေနဲ့တော်လှန်ရေးအတွက် အင်အားကိုတည်ဆောက်ပြီးတဲ့အခါကြတော့ ညီညွတ်မှုကိုပြသကြတဲ့ အတိုင်းအတာအနေအထားဖြစ်ပါတယ်။"မြန်မာနိူင်ငံထဲမှာဆိုလို့ရှိရင် ပုံစံအမျိုးမျိုးနဲ့စစ်အာဏာရှင်စနစ်ကို နည်းမျိုးစုံနဲ့တော်လှန်ကြတယ်။အဲဒီလိုနည်းမျိုးစုံနဲ့တော်လှန်ကြတဲ့အထဲမှာ ပြည်ပရောက်မြန်မာတွေရဲ့အခန်းကဏ္ဍတွေဟာဆိုရင်လည်း နှစ်ပေါင်းများစွာအများကြီးရှိခဲ့ကြတယ်"လို့ ဝန်ကြီးကဆိုပါတယ်။
အပျော်မပါတဲ့ရန်ပုံငွေရှာသကြ်န်ပွဲတော်များကို နိုင်ငံအသီးသီးမှာ တော်လှန်ရေးအင်အားစုများက ကျင်းပခဲ့ပါတယ်။
========================
📌📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ တတိယအကြိမ် တက္ကသိုလ်ဝင်ခွင့်ခေါ်ယူ
ဧပြီ၂၈ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ တတိယအကြိမ်တက္ကသိုလ်ဝင်ခွင့်ကို မေလ၁ရက်နေ့မှ၃၁ရက်အထိ ခေါ်ယူမည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ တတိယအကြိမ်တက္ကသိုလ်ဝင်ခွင့်ကိုမေလ ၁ရက်နေ့ မှ ၃၁ရက် အထိ ခေါ်ယူမည်ဖြစ်ပြီး ကျောင်းသား ကျောင်းသူများအနေနှင့် တတိယအကြိမ် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန် နှင့် "မြန်မာ့ပညာရေးစနစ် (MES) မှတဆင့် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားနည်းလမ်းညွှန်အတိုင်း သေချာစွာဖတ်ရှု၍ လျှောက်ထားနိုင်ကြောင်း အသိပေး ကြေညာထားပါတယ်။
အသေးစိတ်အချက်အလက်များကို ပညာရေးဝန်ကြီးဌာန၏ ဆိုရှယ်မီဒီယာနဲ့ သက်ဆိုင်ရာPagများမှာ ဖော်ပြထားပါတယ်။
========================
📌📌 ၅။ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာ ဘာသာ/ ပညာ မဲ့ အရိုင်းအစိုင်းတွေရဲ့လုပ်ရပ်ဖြစ်တယ်လို့ဆို
ဧပြီ၂၈ရက်
စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာ ဘာသာ/ ပညာမဲ့ အရိုင်းအစိုင်းတွေရဲ့လုပ်ရပ်ဖြစ်တယ်လို့ ပြီလအတွင်းမှာ ချက်သမ္မတနိုင်ငံဆိုင်ရာNUGကိုယ်စားလှယ် ဦးလင်းသန့်က ဆိုထားပါတယ်။
"အကြမ်းဖက်သမားတွေဟာ ဘာသာရေး/ ပညာရေး အဆောက်အဦတွေကိုလည်း ဒီလိုပစ်မှတ်ထား တိုက်ခိုက်ဗုံးကြဲတတ်တယ်။ဘာသာ/ ပညာ မဲ့ အရိုင်းအစိုင်းတွေရဲ့လုပ်ရပ်ဖြစ်တယ်"လို့ ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ စစ်ကိုင်းတိုင်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၁၇) ဦးနှင့် အမျိုးသား (၁၁) ဦး စုစုပေါင်း (၂၈) ဦး သေဆုံးခဲ့ပြီး အသက် ၁၈ နှစ်အောက်ကလေးငယ် (၅) ဦး ပါဝင်ကာအဆိုပါ သေဆုံးသူများအနက် (၂၆) ဦးမှာ စစ်အုပ်စု၏ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ရပါတယ်။
========================
📌📌 ၆။ အမေရိကန်နိုင်ငံကယ်လီဖိုးနီးယား တောင်ပိုင်း So Cal Myanmar FCနှင့် ကယ်လီဖိုးနီးယား မြောက်ပိုင်း Bay Area Mi Pamilia FC တို့၏ ချစ်ကြည်ရေး ရန်ပုံငွေ ဘောလုံးပွဲမှရန်ပုံငွေအမေရိကန်ဒေါ်လာလေးသောင်းကျော်ရှာဖွေပေးနိုင်ခဲ့
ဧပြီ၂၈ရက်
ဧပြီလ ၁၉ ရက်နေ့ က ကယ်လီဖိုးနီးယား တောင်ပိုင်း So Cal Myanmar FCနှင့် ကယ်လီဖိုးနီးယား မြောက်ပိုင်း Bay Area Mi Pamilia FCတို့၏ ချစ်ကြည်ရေး ရန်ပုံငွေ ဘောလုံးပွဲကို Duarte High School Stadiumတွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။အဆိုပါပွဲအား ပရိတ်သတ် ၅၀၀ ဝန်းကျင် ကြွရောက်အားပေးခဲ့ကြပြီး၊ ရန်ပုံငွေ $41,000 ရှာဖွေပေးနိုင်ခဲ့တယ်လို့သိရပါတယ်။
ဤ ကစားပွဲကို ကျင်းပရန်စီစဥ်ခဲ့စဥ်က မြန်မာပြည် အနှံ့ စစ်ဘေးသင့်ပြည်သူများလိုအပ်ချက်များအတွက် ထောက်ပံ့ကူညီပေးရန် အဓိကရည်ရွယ်ခဲ့ခြင်းဖြစ်ပြီးတော့
စစ်ကိုင်းငလျင်ကြောင့် ပြန်လည်ထူထောင်ရေးလိုအပ်ချက်များစွာပေါ်ပေါက်လာသောကြောင့် NUG-Ministry of Humanitarian and Disaster Management သို့ $7000 ခွဲဝေ ပေးပို့ခဲ့ပါတယ်။
ကျန်ရှိ$34,000 ကို ပြည်သူ့ဂုဏ်ရည် အသင်းမှတဆင့် ပြည်တွင်းလိုအပ်ရာများသို့ စီးဆင်းစေမှာဖြစ်တယ်လို့သိရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် သာကီမှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ မြင်းခြံခရိုင် အမှတ်( ၄ - ၁၀) တပ်ရင်းမှ ရဲဘော်များ မိခင်တပ်ရင်းတွင် ဆက်လက်တာဝန်ထမ်းဆောင်နေပြီလို့ဆို
ဧပြီ၂၈ရက်
လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နှင်းရေး အထူးတပ်ဖွဲ့(SSTF)တွင် သင်တန်းတက်ရောက်ခဲ့သော မြင်းခြံခရိုင် အမှတ်( ၄ - ၁၀)တပ်ရင်းမှ ရဲဘော်များ မိခင်တပ်ရင်းတွင် ဆက်လက တာဝန်ထမ်းဆောင်နေပြီလို့ဆိုပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ၊ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ပြည်သူ့ရဲတပ်ဖွဲ့ (People's Police)ရဲ့ လက်အောက်ခံတပ်ဖွဲ့တစ်ခုဖြစ်တဲ့ လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအထူးတပ်ဖွဲ့(SSTF)၏ သင်တန်းအပတ်စဉ်(၃) သင်တန်းဆင်းပွဲကို ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်နေ့က လွတ်မြောက်နယ်မြေတစ်ခုမှာ ကျင်းပခဲ့ပါတယ်။ သင်တန်းကာလ ၄ လခန့်အတွင်း SSTF အထူးတပ်ဖွဲ့ဝင်များကို
မြို့ပြစစ်ဆင်ရေးနှင့် အထူးတိုက်ခိုက်ရေးစစ်ပညာရပ်များကို လေ့ကျင့်သင်ကြားပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ရဲဘော်များသည် မိခင် တပ်ရင်းတွင် ဆက်လက် တာဝန်ထမ်းဆောင်နေပြီး တော်လှန်ရေးကိုရှေးရှု့သော စိတ်ဓာတ်တို့ဖြင့် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းသည်အထိ ပြည်သူနှင့်အတူ ပြည်သူ့အား မျက်နှာမူသော တပ်ရင်းတပ်ဖွဲ့ အနေဖြင့် ဆက်လက် တွန်းလှန် တိုက်ပွဲဝင်သွားမယ်လို့ဆိုပါတယ်။
========================
🚩🚩 ၂။ စစ်ကောင်စီ၏အပစ်အခတ်ရပ်စဲရေး ကြေညာချက်ဟာ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းတဲ့ ကြေညာချက်ဖြစ်တယ်လို့ KNUထုတ်ပြန်
ဧပြီ၂၈ရက်
စစ်ကောင်စီ၏အပစ်အခတ်ရပ်စဲရေးကြေညာချက်ဟာ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းတဲ့ ကြေညာချက်ဖြစ်တယ်လို့ KNUကထုတ်ပြန်ပါတယ်။
ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်း ၂၀၂၅ ခုနှစ် ဧပြီလ (၂) ရက်နေ့မှ (၂၂) ရက်နေ့အတွင်း တစ်ဖက်သတ်အပစ်အခတ်ရပ်စဲရေး ကြေငြာထားသော အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီမှ ပြည်သူလူထုများအား ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများ၊ပြည်သူလူထုပိုင်အိုးအိမ် ပစ္စည်းများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ခြင်းနှင့် အကြောင်းမဲ့ ဖမ်းဆီးထိမ်းသိန်းခြင်း အစရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှု လုပ်ရပ် ပေါင်းများစွာကို (၁၁၀) ကြိမ်ထက်မနည်း ကျူးလွန်ခဲ့တယ်လို့KNUဗဟိုက ထုတ်ပြန်ပါတယ်။
လေကြောင်းမှ တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှုများကို (၆၃) ကြိမ် ပြုလုပ် ခဲ့ပြီး ထိုလေကြောင်းတိုက် ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သား ပြည်သူ (၁၄) ဦး နှင့် ကိုရင် (၁) ပါး သေဆုံးခဲ့ကာ ဦးပဇ္ဇင်း (၂) ပါး၊ ကိုရင်ကြီး (၁) ပါး နှင့် အရပ်သား (၃၄) ဦး ထိခိုက်ဒဏ်ရာရ၍ ဘုန်းကြီးကျောင်း (၅) ကျောင်း နှင့် နေအိမ် (၇)လုံး ထိခိုက်ပျက်စီး ခဲ့ရတယ်လို့ ဖော်ပြပါတယ်။
စစ်ကောင်စီသည် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု (၄၃) ကြိမ်ပြုလုပ်ခဲ့ပြီး ထိုလက်နက်ကြီးပစ်ခတ်မှု များကြောင့် အပြစ်မဲ့ အရပ်သား (၁၈) ဦးထိခိုက်ဒဏ်ရာရ၍ (၅) ဦး သေဆုံးကာ နေအိမ် (၁၆) လုံး ထိခိုက် ပျက်စီးခဲ့ရကာစစ်ကောင်စီတပ်မှ ပြည်သူ လူထု၏ နေအိမ် များအား မီးရှို့ခြင်း (၁) ကြိမ် ပြုလုပ်ခဲ့ပြီး ထိုမီးရှို့ ဖျက်ဆီးမှု ကြောင့် နေအိမ် (၄) လုံး နှင့် ဘုရားကျောင်း (၁) ကျောင်းမီးလောင် ပျက်စီးခဲ့ရပါတယ်။
စစ်ကောင်စီတပ်မှအပြစ်မဲ့ အရပ်သားပြည်သူ (၂) ဦးကို အကြောင်းမဲ့ ဖမ်ဆီးခြင်း လုပ်ဆောင်ခဲ့ပြီး စစ်ကောင်စီတပ်ထောင်ထားသော မိုင်းနင်းမိကာ အပြစ်မဲ့ အရပ်သားပြည်သူ (၂) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ဆိုပါတယ်။
========================
🚩🚩 ၃။ SOFမှအထူးစစ်ဆင်ရေးသင်တန်း အပတ်စဥ် (၈) သင်တန်းသားများ ခေါ်ယူ
ဧပြီ၂၈ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းစစ်ဒေသ၏ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်သော အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF (P29999/အထူးတပ်ဖွဲ့)မှ သင်တန်းလေ့ကျင့်ရေးအပတ်စဥ် (၈)အတွက် သင်တန်းသား/သင်တန်းသူများ စတင်၍ စိစစ်လက်ခံနေပြီဖြစ်တယ်လို့ ဆိုပါတယ်။
အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOFအနေဖြင့် အထူးတပ်ဖွဲ့/တပ်ရင်းများ တိုးချဲ့ဖွဲ့စည်းပြီး ပဲခူး၊ ရန်ကုန် စစ်ဆင်ရေးအပါအဝင် တောင်ပိုင်းစစ်ဒေသ၏ အရေးပါသည့် စစ်ဆင်ရေးနယ်မြေများတွင် မဟာမိတ် တိုင်းရင်သားလူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းများ၊ MOD လက်အောက်ခံတပ်ရင်းတပ်ဖွဲ့များ၊ LPDF များနှင့် အတူလက်တွဲ၍ ၂၀၂၅ အတွင်း စစ်ရေးအရှိန်မြှင့် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ထို့ကြောင့် SOF နှင့်အတူ စစ်အာဏာရှင်စနစ်ကျဆုံးရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရေးအတွက် အဆုံးသတ်တိုက်ပွဲဆင်နွှဲရန် အတူတကွလက်တွဲ တိုက်ပွဲဝင်လိုသော လူငယ် အမျိုးသား/အမျိုးသမီးများအား ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုလက်ခံလျှက်ရှိပါကြောင်း ဆိုထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် သာကီမှ ပေးပို့ထားတာဖြစ်ပါတယ်
No comments:
Post a Comment