၂၀၂၅ မေလ ၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ NUG မှ စစ်အာဏာသိမ်းမှု ဖယ်ရှားရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေး မဟာဗျူဟာ (၆) ချက် ထုတ်ပြန်
📌 ၂။ International Labor Conference (ILC) တွင်အကြမ်းဖက်စစ်တပ်အား International Labor Organization (ILO) Article 33 အရ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေး
📌 ၃။ ရေစကြိုမြို့နယ်တွင် အမျိုးသမီးနှင့် ကလေးသူငယ် ကာကွယ်ရေးဆိုင်ရာသင်တန်းကို ဒေသခံ ရပ်ရွာလူထုအား ပို့ချခဲ့
📌 ၄။ ငလျင်ဘေး အထိခိုက်ခဲ့ဆုံးဒေသများမှ လူဦးရေ (၆.၃) သန်းဟာ အကူအညီများနှင့် ကာကွယ်စောင့်ရှောက်ပေးမှုများ အရေးတကြီး လိုအပ်နေ
📌 ၅။ အလုပ်သမားများ လွတ်လပ်လုံခြုံတဲ့ နွေဦးဖွံဖြိုးရေး SDBဘဏ်တွင် လုပ်အားခများ စုဆောင်းနိုင်တယ်လို့ ဖိတ်ခေါ်
📌 ၆။ မန္တလေးမြို့၏အရှေ့တောင်ဘက် (၃၅) ကီလိုမီတာအကွာတွင် ရစ်ခ်တာစကေး ၄.၀ အဆင့်နှင့် အင်အားအသင့်အတင့်ရှိသည့် မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်
========================
၂၀၂၅ ခုနှစ် မေလ ၁ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ စစ်ကောင်စီ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်အား ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်
🚩 ၂။ SSPP နဲ့ MMDAA တို့ကြား စစ်ရေးတင်းမာမှု အပေါ် ဗဟိုအဆင့် တွေ့ဆုံဆွေးနွေး ဖြေရှင်းမယ်ဟု ဆို
🚩 ၃။ တအောင်း ဒေသမှ တလအတွင်း မြေမြှပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက်တွေကြောင့် (၁) ဦး သေ၊ (၄) ဦး ဒဏ်ရာရခဲ့
🚩 ၄။ ကျောက်ပန်းတောင်းမှာ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှု များပြားခဲ့ပြီး (၂) ဦး အရှင်ဖမ်းဆီးရမိ
🚩 ၅။ လောင်းလုံမှာ ကင်းပတ်ထွက်လာတဲ့ ပျူခေါင်းဆောင်ကားကို လျှပ်တပျက်တိုက်ခိုက်ခဲ့ရာ (၃) ဦးသေဆုံး
🚩 ၆။ ပဲခူးတိုင်း (အနောက်ခြမ်း)၊ သာယာဝတီခရိုင် (၈) မြို့နယ်အတွင်းရှိ ပြည်သူများ လေကြောင်းအန္တရာယ်ကို အဆက်မပြတ် သတိထားရန်နှင့် ဗုံးခိုကျင်းများ တူးထားကြဖို့ အသိပေး
🚩 ၇။ ဧရာဝတီမြစ်အနောက်ဘက်ရှိ ကပစ စက်ရုံများတွင် လက်နက်ခဲယမ်း ထုတ်လုပ်မှု ကျဆင်းလာ
🚩 ၈။ စစ်မှုထမ်းတပ်သားတစ်ဦး မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်းတွင် အလင်းဝင်ရောက်ခိုလှုံ
🚩 ၉။ သောင်ရင်းမြစ်ဘေး မူယူထာဒေသတွင် မူးယစ်ဆေးဝါး (WY) ၅.၅၉ သန်း ဖမ်းဆီးရမိ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ NUG မှ စစ်အာဏာသိမ်းမှု ဖယ်ရှားရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေး မဟာဗျူဟာ (၆) ချက် ထုတ်ပြန်
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လေးနှစ်ပြည့် လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြန်လည်ထူထောင်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် မဟာဗျူဟာဦးတည်ချက် (၆) ချက်ကို ဧပြီလ (၃၀) ရက် ညပိုင်းမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ကြေညာချက်အရ NUG သည် စစ်အာဏာသိမ်းမှုကို ဖယ်ရှားပြီး မြန်မာစစ်တပ်၏ နိုင်ငံရေးပါဝင်မှုကို အပြီးတိုင်အဆုံးသတ်ရန် ကတိပြုထားပြီး ဒုတိယအနေဖြင့် လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်တွင် ထားရှိရန် ရည်မှန်းထားကြောင်း၊
ထို့ပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပြီး ၎င်းကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုများကို တိုက်ဖျက်ရန်၊ သက်ဆိုင်သူများအားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ရပ် ပြဌာန်းရန်နှင့် ၎င်းနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအသစ် တည်ဆောက်ရန်တို့ ပါဝင်ပါကြောင်းနှင့်
ဆက်လက်၍ ပဋိပက္ခအတွင်း လိင်နှင့် ကျားမအခြေခံ အကြမ်းဖက်မှုများအပါအဝင် မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုလုပ်ငန်းစဉ်ကို ဖော်ဆောင်ရန်တို့ ပါရှိပါတယ်။
========================
📌📌 ၂။ International Labor Conference (ILC) တွင်အကြမ်းဖက်စစ်တပ်အား International Labor Organization (ILO) Article 33 အရ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေး
၂၀၂၅ ခုနှစ်၊ ဧပြီလ (၃၀) ရက် (ဗုဒ္ဓဟူးနေ့) ၁၅း၀၀ နာရီအချိန်တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ အလုပ်သမားရေးရာကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနတို့ သည် စစ်ကောင်စီအား Article 33 အရ အရေးယူဆောင်ရွက်နိုင်ရေးနှင့် သုံးပွင့်ဆိုင်ကိုယ်စားလှယ်အဖွဲ့အား အသိအမှတ်ပြုရေးကိစ္စနှင့်စပ်လျဥ်း၍ ဗီဒီယိုကွန့်ဖရင့်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
အစည်းအဝေးတွင် ရေးရာကော်မတီအဖွဲ့ဝင်များက ၂၀၂၅ ခုနှစ်၊ ဇွန်လ၌ ပြုလုပ်မည့် (၁၁၃) ကြိမ်မြောက် International Labor Conference (ILC) တွင် တရားမဝင် အာဏာသိမ်းအကြမ်းဖက်စစ်တပ်အား International Labor Organization (ILO) Article - 33 ဖြင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့က ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရေး၊ အမျိုးသားညီညွတ်ရေးအစိုးရ ဦးဆောင်သည့် သုံးပွင့်ဆိုင် ကိုယ်စားလှယ်အဖွဲ့အား ILO တွင် အသိအမှတ်ပြုရေးကိစ္စများနှင့်စပ်လျဉ်း၍ သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြရာ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုကိစ္စရပ်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။
အစည်းအဝေးတွင် အလုပ်သမားရေးရာကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက လွှတ်တော်နှင့် ဝန်ကြီးဌာနတို့အနေဖြင့် ရှေ့ဆက်ပူးပေါင်းလုပ်ဆောင်သွားနိုင်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးတိုင်ပင်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
========================
📌📌 ၃။ ရေစကြိုမြို့နယ်တွင် အမျိုးသမီးနှင့် ကလေးသူငယ် ကာကွယ်ရေးဆိုင်ရာသင်တန်းကို ဒေသခံ ရပ်ရွာလူထုအား ပို့ချခဲ့
မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် အမျိုးသမီးနှင့် ကလေးသူငယ် ကာကွယ်ရေးဆိုင်ရာသင်တန်းကို လူ့အခွင့်အရေးဆိုင်ရာတာဝန်ခံက ဦးဆောင်၍ အမျိုးသမီးနှင့် ကလေးသူငယ်များအပါအဝင် ဒေသခံ ရပ်ရွာလူထုအား ပို့ချခဲ့ကြောင်း သတင်းရရှိပါတယ်။
အဆိုပါသင်တန်းတွင် အမျိုးသမီးအခွင့်အရေးများနှင့်စပ်လျဉ်းသည့် အကြောင်းအရာများ၊ အမျိုးသားညီညွတ်ရေးအစိုးရက ပြဌာန်းထားသည့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးမူဝါဒ နှင့် ကလေးသူငယ်များအပေါ် ကျူးလွန်သည့် အကြီးမားဆုံး ချိုးဖောက်မှု (၆) ရပ် စသည်တို့ကို ကိုးကား၍ ပို့ချခဲ့ပါတယ်။
အမျိုးသမီးနှင့် ကလေးသူငယ်များကို ကာကွယ်ပေးသည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍ အသိပညာတိုးပွားမှု ရရှိခဲ့ကြောင်းကို သင်တန်းသူတဦးက "မြန်မာနိုင်ငံမှာ အမျိုးသမီးတွေကို ကာကွယ်ပေးတဲ့ စာချုပ်တွေ၊ ကလေးတွေကိုကာကွယ်ပေးတဲ့ စာချုပ်တွေ၊ ကျွန်မတို့အပေါ်မှာ ချိုးဖောက်ခံရရင်လည်း တိုင်ကြားနိုင်တဲ့ ယန္တရားတွေရှိမှန်းလည်း မသိခဲ့ဘူး။ အခုလိုဆရာမတို့ ပြောပြမှ သိခဲ့ရတယ်။ ကျမတို့မှာ အခွင့်အရေး ဆိုတာ ဘာမှန်းမသိလောက်အောင် ချိုးဖောက်ခံနေရတာတွေ ခုမှ သိလာရတယ်။ ခုလိုမျိုး ကာကွယ်ပေးတာတွေရှိမှန်း သိလာတော့ ကျွန်မတို့အနေနဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေ၊ အကြမ်းဖက်ခံရတာတွေကို တိုင်ကြားနိုင်တယ်ဆိုတဲ့အကြောင်း သိရတာနဲ့တင် စိတ်လုံခြုံမှုတွေ ခံစားရပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
အဆိုပါ အမျိုးသမီးနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာသင်တန်းကို အမျိုးသမီးနှင့် ကလေးသူငယ်များအပါအဝင် ရပ်ရွာဒေသခံ ပြည်သူလူထု သင်တန်းသား (၂၁၀) ဦး တက်ရောက်ခဲ့ပြီး သင်တန်းသားများက အပြန်အလှန်မေးခွန်းများမေးမြန်း၍ ဆွေးနွေးဖလှယ်ခြင်းများကိုလည်း ပြုလုပ်ခဲ့ကြတယ်လို့ သိရှိရပါတယ်။
========================
📌📌 ၄။ ငလျင်ဘေး အထိခိုက်ခဲ့ဆုံးဒေသများမှ လူဦးရေ (၆.၃) သန်းဟာ အကူအညီများနှင့် ကာကွယ်စောင့်ရှောက်ပေးမှုများ အရေးတကြီး လိုအပ်နေ
မတ်လ (၂၈) ရက်နေ့က စစ်ကိုင်းမြို့ကို ဗဟိုပြု၍ လှုပ်ခတ်သွားခဲ့သော အင်အား (၇.၇) အဆင့်ရှိ စစ်ကိုင်းငလျင်ကြောင့် လူဦးရေ သုံးထောင်ကျော်သေဆုံးခဲ့ရပြီး အဆိုပါအင်အားပြင်းတဲ့ ငလျင်ကြီး လှုပ်ခတ်ခဲ့အပြီး တစ်လအကြာထိ မြန်မာနိုင်ငံက ပြည်သူလူထုဟာ ငလျင်နောက်ဆက်တွဲ အခက်အခဲတွေကို ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။
"မြန်မာနိုင်ငံမှာ ငလျင်ကြီး မလှုပ်ခတ်ခင်ကတောင် လူဦးရေ (၁၉.၉) သန်းဟာ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေ ရှိနေခဲ့ပါတယ်။ ဘေးအန္တရာယ်ကြောင့် နောက်ထပ် လူဦးရေ ၂ သန်းဟာ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။ ငလျင်ဘေး အထိခိုက်ခဲ့ဆုံးဒေသတွေမှာရှိတဲ့ လူဦးရေ ၆ ဒသမ ၃ သန်းဟာ အကူအညီတွေနဲ့ ကာကွယ်စောင့်ရှောက်ပေးမှုတွေ အရေးတကြီး လိုအပ်လျက်ရှိပါတယ်" လို့ UN OCHA Myanmar က ထုတ်ပြန်ပါတယ်။
ထိခိုက်ခဲ့သူ အချို့ဆီ အကူအညီတွေ ပေးနိုင်ခဲ့ပေမယ့် အများစုမှာတော့ ခိုလှုံစရာနေရာ၊ စားနပ်ရိက္ခာနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ လိုအပ်နေဆဲ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
========================
📌📌 ၅။ အလုပ်သမားများ လွတ်လပ်လုံခြုံတဲ့ နွေဦးဖွံဖြိုးရေး SDBဘဏ်တွင် လုပ်အားခများ စုဆောင်းနိုင်တယ်လို့ ဖိတ်ခေါ်
အလုပ်သမားများ လွတ်လပ်လုံခြုံတဲ့ နွေဦးဖွံဖြိုးရေး SDBဘဏ်တွင် လုပ်အားခများ စုဆောင်းနိုင်တယ်လို့ နွေဦးဖွံဖြိုးရေး SDB ဘဏ်က ဧပြီ (၃၀) ရက်မှာ အသိပေးကြေညာပါတယ်။
"လွတ်လပ်လုံခြုံတဲ့ SDB နဲ့ လုပ်အားခကို စုဆောင်းစီမံပါ။ လကုန်ခါနီးတိုင်း ရင်ခုန်ရတဲ့ ကြိုးစားရှာဖွေထားတဲ့ ချွေးနဲစာ လုပ်အားခများကို ဘယ်မှာ ဘယ်လိုတွေ သုံးစွဲမယ်ဆိုတာကို စီမံခန့်ခွဲနိုင်ဖို့အတွက် သင့်အတွက် ဘက်စုံသုံးနိုင်တဲ့ နွေဦးဘဏ် ရှိပါတယ်။ SDB တကောင့်တည်းနဲ့ ဒါတွေ အားလုံး လုပ်ဆောင်နိုင်ပြီ"လို့ ကြေညာထားပါတယ်။
SDB ဘဏ့်အကောင့်နဲ့ အိမ်မက်တွေကို ကံစမ်းဖော်ဆောင်နိုင်မယ့် နွေဦးထီထိုးခြင်း၊ SCF မှ မြေပြင်ကမ်ပိန်းများ တိုက်ရိုက်ထောက်ပို့ခြင်း၊ အနာဂတ်အတွက် အတိုးနှုန်းမြင့် မြန်မာကျပ်ငွေ နဲ့ စာရင်းသေအပ်ခြင်း၊ကမ္ဘာ့ရွှေ တန်ဖိုးရှိ SDB Gold token စုဆောင်းခြင်း၊ နိုင်ငံခြားငွေကြေး (၁၀) မျိုးထဲက ကြိုက်ရာ ငွေကြေးနဲ့ မုန့်ဖိုးပေး ထောက်ပံ့ခြင်းတို့ လုပ်ဆောင်နိုင်တယ်လို့ သိရှိရပါတယ်။
========================
📌📌 ၆။ မန္တလေးမြို့၏အရှေ့တောင်ဘက် (၃၅) ကီလိုမီတာအကွာတွင် ရစ်ခ်တာစကေး ၄.၀ အဆင့်နှင့် အင်အားအသင့်အတင့်ရှိသည့် မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်
၂၀၂၅ ခုနှစ်၊ ဧပြီလ (၃၀) ရက်နေ့၊ မြန်မာစံတော်ချိန် ည ၇:၀၄ မိနစ်အချိန်ခန့်တွင် မန္တလေးတိုင်း၊ မန္တလေးမြို့၏အရှေ့တောင်ဘက် ၃၅ ကီလိုမီတာအကွာ၊ သုံးတောင်ရွာမကျေးရွာအနီး မြေအောက်အနက် ၁၆ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၄.၀ အဆင့်နှင့် အင်အားအသင့်အတင့်ရှိသည့် မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့တယ်လို့NUGလူသားစာနာဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။
စစ်ကိုင်းငလျင်ကြီး၏ နောက်ဆက်တွဲငလျင်ငယ်များ ဆက်လက်လှုပ်ခတ်နိုင်သည့်အတွက် ငလျင်ဘေးဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြပါရန် ထပ်မံအသိပေးအပ်တယ်လို့ဆိုထားပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် သာကီနှင့် ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ စစ်ကောင်စီ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်အား ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်
ပဲခူးတိုင်း၊ တောင်ငူမြို့ အခြေစိုက် စစ်ကောင်စီ ရဲ့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် (တပခ) ကို (၁၀၇) မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဧပြီလ (၃၀) ရက် မနက် (၀၁း၃၇) နာရီမှာ တပခ အတွင်းကို (၁၀၇) မမ (၈) လုံးဖြင့် ပစ်ခတ်ခဲ့တာ ဖြစ်ပြီး (၈) လုံးစလုံး အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ ပစ်ခတ်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF) ၊ သံတောင်မြောက်ပိုင်း အထူးဒေသအဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။
တောင်ပိုင်းတိုင်း စစ်ဌာနချုပ် (တပခ) ဟာ ပဲခူးတိုင်း၊ ကရင်ပြည်နယ် မြောက်ပိုင်းနဲ့ ထိစပ်ဒေသများက စစ်ကောင်စီ တပ်ဖွဲ့တွေကို ကွပ်ကဲနေတဲ့အပြင် ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့ရတဲ့ နေပြည်တော်တိုင်း စစ်ဌာနချုပ်ရုံးနဲ့ နေပြည်တော် စစ်ရုံးချုပ်တို့မှ အကြီးအကဲများ ပြောင်းရွေ့ ရုံးထိုင်နေတယ်လို့ သတင်းရတာကြောင့် BWM Mission - 35 အနေဖြင့် ဖော်ဆောင်ရတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ဌာနချုပ် အတွင်းက စစ်ကောင်စီရဲ့ ထိခိုက်ပျက်စီး သေဆုံးမှု အခြေအနေများကို ဆက်လက်စုံစမ်းနေပြီး အချိန်နဲ့ တပြေးညီ ထုတ်ပြန်ပေးသွားမယ်လို့ Brave Warriors for Myanmar က အသိပေး ထားပါတယ်။
========================
🚩🚩 ၂။ SSPP နဲ့ MMDAA တို့ကြား စစ်ရေးတင်းမာမှု အပေါ် ဗဟိုအဆင့် တွေ့ဆုံဆွေးနွေး ဖြေရှင်းမယ်ဟု ဆို
ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် မြန်မာ့အမျိုးသား ဒီမိုကရက်တစ် တပ်မတော် (MNDAA) တို့ကြား ဖြစ်ပွားနေတဲ့ စစ်ရေး တင်းမာမှုအပေါ် နှစ်ပါတီ ဗဟိုအဆင့် တွေ့ဆုံဆွေးနွေး ဖြေရှင်းသွားမယ်လို့ SSPP က ထုတ်ပြန်လာပါတယ်။
SSPP နဲ့ MMDAA တို့ဟာ ဆယ်စုနှစ်နဲ့ချီ မဟာမိတ် အဖွဲ့အစည်း ဖြစ်ခဲ့ကြတယ်လို့ ဆိုထားပြီး “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းကာလမှ စတင်ကာ SSPP နယ်မြေအတွင်း ဖြတ်သန်းသွားလာမှုကို MNDAA ဗဟိုက တရားဝင် အကြောင်းကြားမှု အားနည်းခြင်း၊ အောက်ခြေ နှစ်ဖက်တပ်များကြား ဘာသာစကား ပေါက်ရောက်မှု အားနည်းခြင်းတို့ကြောင့် မကျေမချမ်းမှုများ စတင်ခဲ့တယ်လို့ ဆိုပါတယ်။
ထို့နောက် ပြီးခဲ့တဲ့ ဧပြီလ (၂၈) ရက်နဲ့ (၂၉) ရက် တို့မှာ မလိုလားအပ်တဲ့ ရုပ်ဆိုးအကျည်းတန်သော နှစ်ဖက်တပ်များ ထိုးကြိတ်ရိုက်နှက် ဖမ်းဆီးမှု (၂၄) နေရာနဲ့ စစ်ရေး ထိတွေ့မှု (၈) နေရာထိ ဖြစ်ပွားခဲ့ပြီး နှစ်ဖက် ရဲဘော်များ ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဧပြီလ (၂၉) ရက်နေ့ မနက် (၁၀) နာရီခန့်က သီပေါမြို့နယ်၊ တင်းဟိုင်းရွာနဲ့ ဟူးမီရွာအနီးမှာ (၂) နာရီနီးပါးကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မွန်းလွဲ (၃း၀၀) နာရီမှာလည်း SSPP ရဲ့ စိန်ကျော့တပ်စခန်းကို MMDAA က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိအချိန်တွင် SSPP/SSA တပ်စခန်းများ တည်ရှိရာ နားနန်းကျေးရွာ၊ နားတော်ကျေးရွာ၊ ခိုနန်းဖ၊ တင်းဟိုင်းကျေးရွာ၊ ဆင်ကျော့ ၊ နားတောင့်၊ နားမခေါ် နှင့် ဖာစေ (သီပေါ) စတဲ့ နေရာများမှာ MNDAA က အင်အားဖြည့်တင်းမှုများ လုပ်နေပြီး နှစ်ဖက်စစ်ရေး တင်းမာနေတယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ တအောင်း ဒေသမှ တလအတွင်း မြေမြှပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက်တွေကြောင့် (၁) ဦး သေ၊ (၄) ဦး ဒဏ်ရာရခဲ့
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) အုပ်ချုပ်သော မြို့နယ်များမှာ ဧပြီလ တလအတွင်း မြေမြှပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်ကျန် လက်နက်တွေကြောင့် တဦး သေဆုံးပြီး (၄) ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဧပြီလ (၁၆) ရက်နေ့က သီပေါမြို့နယ်၊ တုံစင့်ကျေးရွာမှာ အသက် (၅၀) အရွယ်ရှိ ဦးထွန်းထွန်း ဆိုသူဟာ စစ်ကောင်စီရဲ့ ခလရ (၂၃) တပ်စခန်း ဟောင်းအတွင်းမှာ ငှက်သွားပစ်ရာမှ မိုင်းနင်းမိခဲ့ကာ ခြေတဖက် ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။
ဧပြီလ (၁၈) ရက်နေ့ကလည်း မိုင်းယောမြို့နယ်၊ လွယ်လင်အုပ်စု၊ မန်ကန်ကျေးရွာမှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီး တလုံးကို ကောက်ယူခဲ့ရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အသက် (၄၅) နှစ်အရွယ် ဦးခမ်းဆာ ဆိုသူ ပွဲချင်းပြီး သေဆုံးခဲ့ကာ အသက် (၁၈) နှစ်အရွယ် သားဖြစ်သူ မိုင်းအောင်ဆာ ဒဏ်ရာရခဲ့ပါတယ်။
ဧပြီလ (၂၀) ရက်ကလည်း နမ့်ဆန်မြို့နယ်၊ လုံတောက်ကျေးရွာမှာ အသက် (၈) နှစ်အရွယ် မောင်ကြည်စင် နဲ့ အသက် (၅) နှစ်အရွယ် မသီရိရတနာထွန်း တို့ မောင်နှမ (၂) ဦးဟာ လက်ပစ်ဗုံး တလုံးကို ကောက်ရခဲ့ပြီး ဆော့ကစားခဲ့ရာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ အတွင်းမှာလည်း စစ်ကောင်စီက ထောင်ထားခဲ့တဲ့ မြေမြှပ်မိုင်းကြောင့် ဒေသခံ ပြည်သူ (၂) ဦး သေဆုံးခဲ့ကာ (၁) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ ပါသေးတယ်။
========================
🚩🚩 ၄။ ကျောက်ပန်းတောင်းမှာ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှု များပြားခဲ့ပြီး (၂) ဦး အရှင်ဖမ်းဆီးရမိ
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်နှင့် ငါ့သရောက်မြို့အတွင်းက စစ်ကောင်စီ တပ်၊ ရဲ နှင့် ပြည်သူ့စစ်များ စုပေါင်းထွက်လာတဲ့ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှု များပြားခဲ့ပြီး စစ်သုံ့ပန်း (၂) ဦး ဖမ်းဆီးရမိခဲ့တယ်လို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဧပြီလ (၂၆) ရက်နေ့က ထွက်လာတဲ့ ၎င်းစစ်ကြောင်းကို (၂၈) ရက်နေ့ မနက်ပိုင်းမှာ ကျောက်ပန်းတောင်း မြို့နယ်၊ ထောက်ရှာကျေးရွာ အနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းမှူး ထိခိုက်ဒဏ်ရာရခဲ့ကာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ သွေးရူးသွေးတန်း ထွက်ပြေးခဲ့ကြတယ်လို့ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဘက်က ထိခိုက်သေဆုံးသူ (၄၃) ဦးခန့် ရှိခဲ့ပြီး စစ်သုံ့ပန်း (၂) ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကာ M-22 သေနတ် (၂) လက်၊ ခဲယမ်းများနဲ့ စစ်အသုံးဆောင်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ စစ်ဆင်ရေးကို ပုဂံပြည် ဘီလူးတပ်၊ Popa Production and Guerrilla Force (PPGF)၊ ညောင်ဦးခရိုင် တပ်ရင်း (၅)၊ မြင်းခြံခရိုင် တပ်ရင်း (၃)၊ ရန်ကြီးအောင် PDF (ညောင်ဦးမြို့နယ် ပကဖ)၊ 21 Bagan PDF၊ မိုးမခ ပျောက်ကြားတပ်၊ ဒေါင်းရင်သွေးတပ်ဖွဲ့၊ ဂဠုန်ပြောက်ကျားတပ်၊ မန်းဘခိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Scorpions People Defence Force နဲ့ ညောင်ဦးခရိုင် ပကဖ တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။
========================
🚩🚩 ၅။ လောင်းလုံမှာ ကင်းပတ်ထွက်လာတဲ့ ပျူခေါင်းဆောင်ကားကို လျှပ်တပျက်တိုက်ခိုက်ခဲ့ရာ (၃) ဦးသေဆုံး
တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ ပျူခေါင်းဆောင်ရဲ့ကားဖြင့် ကင်းပတ် ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို လျှပ်တပျက် တိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - (LLPDF) က ထုတ်ပြန်ထားပါတယ်။
ဧပြီလ (၂၈) ရက်နေ့ နေ့လည် (၁း၀၀) နာရီခန့်မှာ ပျူစောထီးခေါင်းဆောင် မင်းသိန်း၏ကားဖြင့် ကင်းပတ်ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ပူးပေါင်းတပ်ဖွဲ့က လျှပ်တပျက် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၃) ဦး သေဆုံးကာ၊ (၂) ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ကားမှာ လုံးဝပျက်စီးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို လောင်းလုံ ပကဖ၊ ဖက်ဒရယ် ဓူဝံကြယ် တပ်ဖွဲ့နဲ့ ဒေါန တပ်ခွဲ - ၇ တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ပျူခေါင်းဆောင် မင်းသိန်းနှင့် အဖွဲ့ဟာ လောင်းလုံမြို့ပေါ်က ပြည်သူများကို ဖမ်းဆီးကာ ငွေကြေးဖြင့် ပြန်ပေးဆွဲခြင်း၊ စစ်မှုထမ်းစုဆောင်းခြင်း၊ အဓမ္မ ပေါ်တာဆွဲခြင်း၊ ဓါးပြတိုက်ခြင်းနဲ့ ဒုစရိုက်မှုမျိုးစုံကို ကျူးလွန်ခဲ့ကြတဲ့ အကြမ်းဖက်အဖွဲ့သာ ဖြစ်တယ်လို့ လောင်းလုံ ပကဖက အသိပေးထားပါတယ်။
========================
🚩🚩 ၆။ ပဲခူးတိုင်း (အနောက်ခြမ်း)၊ သာယာဝတီခရိုင် (၈) မြို့နယ်အတွင်းရှိ ပြည်သူများ လေကြောင်းအန္တရာယ်ကို အဆက်မပြတ် သတိထားရန်နှင့် ဗုံးခိုကျင်းများ တူးထားကြဖို့ အသိပေး
ပဲခူးတိုင်း (အနောက်ခြမ်း)၊ သာယာဝတီခရိုင် (၈) မြို့နယ်အတွင်းရှိ ပြည်သူများ လိုက်နာနိုင်ရန် မေတ္တာရပ်ခံပန်ကြားချက် (၇) ချက်ကို ဧပြီလ (၃၀) ရက်နေ့က သာယာဝတီခရိုင်၊ အမှတ် (၃) တပ်ရင်းက အသိပေးဖော်ပြပါတယ်။
ပြည်သူများအနေနဲ့ ဗုံးခိုကျင်းများ အခိုင်အမာ တူးထားကြရန်နဲ့ လေကြောင်းအန္တရာယ်နှင့် လေကြောင်းသတင်းများကို အဆက်မပြတ် သတိထားရန်၊ပြည်သူအချင်းချင်း ရိုင်းပင်းစောင့်ရှောက် ကူညီကြရန်တို့ ဆိုထားပါတယ်။
ဒါ့အပြင် တိုက်ပွဲဖြစ်ပွားထားသည့် အနီးဝန်းကျင် နေရာများ၊ ကျေးရွာများနှင့် စစ်ကောင်စီမှ အငြှိုးထား တိုက်ခိုက်နေသော ကျေးရွာများ၊ စစ်ကောင်စီတပ်များ၏ လက်နက်ကြီးများ လက်လှမ်းမီရာ ပတ်ပတ်လည်ဝန်းကျင်ရှိ ကျေးရွာများတွင် နေထိုင်ခြင်း၊ သွားလာခြင်း (ယာယီ) ရှောင်ကြဉ်ရန်လည်းဆိုထားပါတယ်။
========================
🚩🚩 ၇။ ဧရာဝတီမြစ်အနောက်ဘက်ရှိ ကပစ စက်ရုံများတွင် လက်နက်ခဲယမ်း ထုတ်လုပ်မှု ကျဆင်းလာ
ဧရာဝတီမြစ်အနောက်ဘက်ခြမ်းရှိ မကွေးနှင့် ပဲခူးတိုင်းအကြားတွင် တည်ရှိသော ကပစ (ကာကွယ်ရေးပစ္စည်း) စက်ရုံများတွင် အာရက္ခတပ်တော် (AA) ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများကြောင့် လက်နက်ခဲယမ်း ထုတ်လုပ်မှု သိသိသာသာ ကျဆင်းလာကြောင်း စစ်ရေးသတင်းအရင်းအမြစ်များမှ သိရပါတယ်။
ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး အခက်အခဲ၊ လမ်းများဖြတ်တောက်ခံရပြီး စက်ရုံများအကြား ပစ္စည်းပို့ဆောင်မှု ခက်ခဲလာကာ လုံခြုံရေးနှင့် စစ်သားဖြည့်တင်းမှု၊ စက်ရုံများကို အချိန်ပြည့်ကာကွယ်ရန်နှင့် စစ်သားများကို ရှေ့တန်းသို့ စေလွှတ်နေရသဖြင့် ထုတ်လုပ်ရေးအပေါ် အာရုံစိုက်မှု လျော့နည်းလာမှုတွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ ကပစ (၁၄) စက်ရုံသည် ထုတ်လုပ်မှု ရပ်တန့်နေပြီး၊ ကပစ (၉) နှင့် ကပစ (၆) စက်ရုံများတွင်လည်း လုံခြုံရေးအပေါ် ဦးစားပေးနေရကာ CDM ဗိုလ်ကြီးဇင်ယော်က (၂၀၂၄) ထုတ် ကျည်ဆံများ အသုံးပြုနေသော်လည်း ထုတ်လုပ်မှု လျော့နည်းနေသည်ဟု အတည်ပြုပြောဆိုထားပါတယ်။
မကြာမီ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေအရ AA နှင့် ပူးပေါင်းတပ်ဖွဲ့များသည် ပဲခူးအနောက်ခြမ်းရှိ ကပစ စက်ရုံများကို ထပ်မံတိုက်ခိုက်ရန် ပြင်ဆင်နေနိုင်တယ်လို့ သတင်းများအရ သိရပါတယ်။
========================
🚩🚩 ၈။ စစ်မှုထမ်းတပ်သားတစ်ဦး မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်းတွင် အလင်းဝင်ရောက်ခိုလှုံ
စလင်းမြို့အခြေစိုက် ပခုက္ကူတပ်မ (၁၀၁) လက်အောက်ခံ ခလရ - ၂၅၅ တပ်ရင်းမှ စစ်မှုထမ်း တပ်သား ကိုစိုင်းစိုင်း (ကိုယ်ပိုင်အမှတ် ပစ/၁၄၀၆၄၃) သည် မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်းတွင် အလင်းဝင်ရောက်ခိုလှုံခဲ့ကြောင်း သိရပါတယ်။
ကိုစိုင်းစိုင်းသည် အမရပူရမြို့နယ်တွင် မတရား စစ်မှုထမ်း စုဆောင်းခံရပြီး ဟိုပင်မြို့နယ်တွင် (၆) လကြာ စစ်သင်တန်း တက်ရောက်ခဲ့ရပြီးနောက် စလင်းမြို့ ခလရ - ၂၅၅ တပ်ရင်းတွင် တာဝန်ထမ်းဆောင်နေစဉ် တပ်အတွင်း အနိုင်ကျင့်မှု၊ မတရားနှိပ်စက်ညှင်းပန်းမှုများနှင့် ၎င်း၏ဆန္ဒမပါဘဲ စစ်မှုထမ်း စုဆောင်းခံရခြင်းတို့ကြောင့် တပ်မှ ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၉။ သောင်ရင်းမြစ်ဘေး မူယူထာဒေသတွင် မူးယစ်ဆေးဝါး (WY) ၅.၅၉ သန်း ဖမ်းဆီးရမိ
ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) လက်အောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) သည် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၇) ရက်၊ မနက် (၇:၄၅) နာရီတွင် သောင်ရင်းမြစ်တစ်လျှောက် မူယူထာဒေသတွင် မူးယစ်ဆေးဝါး (WY) (၅၉၉) ထုတ်၊ ဆေးပြား (၅,၅၉၀,၀၀၀) ပြား (၅.၅၉ သန်း) ကို ဖမ်းဆီးရမိခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုမှ သတင်းထုတ်ပြန်ပါတယ်။
ထိုဖမ်းဆီးမှုနှင့်ပတ်သက်၍ ကေအဲန်ယူ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် လူကုန်ကူးမှုပပျောက်ရေးကော်မတီနှင့် ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) တို့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး ကေအဲန်ယူ၏ ကော်သူးလေဥပဒေအရ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း သိရပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment