၂၀၂၅ ဧပြီလ ၂၅ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ သယံဇာတများ တရားမဝင် ထုတ်ယူခြင်းများကို တော်လှန်ရေးအဖွဲ့အစည်းများအားလုံးက ကာကွယ်ကြပ်မတ်ဖို့ ဝန်ကြီးချုပ်တိုက်တွန်း
📌 ၂။ U.S.- Burma Relations Through the Lens of Resistance and Resilience ဆွေးနွေးပွဲသို့ NUGနိုင်ငံခြားရေး ဒုတိယဝန်ကြီး တက်ရောက်ဆွေးနွေး
📌 ၃။ ပြည်ပမှာရောက်ရှိနေေသာ NUG ကျန်းမာရေးနှင့်ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး မြန်မာနိုင်ငံပြန်လာပြီး တော်လှန်ရေးတိုက်ပွဲမှာ ပူးပေါင်းပါဝင်ကြဖို့ CDM ကျန်းမာရေးဝန်ထမ်းများကို ဖိတ်ခေါ်
📌 ၄။ အမေရိကန်ပြည်ထောင်စုက ပြည်နယ် ၇ ခုကို သွားရောက်ခဲ့ပြီး မြန်မာနွယ်ဖွား မိသားစုဝင် ၅၀၀၀ ကျော်အပါအဝင် အမေရိကန်နိုင်ငံရေးရာမှာ အရေးကြီးကဏ္ဍများမှာ တာဝန်ယူလုပ်ဆောင်နေသူများနဲ့တွေ့ဆုံခဲ့တယ်လို့ ကိုထိန်လင်းအသိပေး
📌 ၅။ မိုင်းငေါ့မြို့နယ်မှာ အုပ်စုဖွဲ့ပြီး ဆိုင်ကယ်ခိုးနေတဲ့ အမျိုးသား ၅ ဦးကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့ ဖမ်းဆီးရမိ
========================
၂၀၂၅ ခုနှစ် ဧပြီလ ၂၅ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ မင်းဘူးမြို့နယ်က ပြည်သူ့စစ်ခေါင်းဆောင်ကို ဖမ်းဆီးရာမှာ ခုခံတဲ့အတွက် ပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ PPGF ပြော
🚩 ၂။ အထူးကွန်မန်ဒိုတပ်ရင်းက စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ စစ်ဘက်ဆိုင်ရာလိုအပ်ချက်တွေဖြည့်ဆည်းပေးမယ့် ထောက်ပံ့ရေး မိသားစုဝင်တွေ ဖိတ်ခေါ်
🚩 ၃။ ကြို့ပင်ကောက်မြို့နယ်ဖြစ်တဲ့ အနီးကပ်တိုက်ပွဲမှာ စစ်သား ၁ဝ ဦးထက်မနည်းသေဆုံး
🚩 ၄။ ပေါင်းတလည်မြို့နယ်မှာ နယ်မြေရှင်းလင်းရေးလုပ်ဖို့ထွက်လာတဲ့စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ဦး သေပြီး ၇ဦး ဒဏ်ရရ
🚩 ၅။ စစ်ကောင်စီက အပစ်ရပ်ကြေညာပြီးနောက် ရခိုင်ပြည်နယ်မှာ စစ်ရေးတိုက်ခိုက်မှု ၄၀၉ ကြိမ်ပြုလုပ်ခဲ့တယ်လို့ HDCO ပြော
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ သယံဇာတများ တရားမဝင် ထုတ်ယူခြင်းများကို တော်လှန်ရေးအဖွဲ့အစည်းများအားလုံးက ကာကွယ်ကြပ်မတ်ဖို့ ဝန်ကြီးချုပ်တိုက်တွန်း
ဧပြီလ ၂၅ရက်
သယံဇာတများ တရားမဝင် ထုတ်ယူခြင်းများကို တော်လှန်ရေးအဖွဲ့အစည်းများအားလုံးက ကာကွယ်ကြပ်မတ်ဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဧပြီ၂၄ရက်မှာပြုလုပ်တဲ့ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၄ /၂၀၂၅) အစည်းအဝေးမှာ တိုက်တွန်းဆိုလိုက်ပါတယ်။
"တော်လှန်ရေးကာလတွင် သယံဇာတများကို ထိန်းသိမ်းစောင့်ရှောက်ရန်မှာ မလွယ်ကူလှသော်လည်း မိမိတို့စိုးမိုးနယ်မြေများအတွင်း အတတ်နိုင်ဆုံး ကြိုးစားထိန်းသိမ်းကြရန်၊ သယံဇာတများ တရားမဝင်ထုတ်ယူခြင်းများကို တော်လှန်ရေးအဖွဲ့အစည်းများအားလုံးက ကာကွယ်ကြပ်မတ်ဖို့လိုအပ်သလို ဝန်ကြီးဌာနကလည်း သယံဇာတမူဝါဒများကို မြေပြင်နှင့်လိုက်လျောညီထွေ ဖြစ်စေရေး အမြဲဆန်းစစ်၍ လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများအား အချိန်မီဆောင်ရွက်နိုင်ရန်၊ ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်များနှင့် လူမှုစီးပွါးကို အထောက်အပံ့ဖြစ်စေရေး၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာ လျော့ပါးသက်သာစေရေးနဲ့ နိုင်ငံတော်ဘဏ္ဍာငွေရရှိစေရေးတို့အတွက် နိုင်ငံရဲ့အဖိုးတန် သယံဇာတဖြစ်တဲ့ သစ်တောများကို တော်လှန်ရေးအဖွဲ့အစည်းများအားလုံးက ပူးပေါင်းကာကွယ် ထိန်းသိမ်းကြရန်"ဝန်ကြီးချုပ်က ဆိုပါတယ်။
ဒါ့အပြင်စိုးမိုးနယ်မြေများရှိ ဆင်များကိုလည်း တတ်နိုင်သမျှ စနစ်တကျ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပေးကြရန်ဝန်ကြီးချုပ်ကဆိုပါတယ်။
========================
📌📌 ၂။ U.S.- Burma Relations Through the Lens of Resistance and Resilience ဆွေးနွေးပွဲသို့ NUGနိုင်ငံခြားရေး ဒုတိယဝန်ကြီး တက်ရောက်ဆွေးနွေး
ဧပြီလ ၂၅ရက်
အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့ရှိ George Washington University ၏ Elliott School of International Affairs မှ ကြီးမှူးပြုလုပ်သည့် U.S.- Burma Relations Through the Lens of Resistance and Resilience ဆွေးနွေးပွဲသို့ NUGနိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး တက်ရောက်ဆွေးနွေးခဲ့ပြီး မေးခွန်းများအား ပြန်လည်ဖြေကြားခဲ့တယ်လို့ ဧပြီ၂၅ရက်မှာ ဝါရှင်တန်ဒီစီရှိ NUGနိုင်ငံခြားရေးဝန်ကြီးဌာနရုံးက သတင်းထုတ်ပြန်ပါတယ်။
========================
📌📌 ၃။ ပြည်ပမှာရောက်ရှိနေေသာ NUG ကျန်းမာရေးနှင့်ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး မြန်မာနိုင်ငံပြန်လာပြီး တော်လှန်ရေးတိုက်ပွဲမှာ ပူးပေါင်းပါဝင်ကြဖို့ CDM ကျန်းမာရေးဝန်ထမ်းများကို ဖိတ်ခေါ်
ဧပြီလ ၂၅ရက်
ပြည်ပမှာရောက်ရှိနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကျန်းမာရေးနှင့်ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးသည် မြန်မာပြည်အတွင်း ပြန်လည်ဝင်ရောက်လာပြီး တော်လှန်ရေးတိုက်ပွဲမှာ ပူးပေါင်းပါဝင်ကြဖို့ CDM ကျန်းမာရေးဝန်ထမ်းတွေကို ဖိတ်ခေါ်လိုက်ပါတယ်။
ပြည်ပရောက်နေတဲ့ NUG ဝန်ကြီးတဦးအနေနဲ့ မြန်မာနိုင်ငံအတွင်း ပြန်လည်အခြေချကာ ကျန်းမာရေးနဲ့ပညာရေးဆိုင်ရာ လုပ်ငန်းတွေ လုပ်ဆောင်နေပြီဖြစ်တာကြောင့် အခုလို ဖိတ်ခေါ်လိုက်တာဖြစ်ပါတယ်။
အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်ဆောင်ရွက်နေတဲ့ ကျန်းမာရေး CDM နိုင်ငံ့ဝန်ထမ်းတွေအပါအဝင် အရပ်ဖက် ကျန်းမာရေးဝန်ထမ်းတွေ စေတနာ့ဝန်ထမ်းတွေ တော်လှန်ရေးရဲဘော်တွေနဲ့လက်တွဲပြီး ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေ ဆောင်ရွက်နေပြီလို့ သိရပါတယ်။
ပြည်ပကိုရောက်နေတဲ့ NUG ဝန်ကြီးတွေနဲ့ အစိုးရတာဝန်ရှိသူတွေ မြန်မာနိုင်ငံအတွင်း ပြန်လာကြဖို့ အမျိုးသားညီညွတ်ရေး အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက အခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ ဖိတ်ခေါ်ခဲ့ပြီးနောက် ဆရာကြီးဒေါက်တာဇော်ဝေစိုး ဟာ ပြည်တွင်းကို ပထမဆုံး ပြန်ဝင်လာတဲ့ NUG ဝန်ကြီးအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်ပါတယ်။
ကျွန်တော်တို့ကိုယ်တိုင် မြေပြင်မှာရောက်ရှိပြီး တိုက်ပွဲဝင်နေပါတယ်။ အရိုးနဲ့ ထိခိုက်ဒဏ်ရာခွဲစိတ်မှုတွေ၊ ဦးနှောက်နဲ့ အာရုံကြောခွဲစိတ်မှုတွေ၊ အခြေခံဆေးပညာသင်ကြားမှုတွေ စိုးမိုးဒေသတွေမှာ ပါဝင်လုပ်ဆောင်နေကြပါတယ်။ အထူးကု ပညာတွေကိုလည်း စတင်သင်ကြားပေးနေပြီဖြစ်ပါတယ်လို့ ဆရာကြီး ဒေါက်တာဇော်ဝေစိုးက ရုပ်သံမှတ်တမ်းနဲ့တကွ အသိပေးထားပါတယ်။
စစ်အာဏာရှင်အောက်က အလုံးစုံလွတ်မြောက်ရေးတိုက်ပွဲမှာ မြန်မာ့သမိုင်းမှာ ဒီတကြိမ် ဒီတခါပဲရှိမယ့် တော်လှန်ရေးရဲ့ အဆုံးသတ်တိုက်ပွဲမှာ ပါဝင်ကြပါလို့ ဖိတ်ခေါ်လိုပါတယ်။ ငါတို့ အသွေးအသားအသက်တွေနဲ့ စွန့်လွှတ်စွန့်စားခြင်းတွေနဲ့ လွတ်မြောက်တဲ့၊ အေးချမ်းသာယာတဲ့၊ တရားမျှတမှုရှိတဲ့ ဖက်ဒရယ်ဒီမိကရေစီနိုင်ငံကို တည်ဆောက်ကြဖို့အတွက် ပါဝင်ကြပါ စွန့်လွှတ်ကြပါ တိုက်ပွဲဝင်ကြပါလို့လည်း ဒေါက်တာဇော်ဝေစိုးက ဖိတ်ခေါ်ထားပါတယ်။
NUG ဝန်ကြီးဒေါက်တာဇော်ဝေစိုးအနေနဲ့ ပြည်ပကိုရောက်နေချိန်တုန်းကလည်း နိုင်ငံတကာ ကျန်းမာရေးနှင့် ပညာရေး ညီလာခံတွေမှာ တက်ရောက် ဆွေးနွေးဟောပြောတာတွေ လုပ်ဆောင်ခဲ့သလို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ မူဝါဒတွေနဲ့ မြန်မာပြည်သူတွေရဲ့ နွေဦးတော်လှန်ရေးအကြောင်း နိုင်ငံတကာအသိုင်းအဝိုင်းလူတွေသိအောင် ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၄။ အမေရိကန်ပြည်ထောင်စုက ပြည်နယ် ၇ ခုကို သွားရောက်ခဲ့ပြီး မြန်မာနွယ်ဖွား မိသားစုဝင် ၅၀၀၀ ကျော်အပါအဝင် အမေရိကန်နိုင်ငံရေးရာမှာ အရေးကြီးကဏ္ဍများမှာ တာဝန်ယူလုပ်ဆောင်နေသူများနဲ့တွေ့ဆုံခဲ့တယ်လို့ ကိုထိန်လင်းအသိပေး
ဧပြီလ ၂၅ရက်
အမေရိကန်ပြည်ထောင်စုက ပြည်နယ် ၇ ခုကို သွားရောက်ခဲ့ပြီး မြန်မာနွယ်ဖွား မိသားစုဝင် ၅၀၀၀ ကျော်အပါအဝင် အမေရိကန်နိုင်ငံရေးရာမှာ အရေးကြီးကဏ္ဍများမှာ တာဝန်ယူလုပ်ဆောင်နေသူများနဲ့ တွေ့ဆုံခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်၏သားငယ် ကိုထိန်လင်းက အသိပေးဆိုပါတယ်။
"အမေရိကန်ပြည်ထောင်စုက ပြည်နယ် ၇ ခုကို သွားရောက်ခဲ့ပြီး မြန်မာနွယ်ဖွား မိသားစုဝင် ၅၀၀၀ ကျော်နဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံတယ်၊ အမေရိကန်နိုင်ငံရေးရာမှာ အရေးကြီးကဏ္ဍများမှာ တာဝန်ယူလုပ်ဆောင်နေသူများ၊ အထင်ကရ တက္ကသိုလ်ကျောင်းများမှ ဆရာများ၊ကျောင်းသားများနဲ့လည်း တွေ့ဆုံခဲ့ရတယ်။ ကျွန်တော့်စိတ်ထဲမှာ ကျေးဇူးတင်တဲ့စိတ်၊ ရည်ရွယ်ချက်အသစ်တွေနဲ့ မြဲမြံတဲ့ စိတ်ဆန္ဒတို့နဲ့ ကျွန်တော့်အမေရိကန်ခရီးစဥ် ပြီးဆုံးခဲ့ပါပြီ။ တွေ့ဆုံခဲ့သူတွေရဲ့ နွေးထွေးမှု၊ ကြင်နာမှုနဲ့ ရက်ရောမှုတွေက ကျွန်တော့်အတွက် ပြောမပြတတ်အောင် ခံစားရပါတယ်။မြန်မာနွယ်ဖွားတို့ရဲ့ အမိမြေကို ချစ်မြတ်နိုးတဲ့စိတ်နဲ့ တရားမျှတပြီး လွတ်လပ်တဲ့ မြန်မာနိုင်ငံကို ပြန်လည်ရရှိဖို့အတွက် ပြင်းပြတဲ့ စိတ်ဆန္ဒနဲ့ မြဲမြံတဲ့ ကတိကဝတ်တွေကိုလည်း မျက်ဝါးထင်ထင်တွေ့ခဲ့ရတယ်"လို့ ဆိုပါတယ်။
မြန်မာပြည်အတွက် မျှော်လင့်ချက်နဲ့ အသက်အိုးအိမ်ကို မငဲ့ဘဲ ပေးဆပ်ခဲ့တဲ့ သူတွေရဲ့ ရပ်တည်ချက်ကို ကျွန်တော့်တို့ စိတ်ထဲအမြဲအမှတ်ရပြီး သူတို့တွေအတွက် ပိုပြီး ကြိုးစားရှင်သန်ရုန်းကန်ကြမယ်လို့လည်းကိုထိန်လင်းကဆိုပါတယ်။
========================
📌📌 ၅။ မိုင်းငေါ့မြို့နယ်မှာ အုပ်စုဖွဲ့ပြီး ဆိုင်ကယ်ခိုးနေတဲ့ အမျိုးသား ၅ ဦးကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့ ဖမ်းဆီးရမိ
ဧပြီလ ၂၅ရက်
တအာင်းပြည် တပ်မဟာ - ၂ နယ်မြေ နမ့်ဆန်ခရိုင် မိုင်းငေါ့မြို့နယ် မြို့သစ်ကျေးရွာမှာ အုပ်စုဖွဲ့ပြီး ဆိုင်ကယ်တွေ လိုက်ခိုး နေတဲ့ အမျိုးသား ၅ ဦးကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့က ဧပြီလ ၃ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ပြောပါတယ်။
သူတို့ဟာ ပြီးခဲ့တဲ့ ၂ဝ၂၄ ခုနှစ် ဒီဇင်ဘာလကစပြီး မြို့သစ်ကျေးရွာအနီးက ဒေသခံတွေရဲ့ ဆိုင်ကယ်တွေကို လိုက်လံခိုးယူခဲ့ ပြီး ပြန်ရောင်းနေသူတွေလို့ ဆိုပါတယ်။
အခုလို အုပ်စုဖွဲ့ ဆိုင်ကယ်ခိုးယူနေတဲ့အဖွဲ့ကို ဒေသနေပြည်သူတွေက မြို့နယ်ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့တာကြောင့် မြို့နယ် ရဲတပ်ဖွဲ့နဲ့ပြည်သူလူထု ပူးပေါင်းပြီး ဆိုင်ကယ် ၇ စီးနဲ့အတူ ဖမ်းဆီးရမိခဲ့တာလို့ အသိပေးထားပါတယ်။ဆိုင်ကယ်ခိုးယူနေသူတွေဟာ အသက် ၁၄ နှစ်ကနေ ၂၄ နှစ်အရွယ်သာရှိကြတဲ့ လူငယ်တွေလို့သိရပြီး သူတို့ ခိုးယူထားတဲ့ ဆိုင်ကယ်တွေကို ပိုင်ရှင်ထံ တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့က ပြန်လည်ပေးအပ်ကာ ခိုးမှုကျူးလွန်သူတွေကို တရားဥပဒေနဲ့ အညီ ထိရောက်စွာ အရေးယူသွားမယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် သာကီနှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ မင်းဘူးမြို့နယ်က ပြည်သူ့စစ်ခေါင်းဆောင်ကို ဖမ်းဆီးရာမှာ ခုခံတဲ့အတွက် ပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ PPGF ပြော
ဧပြီလ ၂၅ရက်
မကွေးတိုင်း မင်းဘူးမြို့နယ်က ပြည်သူ့စစ်ခေါင်းဆောင်ကို ဖမ်းဆီးရာမှာ ပြန်လည်ခုခံထွက်ပြေးဖို့ကြိုးစားတဲ့အတွက် ပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ Popa Guerilla Force – PPGF တပ်ဖွဲ့က ဒီနေ့ ဧပြီ ၂၅ မှာ ထုတ်ပြန်ပါတယ်။
မင်းဘူးမြို့နယ် ခလရ - ၈၈ တပ်ရင်း လက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင်ဌေးနိုင်နဲ့ အမျိုးသမီးတဦးတို့ ကားတစီးနဲ့ ထွက်လာတယ်လို့ သတင်းရတဲ့အတွက် မန္တလေးတိုင်း ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်က လမ်းပိုင်းတနေရာမှာ စောင့်ကြိုဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ဖမ်းဆီးချိန်မှာ ဌေးနိုင်နဲ့အမျိုးသမီးတို့က ခုခံထွက်ပြေးဖို့ကြိုးစားတဲ့အတွက် အဲဒီနေရာမှာပဲ ပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ PPGF တပ်ဖွဲ့က အသိပေးပါတယ်။
ပြည်သူ့စစ်ခေါင်းဆောင်ဌေးနိုင်ဟာ ခလရ - ၈၈ မှာ ပသစ သင်တန်းဆင်းအပတ်စဥ် - ၁ သင်တန်းတက်ခဲ့ပြီး ပြည်သူ့စစ် ခေါင်းဆောင်အဖြစ်နဲ့ တိုက်ပွဲတွေမှာ ပါခဲ့ဖူးသလို မြို့ဝင်မြို့ထွက်တွေမှာလည်း စစ်ဆေးနေတဲ့သူလို့ သိရပါတယ်။
လက်ရှိမှာ သူတို့မောင်းနှင်လာတဲ့ စစ်ကောင်စီတပ်က ဗိုလ်မှူးမင်းဝေရဲ့ ကားတစီးနဲ့အတူ ကာဘိုင်ကျည် ၇၉ တောင့်၊ ကျည်ဘောက်တခု၊ ဗုံးသီးတလုံး၊ icon တလုံး၊ ဓားတစ်ချောင်း၊ဖုန်း ၄ လုံးနဲ့ ဝန်ထမ်းကဒ်၊ ဘက်တံဆိပ်နဲ့ စပ်ဆက်ပစ္စည်း တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြည်သူ့စစ်ခေါင်းဆောင် ဌေးနိုင်နဲ့ သူနဲ့အတူပါလာတဲ့အမျိုးသမီးတို့ရဲ့ ခုခံခဲ့မှုကြောင့် ရဲဘော်၂ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Popa Guerilla Force – PPGF တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်ကလည်း ကျောက်ပန်းတောင်းမြို့နယ် သရက်တော ကျေးရွာက ပျူစောထီးခေါင်းဆောင် ကျော်ဆန်းဝင်း (ခ) ငချွန်ကို ဖမ်းဆီးခဲ့ဖူးလို့လည်း မှတ်တမ်းတွေအရ သိရပါတယ်။
========================
🚩🚩 ၂။ အထူးကွန်မန်ဒိုတပ်ရင်းက စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ စစ်ဘက်ဆိုင်ရာလိုအပ်ချက်တွေဖြည့်ဆည်းပေးမယ့် ထောက်ပံ့ရေး မိသားစုဝင်တွေ ဖိတ်ခေါ်
ဧပြီလ ၂၅ရက်
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးယန်ကြီးဌာနလက်အောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသ စစ်ဒေသခွဲ ၂ အထူးကွန်မိုဒိုတပ်ရင်း P29914 က စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ စစ်ဘက်ဆိုင်ရာ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်မယ့် ထောက်ပံ့ရေးမိသားစုဝင်တွေ ခေါ်ယူဖို့ရှိတယ်လို့ အသိပေးထုတ်ပြန်ပါတယ်။
ထောက်ပံ့ရေးမိသားစုဝင်အဖြစ် မိဘပြည်သူတွေရဲ့ခွန်အား လိုအပ်နေပြီး အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် အဓိကအားကိုးစရာ ကျောထောက်နောက်ခံအင်အားအဖြစ် ယုံကြည်ရ သူတွေဟာ မိဘပြည်သူတွေသာဖြစ်တယ်လို့ ဆိုပါတယ်။
မိဘပြည်သူတွေရဲ့အားကို ကျောထောက်နောက်ခံပြုထားရတဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ ရှေ့ဆက်နိုင်ဖို့ ခွန်အားတွေ ၊ယုံကြည်မှုတွေ ၊ ချစ်ခြင်းမေတ္တာတွေ လိုအပ်နေတယ်လို့လည်း အထူးကွန်မိုဒိုတပ်ရင်း P29914 က ပြောပါတယ်။
အထူးကွန်မန်ဒိုတပ်ရင်း P29914 အနေနဲ့ အထွေထွေနဲ့ ဆေးဝါးလိုအပ်ချက်တွေဖြည့်တင်းဖို့၊ စားနပ်ရိက္ခာနဲ့ အသုံးအဆောင် ပစ္စည်းတွေဖြည့်တင်းဖို့ စစ်ဘက်ဆိုင်ရာလိုအပ်ချက်တွေ ဖြည့်တင်းဖို့ဆိုတဲ့ ခေါင်းစဥ် ၃ ခုအောက်မှာ မိဘပြည်သူများ အနေ နဲ့ နိုင်တဲ့ဝန် မျှတဲ့အားနဲ့ ပါဝင်ကူညီပေးကြဖို့ အလေးအနက် မေတ္တာရပ်ခံထားပါတယ်။
ပူးပေါင်းပါယင်လိုတဲ့ မိဘပြည်သူများအနေနဲ့ အထူးကွန်မန်ဒိုတပ်ရင်းက ရဲဘော်တွေကနေတဆင့် ချိတ်ဆက်ပါဝင်ပေးကြ လည်း အသိပေးထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၃။ ကြို့ပင်ကောက်မြို့နယ်ဖြစ်တဲ့ အနီးကပ်တိုက်ပွဲမှာ စစ်သား ၁ဝ ဦးထက်မနည်းသေဆုံး
ဧပြီလ ၂၅ရက်
ပဲခူးတိုင်း သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်အရှေ့ဘက်မှာဖြစ်တဲ့ အနီးကပ်တိုက်ပွဲမှာ စစ်သား၁ဝဦးထက်မနည်း သေဆုံးသွားတယ်လို့ ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ BTZM GBK PDFက ပြောပါတယ်။
ကြို့ပင်ကောက်မြို့နယ်အရှေ့ဘက်မှာရှိတဲ့ အလယ်ကုန်းတိုက်နယ်ရဲစခန်းကထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဧပြီ ၂၄ ရက်နေ့က မြို့ထဲဘက်ထွက်လာချိန် BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။မိုင်းဆွဲတိုက်ခိုက်ပြီးတဲ့နောက် အနီးကပ်ထိပ်တိုက် ရင်ဆိုင်ပစ်ခတ်ကြတဲ့ တိုက်ပွဲဖြစ်ခဲ့တယ်လို့လည်း အသိပေးပါတယ်။
တိုက်ပွဲပြီးချိန်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က နယ်ထိန်းခေါင်းဆောင် ငွေစိုးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေဆုံးခဲ့သလို ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ BTZM GBK PDF က ပြည်သူ့ကာကွယ်ရေး ရဲဘော်တဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၄။ ပေါင်းတလည်မြို့နယ်မှာ နယ်မြေရှင်းလင်းရေးလုပ်ဖို့ထွက်လာတဲ့စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ဦး သေပြီး ၇ဦး ဒဏ်ရရ
ဧပြီလ ၂၅ရက်
ပဲခူးတိုင်း ပြည်ခရိုင် ပေါင်းတလည်မြို့နယ်အတွင်း နယ်မြေရှင်းလင်းရေးလုပ်ဖို့ အင်အား ၅ဝ ခန့်နဲ့ ထွက်လာတဲ့ စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်သား ၃ဦးသေဆုံးပြီး ၇ဦး ပြင်းထန်ဒဏ်ရာရသွားတယ်လို့ PPDF တပ်ရင်း ၃၆၀၁ က ပြောပါတယ်။
ပေါင်းတလည်မြို့နယ်ထဲက သပြေတောင်ကုန်းတန်းဘက်မှာ နယ်မြေရှင်းလင်းရေးလုပ်ဖို့ထွက်လာတဲ့ စစ်တပ် စစ်ကြောင်း ကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၂၆၀၁ တပ်ရင်း တပ်ခွဲ ၅ ကရဲဘော်တွေ ဧပြီလ ၂၃ ရက်နေ့ ညနေ ၅ နာရီခန့် အချိန်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ဒီတိုက်ခိုက်မှုမှာ ပြင်းထန်ဒဏ်ရာရသွားသူတွေထဲမှာ သေဆုံးနိုင်တဲ့ဒဏ်ရာ ရသွားကြသူတွေရှိတယ်လို့ သိရပါတယ်။
သေဆုံးသွားသူတွေနဲ့ ဒဏ်ရာရစစ်သားတွေကို ပေါင်းတလည်မြို့ပေါ်က ကားတစီးနဲ့ အဲဒီနေ့ ညနေပိုင်းမှာပဲ တင်ဆောင်သွား တယ်လို့ အသိပေးထားပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က စစ်ရေးအရှိန် မြှင့်လာတာနဲ့အမျှ အချိန်မရွေး တိုက်ပွဲတွေဖြစ်လာနိုင်တဲ့အတွက် ပြည်သူလူထုအနေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ နီးကပ်စွာမနေကြဖို့၊ ကားတွေ ဆိုင်ကယ်တွေနဲ့ စားနပ်ရိက္ခာ ထောက်ပံ့တာတွေမလုပ်ကြဖို့ PPDF တပ်ရင်း ၃၆၀၁ က အသိပေးထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၅။ စစ်ကောင်စီက အပစ်ရပ်ကြေညာပြီးနောက် ရခိုင်ပြည်နယ်မှာ စစ်ရေးတိုက်ခိုက်မှု ၄၀၉ ကြိမ်ပြုလုပ်ခဲ့တယ်လို့ HDCO ပြော
ဧပြီလ ၂၅ရက်
အကြမ်းဖက်စစ်ကောင်စီက အပစ်အခတ်ရပ်စဲထားမယ်လို့ ကြေညာပြီးနောက်ပိုင်း ရခိုင်ပြည်နယ်မှာ စစ်ရေးတိုက်ခိုက်မှု ၄၀၉ ကြိမ် ပြုလုပ်ခဲ့တယ်လို့ လူသားချင်းစာ နာထောက်ထားရေးနှင့် ဖွံဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး-HDCO က ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ မတ်လ ၂၈ ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကိုအကြောင်းပြုပြီး ရက်ပေါင်း ၂ဝ အပစ်ရပ်ထားမယ်လို့ ပထမအကြိမ်ကြေညာခဲ့စဉ်အတွင်း စစ်ရေးတိုက်ခိုက်မှုတွေလုပ်ခဲ့တာနဲ့ပတ်သက်လို့ HDCO က ဧပြီ လ ၂၄ ရက်မှာ ထုတ်ပြန် ပြောဆိုလိုက်တာဖြစ်ပါတယ်။
အခုလိုကြေညာခဲ့ပေမယ့် စစ်ကောင်စီဟာ သူတို့ကိုယ်တိုင်ကြေညာထားတဲ့ အပစ်ရပ်ကြေညာချက်ကို လိုက်နာခြင်းမရှိဘဲ ဧပြီလ ၂ ရက်ကနေ ၂၂ ရက်နေအထိ ကျောက်ဖြူ၊ တောင်ကုတ်၊ ကျောက်တော်၊ စစ်တွေနဲ့ပေါက်တော စတဲ့ မြို့နယ် ၅ ခုမှာ စစ်ရေးတိုက်ခိုက်မှု စုစုပေါင်း ၄၀၉ ကြိမ် လုပ်ဆောင်ခဲ့တယ်လို့ အသိပေးထားပါတယ်။
အမည်ခံအပစ်ရပ်ထားတဲ့ စစ်ကောင်စီဟာ တိုက်လေယာဉ်တွေနဲ့ လေကြောင်းကနေ တိုက်ခိုက်တာ၊ ဒရုန်းနဲ့တိုက်ခိုက်တာ စက်တပ်လေထီးတွေနဲ့တိုက်ခိုက်တာ ရေတပ်သင်္ဘောတွေကနေ ပစ်ခတ်တာနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ လုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီတိုက်ခိုက်မငတေါကြောင့် အရပ်သားပြည်သူ တဦးသေဆုံးကာ ကလေးငယ်တွေအပါအဝင် ၂၈ ဦး ဒဏ်ရာရခဲ့ပြီး အိမ် ၂၁ လုံး၊ ဆိုင် ၂ ဆိုင်၊ ဘာသာရေးအဆောက်အအုံတလုံး ပျက်စီးသွားတယ်လို့ သိရပါတယ်။
ဒါဟာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေကို စစ်တပ်အနေနဲ့ ပြောင်ပြောင်တင်းတင်းချိုးဖောက်တဲ့ လုပ်ဆောင်ချက်လို့ လူသားချင်းစာ နာထောက်ထားရေးနှင့် ဖွံဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး-HDCO က ထုတ်ဖော်ပြောဆိုထားပါတယ်။
========================
🚩🚩 ၆။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေတွင် အခြေခံစစ်ပညာသင်တန်းဆင်းပွဲနှင့် လက်နပ်တပ်ဆင်ခြင်းအခမ်းအနားကျင်းပ
ဧပြီလ ၂၅ရက်
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန (ပဲခူး)၊ ဗျူဟာ (၂၀)၊ ပဲခူးခရိုင်တပ်ရင်း (၄) အခြေခံစစ်ပညာသင်တန်းဆင်းပွဲနှင့် လက်နပ်တပ်ဆင်ခြင်းအခမ်းအနား ကျင်းပခဲ့ပါတယ်။ယခုပြုလုပ်တဲ့ အပတ်စဉ်(၁/၂၀၂၅) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ၊ တပ်စုဖွဲ့တည်ထောင်ခြင်းနှင့်လက်နက်တပ်ဆင်ခြင်း အခမ်းအနားပုံရိပ်များကို ဧပြီ၂၅ရက်ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ဖော်ပြပါတယ်။ကာကွယ်ရေးဝန်ကြီးဌာနဟာ လတ်တလောမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်များကို မွမ်းမံသင်တန်းများဖွင့်လှစ်ပေးခြင်းနဲ့လက်နက်တပ်ဆင်ခြင်းများကို လုပ်ဆောင်ပေးလျက်ရှိပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်နှင့်သာကီတို့မှ ပေးပို့ထားတာဖြစ်ပါတယ်
No comments:
Post a Comment