၂၀၂၅ မေလ ၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ "ပြည်သူဟာ သေနတ်ပြောင်းဝ လှည့်ရမယ့်ဘက်ကို စေညွှန်သူ ဖြစ်တယ်ဆိုတာ မမေ့ကြဖို့ လိုအပ်ကြောင်း" ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြား
📌 ၂။ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၄ နှစ်ပြည့်နှစ်ပတ်လည်သို့ CRPH သဝဏ်လွှာပေးပို့
📌 ၃။ PDF တပ်မတော် (၄) နှစ်ပြည့်အတွက် NUGပြည်ထောင်စုဝန်ကြီးများ ဆုမွန်ကောင်းတောင်း
📌 ၄။ အာဏာကို သေနတ်နဲ့ လုယူထားတဲ့ အာဏာရှင်တွေအတွက် PDFတပ်မတော်ဟာ ကြီးမားတဲ့ အိမ်မက်ဆိုးနဲ့ ဖိအားဖြစ်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင် ပြောကြား
📌 ၅။ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိသောကြောင့် နိုင်ငံရေးအကျဉ်းသား ကိုဟိဏ်းမင်းသူ အကျဉ်းထောင်အတွင်းကျဆုံး
📌 ၆။ စူပါဖိုးလက်မှတ် စုစုပေါင်း (၅) သိန်းအထိ ကံစမ်းနိုင်
📌 ၇။ PDF တပ်မတော် (၄) နှစ်ပြည့် အထိမ်းအမှတ် ကဗျာစာအုပ် ထုတ်ဝေရန် စီစဉ်နေ
========================
၂၀၂၅ ခုနှစ် မေလ ၆ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ တော်လှန်ရေးဆိုတာ အတိုင်းအဆမရှိတဲ့ အခက်အခဲတွေကို ကျော်ဖြတ်ရင်း စစ်ကျွန်အဖြစ်က လွတ်မြောက်ရေးဆီသို့ ငါတို့ကိုယ်တိုင် ရွေးချယ်ခဲ့တဲ့လမ်းဖြစ်တယ်”လို့ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် မိန့်ခွန်းပြောကြား
🚩 ၂။ PDF တပ်မတော် ထူထောင်ခြင်း (၄) နှစ်ပြည့်တဲ့အချိန်မှာ ကိုယ်ဟာ မင်းအောင်လှိုင် မုန်းတီးရေးသမား အဆင့်မှာဘဲ ရှိနေသေးသလား၊ တော်လှန်ရေးသမား စစ်စစ်ဖြစ်ပြီလားလို့ ဒေါက်တာစိုးသူရဇော် မေးခွန်းထုတ်
🚩 ၃။ ဘန့်ဘွေးကုန်း ပျူစောထီး လင်မယားကို ပျဉ်းကတိုးခင်းရွာ အနီးမှာ အရှင်ဖမ်းဆီးရမိ
🚩 ၄။ မူတြော်ခရိုင်မှာ ဧပြီလအတွင်း စစ်ကောင်စီ ဗိုလ်မှူးအဆင့် ၂ ဦး အပါအဝင် ၃၉ ဦး သေဆုံး၊ ၅၅ ဦး ဒဏ်ရာရ
🚩 ၅။ KNU တပ်မဟာ (၁) နယ်မြေအတွင်းက ကျေးရွာ၊ ဆေးရုံနဲ့ ဘုန်းကြီးကျောင်းတို့ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ "ပြည်သူဟာ သေနတ်ပြောင်းဝ လှည့်ရမယ့်ဘက်ကို စေညွှန်သူ ဖြစ်တယ်ဆိုတာ မမေ့ကြဖို့ လိုအပ်ကြောင်း" ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြား
မေလ ၅ရက်
Radio NUG
"ပြည်သူဟာ သေနတ်ပြောင်းဝ လှည့်ရမယ့်ဘက်ကို စေညွှန်သူ ဖြစ်တယ်ဆိုတာ မမေ့ကြဖို့ လိုအပ်ကြောင်း" ပြည်သူ့ကာကွယ်ရေးတပ်မတော် တည်ထောင်ခြင်း (၄) နှစ်ပြည့်အခမ်းအနား၌ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော် ယာယီသမ္မ ဒူဝါလရှီးလက ပြောကြားတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောပါတယ်။
"ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့အတွက် လက်နက်နဲ့ပတ်သက်ပြီး လေးနက်တဲ့ ခံယူချက်မရှိရင် တိုင်းပြည်နဲ့ ပြည်သူ့အတွက် အန္တရာယ်ရှိတဲ့အဖွဲ့အစည်း ဖြစ်သွားနိုင်ပါတယ်။ ကျွန်တော် ယခုပြောတဲ့အချက်ဟာ လက်နက်ကိုင်လမ်းစဥ်နဲ့ လူထုလမ်းစဥ် ယှဥ်တွဲနေတဲ့ နေရာမှာ ခိုင်မာသော နိုင်ငံရေးအမြင်တစ်ရပ်ကို လေးနက်စွာ ခံယူထားရေးကို ပြောနေတာဖြစ်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ အခြေခံမူဟာ ပြည်သူကို ကာကွယ်ဖို့ ဖြစ်ပြီး ပြည်သူကို ရန်ပြုဖို့ မဟုတ်ဘူးဆိုတာ လေးလေးနက်နက် ခံယူထားဖို့သာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ရန်သူအပေါ် မီးလိုကျင့်ပြီး ပြည်သူအပေါ် ရေလို ကျင့်ဖို့ လိုပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ဟာ ရန်သူအပေါ် နေလိုကျင့်ပြီး ပြည်သူအပေါ် လလိုကျင့်ဖို့ လိုပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်သားတွေ အရေးတော်ပုံတပ်သားတွေ ကိုင်စွဲထားတဲ့ သေနတ်ပြောင်းဝဟာ ဘယ်သူ့ဘက်ကို လှည့်ရမလဲဆိုတာ ပြည်သူက ပြန်လည်ဆုံးဖြတ်တာ ဖြစ်ပါတယ်။ ပြည်သူဟာ သေနတ်ပြောင်းဝလှည့်ရမယ့်ဘက်ကို စေညွှန်သူ ဖြစ်တယ်ဆိုတာ မမေ့ကြဖို့လိုပါတယ်" လို့ ယာယီသမ္မတက ပြောပါတယ်။
ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ အမိအဖဟာ ပြည်သူသာ ဖြစ်ကြောင်းလည်း ယာယီသမ္မတက ထပ်လောင်းပြောပါတယ်။
========================
📌📌 ၂။ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၄ နှစ်ပြည့်နှစ်ပတ်လည်သို့ CRPH သဝဏ်လွှာပေးပို့
မေလ ၅ရက်
Radio NUG
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းယူပြီးနောက် ဖွဲ့စည်းတည်ထောင်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ ၄ နှစ်ပြည့်နှစ်ပတ်လည်နေ့သို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)မှ သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။
သဝဏ်လွှာတွင် နွေဦးတော်လှန်ရေး၏ အောင်မြင်မှုများတွင် PDF ၏ အဓိကကဏ္ဍပါဝင်မှုကို အသိအမှတ်ပြုထားပြီး၊ တိုက်ပွဲများအတွင်း အသက်ပေးဆပ်ခဲ့ရသည့် PDF တပ်ဖွဲ့ဝင်များ၏ စွန့်လွှတ်အနစ်နာခံမှုများက စစ်အာဏာရှင်များကို တုန်လှုပ်စေခဲ့တယ်လို့ ဆိုထားပါတယ်။
CRPH သည် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် လူမျိုးပေါင်းစုံ၊ အင်အားစုအသီးသီးနှင့် လက်တွဲဆောင်ရွက်နေကြောင်း အလေးထားပြောကြားသည့်အပြင် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များသည်လည်း မြေပြင်တွင် PDF အပါအဝင် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းတာဝန်ထမ်းဆောင်နေကြောင်း ဖော်ပြထားပါတယ်။
သဝဏ်လွှာ၏ နိဂုံးတွင် တိုက်ပွဲများအတွင်း ကျဆုံးခဲ့သည့် အာဇာနည်သူရဲကောင်းများအား ဦးညွှတ်အလေးပြုကာ၊ PDF တပ်ဖွဲ့များ ဆက်လက်အောင်မြင်မှုများ ရရှိရန် ဆုတောင်းမေတ္တာပို့သထားပါတယ်။
========================
📌📌 ၃။ PDF တပ်မတော် (၄) နှစ်ပြည့်အတွက် NUGပြည်ထောင်စုဝန်ကြီးများ ဆုမွန်ကောင်းတောင်း
မေလ ၅ရက်
Radio NUG
PDF တပ်မတော် (၄) နှစ်ပြည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးများ ဆုမွန်ကောင်းတောင်းပေးထားပါတယ်။
"ယခု ၄ နှစ် ပြည့်မြောက်တဲ့အထိ ရဲစွမ်းသတ္တိအပြည့်နဲ့ ပါဝင်နေကြတဲ့အတွက်ရော အာဏာရှင်စနစ်ကို ဖြိုချ ဖျက်ဆီးပစ်နိုင်ရေးအတွက် ရှေ့ဆက်တိုက်ပွဲဝင်နေတဲ့အတွက်ရော ပြည်သူတစ်ရပ်လုံးကိုယ်စား ကျေးဇူးတင်ကြောင်းလည်း ပြောကြားလိုပါတယ်။ ပြည်သူလူထုတစ်ရပ်လုံးကလည်း ဘယ်သူကမွေးမွေး ငါတို့ရင်သွေးဆိုတဲ့စိတ်ထားနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ဖွဲ့ဝင်တွေကို အားပေးနေကြသလို ဆက်လက်ပံ့ပိုးအားပေးကြဖို့လည်း တိုက်တွန်းလိုပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း ပြည်သူ့ရင်သွေးများနဲ့အတူ နွေဦးတော်လှန်ရေး အောင်မြင်သည်အထိ ရောက်ရာနေရာ ကျရာတာဝန်ကို ကျေပွန်အောင်ကြိုးစားရင်း ဆက်လက် တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းကိုလည်း ထပ်လောင်း အတည်ပြုပြောကြားလိုပါတယ်"လို့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဆိုပါတယ်။
ထို့အပြင် "PDF တပ်မတော် ၄ နှစ်ပြည့်သို့ ပြည်သူကို အကာအကွယ်မပေးတော့တဲ့ စစ်တပ်၊ အဲ့ဒီ စစ်တပ် Institution အနေအထိုင်မတတ်လို့ ပျက်စီး ချွတ်ခြုံကျခဲ့ရတဲ့ တိုင်းပြည်မှာ ၄ နှစ်သား - ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF လူငယ်တွေဟာ ၂၁ ရာစု မျိုးဆက်များပီပီ တော်လှန်ရေးနဲ့အတူ တပ်မတော်ဆိုတာ တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းမှာ ဘယ်လိုအနေအထိုင်တတ်ရသလဲ ဆိုတဲ့အထိ အသက်တွေ ဘဝတွေ ယုံကြည်မှုတွေနဲ့ ရင်းနှီးပေးဆပ် အောင်ပွဲတွေကို ပြည်သူ့လက်အပ်နိုင်ခဲ့ကြတယ်။ ပေးဆပ်၊ ရင်းနှီးရုန်းကန်မှုတွေနဲ့အတူ တော်လှန်ရေး အောင်ပွဲ သာမက တည်ဆောက်ရေး အမြုတေ အဖြစ်ပါ စံပြုထိုက်တဲ့ PDF တပ်မတော်အဖြစ် ပြည်သူ့နှလုံးသိမ်းကြုံးယူနိုင်ပါစေ။ လေးစားဦးညွှတ် ဂုဏ်ပြု လိုက်ရပါတယ် PDF"လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်ကလည်း ဆိုပါတယ်။
အလားတူ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက "အာဏာရှင်စနစ်မှန်သမျှ ရိုက်ချိုးနိုင်သော ပြည်သူ့ကာကွယ်ရေးတပ်မတော်သားကောင်းများ ဖြစ်ကြပါစေ။ ပြည်သူအားလုံးက ချစ်ခင်လေးစား၊ ယုံကြည်အားကိုးပြီး စစ်သည်တော်ကျင့်ဝတ်ကို ခိုင်မြဲစွာ ကျင့်ကြံနိုင်သော ပြည်သူ့ရင်သွေးများ ဖြစ်ကြပါစေ။"လို့ ဆုတောင်းပေးထားပါတယ်။
ထို့အတူ " အဆုံးစွန်အထိ ပေးဆပ်စွန့်လွှတ်နေကြသော PDF များအတွက် အဆုံးစွန်အထိ အာမခံချက်ပေးနိုင်သော NUG ဖြစ်ရပါလို၏။ နိုင်ငံတော်နှင့် ပြည်သူကို ကာကွယ်စောင့်ရှောက်နိုင်သော ပြည်သူ့တပ်မတော်အဖြစ် ပေါ်ထွန်းလာပါစေ" ပညာရေးနှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဆုတောင်းမေတ္တာ ပို့သထားပါတယ်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးမှလည်း " အာဏာရှင်စနစ်အပါအဝင် မည်သည့်အာဏာရှင်စနစ်ကိုမဆို တွန်းလှန်ချေမှုန်းနိုင်ပြီး တိုက်ပွဲတိုင်းအောင်မြင်ကြပါစေ။ စစ်သားကောင်း တစ်ယောက်ရဲ့ မှတ်ကျောက်ဖြစ်တဲ့ သွေးချွေးရင်းနှီးပေးဆပ်မှုများကို မျက်ဝါးထင်ထင်မြင်တွေ့နေရတဲ့အတွက် လေးစားဂုဏ်ယူပါတယ်။ ပြည်သူကိုချစ်သော ပြည်သူကချစ်သော စစ်တပ်ကြီးအဖြစ် အောင်ပွဲအဆက်ဆက်ယူနိုင်ကြပါစေ။" လို့ ဆုမွန်ကောင်းတောင်းပေးထားပါတယ်။
PDF တပ်မတော် (၄) နှစ်ပြည့်အတွက် NUGအစိုးရတစ်ဖွဲ့လုံးကလည်းPDFရဲဘော်များကို ချီးကျူးဂုဏ်ပြုစကား ဆိုခဲ့ကြပါတယ်။
========================
📌📌 ၄။ အာဏာကို သေနတ်နဲ့ လုယူထားတဲ့ အာဏာရှင်တွေအတွက် PDFတပ်မတော်ဟာ ကြီးမားတဲ့ အိမ်မက်ဆိုးနဲ့ ဖိအားဖြစ်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင် ပြောကြား
မေလ ၅ရက်
Radio NUG
အာဏာကို သေနတ်နဲ့ လုယူထားတဲ့ အာဏာရှင်တွေအတွက် PDFတပ်မတော်ဟာ ကြီးမားတဲ့ အိမ်မက်ဆိုးနဲ့ ဖိအားဖြစ်နေတယ်လို့ မေလ ၅ရက်မှာ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က ပြောပါတယ်။
"၂၀၂၁ တော်လှန်ရေးရဲ့အစ။ ဖက်ဒရယ် တပ်မတော် (Federal Army) ထူထောင်ရမယ်လို့ အသံတွေညံလာချိန်။ ဖက်ဆစ်စစ်တပ်ရဲ့ ယုတ်မာမှုကို ခုခံကာကွယ်ရင်း လူထုက လက်နက်ကိုင်ပြီး တုန့်ပြန်လာချိန်မှာ ပြည်သူကိုအခြေပြုထားတဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် Peoples Defence Force ဆိုတဲ့အဖွဲမျိုးနဲ့ စသင့်တယ်ဆိုပြီး စခဲ့ကြတာ ၄ နှစ်တောင်ပြည့်ခဲ့ပြီ။ ဒါဟာစစ်အာဏာရှင်ကို ဖြုတ်ချဖို့ အကြီးမားဆုံးတန်ပြန်လှုပ်ရှားမှု ဖိအားဖြစ်လာခဲ့တယ်။ နှစ်ပေါင်းများစွာ အာဏာကို သေနတ်နဲ့ လုယူထားတဲ့ အာဏာရှင်တွေအတွက် ကြီးမားတဲ့ အိမ်မက်ဆိုး ဖိအားဖြစ်နေတယ်။ ဒါကြောင့် ဒီကနေ့ထိ အသက်သွေးချွေးပေါင်းများစွာနဲ့ ရင်းနှီးထားရတဲ့ ဒီတော်လှန်ရေးမှာ ရှေ့ဆုံးတန်းကနေ တိုက်ပွဲဝင်နေကြသူအပေါင်းကို လေးစားဂုဏ်ယူလျှက်ပါ" လို့ဝန်ကြီးက ပြောပါတယ်။
========================
📌📌 ၅။ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိသောကြောင့် နိုင်ငံရေးအကျဉ်းသား ကိုဟိဏ်းမင်းသူ အကျဉ်းထောင်အတွင်းကျဆုံး
မေလ ၅ရက်
Radio NUG
ကသာအကျဉ်းထောင်တွင် ပုဒ်မ ၅၀(ည)၊ ၅၂(က)၊ ၅၂(ခ)တို့ဖြင့် မတရားဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ်(၁၅)နှစ် မတရားအကျဉ်းချခံထားရသည့် ကိုဟိဏ်းမင်းသူ(ခ)အာနိုး အသက်(၃၃)နှစ်သည် အကျဉ်းကျနေစဉ် အတက်ရောဂါဝေဒနာကို ခံစားခဲ့ရပြီး ရောဂါခံစားရစဉ် အကျဉ်းထောင်အတွင်း လုံလောက်စွာ ဆေးဝါးစောင့်ရှောက်မှုမရရှိသောကြောင့် ၂၀၂၅ခုနှစ် ဧပြီလ(၂၆)ရက်နေ့တွင် အတက်ရောဂါဖြင့် ကျဆုံးခဲ့ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက်(PPNM) မှ သတင်းထုတ်ပြန်ပါတယ်။
ကိုဟိဏ်းမင်းသူသည် ၂၀၂၃ခုနှစ်ဇွန်လ(၅)ရက်နေ့တွင် စစ်ကောင်စီ၏ အကြမ်းဖက်ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ၂၀၂၄ခုနှစ် မတ်လ(၂၈)ရက်နေ့တွင် စွဲဆိုထားသည့် ပုဒ်မသုံးခုဖြင့် ထောင်ဒဏ်(၁၅)နှစ်ချမှတ်ခံထားရသူဖြစ်တယ်လို့ သိရပါတယ်။
========================
📌📌 ၆။ စူပါဖိုးလက်မှတ် စုစုပေါင်း (၅) သိန်းအထိ ကံစမ်းနိုင်
မေလ ၅ရက်
Radio NUG
စူပါဖိုးလက်မှတ် စုစုပေါင်း (၅) သိန်းအထိ ကံစမ်းနိုင်ကြောင်းနွေဦးထီက မေလ၅ရက်မှာ အသိပေးဆိုပါတယ်။
"Weekly Super 4 မှာ 0000 မှ 9999 အထိ နံပါတ်စဉ် တစ်သောင်း အထိ စိတ်ကြိုက် အပတ်စဉ် ဝယ်ယူ ရရှိနိုင်သလို နံပါတ်တူ တစ်ခုကို အများဆုံးအကြိမ်ရေ (၅၀) အထိ ပိုင်ဆိုင်ခွင့် ရှိတာကြောင့် စူပါဖိုးလက်မှတ် စုစုပေါင်း ပေါင်း (၅) သိန်းအထိ ကံစမ်းနိုင်မှာပါ။ အမှတ်တရ နံပါတ်တွေ၊ မွေးရက် နံပါတ်လေးတွေကို ရိုက်ထည့်ပြီး ကံတရားကို စိန်ခေါ်ကြည့်နိုင်သလို SDB ၊ NOH Gift Card ၊ Dolpha pay တို့ဖြင့်လည်း လွယ်ကူစွာ ငွေသွင်းနိုင်တယ်"လို့ဆိုပါတယ်။
Weekly Super 4 မှာ ဆုအမျိုးအစား (၆) ခုသတ်မှတ်ထားပြီး အပတ်စဥ် တနင်္ဂနွေနေ့တိုင်း ချီးမြှင့်သွားမယ့် ဆုငွေတွေကတော့ -First Prize (ပထမဆု) - ၁,၀၀၀,၀၀၀ ကျပ်၊ Second Prize (ဒုတိယဆု) - ၅၀၀,၀၀၀ ကျပ်၊ Third Prize (တတိယဆု) - ၂၅၀,၀၀၀ ကျပ်၊ Fourth Prize (စတုတ္ထဆု) - ၁၂၅,၀၀၀ ကျပ်၊ Fifth Prize (ပဉ္စမဆု) - ၆၂,၅၀၀ ကျပ်၊ Last 1 Digit (နောက်ဆုံးတစ်လုံးတူ) - ၂,၀၀၀ ကျပ်တို့ကို ကံထူးဖို့ မေလ ၄ ရက်နေ့ မြန်မာချိန် နံနက် ၉ နာရီ မှာ web app မှတဆင့် စတင် ဝယ်ယူနိုင်ပြီဖြစ်ပါတယ်။
တနင်္ဂနွေနေ့ တိုင်း နေ့လည် ၁၂ နာရီမှာ အလိုအလျောက် True Random စနစ်ဖြင့် ကံထူးသူများ၏ Nway Oo Hti အကောင့်ထဲသို့ တိုက်ရိုက် ချီးမြှင့်သွားမှာဖြစ်ပါတယ်။
========================
📌📌 ၇။ PDF တပ်မတော် (၄) နှစ်ပြည့် အထိမ်းအမှတ် ကဗျာစာအုပ် ထုတ်ဝေရန် စီစဉ်နေ
မေလ ၅ ရက်နေ့၊
Radio NUG
ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တည်ထောင်ခြင်း (၄) နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် အမှတ်တရ ကဗျာစာအုပ် ထုတ်ဝေရန် စီစဉ်နေကြောင်း “The Call” “ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းထံက သိရပါတယ်။
အဆိုပါ ကဗျာစာအုပ်တွင် PDF တွေရဲ့ ရဲစွမ်းသတ္တိနှင့် ဂုဏ်ရောင် ထွန်းပြောင်မှုတို့ကို ဖော်ကျူးသော၊ နွေဦး တော်လှန်ရေး တိုက်ပွဲပုံရိပ်များကို ဖော်ကျူးသော၊ ၄ နှစ်ပြည်မြောက်တဲ့အထိ မဆုတ်မနစ် တိုက်ပွဲဝင်နေကြတဲ့ လူထုရဲ့ နွေဦး တော်လှန်ရေး အောင်ပွဲရတဲ့အထိ ရှေ့ဆက် တော်လှန်ရေး ခရီးတလျောက် စိတ်ခွန်အား လှုံ့ဆော် ပေးနိုင်စွမ်းသော၊ လူထုရဲ့ ရင်းနှီးပေးဆပ်မှုများကို အမှတ်တရ ရှိစေသော ကဗျာများ ပေးပို့ကြရန် The Call က ဖိတ်ခေါ်ထားပါတယ်။
အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနကလည်း ယခုလို အမှတ်တရ ကဗျာစာအုပ် ထုတ်ဝေနိုင်ရန် စီစဉ်နေခြင်းအပေါ် အထူးဝမ်းမြောက်ရကြောင်း အသိပေး ထုတ်ပြန်ထားပါတယ်။
ထို့အပြင် PDF တပ်ဖွဲ့ဝင်များအနေနဲ့ ထက်မြတ်တဲ့ တိုက်ခိုက်စွမ်းရည်များကို ပြသခဲ့ကြတဲ့ အလားတူ မိမိတို့ရဲ့ အနုပညာ ဖန်တီးမှု စွမ်းရည်ကို ပါဝင်ပြသရန် အခွင့်အခါကောင်းတစ်ခု ရရှိလာတဲ့အတွက် ကဗျာများ ရေးဖွဲ့ပေးပို့ကြဖို့ကို ကာကွယ်ရေး ဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော် ထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီ၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ တော်လှန်ရေးဆိုတာ အတိုင်းအဆမရှိတဲ့ အခက်အခဲတွေကို ကျော်ဖြတ်ရင်း စစ်ကျွန်အဖြစ်က လွတ်မြောက်ရေးဆီသို့ ငါတို့ကိုယ်တိုင် ရွေးချယ်ခဲ့တဲ့လမ်းဖြစ်တယ်”လို့ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် မိန့်ခွန်းပြောကြား
မေလ ၅ရက်
Radio NUG
မေလ ၅ ရက်နေ့သည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ စိတ်ခွန်အားဖြည့်မိန့်ခွန်းတစ်ရပ်ကို ပြောကြားခဲ့ပါတယ်။
ဦးရည်မွန်က ၎င်း၏မိန့်ခွန်းတွင် PDF ၏ (၄) နှစ်တာခရီးလမ်းကို ပြန်လည်ဆန်းစစ်ရင်း၊ စစ်အာဏာရှင်စနစ်ကို ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် အသက်၊ သွေး၊ ချွေးနှင့် ခန္ဓာကိုယ်ပေးဆပ်ခဲ့သူများအား ဦးညွှတ်ဂုဏ်ပြုခဲ့ပါတယ်။
“တော်လှန်ရေးဆိုတာ အတိုင်းအဆမရှိတဲ့ အခက်အခဲတွေကို ကျော်ဖြတ်ရင်း စစ်ကျွန်အဖြစ်က လွတ်မြောက်ရေးဆီသို့ ငါတို့ကိုယ်တိုင် ရွေးချယ်ခဲ့တဲ့လမ်းဖြစ်တယ်” ဟု ၎င်းက ပြတ်သားစွာ ပြောကြားခဲ့ပါတယ်။
ဦးရည်မွန်က PDF ၏ အောင်မြင်မှုများ နောက်ကွယ်တွင် အဓိကအားသာချက်သုံးရပ်ရှိကြောင်း ထောက်ပြထားပါတယ်။
ပထမအချက်မှာ "မြေပြင်ပိုင်စိုးမှု"ဖြစ်ပြီး၊ သုံးနှစ်ကျော်ကြာ ပြည်သူ့ခုခံတွန်းလှန်စစ်ကို မဆုတ်မနစ်ဆင်နွှဲခဲ့ခြင်းက ရန်သူ၏ ထောက်ပို့လမ်းကြောင်းများကို ပြတ်တောက်စေကာ မြို့သိမ်းတိုက်ပွဲများတွင် အောင်မြင်မှုရရှိခဲ့သည်။ ဒုတိယအချက်မှာ "ပြည်သူလူထု၏ ထောက်ခံပါဝင်မှု"ဖြစ်ပြီး၊ ပြည်သူများက PDF ရဲဘော်များအား စားနပ်ရိက္ခာနှင့် စိတ်ဓာတ်ခွန်အားဖြည့်ပေးခဲ့သည်။ တတိယအချက်မှာ "ရေရှည်တောင့်ခံနိုင်စွမ်း"ဖြစ်ပြီး၊ အင်းတော်မြို့သိမ်းတိုက်ပွဲတွင် ၈ လကြာ စိတ်ရှည်ဇွဲဖြင့် ဆင်နွှဲခဲ့မှုက ဤအောင်ပွဲ၏ အဓိကသော့ချက်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ဤအထိမ်းအမှတ်နေ့၏ ထူးခြားမှုတစ်ခုမှာ အင်းတော်မြို့ကို PDF နှင့် မဟာမိတ်အဖွဲ့များက “လေးနှစ်ပြည့်မွေးနေ့လက်ဆောင်” အဖြစ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး ဦးရည်မွန်က ဤသမိုင်းဝင်အောင်ပွဲသည် တော်လှန်ရေးအတွက် နမူနာယူစရာအတွေ့အကြုံများပေးခဲ့သည်ဟု ချီးကျူးထားပါတယ်။
ထို့ပြင် ၎င်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပြည်သူအပေါ် အကြမ်းဖက်မှုများကို ရပ်တန့်ပြီး တရားမျှတသော တော်လှန်ရေးဘက်သို့ ပြောင်းလဲလာရန် တိုက်တွန်းခဲ့ပြီး “စစ်တပ်ကိုယ်တိုင်လည်း ချမ်းသာရာရမယ်” ဟု ၎င်းက ပြတ်သားစွာ သတိပေးထားပါတယ်။
ဦးရည်မွန်က ပြည်သူများအား စစ်ကောင်စီ၏ လေကြောင်းအကြမ်းဖက်မှုများကို သတိထားရန်နှင့် PDF ရဲဘော်များအနေဖြင့် ပြည်သူများကို အန္တရာယ်မှ ကာကွယ်ရန် ပိုမိုအားစိုက်ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။ ထို့အပြင် မြန်မာ့အရေးသည် ကမ္ဘာ့အခင်းအကျင်းနှင့် ဆက်စပ်လာနေပြီး၊ ပြည်ပနိုင်ငံအချို့၏ စစ်ကောင်စီအား အားပေးမှုများကို သတိကြီးကြီးထားရန် ပြည်သူများကို နှိုးဆော်ထားပါတယ်။
မိန့်ခွန်းအဆုံးတွင် ဦးရည်မွန်က “ငါတို့မှာ မွန်မြတ်တဲ့ ရည်မှန်းချက်ရှိတယ်။ ငါတို့မှာ ပြည်သူတွေရှိတယ်။ ငါတို့ရဲ့ စစ်ပညာနဲ့ တိုက်စွမ်းရည်ကို မြှင့်တင်ကြမယ်” ဟု ပြောကြားရင်း၊ PDF နှင့် မဟာမိတ်များ ပိုမိုစည်းလုံးညီညွတ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဟာဗျူဟာမြောက် တိုက်ပွဲဝင်ကြရန် တိုက်တွန်းခဲ့ပါတယ်။
========================
🚩🚩 ၂။ PDF တပ်မတော် ထူထောင်ခြင်း (၄) နှစ်ပြည့်တဲ့အချိန်မှာ ကိုယ်ဟာ မင်းအောင်လှိုင် မုန်းတီးရေးသမား အဆင့်မှာဘဲ ရှိနေသေးသလား၊ တော်လှန်ရေးသမား စစ်စစ်ဖြစ်ပြီလားလို့ ဒေါက်တာစိုးသူရဇော် မေးခွန်းထုတ်
မေလ ၅ရက်
Radio NUG
၂၀၂၅ ခုနှစ်၊ မေလ ၅ ရက်တွင် ကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ ၄ နှစ်ပြည့်နှစ်ပတ်လည်နေ့တွင် မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဦးစီးအဖွဲ့ဝင် ဒေါက်တာစိုးသူရဇော်က ၎င်း၏ တော်လှန်ရေးခံယူချက်များကို ထုတ်ဖော်ပြောကြားထားပါတယ်။
လက်ရှိတော်လှန်ရေးသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ပုဂ္ဂိုလ်ရေးအရ မုန်းတီးမှုမဟုတ်ဘဲ၊ အာဏာရှင်စနစ်နှင့် ၎င်း၏ ဖိနှိပ်မှုများကို ဖယ်ရှားရန် ရည်ရွယ်သည့် စနစ်ပြောင်းလဲရေးဖြစ်ကြောင်း အလေးထားပြောကြားထားပါတယ်။
“ဒီလူ့လောကကြီးမှာ ကျွန်တော် သက်ရှိထင်ရှားရှိတယ်ဆိုတာတောင် မင်းအောင်လှိုင် သိချင်မှ သိပါလိမ့်မယ်။ သို့သော် လက်ရှိအချိန်မှာ ကျွန်တော်သည် ပြည်သူ့ကာကွယ်ရေး တပ်မတော်က စစ်သည်တစ်ယောက်အနေနဲ့ မင်းအောင်လှိုင် စစ်တပ်ကို သည်းကြီးမည်းကြီးနဲ့ ဖက်ပြိုင်တိုက်ခိုက်နေတယ်။” လို့ ဆိုထားပါတယ်။
PDF ၏ တော်လှန်ရေးသည် ပြည်သူလူထုကို ဦးတည်ပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရေးအတွက် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရန် ရည်ရွယ်ကြောင်း၊ အာဏာရှင်စရိုက်သည် မင်းအောင်လှိုင်၊ သန်းရွှေ၊ နေဝင်းတို့၏ သီးသန့်လက္ခဏာမဟုတ်ဘဲ၊ မည်သည့်ပုဂ္ဂိုလ်တွင်မဆို ပေါ်ပေါက်နိုင်တယ်လို့ ထောက်ပြထားပါတယ်။
"PDF တပ်မတော် ထူထောင်ခြင်း (၄) နှစ်ပြည့်တဲ့အချိန်မှာ ကိုယ်ဟာ မင်းအောင်လှိုင် မုန်းတီးရေးသမား အဆင့်မှာဘဲ ရှိနေသေးသလား၊ တော်လှန်ရေးသမား စစ်စစ်ဖြစ်ပြီလား ဆိုတာ ကျွန်တော်တို့ PDF တွေ ကိုယ့်ကိုယ်ကို အားမနာတမ်း ပြန်မေးကြည့်ဖို့လိုပါတယ် ” ဟု ပြန်လည်သုံးသပ်ရန် တိုက်တွန်းထားပါတယ်။
မင်းအောင်လှိုင်မုန်းတီးရေးသာလုပ်ပါက အာဏာရှင်တစ်ဦးကို အခြားတစ်ဦးဖြင့် အစားထိုးရုံသာဖြစ်မည်ဟုလည်း သတိပေးထားပါတယ်။
“တော်လှန်ရေးသမားစစ်စစ်တွေ များလာမှသာ တိုင်းပြည်ရဲ့အနာဂတ်က ကောင်းမွန်လာမယ်” ဟု ၎င်းက ယုံကြည်ချက်ပြင်းထန်စွာ ပြောကြားပါတယ်။
လက်ရှိတော်လှန်ရေးသည် မြန်မာနိုင်ငံ၏ အနာဂတ်မျိုးဆက်များအတွက် ပိုမိုတရားမျှတသော လွတ်လပ်သည့် နိုင်ငံတစ်ခုကို ချန်ထားနိုင်ရန် ဖြစ်ကြောင်း အလေးထားပြောကြားထားပါတယ်။
========================
🚩🚩 ၃။ ဘန့်ဘွေးကုန်း ပျူစောထီး လင်မယားကို ပျဉ်းကတိုးခင်းရွာ အနီးမှာ အရှင်ဖမ်းဆီးရမိ
မေလ ၅ ရက်နေ့၊
Radio NUG
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ရွေးကုန်းအုပ်စု၊ ဘန့်ဘွေးကုန်းကျေးရွာက စစ်ကောင်စီ သတင်းပေး ပျူစောထီး လင်မယား ၂ ဦးကို စိန်ကန့်လန့် - မြို့ချောင်း ရိုးမဖြတ်ကျော်လမ်းဘေးရှိ ပျဉ်းကတိုးခင်းရွာအနီးမှာ ဖမ်းဆီးရမိခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ က ထုတ်ပြန်ထားပါတယ်။
မေလ ၄ ရက်နေ့ နေ့လည် ၁၂ နာရီခန့်မှာ ရိုးမဖြတ်ကျော်လမ်းအတိုင်း ဖောကားဖြင့်လာတဲ့ ပျူစောထီး မြဇော်ဦးနဲ့ ဒေါ်ယူပီတို့ နှစ်ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကာ ဖောကား တစ်စီး၊ စစ်ကောင်စီနဲ့ ဆက်သွယ် ပြောဆိုထားတဲ့ ဖုန်းတစ်လုံး၊ လက်စွပ်တစ်ကွင်း၊ နားကပ်တစ်ရံကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
၎င်းတို့ ၂ ဦးကို စစ်ဆေးနေချိန်မှာ စစ်ကောင်စီ စစ်ကြောင်း တက်လာတယ်လို့ သတင်းရတာကြောင့် ရဲဘော်များ ပြန်လည်တိုက်ခိုက်ရန် ပြင်ဆင်နေချိန်မှာ အခွင့်ကောင်းယူပြီး ထွက်ပြေးသွားခဲ့တာကြောင့် လိုက်လံဖမ်းဆီးခဲ့ရာ ကျည်ထိမှန် သေဆုံးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပျူစောထီး မြဇော်ဦးနဲ့ ဒေါ်ယူပီဟာ စစ်ကောင်စီထံ မမှန်သတင်းပေးကာ ပြည်သူများအား ဖမ်းဆီးခိုင်းခြင်း၊ စစ်ရှောင်ပြည်သူများ စိုက်ပျိုးထားတဲ့ သီးနှံများအပြင် နေအိမ်များကို စစ်ကောင်စီနဲ့ ပေါင်းကာ မတရား ဖျက်ဆီး ရယူခြင်း၊ စစ်ကောင်စီအား ရိက္ခာထောက်ပံ့ပေးခြင်း၊ ရိုးမပေါ် သွားလာရေးအတွတ် ဖောကားဖြင့် အကြိုအပို့ လုပ်ဆောင်ပေးခြင်း၊ တော်လှန်ရေး တပ်ဖွဲ့များရဲ့ အချက်အလက်များနဲ့ စခန်း တည်နေရာများကို စစ်ကောင်စီထံ သတင်းပေးပို့ခြင်းများ ပြုလုပ်နေတာကြောင့် ထိုသို့ မလုပ်ဆောင်ရန် အကြိမ်ကြိမ် ဖုန်းဆက် သတိပေးခဲ့ပေမယ့် လိုက်နာခဲ့ခြင်း မရှိသူများ ဖြစ်ကြတယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ မူတြော်ခရိုင်မှာ ဧပြီလအတွင်း စစ်ကောင်စီ ဗိုလ်မှူးအဆင့် ၂ ဦး အပါအဝင် ၃၉ ဦး သေဆုံး၊ ၅၅ ဦး ဒဏ်ရာရ
မေလ ၅ ရက်နေ့၊
Radio NUG
ကရင့်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မူတြော်ခရိုင်မှာ ဧပြီလတစ်လအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများမှာ စစ်ကောင်စီတပ်မှ ဗိုလ်မှူး အဆင့် ၂ ဦး အပါအဝင် ၃၉ ဦး သေဆုံးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
ဧပြီ ၁ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း KNLA အမှတ် (၅) တပ်မဟာနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲကြီး/ငယ် စုစုပေါင်း ၁၃၉ ကြိမ်ထိ ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၂ ဦး၊ တပ်ကြပ်ကြီး ၁ ဦး အပါအဝင် ၃၉ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ထို့အပြင် ဒု-တပ်ကြပ် တစ်ဦး အပါအဝင် ၅၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ အဆောက်အဦး ၉ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က အရပ်သား ပြည်သူများ နေထိုင်ရာ ကျေးရွာများကို လက်နက်ကြီး ၇ ကြိမ်၊ တိုက်လေယာဉ်ဖြင့် ဗုံး ၁၄ လုံးထိ ကြဲချ တိုက်ခိုက်ခဲ့ရာ အရပ်သား ပြည်သူ ၂ ဦး သေဆုံးခဲ့ရပြီး ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၅။ KNU တပ်မဟာ (၁) နယ်မြေအတွင်းက ကျေးရွာ၊ ဆေးရုံနဲ့ ဘုန်းကြီးကျောင်းတို့ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်
မေလ ၅ ရက်နေ့၊
Radio NUG
ကရင့်အမျိုးသား အစည်းအရုံး၊ KNU တပ်မဟာ (၁) ထိန်းချုပ်နယ်မြေ၊ သထုံခရိုင်၊ ဘားအံမြို့နယ်၊ ဖလံတောင် ကျေးရွာက တိုက်နယ်ဆေးရုံကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Karen Peace Support Network က ထုတ်ပြန်ထားပါတယ်။
မေလ ၄ ရက်၊ ည ၁၁ နာရီခန့်မှာ ဂျက်ဖိုက်တာနဲ့ ဗုံး၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး လူထိခိုက်မှု မရှိပေမယ့် ဆေးရုံဝင်း အဆောက်အဦး လုံးဝ သုံးမရအောင် ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
ဖလံတောင်ဆေးရုံဟာ NLD အစိုးရလက်ထက်က ဆောက်လုပ်ထားတဲ့ ၁၆ ကုတင်ဆန့် တိုက်နယ်ဆေးရုံ ဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် ၂၀၂၂ ခုနှစ်လောက်ကတည်းက ပိတ်ထားခဲ့ရတာ ဖြစ်ပါတယ်။
အလားတူ မေလ ၄ ရက် နေ့လည်ပိုင်းမှာ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအုပ်စု၊ မိကျောင်းအိုင်ကျေးရွာနဲ့ အနီးတဝိုက်ကို တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့ပြီး ညပိုင်းမှာလည်း ကော့လှိုင်းအုပ်စု၊ ကျုံမှိန်ကျေးရွာအနီးကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
အဆိုပါ တိုက်ခိုက်မှုများအတွင်း လူထိခိုက်မှု မရှိခဲ့ပေမယ့် ဘုန်းကြီးကျောင်းနဲ့ ရာဘာခြံတွေ ထိခိုက် ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် သာကီ၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment