၂၀၂၅ မေလ ၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကျင်းပ
📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနမှ ငလျင်ဘေးသင့်ဒေသများရှိ တိုင်း/ပြည်နယ်အလိုက် ထောက်ပံ့မှု စာရင်းမှတ်တမ်းများထုတ်ပြန်
📌 ၃။ အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်ခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ ဖြစ်စဉ်ပေါင်း - ၃၇၈ မှု နဲ့ သေဆုံးသူပေါင်း ၄,၀၂၃ ဦး ရှိနေ
📌 ၄။ နိုင်ငံတဝန်း ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ မေလ ၈ ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စုမှ ဖမ်းဆီးထိန်းသိမ်းပြီးနောက် သေဆုံးသူ (၂၃) ဦးရှိခဲ့
📌 ၅။ မကြာခင်မှာ လှုပ်ရှားမယ့် Weaponization Of Aid Campaign မှာ ပူးပေါင်း ပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်
========================
၂၀၂၅ ခုနှစ် မေလ ၉ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ရခိုင် စစ်မျက်နှာမှာ အာရက္ခ တပ်တော်နဲ့အတူ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်း ပကဖ တိုက်ခိုက်ရေးရဲဘော်တွေ တိုက်ပွဲဝင်ခဲ့
🚩 ၂။ ညီနောင် သုံးဖွဲ့က အပစ်ရပ်ထားပေမယ့် စစ်ကောင်စီက နောင်ချိုကို ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲ ဖြစ်ပွားနေ
🚩 ၃။ ABSDF နှင့် BLDF တို့ ပထမအကြိမ် အွန်လိုင်းတွေ့ဆုံဆွေးနွေးပွဲ ကျင်းပ
🚩 ၄။ Southern Eagle PDF တပ်ရင်း ဆေးမှူး ရဲဘော် Lightning ပဲခူး-ရန်ကုန်လမ်းပိုင်း တိုက်ပွဲတွင် ကျဆုံး
🚩 ၅။ ကန်တလူရွာ အနီးမှာ ဆက်ကြေးကောက်ဖို့လာတဲ့ ပျူများနဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ပစ်ခတ်တိုက်ခိုက်
🚩 ၆။ ခလယ်လွီထူ ခရိုင်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသမီး တစ်ဦး ဒဏ်ရာရ
🚩 ၇။ ရေးမြို့၊ ခလရ (၁၀၆) တပ်အနီးမှာ အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ဖြတ်ခဲ့ရ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကျင်းပ
မေလ ၈ရက်
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၇/၂၀၂၅) ကို မေလ ၈ရက် မနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပခဲ့ပါတယ်။
အစည်းအဝေးတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၁၆/၂၀၂၅)တွင် ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်ချက်များကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ ဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်။
========================
📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနမှ ငလျင်ဘေးသင့်ဒေသများရှိ တိုင်း/ပြည်နယ်အလိုက် ထောက်ပံ့မှု စာရင်းမှတ်တမ်းများထုတ်ပြန်
မေလ ၈ ရက်
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ မေလ၆ ရက်နေ့အထိ EOCC ၏ ခွင့်ပြုချက်ဖြင့် စစ်ကိုင်းတိုင်း မြေပြင်အုပ်ချုပ်ရေးအဖွဲ့ထံ တိုက်ရိုက်ထောက်ပံ့ထားသော ကျပ် ၇၁၈.၇ သန်း အပါအဝင်၊ ပြည်သူက လှူဒါန်းထားသော အလှူငွေများထဲမှ ဌာနက တိုက်ရိုက်ထောက်ပံ့ထားသော ကျပ် ၃,၇၈၅.၉ သန်းနှင့် CSOs/CBOs များကတဆင့် ချိတ်ဆက်ပြီး ငလျင်ဘေးသင့်ဒေသများရှိ တိုင်း/ပြည်နယ်အလိုက် ထောက်ပံ့မှု စာရင်းမှတ်တမ်းများကို ထုတ်ပြန်ခဲ့ပါတယ်။
ထောက်ပံ့ကူညီမှုများကို ဒုက္ခခံစားနေကြရသော ပြည်သူများထံနေရာဒေသ မခွဲခြားဘဲ ရောက်ရှိအောင် ဆက်လက်ကြိုးစား ဆောင်ရွက်နေတယ်လို့ ဝန်ကြီးဌာနက အသိပေးဖော်ပြပါတယ်။
အစောပိုင်းကာလ ပြန်လည်ထူထောင်မှုအချို့ စတင်နေပြီဖြစ်ပြီး ပြည်သူ့အားဖြင့် အကောင်းဆုံး အကောင်အထည်ဖေါ် သွားမယ်လို့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ဆိုပါတယ်။
၂၀၂၅ ခုနှစ် မတ်လ၂၈ရက် မွန်းလွဲပိုင်းတွင် စစ်ကိုင်းမြို့ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော အင်အား၇.၇အဆင့်ရှိ စစ်ကိုင်းငလျင်ကြောင့် လူဦးရေသုံးထောင်ကျော် သေဆုံးခဲ့ရပါတယ်။
========================
📌📌 ၃။ အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်ခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ ဖြစ်စဉ်ပေါင်း - ၃၇၈ မှု နဲ့ သေဆုံးသူပေါင်း ၄,၀၂၃ ဦး ရှိနေ
မေလ ၈ရက်
Radio NUG
အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်ခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ ဖြစ်စဉ်ပေါင်း ၃၇၈ မှုနဲ့ သေဆုံးသူပေါင်း ၄,၀၂၃ ဦး ရှိနေတယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကို ပေးပို့တိုင်ကြားလာတဲ့အချက်တွေနဲ့ စနစ်တကျကောက်ယူ စုဆောင်းထားတဲ့အချက်တွေကို အခြေခံပြီး ကိန်းဂဏန်းတွေကို သုတေသနပြုလုပ် ဖော်ပြထားတာဖြစ်ပါတယ်။ ဒီ dashboard မှာဖော်ပြထားတဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု (Massacre) ဆိုတာ ဖြစ်စဉ်တစ်ခုတည်းမှာ လူ ၅ဦးနဲ့အထက် သတ်ဖြတ်ခံရတာကို ဆိုလိုခြင်းဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ Dashboard ကိုကြည့်မယ်ဆိုရင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ ဖြစ်စဉ်ပေါင်း ၃၇၈ မှုနဲ့ သေဆုံးသူပေါင်း ၄,၀၂၃ ဦး ရှိနေတာကို တွေ့ရမှာဖြစ်ပြီးတော့ Dashboard မှာ ဖော်ပြထားတဲ့ အချက်အလက်တွေဟာ အကြမ်းဖက်စစ်အုပ်စု အာဏာသိမ်းဖို့ ကြိုးပမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၅ ခုနှစ် ဧပြီလအထိ ကောက်ယူရရှိထားတဲ့ အချက်အလက်တွေဖြစ်တယ်လို့ သိရပါတယ်။
========================
📌📌 ၄။ နိုင်ငံတဝန်း ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ မေလ ၈ ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စုမှ ဖမ်းဆီးထိန်းသိမ်းပြီးနောက် သေဆုံးသူ (၂၃) ဦးရှိခဲ့
မေလ ၈ရက်
Radio NUG
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ မေလ ၈ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုမှ ဖမ်းဆီးထိန်းသိမ်းပြီးနောက် ၎င်းတို့၏ တရားဝင်ထိန်းသိမ်းရေး စခန်းများဖြစ်သော စစ်ကြောရေးတွင် သေဆုံးသူ အမျိုးသား (၄) ဦး၊ ရဲစခန်း၌ သေဆုံးသူ အမျိုးသား (၃) ဦးနှင့် အကျဉ်းထောင်များ၌ သေဆုံးသူ အမျိုးသမီး (၉) ဦးနှင့် အမျိုးသား (၇) ဦး၊ စုစုပေါင်း (၂၃) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ မန္တလေး(အိုးဘို)အကျဉ်းထောင်၌ ထိန်းသိမ်းခံထားရသည့် နိုင်ငံရေးအကျဉ်းသူ မြင့်မြင့်သန်းသည် အဆုတ်ရောဂါခံစားနေခဲ့ရပြီး အကျဉ်းထောင်အတွင်း၌လည်း လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှု မရရှိခဲ့သဖြင့် ရောဂါမှာ ပိုမိုဆိုးရွားလာခဲ့ကာ ၂၀၂၅ ခုနှစ်၊ မေလ ၆ ရက်နေ့တွင် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ကုသစဉ် ထိုနေ့တွင်ပင် သေဆုံးခဲ့ပါတယ်။
မမြင့်မြင့်သန်းသည် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၇ရက်နေ့တွင် အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)ဖြင့် တရားစွဲဆိုခံခဲ့ရကာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ရက်နေ့တွင် ထောင်ဒဏ် ၅နှစ် ချမှတ်ခြင်းခံထားရသူ ဖြစ်ပါတယ်။
========================
📌📌 ၅။ မကြာခင်မှာ လှုပ်ရှားမယ့် Weaponization Of Aid Campaign မှာ ပူးပေါင်း ပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်
မေလ ၈ရက်
Radio NUG
မကြာခင်မှာ လှုပ်ရှားမယ့် Weaponization Of Aid Campaign မှာ ပူးပေါင်း ပါဝင်ကြဖို့ Blood Money Campaign MMက တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
"ငလျင်ကယ်ဆယ်ရေးကာလအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၈၀ ကျော် ပြုလုပ်ခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုလေကြောင်းတိုက်ခိုက်မှုက ယခု ငလျင်မလှုပ်ခင်တည်းက စစ်အုပ်စုတို့ အဓိကထား ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှု အကြမ်းဖက်နည်း တစ်မျိုးဖြစ်ကြောင်း ကျွန်မတို့အားလုံး အသိဖြစ်ပါတယ်။ ငလျင်လှုပ်တဲ့ ကာလအတွင်းမှာပင် စစ်အုပ်စုဘက်က လူမဆန်စွာ ရက်စက်၊ ဆိုးရွားလှတဲ့ ဒီလေကြောင်းတိုက်ခိုက်မှုကို နေ့စဉ်ရက်ဆက် ပြုလုပ်ခဲ့တာက ငြင်းမရတဲ့ အမှန်တရားတစ်ခု ဖြစ်ပါတယ်။ စစ်အုပ်စုဘက်က အပစ်အခတ် ရပ်စဲမယ်ဆိုပြီး ဧပြီလ ၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပေမဲ့ နာရီပိုင်းအတွင်းမှာပဲ ကချင်နဲ့ စစ်ကိုင်းမှာ ဗုံးကြဲခဲ့ပါတယ်"လို့ဆိုပါတယ်။
စစ်အုပ်စုသည် မတ်လ ၂၈ ရက် မှ မေလ ၄ ရက်နေ့အတွင်း လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၂၈၂ ကြိမ် ပြုလုပ်ခဲ့ကာ ပြည်သူ ၂၇၆ ဦး သေဆုံးခဲ့ပြီး ၄၅၆ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြပါတယ်။
"ကျွန်မတို့ပြည်သူတွေရဲ့ အရှင်လတ်လတ် ငရဲထဲရောက်နေရတဲ့ ခံစားချက်တွေကို နည်းနည်းမှ ထောက်ရှုမှု မပြုတဲ့အပြင် ပိုပြီးဆိုးရွားလှတဲ့ အိပ်မက်ဆိုးတွေနဲ့ အတိတ်ဆိုးတွေဘဲ ပေးနေတဲ့ ဒီအကြမ်းဖက်စစ်အုပ်စု တစ်သိုက်ကို အင်အားချိနဲ့ ပြိုလဲဖို့အတွက် တူညီတဲ့ သတင်းစကား မက်ဆေ့ချ်တွေနဲ့ လူထုပါဝါ အသံထုတ်ဖို့ မဖြစ်မနေလိုအပ်ပါတယ်။ လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေဟာ လူထုထံ မရောက်ဘဲ စစ်အုပ်စုက လက်နက်အဖြစ် အသုံးပြုနေတာတွေနဲ့ လူထုထံ အမှန်တကယ် ရောက်မယ့် နည်းလမ်းတွေ၊ လမ်းကြောင်းတွေက တဆင့် ထောက်ပံ့ဖို့အတွက် မကြာခင်မှာ လှုပ်ရှားမယ့် Weaponization Of Aid Campaign မှာ ပူးပေါင်း ပါဝင်ကြဖို့ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများအပါအဝင် ပြည်သူလူထု တစ်ဦးချင်းစီကို တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်"လို့ Blood Money Campaign MMက ဖော်ပြပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ရခိုင် စစ်မျက်နှာမှာ အာရက္ခ တပ်တော်နဲ့အတူ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်း ပကဖ တိုက်ခိုက်ရေးရဲဘော်တွေ တိုက်ပွဲဝင်ခဲ့
မေလ ၈ရက်
Radio NUG
အကြမ်းဖက်စစ်တပ်နဲ့ အပြင်းအထန် တိုက်ခိုက်မှုတွေ ဖြစ်ပွားနေပြီး မြို့သိမ်းတိုက်ပွဲတွေ၊ စစ်ဌာနချုပ်သိမ်းတိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင် စစ်မျက်နှာမှာ အာရက္ခ တပ်တော်နဲ့အတူ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်း ပကဖ တိုက်ခိုက်ရေးရဲဘော်တွေ တိုက်ပွဲဝင်ခဲ့တယ်လို့ မေလ၈ရက်မှာ ပကဖအသံက ဖော်ပြပါတယ်။
အဆိုပါ စစ်မျက်နှာမှ ပြန်လာတဲ့ စစ်ကိုင်းတိုင်း ပကဖ တိုက်ခိုက်ရေးရဲဘော်တွေကို ၂၀၂၅ ခုနစ်၊ မေလ (၂) ရက်နေ့မှာ ဂုဏ်ပြု ကြိုဆိုပွဲ ပြုလုပ်ခဲ့ပြီး စစ်ကိုင်းတိုင်းပကဖ အဖွဲ့ မှ တာဝန်ခံ၊ ဒုတာဝန်ခံများ၊ သက်ဆိုင်ရာ ခရိုင်အသီးသီးမှ တာဝန်ခံ၊ မြို့နယ် တာဝန်ခံများ၊ ရေးရာ တာဝန်ခံများ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ရခိုင် စစ်မျက်နှာတွင် အာရက္ခတပ်တော်နဲ့အတူ တိုက်ပွဲဝင်စဉ်အတွင်း ပကဖ အဖွဲ့ဝင် (၄၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ (၁၄) ဦး ကျဆုံးခဲ့ပါတယ်။
========================
🚩🚩 ၂။ ညီနောင် သုံးဖွဲ့က အပစ်ရပ်ထားပေမယ့် စစ်ကောင်စီက နောင်ချိုကို ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲ ဖြစ်ပွားနေ
မေလ ၈ ရက်၊
Radio NUG
ညီနောင်မဟာမိတ် သုံးဖွဲ့က ငလျင်ဒဏ်သင့် ဒေသများမှာ လူသားချင်းစာနာမှုလုပ်ငန်းများ ဆောက်ရွက်နိုင်ရန် တစ်ဖက်သတ် အပစ်ရပ်ထားပေမယ့် နောင်ချိုမြို့ကို စစ်ကောင်စီက ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
မေလ ၇ ရက်နေ့ မနက် ၈ နာရီ ၅၅ မိနစ်ခန့်မှာ TNLA တပ်များရှိရာ တောင်လှကျေးရွာ အနီးတဝိုက်ကို ထိုးစစ်ဆင်ခဲ့သလို ၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်မှာလည်း ယာပြင်ကျေးရွာအနီးကို ထပ်မံထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲများ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
မေလ ၅ ရက် နဲ့ ၆ ရက်နေ့ကလည်း သရက်ချိုကျေးရွာက TNLA တပ်စခန်းကို စစ်ကောင်စီက ထိုးစစ်ဆင်လာတာကြောင့် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အလားတူ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဖော့တော့ကျေးရွာအနီးက ဂိတ်ကိုလည်း မေလ ၇ ရက် ညနေပိုင်းမှာ ဗုံးကြဲချ တိုက်ခိုက်ခဲ့သလို စစ်ကောင်စီ တပ်စခန်းကိုလည်း Y-8 လေယာဉ်ဖြင့် လက်နက် ခဲယမ်းများ (၈၅)ထုပ် လာရောက်ပစ်ချပေးခဲ့တယ်လို့ သိရပါတယ်။
TNLA, MNDAA နဲ့ AA ညီနောင်မဟာမိတ် (၃) ဖွဲ့က ငလျင်ဘေးသင့် ပြည်သူများကို စာနာတဲ့အနေနဲ့ ဧပြီလ တစ်လလုံး အပစ်ရပ် ကြေညာထားခဲ့သလို ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ မေလကုန်ထိ အပစ်ရပ် သက်ထမ်းတိုးခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီကလည်း မေလ ၆ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ အပစ်ရပ်စဲရေး ကာလ ထပ်တိုးကြောင်း ကြေညာခဲ့ပေမယ့် ထိုးစစ်ဆင် တိုက်ခိုက်တာ၊ လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာတွေကို ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီကလည်း မေလ ၆ ရက်မှ ၃၁ ရက်အထိ အပစ်ရပ်စဲရေး ကာလကို ထပ်မံ တိုးမြှင့်ကြောင်း ကြေညာခဲ့ပေမယ့် ထိုးစစ်ဆင်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများကို ဆက်လုပ်နေကြောင်း TNLA က အသိပေးထားပါတယ်။
========================
🚩🚩 ၃။ ABSDF နှင့် BLDF တို့ ပထမအကြိမ် အွန်လိုင်းတွေ့ဆုံဆွေးနွေးပွဲ ကျင်းပ
မေလ ၈ရက်
Radio NUG
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ) ဗဟိုစစ်ကော်မရှင်နှင့် ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) ဗဟိုကော်မတီတို့၏ ပထမအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို အွန်လိုင်းမှတဆင့် မေလ ၇ရက်နေ့က ကျင်းပခဲ့ပါတယ်။
မကဒတ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရဲဘော်သံခဲ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် BLDF ဗဟိုကော်မတီဝင်များ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ ပါဝင်တက်ရောက်ခဲ့ကြသည်။ ဆွေးနွေးပွဲတွင် ၂၀၂၅ ခုနှစ် နိုင်ငံရေး၊ စစ်ရေးအခြေအနေများနှင့် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
နှစ်ဖက်အဖွဲ့အစည်းများသည် စစ်အာဏာရှင်တိုက်ဖျက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန်၊ လူထုစည်းရုံးရေးနှင့် ကာကွယ်ရေး လုပ်ငန်းများတွင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရန်၊ နည်းလမ်းများ ရှာဖွေဖော်ထုတ်ရန်နှင့် ပုံမှန်ထိတွေ့ဆက်ဆံရန် သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ Southern Eagle PDF တပ်ရင်း ဆေးမှူး ရဲဘော် Lightning ပဲခူး-ရန်ကုန်လမ်းပိုင်း တိုက်ပွဲတွင် ကျဆုံး
မေလ ၈ရက်
Radio NUG
Southern Eagle PDF တပ်ရင်းမှ ဆေးမှူး ရဲဘော် Lightning သည် ၂၀၂၅ ခုနှစ်၊ မေလ ၈ ရက်နေ့က ပဲခူး-ရန်ကုန်လမ်းပိုင်း၌ ဖြစ်ပွားခဲ့သော စခန်းသိမ်းတိုက်ပွဲတွင် တော်လှန်ရေးတာဝန်များ ထမ်းဆောင်ရင်း ကျဆုံးသွားခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ဆေးမှူး ရဲဘော် Lightning ဟာ ၂၀၂၁ ခုနှစ် ၄လပိုင်းမှာ စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်ဖို့ တောထဲရောက်လာခဲ့သူဖြစ်ပြီး ရဲဘော်တစ်ယောက်အနေနဲ့ အခြေခံ ဆေးကုသရေး ပညာကို သင်ယူရင်း တော်လှန်ရေးလိုအပ်ချက်ကို ဖြည့်ဆည်းရင်းကနေ ဆေးမှူးတစ်ယောက် ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။
ရဲဘော် Lightning ဟာ တော်လှန်ရေးတပ်ဖွဲ့တွေထဲ CDM ဆရာဝန်တွေ ပါဝင်ကြဖို့လည်း တိုက်တွန်းခဲ့ဖူးပါတယ်။
========================
🚩🚩 ၅။ ကန်တလူရွာ အနီးမှာ ဆက်ကြေးကောက်ဖို့လာတဲ့ ပျူများနဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ပစ်ခတ်တိုက်ခိုက်
မေလ ၈ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ကန့်တလူရွာအနီးမှာ ဆက်ကြေးကောက်ခံဖို့လာတဲ့ စစ်ကောင်စီ တပ်သားများနဲ့ ပျူစောထီး အဖွဲ့ကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Generation Z Power - GZP (Mandalay) က ထုတ်ပြန်ထားပါတယ်။
မေလ ၅ ရက်နေ့ မနက် ၈ နာရီခွဲ ဝန်းကျင်ခန့်မှာ စစ်ကောင်စီ တပ်ဖွဲ့ကားကို မဟာမိတ် တပ်ဖွဲ့များက စတင်ပစ်ခတ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး မိနစ် ၂၀ ခန့် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၃ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့တွေ စီးနင်းလာတဲ့ ကားကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
စစ်ဆင်ရေးကို Generation Z Power - GZP (Mandalay) ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျား တပ်ဖွဲ့ ၊ Taw Twin Tup Pee LDF ၊ BRA LDF နှင့် ရပ်ကျေး ပကဖတို့က ပူးပေါင်း ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၆။ ခလယ်လွီထူ ခရိုင်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသမီး တစ်ဦး ဒဏ်ရာရ
မေလ ၈ ရက်၊
Radio NUG
ကရင့်အမျိုးသားအစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ ခရိုင်အတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကာ နေအိမ်တစ်လုံး ပျက်စီးခဲ့ရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
မေလ ၅ ရက်နေ့မှာ မူးမြို့နယ်၊ ဘုရားလဟာ ကျေးရွာထဲကို စစ်ကောင်စီ ခမရ (၄၃၉) တပ်မှ ၁၂၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ အသက် ၄၁ နှစ် အရွယ်ရှိ မမိုးသီတာ လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ မေလ ၄ ရက်နေ့ကလည်း ခလရ (၆၀) သံဘို တပ်ရင်းကနေ မာနီကွင်းကို ၁၂၀ မမ (၂) လုံး၊ ငထွေစုတ် ကျေးရွာကို ၁ လုံး၊ နတ်သံကွင်းမှ ရေလဲကျေးရွာကို ၁ လုံး စုစုပေါင်း ၄ လုံး ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ထို့ပြင် မေလ ၆ ရက်နေ့ ကလည်း ရွာကြီးအင်း၊ ကျွန်းကုန်း၊ မရမ်းစိန်လေး၊ အရှေ့ တောင်စု၊ အနောက် တောင်စု၊ တမာခေါ၊ ရန်မျိုးအောင် စတဲ့ကျေးရွာတွေကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံး (၂၄) လုံး ကြဲချခဲ့တယ်လို့ ဆိုပါတယ်။
လယ်ဒိုမြို့နယ်အတွင်းမှာလည်း မေလ ၄ ရက်နေ့က ခလရ - ၂၆၄ တပ်ကနေ ယောက်သွားကုန်း ရွာကို ၈၁ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ကာ နတ်သံကွင်းမှ ချောင်းဝ ရွာကို ၈၁ မမ ၂ လုံး ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ဆောထိမြို့နယ်မှာလည်း မေလ ၃ ရက်နေ့က တောင်ငူလေတပ်မှတက်လာတဲ့ Y-12 လေယာဉ်ဖြင့် ကွင်းဆိပ်၊ လေးလမ်းဆုံကို ဗုံး ၃၃ လုံး ကြဲချခဲ့ကာ ၄ ရက်နေ့မှာလည်း သီတာရေ ကျေးရွာဘေးကို ပေါင် ၅၀၀ ဗုံး ကြဲချခဲ့ပြီး ခလရ - ၃၅၀ တပ်ကလည်း ရှမ်းရွာကျေးရွာကို ၁၂၀ မမ လက်နက်ကြီး အလုံး ၂၀ ပစ်ခတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၇။ ရေးမြို့၊ ခလရ (၁၀၆) တပ်အနီးမှာ အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ဖြတ်ခဲ့ရ
မေလ ၈ ရက်၊
Radio NUG
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်ကျေးရွာ အခြေစိုက် ခလရ (၁၀၆) တပ်အနီးမှာ အမျိုးသား တစ်ဦး မိုင်းနင်းမိခဲ့တာကြောင့် ခြေထောက်ဖြတ်ခဲ့ရတယ်လို့ လဂွန်းအိမ် စာစဉ်က ဖော်ပြထားပါတယ်။
မေလ ၇ ရက်နေ့က မော့ကနင်ကျေးရွာ ကားဆိပ်ပိုင်းနေ အသက် ၄၂ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးဟာ ညနေ ၄ နာရီခန့်မှာ မိုင်းထိခဲ့တာလို့ ဆိုပါတယ်။
၎င်းအမျိုးသားဟာ ဥယျာဉ်ခြံကနေ ပြန်လာချိန်မှာ အပေါ့အပါး သွားချင်လာတာကြောင့် ခလရ (၁၀၆) တပ် ခြံစည်းရိုးနားထိ ကပ်ပြီး သွားမိရာက မိုင်းနင်းမိခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မိုင်းပေါက်ကွဲမှုအတွင်း ၎င်းရဲ့ ညာဘက်ခြေကျင်းဝတ်ထိ ကြေသွားခဲ့ပြီး မိုင်းထိထားတဲ့ ခြေထောက်က လှိုက်စားကာ ယမ်းဆိပ်တက် နိုင်တာကြောင့် ဒူးဆစ်အောက်ကနေ ဖြတ်လိုက်ရတယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment