၂၀၂၅ မေလ ၁၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း ဂွမ်ဂျူးလူ့အခွင့်အရေးမြို့များဖိုရမ် (World Human Rights Cities Forum 2025) သို့ တက်ရောက်ဆွေးနွေး
📌 ၂။ အင်ချွန်းမြို့၊ အလုပ်သမားဘက်စုံဖူလုံရေးရိပ်သာခန်းမတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့် “လူထုတွေ့ဆုံဆွေးနွေးပွဲ” ပြုလုပ်မည်
📌 ၃။ PDO များအနေဖြင့် PDF နှင့်အတူတွဲဖက်ကာ အကြမ်းဖက်စစ်တပ်ကို ချေမှုန်းသုတ်သင်နိုင်ရေးနှင့် ပြည်သူများ ဘေးအန္တရယ်တစ်စုံတရာ ကြုံတွေ့လာပါက အချိန်နှင့်တပြေးညီ ကူညီကာကွယ်စောင့်ရှောက်နိုင်ရေး အမြဲအသင့်ရှိစေရေး NUG MODဒုအတွင်းဝန် ဦးမောင်မောင်ဆွေ မှာကြားဆွေးနွေးခဲ့
📌 ၄။ KIO ဥက္ကဋ္ဌဟောင်း ဦးလညော်ဇောင်းဟရား၏ ဈာပနအခမ်းအနားပြုလုပ်
📌 ၅။ KIO/ KIA ဥက္ကဋ္ဌဟောင်း၊ ကချင်အမျိုးသားခေါင်းဆောင် ဆလန်ကဘာ လညော်ဇောင်းဟရား ဈာပန အခမ်းအနားသို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ KNU၊ PSLF/TNLA ၊ ABSDF၊ PNLO နှင့် PNFC မှ ဝမ်းနည်းကြောင်းသဝဏ်လွှာများ ပေးပို့
📌 ၆။ ကလေးသူများများအပေါ် စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုများ ချက်ချင်းရပ်တန်ဖို့ တရုတ်နိုင်ငံက သိသာထင်ရှားတဲ့ ဩဇာကို အသုံးပြုပေးဖို့ SAC-M တောင်းဆို
📌 ၇။ အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်း ဒဏ်ရာရရှိသည့် ကျောင်းသူကျောင်းသား ဆရာဆရာမ (၁၀၂)ဦးထဲမှ ဒဏ်ရာပြင်းထန်ပြီး ဆေးကုသမှုခံယူနေရသူ (၄၃)ဦးအား ၁၂၉သိန်းကျပ် ထောက်ပံ့
========================
၂၀၂၅ ခုနှစ် မေလ ၁၈ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ထားဝယ် အရှေ့တော ဒေသကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ၁၀ ရက်ကျော် ပိတ်ဆို့တိုက်ခိုက်
🚩 ၂။ စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကြဲ တိုက်ခိုက်ရာတွင် Cluster Bomb တွေ သုံးပြီး တိုက်ခိုက်နေကြောင်း
🚩 ၃။ အင်္ဂပူမြို့နယ်ရှိ ကျေးရွာများအား စစ်တပ်မှ လေကြောင်းဗုံးကျဲတိုက်ခိုက်
🚩 ၄။ ဒေါနတပ်ရင်း ချေမှုန်းရေးတပ်ခွဲ (၇) ထံကို စစ်မှုထမ်း သင်တန်းဆင်း တပ်သားသစ် ၂ ဦး လက်နက်နဲ့ အလင်းဝင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း ဂွမ်ဂျူးလူ့အခွင့်အရေးမြို့များဖိုရမ် (World Human Rights Cities Forum 2025) သို့ တက်ရောက်ဆွေးနွေး
မေလ ၁၇ ရက်
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် မေလ ၁၇ ရက်နေ့တွင် ကိုရီးယားနိုင်ငံ ဂွမ်ဂျူးမြို့ ကင်ဒေးဂျုံးစင်တာတွင် ပြုလုပ်သော “World Human Rights Cities Forum 2025” သို့ ဖိတ်ကြားမှုဖြင့် တက်ရောက်ပြီး မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါတယ်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက "YANGON: A City of Resilience Against Political Violence” ခေါင်းစဉ်ဖြင့် အကြမ်းဖက်စစ်တပ်၏ နိုင်ငံရေးအကြမ်းဖက်မှုများအပေါ် ပြည်သူလူထုက ငြိမ်းချမ်းစွာဆန္ဒပြခြင်း၊ ပန်းသပိတ်၊ ထီးသပိတ်၊ အသံတိတ်သပိတ် စသည်ဖြင့် ခေတ်အဆက်ဆက် အကြမ်းမဖက်ငြိမ်းချမ်းစွာ အာဏာဖီဆန်တွန်းလှန်ခဲ့ကြသည့် ကြိုးပမ်းမှုများကို ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။
၁၉၈၀ မေလ ၁၈ တွင် ဂွမ်ဂျူးမြို့မှ စတင်ခဲ့သည့် ကိုရီးယားနိုင်ငံ ဒီမိုကရေစီအရေးတော်ပုံ၏ ၄၅ နှစ်မြောက် အောက်မေ့ဘွယ် အခမ်းအနားများတွင် တခုအပါအဝင်ဖြစ်သည့် ဂွမ်ဂျူးမြို့တော်ဝန် ဦးဆောင် ကျင်းပသော “ကမ္ဘာ့လူ့အခွင့်အရေးမြို့များဖိုရမ် ၂၀၂၅” တွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ဦးဆောင်ဆွေးနွေးသူ တစ်ဦးအဖြစ် “Cities Against Violence” ကဏ္ဍတွင် ပါဝင်ဆွေးနွေးခဲ့ခြင်းဖြစ်ပါတယ်။
အဆိုပါ ဂွမ်ဂျူးလူ့အခွင့်အရေးမြို့များဖိုရမ်(WHRCF)သည် ကမ္ဘာတဝန်းလုံးရှိ လူ့အခွင့်အရေးကို လေးစားတန်ဖိုးထားသည့် မြို့များ ထွန်းကားလာရေး ရည်ရွယ်၍ နှစ်စဉ် ကျင်းပခြင်းဖြစ်ကာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ဦးဆောင်သော နိုင်ငံတကာမှ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ပညာရှင်များလည်း ပါဝင်တက်ရောက်ခဲ့ကြပြီး အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံငလျင်ဘေးကူညီရေးအလှူအဖြစ် အမေရိကန်ဒေါ်လာ ၂၀၀၀ ကို ကျင်းပရေးအဖွဲ့က ပြည်ထောင်စုဝန်ကြီးသို့ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၂။ အင်ချွန်းမြို့၊ အလုပ်သမားဘက်စုံဖူလုံရေးရိပ်သာခန်းမတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့် “လူထုတွေ့ဆုံဆွေးနွေးပွဲ” ပြုလုပ်မည်
မေလ ၁၇ရက်
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့် တောင်ကိုးရီးယားနိုင်ငံရောက် မြန်မာ ပြည်သူများ၏ “လူထုတွေ့ဆုံဆွေးနွေးပွဲ”ကို ၂၀၂၅ မေလ ၁၈ ရက်နေ့၊ နေ့လယ် ၁ နာရီမှ ညနေ ၄ နာရီအထိ တောင်ကိုရီးယားသမ္မတနိုင်ငံ၊ အင်ချွန်းမြို့၊ အလုပ်သမားဘက်စုံ ဖူလုံရေးရိပ်သာခန်းမတွင် ကျင်းပပြုလုပ်မယ်လို့ သတင်းရရှိပါတယ်။
အဆိုပါတွေ့ဆုံမှုတွင် အကြမ်းဖက်စစ်တပ်၏ စစ်ရာဇဝတ်မှုကျူးလွန်မှုများအား နိုင်ငံတကာခုံရုံးများနှင့် တောင်ကိုးရီးယားသမ္မတနိုင်ငံတွင် တရားစွဲဆိုနိုင်ရေး ကိစ္စရပ်များအပါအဝင် နွေဦးတော်လှန်ရေး လက်ရှိဖြစ်ပေါ်တိုးတက်မှုများကို ဆွေးနွေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
========================
📌📌 ၃။ PDO များအနေဖြင့် PDF နှင့်အတူတွဲဖက်ကာ အကြမ်းဖက်စစ်တပ်ကို ချေမှုန်းသုတ်သင်နိုင်ရေးနှင့် ပြည်သူများ ဘေးအန္တရယ်တစ်စုံတရာ ကြုံတွေ့လာပါက အချိန်နှင့်တပြေးညီ ကူညီကာကွယ်စောင့်ရှောက်နိုင်ရေး အမြဲအသင့်ရှိစေရေး NUG MODဒုအတွင်းဝန် ဦးမောင်မောင်ဆွေ မှာကြားဆွေးနွေးခဲ့
မေလ ၁၇ရက်
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယအတွင်းဝန်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့( ပကဖ) ရုံးချုပ်မှ ပြည်သူ့ရေးရာတာဝန်ခံ ရဲဘော်မောင်မောင်ဆွေသည် (၉.၅.၂၀၂၅ )ရက်နေ့ ညနေ(၂)နာရီခန့်အချိန်တွင် နေပြည်တော်- ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များအပါအဝင် နေပြည်တော်- ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ကြောင်း တိုင်း-ဦးဆောင်အဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့-နေပြည်တော်မှ သတင်းထုတ်ပြန်ပါတယ်။
အဆိုပါတွေ့ဆုံပွဲတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များသည် ပြည်သူ့ကြားက ပြည်သူ့သားသမီးများ ဖြစ်ကြသည့်အတွက် ပြည်သူနှင့် တစ်သားတည်းနေကာ လူထုစည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ရေး၊ ပြည်သူ့နွေဦးတော်လှန်ရေးတွင် ပြည်သူ့စစ်မဟာဗျူဟာကို ဖော်ဆောင်သည့်အပြင် တိုက်ခိုက်ရေးတပ်ဖွဲ့ ( PDO ) များအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ( PDF ) နှင့်အတူ တွဲဖက်ကာ အကြမ်းဖက်စစ်တပ်ကို ချေမှုန်းသုတ်သင်နိုင်ရေးနှင့် ပြည်သူများဘေးအန္တရယ်တစ်စုံတရာ ကြုံတွေ့လာပါက အချိန်နှင့်တပြေးညီ ကူညီကာကွယ်စောင့်ရှောက်နိုင်ရေးတို့အတွက် အမြဲအသင့် ရှိစေရေးတို့ကို မှာကြားဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နေပြည်တော်-ပကဖ တိုင်း-တာဝန်ခံ ရဲဘော်နောင်ချိုမှ ပကဖ ဖွဲ့စည်ထားမှုအခြေအနေများ၊ လက်ရှိ ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြ လမ်းညွှန်မှုခံယူခဲ့ပြီးနောက် တိုင်း၊ ခရိုင်၊ မြို့နယ် ဦးဆောင်အဖွဲ့များ၊ အဖွဲ့ဝင်များမှ အသီးသီးဆွေးနွေးတင်ပြ လမ်းညွှန်မှု ခံယူ၍ တွေ့ဆုံပွဲအား ညနေ(၅)နာရီခန့် အချိန်တွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၄။ KIO ဥက္ကဋ္ဌဟောင်း ဦးလညော်ဇောင်းဟရား၏ ဈာပနအခမ်းအနားပြုလုပ်
မေလ ၁၇ ရက်
Radio NUG
KIO ဥက္ကဋ္ဌဟောင်း ဦးလညော် ဇောင်းဟရား (Lanyaw Zawng Hra) ရဲ့ ကျန်ရှိနေတဲ့ ရုပ်ကလပ်ကို မေလ ၁၇ ရက်နေ့မှာ မြေမြှုပ်သဂြိုဟ်တဲ့ ဆုတောင်းပွဲအခမ်းအနားပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။
ဦးလညော် ဇောင်းဟရား ကွန်လွန်ချိန် အသက် ၈၇ နှစ်ရှိပြီလို့ သိရပြီး ၂၀၁၈ ခုနှစ်မှာ ကျန်းမာရေးကြောင့် KIO ဥက္ကဋ္ဌ တာဝန်ကနေ အနားယူလိုက်ပြီးတော့ ဥက္ကဋ္ဌတာဝန်ကို လက်ရှိ ဗိုလ်ချုပ်ကြီး အင်ဘန်လကို လွဲပြောင်းပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
========================
📌📌 ၅။ KIO/ KIA ဥက္ကဋ္ဌဟောင်း၊ ကချင်အမျိုးသားခေါင်းဆောင် ဆလန်ကဘာ လညော်ဇောင်းဟရား ဈာပန အခမ်းအနားသို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ KNU၊ PSLF/TNLA ၊ ABSDF၊ PNLO နှင့် PNFC မှ ဝမ်းနည်းကြောင်းသဝဏ်လွှာများ ပေးပို့
မေလ ၁၇ရက်
RadioNUG
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၏ ဥက္ကဋ္ဌဟောင်း ဆလန်ကဘာ လညော်ဇောင်းဟရား(Salang Lanyaw Zawng Hra) အသက် (၈၇) နှစ်သည် ၂၀၂၅ ခုနှစ်၊ မေလ (၁၅) ရက်၊ နံနက် (၇) နာရီ (၁၅) မိနစ်အချိန်တွင် ခရစ်တော်ခြေရင်း၌ အိပ်ပျော်သွားကြောင်း ကြားသိရသဖြင့် မိသားစု၊ ဆွေမျိုး၊ အဖွဲ့အစည်းနှင့် ထပ်တူ ဝမ်းနည်းရကြောင်း အာရက္ခတပ်တော် AAနဲ့ KNU မှ ဝမ်းနည်းကြောင်း သဝဏ်လွှာများ ပေးပို့ထားပါတယ်။
ပလောင်ပြည်နယ်လွတ်မြောက်ရေး တပ်ဦး - PSLF/TNLA မှလည်း မဟာမိတ် KIO နှင့် ဥက္ကဋ္ဌရဲ့ မိသားစုဝင်များနှင့် ထပ်တူ ဝမ်းနည်းရပါကြောင်း သဝဏ်လွှာပေးပို့ထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး - မကဒတ(ABSDF)အနေဖြင့် ကချင် အမျိုးသားခေါင်းဆောင်၊ ရဲဘော်များ၊ မဟာမိတ်တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်၊ ရဲဘော်များနှင့် ကျန်ရစ်သူမိသားစုဝင်များနှင့်ထပ်တူ ဝမ်းနည်းကြေကွဲနှမျောမဆုံး ဖြစ်ရကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
ထို့အတူ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နှင့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) တို့မှ ကျန်ရစ်သူ မိသားစုဝင်များ၊ KIO/KIA နှင့် ကချင်ပြည်သူများနှင့်အတူ ထပ်တူဝမ်းနည်းကြောင်း သဝဏ်လွှာတွင် ဖော်ပြထားပါတယ်။
ဥက္ကဋ္ဌဟောင်း ဆလန်ကဘာ လညော်ဇောင်းဟရားသည် ရိုးရှင်းစွာနေထိုင်သူတစ်ဦးဖြစ်ပြီး ကချင်အမျိုးသားထု လွတ်မြောက်ရေးနှင့် အကျိုးစီးပွားတို့အတွက် ပေးဆပ်မှုတို့ဖြင့် တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးလည်းဖြစ်သည့်အပြင် တာဝန်ထမ်းဆောင်နေရင်းမှ သူ၏ရာထူးနှင့်တာဝန်များကို မျိုးဆက်သစ် လုပ်ဖော်ကိုင်ဖက်များသို့ လွှဲအပ်ပေးနိုင်ခဲ့ခြင်းသည် အဖွဲ့အစည်းအတွင်း စံပြနမူနာကောင်းဖြစ်ခဲ့ကာ KIO သည် ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို သွားနေကြောင်း ပြည်သူလူထုကို သက်သေပြသွားနိုင်သူ ခေါင်းဆောင်ကြီးတစ်ဦးလည်း ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
KIO ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်စဉ်ကာလတွင် ဦးလညော်ဇောင်းဟရားသည် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တပ်ပေါင်းစုကို ဖွဲ့စည်းနိုင်ခဲ့ကာ ၂၀၁၃ ခုနှစ်တွင် KIO ဌာနချုပ်ရှိရာ လိုင်ဇာ၌ ကျင်းပခဲ့သည့် လိုင်ဇာညီလာခံကြီးကို ဦးဆောင်ကျင်းပပေးခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ စုပေါင်းဆွေးနွေးနိုင်ခဲ့သလို ထိုညီလာခံမှ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနှင့် ရေရှည်ငြိမ်းချမ်းရေးအတွက် လိုင်ဇာသဘောတူညီချက်ကို ထုတ်ပြန်နိုင်ခဲ့သည့်အပြင် NCA စာချုပ်ရေးဆွဲနိုင်ရန် NCCT ကို ဖွဲ့စည်းပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။
========================
📌📌 ၆။ ကလေးသူများများအပေါ် စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုများ ချက်ချင်းရပ်တန်ဖို့ တရုတ်နိုင်ငံက သိသာထင်ရှားတဲ့ ဩဇာကို အသုံးပြုပေးဖို့ SAC-M တောင်းဆို
မေလ ၁၇ ရက်၊
Radio NUG
စစ်ကောင်စီရဲ့ ကလေးသူငယ်များအပေါ် ကျူးလွန်နေတဲ့ ရိုင်းစိုင်း ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုများ ချက်ချင်း ရပ်တန့်စေရန် တရုတ်နိုင်ငံအနေနဲ့ စစ်ကောင်စီ အပေါ်မှာ ၎င်းရဲ့ သိသာထင်ရှားသော ဩဇာအာဏာကို အသုံးပြုပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ကောင်စီ (SAC-M) က တောင်းဆိုလိုက်ပါတယ်။
မေလ ၁၂ ရက်နေ့က ဒီပဲယင်းမှာ ဖြစ်ပွားခဲ့တဲ့ ကလေးငယ်များ အပါအဝင် ၂၂ ဦး သေဆုံးခဲ့ရတဲ့ စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့မှု အပါအဝင် ၂၀၂၂ စက်တင်ဘာလ ၁၆ ရက်နေ့က လက်ယက်ကုန်း ဘုန်းကြီးကျောင်းထဲက စာသင်ကျောင်းကို ရက်စက်စွာ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၇ ဦး အပါအဝင် ၁၂ ဦးသေဆုံးခဲ့တဲ့ ဖြစ်စဉ်တွေကဲ့သို့ စာသင်ကျောင်းများကို ပစ်မှတ်ထားကာ စစ်ကောင်စီက ထပ်ခါတလဲလဲ တိုက်ခိုက်သတ်ဖြတ်နေတယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံဟာ စစ်ကောင်စီကို ကာလရှည်ကြာစွာပင် စစ်ရေးအထောက်အပံ့များ ပေးအပ်ခဲ့ပြီး တိုက်လေယာဉ်များနဲ့ လေကြောင်းမှ ကြဲချသော ဗုံးများကို ထောက်ပံ့ပေးခဲ့သလို SAC-M ရဲ့ စုံစမ်းစစ်ဆေးမှုအရ မြန်မာနိုင်ငံက လက်နက်စက်ရုံများမှာ လေကြောင်းမှ ကြဲချသော ဗုံးများ ထုတ်လုပ်နိုင်စေဖို့ ကူညီပေးခဲ့တာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။
လေးနှစ်တာ တော်လှန်ရေး ဖြစ်ပွားခဲ့ပြီးနောက် စစ်အုပ်စုက ကြားဝင်စွက်ဖက်မှုနဲ့ အထောက်အပံ့များအပေါ်မှာ လုံးလုံးလျားလျား မှီခိုနေရပြီး တရုတ်နိုင်ငံထံမှ အကူအညီကို အဓိက အားထားနေရတယ်လို့ သိရပါတယ်။
လားရှိုးမြို့ ထိန်းချုပ်ခွင့်အား စစ်အုပ်စုထံ ပြန်လွှဲအပ်ဖို့ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် - MNDAA ကို တရုတ်နိုင်ငံက မကြုံစဖူး ကြားဝင်စွက်ဖက် အတင်းအကျပ် ဖိအားပေးခဲ့ပြီးနောက် တလမပြည့်မှီ စစ်ကောင်စီက ကလေးသူငယ်များကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံက “အခြားနိုင်ငံများ၏ ပြည်တွင်းရေးတွင် မစွက်ဖက်ဟု ပုံမှန်အားဖြင့် အခိုင်အမာ ဆိုလေ့ရှိပေမယ့် ဤအဆိုမှာ လိမ်ညာမှုသာ ဖြစ်ကြောင်း မြန်မာနိုင်ငံမှာ လုပ်ဆောင်နေတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်များက တဆင့် ဖော်ထုတ်ပြခဲ့ပြီး ဖြစ်တယ်” လို့ SAC-M က ဆိုပါတယ်။
တရုတ်ဟာ မဟာဗျူဟာ အကျိုးစီးပွားများ ရရှိရေးအတွက် မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ချိုးဖောက်ဖို့ ဝန်မလေးကြောင်း၊ စစ်အုပ်စုကို ၎င်းတို့ တဆင့်ခံ ကန်ထရိုက် ယူထားတဲ့ ကြေးစားတပ်သဖွယ် အသုံးချနိုင်သည့် အတိုင်းတာအထိ ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထို့ကြောင့် တရုတ်နိုင်ငံအနေဖြင့် ယခုကိုင်စွဲထားတဲ့ ကြီးမားတဲ့ ဩဇာအာဏာကို အသုံးပြုကာ ကလေးသူငယ်များအပေါ် စစ်အုပ်စုရဲ့ ရိုင်းစိုင်းကြမ်းကြုတ်တဲ့ လုပ်ရပ်များကို ချက်ချင်း အဆုံးသတ်ပေးဖို့ SAC-M တောင်းဆိုထားပါတယ်။
ထိုသို့ကြိုးပမ်းမှုအနေနဲ့ တိုက်လေယာဉ်၊ ဂျက်တိုက်လေယာဉ်၊ မောင်းသူမဲ့ လေယာဉ်၊ ဒရုန်းများ၊ လေကြောင်းမှ ကြဲချသော ဗုံးများ၊ နှစ်ဖက်သုံး ကုန်ပစ္စည်းများနှင့် နည်းပညာ၊ လေယာဉ်ဆီနဲ့ မြန်မာနိုင်ငံမှာ လေကြောင်း ဗုံးများ ထုတ်လုပ်ရာတွင် မရှိမဖြစ်လိုအပ်တဲ့ အခြားပစ္စည်းများအား ထောက်ပံ့ပေးနေခြင်းတို့ကို လုံးဝ ရပ်တန့်ရမယ်လို့ အသိပေးထားပါတယ်။
========================
📌📌 ၇။ အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်း ဒဏ်ရာရရှိသည့် ကျောင်းသူကျောင်းသား ဆရာဆရာမ (၁၀၂)ဦးထဲမှ ဒဏ်ရာပြင်းထန်ပြီး ဆေးကုသမှုခံယူနေရသူ (၄၃)ဦးအား ၁၂၉သိန်းကျပ် ထောက်ပံ့
မေလ ၁၇ရက်
Radio NUG
ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသည့် ကျောင်းသူကျောင်းသား ဆရာဆရာမ (၁၀၂)ဦးထဲမှ ဒဏ်ရာပြင်းထန်ပြီး ဆေးကုသမှုခံယူနေရသူ (၄၃)ဦးအား အများပြည်သူ ထောက်ပံ့ကူညီငွေ (၁၂၉)သိန်းကျပ်ကို ထောက်ပံ့ပေးခဲ့ကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များမှ သတင်းဖော်ပြပါတယ်။
တစ်ဦးလျှင် (၃)သိန်းကျပ်နှုန်းဖြင့် ကျေးရွာကော်မတီလူကြီးများထံမှ အတည်ပြုစာရင်းရယူကာ စေတနာရှင်များကိုယ်စား ပြည်သူများလက်ဝယ်အရောက် မျှဝေကူညီလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
ဆက်လက်ပြီး ကျဆုံးကျောင်းသူ/ကျောင်းသား ဆရာမများနှင့် ထိခိုက်ဒဏ်ရာရသူများကို ကူညီနိုင်သမျှ ကူညီပေးကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ထားဝယ် အရှေ့တော ဒေသကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ၁၀ ရက်ကျော် ပိတ်ဆို့တိုက်ခိုက်
မေလ ၁၇ ရက်၊
Radio NUG
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ အရှေ့တောဒေသကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ ကို ၁၀ ရက်ကျော်ကြာ ပိတ်ဆို့တိုက်ခိုက်ခဲ့တယ်လို့ Launglone Peninsula Force (လောင်းလုံး ကျွန်းဆွယ် တပ်ဖွဲ့) က သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီ တပ်ဖွဲ့အင်အား ၂၀၀ ကျော်ပါ စစ်ကြောင်းဟာ ဧပြီလ ၂၈ ရက်နေ့မှ စတင်ပြီး စစ်ကြောင်းထိုးလာရာ မေလ ၂ ရက်နေ့က သရက်ငုတ် ကျေးရွာနဲ့ ရမ္မဇူကျေးရွာ အကြားမှာ ညနေ ၄ နာရီ ၄၅ မိနစ်မှ ၅ နာရီခွဲ အချိန်ထိ ပထမအကြိမ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
ထို့အပြင် မေလ ၉ ရက်နေ့မှာ ဘဝပင်ကျေးရွာ တာဝါတိုင်အနီးမှာ နေ့လည် ၁၂ နာရီခန့်မှာ တစ်ကြိမ်၊ ညနေ ၄ နာရီ ၄၅ မိနစ်နဲ့ ညနေ ၅ နာရီ ၃၅ မိနစ်တို့မှာ ထိတွေ့တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မေလ ၁၀ ရက်နေ့မှာလည်း ဘဝပင်ကျေးရွာ၊ တာဝါတိုင်အနီးတွင် မနက် ၇ နာရီမှ ၈ နာရီအတွင်း စတုတ္ထအကြိမ် ထိတွေ့တိုက်ပွဲ အပြင်းအထန် ထပ်မံဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ ၁၀ ရက်ကျော်ကြာ ပိတ်ဆို့ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ၆ ဦး ထက်မနည်း သေဆုံးခဲ့ပြီး ၄၀ ကျော် အပြင်းအထန် ဒဏ်ရာရခဲ့သလို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ ဘက်မှလည်း ရဲဘော် ၂ ဦး ကျဆုံးခဲ့ကာ ၄ ဦး ဒဏ်ရာရခဲ့ပြီး ၁ ဦးက စိုးရိမ်ရတယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုများကို ဒေါန ချေမှုန်းရေး တပ်ခွဲ (၇) Launglone Peninsula Force - LPF ၊ ထားဝယ်ခရိုင် အမှတ် (၂) တပ်ရင်း T5 ၊ DGRF ၊ DLNA ၊ DEF ၊ ဧဒင်မှူး ၊ EDF ၊ ကျားသစ်နတ် ၊ ဘီလုံးပြောက်ကျား အဖွဲ့နဲ့ KNU တပ်မဟာ (၄) တပ်ရင်း (၁၂) တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၂။ စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကြဲ တိုက်ခိုက်ရာတွင် Cluster Bomb တွေ သုံးပြီး တိုက်ခိုက်နေကြောင်း
မေလ ၁၇ရက်
Radio NUG
စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကြဲ တိုက်ခိုက်ရာတွင် Cluster Bomb တွေသုံးပြီး တိုက်ခိုက်နေကြောင်း ကောလင်းခရိုင် တပ်ရင်း၂မှ သတင်းထုတ်ပြန်ပါတယ်။
ကောလင်းအနောက်ခြမ်း ဥက္ကံနဲ့ ချောင်းနားကို လေယာဥ်နဲ့ ဗုံးကြဲခဲ့မှုတွင် ဗုံးခွံများကို ရွာပတ်ဝန်းကျင်မှာ ရှာတွေ့ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၃။ အင်္ဂပူမြို့နယ်ရှိ ကျေးရွာများအား စစ်တပ်မှ လေကြောင်းဗုံးကျဲတိုက်ခိုက်
မေလ ၁၇ ရက်
Radio NUG
ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက်စစ်တပ်မှ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။
မေလ ၁၅ ရက် နံနက်ပိုင်းတွင် ခြင်ကိုက်ကွင်းကျေးရွာ စာသင်ကျောင်းအား လေယာဉ်ဖြင့် ဗုံးတစ်လုံးကျဲချတိုက်ခိုက်ခဲ့ပြီး ၃၁ သစ်စက်အနီးရှိ ရွှေညာမြေကွမ်းယာဆိုင်ကို ဗုံးတစ်လုံးထပ်မံကျဲချခဲ့ရာ အဆိုပါကွမ်းယာဆိုင် မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ထိုနေ့ည ၉ နာရီ ၃၀ မိနစ်ခန့်တွင် ကွင်းကောက်တတက ၅ မှ တက်လာသည့် စစ်တပ်၏ စက်တပ်လေထီးများသည် ဘယ်ပြားကုန်းရွာ၊ စာစီကုန်းကွင်းရွာနှင့် ခြင်ကိုက်ကွင်းကျေးရွာများကို ထပ်မံဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ထို့ပြင် မေလ ၁၆ ရက် ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် လေယာဉ်နှစ်စီးဖြင့် ဝါးတောကွင်းရွာ၊ ကြက်ပေါင်ကုန်းရွာနှင့် သံပုရာကုန်းရွာတို့ကို လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ ဒေါနတပ်ရင်း ချေမှုန်းရေးတပ်ခွဲ (၇) ထံကို စစ်မှုထမ်း သင်တန်းဆင်း တပ်သားသစ် ၂ ဦး လက်နက်နဲ့ အလင်းဝင်
မေလ ၁၇ ရက်၊
Radio NUG
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်အခြေစိုက် ခလရ (၂၇၃) တပ်ရင်းနှင့် မြိတ်မြို့ အခြေစိုက် ခမရ (၁၀၁) တပ်ရင်းတို့မှ စစ်မှုထမ်း သင်တန်းဆင်း စစ်ကောင်စီ တပ်သားသစ် ၂ ဦး အလင်းဝင်လာတယ်လို့ ဒေါနတပ်ရင်း ချေမှုန်းရေးတပ်ခွဲ (၇) LPF က ထုတ်ပြန်ထားပါတယ်။
ခလရ (၂၇၃) တပ်ရင်းမှ တပ်သားရန်ရှင်းနဲ့ ခမရ (၁၀၁) တပ်ရင်းမှ တပ်သားသူရဝင်းတို့ ၂ ဦးဟာ MA1 တစ်လက် ၊ ကျည်ဘောက် ၂ ဘောက် ၊ ကျည်တောင့် ၂၀၀ တောင့် နှင့်အတူ LPF ထံ လက်နက်ချ အလင်းဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
လက်နက်နှင့်တကွ အလင်းဝင်ရောက်လာခဲ့တဲ့ စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ် ၂ ဦးကို ဂုဏ်ပြဆုငွေများ ချီးမြှင့်ခဲ့တယ်လို့ ဒေါနတပ်ရင်း ချေမှုန်းရေးတပ်ခွဲ (၇) က သတင်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment