၂၀၂၅ မေလ ၂၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ စစ်ကောင်စီ၏ ဒလန်သူလျှိုများဖြင့် တော်လှန်ရေးတပ်ဖွဲ့များအတွင်း စိမ့်ဝင်ထောက်လှမ်းတဲ့ ၇ဦးကို ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) မှ ဖော်ထုတ်
📌 ၂။ မြန်မာစစ်တပ်ရဲ့ ငွေကြေး၊ လက်နက်နဲ့ ပိုင်ဆိုင်မှုတွေကို စုံစမ်းစစ်ဆေးဖော်ထုတ်နေတယ်လို့ IIMM အသိပေးဆို
📌 ၃။ မြန်မာကုမ္ပဏီများသို့ ATR လေယာဉ်များ ရောင်းချခြင်းအပေါ် "Nordic Aviation Capital အား Justice For Myanmar ၏ တိုင်ကြားချက်ကို NCP Denmark က စုံစမ်းစစ်ဆေးမှု စတင်လုပ်ဆောင်
📌 ၄။ သေဆုံးရုပ်အလောင်းတရာကျော်တွေ့ရှိထားတဲ့ မန္တလေးမြို့ Sky Villa အဆောက်အဦ အောက်မှ အမျိုးသမီး သုံးဦး ရုပ်အလောင်း ထပ်မံတွေ့ရှိ
📌 ၅။ အီတလီနိုင်ငံမီလန်မြို့မှာ ကျင်းပတဲ့ လူထုပွဲတော်တွင်း မြန်မာစစ်အာဏာရှင်အုပ်ချုပ်မှုကြောင့် ပြည်သူလူထုကြုံတွေ့နေရသည့် ဒုက္ခအခက်အခဲများအပေါ် သက်သေခံဖော်ပြခဲ့
========================
၂၀၂၅ ခုနှစ် မေလ ၂၈ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ဘောနက်ကြီး အနီးက စစ်ကောင်စီ ဂိတ်စခန်း နဲ့ စစ်ကြောင်းများကို တိုက်ခိုက်ခဲ့ရာ ၆ ဦး သေဆုံးပြီး လက်နက် ၁၆ လက် သိမ်းဆည်းရရှိ
🚩 ၂။ ပဲခူးရိုးမအစပ် ထန်းပင်ကုန်း ကျေးရွာမှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီ စခန်းကို သွားရောက်တိုက်ခိုက်ခဲ့
🚩 ၃။ ကျောက်ကြီးမြို့၊ တောင်စုရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးပြီး ၇ ဦး အရှင်ဖမ်းမိ
🚩 ၄။ ဗန်းမော် မြို့သိမ်းတိုက်ပွဲမှာ ယင်းမာပင်ခရိုင်၊ တပ်ရင်း (၂၈) တပ်ခွဲမှူး တစ်ဦး ကျဆုံးခဲ့
🚩 ၅။ လက်ပံတန်း မြို့နယ်မှာ စစ်ကောင်စီ လက်ကိုင်တုတ် မြေစီး အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်း
🚩 ၆။ နောင်ချိုမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်
🚩 ၇။ စစ်ကိုင်းခရိုင်အမှတ်(၃)တပ်ရင်း တပ်ရင်းတည်ထောင်ခြင်း (၄)နှစ်ပြည့်အခမ်းအနား၊ အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ အခမ်းအနားနှင့် လက်နက်တပ်ဆင်ခြင်း အခမ်းအနား ကျင်းပ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ စစ်ကောင်စီ၏ ဒလန်သူလျှိုများဖြင့် တော်လှန်ရေးတပ်ဖွဲ့များအတွင်း စိမ့်ဝင်ထောက်လှမ်းတဲ့ ၇ဦးကို ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) မှ ဖော်ထုတ်
မေလ ၂၇ရက်
Radio NUG
အကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံတဝန်းရှိ စစ်မျက်နှာများတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရသည့်အခါ တော်လှန်ရေးတပ်ဖွဲ့များအတွင်းသို့ ဒလန်သူလျှိုများ စိမ့်ဝင်စေကာ သတင်းအချက်အလက်ရယူရန်နှင့် စည်းလုံးညီညွတ်မှုကို ဖျက်ဆီးရန် စနစ်တကျလုပ်ဆောင်နေသည်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ ဖော်ထုတ်တွေ့ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီသည် ၎င်းတို့၏ တပ်ဖွဲ့ဝင်များ သို့မဟုတ် ၎င်းတို့ထောက်ခံသူ အရပ်သားများကို တော်လှန်ရေးတပ်ဖွဲ့များအတွင်း အသွင်ယူဝင်ရောက်စေပြီး တည်နေရာများ ရယူခြင်း၊ အချင်းချင်း သွေးကွဲစေရန် လှုံ့ဆော်ခြင်း၊ တပ်ဖွဲ့ဝင်များအား စွန့်ခွာရန် ဆွဲဆောင်စည်းရုံးခြင်းများ ပြုလုပ်နေတယ်လို့ သိရပါတယ်။
အထူးသဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေ အဓမ္မပြဋ္ဌာန်းပြီးနောက် မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်သို့ အသက် ၂၀ ဝန်းကျင်ရှိ လူငယ်များ အမျိုးသား၊ အမျိုးသမီးများစွာ ဒလန်အဖြစ် ဝင်ရောက်လာကြပြီး ၎င်းတို့သည် သင်တန်းကာလအတွင်း အခြားသင်တန်းသားများနှင့် ရင်းနှီးမှုရရှိရန် ကြိုးပမ်းကာ အမည်ရင်း၊ နေရပ်လိပ်စာနှင့် ဖုန်းနံပါတ်များကို စုဆောင်းခဲ့သည့်အပြင် တပ်ဖွဲ့စွန့်ခွာရန် စိတ်ဓာတ်ကျဆင်းစေမည့် အတွေးအခေါ်များကို ဖြန့်ဝေခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထို့နောက် သတင်းအချက်အလက်များကို ရယူကာ နောက်ဆုံးတွင် တပ်ပြေးအဖြစ် ထွက်ပြေးသွားလေ့ရှိပြီး တပ်ပြေးပြီးနောက်တွင်လည်း အခြားတပ်ဖွဲ့ဝင်များကို ဆွဲဆောင်စည်းရုံးရန်နှင့် လမ်းကြောင်းအကူအညီပေးရန် ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ ဖော်ထုတ်တွေ့ရှိထားသော စစ်ကောင်စီ၏ ထောက်လှမ်းရေးလုပ်ငန်းများတွင် ပါဝင်သူများမှာ ရဲသွေး (ခ) Black (ခ) ချစ်ရအောင်၊ ကျော်ဇင်ထက် (ခ) ဘစော၊ ပန်းအိဖြူ (ခ) ဟယ်ရီကျော်၊ မေမြတ်နိုး (ခ) Yuki၊ ပိုင်အာကာဦး (ခ) ပိုင်ပိုင်၊ ကြယ်စင်လင်း (ခ) ဂျူးလစ်နှင့် ကျော်ပြည့်အောင် (ခ) System တို့ ဖြစ်ကြပြီး လေကြောင်းတိုက်ခိုက်မှုဆိုင်ရာ ထိခိုက်ဒဏ်ရာအချက်အလက်များ၊ တိုက်ပွဲဇုန်တည်နေရာများကို ထောက်လှမ်းပြီး စစ်ကောင်စီသို့ ပေးပို့ခဲ့ခြင်း၊ တပ်ဖွဲ့ဝင်များအကြား သတင်းအမှားများ ဖြန့်ဝေကာ စွန့်ခွာရန် ဆွဲဆောင်ခဲ့ခြင်း၊ လေ့ကျင့်ရေးကွင်းတည်နေရာများ၊ စစ်ဆေးရေးဂိတ် တည်နေရာများ၊ ဆေးကုသရေးနေရာများ၊ တိုက်ပွဲဇုန်တည်နေရာများ၊ Sniper တပ်ဖွဲ့၏ တည်နေရာများနှင့် တပ်လှုပ်ရှားမှုများကို ထောက်လှမ်းပေးခဲ့ခြင်း၊ စစ်ကောင်စီအား သတင်းပေးသူအဖြစ် ဆက်လက်လုပ်ဆောင်နေခြင်းများ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထို့အပြင် စစ်ကောင်စီသည် အကောင့်အတုများဖြင့် ဆက်သွယ်ခြင်း၊ အထူးသဖြင့် အမျိုးသမီးအကောင့်အတုများဖန်တီးပြီး တပ်ဖွဲ့ဝင်များထံမှ သတင်းရယူခြင်း၊ ပစ္စည်းပို့ပေးမည်ဟု လှည့်ဖျားခြင်း၊ တည်နေရာများကို စုံစမ်းရန် “မုန့်ပို့ပေးမည်” ဟူသော အကြောင်းပြချက်ဖြင့် ဆက်သွယ်ခြင်း၊ လာလည်မည်ဟု လိမ်လည်ခြင်း၊ တပ်ဖွဲ့ဝင်များထံ လာရောက်လည်ပတ်မည်ဟု လှည့်ဖျားကာ တည်နေရာများကို ထောက်လှမ်းခြင်း၊ သမီးရည်းစားပုံစံဖြင့် ချဉ်းကပ်ခြင်း၊ ရင်းနှီးမှုရယူပြီး သတင်းအချက်အလက်များ စုံစမ်းခြင်း၊ တပ်ရင်းအသစ်ဖွဲ့စည်းမည်ဟု လှည့်ဖျားခြင်းနှင့် ကျောက်ဆည်ခရိုင်တပ်ရင်း (၂) အမည်ကို အလွဲသုံးစားပြုကာ တပ်ပြောင်းရွှေ့ရန် စည်းရုံးပြီး ထောက်ချောက်ဆင်ဖမ်းဆီးခြင်း စတဲ့ နည်းလမ်းများဖြင့် ထောက်လှမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) သည် အဆိုပါ ထောက်လှမ်းရေးလုပ်ငန်းများကို အချိန်မီ ဖော်ထုတ်နိုင်ခဲ့ပြီး တန်ပြန်ထောက်လှမ်းရေးလုပ်ငန်းများ ဆောင်ရွက်ကာ ၎င်းတို့၏ ယန္တရားလည်ပတ်ပုံကို စနစ်တကျ စောင့်ကြည့်တွေ့ရှိခဲ့သည့် အချက်အလက်များကို အခြားတော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် လုံခြုံရေးအစီအမံများ ချမှတ်နိုင်ရန် ထုတ်ပြန်ထားပါတယ်။
တော်လှန်ရေးအင်အားစု Unitများအနေဖြင့် စစ်ကောင်စီ၏ အသွင်ယူထောက်လှမ်းမှုများကို အထူးသတိထားရန်၊ တပ်ဖွဲ့ဝင်များ၏ စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းရန်နှင့် သတင်းအချက်အလက်များ ပေးပို့ရာတွင် လုံခြုံရေးစစ်ဆေးမှုများ ပိုမိုတင်းကြပ်စွာ ဆောင်ရွက်ရန် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ တိုက်တွန်းထားပါတယ်။
========================
📌📌 ၂။ မြန်မာစစ်တပ်ရဲ့ ငွေကြေး၊ လက်နက်နဲ့ ပိုင်ဆိုင်မှုတွေကို စုံစမ်းစစ်ဆေးဖော်ထုတ်နေတယ်လို့ IIMM အသိပေးဆို
မေလ၂၇ရက်
Radio NUG
မြန်မာနိုင်ငံမှာ ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်ဖို့အတွက် ငွေကြေး၊ လက်နက်နဲ့ ပိုင်ဆိုင်မှုတွေကို ဘယ်လိုအသုံးပြုသလဲ၊ ဒါမှမဟုတ် ဒီရာဇဝတ်မှုတွေကနေ ဘယ်လို အကျိုးအမြတ်တွေ ရနေသလဲဆိုတာကို စုံစမ်းစစ်ဆေးနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား IIMMက အသိပေးဆိုပါတယ်။
" မြန်မာစစ်တပ်ကို ဘယ်သူတွေက လက်နက်နဲ့ လေယာဥ်တွေ တင်သွင်းနေသလဲ။ ရိုဟင်ဂျာကျေးရွာတွေကို ဖျက်ဆီးပြီး အဲဒီနေရာတွေမှာ ဘယ်သူတွေက လုံခြုံရေးစခန်းတွေ တည်ဆောက်ခဲ့သလဲ စတဲ့ မေးခွန်းတွေကို စုံစမ်းစစ်ဆေးပါတယ်။ ဒီဘဏ္ဍာရေးဆိုင်ရာ အထောက်အထားတွေက တာဝန်ရှိသူတွေကို ဖော်ထုတ်ပြီး တရားစွဲဆိုဖို့ အနာဂတ်ရာဇဝတ်မှုတွေကို တားဆီးဖို့ နစ်နာသူတွေကို ပြန်လည်ကုစားပေးနိုင်ဖို့အတွက် အသုံးဝင်ပါတယ် "လို့ ဆိုပါတယ်။
အဆိုပါ အချက်အလက်များနဲ့ ပတ်သက်၍ ငွေစာရင်းအရွှေ့အပြောင်း၊ ငွေသားပြောင်းလဲမှု၊ မြေယာနဲ့ အိမ်ပိုင်ဆိုင်မှု၊ လက်နက်ထောက်ပံ့ရေးကွင်းဆက်၊ ဒါမှမဟုတ် စစ်ဘက်၊ အရပ်ဘက် အရာရှိတွေ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ အကျိုးစီးပွားအုပ်စုတွေရဲ့ ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်တွေရှိပါက ယန္တရားဆီကို လျှို့ဝှက်လုံခြုံစွာ ဆက်သွယ်နိုင်တယ်လို့ အသိပေးကြေညာထားပါတယ်။
========================
📌📌 ၃။ မြန်မာကုမ္ပဏီများသို့ ATR လေယာဉ်များ ရောင်းချခြင်းအပေါ် "Nordic Aviation Capital အား Justice For Myanmar ၏ တိုင်ကြားချက်ကို NCP Denmark က စုံစမ်းစစ်ဆေးမှု စတင်လုပ်ဆောင်
မေလ ၂၇ရက်
Radio NUG
မြန်မာကုမ္ပဏီများသို့ ATR လေယာဉ်များ ရောင်းချခြင်းအပေါ် "Nordic Aviation Capital အားJustice For Myanmar ၏ တိုင်ကြားချက်ကို NCP Denmark က စုံစမ်းစစ်ဆေးမှု စတင်လုပ်ဆောင်နေပြီလို့ သတင်းထုတ်ပြန်ပါတယ်။
၂၀၂၄ ခုနှစ်တွင် Justice For Myanmar သည် လေယာဥ်အငှားချသည့် ကုမ္ပဏီ Nordic Aviation Capital (NAC) အား ဒိန်းမတ်ရှိ နိုင်ငံတော်အဆင့် တိုင်ကြားချက် လက်ခံရေးဌာန (NCP) တွင် တိုင်ကြားခဲ့တယ်လို့သိရပါတယ်။
အဆိုပါ တိုင်ကြားချက်တွင် NAC သည် မြန်မာကုမ္ပဏီများသို့ ATR လေယာဉ်များ ရောင်းချခြင်း၊ ငှားရမ်းခြင်းနှင့် ဘဏ္ဍာငွေထောက်ပံ့ခြင်းတို့နှင့် စပ်လျဥ်း၍ ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ စိုးရိမ်ချက်များပါဝင်ပါတယ်။
NCA အနေဖြင့် ၎င်းတို့ကုမ္ပဏီခွဲများမှတဆင့် Air KBZ (ယခုအခါ Air Mingalar) အပါအဝင် မြန်မာနိုင်ငံမှ ဝယ်ယူသူများထံ ATR လေယာဉ်များ ရောင်းချခြင်း၊ ငှားရမ်းခြင်းနှင့် ဘဏ္ဍာငွေထောက်ပံ့ခြင်း ကိစ္စရပ်များတွင် နိုင်ငံစုံစီးပွားရေးလုပ်ငန်းကြီးများအတွက် OECD လမ်းညွှန်ချက်များအရ အန္တရာယ်ဆိုင်ရာ တင်ကြိုစိစစ်မှုများ လုပ်ဆောင်ရမည့် ၎င်းတို့၏ တာဝန်ဝတ္တရားများကို လိုက်နာရန် ပျက်ကွက်ခဲ့သည်ဟု Justice For Myanmar မှ တွေးဆမှတ်ယူထားပါတယ်။
မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားလျက်ရှိသည့်အခြေအနေတွင် ATR လေယာဉ်များ ရောင်းချခြင်း၊ ငှားရမ်းခြင်းနှင့် ဘဏ္ဍာငွေထောက်ပံ့ခြင်းတို့သည် လူ့အခွင့်အရေးအပေါ် ပြင်းထန်သည့် ဆိုးကျိုး သက်ရောက်မှုများရှိကြောင်း Justice For Myanmar က စွပ်စွဲထားပါတယ်။
ကုမ္ပဏီအုပ်စုအနေဖြင့် မြန်မာနိုင်ငံရှိ ဖောက်သည်များနှင့် ပတ်သက်၍ ရိုသေလေးစားမှု အပါအဝင် ၎င်းတို့၏ လက်ရှိလုပ်ငန်းများနှင့် ဆက်နွယ်၍ သင့်တော်လုံလောက်သည့် တင်ကြိုစိစစ်မှုများ လုပ်ဆောင်ခဲ့ခြင်းမရှိဆိုသည်ကို NAC က ငြင်းဆိုထားပါတယ်။
========================
📌📌 ၄။ သေဆုံးရုပ်အလောင်းတရာကျော်တွေ့ရှိထားတဲ့ မန္တလေးမြို့ Sky Villa အဆောက်အဦ အောက်မှ အမျိုးသမီး သုံးဦး ရုပ်အလောင်း ထပ်မံတွေ့ရှိ
မေလ၂၇ရက်
Radio NUG
မေလ၂၇ရက်နေ့ ယန္တရားများနှင့်အတူ ရုပ်အလောင်းကျန်ရှိနေသော မန္တလေးမြို့ Sky Villa အဆောက်အဦ (B) အဆောင်အား ဖယ်ရှားရှင်းလင်းခြင်းနှင့် ရုပ်အလောင်းထုတ်ယူနိုင်ရေးဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
ရှာဖွေရှင်းလင်းရာမှာ အဆောက်အဦ(B) ဆောင် အခန်းအမှတ် J 4 မှမနက် ၀၉ နာရီ၂၀ အချိန်တွင် မ(၁)ဦး၊ ၀၉နာရီ ၃၅ အချိန်တွင် မ(၁)ဦးနှင့် ၀၉နာရီ ၄၅ အချိန်တွင် မ(၁)ဦး စုစုပေါင်း မ(၃)ဦး၏ ရုပ်အလောင်းများအား ထုတ်ယူရရှိခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၅။ အီတလီနိုင်ငံမီလန်မြို့မှာ ကျင်းပတဲ့ လူထုပွဲတော်တွင်း မြန်မာစစ်အာဏာရှင်အုပ်ချုပ်မှုကြောင့် ပြည်သူလူထုကြုံတွေ့နေရသည့် ဒုက္ခအခက်အခဲများအပေါ် သက်သေခံဖော်ပြခဲ့
မေလ ၂၇ရက်
Radio NUG
မီလန်မြို့ရှိ Comunit Pastorale Maria di Magdala မှ ကြီးမှူးကျင်းပသော လူထုပွဲတော်ကို မေလ ၂၃၊ ၂၄၊ ၂၅ ရက်များအတွင်း Parrocchia Santo Curato dArs နှင့် Parrocchia San Vito al Giambellino တို့တွင် ကျင်းပခဲ့ပါတယ်။
ထိုပွဲတော်တွင် မီလန်မြို့နှင့် နီးစပ်ရာဒေသများမှ မြန်မာတိုင်းရင်းသားပြည်သူများ၊ ကက်သလစ်မြန်မာသီလရှင်များက ပါဝင်အားဖြည့်ခဲ့ပြီး ဇာတိမြေမြန်မာနိုင်ငံအတွက် ဆုတောင်းခြင်း၊ လက်ရှိ စစ်အာဏာရှင်အုပ်ချုပ်မှုကြောင့် ပြည်သူလူထုကြုံတွေ့နေရသည့် ဒုက္ခအခက်အခဲများအပေါ် သက်သေခံဖော်ပြခြင်းနှင့် မြန်မာရိုးရာအစားအစာများ ကျွေးမွေးခြင်းတို့ဖြင့် ပါဝင်ခဲ့ပါတယ်။
ထို့အပြင် ထိုနေ့ရက်များအတွင်း နွေဦးတော်လှန်ရေး သမိုင်းဝင်ဓာတ်ပုံများကို ပြသခင်းကျင်းခဲ့ရာ လာရောက်သူ မီလန်မြို့ခံများက မြန်မာပြည်တွင် ဖြစ်ပျက်နေသော အခြေအနေများကို သိမြင်နားလည်လာကာ မြန်မာလူထုအပေါ် စာနာနိုင်ခဲ့ကြတယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီ၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ဘောနက်ကြီး အနီးက စစ်ကောင်စီ ဂိတ်စခန်း နဲ့ စစ်ကြောင်းများကို တိုက်ခိုက်ခဲ့ရာ ၆ ဦး သေဆုံးပြီး လက်နက် ၁၆ လက် သိမ်းဆည်းရရှိ
မတ်လ ၂၇ ရက်၊
Radio NUG
ပဲခူးတိုင်း၊ ပဲခူးမြို့၊ ဘောနက်ကြီးရွာ အနီးတဝိုက်က စစ်တပ် ဂိတ်စခန်းများနဲ့ စစ်ကြောင်းများကို တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦး သေဆုံးပြီး လက်နက် ၁၆ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ပဲခူးခရိုင် တပ်ရင်း အမှတ် (၃၇၀၁)၊ ရွှေချောင်းတပ်ခွဲထံက သိရပါတယ်။
မေလ ၁၈ ရက်နေ့ မနက် ၂ နာရီမှာ ဘောနက်ကြီး - ဇောင်းတူ - တိုက်ကြီး မိုင် ၅၀ လမ်းပိုင်း တနေရာရှိ အင်အား ၁၅ ဦးဖြင့် တပ်စွဲထားတဲ့ ဇီးတောရွာ စစ်ကောင်စီ ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများ ကိုယ်လွတ်ရုန်း ထွက်ပြေးသွားခဲ့ကြတယ်လို့ ဆိုပါတယ်။
အဆိုပါ ဂိတ်စခန်းမှ G4 သေနတ် ၂ လက်၊ G3 သေနတ် ၂ လက်၊ G2 သေနတ် ၁ လက်၊ M1 ကာဘိုင် သေနတ် ၉ လက်၊ ၇.၆၂ ကျည် ၇၈၀ တောင့်၊ ကျည်ဘောက် ၂၀ ခု၊ ကာဘိုင် ကျည် ၉၅၁ တောင့်၊ ကျည်ဘောက် ၁၈ ခု၊ ၅.၅၆ ကျည် ၁၃၉ တောင့်၊ ကျည်ဘောက်တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
အလားတူ မေလ ၂၂ ရက် မနက် ၂ နာရီ ၁၅ မိနစ်ခန့်မှာ ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင် ၃၂ မိုင် ၇ ဖာလုံရှိ စစ်ကောင်စီ တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
အလားတူ မေလ ၂၄ ရက်နေ့ မနက် ၈ နာရီ ၄၀ မိနစ်မှာ ဘောနက်ကြီး - ဇောင်းတူ - တိုက်ကြီး မိုင် ၅၀ လမ်းပိုင်း တနေရာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ဒု-တပ်စိတ်မှူး အပါအဝင် ၄ ဦး သေဆုံးခဲ့ပြီး M1 ကာဘိုင် သေနတ် ၂ လက်ကို သိမ်းဆည်းရရှိ ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုများကို ပဲခူးခရိုင် တပ်ရင်းအမှတ် ၃၇၀၁၊ တပ်ခွဲ ၃၊ (ရွှေချောင်းတပ်ခွဲ) က ဆောင်ရွက်ခဲ့တာ ဖြစ်ပြီး ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၂။ ပဲခူးရိုးမအစပ် ထန်းပင်ကုန်း ကျေးရွာမှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီ စခန်းကို သွားရောက်တိုက်ခိုက်ခဲ့
မတ်လ ၂၇ ရက်၊
Radio NUG
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမ အစပ်၊ ထန်းပင်ကုန်း ကျေးရွာ၊ ဗိုလ်ရုံစုမှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်စခန်းကို သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) က ထုတ်ပြန်ထားပါတယ်။
မတ်လ ၂၆ ရက်နေ့ မနက် ၆ နာရီခန့်မှာ အင်အား ၃၀ ကျော်ဖြင့် တပ်စွဲထားတဲ့ ဗိုလ်ရုံစု စစ်ကောင်စီ စခန်းအား သာယာဝတီခရိုင်၊ တပ်ရင်း ၃၈ဝ၂၊ တပ်ခွဲ ၄၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) က သွားရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ၃ နာရီ၃၀မိနစ်ခန့်ကြာ အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီး မနက် ၉ နာရီ ခွဲခန့်မှာ စစ်ကောင်စီရဲ့ ခမရ (၆) တပ်ရင်း (တိမ်မြုပ်တပ်) မှ လက်နက်ကြီးများ ပစ်ကူပေးလာရာ ရဲဘော်များ ဘေးကင်းစေဖို့ အနည်းငယ် နောက်ဆုတ်ပေးခဲ့တယ်လို့ သိရပါတယ်။
ထို့နောက် ညနေ ၅ နာရီခန့်မှာ ထပ်မံ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၈ ဦးထိ သေဆုံးသွားကာ အထိနာတာကြောင့် အလောင်း ၈ လောင်းကို အရသယ်ပြီး စခန်းစွန့်ခွာ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။
စခန်းအတွင်း နယ်မြေရှင်းလင်း ဆောင်ရွက်ရာမှာ ၆၀ မမ ၁၂ လုံး၊ လက်ပစ်ဗုံး ၅ လုံး၊ ၅.၅၆ ကျည် ၃၀၀ တောင့် ၊ အီနာဂါ ပို့ကျည် ၅ တောင့်၊ တူမီး ၁ လက်၊ ဆန် ၂ အိပ်၊ စားဆီ ၁ ပုံး၊ ဖိနပ် ၂ ရံ၊ အီကွေ့မန့် ၃ ခု၊ ဦးထုပ် ၃ လုံးနဲ့ ဘောင်းဘီ ၂ ထည်ကို သိမ်းဆည်းရရှိခဲ့ကာ စခန်းအား မီးရှို့ရှင်းလင်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၃။ ကျောက်ကြီးမြို့၊ တောင်စုရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးပြီး ၇ ဦး အရှင်ဖမ်းမိ
မေလ ၂၇ရက်
Radio NUG
မေလ ၁၉ ရက်နေ့တွင် ကျောက်ကြီးမြို့ အနီး တောင်စုကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Falcons Guerrilla Force မှ သတင်းထုတ်ပြန်ထားပါတယ်။
တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၀ ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီ တပ်သား ၇ ဦးကိုလည်း အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို FALCONS (စွန်ရဲ) တပ်ဖွဲ့ ၊ KLNA တပ်ရင်(၈) တပ်ရင်း(၉) ၊ PDF တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ပြန်လည်ဆုတ်ခွာသွားပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များက လက်ရှိချိန်ထိ တောင်စုကျေးရွာကို ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။
========================
🚩🚩 ၄။ ဗန်းမော် မြို့သိမ်းတိုက်ပွဲမှာ ယင်းမာပင်ခရိုင်၊ တပ်ရင်း (၂၈) တပ်ခွဲမှူး တစ်ဦး ကျဆုံးခဲ့
မေလ ၂၇ ရက်၊
Radio NUG
KIA နဲ့ တော်လှန်ရေး တပ်ဖွဲ့တွေ ပူးပေါင်းဆင်နွှဲနေတဲ့ ဗန်းမော် မြို့သိမ်း တိုက်ပွဲမှာ ယင်းမာပင်ခရိုင်၊ တပ်ရင်း ၂၈ (ဓါးမဆိုင်း တပ်ဖွဲ့) မှ တပ်ခွဲမှူး တစ်ဦးဖြစ်သူ ရဲဘော် နိုင်းနိုင်း ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့က စစ်ကောင်စီ ရဟတ်ယာဉ် တစ်စီးကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ပစ်ချနိုင်ခဲ့ပြီးနောက် စစ်ကောင်စီက လေကြောင်းကနေ နည်းမျိုးစုံနဲ့ ဆက်တိုက် ဗုံးကြဲခဲ့ရာ ၂၂ ရက်နေ့မှာ ရဲဘော် နိုင်းနိုင်းဟာ ဒရုန်းဗုံး ထိမှန်ပြီး ကျဆုံးခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အသက် ၂၁ နှစ်အရွယ်ရှိ ရဲဘော် နိုင်းနိုင်းဟာ ယင်းမာပင် ခရိုင်ထဲက စစ်ကောင်စီ စစ်ကြောင်းတွေကို တိုက်ခိုက်ရာမှာ အစွမ်းပြခဲ့သလို ကသုံးလုံး စစ်ဆင်ရေးလို့ခေါ်တဲ့ ပင်လယ်ဘူး မြို့သိမ်းတိုက်ပွဲမှာလည်း ၆ လကျော်ကြာ တိုက်ပွဲဝင်ခဲ့သူ ဖြစ်တယ်လို့ သိရပါတယ်။
ယင်းမာပင်ခရိုင် တပ်ရင်း (၂၈) ရဲဘော်တွေနဲ့ ဒေသခံတွေ စုပေါင်းပြီး ကျဆုံးခဲ့တဲ့ ရဲဘော် နိုင်းနိုင်းရဲ့ မိဘတွေကို ထောက်ပံ့ငွေ ကျပ်သိန်း ၅၀ နဲ့အတူ သားဖြစ်သူ ဝတ်ဆင်ခဲ့တဲ့ စစ်ယူနီဖောင်းကို ပေးအပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ရဲဘော် နိုင်းနိုင်းရဲ့ အရိုးပြာအိုးဟာ ဗန်းမော်မြို့မှာ ရှိနေဆဲဖြစ်ပြီး KIA နဲ့ တော်လှန်ရေး တပ်တွေက မြို့သိမ်းပြီးမှ ယင်းမာပင်ခရိုင် တပ်ရင်း (၂၈) ရဲဘော်တွေက ဇာတိရွာကို ပြန်သယ်ဆောင်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ လက်ပံတန်း မြို့နယ်မှာ စစ်ကောင်စီ လက်ကိုင်တုတ် မြေစီး အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်း
မတ်လ ၂၇ ရက်၊
Radio NUG
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ မြေစီး ကျေးရွာအုပ်စု၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဖြစ်သူ ချစ်လင်း ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
မေလ ၂၇ ရက်နေ့ မနက် ၁၁ နာရီခွဲခန့် အချိန်မှာ အုပ်ချုပ်ရေးမှူး ချစ်လင်း ကို ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က နေအိမ်ထဲထိ ဝင်ရောက်ပစ်ခတ် ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။
ချစ်မင်းဟာ အုပ်ချုပ်ရေးမှူး မဖြစ်ခင်ကတည်းက စစ်ကောင်စီရဲ့ လက်ကိုင်တုတ် တစ်ဦး ဖြစ်ပြီး အုပ်ချုပ်ရေးမှူး ဖြစ်လာတာ ၈ လခန့်သာ ရှိသေးတယ်လို့ သိရပါတယ်။
၎င်းဟာ စစ်မှုထမ်း အကြောင်းပြကာ လူငယ်များအား ဖမ်းဆီးရာမှာ တက်ကြွစွာ ကိုယ်တိုင်ပါဝင် ဖမ်းဆီးပေးနေတဲ့အတွက် အခုလို ပစ်ခတ်ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။
========================
🚩🚩 ၆။ နောင်ချိုမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်
မေလ ၂၇ ရက်၊
Radio NUG
ရှမ်းပြည်နယ် မြောက်ပိုင်း၊ တအောင်းတပ် (TNLA) ထိန်းချုပ်နယ်မြေ၊ နောင်ချိုမြို့နယ်၊ နောင်တောကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ DPLF/DPLA က ထုတ်ပြန်ထားပါတယ်။
မေလ ၂၇ ရက်နေ့ မနက် ၉ နာရီ ၅ မိနစ်ခန့်မှာ နောင်တောရွာထဲကို လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့တာ ဖြစ်ပြီး အရပ်သား ပြည်သူပိုင် နေအိမ် ၁ လုံး ထိခိုက်ပျက်စီးခဲ့ကာ လူထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။
ပြည်သူလူထုအနေဖြင့် မပေါက်ကွဲသေးတဲ့ စစ်လက်နက် ပစ္စည်းများ ရှိရာကို သွားလာခြင်း မပြုဖို့၊ အကြောင်း မသိဘဲ ကိုင်တွယ် ဖြုတ်ကြည့်ခြင်းများ မပြုဖို့နဲ့ လက်နက်ကြီး ကျထားတဲ့ နေရာများတွင် ကလေးငယ်များအား ဆော့ကစားစေခြင်း မပြုကြဖို့ အထူးဂရုစိုက်သင့်ကြောင်း ဆိုထားပါတယ်။
စစ်ကောင်စီက အပစ်ရပ် ကြေညာထားတဲ့ ကာလအတွင်း TNLA ထိန်းချုပ်နယ်မြေအတွင်းက ပြည်သူလူထုကို ပစ်မှတ်ထားပြီး လေယာဉ်များ၊ အဆိပ်ငွေ့ဗုံးများ၊ လက်နက်ကြီးများပစ်ခတ်ကာ ထိုးစစ်ဆင် တိုက်ခိုက်မှုများကို ပြုလုပ်နေတယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၇။ စစ်ကိုင်းခရိုင်အမှတ်(၃)တပ်ရင်း တပ်ရင်းတည်ထောင်ခြင်း (၄)နှစ်ပြည့်အခမ်းအနား၊ အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ အခမ်းအနားနှင့် လက်နက်တပ်ဆင်ခြင်း အခမ်းအနား ကျင်းပ
မေလ ၂၇ရက်
Radio NUG
ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ကိုင်းခရိုင် အမှတ်(၃)တပ်ရင်းတွင် ၂၀၂၅ခုနစ်၊ မေလ ၂၅ရက်နေ့က စစ်ကိုင်းခရိုင် အမှတ်(၃)တပ်ရင်း တပ်ရင်းတည်ထောင်ခြင်း(၄)နှစ်ပြည့်အခမ်းအနား၊ အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနားနှင့် လက်နက်တပ်ဆင်ခြင်း အခမ်းအနားများ ကျင်းပခဲ့ပါတယ်။
အခမ်းအနားတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ အလံတော်အား အလေးပြုခြင်း၊ ကျမ်းသစ္စာကျိန်ဆိုခြင်း၊ သစ္စာရေသောက်ခြင်းနှင့် တပ်ရင်းတာဝန်ရှိသူများက မိန့်ခွန်းပြောကြားခြင်း၊ ကျဆုံးရဲဘော်များ၏ ကျန်ရစ်သူမိသားစုဝင်များအား ဂုဏ်ပြုငွေထောက်ပံ့ခြင်းများ ပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် သာကီ၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment