၂၀၂၅ ဇွန်လ ၁၈ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့်တို့ တရားခွင်မှာ အမှုရင်ဆိုင်နေတဲ့ CCTV မှတ်တမ်းဗီဒီယိုနဲ့ လူထုခေါင်းဆောင်ရဲ့ ထောင်တွင်း နေ့စဉ် နေထိုင်မှုမှတ်တမ်းတွေ ဂါးဒီးယန်းသတင်းဌာန ဖော်ပြ
📌 ၂။ တအာင်းပြည်ကောင်စီ Ta'ang Land Council - TLC ဖွဲ့စည်းမှုအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ သဝဏ်လွှာပို့
📌 ၃။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း (၄) နှစ်ပြည့်အထိမ်းအမှတ် ကျန်းမာရေးအသိပညာ မျှဝေခြင်းအစီအစဥ်တွင် NUGကျန်းမာရေးဒုဝန်ကြီး ပါဝင်မည်
📌 ၄။ စစ်အာဏာသိမ်းမှုနဲ့ စစ်တပ်ရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကြောင့် အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ လူကုန်ကူးခံရမယ့် အန္တရာယ် မြင့်တက်လာတယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးပြော
📌 ၅။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့မရောက်မီတရက်အလို ဆုတောင်းဗီဒီယိုရှစ်သောင်းပြည့်
📌 ၆။ ဒေါ်အောင်ဆန်းစုကြည်၏ အသက်၈၀ပြည့်မွေးနေ့ဆုတောင်းပွဲကို အီတလီနိုင်ငံရောမမြို့မှာကျင်းပမည်
========================
၂၀၂၅ ခုနှစ် ဇွန်လ ၁၈ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ပေါင်းတည်မြို့နယ်မှာ အရပ်သားတွေကို လူသားဒိုင်းလုပ်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်မှုမှာ စစ်သား ၄ ဦး သေဆုံး
🚩 ၂။ ချောင်းဦးထွေအုပ်ရုံးကနေ အိမ်စီးကားနဲ့ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်မှု စစ်အရာရှိအပါ ၃ယောက်သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ
🚩 ၃။ ရန်ကုန်အဝင် ချပ်ဝတ်ဆင် သိန်းတစ်ထောင်ကျည်ကာကမ်ပိန်း ၁၂၇ရာခိုင်နှုန်းအထိကျော်လွန်အောင်မြင်
🚩 ၄။ ကျောက်မဲမှာ ၂ပတ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သူ ၁၀ ဦး ဖမ်းဆီးရမိ
🚩 ၅။ မြန်မာစစ်တပ်က ရိုဟင်ဂျာများကိုတိုက်ခိုက်သည့် အမုန်းစကားပို့စ်ပေါင်း ၁၀၀၀၀ ကျော်ကို စနစ်တကျဖြန့်ဝေခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့်တို့ တရားခွင်မှာ အမှုရင်ဆိုင်နေတဲ့ CCTV မှတ်တမ်းဗီဒီယိုနဲ့ လူထုခေါင်းဆောင်ရဲ့ ထောင်တွင်း နေ့စဉ် နေထိုင်မှုမှတ်တမ်းတွေ ဂါးဒီးယန်းသတင်းဌာန ဖော်ပြ
ဇွန်လ ၁၈ရက်
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့်တို့ တရားခွင်မှာ အမှုရင်ဆိုင်နေတဲ့ CCTV မှတ်တမ်း ဗီဒီယိုနဲ့ လူထုခေါင်းဆောင်ရဲ့ ထောင်တွင်း နေ့စဉ် နေထိုင်မှုမှတ်တမ်းတွေ ဂါးဒီးယန်းသတင်းဌာနက ဖော်ပြလာပါတယ်။
တော်လှန်ရေးအင်အားစုတခုဖြစ်တဲ့ ပြည်သူ့ရင်ခွင်အဖွဲ့ကတဆင့်ပေါက်ကြားလာတာလို့ ဂါးဒီးယန်းသတင်းဌာနက ဆိုပါ တယ်။
ပြည်သူ့ရင်ခွင်အဖွဲ့ကလည်း သူတို့ရဲ့ သတင်းရင်းမြစ်တွေကပေးပို့ချက်တွေကို ဂါးဒီးယန်းသတင်းဌာနက သတင်းတင်ဆက် တာလို့ အတည်ပြုထားပါတယ်။
ဂါးဒီးယန်းသတင်းဌာနအနေနဲ့ တွေ့ရခဲတဲ့ မြန်မာတရားရုံးခန်းတခုအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်တွေနဲ့ သူမရဲ့ ထောင်တွင်းနေ့စဉ်မှတ်တမ်းတွေကို မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ နီးကပ်လာချိန်မှာ သူမရဲ့ပုံရိပ်နဲ့ မှတ်တမ်းတွေဟာ ဖယ်ရှားခံလိုက်ရတဲ့ ပြည်သူ့ခေါင်းဆောင်ရဲ့ဘဝကို မီးမောင်းထိုးပြလိုက်တာပဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဂါးဒီးယန်းသတင်စာက ဖော်ပြထားတဲ့ CCTV မှတ်တမ်းဗီဒီယိုတွေဟာ ၂၀၂၂ ခုနှစ် သြဂုတ်လနဲ့ ဒီဇင်ဘာလအတွင်းက မှတ်တမ်းတွေဖြစ်ပြီး သမ္မတကြီး ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တရားခွင်မှာ အမှုရင်ဆိုင်နေရတဲ့ မြင်ကွင်းတွေကို ပြသထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျဉ်းထောင်အတွင်း နေ့စဉ်နေထိုင်မှုမှတ်တမ်းတွေအရ သူမဟာ အနက် ၄ နာရီခွဲကနေ ည ၈ နာရီခွဲမှာ ပြီးဆုံးတယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်တိုင်း ၁ နာရီကျော် တရားထိုင်ပြီး ညနေတိုင်း အခန်းတွင်းမှာ လေ့ကျင်ခန်းအနေနဲ့ နာရီဝက်ခန့် လမ်းလျှောက်လေ့ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။
အသက် ၈ ၀အရွယ်အမျိုးသမီးတယောက်ကို ထိန်းချုပ်ထားတဲ့နေရာကျဉ်းကျဉ်းမှာ တဦးတည်းနေစေပြီး သူမရဲ့ မိသားစု မိတ်ဆွေတွေနဲ့ အဆက်အသွယ် ဖြတ်တောက်ထားတာကြောင့် သူမအနေနဲ့ ရုပ်ပိုင်းဆိုင်ရာ နဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ကြီးမားစွာ သက်ရောက်စေနိုင်တယ်လို့လည်း ဂါးဒီယန်းသတင်းစာက ဖော်ပြထားပါတယ်။
မှတ်တမ်းတခုမှာဆိုရင် သူမဟာ နေ့လည်စာအဖြစ် ထမင်း ၂ ဆွမ်း၊ ကြက်သား၊ ငါးသားလုံးဟင်းချို၊ ချောကလက် ၂ ခု၊ နဂါးမောက်သီးအနည်းငယ် စားသုံးကြောင်းနဲ့ ပုံမှန်အားဖြင့် ဒေါ်အောင်ဆန်းစုကြည်ဟာ အစားနည်းပြီး နံနက်စာအတွက် ကြက်ဥကြော်၊ နေ့လယ်စာအတွက် ထမင်းအနည်းငယ်ကို အသား ငါးတို့ကို စားသုံးပြီး ညစာအတွက် ပေါင်မုန့်စားတယ်လို့ ရေးသားထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို လွတ်လပ်ရေးသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးအဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေး ရုန်းကန်မှု သင်္ကေတအဖြစ်လည်းကောင်း မြန်မာနိုင်ငံအတွင်း လေးစားကြည်ညိုခံရတဲ့ ပုဂ္ဂိုလ်တဦးအဖြစ် ဆက်ရှိနေဆဲလို့လည်း ဖော်ပြထားပါတယ်။
========================
📌📌 ၂။ တအာင်းပြည်ကောင်စီ Ta'ang Land Council - TLC ဖွဲ့စည်းမှုအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ သဝဏ်လွှာပို့
ဇွန်လ ၁၈ရက်
အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ အဖွဲ့ဝင် အဖွဲ့အစည်းတခုဖြစ်တဲ့ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ -TPCC က ကျင်းပခဲ့တဲ့ တအာင်းနိုင်ငံရေးထိပ်သီးအစည်းအဝေးမှာ တအာင်းပြည်ကောင်စီ Ta'ang Land Council - TLC ဖွဲ့စည်းနိုင်ခဲ့ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီက ဒီနေ့ ဇွန်လ ၁၈ မှာ သဝဏ်လွှာပေးပို့ လိုက်ပါတယ်။
တအာင်းအမျိုးသားပါတီ - TNP၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး - PSLF/TNLA နဲ့ တအာင်းအရပ်ဖက် အစုအဖွဲ့ တွေပါတဲ့ တအာင်းနိုင်ငံရေး အတိုင်ပင်ခံကော်မတီ - TPCC တို့ကဦးဆောင်ပြီး နိုင်ငံရေးထိပ်သီးအစည်းအဝေးကို ဇွန်လ ၁ ရက်ကနေ ၃ ရက်ထိ တအာင်းပြည် တနေရာမှာ အောင်မြင်စွာကျင်းပနိုင်ခဲ့ကာ အစုအဖွဲ့ ၃ ဖွဲ့က ထိပ်သီးခေါင်းဆောင် စုစုပေါင်း ၈၃ ဦး တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
တအာင်းနိုင်ငံရေး ထိပ်သီးအစည်းအဝေးမှာ တအာင်းပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေးကော်မတီ TSCDC က ရေးဆွဲထားတဲ့ တအာင်းပြည် တော်လှန်ရေးကာလအစိုးရအစီအမံကို လက်ခံအတည်ပြုကြပြီး တအာင်းပြည်ကောင်စီ Ta'ang Land Council - TLC ကို တော်လှန်ရေးကာလမှာ တအာင်းပြည်ရဲ့ အမြင့်ဆုံး နိုင်ငံရေး အာဏာပိုင်အဖွဲ့အစည်း အဖြစ် ဖွဲ့စည်းဆောင်ရွက်ဖို့ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရတဲ့အကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီက ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီအနေနဲ့ မိမိတို့ရဲ့ အဖွဲ့ဝင် အဖွဲ့အစည်းတခုဖြစ်တဲ့ တအာင်းနိုင်ငံရေးအတိုင်ပင်ခံ ကော်မတီ TPCC က ကျင်းပခဲ့တဲ့ တအာင်းနိုင်ငံရေးထိပ်သီးအစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းနဲ့ “တအာင်းပြည် ကောင်စီ - TLC ဖွဲ့စည်းနိုင်ခဲ့ခြင်းကို အထူး ဝမ်းမြောက်စွာ ကြိုဆိုတယ်လို့လည်း အသိပေးထားပါတယ်။
ဒါ့အပြင် တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ - TPCC ကနေ ပြောင်းလဲဖွဲ့စည်းလိုက်တဲ့ တအာင်းပြည်ကောင်စီ - TLCကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီရဲ့ အဖွဲ့ဝင်အဖွဲ့စည်းတရပ်အဖြစ် ဆက်လက် လက်တွဲဆောင်ရွက်ခွင့်ရရှိခဲ့တာ အတွက်လည်း ဂုဏ်ယူဝမ်းမြောက်မိတယ်လို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီက သဝဏ်လွှာ ပေးပို့ထားပါ တယ်။
========================
📌📌 ၃။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း (၄) နှစ်ပြည့်အထိမ်းအမှတ် ကျန်းမာရေးအသိပညာ မျှဝေခြင်းအစီအစဥ်တွင် NUGကျန်းမာရေးဒုဝန်ကြီး ပါဝင်မည်
ဇွန်လ ၁၈ရက်
တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း (၄) နှစ်ပြည့်အထိမ်းအမှတ် ကျန်းမာရေးအသိပညာ မျှဝေခြင်းအစီအစဥ်တွင် NUGကျန်းမာရေးဒုဝန်ကြီး ဒေါက်တာခင်မောင်လွင် ပါဝင်တက်ရောက်မယ်လို့သိရပါတယ်။
ကျန်းမာရေးအသိပညာ မျှဝေခြင်းနှင့် အမေးအဖြေ Live အစီအစဉ်တွင် သိုင်းရွိုက်ဂလင်းနှင့် ဟော်မုန်းအကြောင်းသိကောင်းစရာကို ဇွန်လ၁၉ရက် (ကြာသပတေးနေ့)၊ ည (၇း၃ဝ) နာရီတွင် တိုက်ရိုက်ထုတ်လွှင့်မယ်လို့သိရပါတယ်။အဖွင့်အမှာစကားကို အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးပါမောက္ခ ဒေါက်တာခင်မောင်လွင်က တက်ရောက်ပြောကြားပေးသွားမှာဖြစ်ပါတယ်။
ဟောပြောမည့်ဆရာဝန် မှာဒေါက်တာနန္ဒာမင်းဆွေ (MD, Endocrinologist)၊ ဆီးချိုနှင့် ဟော်မုန်းဆိုင်ရာ အထူးကုဆရာဝန်ကြီး၊ USAဖြစ်ပြီး ဟောပြောမှုပြီးဆုံးလျှင် အထူးကုဆရာဝန်ကြီးနှင့် တိုက်ရိုက် မေးမြန်းနိုင်တယ်လို့သိရပါတယ်။
တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကို ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ (၁၉-၆-၂၀၂၁) တွင် စတင်ဖွင့်လှစ်ခဲ့ရာ ယခုနှစ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် (၈၀) နှစ်ပြည့်မွေးနေ့ (၁၉-၆-၂၀၂၅) တွင် တယ်လီကျန်းမာ လေးနှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။
========================
📌📌 ၄။ စစ်အာဏာသိမ်းမှုနဲ့ စစ်တပ်ရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကြောင့် အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ လူကုန်ကူးခံရမယ့် အန္တရာယ် မြင့်တက်လာတယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးပြော
ဇွန်လ ၁၈ရက်
စစ်အာဏာသိမ်းမှုနဲ့ စစ်တပ်ရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကြောင့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူသားချင်းစာနာမှု အခြေအနေနဲ့ လူ့အခွင့်အရေးအခြေအနေတွေ ဆိုးရွားစေခဲ့ပြီး တရားဥပဒေစိုးမိုးမှုကိုလည်း ဆိုးဆိုးရွားရွား ဖျက်ဆီးခဲ့တဲ့အခြေအနေတွေကြောင့် အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ လူကုန်ကူးခြင်းခံရမယ့် အန္တရာယ် မြင့်တက်လာတယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးက ပြောကြားလိုက်ပါတယ်။
UN-Women Executive Board ရဲ့ ၂၀၂၅ ခုနှစ်ဆိုင်ရာ နှစ်ပတ်လည် အစည်းအဝေး အထွေထွေ ဆွေးနွေးမှု ကဏ္ဍမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ မတရား စစ်အာဏာသိမ်းမှုနဲ့ စစ်တပ်က ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် အမျိုးသမီး တွေနဲ့ မိန်းကလေးငယ်တွေရင်ဆိုင်နေရတဲ့ ဒုက္ခဆင်းရဲဟာ မြင့်မားလွန်းနေတယ်လို့ အစည်းဝေး တက်ရောက်လာသူတွေကို မြန်မာသံအမတ်ကြီးက အသိပေးခဲ့ပါတယ်။
စစ်အုပ်စုအနေနဲ့ အဓမ္မပြုကျင့်မှုဆိုတာကို စစ်လက်နက်တခုသဖွယ် အသုံးချနေတာ အားလုံးသိမှာဖြစ်ပြီး အဓမ္မ အာဏာသိမ်းယူခဲ့တဲ့ ကာလတလျှောက်လုံးမှာလည်း အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျူးလွန်နေတယ်လို့လည်း ရှင်းပြခဲ့ပါတယ်။
အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအတွက် တရားမျှတမှု၊ ငြိမ်းချမ်းရေး၊ လုံခြုံတဲ့အသိုက်အဝန်းနဲ့ တောက်ပတဲ့ အနာဂတ်တွေ ဆောင်ကြဉ်းပေးနိုင်ဖိုဆိုရင် အခုလိုဖြစ်နေတဲ့ပြဿနာတွေရဲ့ ဇစ်မြစ်ကို ထိထိရောက်ရောက် ဖြေရှင်းမှ ရမယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးက ဆက်ပြောပါတယ်။
စစ်အာဏာရှင်စနစ်နဲ့ မတရား စစ်အာဏာသိမ်းမှု ချုပ်ငြိမ်းရေး၊စစ်အုပ်စုဘက်ကအကျိုးခံစားခွင့်ရနေတဲ့ ပြစ်ဒဏ် ကင်းလွတ်ခွင့် ရပ်တန့်ရေးတို့ဟာ မိမိတို့ လုပ်ဆောင်ရမယ့် တခုတည်းသော နည်းလမ်းဖြစ်တယ်လို့လည်း အစည်းအဝေး တက်လာသူတွေကို ထပ်ပြီး အသိပေးခဲ့ပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံက အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအတွက် ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တန်းတူညီမျှမှု ဆိုတာ တွေကို အာမခံချက်ပေးနိုင်ဖို့ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ဟန်ချက်ညီပြီး တိကျခိုင်မာပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့လည်း ကုလဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်း ပြောကြားခဲ့ ပါတယ်။
UN-Women Executive Board ရဲ့ ၂၀၂၅ ခုနှစ်ဆိုင်ရာ နှစ်ပတ်လည်အစည်းအဝေးကို နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂ ဌာနချုပ်မှာ ဇွန်လ ၁၇ ရက်ကနေ ၁၉ ရက်နေ့အထိ ကျင်းပမှာလို့ သိရပါတယ်။
========================
📌📌 ၅။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့မရောက်မီတရက်အလို ဆုတောင်းဗီဒီယိုရှစ်သောင်းပြည့်
ဇွန်လ ၁၈ရက်
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့မရောက်မီတရက်အလို ဆုတောင်းဗီဒီယိုရှစ်သောင်းပြည့်ခဲ့ပြီလို့ SU 80ကမ်ပိန်းက ဇွန်လ၁၈ရက်မှာ အသိပေးဖော်ပြပါတယ်။
"အမေ့မွေးနေ့မတိုင်ခင် ၁ ရက်အလိုမှာ မွေးနေ့ဆုတောင်း ၈၀၀၀၀ ပြည့်သွားပါပြီ။ ပါဝင်ဆုတောင်းပေးသူများအားလုံးနှင့် ဆုတောင်းများကို ရရှိအောင်ကူညီပေးကြသူများအားလုံးကို ကင်မ် နှင့် ကမ်ပိန်းဖြစ်မြောက်ရေးကော်မတီမှ ကျေးဇူးအထူးတင်ရှိပါတယ်။အမေ့အတွက်မွေးနေ့ဆုတောင်းများကို မူလသတ်မှတ်ထားသည့် ၁၉ ရက်နေ့ အထိဆက်လက် ပေးပို့နိုင်ကြပါတယ်"လို့ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်၏အသက်၈၀ပြည့်မွေးနေ့အမှတ်တရ ဆုတောင်းဗီဒီယိုများကို ကမ္ဘာ့မှတ်တမ်းဝင်ရရှိရေးအတွက် လည်းတင်ပြသွားမယ်လို့ အသိပေးထားပါတယ်။
========================
📌📌 ၆။ ဒေါ်အောင်ဆန်းစုကြည်၏ အသက်၈၀ပြည့်မွေးနေ့ဆုတောင်းပွဲကို အီတလီနိုင်ငံရောမမြို့မှာကျင်းပမည်
ဇွန်လ ၁၈ရက်
ဒေါ်အောင်ဆန်းစုကြည်၏ အသက်၈၀ပြည့်မွေးနေ့ဆုတောင်းပွဲကို အီတလီနိုင်ငံရောမမြို့မှာ ကျင်းပမည်ဖြစ်ကြောင်း Myanmar community in Italy ကအသိပေးကြေညာပါတယ်။
"ဇွန်လ ၁၉ ရက်နေ့ ကြာသပတေးနေ့ဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ် ၈၀ ပြည့် မွေးနေ့အချိန်ခါပဲ ဖြစ်ပါတယ်။ပြည်သူလူထု လေးစားချစ်ခင်ရတဲ့ ဖွားဖွား၊ အန်တီ၊ အမေစု ရဲ့ မွေးနေ့ဆုတောင်းတွေ့ဆုံပွဲကို ရောမမြို့မှာ ဇွန်လ ၁၉ ရက်နေ့၊ ကြာသပတေးနေ့၊ ညနေ ၅ နာရီမှာ ပြုလုပ်ကျင်းပသွားမှာဖြစ်တာကြောင့် ပူးပေါင်းပါဝင်ပေးကြပါရန် လေးစားစွာ ဖိတ်ခေါ်တိုက်တွန်းအပ်ပါတယ်"လို့ဆိုထားပါတယ်။
ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည်ဖြစ်သော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့အထိမ်းအမှတ် အစီစဥ်တွင် မွေးနေ့အမှတ်တရ ဆုတောင်းစကားကို ပန်းပွင့်များနှင့်အတူဖြစ်စေ၊ လူထုခေါင်းဆောင်ဓါတ်ပုံကို ကိုင်ဆောင်၍ဖြစ်စေ၊ အီတလီနိုင်ငံ၏ အထိမ်းမှတ်နေရာများနောက်ခံ၍ မိမိပုံဖြစ်စေ၊ ပန်းတစ်ပွင့်ပုံဖြစ်စေ ဓါတ်ပုံရိုက်ပို့နိုင်သလို အခြား မိမိတို့နှစ်သက်အဆင်ပြေသလို ဆုတောင်းစကားများ၊ ဓါတ်ပုံများကို ပေးပို့နိုင်တယ်လို့ကြေညာထားပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်နှင့်သာကီတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ပေါင်းတည်မြို့နယ်မှာ အရပ်သားတွေကို လူသားဒိုင်းလုပ်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်မှုမှာ စစ်သား ၄ ဦး သေဆုံး
ဇွန်လ ၁၈ရက်
ပဲခူးတိုင်း ပေါင်းတည်မြို့နယ်မှာ အရပ်သားပြည်သူတွေကို လူသားတံတိုင်းအဖြစ် ဖမ်းဆီးလာတဲ့ အင်အား ၁၀၀ ပါ စစ် တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၃၆၀၁ တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။
ပေါင်းတည်မြို့နယ် သစ်ပုတ်အုပ်စု နွားသိုးရွာနဲ့ နွေးတောင်ရွာအကြား ရုပ်ဆိုင်ရွာက ပြည်သူတွေကိုဖမ်းပြီး လူသားတံတိုင်း အဖြစ် အသုံးပြု ထွက်ခွာလာတဲ့ အင်အား ၁၀၀ ပါ စစ်တပ်စစ်ကြောင်းကို ဇွန်လ ၁၆ ရက်နေ့ မနက် ၁၀ နာရီ ၅၀ ကနေ နေ့လည် ၂ နာရီ ၁၅ မိနစ်အချိန်ထိ တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာသွားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ သေဆုံးသွားသူတွေကို နွားသိုးရွာနဲ့ နွေးတောင်ကျေးရွာမှာရှိတဲ့ ပြည်သူပိုင်အိမ်တွေထဲထည့်ကာ နေအိမ်တွေကိုပါ မီးရှို့သွားခဲ့ပြီး ပေါက်ခေါင်းမြို့ဘက်သို့ ထွက်ခွာသွားတယ်လို့ အသိပေးပါတယ်။
အဲဒီ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဗျူဟာ ၂၁ ကွက်ကဲမှုအောက်မှာရှိတဲ့ ၃၆၀၁ တပ်ရင်း စနိုက်ဘာအဖွဲ့နဲ့တပ်ရင်းက ရဲဘော်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်တပ်ဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တာရှိ ပေမယ့် ပြည်သူ့ကာကွ်ရေးရဲဘော်တွေ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။
========================
🚩🚩 ၂။ ချောင်းဦးထွေအုပ်ရုံးကနေ အိမ်စီးကားနဲ့ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်မှု စစ်အရာရှိအပါ ၃ယောက်သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ
ဇွန်လ ၁၈ရက်
စစ်ကိုင်းတိုင်း ချောင်းဦးမြို့မှာရှိတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကနေ အိမ်စီးကားနဲ့ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ စစ်တပ်ဘက်က အရာရှိအပါအဝင် ၃ယောက်သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ ခဲ့တယ်လို့ BRAVE HEART ARMY-BHA တပ်ဖွဲ့က ပြောပါတယ်။
ချောင်းဦးထွေအုပ်ရုံးကနေ အိမ်စီးကားနဲ့ထွက်လာတဲ့ ၃ ပွင့်ဗိုလ်အပါအဝင် စစ်သား ၅ ဦးကို ဇွန်လ ၁၆ ရက်နေ့ မနက်ပိုင်း က မုံရွာမြို့နယ် တောပုရွာအနီး မုံရွာ-မန္တလေးလမ်းပေါ်မှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုမှာ ဗိုလ်ကြီးတဦးအပါအဝင် ၃ ဦးသေဆုံးပြီး တဦး ဒဏ်ရာရကာ တဦးကတော့ လွတ်မြောက်သွားတယ် လို့ အသိပေးပါတယ်။
တိုက်ပွဲပြီးချိန်မှာ စစ်သားတွေအသုံးပြုတဲ့ကားကို စစ်ဆေးခဲ့ရာမှာ ကားပေါ်ကစစ်သားတွေကိုင်တဲ့ MA1၊ ပါရီ ၊ MA5 ၊ 9 mm ၊ Sig Batter စတဲ့ သေနတ် အရှည် ၂ လက်၊ အတို ၃ လက်၊ ဖုန်း ၃ လုံး သိမ်းဆည်းရရှိခဲ့ပြီး ကားကို မီးရှို့ဖျက်ဆီး ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီတိုက်ခိုက်မှုကို BRAVE HEART ARMY-BHA တပ်ဖွဲ့က ရဲဘော်တွေ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေ အထိအခိုက်မရှိဘူးလို့ သိရပါတယ်။
နောင်မှာလည်း စစ်ကောင်စီတပ်ဖွဲ့တွေကို အခုလို မစ်ရှင်တွေနဲ့ ဆက်လက်ချေမှုန်းတိုက်ခိုက်သွားမှာဖြစ်တဲ့အတွက် လိုအပ် နေတဲ့ ကျည်ဆန်တွေ တတ်နိုင်သမျှ ပါဝင်ထောက်ပံ့ပေးကြဖို့ BRAVE HEART ARMY-BHA တပ်ဖွဲ့က ပြည်သူလူထုကို မေတ္တာရပ်ခံထားပါတယ်။
========================
🚩🚩 ၃။ ရန်ကုန်အဝင် ချပ်ဝတ်ဆင် သိန်းတစ်ထောင်ကျည်ကာကမ်ပိန်း ၁၂၇ရာခိုင်နှုန်းအထိကျော်လွန်အောင်မြင်
ဇွန်လ ၁၈ရက်
ရန်ကုန်အဝင် ချပ်ဝတ်ဆင် သိန်းတစ်ထောင်ကျည်ကာကမ်ပိန်း ရာနှုန်းပြည့်မီ၍ ၁၂၇ရာခိုင်နှုန်းအထိကျော်လွန်အောင်မြင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ၁ ရှေ့တန်းထွက်ရဲဘော်များအတွက် ဦးထုပ် ၊ ကျည်ကာများ ဆင်ပေးနိုင်ရန်အတွက် ရည်ရွယ်ပြုလုပ်သော ရန်ကုန်အဝင် ချပ်ဝတ်ဆင် ကမ်ပိန်း မေလ (၁၅) ရက်နေ့မှ ဇွန်လ (၁၅) ရက်နေ့အထိ ပြုလုပ်ဆောင်ရွက်ခဲ့ကြပါတယ်။
သတ်မှတ်ကာလအတွင်းမှာပင် ၁၀၀ % ကျော်လွန်ပြည့်မြောက်အောင်မြင်ခဲ့ပြီးထိုသို့ အောင်မြင်ခဲ့သည့်အပေါ် အဖက်ဖက်မှ ကူညီပံ့ပိုးပေးခဲ့ကြသူများနှင့် ထောက်ပို့ပါဝင်ပေးခဲ့ကြသူတစ်ဦးချင်းစီကိုကျေးဇူးတင်ရှိကြောင်း ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၁ က အသိပေးဖော်ပြထားပါတယ်။
========================
🚩🚩 ၄။ ကျောက်မဲမှာ ၂ပတ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သူ ၁၀ ဦး ဖမ်းဆီးရမိ
ဇွန်လ ၁၈ရက်
တအာင်းပြည် တပ်မဟာ ၂ နယ်မြေဖြစ်တဲ့ ရှမ်းမြောက်ဒေသ ကျောက်မဲမြို့နယ်မှာ ပလောင်ပြည်နယ်လွတ်မြောက်ရေး တပ်ဦး PSLF/TNLA လက်အောက်ခံ တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့က ၂ ပတ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသား ၉ ဦးနဲ့ အမျိုးသမီးတဦး ဖမ်းဆီးရမိခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ဒီနေ့ ဇွန်လ ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။
မူးယစ်ဆေးဝါရောင်း၀ယ်နေတယ်လို့ သတင်းရတဲ့အတွက် ဇွန်လ ၁၃ ရက်နေ့မှာ မြို့နယ်ရဲတပ်ဖွဲ့က ပန်ပေါင်ကျေးရွာမှာ နေတဲ့ အသက် ၃၁ နှစ်အရွယ် ဟိန်းမင်းလတ်နဲ့ ရပ်ကွက် ၈ မှာနေထိုင်တဲ့ အသက် ၂၆ နှစ်အရွယ် စိုင်းဘထွန်းတို့ အိမ်တွေကို သွားရောက်စစ်ဆေးခဲ့ရာမှာ LIPOVITAN-D အချိုရည်ပုလင်းတွေနဲ့ အုန်းဆီဗူးတွေထဲမှာ ထည့်ထားတဲ့ ဘိန်းဖြူတွေ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ဇွန်လ ၁၁ ရက်နေ့ကလည်း ကျွဲကုန်းကျေးရွာမှာနေထိုင်တဲ့ အသက် ၄၃ နှစ်အရွယ် ဦးစောမောင်နဲ့ အသက် ၂၁ နှစ်အရွယ် ကိုအိုက်မွန်းတို့ကို ယာမဆေးပြား ၁၃၁၆ ပြားနဲ့အတူ ဖမ်းဆီးရမိခဲ့ပြီး ဇွန်လ ၁၀ ရက်နေ့မှာ အုတ်ကျင်းရပ်ကွက်မှာနေတဲ့ အသက် ၃၂ အရွယ် ဦးရဲမင်းသက်ထံကနေ ယာမဆေးပြား ၃၉ ပြားတို့ ဖမ်းဆီးရမိခဲ့တယ်လို့ အသိပေးပါတယ်။
ထို့အတူ ဇွန်လ ၈ ရက်နေ့ကလည်း ရပ်ကွက် ၁ မှာနေတဲ့ အသက် ၄၃ နှစ်အရွယ် ဦးတင်အောင်၀င်း မူးယစ်ဆေးဝါး ရောင်းဝယ်နေတယ်လို့ သတင်းရတဲ့အတွက် သူရဲ့အိမ်ကို သွားရောက်စစ်ဆေးခဲ့ရာမှာ WY စာတန်းပါ မူးယစ်ဆေးဝါး ၄၉၀ ပြားနဲ့ ငွေသား တသိန်း ၈ သောင်း ၅ ထောင့် ၂၀၀ ကျပ်နဲ့အတူ မြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဇွန်လ ၃ ရက်နေ့လည်း မြို့နယ်ရဲတပ်ဖွဲ့က ရှောင်သခင်စစ်ဆေးမှုတွေပြုလုပ်နေစဉ် အသက် ၄၂ နှစ်အရွယ် ဦးဖိုးဇော်၊ အသက် ၂၈ နှစ်အရွယ် ဦးအိုက်ဦးနဲ့ အသက် ၅၅ နှစ်အရွယ် ဒေါ်မိုးခမ်းတို့ဆီကနေ ယာမဆေးပြား ၁၃၀၂ ပြားနဲ့ ဘိန်းဖြူ ဆပ်ပြာခွက်တခွက် ဖမ်းဆီးရမိခဲ့သလို အသက် ၂၈ နှစ်အရွယ် ကိုအောင်သူဟိန်းထံကနေ ယာမဆေး ၄၀ ပြား ဖမ်းဆီးရမိ ခဲ့တယ်လို့ အသိပေးပါတယ်။
ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးရောင်းဝယ်သူတွေကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလတုန်းကလည်း မိုးကုတ်၊ ကွတ်ခိုင်၊ နမ့်ခမ်း၊နမ့်ဆန်နဲ့ နမ္မတူမြို့နယ်တို့မှာ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး PSLF/TNLA တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့က ရှောင်တခင်စစ်ဆေးမှုတွေပြုလုပ်နေချိန်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၁၀ ဦးနဲ့ သုံးစွဲသူ ၂၀ ဦး ဖမ်းဆီးနိုင်ခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန မှတ်တမ်းတွေအရ သိရပါတယ်။
========================
🚩🚩 ၅။ မြန်မာစစ်တပ်က ရိုဟင်ဂျာများကိုတိုက်ခိုက်သည့် အမုန်းစကားပို့စ်ပေါင်း ၁၀၀၀၀ ကျော်ကို စနစ်တကျဖြန့်ဝေခဲ့
ဇွန်လ ၁၈ရက်
မြန်မာစစ်တပ်က ရိုဟင်ဂျာများကိုတိုက်ခိုက်သည့်အမုန်းစကားပို့စ်ပေါင်း ၁၀၀၀၀ ကျော်ကို စနစ်တကျဖြန့်ဝေခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရားIIMM၏အစီရင်ခံစာမှာ ထုတ်ဖော်ထားပါတယ်။
အစီရင်ခံစာတွင် ၂၀၁၇ ခုနှစ် ဇူလိုင်လမှ ဒီဇင်ဘာလအတွင်း ဖေ့စ်ဘုတ်စာမျက်နှာပေါင်း (၄၃) မျက်နှာတွင် ရေးသားထားသော အကြောင်းအရာများကို စိစစ်သုံးသပ်ထားပါတယ်။
ထိုစာမျက်နှာများအားလုံးကို ၂၀၁၈ ခုနှစ်တွင် ဖေ့စ်ဘုတ်က ဖြုတ်ချပြီးဖြစ်ကာ ထိုဖေ့စ်ဘုတ်စာမျက်နှာများသည် တစ်ခုနှင့်တစ်ခု မသက်ဆိုင်သည့် အသွင်ဆောင်ကာ တချို့စာမျက်နှာများသည် ကျော်ကြားသူတို့၏သတင်းများ၊ လူကြိုက်များအကြောင်းအရာများကို ပုံမှန်ဖော်ပြနေသော်လည်း နောက်ကွယ်တွင် ယင်းတို့သည် မြန်မာစစ်တပ်နှင့် တိတိပပချိတ်ဆက်နေသည့် ကွန်ရက်တစ်ခု၏ တစိတ်တပိုင်းဖြစ်ကြောင်း ယန္တရားက သုံးသပ်တွေ့ရှိတယ်လို့ဖော်ပြပါတယ်။ယန္တရားက အမုန်းစကားဟု သတ်မှတ်သည့် ပို့စ်ပေါင်း ၁၀၀၀၀ ကျော်ကို စာမျက်နှာများတွင် တွေ့ရှိရကြောင်း အစီရင်ခံစာက ထုတ်ဖော်ပါတယ်။
ရိုဟင်ဂျာများအပေါ် အကြမ်းဖက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေသည့် တချိန်တည်းမှာပင် မြန်မာစစ်တပ်က အမုန်းစကားဖြန့်ဝေသည့်လှုပ်ရှားမှုများကို အချိန်ကိုက်ညှိနှိုင်းလုပ်ဆောင်ခဲ့ကြောင်း အစီရင်ခံစာကကောက်ချက်ချထားပါတယ်။
ယန္တရား၏ အမုန်းစကားဆိုင်ရာအစီရင်ခံစာအရ မြန်မာစစ်တပ်သည် ၂၀၁၇ ခုနှစ် ရှင်းလင်းစစ်ဆင်ရေးကာလ မတိုင်ခင်နှင့် ယင်းကာလအတွင်း ရိုဟင်ဂျာများကို တိုက်ခိုက်သည့် အမုန်းစကားများ စနစ်တကျဖြန့်ဝေခဲ့မှုကို တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်နှင့်သာကီတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment