၂၀၂၅ ဇွန်လ ၂၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ "အကြမ်းဖက်စစ်တပ်က နှစ်ကာလကြာရှည်စွာ ခံစားခဲ့ရသော အပြစ်ပေးအရေးယူခံရခြင်းမှ ကင်းလွတ်ခွင့်ကို လုံခြုံရေးကောင်စီမှ အဆုံးသတ်ပေး"ဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော
📌 ၂။ ဆရာဝန်များ၊အထူးကုဆရာဝန်များအရေးတကြီးလိုအပ်နေ၍ တနင်္သာရီတိုင်းတွင် တာဝန်ထမ်းဆောင်ရန် ကျန်းမာရေးဝန်ထမ်းများကို ခေါ်ယူထားမှု လျှောက်ပေးကြရန်မေတ္တာရပ်ခံ
📌 ၃။ ၁၅၀ နှစ်မြောက် ကရင်နီအမျိုးသားနေ့ အခမ်းအနားကို ကရင်နီပြည်တွင်း တနေရာမှာ ကျင်းပရာ ကရင်နီပြည်တပ်မတော် KA စစ်ဦးစီးချုပ် တက်ရောက်ခဲ့
📌 ၄။ ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော် စစ်ဆင်ရေးလှုပ်ရှားဖော်ဆောင်ရာ ဒေသများအတွင်း ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများကို နှောင့်ယှက်ဖျက်ဆီးသူများကို အရေးယူမည်
📌 ၅။ နွေဦးထီမှ ငလျင်ဘေး ပြန်လည်ထူထောင်ရေး ကျပ်သိန်း ၁၇၁သိန်းလှူဒါန်း
📌 ၆။ Clean Yangon အခမဲ့ ဆေးခန်းမှ တစ်နှစ်တာကာလအတွင်း လူနာပေါင်း (၅၀၀၀) ကျော်အား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့
========================
၂၀၂၅ ခုနှစ် ဇွန်လ ၂၁ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ လေကြောင်းပစ်ကူ အမြောက်အမြားအပြင် မြေပြင်စစ်ကူစစ်ကြောင်းများကြားမှ ပုလဲမြို့နယ် ကန့်ဒေါင့်ရဲစခန်းအား ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLAနှင့် ပူးပေါင်းအဖွဲ့မှ အပြီးသတ် သိမ်းပိုက်ရရှိ
🚩 ၂။ ကျောက်ဖြူ ပြိုင်းစေ့ကေကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို AA သိမ်းပိုက်၊ စစ်သုံ့ပန်းအများအပြား ဖမ်းမိ
🚩 ၃။ သံတွဲနှင့် ဂွတွင် မြေမြှုပ်မိုင်း အလုံး ၂၀၀၀ ကျော်ကို အာရက္ခတပ်တော် ရှင်းလင်း
🚩 ၄။ စစ်ကောင်စီတပ်ရင်း ၆၀၃မှ ရိက္ခာပို့၍ ပြန်လာတဲ့ ကား ၁၁ စီးအား တိုက်ခိုက်ရာ တစ်စီး တိမ်းမှောက်ခဲ့တာကြောင့် လမ်းကင်းနှင့် ထိုးဝါးချောင်းရွာက စစ်ကောင်စီတပ်များကိုပါ တိုက်ခိုက်
🚩 ၅။ ရွှေကျင်မြို့နယ် အင်္ဂနီရုံးတိုင်းရွာကားလမ်း စစ်ကောင်စီကင်းပုန်းနှင့် ညောင်လေးပင်မြို့နယ် ထောင်လောင်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ရာ ၄ဦး သေဆုံး
🚩 ၆။ တနင်္သာရီမြို့နယ် ခ.မ.ရ (၅၆၁) တပ်ရင်းမှ တပ်ကြပ်ကြီး တစ်ဦး အလင်းဝင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ "အကြမ်းဖက်စစ်တပ်က နှစ်ကာလကြာရှည်စွာ ခံစားခဲ့ရသော အပြစ်ပေးအရေးယူခံရခြင်းမှ ကင်းလွတ်ခွင့်ကို လုံခြုံရေးကောင်စီမှ အဆုံးသတ်ပေး"ဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော
ဇွန်လ၂၀ရက်
Radio NUG
"အကြမ်းဖက်စစ်တပ်က နှစ်ကာလကြာရှည်စွာ ခံစားခဲ့ရသော အပြစ်ပေးအရေးယူခံရခြင်းမှ ကင်းလွတ်ခွင့်ကို လုံခြုံရေးကောင်စီမှ အဆုံးသတ်ပေး"ဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကပြောပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆင်းရဲနွမ်းပါးမှု၊ ဖွံ့ဖြိုးတိုးတက်မှု ကျဆင်းခြင်းနှင့် ပဋိပက္ခတို့ကြောင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးထိန်းသိမ်းမှုအပေါ် သက်ရောက်သည့် အကျိုးသက်ရောက်မှုများ ခေါင်းစဉ်ဖြင့် တံခါးဖွင့် အစည်းအဝေး၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။
"အကြမ်းဖက်စစ်တပ်က နှစ်ကာလကြာရှည်စွာ ခံစားခဲ့ရသော အပြစ်ပေးအရေးယူခံရခြင်းမှ ကင်းလွတ်ခွင့်ကို လုံခြုံရေးကောင်စီမှ အဆုံးသတ်၍ ၎င်းတို့၏ ရာဇဝတ်မှုများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေမှသာလျှင် မြန်မာနိုင်ငံရှိ အကြမ်းဖက်မှုများ ရပ်တန့်သွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံတကာ အသိုက်အဝန်း အနေဖြင့် မြန်မာပြည်သူများ၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်မှသာလျင် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးတို့ ပြန်လည် ရရှိမည်ဖြစ်ပါကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရနှင့် ၎င်း၏ မဟာမိတ်တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များသည် အားလုံးပါဝင်သော ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ စည်ပင်သာယာ ဝပြောရေးနှင့် တန်းတူညီမျှမှုတို့ကို အာမခံသည့် အနာဂတ် မြန်မာနိုင်ငံတော်အတွက် ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိပါကြောင်း"သံအမတ်ကြီးကပြောပါတယ်။
၄ နှစ် ကျော်ကာလအတွင်း လူပေါင်း ၆,၈၀၀ ကျော်သည် အကြမ်းဖက် စစ်တပ်၏ ရက်စက်စွာ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး၊ လူပေါင်း ၃.၅ သန်းကျော်သည် နေရပ်စွန့်ခွာနေရကာ လူပေါင်းသန်း ၂၀ ကျော်သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်လျက်ရှိနေတယ်လို့သိရပါတယ်။
========================
📌📌 ၂။ ဆရာဝန်များ၊အထူးကုဆရာဝန်များအရေးတကြီးလိုအပ်နေ၍ တနင်္သာရီတိုင်းတွင် တာဝန်ထမ်းဆောင်ရန် ကျန်းမာရေးဝန်ထမ်းများကို ခေါ်ယူထားမှု လျှောက်ပေးကြရန်မေတ္တာရပ်ခံ
ဇွန်လ ၂၀ရက်
Radio NUG
ဆရာဝန်များ၊ အထူးကုဆရာဝန်များ အရေးတကြီးလိုအပ်နေ၍ တနင်္သာရီတိုင်းတွင် တာဝန်ထမ်းဆောင်ရန် ကျန်းမာရေးဝန်ထမ်းများကို ခေါ်ယူထားမှု လျှောက်ပေးကြရန် အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနမှ တနင်္သာရီတိုင်း ကျန်းမာရေးတာဝန်ခံ ဒေါက်တာထူးနေအောင်က အသိပေးဆိုထားပါတယ်။
"ကျွန်တော်တို့ တနင်္သာရီတိုင်းအတွင်း NUG, ERO တွေရဲ့ စိုးမိုး၊ ထိန်းချုပ်နယ်မြေ၊ လွတ်မြောက်နယ်မြေတွေမှာရှိတဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေ၊အရပ်သားပြည်သူတွေ ၊စစ်ဘေးရှောင်ပြည်သူတွေအတွက် ကျန်းမာရေးဝန်ဆောင်မှုကဏ္ဍကို အတိုင်းအတာတခုအထိ လွှမ်းခြုံနိုင်အောင်၊လက်ရှိအခြေအနေထက် ထိရောက်တဲ့ ကုသမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကျန်းမာရေးဝန်ထမ်းများစွာ လိုအပ်လျှက်ရှိနေပါတယ်။ လက်ရှိအခြေအနေမှာ NUG, MOH စီမံမှုအောက်က ဖွင့်လှစ်ထားရှိတဲ့ ဆေးရုံ၊ ဆေးခန်းတွေမှာ အထူးကုဆရာဝန်များ လုံးဝမရှိခြင်း၊ ဆရာဝန်အင်အားနည်းပါးလွန်းခြင်း၊သူနာပြုဆရာ/ဆရာမများ လုံလောက်မှုမရှိခြင်း၊ BHS အင်အားမလုံလောက်ခြင်းတို့ကြောင့် ကျန်းမာရေးဝန်ဆောင်မှုကဏ္ဍကို ပေးတဲ့နေရာမှာ ရှိတဲ့အင်အားနဲ့ မြေပြင်က ဆရာ၊ ဆရာမတွေဟာ မနိုင်ဝန်ကိုထမ်းဆောင်နေကြရပါတယ်၊ ရှိသမျှအင်အားနဲ့ အစွမ်းကုန်ကုသမှုလုပ်ငန်းများဆောင်ရွက်နေကြရပါတယ်။အဓိကအချက်အနေနဲ့ အထူးကုဆရာဝန်မရှိခြင်း၊ ဆရာဝန်အင်အားနည်းပါးလွန်းတာကြောင့် ပြည့်စုံပြီး ထိရောက်တဲ့ကုသမှုခံယူရန်လိုအပ်လာပါက နယ်စပ်ဖြတ်ကျော်ပြီး ကုသမှုခံယူရတဲ့လုပ်ငန်းကို အခက်အခဲပေါင်းများစွာ ဖြတ်ကျော်ပီးမှ ဆောင်ရွက်နေရတဲ့ အခြေအနေဖြစ်ပါတယ်"လို့ အသိပေးဆိုပါတယ်။
လက်ရှိမှာ NUGကျန်းမာရေးဝန်ကြီးဌာနက ၂၀၂၅ ခုနှစ်၊ ဇွန်လ(၁၇)ရက်နေ့မှာ ထုတ်ပြန်ကြေညာချက်အမှတ်(၅/၂၀၂၅) ဖြင့် တနင်္သာရီတိုင်းတွင် တာဝန်ထမ်းဆောင်ရန် ကျန်းမာရေးဝန်ထမ်းများကို ခေါ်ယူထားပြီးဖြစ်ပါတယ်။
CDMကျန်းမာရေးဝန်ထမ်း(ဆရာဝန်များ)၊ နိုင်ငံ့ဝန်ထမ်းမဟုတ်ပါက အကြမ်းဖက်စစ်ကောင်စီနှင့် ပတ်သက်မှုမရှိသော ဆရာဝန်များ ၊အခြားသော Position မှ ကျန်းမာရေးဝန်ထမ်းများ လာရောက်လျှောက်ထားကြဖို့ အသိပေးဖော်ပြထားပါတယ်။
========================
📌📌 ၃။ ၁၅၀ နှစ်မြောက် ကရင်နီအမျိုးသားနေ့ အခမ်းအနားကို ကရင်နီပြည်တွင်း တနေရာမှာ ကျင်းပရာ ကရင်နီပြည်တပ်မတော် KA စစ်ဦးစီးချုပ် တက်ရောက်ခဲ့
ဇွန်လ ၂၀ရက်
Radio NUG
၁၅၀ နှစ်မြောက် ကရင်နီအမျိုးသားနေ့ အခမ်းအနားကို ကရင်နီပြည်တွင်း တနေရာမှာ ကျင်းပရာ ကရင်နီပြည်တပ်မတော် KA စစ်ဦးစီးချုပ် တက်ရောက်ခဲ့တယ်လို့ KnIC ကသတင်းထုတ်ပြန်ဖော်ပြပါတယ်။
အဆိုပါ အခမ်းအနားကို ကရင်နီပြည်တပ်မတော် KA စစ်ဦးစီးချုပ်မှ တက်ရောက်ခဲ့ပြီး ကရင်နီပြည်တပ်မတော် KA စစ်ဦးစီးချုပ်မှ အဖွင့်စကားပြောကြားခြင်း၊ KNPP သဝဏ်လွှာဖတ်ကြားခြင်း၊ ကရင်နီအမျိုးသားနေ့ သမိုင်းရှင်းလင်းပြခြင်းများပြုလုပ်ခဲ့ပြီး လူဦးရေ ( ၂၀၀၀) ကျော်တက်ရောက်ခဲ့ပါတယ်။
========================
📌📌 ၄။ ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော် စစ်ဆင်ရေးလှုပ်ရှားဖော်ဆောင်ရာ ဒေသများအတွင်း ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများကို နှောင့်ယှက်ဖျက်ဆီးသူများကို အရေးယူမည်
ဇွန်လ ၂၀ရက်
Radio NUG
ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော်၏ စစ်ဆင်ရေးလှုပ်ရှားဖော်ဆောင်ရာ ဒေသများအတွင်း၌ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ဖော်ဆောင်နေခြင်းနှင့် ပက်သက်၍ ခြိမ်းခြောက်ခြင်း ၊ နှောင့်ယှက် ဟန့်တားခြင်း ၊ ဖမ်းဆီးခြင်းနှင့် သေဆုံးစေခြင်းများကို ပြုလုပ်သူများရှိပါက အဆိုပါ နှောင့်ယှက်ဖျက်စီးသူများကို ထိရောက်စွာ ဟန့်တားအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇွန်လ ၂၀ရက်နေ့တွင် ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော်မှ အသိပေးထုတ်ပြန်ပါတယ်။
ယခုကာလများတွင် တနိုင်ငံလုံးမှ ပြည်သူလူထုအနေဖြင့် အထွေထွေအကြပ်အတည်းများ ကြုံတွေ့ရင်ဆိုင်နေရပြီး အခြေခံလိုအပ်ချက်များပင် ဆုံးရှုံးနေရသည်မှာ ကာလကြာမြင့်လာပြီဖြစ်ကာ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများသည် မည်သည့်နေရာ ၊ မည်သည့်အချိန်တွင်မဆို လူထုအတွက် မရှိမဖြစ် လိုအပ်သော လူထုဝန်ဆောင်မှုလုပ်ငန်းများဖြစ်သည်ဟု လက်ခံယုံကြည်တာကြောင့် ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများကို မည်သည့် အဖွဲ့အစည်းများမှ ဖော်ဆောင်သည်ဖြစ်စေ အဆိုပါ လူထုဝန်ဆောင်မှုလုပ်ငန်းများကို ဖော်ဆောင်နေသူများအားဖြစ်စေ၊ အထောက်အပံ့ပြုနေသူများအားဖြစ်စေ ခြိမ်းခြောက်ခြင်း၊ နှောင့်ယှက်ဟန့်တားခြင်း၊ ဖမ်းဆီးခြင်းနှင့် သေဆုံးစေခြင်းများ လုံးဝ ပြုလုပ်မည် မဟုတ်ကြောင်း ဖော်ပြထားပါတယ်။
လူထုမှပေါက်ဖွားလာသော တော်လှန်ရေးဖြစ်သည်နှင့်အညီ လူထုကို ကာကွယ်စောင့်ရှောက်ရေးနှင့် ပြည်သူလူထုအကျိုး ရှေးရှူနိုင်ရေးအတွက် အဆိုပါ ဝန်ဆောင်မှုလုပ်ငန်းဖော်ဆောင်ခြင်းများကို မည်သူမဆို ပိတ်ပင်တားဆီးခြင်း မပြုလုပ်ရန်လည်း ပန်ကြားထားပါတယ်။
========================
📌📌 ၅။ နွေဦးထီမှ ငလျင်ဘေး ပြန်လည်ထူထောင်ရေး ကျပ်သိန်း ၁၇၁သိန်းလှူဒါန်း
ဇွန်လ ၂၀ရက်
Radio NUG
နွေဦးထီက ငလျင်ဘေး ပြန်လည်ထူထောင်ရေး ကျပ်သိန်း ၁၇၁သိန်းလှူဒါန်းခဲ့တယ်လို့ သတင်းရရှိပါတယ်။
"မတ်လအတွင်း ပြည်သူအများစု ငလျင်ဘေးကြီးကြောင့် ဘဝလှုပ်ခတ်နေရချိန်မှာ လူမဆန်လွန်းလှတဲ့ အာဏာရှင်ရဲ့ ဝေဟင်တိုက်ခိုက်မှုတွေကိုလည်း တွေ့ကြုံခဲ့ရပါတယ်။ နွေဦးထီမှ မတ်လမှာ ၁ ကြိမ်နှင့် ဧပြီလမှာ ၁ ကြိမ် ရောင်းအား တစ်စိတ်တစ်ပိုင်းကို ငလျင်ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် လူသားချင်းစာနာမှု လှူဒါန်းကူညီမှုများ ပြုလုပ်ခဲ့ပြီး လုံခြုံရေးကို ထောက်ရှုသောအားဖြင့် ယခုမှသာ ထုတ်ပြန်ခြင်းဖြစ်ပါတယ်"လို့ဖော်ပြပါတယ်။
ယခုမှတ်တမ်းသည် ဧပြီလ နွေဦးထီ ကံစမ်းသူတို့၏ စုပေါင်း လှူဒါန်းမှုဖြစ်ပီး "ငါတို့မှာ ငါတို့ပဲရှိတယ်" ဆိုတဲ့ စိတ်ဓာတ်နဲ့ ရှေ့ဆက် အားတူရုန်းကန်ကြဖို့ ဖိတ်ခေါ်အပ်တယ်လို့လည်းဆိုထားပါတယ်။
========================
📌📌 ၆။ Clean Yangon အခမဲ့ ဆေးခန်းမှ တစ်နှစ်တာကာလအတွင်း လူနာပေါင်း (၅၀၀၀) ကျော်အား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့
ဇွန်လ ၂၀ရက်
Radio NUG
Clean Yangon (သန့်ရှင်းသောရန်ကုန်)က ဖွင့်လှစ်ထားသည့် အခမဲ့ ဆေးခန်း (၁)နှစ်ပြည့် အခမ်းအနားကို ဇွန်လ (၁၉)ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့ပါတယ်။
အဆိုပါ အခမ်းအနားကို ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ NUG ကျန်းမာရေးဝန်ကြီးဌာန ဆေးဝန်ထမ်းဌာနခွဲ ဒု-ဌာနမှူး၊ IEC ကျန်းမာရေးဌာနမှ ဌာနမှုး၊ IEC ပြည်ထဲရေးဌာန ဒု-ဌာနမှူး၊ စစ်ဘေးရှောင် တာဝန်ခံများ၊ မိတ်ဖက်အသင်းအဖွဲ့များနှင့် တာဝန်ရှိသူ အသီးသီး တက်ရောက်ခဲ့ကြပါတယ်။
အခမဲ့ ဆေးခန်း တစ်နှစ်တာကာလအတွင်း လူနာပေါင်း (၅၀၀၀) ကျော်အား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံတဝှမ်း သန့်ရှင်းသာယာစေလိုသော ရည်ရွယ်ချက်ဖြင့် စေတနာ့ဝန်ထမ်းလူငယ်များမှ ၂၀၁၇ ခုနှစ်တွင် စတင်ခဲ့သော Clean Yangon သည် ယခုအခါတွင် စစ်ဘေးရှောင်ဒေသများ၌ လူသားချင်းစာနာမှုဖြင့် လူမှုကူညီရေးလုပ်ငန်းများအား ကဏ္ဍများဖြင့် ထိရောက်စွာ ဆောင်ရွက်လျှက်ရှိပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ လေကြောင်းပစ်ကူ အမြောက်အမြားအပြင် မြေပြင်စစ်ကူစစ်ကြောင်းများကြားမှ ပုလဲမြို့နယ် ကန့်ဒေါင့်ရဲစခန်းအား ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLAနှင့် ပူးပေါင်းအဖွဲ့မှ အပြီးသတ် သိမ်းပိုက်ရရှိ
ဇွန်လ ၂၀ရက်
Radio NUG
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ကန့်ဒေါင့်ရဲစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA ၏ ဦးဆောင်မှုဖြင့် မဟာမိတ်တပ်ပေါင်းစုက ဇွန်လ ၂ ရက်နေ့တွင် စတင်ထိုးစစ်ဆင်ခဲ့ကာ ရက်သတ္တပတ် နှစ်ပတ်ကျော်အကြာ ဇွန်လ ၁၉ ရက်နေ့ နံနက် ၆ နာရီ ၄၀ မိနစ်အချိန်တွင် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း PLA မှ သတင်းထုတ်ပြန်ပါတယ်။
တိုက်ပွဲကာလတွင် လေကြောင်းတိုက်ခိုက်မှု အကြိမ် (၂၀၀) ကျော် ပြုလုပ်ခဲ့ပြီး ဗုံးသီးအလုံးရေ (၅၀၀) ကျော် ကြဲချခဲ့ကာ ဂျက်ဖိုက်တာများ၊ Y12 ဗုံးကြဲလေယာဉ်များအပါအဝင် Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ်နှင့် စက်တပ်လေထီးများဖြင့်လည်း လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဇွန်လ ၁၀ ရက်နေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်အချိန်တွင် တိုက်ပွဲသို့ လေကြောင်းပစ်ကူ လာပေးသော စစ်ကောင်စီ၏ F7 (Chengdu J-7) အမျိုးအစား တိုက်လေယာဉ်တစ်စီးကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က ပစ်ချနိုင်ခဲ့ပြီး ပစ်ချလိုက်သော လေယာဉ်သည် ကျေးရွာတရွာအတွင်းသို့ ထိုးစိုက်ပျက်ကျသွားကာ လေယာဉ်မှူးလည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီမှ အဆိုပါစခန်းမကျရေးအတွက် လေကြောင်းပစ်ကူ အမြောက်အမြားအပြင် မြေပြင်စစ်ကူစစ်ကြောင်းများ၊ လက်နက်ခဲယမ်းများ၊ ရိက္ခာများနှင့် ကန့်ဒေါင့်ကျေးရွာနှင့် ၃ မိုင်ခွဲခန့်ကွာဝေးသော စစ်ကောင်စီပြည်သူ့စစ် (ပျူစောထီး) များ အခြေစိုက်ရာ အင်မထီးရွာသို့ Mi17 ရဟတ်ယာဉ်ဖြင့် အကြိမ်ကြိမ် စစ်ကူပို့ခဲ့ပြီး အင်မထီးရွာမှ ထွက်လာသော ပျူစောထီးနှင့် စစ်ကောင်စီပူးပေါင်း စစ်ကူစစ်ကြောင်းများကို PLA နှင့် မဟာမိတ်တပ်ပေါင်းစုများက စစ်ကြောင်းပျက်သည်အထိ အောင်မြင်စွာ တိုက်ခိုက်ဖြတ်တောက်ထားနိုင်သဖြင့် ကန့်ဒေါင့်သို့ စစ်ကူများမရောက်နိုင်ဘဲ ကန့်ဒေါင့်စခန်းရှိ ကူရာကယ်ရာမဲ့ စစ်ကောင်စီစစ်သားများမှာလည်း စစ်ကူလာသည့်အချိန်တိုင်း တပ်လန်ကျနေသဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ အလွန်အမင်း ပျက်ပြားနေခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထို့အပြင် Y12 ဖြင့် ကန့်ဒေါင့်ရဲစခန်းသို့ ရိက္ခာထုပ်များ၊ ခဲယမ်းများ ချပေးခဲ့စဉ် ရွာအတွင်းကျနေသော ရိက္ခာထုပ်များနှင့် ခဲယမ်းထုပ်များကို စခန်းတွင်းမှ စစ်ကောင်စီစစ်သားများက လာရောက်ယူဆောင်ချိန်တွင် ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ရဲဘော်များက ပစ်ခတ်ဟန့်တားသဖြင့် ရိက္ခာထုပ်များ၊ ခဲယမ်းထုပ်များ စခန်းထဲသို့ မရောက်နိုင်ဘဲ ရှိနေခဲ့တယ်လို့ သိရပါတယ်။
ကန့်ဒေါင့်ရဲစခန်းသည် အာဆီယံလမ်းမကြီး (ပုလဲ -ဂန့်ဂေါ) လမ်းပိုင်းပေါ်တွင် တည်ရှိပြီး အိန္ဒိယနိုင်ငံအထိ သွားလာနိုင်သဖြင့် မဟာဗျူဟာအရ အလွန်အရေးပါသောနေရာ ဖြစ်သည့်အပြင် အနောက်မြောက်ဖက် မိုင် ၃၀ ကျော်အကွာတွင် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၃)နှင့် အနောက်တောင်ဖက် ၃၅ မိုင်ခန့်တွင် (ကပစ ၂၄) တည်ရှိကာ ပုလဲမြို့မရဲစခန်းပြီးလျှင် ဒုတိယအကြီးဆုံး ရဲစခန်းဖြစ်ပြီး ဘန်ကာများ၊ မိုင်းကွင်းများ၊ ကတုတ်ကျင်းများဖြင့် ခံစစ်အထပ်ထပ်ပြင်ထားသော တပ်စခန်းတစ်ခု ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ ကန့်ဒေါင့်ရဲစခန်း မကျရေးအတွက် လေကြောင်းပစ်ကူ တရပ်စပ်သုံးကာ ခုခံသော်လည်း ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ အမျိုးသမီးရဲဘော်များလည်း ရွပ်ရွပ်ချွံချွံ ပါဝင်ကာ တိုက်ပွဲဝင်ခဲ့ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) အမှတ် (၃) စစ်ကြောင်း အမှတ် (၁၄) တပ်ရင်း၊ ပြည်သူ့ညီညွတ်ရေးတပ်ဦး (PUF)၊ ယင်းမာပင်ခရိုင် အမှတ် ၁၁ တပ်ရင်း (ကျားသစ်နက်တပ်မတော်)၊ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF)၊ ဒေါင်းနက် နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့၊ သပြေတောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြိုင်မြို့နယ်) နှင့် အညာမြေတပ်ပေါင်းစုတို့ကလည်း ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၂။ ကျောက်ဖြူ ပြိုင်းစေ့ကေကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို AA သိမ်းပိုက်၊ စစ်သုံ့ပန်းအများအပြား ဖမ်းမိ
ဇွန်လ ၂၀ရက်
Radio NUG
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ပြိုင်းစေ့ကေကျေးရွာရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ခဲ့ပြီး၊ စစ်ကောင်စီတပ်သား ၅၀ ထက်မနည်း သေဆုံးကာ အများအပြားကို အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များမှ သိရပါတယ်။
စစ်ကောင်စီ၏ အမှတ် ၃၂ ရဲတပ်ရင်း၏ ကာကင်းစခန်းတစ်ခုဖြစ်သည့် အဆိုပါစခန်းတွင် စစ်သား ၈၀ မှ ၁၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။
AA သည် ပြိုင်းစေ့ကေစခန်းကို သိမ်းပိုက်ပြီးနောက်၊ အမှတ် ၃၂ ရဲတပ်ရင်းကို ဆက်လက်ဝိုင်းရံပိတ်ဆို့ကာ ပြင်းထန်စွာ ထိုးစစ်ဆင်နေပြီး စစ်ကောင်စီတပ်စခန်းများအကြား စစ်ကူပေးပို့နိုင်ခြင်းမရှိစေရန် AA က အလုံးအရင်းဖြင့် ဖြတ်တောက်ထားသလို နှမ်းဖဲတောင်၊ မင်းတပ်တောင်နှင့် လိပ်ခမော်တပ်စခန်းများကိုလည်း သိမ်းပိုက်ထားပြီဖြစ်တယ်လို့ သိရပါတယ်။
တိုက်ပွဲများအတွင်း စစ်ကောင်စီက ကြည်း၊ ရေ၊ လေနဲ့ ခုခံတိုက်ခိုက်နေသော်လည်း၊ ရာသီဥတုအခြေအနေကြောင့် လေကြောင်းပံ့ပိုးမှုများ အကန့်အသတ်ရှိနေကာ လက်ရှိတွင် အမှတ် ၃၂ ရဲတပ်ရင်းနှင့် ကျောက်ဖြူလေဆိပ်၊ ခလရ ၃၄ နှင့် အကျဥ်းထောင်တို့ကို ဦးတည်တိုက်ခိုက်နေပြီး၊ မကြာမီ ကျောက်ဖြူမြို့ကို အပြည့်အဝထိန်းချုပ်နိုင်ရန် ရည်မှန်းထားတယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ သံတွဲနှင့် ဂွတွင် မြေမြှုပ်မိုင်း အလုံး ၂၀၀၀ ကျော်ကို အာရက္ခတပ်တော် ရှင်းလင်း
ဇွန်လ ၂၀ရက်
Radio NUG
သံတွဲမြို့နယ်နှင့် ဂွမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီ ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းများကို အာရက္ခတပ်တော် ရှင်းလင်းလျက်ရှိရာ လက်ရှိအချိန်ထိ မိုင်းအလုံးရေ ၂၀၀၀ ကျော်ကို ရှင်းလင်းပြီးဖြစ်ကြောင်း APM သတင်းဌာနမှာ ဖော်ပြထားပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်များ စခန်းချခဲ့တဲ့၊ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာများအပြင် တောတောင်၊ ကားလမ်း၊ လူနေခြံဝင်းများကိုပါ ရှင်းလင်းပေးရာ သံတွဲမြို့နယ်မှ မြေမြှုပ်မိုင်းအလုံးရေ ၅၀၀ ခန့်နှင့် ဂွမြို့နယ်မှ မြေမြှုပ်မိုင်းအလုံးရေ ၁၅၀၀ ကျော် ရှင်းလင်းပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် စစ်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ စွန့်ပစ်ခဲ့တဲ့ စစ်ကျန်လက်နက်များနှင့် မပေါက်ကွဲသေးတဲ့ စစ်ကျန်ဗုံးသီးတချို့ကိုပါ ရှာဖွေရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ စစ်ကောင်စီတပ်ရင်း ၆၀၃မှ ရိက္ခာပို့၍ ပြန်လာတဲ့ ကား ၁၁ စီးအား တိုက်ခိုက်ရာ တစ်စီး တိမ်းမှောက်ခဲ့တာကြောင့် လမ်းကင်းနှင့် ထိုးဝါးချောင်းရွာက စစ်ကောင်စီတပ်များကိုပါ တိုက်ခိုက်
ဇွန်လ ၂၀ရက်
Radio NUG
၂၀၂၅ ဇွန်လ ၁၇ရက်နေ့ နံနက် ၈:၀၀ နာရီဝန်းကျင်တွင် တောင်ငူ-လိပ်သိုလ် လမ်းမပေါ်ရှိ စစ်ကောင်စီတပ်ရင်း ၆၀၃ တပ်ရင်းမှ ရိက္ခာပို့၍ ပြန်လာတဲ့ စစ်ကောင်စီတပ်သားပါကား ၁၁ စီးအား ထုံးဘိုကြီးကျေးရွာအထွက်တွင် စတင် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ကားတစ်စီးမှာ ထိုးဝါးချောင်းကျေးရွာအနီး တိမ်းမှောက်ခဲ့တာကြောင့် ယာဉ်တန်းအတွက် လမ်းကင်းလုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်သားများနှင့် ထိုးဝါးချောင်းကျေးရွာတွင် ဝင်ရောက်တပ်စွဲထားတဲ့ အင်အား၄၀ကျော်ရှိ စစ်ကောင်စီတပ်သားများကို တစ်ပါတည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း Kenni Twilight Zone မှ သတင်းထုတ်ပြန်ပါတယ်။
ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၅ဦးထက်မနည်း သေဆုံးကာ ၇ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၆၀ မမ ဗုံးသီး ၅လုံး၊ ၅.၅၆ ကျည် ၅၀၀၊ လက်ပစ်ဗုံး ၃လုံး၊ MAကျည်ဘောက် ၄ခုနှင့် ၁၄မိုင်း ၄လုံးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို KNU တပ်မဟာ (၂) တပ်ရင်း (၅) လက်အောက်ခံ ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့နှင့်အတူ တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၅၀၂ တပ်ခွဲ(၁)/ (၂) တို့ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ ရွှေကျင်မြို့နယ် အင်္ဂနီရုံးတိုင်းရွာကားလမ်း စစ်ကောင်စီကင်းပုန်းနှင့် ညောင်လေးပင်မြို့နယ် ထောင်လောင်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ရာ ၄ဦး သေဆုံး
ဇွန်လ ၂၀ရက်
Radio NUG
၂၀၂၅ ဇွန်လ ၂၀ရက် နေ့လယ် ၁၂း၃၀အချိန်တွင် ရွှေကျင်မြို့နယ် အင်္ဂနီ ရုံးတိုင်းကျေးရွာ ကားလမ်းဘေးတွင် ကင်းပုန်းဝပ်နေသော အကြမ်းဖက်စစ်ကောင်စီများအား ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား (၃)ဦးနေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း Fire Dragon မှ သတင်းထုတ်ပြန်ပါတယ်။
ထို့နောက် စစ်ကောင်စီတပ်သားများ၏ အခြား နေရာစုံမှ ရမ်းသမ်းပစ်ခတ်မှုများကြောင့် ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာခဲ့တယ်လို့ သိရပါတယ်။
ရွှေကျင်-သံဆိပ် ကားလမ်းပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းများသည် ရှမ်းရွာဂိတ်မှစ၍ အင်္ဂနီရုံးတိုင်းရွာများအထိ ကားလမ်းတစ်လျှောက် လမ်းကင်းယူကာ ရိက္ခာပို့ဆောင်နေမှုများရှိနေတယ်လို့ ဖော်ပြထားပါတယ်။
ထို့အပြင် ဇွန်လ ၁၈ရက် ညနေ ၆နာရီ၁၀မိနစ် အချိန် ညောင်လေးပင်မြို့နယ် ညောင်ပင်ပေါက်ရွာရှိ အကြမ်းဖက် စစ်ကောင်စီတပ်များသည် ထောင်လောင်ကျေးရွာဘက်သို့ တိုးကပ်ဝင်ရောက်လာသဖြင့် ၃၇၀၃ တပ်ရင်း (မီးနဂါး) ရဲဘော်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှုတွင် စစ်သား (၁)ဦးနေရာတွင် ထိမှန်သေဆုံးခဲ့ပြီး ရေကြည်ချောင်းဂိတ်စခန်း ညောင်ပင်ပေါက်စခန်းတို့မှ လက်နက်ကြီးများဖြင့် အရပ်သားပြည်သူများရှိရာဘက်သို့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၆။ တနင်္သာရီမြို့နယ် ခ.မ.ရ (၅၆၁) တပ်ရင်းမှ တပ်ကြပ်ကြီး တစ်ဦး အလင်းဝင်
ဇွန်လ ၂၀ရက်
Radio NUG
၂၀၂၅ ခုနှစ်၊ ဇွန်လ၊ ၈ ရက်နေ့တွင် တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာအခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခ.မ.ရ (၅၆၁) တပ်ရင်းမှ တပ်ကြပ်ကြီးတစ်ဦး ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊ အမှတ် (၃) တပ်ရင်းထံ လက်နက်ယူဆောင်လာခြင်းမရှိဘဲ အလင်းဝင်လာခဲ့ကြောင်း ဇွန်လ ၂၀ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ထိုတပ်ကြပ်ကြီးးသည် စစ်မှုထမ်းသက်တမ်း ၅နှစ်ရှိပြီဖြစ်ပြီး တပ်တွင်းရှိ အရာရှိများ၏ တစ်ကိုယ်ကောင်းဆန်ပြီး လက်အောက်ငယ်သားများအပေါ် ခွဲခြား ဖိနှိပ်ဆက်ဆံမှုများကို မခံနိုင်၍ ထွက်ပြေးအလင်းဝင်လာခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။
ဘက်ပြောင်းခိုလုံလာသည့် စစ်ကောင်စီတပ်ကြပ်ကြီးအား တပ်ရင်းဘက်မှ ကောင်းမွန်စွာထားရှိပြီး ကာကွယ်ရေးဝန်ကြီးဌာနမှ ချမှတ်ထားသော မူဝါဒနှင့် အညီ စီစဉ်ဆောင်ရွက်လျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment