၂၀၂၅ ဇွန်လ ၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်း စစ်ကြောရေးစခန်းတွင် ကွယ်လွန်သွားခဲ့ခြင်းအပေါ် အကြမ်းဖက်စစ်ကောင်စီကို CRPH က ပြင်းပြင်းထန်ထန် ရှုံ့ချ
📌 ၂။ ဇွန်လဆန်းက စတင်ပြီး နှစ်လကြာကာလအတွင်းမှာ ငလျင်ဘေးသင့် လူဦးရေ တစ်သိန်းငါးသောင်းခန့်ကို စိစစ်ရွေးချယ်ပြီး ဥရောပသမဂ္ဂနဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်တို့ ထောက်ပံ့ကူညီသွားမည်
📌 ၃။ ရန်ကုန်မြို့တွင် မြို့ပြဆင်းရဲနွမ်းပါးမှု သိသိသာသာ မြင့်တက်လာတာကြောင့် လူဦးရေ (၂.၇) သန်း ဆင်းရဲနွမ်းပါးနေပြီး လုံခြုံစိတ်ချရမှု ကင်းမဲ့နေ
📌 ၄။ "ဒို့ပြန်လာပြီ ဧရာဝတီ" ကမ်ပိန်း (၁၉) ရက်တာအတွင်း (၃၇) ရာခိုင်နှုန်းရရှိခဲ့
📌 ၅။ ကိုမင်းကိုနိုင် ရဲ့ "ကော်လာရှည်ရှည် ကေလန်လန်" စာအုပ် နိုင်ငံ (၇) နိုင်ငံသို့ ရောက်ရှိအောင် ပို့ဆောင်ဖြန့်ဝေပေးနေ
========================
၂၀၂၅ ခုနှစ် ဇွန်လ ၅ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ လယ်မူလား မြို့နယ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ကျေးရွာ ဘုရားကျောင်းတခု ပျက်စီးခဲ့
🚩 ၂။ သေ့ဘောဘိုး စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီလေယာဉ်နဲ့ ဗုံးမှားကြဲမှုကြောင့် ၎င်းတပ်ဖွဲ့ဝင် (၃၄) ဦး သေဆုံးပြီး (၇၀) ကျော် လက်နက်ချ
🚩 ၃။ ကန့်ဘလူ မြို့နယ်မှာ စစ်ကောင်စီက စစ်ကြောင်းထိုးနေတာကြောင့် ပြည်သူ (၁၀,၀၀၀) ခန့် ထွက်ပြေး တိမ်းရှောင်နေရ
🚩 ၄။ K.N.L.A တပ်ရင်း (၁၂) ၏ တပ်ရင်းဆေးရုံ ဖွင့်ပွဲအခမ်းနားပြုလုပ်
🚩 ၅။ လားရှိုးရှိ ထိန်းချုပ်နယ်မြေများတွင် အခြေခံပညာကျောင်းများ ကျောင်းအပ်လက်ခံမည့်ရက် MNDAA ကြေညာ
🚩 ၆။ စစ်ကိုင်းတိုင်းအတွင်းက ရေရှည် စစ်ဘေးရှောင်ပြည်သူများအား စားနပ်ရိက္ခာ ထောက်ပံပေးခဲ့
🚩 ၇။ CRTF စနိုက်ပါ ရဲဘော်များက (၂) လအတွင်း စစ်ကောင်စီတပ်သား (၁၉) ဦးကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်း စစ်ကြောရေးစခန်းတွင် ကွယ်လွန်သွားခဲ့ခြင်းအပေါ် အကြမ်းဖက်စစ်ကောင်စီကို CRPH က ပြင်းပြင်းထန်ထန် ရှုံ့ချ
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်း စစ်ကြောရေးစခန်းတွင် ကွယ်လွန်သွားခဲ့ခြင်းအပေါ် အပြည့်အဝ တာဝန်ရှိသည့် အကြမ်းဖက်စစ်ကောင်စီကို ပြည်ထာင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က ပြင်းပြင်းထန်ထန် ရှုံ့ချလိုက်ပါတယ်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်းသည် (၂၀၂၄) ခုနှစ်၊ ဒီဇင်ဘာလတွင် ပြင်ဦးလွင်မြို့၌ တိမ်းရှောင်နေစဉ် အာဏာသိမ်းစစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။
ထိုသို့ အကြမ်းဖက်စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်းသည် လွန်ခဲ့သော လအနည်းငယ်ကတည်းက စစ်ကြောရေးစခန်းတွင် ကွယ်လွန်သွားခဲ့ကြောင်း ခိုင်မာသော သတင်းအရင်းအမြစ်မှတစ်ဆင့် ကြားသိရပါတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်း စစ်ကြောရေးစခန်းတွင် ကွယ်လွန်သွားခဲ့ခြင်းအပေါ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် များစွာစိတ်မကောင်းဖြစ်ရပြီး ယင်းသေဆုံးမှုနှင့်ပတ်သက်၍ အပြည့်အဝ တာဝန်ရှိသည့် အကြမ်းဖက်စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ရှုံ့ချအပ်တယ်လို့ CRPH က ဖော်ပြပါတယ်။
တစ်ချိန်တည်းတွင် မိမိတို့အနေဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များအတွက်လည်း များစွာ စိုးရိမ်ပူပန်လျက်ရှိတယ်လို့လည်း ဆိုပါတယ်။
လက်ရှိအချိန်အထိ အာဏာသိမ်းစစ်ကောင်စီသည် ပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ်စားလှယ် (၁၈) ဦးနှင့် တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် (၄၁) ဦးအား ဖမ်းဆီးထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။
အလားတူ အာဆီယံ၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံ၌ အကြမ်းဖက်စစ်ကောင်စီက နေ့စဉ်ကျူးလွန်လုပ်ဆောင်နေသည့် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်နေမှုများ အမြန်ဆုံး အဆုံးသတ်နိုင်ရေးကိုလည်း CRPH က တောင်းဆိုထားပါတယ်။
========================
📌📌 ၂။ ဇွန်လဆန်းက စတင်ပြီး နှစ်လကြာကာလအတွင်းမှာ ငလျင်ဘေးသင့် လူဦးရေ တစ်သိန်းငါးသောင်းခန့်ကို စိစစ်ရွေးချယ်ပြီး ဥရောပသမဂ္ဂနဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်တို့ ထောက်ပံ့ကူညီသွားမည်
မြန်မာနိုင်ငံမှာ ငလျင်ကြီးအပြီး ဆက်လက်မြင့်တက်နေတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ ဥရောပသမဂ္ဂက ရန်ပုံငွေ ယူရို (၅) သန်းပေးအပ်တဲ့အကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နဲ့ ဥရောပသမဂ္ဂ (EU) တို့က ပူးတွဲသတင်းထုတ်ပြန်လိုက်ပါတယ်။
"WFP ရဲ့ ပဏာမ တုံ့ပြန်ရေးအစီအစဥ်အတွင်းမှာ ငလျင်ဒဏ်အဆိုးရွားဆုံး ထိခိုက်ခံစားခဲ့ရတဲ့ဒေသတွေက စုစုပေါင်း လူဦးရေ လေးသိန်းခန့်ကို အရေးပေါ်စားနပ်ရိက္ခာ၊ စားနပ်ရိက္ခာဝယ်ယူရန် ငွေသားနဲ့ အာဟာရအထောက်အပံ့တွေ ပေးအပ်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ ယခုဇွန်လဆန်းက စတင်ပြီး နှစ်လကြာကာလအတွင်းမှာ လူဦးရေ တစ်သိန်းငါးသောင်းခန့်ကို စိစစ်ရွေးချယ်ပြီး ထောက်ပံ့ကူညီသွားမှာဖြစ်ပါတယ်။ ထို့အတူ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်သွားမှာပါ" လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
EU က ပံ့ပိုးကူညီထားတဲ့ ရန်ပုံငွေတွေနဲ့ ငလျင်ဘေးဒဏ်အဆိုးရွားဆုံးခံစားခဲ့ရသူတွေဟာ စားနပ်ရိက္ခာ (သို့မဟုတ်) စားနပ်ရိက္ခာဝယ်ယူရန် ငွေသားအကူအညီတွေနဲ့ ကလေးနဲ့ မိခင်တွေအတွက် အထူးအာဟာရအထောက်အပံ့တွေကို ရရှိကြမှာ ဖြစ်ပါတယ်။
အဲ့ဒီအထောက်အပံ့တွေကို အကူအညီလိုအပ်နေသူတွေဆီ WFP ကိုယ်တိုင် တိုက်ရိုက်ပေးအပ်သွားမှာဖြစ်ပြီး ဒေသခံမိတ်ဖက်တွေနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်း NGO တွေနဲ့ လက်တွဲဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း သိရှိရပါတယ်။
========================
📌📌 ၃။ ရန်ကုန်မြို့တွင် မြို့ပြဆင်းရဲနွမ်းပါးမှု သိသိသာသာ မြင့်တက်လာတာကြောင့် လူဦးရေ (၂.၇) သန်း ဆင်းရဲနွမ်းပါးနေပြီး လုံခြုံစိတ်ချရမှု ကင်းမဲ့နေ
မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့တော်နှင့် စီးပွားရေးဗဟိုချက်ဖြစ်သော ရန်ကုန်မြို့သည် လက်ရှိတွင် ကြောက်မက်ဖွယ် မြို့ပြဆင်းရဲနွမ်းပါးမှုဒဏ်ကို ရင်ဆိုင်နေရပြီး နိုင်ငံတွင်းဖြစ်ပွားနေသော ပဋိပက္ခများ၊ စီးပွားရေးကျဆင်းမှုနှင့် နေရပ်ရွှေ့ပြောင်း အခြေချမှုများကြောင့် ဆင်ခြေဖုံးမြို့နယ်များတွင် အထူးသဖြင့် ဆင်းရဲမွဲတေမှု ပိုမိုဆိုးရွားလာနေတယ်လို့ (၂၀၂၄) ဇူလိုင်လတွင် ကောက်ယူခဲ့သော စစ်တမ်းတစ်ခု၌ ဖြေဆိုသူ (၄,၈၀၀) ကျော်၏ အချက်အလက်များအရ သိရကြောင်း UNDP Myanmar မှ သတင်းထုတ်ပြန်ထားပါတယ်။
(၂၀၁၇) ခုနှစ်တွင် ရန်ကုန်မြို့လူဦးရေ၏ (၁၀) ရာခိုင်နှုန်းသာ ဆင်းရဲနွမ်းပါးသူများအဖြစ် ရှိခဲ့သော်လည်း (၂၀၂၃) ခုနှစ်တွင် ထိုအချိုးအစားသည် (၄၃) ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တာကြောင့် ရန်ကုန်မြို့၏ ခန့်မှန်းလူဦးရေ (၆.၂) သန်းအနက် (၂.၇) သန်းခန့်သည် ယခုအခါ ဆင်းရဲနွမ်းပါးမှုဒဏ်ကို ခံစားနေရတယ်လို့ ဖော်ပြထားပါတယ်။
ရန်ကုန်သို့ ရွှေ့ပြောင်းအခြေချလာသူများသည် ဆင်းရဲနွမ်းပါးမှု၏ ဒဏ်ကို ပိုမိုခံစားနေရပြီး ဆင်ခြေဖုံးမြို့နယ်များသို့ ပြောင်းရွှေ့လာသူ အိမ်ထောင်စုများ၏ (၃၉) ရာခိုင်နှုန်းခန့်သည် အလွန်ဆင်းရဲနွမ်းပါးသူများအဖြစ် သတ်မှတ်ခံရပါတယ်။
(၂၀၂၁) ခုနှစ် စစ်တပ်အာဏာသိမ်းမှုအပြီး ရွှေ့ပြောင်းလာသူများသည် အမျိုးမျိုးသော အတားအဆီးများကြောင့် တည်ငြိမ်သော အလုပ်အကိုင်ရှာဖွေရန် ခက်ခဲနေတယ်လို့လည်း ဖော်ပြထားပါတယ်။
ဆင်းရဲနွမ်းပါးသော အိမ်ထောင်စုများအတွက် ကျန်းမာရေးအသုံးစရိတ်မှာလည်း ဝန်ထုပ်ဖြစ်နေပြီး ဖြေဆိုသူများ၏ (၄၅) ရာခိုင်နှုန်းခန့်က ကျန်းမာရေးပြဿနာများ ရှိနေကြောင်း ဖော်ပြထားပြီး အစိုးရဆေးရုံများ၏ ဝန်ဆောင်မှုအပေါ် ယုံကြည်မှုမရှိကြတဲ့အတွက် (၈၂) ရာခိုင်နှုန်းခန့်သည် ကုန်ကျစရိတ်များသော ပုဂ္ဂလိကဆေးခန်းများတွင် ကုသမှုခံယူနေရတယ်လို့ သိရပါတယ်။
ပညာရေးကဏ္ဍတွင်လည်း ဆင်းရဲသောအိမ်ထောင်စုများ၏ (၁၇) ရာခိုင်နှုန်းခန့်မှ ကလေးများ ကျောင်းမတက်ဘဲ (၃၇) ရာခိုင်နှုန်းက မိသားစုဝင်ငွေရှာဖွေရာတွင် ကလေးများကို ပါဝင်စေနေရပါတယ်။
ဆင်ခြေဖုံးမြို့နယ်များတွင် နေထိုင်သူများ၏ (၄၄) ရာခိုင်နှုန်းက ညနေပိုင်းတွင် တစ်ဦးတည်း လမ်းလျှောက်ရန် လုံခြုံမှုမရှိဟု ခံစားရကြောင်း၊ ရွှေ့ပြောင်းနေထိုင်သူများအနက် (၄၈) ရာခိုင်နှုန်းအထိ ထိုသို့ ခံစားရကြောင်း၊ ရာဇဝတ်မှု၊ ငွေကြေးလုယက်မှုနှင့် အာဏာပိုင်များ၏ နှောင့်ယှက်မှုများကြောင့် လွတ်လပ်စွာ သွားလာရန် ခက်ခဲနေပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများလည်း (၃၃) ရာခိုင်နှုန်းခန့် မြင်တွေ့လာရကြောင်း ဖြေဆိုထားကြတယ်လို့ သိရှိရပါတယ်။
========================
📌📌 ၄။ "ဒို့ပြန်လာပြီ ဧရာဝတီ" ကမ်ပိန်း (၁၉) ရက်တာအတွင်း (၃၇) ရာခိုင်နှုန်းရရှိခဲ့
ကမ်ပိန်းရည်မှန်းချက် ကျပ် ၇၀၀၀ သိန်းနှင့် ကမ်ပိန်းကာလ မေလ (၁၆) ရက် မှ ဇွန်လ (၃၀) ရက်အထိ (၄၅) ရက်တာ ကြာမြင့်မယ့် "ဒို့ပြန်လာပြီ ဧရာဝတီ" ကမ်ပိန်းမှ ကနဦး (၁၉) ရက်အတွင်း (၃၇) ရာခိုင်နှုန်းရရှိခဲ့ပြီလို့ သတင်းရရှိပါတယ်။
"အားဖြည့်တယ်၊ ပူးပေါင်းတယ်၊ ကူညီတယ်၊ ခွန်အားဖြစ်စေတယ် အဲဒီစကားလုံးတွေဟာ ညီညွတ်ခြင်းရဲ့ ပြယုဒ်တွေပါပဲ။ အခုကာလမှာဆို ဧရာဝတီရော နိုင်ငံတဝှမ်းမှာပါ စစ်အာဏာရှင်ကြောင့် အမှောင်ဖုံးတွေနေ့ရက်တွေလို ရင်ဆိုင်နေကြရတာပါ။ ဒီလိုအခြေအနေကြားမှာပဲ "ပေါင်းစု ရုန်းညီ" ဆိုတဲ့ စကားအတိုင်း တတ်အားသရွှေ့ပါဝင်ခဲ့ကြတာက လက်တွေ့ဖြစ်လာခဲ့ပါပြီ။ ကမ်ပိန်းအစနေ (၁၉) ရက်တာအတွင်း သိန်း (၇၀၀၀) ရည်မှန်းချက်ရဲ့ ၃၇% ကို လှမ်းတက်နိုင်ခဲ့ပါပြီ" လို့ ကမ်ပိန်းက အသိပေးဆိုပါတယ်။
ကျန်တဲ့ ကမ်ပိန်း (၂၆) ရက်တာခရီးမှာ ရာနှုန်းပြည့် အောင်မြင်ဖို့အရေး ပြည်တွင်း/ပြည်ပက မိဘပြည်သူတွေကို ထပ်မံဖိတ်ခေါ်အပ်တယ်လို့လည်း ဆိုထားပါတယ်။
========================
📌📌 ၅။ ကိုမင်းကိုနိုင် ရဲ့ "ကော်လာရှည်ရှည် ကေလန်လန်" စာအုပ် နိုင်ငံ (၇) နိုင်ငံသို့ ရောက်ရှိအောင် ပို့ဆောင်ဖြန့်ဝေပေးနေ
တော်လှန်ရေးရဲဘော်များ ချစ်ခင်လေးစားရတဲ့ ကိုမင်းကိုနိုင်ရဲ့ "ကော်လာရှည်ရှည် ကေလန်လန်" စာအုပ်ကို ထိုင်း၊ အမေရိကန်၊ အင်္ဂလန်၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ဂျပန် နဲ့ ဩစတြေးလျ စတဲ့ နိုင်ငံ (၇) နိုင်ငံသို့ ရောက်ရှိအောင် ပို့ဆောင်ဖြန့်ဝေပေးနေတယ်လို့ CDM Medical Network က အသိပေးဆိုပါတယ်။
ဒီစာအုပ်ကို မြန်မာပြည်အပြင် ထုတ်ယူလာပေးတဲ့အတွက် ကျေးဇူးတင်တယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းကလည်း ပြောကြားထားပါတယ်။
ကိုမင်းကိုနိုင်ရဲ့ "ကော်လာရှည်ရှည် ကေလန်လန်" စာအုပ်ရောင်းချရရှိသော အမြတ်ငွေ ၁၀၀% လုံးကို တော်လှန်ရေးဒေသ ငလျင်ဒဏ်သင့်ပြည်သူများ
ပြန်လည်ထူထောင်ရေး၊ တော်လှန်ရေးအဖွဲ့အစည်းများနှင့် CDM အဖွဲ့အစည်းများအတွက် အသုံးပြုသွားဖို့ စီစဉ်ထားတယ်လို့လည်း သတင်းရရှိပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် သာကီ၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ လယ်မူလား မြို့နယ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ကျေးရွာ ဘုရားကျောင်းတခု ပျက်စီးခဲ့
ကရင့်အမျိုးသား အစည်းအရုံး၊ မြိတ်-ထားဝယ် ခရိုင်၊ လယ်မူလားမြို့နယ်၊ ဒူးရင်းပင်ရှောင် ကျေးရွာမှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျေးရွာဘုရားကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
ဇွန်လ ၄ ရက်နေ့ မနက် ၁၁ နာရီ ဝန်းကျင်မှာ စစ်ကောင်စီရဲ့ ပလော တပ်ရင်း (၂၈၅) တပ်စခန်းမှ ၁၂၀ မမ လက်နက်ကြီး ၁ လုံး ဒူးရင်းပင်ရှောင် ကျေးရွာထဲကို ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
၎င်း လက်နက်ကြီး ပေါက်ကွဲမှုကြောင့် ဒူးရင်းပင်ရှောင် ကျေးရွာ၊ ပနာမီသဝေါ ကျေးရွာဘုရားကျောင်း အဆောက်အဦးများ ထိခိုက်ပျက်စီး ခဲ့ရတယ်လို့ သိရပါတယ်။
========================
🚩🚩 ၂။ သေ့ဘောဘိုး စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီလေယာဉ်နဲ့ ဗုံးမှားကြဲမှုကြောင့် ၎င်းတပ်ဖွဲ့ဝင် (၃၄) ဦး သေဆုံးပြီး (၇၀) ကျော် လက်နက်ချ
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်က သေ့ဘောဘိုး စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၃၄) ဦး သေဆုံးပြီး (၇၀) ကျော် အလံဖြူထောင်ကာ လက်နက်ချခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
သေ့ဘောဘိုးစခန်းကို ဇွန်လ (၃) ရက်နေ့ မနက် (၉း၀၀) နာရီခန့်မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး နေ့လည် (၂း၀၀) နာရီခန့်မှာ စခန်းသိမ်းရပြီဟု သတင်းများ ထွက်ပေါ်ခဲ့တာကြောင့် စစ်ကောင်စီက (၂၅) ကြိမ်ထက်မနည်း လာရောက်ဗုံးကြဲချ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဗုံးကြဲချိန်မှာ KNLA ပူးပေါင်းတပ်တွေက ဆက်မတက်ဘဲ ရပ်နားခဲ့တာကြောင့် တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရထားတဲ့ စစ်ကောင်စီတပ်သားတွေပေါ်ကို ဗုံးကြဲချမိခဲ့ပြီး (၃၄) ဦး ထက်မနည်း သေဆုံးခဲ့ရကာ အများအပြား ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
လေကြောင်း တိုက်ခိုက်မှုအပြီး ညနေ (၆း၀၀) နာရီခန့်မှာ KNLA နဲ့ ပူးပေါင်းတပ်များက စခန်းကို ဆက်လက် တိုက်ခိုက်ခဲ့ရာ ည (၇း၀၀) နာရီခန့်မှာ အပြီးသတ် သိမ်းပိုက်ရှင်းလင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် (၇၀) ကျော် အလံဖြူထောင် လက်နက်ချခဲ့ပြီး လက်နက်၊ ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၃။ ကန့်ဘလူ မြို့နယ်မှာ စစ်ကောင်စီက စစ်ကြောင်းထိုးနေတာကြောင့် ပြည်သူ (၁၀,၀၀၀) ခန့် ထွက်ပြေး တိမ်းရှောင်နေရ
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချပ်သင်းတိုက်နယ်အတွင်းကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် ပြည်သူ (၁၀,၀၀၀) ခန့် ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ Kawlin Info က ထုတ်ပြန်ထားပါတယ်။
ဇွန်လ (၃) ရက်က စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့ဟာ ချပ်သင်းတိုက်နယ်၊ နှောကုန်း၊ ပေါက်ကံ၊ ညိုပင်လျှို၊ ဦးကင်းကြည် ကျေးရွာများကို ဒရုန်းနဲ့ ဗုံးချကာ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ပြည်သူများ ထွက်ပြေးနေရတာလို့ ဆိုပါတယ်။
ထိုနေ့ နေ့လည်ပိုင်းက နှောကုန်ရွာ အနီးတဝိုက်မှာ အဆိုပါစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကာ ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် ကိုးတောင်ဘို့ တိုက်နယ် တဝိုက်မှာလည်း စစ်ကောင်စီတပ်က သစ်တောရွာမှာ အထိုင်ချပြီး စစ်ကြောင်းထိုးနေတာကြောင့် ကံကြီး၊ အလယ်ခုံ၊ ဇော်ချောင်း၊ ပေါက်ဆိန်ကုန်း၊ မိဿလင်ကုန်း စတဲ့ ကျေးရွာများက ပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သတင်းရရှိပါတယ်။
========================
🚩🚩 ၄။ K.N.L.A တပ်ရင်း (၁၂) ၏ တပ်ရင်းဆေးရုံ ဖွင့်ပွဲအခမ်းနားပြုလုပ်
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မြိတ်−ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ( K.N.L.A) တပ်ရင်း (၁၂) ၏ တပ်ရင်းဆေးရုံဖွင့်ပွဲအခမ်းနားကို (၂၀၂၅) ခုနှစ် ဇွန်လ (၄) ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း ကေအဲန်ယူ (မြိတ် - ထားဝယ်ခရိုင်) မှ သတင်းထုတ်ပြန်ပါတယ်။
ဖွင့်ပွဲအခမ်းအနားသို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ (၄) ၏ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောလေးထော၊ တပ်ရင်း (၁၂) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စောဒါးဒါးနှင့် အခြားသော တပ်ပိုင်းဆိုင်ရာ ခေါင်းဆောင်များ ပါဝင်တက်ရောက်ခဲ့ကြတယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၅။ လားရှိုးရှိ ထိန်းချုပ်နယ်မြေများတွင် အခြေခံပညာကျောင်းများ ကျောင်းအပ်လက်ခံမည့်ရက် MNDAA ကြေညာ
လားရှိုးဒေသ၌ (၂၀၂၅) ခုနှစ်၊ ဇွန်လ (၅) ရက်နေ့မှစ၍ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံမည်ဖြစ်ပြီး အခြေခံပညာမူလတန်းကျောင်းသူ/သားများအတွက် ကျောင်းဝင်ကြေးမှာ အခမဲ့ ဖြစ်ပါကြောင်း ပြည်ထောင်စုမြန်မာနိုင်ငံ အထူးဒေသ (၁) မြန်မာပညာရေးကော်မတီမှ အသိပေးကြေညာပါတယ်။
MNDAA ထိန်းချုပ်ထားတဲ့ မယ်ဟန်၊ ခေးနင်း၊ နောင်မွန်၊ မန်ဆန်ရေကျ၊ ခါးရှိ၊ မန်ပျဥ်၊ သံလွင်၊ နမ့်ပေါင်၊ နမ္မဗောဓ၊ လွယ်ငင်း၊ ဟိုယ၊ ရှန်ခိုက်၊ ခိုက်ရှန်၊ နောင်လိုင်၊ အီနိုင်း၊ ကုန်းညို့၊ နမ့်ဟူး၊ အောင်သစ္စာ၊ ဟိုပိတ်နှင့် နမ့်ကျန်ရွာများရှိ ကျောင်းများကို ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။
အထူးဒေသ (၁)အတွင်းရှိ အခြားသော အခြေခံပညာကျောင်းများကိုလည်း ဖွင့်လှစ်နိုင်ရန် ထောက်ပံ့ကူညီသွားမှာဖြစ်ပြီး MNDAA ထိန်းချုပ်ထားတဲ့ဒေသက စာသင်ကျောင်းတွေမှာ တာဝန်ထမ်းဆောင်ဖို့ CDM ဆရာဆရာမတွေ ဖိတ်ခေါ်ကြောင်း မေလ (၂၅) ရက်မှာ ကိုးကန့်တပ်က ကြေညာချက် ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၆။ စစ်ကိုင်းတိုင်းအတွင်းက ရေရှည် စစ်ဘေးရှောင်ပြည်သူများအား စားနပ်ရိက္ခာ ထောက်ပံပေးခဲ့
စစ်ကိုင်းတိုင်းအတွင်းက ရေရှည်စစ်ဘေးရှောင် ပြည်သူများအတွက် လိုအပ်သော စားနပ်ရိက္ခာများကို ကူညီထောက်ပံပေးခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က ထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာ (၂) ရွာမှ ခက်ခဲကြပ်တည်းနေတဲ့ မိသားစု (၈၃) စု စာအတွက် မိသားစု တစုလျှင် ဆန် (၈) ပြည်၊ ဆီ (၁) ပိဿာနဲ့ ဆား (၁) ပိဿာစီ ကူညီထောက်ပံပေးခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ ကူညီထောက်ပံမှုကို ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် - PLA၊ အညာမြေ စစ်ဘေးရှောင် ကူညီရေးအဖွဲ့ နဲ့ ANTS - ပုရွက်ဆိတ်များအဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၇။ CRTF စနိုက်ပါ ရဲဘော်များက (၂) လအတွင်း စစ်ကောင်စီတပ်သား (၁၉) ဦးကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့
အလယ်ပိုင်းတိုင်း စစ်ဆင်ရေးအထူးတပ်ဖွဲ့ (CRTF P3-9918) စနိုက်ပါ ရဲဘော်များက (၂) လတာအတွင်း စစ်ကောင်စီ တပ်သား (၁၉) ဦး အထိ ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တယ်လို သိရပါတယ်။
ဒီဇင်ဘာလ (၁၅) ရက်နေ့မှ ဖေဖော်ဝါရီလ (၂၅) ရက်အတွင်း စစ်ဆင်ရေးအထူးတပ်ဖွဲ့က ဆောင်ရွက်ခဲ့တဲ့ sniper ပစ်ခတ်မှု မှတ်တမ်းကို ဇွန်လ (၄) ရက်နေ့မှာ ထုတ်ပြန်လာတာပါ။
စနိုက်ပါ ရဲဘော်များအနေနဲ့ စစ်ကောင်စီနဲ့ တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့များ ဆိုင်ထားတဲ့ ရှေ့တန်း စစ်မြေပြင်၊ ရန်သူ့စခန်း အနီးနားထိ သွားရောက်ပစ်ခတ် ချေမှုန်းခဲ့တာလို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် သာကီ၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment