၂၀၂၅ ဇူလိုင်လ ၄ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ မင်းလှမြို့နယ်က မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်လမ်းကို စစ်တပ်က မြေကော်စက်တွေနဲ့ ဖျက်ဆီး
📌 ၂။ ဆင်ပေါင်ဝဲမှာရှီတဲ့ စစ်ဆေးရေးဂိတ်မှာ အချိန်းအပြောင်းလုပ်ဖို့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် အပါအဝင် ၈ ဦးသေဆုံး
📌 ၃။ ချောင်းဦးမြို့နယ်မှာ ကင်းပုန်ဝပ်ဖို့ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံး
📌 ၄။ ခမောက်ကြီးမှာ စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးနဲ့ စစ်တပ်အတွက်အလုပ်လုပ်ပေးနေသူတို့ကို ပစ်ခတ်ရှင်းလင်း
📌 ၅။ နောင်ချိုမြို့နယ်က နေရာ ၅ ခုမှာ စစ်တပ်နဲ့ TNLA တို့ကြား တိုက်ပွဲတွေဆက်ဖြစ်နေပြီး စစ်တပ်က လေကြောင်းအပါအဝင် လက်နက်ကြီးကျည် ရာချီအသုံးပြု
📌 ၆။ မြင်းခြံခရိုင် ဆုံရွာမှာရှိတဲ့ စစ်တပ်လက်အောက်ခံ ပျူခေါင်းဆောင်အိမ်နဲ့ ကင်းဂိတ်တွေကို ဒရုန်းနဲ့တိုက်ခိုက်
========================
၂၀၂၅ ခုနှစ် ဇူလိုင်လ ၄ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ချင်းလူမျိုး အချင်းချင်းအကြား စစ်ရေးပဋိပက္ခတွေမဖန်တီးဘဲ စစ်ရေးပြင်ဆင်မှုတွေ ချက်ချင်းရပ်ဖို့ ချင်းပြည်ကောင်စီ တိုက်တွန်း
🚩 ၂။ သရက်ထောင်တွင် ရက်စေ့ဖြင့် လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား နှစ်ဦး ထောင်ဗူးဝတွင်ပင်ပြန်လည် ဖမ်းဆီးခံရ
🚩 ၃။ နွားထိုးကြီးမြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့ထံ ပြည်သူများရဲ့ပါဝင်မှုအားဖြင့် ကနဦး ကျည်ကာပြား၊ ဦးထုပ်များနှင့်Equipmentများ ရောက်ရှိလာ
🚩 ၄။ တာချီလိတ်မြို့ မယ်ဆိုင်ချောင်းရေ စိုးရိမ်ရေအမှတ်ထက်၂လက်မခန့် ကျော်လွန်နေ
🚩 ၅။ ဘန်ကောက်၊ချင်းမိုင်နှင့် မဲဆောက်မြို့ ပွဲများအတွက် What happened to the wolf? ရုပ်ရှင် လက်မှတ်များကို ဝယ်ယူလို့ရပါပြီ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ မင်းလှမြို့နယ်က မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်လမ်းကို စစ်တပ်က မြေကော်စက်တွေနဲ့ ဖျက်ဆီး
ဇူလိုင် ၄ရက်
ပဲခူးတိုင်း မင်းလှမြို့ပေါ်နဲ့ ခလရ ၁ ကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်မှာ စိုးရိမ်နေတဲ့ စစ်ကောင်စီက မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်လမ်းကို မြေကော်စက်တွေနဲ့ ဖျက်ဆီးထားတယ်လို့ ဒေသသတင်းရင်းမြစ်တခုဖြစ်တဲ့ MinhlaThadin မှာ ဖော်ပြထားပါတယ်။
ဇူလိုင်လ ၁ ရက်နေ့ မနက် ၁၀ နာရီခန့်အချိန်မှာ ပဲခူးတိုင်းအနောက်ပိုင်းက မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းမှာရှိတဲ့ မြို့ချောင်း - စိန်ကန့်လန့် ရိုးမဖြတ်လမ်း သိုက်မျှောင်ကုန်းအနီးက ကားလမ်းကို စစ်ကောင်စီတပ်က ဘူဒိုဇာမြေတူးစက်တွေ နဲ့ ကျင်းတွေတူးပြီး ဖျက်ဆီးထားခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က သံချပ်ကာကား ၃ စီး၊ စစ်သား ၄၀၀ လောက်နဲ့ စစ်ကြောင်းထိုးလာပြီး သိုက်မျှောင်ကုန်းနားက ကားလမ်းကို ဘူဒိုဇာနဲ့ဖျက်ဆီးသွားတာလို့ သိရပါတယ်။
လမ်းအကျယ် ၁၀ တောင်လောက်ကို ဖျက်ဆီးထားတဲ့အတွက် ဒေသနေပြည်သူတွေ သွားလာရေးခက်ခဲသွားတယ်လို့လည်း ဒေသနေပြည်သူတွေက ပြောပါတယ်။
မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်လမ်းဟာ ပဲခူးတိုင်းအရှေ့ခြမ်းမှာရှိတဲ့ ကျောက်တံခါးမြို့နယ်နဲ့ ပဲခူးတိုင်းအနောက်ခြမ်းကို ဆက်သွယ်ထားတဲ့ ၁၁၂ ကီလိုမီတာအရှည်ရှိတဲ့ လမ်းပိုင်းလို့ သိရပါတယ်။
ဇွန်လ ၉ ရက်နေ့တုန်းကလည်း ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်အပိုင် မြို့ချောင်း-စိန်ကန့်လန် ရိုးမဖြတ်လမ်း ၂ မိုင်ဂိတ်အနီး မှာရှိတဲ့ ကားလမ်းကိုလည်း စစ်ကောင်စီတပ်က ဘူဒိုဇာမြေတူးစက်တွေနဲ့ ၁၀ တောင်ခန့်အကျယ်ရှိတဲ့ ကျင်းတွေတူးပြီး ဖျက်ဆီးခဲ့သေးတယ်လို့ MinhlaThadin မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ မနေ့ ဇူလိုင်လ ၃ ရက်နေ့ ညနေ ၄ နာရီခန့်မှာ မင်းလှမြို့နယ် ထောက်ကြန့်အုပ်စု သရော်ကုန်ရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အိမ် ၃ လုံးပျက်စီးသွားခဲ့ပြီး အရပ်သားပြည်သူ ၃ ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
မင်းလှမြို့နယ်မှာ ဇွန်လ ၁၉ ရက်ကစပြီး စစ်ကောင်စီတပ်တွေက စစ်ကြောင်းတွေခွဲပြီး ထိုးစစ်ဆင်နေတာကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အိမ်ခြေ ၂ဝဝ ကျော် မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။
========================
📌📌 ၂။ ဆင်ပေါင်ဝဲမှာရှီတဲ့ စစ်ဆေးရေးဂိတ်မှာ အချိန်းအပြောင်းလုပ်ဖို့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် အပါအဝင် ၈ ဦးသေဆုံး
ဇူလိုင် ၄ရက်
မကွေးတိုင်း ဆင်ပေါင်ဝဲမြို့နယ် ကိုးပင် -သာဂရလမ်းပိုင်းမှာ ဂိတ်အချိန်းအပြောင်းလုပ်ဖို့ ထွက်လာတဲ့ စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်အပါအဝင် စစ်သား ၈ ဦး သေဆုံးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ပုဏ္ဏဝတီ တောင်တွင်းကြီးက ထုတ်ပြန်ထားပါတယ်။
ဆင်ပေါင်ဝဲမြို့နယ် ကိုးပင်-သာဂရလမ်းပိုင်း သာစည်ဂိတ်ကနေ ထွက်လာတဲ့ စစ်သားတွေနဲ့ သပြေစမ်းဂိတ်က ထွက်လာတဲ့ စစ်သားတွေကို ဇွန်လ ၂၇ ရက်နံနက် ၉ နာရီခွဲအချိန်မှာ ပဒေသာ မိုင်းပွိုင့် ၂ ပွိုင့်နဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဗိုလ်ကြီး တဦးအပါအဝင် ၈ ဦးသေဆုံးပြီး ၁၁ ဦး ပြင်းထန်ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကို သရက်ခရိုင် အမှတ် ၅ တပ်ရင်း ဆင်ပေါင်ဝဲမြို့နယ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီ တောင်တွင်းကြီးတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိဘူးလို့ သိရပါတယ်။
ကိုးပင် -သာဂရလမ်းပိုင်းဟာ ပဲခူးရိုးမ လမ်းကြောဖြစ်တဲ့အတွက် သစ်ကား၊ ဝါးကားတွေအနေနဲ့ အသွားအလာဆင်ခြင်ဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက သတိပေးထားသလို စစ်ကောင်စီဂိတ်တွေအနီးမှာရှိတဲ့ ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီ တပ်ဖွဲ့တွေ ရှိတဲ့နေရာကို ရှောင်ကျဉ်ကျဖို့ အသိပေးထားပါတယ်။
========================
📌📌 ၃။ ချောင်းဦးမြို့နယ်မှာ ကင်းပုန်ဝပ်ဖို့ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံး
ဇူလိုင် ၄ရက်
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ခင်မွန်ကျေးရွာမှာ ကင်းပုန်းယူဖို့ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးသွားတယ်လို့ Burma Liberation Democratic Front - BLDF က ထုတ်ပြန်ထားပါတယ်။
ခင်မွန်ကျေးရွာမှာရှိတဲ့ မြပုလဲခြံကနေ ကင်းပုန်းယူဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မနေ့ ဇူလိုင်လ ၃ ရက် နေ့လည် ၂ နာရီ ၄၅ မိနစ်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
အဲဒီစစ်ကောင်စီတပ်ဖွဲ့ဟာ မြပုလဲခြံကနေ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ပြီး ကင်းပုန်းဝပ်ဖို့ထွက်လာတာလို့ သိရပါ တယ်။
ဒီတိုက်ခိုက်မှုကို ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး စစ်ဒေသ-၃နဲ့ သလ္လာဝတီစစ်ကြောင်း - အညာမိုင်းတပ်ခွဲတို့ က ရဲဘော်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
========================
📌📌 ၄။ ခမောက်ကြီးမှာ စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးနဲ့ စစ်တပ်အတွက်အလုပ်လုပ်ပေးနေသူတို့ကို ပစ်ခတ်ရှင်းလင်း
ဇူလိုင် ၄ရက်
တနင်္သာရီတိုင်း ခမောက်ကြီးမြို့နယ်က စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး လှနိုင်နဲ့ စစ်တပ်အတွက် အလုပ်လုပ်ပေးနေတဲ့ ချောကလက် (ခ) မြင့်ရှိန်တို့ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ဇူလိုင် ၄ ရက်မှာ ထုတ်ပြန်လာပါတယ်။
ခမောက်ကြီးမြို့နယ် အေးချမ်းသာကျေးရွာမှာ နေထိုင်ပြီး စစ်တပ်နဲ့ပေါင်းပြီး မူးယစ်ဆေးဝါးရောင်းဝယ်တာ၊ တော်လှန်ရေး အင်အားစုတွေရဲ့ သတင်းတွေကိုစုံစမ်းပြီး စစ်တပ်ထံ သတင်းပေးတာ၊ ကျေးရွာနေ ပြည်သူတွေအပေါ် အနိုင်ကျင့် နှိပ်စက် နေတဲ့ ချောကလက် (ခ) မြင့်ရှိန်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဇူလိုင်လ ၂ ရက်နေ့ မနက် ၁၀ နာရီခွဲအချိန်မှာ ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။
ခမောက်ကြီးမြို့နယ် ဆိပ်ဖူးကျေးရွာနေတဲ့ စစ်ကောင်စီခန့် ကျေးရွာ အုပ်ချုပ်ရေးမှူး လှနိုင်ကိုလည်း အဲဒီနေ့ မနက် ၁၁ နာရီ ၅၀ မိနစ်ခန့်အချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ကျေးရွာအတွင်းဝင်ရောက် ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။
အနာဂါတ်လူငယ်တွေကို ပျက်စီးစေတဲ့ WY စိတ်ကြွဆေးပြားတွေ ရောင်းဝယ်သုံးစွဲတာတွေ ကော့သောင်းနဲ့ ခမောက်ကြီး မြို့နယ်အတွင်းမှာ များနေတာတယ်လို့ ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးပါတယ်။
ဒါကြောင့် မူးယစ်ဆေးဝါး ရောင်းဝယ်သူနဲ့ သုံးစွဲသူတွေကိုတွေ့ရင် တိုင်ကြားပေးကြဖို့ ဒေသတွင်းမှာ နေထိုင်ကြတဲ့ ပြည်သူ လူထုကို အသိပေးထားပြီး ထိရောက်တဲ့ဖမ်းဆီးအရေးယူမှုတွေ လုပ်သွားမယ်ဆိုတဲ့ အသိပေးစာတွေဖြန့်ဝေထားတယ်လို့ သိရပါတယ်။
ဒါ့ကြောင့် ကော့သောင်းမြို့နယ်အတွင်းက ပြည်သူလူထုအနေနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲတာတွေ မပြုလုပ်ကြဖို့ ၊ စစ်ကောင်စီယန္တယားမှာ ပါဝင်နေသူတွေ ပြည်သူဘက်ကရပ်တည်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုလုံကြဖို့ ပြည်သူဘက် မရပ်တည်တဲ့ သူတွေကို လုပ်ထုံးလုပ်နည်းအတိုင်း ထိရောက်တဲ့ အရေးယူမှုတွေ လုပ်သွားမယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။
========================
📌📌 ၅။ နောင်ချိုမြို့နယ်က နေရာ ၅ ခုမှာ စစ်တပ်နဲ့ TNLA တို့ကြား တိုက်ပွဲတွေဆက်ဖြစ်နေပြီး စစ်တပ်က လေကြောင်းအပါအဝင် လက်နက်ကြီးကျည် ရာချီအသုံးပြု
ဇူလိုင် ၄ရက်
တအာင်းပြည် တပ်မဟာ ၃ နယ်မြေဖြစ်တဲ့ ရှမ်းမြောက်ဒေသ နောင်ချိုမြို့နယ်က နေရာ ၅ ခုမှာ စစ်ကောင်စီတပ်နဲ့ တအာင်း တပ်မတော် TNLA တို့ကြား တိုက်ပွဲတွေဆက်ဖြစ်နေပြီး စစ်တပ်က လေကြောင်းအပါအဝင် လက်နက်ကြီးကျည် ရာချီ အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ TNLA ဘက်က ထုတ်ပြန်လာပါတယ်။
TNLA ထုတ်ပြန်ချက်အရ နောင်ချိုမြို့နယ်ထဲက နောင်လင်၊ ကျောက်တော်၊ အုမ္မခါး၊ လုံစံနဲ့လုံရဲကျေးရွာကြား၊ အုမ္မသီးနဲ့ ဆမ္မဆယ်ကျေးရွာကြားတို့မှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့ကြား တိုက်ပွဲတွေ ဆက်ဖြစ်နေတာလို့ သိရပါတယ်။
တိုက်ပွဲဖြစ်နေချိန်မှာ စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံး ၆ လုံး၊ လက်နက်ကြီးကျည် ၁၁၂ လုံး၊ ဒရုန်းနဲ့ ဗုံးအလုံး ၂၀ အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ဒီနေ့ ဇူလိုင် ၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ ၂ ရက်နေ့က နောင်လင်ကျေးရွာမှာဖြစ်တဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး ၂ လုံး၊ လက်နက်ကြီး ၈၅ လုံး၊ ဒရုန်းနဲ့ ဗုံး ၁၃ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ ကျောက်တောနဲ့ နောင်ရဲကျေးရွာကြားကို ဒရုန်းနဲ့ ဗုံး ၇ လုံး၊ ဆမ္မဆယ်ကျေးရွာကို လက်နက်ကြီး ၁၅ လုံး၊ နောင်ရဲနဲ့လုံစံကျေးရွာကြားကို လက်နက်ကြီး ၁၂ လုံးနဲ့ တိုက်ခိုက်ခဲ့သလို တိုက်ပွဲဖြစ်တာမရှိတဲ့ ငုက္ခလေးကျေးရွာ ဘက်ကိုလည်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး ၄ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာန မှတ်တမ်းတွေအရ သိရပါတယ်။
ဇူလိုင်လ ၁ ရက်နေ့တုန်းကလည်း အုမ္မခါး၊ မျက်ချီးနု၊ လုံစံနဲ့ကျောက်တောကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ် TNLA တို့ တိုက်ပွဲဖြစ်ခဲ့တာမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့သလို တိုက်ပွဲဖြစ်တာမရှိတဲ့ နောင်လင်၊ ကျောက်ကြမ်း၊ ကသဲမျှောင်၊ နားမုံနဲ့ ရွှေပြည်ညွှန့်ကျေးရွာဘက်ကိုလည်း လက်နက်ကြီး ၄၃ လုံး၊ ဒရုန်းနဲ့ ဗုံး ၂၃ လုံး အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ TNLA ဘက်က အသိပေးပါတယ်။
စစ်ကောင်စီဟာ TNLA တပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို ပြန်လည်ရရှိရေး အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် မိဘပြည်သူများအနေနဲ့ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်ရေး စစ်ရေးသတိ အမြဲရှိဖို့လိုပြီး လေကြောင်းရန်ကနေ ကာကွယ်နိုင်မယ့် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းတွေ ကို လိုက်နာဆောင်ရွက်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။
========================
📌📌 ၆။ မြင်းခြံခရိုင် ဆုံရွာမှာရှိတဲ့ စစ်တပ်လက်အောက်ခံ ပျူခေါင်းဆောင်အိမ်နဲ့ ကင်းဂိတ်တွေကို ဒရုန်းနဲ့တိုက်ခိုက်
ဇူလိုင် ၄ရက်
မန္တလေးတိုင်း မြင်းခြံခရိုင် ဆုံရွာက စစ်တပ်လက်အောက်ခံ ပျူခေါင်းဆောင်အိမ်နဲ့ ကင်းဂိတ်နေရာတွေကို ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ TGYR - Youth Guerrilla Counter Revolution -NZ က ထုတ်ပြန်ထားပါတယ်။
ဇွန်လ ၂၈ ရက် နေ့လယ်ပိုင်းက ဖော်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးအခြေအနေကို မနေ့ ဇူလိုင်လ ၃ ရက်နေ့မှာ ရုပ်သံမှတ်တမ်းနဲ့ အတူ ထုတ်ပြန်လာတာဖြစ်ပါတယ်။
ပြည်သူပိုင်ပစ္စည်းတွေနဲ့ ပျူစောထီးတွေရဲ့ ထောက်ပို့ရိက္ခာတွေ သိမ်းဆည်းထားတဲ့ ဆုံရွာက ပျူခေါင်းဆောင် ဦးစံမောင်ရဲ့ အိမ်နဲ့ ကင်းဂိတ်အထိုင်နေရာတွေကို Drone အကြီးတွေအပါအဝင် Fixed Wings Drone တွေ သုံးပြီး 2Kg ဗုံးသီး ၃လုံး၊ 600 gl ဗုံး ၁၀ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်နေချိန်မှာ စစ်ကောင်စီဘက်က ရမ်းသမ်းပစ်ခတ်တာတွေရှိခဲ့တာကြောင့် ထိခိုက်သေဆုံးမှု အခြေ အနေ အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီတိုက်ခိုက်မှုကို TGYR-Youth Guerrilla Counter Revolution-NZ ပြောက်ကျားတပ်ဖွဲ့ - TGYR-Drone Team နဲ့ မြင်းခြံမြောက်ပိုင်းသား ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ချင်းလူမျိုး အချင်းချင်းအကြား စစ်ရေးပဋိပက္ခတွေမဖန်တီးဘဲ စစ်ရေးပြင်ဆင်မှုတွေ ချက်ချင်းရပ်ဖို့ ချင်းပြည်ကောင်စီ တိုက်တွန်း
ဇူလိုင် ၄ရက်
ချင်းလူမျိုး အချင်းချင်းအကြား စစ်ရေးပဋိပက္ခတွေမဖန်တီးဘဲ စစ်ရေးပြင်ဆင်မှုတွေ ချက်ချင်းရပ်ဖို့ ချင်းပြည်ကောင်စီက တိုက်တွန်းလိုက်ပါတယ်။
ချင်းဒေသကာကွယ်ရေးတပ် - CDF ဟွာလ်ငိုးရမ်းနဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ် - CNDF တို့ကြား တိုက်ပွဲဖြစ်ပွားမှုနဲ့ ပတ်သက်လို့ ချင်းပြည်ကောင်စီက မနေ့ ဇွန်လ ၃ ရက်ညပိုင်းမှာ ကြေညာချက်တစောင်ထုတ်ပြန်ပြီး တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။
နှစ်ဖက်အဖွဲအစည်းက ခေါင်းဆောင်တွေအနေနဲ့ ပြန်လည်ချေဖျက်မရတဲ့ ချင်းလူမျိုးအချင်းချင်းကြား ကြီးမားတဲ့ စစ်ရေး ပဋိပက္ခတွေကို မဖန်တီးဖို့ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် မိမိတို့နယ်မြေတွေကို အပြန်အလှန်အသိအမှတ်ပြုပြီး စစ်ရေးပြင်ဆင်မှုတွေ ချက်ချင်းရပ်တန့်ပြီး မိမိတို့ နယ်မြေ အသီးသီးက တပ်စခန်းတွေမှာ ပြန်လည်နေရာယူကြဖို့လည်း တိုက်တွန်းထားပါတယ်။
ချင်းပြည်ကောင်စီအနေနဲ့ ချင်းပြည်အတွင်း စစ်အာဏာရှင်အမြစ်ပြတ် ချေမှုန်းရေး၊ ချင်းတမျိုးသားလုံး စည်းလုံးညီညွတ် ရေး၊ ချင်းတိုင်းရင်းသားတို့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝရရှိရေးအတွက် စစ်ရေးနှင့်နိုင်ငံရေးကို ဟန်ချက်ညီညီ ဖော်ဆောင်နေတယ်လို့ ဆိုပါတယ်။
ချင်းပြည်အတွင်း လတ်တလော ကြုံတွေ့နေရတဲ့ သဘောထားကွဲပြားမှုတွေကို ပြန်လည်ပေါင်းစည်းနိုင်ရေး ချင်းအမျိုးသား ကောင်စီ အမြန်ဆုံးပေါ်ပေါက်လာစေရေး ဆောင်ရွက်နေတဲ့ ကာလဖြစ်တယ်လို့လည်း ချင်းပြည်ကောင်စီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့တိုက်ပွဲဟာ CNO/CNDF က ချင်းပြည်ကောင်စီအဖွဲ့ဝင် - Hualngoram People Organization နယ်မြေအတွင်း ထိုးစစ်ဆင်လာတာကြောင့်ဖြစ်ရတာလို့ ဆိုပါတယ်။
အခုလို ထိုးစစ်ဆင်လာတာဟာ ချင်းအမျိုးသားတည်ဆောက်ရေး၊ ချင်းပြည်တည်ဆောက်ရေးအတွက် အဟန့်အတားတရပ် ဖြစ်ပြီး လက်ရှိဖော်ဆောင်နေတဲ့ ချင်းအမျိုးသားကောင်စီ - Chin National Council ပေါ်ပေါက်ရေးလုပ်ငန်းစဉ်ကိုလည်း ရပ်တန့်သွားစေနိုင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ချင်းပြည်ကောင်စီက ထုတ်ပြန်ထားပါတယ်။
ချင်းဒေသကာကွယ်ရေးတပ် - CDF ဟွာလ်ငိုးရမ်းနဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ် - CNDF တို့ဟာ စစ်အာဏာရှင်ကို တိုက်ခိုက်ထုတ်နေတဲ့ ရည်မှန်းချက်တူအဖွဲ့တွေဖြစ်တာကြောင့် အချင်းချင်း တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းသောနည်းနဲ့ အဖြေရှာကြဖို့ ချင်းညီနောင်အဖွဲ့ကလည်း တိုက်တွန်းထားပါတယ်။
========================
🚩🚩 ၂။ သရက်ထောင်တွင် ရက်စေ့ဖြင့် လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား နှစ်ဦး ထောင်ဗူးဝတွင်ပင်ပြန်လည် ဖမ်းဆီးခံရ
ဇူလိုင် ၄ရက်
ဇူလိုင်လ (၁)ရက်နေ့တွင် အကျဉ်းထောင်အသီးသီးမှာရှိကြတဲ့ မတရားအကျဉ်းချထားခံရသော နိုင်ငံရေးအကျဉ်းသားများအချို့ လွှတ်ရက်စေ့ဖြင့် လွတ်မြောက်လာခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က အတည်ပြုဖော်ပြပါတယ်။
"သရက်အကျဉ်းထောင်မှလည်း နိုင်ငံရေးအကျဉ်းသား (၄)ဦး လွတ်ရက်စေ့ဖြင့် လွတ်မြောက်လာကြပါတယ်။လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား(၄)ဦးထဲမှ ဦးထွန်းထွန်းအောင်(တရားလွှတ်တော်ရှေ့နေ) နှင့် ကိုနိုင်လင်းထွန်းတို့ကို ထောင်ဗူးဝတွင်ပင် ပြန်လည်ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်"လို့ PPNMကဆိုပါတယ်။
ယခုလက်ရှိတွင် ပြန်လည်ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသား(၂)ဦးကို သရက်မြို့မရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ဆိုပါတယ်။
========================
🚩🚩 ၃။ နွားထိုးကြီးမြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့ထံ ပြည်သူများရဲ့ပါဝင်မှုအားဖြင့် ကနဦး ကျည်ကာပြား၊ ဦးထုပ်များနှင့်Equipmentများ ရောက်ရှိလာ
ဇူလိုင် ၄ရက်
နွားထိုးကြီးမြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့ထံပြည်သူများရဲ့ ပါဝင်မှုအားဖြင့် ကနဦး ကျည်ကာပြား၊ဦးထုပ်များနှင့် Equipmentများ ရောက်ရှိလာတယ်လို့ ဇူလိုင်၄ရက်မှာ အသိပေးဆိုပါတယ်။
"လေးစားရတဲ့ ကျနော်တို့တော်လှန်မိဘပြည်သူများရဲ့ ပါဝင်မှုအားဖြင့် Equipmentများ ရောက်ရှိလာပြီဖြစ်လို့ ချပြပေးလိုက်ပါတယ်။ကျနော်တို့အားလုံး အသိကိုယ်စီနဲ့ ပါဝင်နေကြသူတွေရဲ့ အတွေးက ရိုးရိုးရှင်းရှင်းလေးပါ။ဓမ္မနဲ့ အဓမ္မ မျဥ်းနှစ်ကြောင်းမှာ ပြည်သူ့အာဏာကို မတရားရယူထားတဲ့ စစ်မိစ္ဆာတွေကို ရွံမုန်းလို့၊ ကျနော်တို့အားလုံးရဲ့ အနာဂါတ်တွေကို ပြန်ရယူဖို့၊ ကျနော်တို့ရဲ့ မျိုးဆက်သစ်လူငယ်များရဲ့ အနာဂတ်တွေ လှပဖို့ အပင်ပန်းအဆင်းရဲခံ ၊ ကိုယ်စီအသိနဲ့ မည်သူတစ်ဦးတစ်ယောက်ရဲ့ တိုက်တွန်းမှုမှမပါဘဲ ပါဝင်နေကြတာဖြစ်ပါတယ်"လို့ ဆိုပါတယ်။
ပြည်သူများကိုအထူးကျေးဇူးတင်ရှိပြီး ဆက်လက်ပါဝင်ပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။
========================
🚩🚩 ၄။ တာချီလိတ်မြို့ မယ်ဆိုင်ချောင်းရေ စိုးရိမ်ရေအမှတ်ထက်၂လက်မခန့် ကျော်လွန်နေ
ဇူလိုင် ၄ရက်
ရှမ်းပြည်နယ်တာချီလိတ်မြို့ မယ်ဆိုင်ချောင်းရေသည် ယနေ့ နံနက်မှာ မြို့၏ စိုးရိမ်ရေအမှတ်ထက် ၂လက်မခန့် ကျော်လွန်နေတယ်လို့ သိရပါတယ်။
ဇူလိုင်၄ရက် နံနက်(9:00)နာရီ တိုင်းထွာချက်များအရ တာချီလိတ်မြို့ မယ်ဆိုင်ချောင်းရေသည် မြို့၏ စိုးရိမ်ရေအမှတ်ထက်၂လက်မခန့် ကျော်လွန်နေပါသဖြင့် နောက်(၁၂)နာရီအတွင်း ထပ်မံ မြင့်တက်လာနိုင်တယ်လို့ သိရပါတယ်။
သို့ဖြစ်၍ချောင်းဘေးတစ်လျှောက် အများပြည်သူများအနေဖြင့်သတိထား နေထိုင်ကြရန် ဒေသခံလူမှုကူညီရေးအသင်းများက အသိပေးကြေညာထားပါတယ်။
========================
🚩🚩 ၅။ ဘန်ကောက်၊ချင်းမိုင်နှင့် မဲဆောက်မြို့ ပွဲများအတွက် What happened to the wolf? ရုပ်ရှင် လက်မှတ်များကို ဝယ်ယူလို့ရပါပြီ
ဇူလိုင် ၄ရက်
ဘန်ကောက်၊ချင်းမိုင်နှင့် မဲဆောက်မြို့ ပွဲများအတွက် What happened to the wolf? ရုပ်ရှင် လက်မှတ်များကို ဝယ်ယူလို့ရပြီဖြစ်ကြောင်းသိရပါတယ်။
ထိုင်းနိုင်ငံအတွက် ပထမဦးဆုံးပွဲချိန် (၃)ပွဲကို July (19) ရက်နေ့ ညနေ (၆)နာရီမှာ ပြသသွားမှာဖြစ်ပြီးတော့ လက်မှတ်တွေကို What happened to the wolf?Page တွင် ဝင်ရောက်ဝယ်ယူနိုင်ပါတယ်။
What happened to the wolf?ရုပ်ရှင်ကို ဒါရိုက်တာဏကြီးရိုက်ကူး၍ သရုပ်ဆောင်ပိုင်ဖြိုးသု၊သရုပ်ဆောင်အိန္ဒြာကျော်ဇင်တို့ ပါဝင်ရိုက်ကူးထားပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် သာကီနှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment