၂၀၂၅ ဇူလိုင်လ ၁၃ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ကရင်နီမှာ အရိုးအထူးကုဆရာဝန်တွေပါတဲ့ Karenni Orthopedic Corps ဖွဲ့စည်း
📌 ၂။ ထိုင်းနိုင်ငံမှာ (၂) နှစ်နီးပါးကြာ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရတဲ့ မြန်မာအလုပ်သမား (၅၀) ဦးအရေး MHAC က ဆောင်ရွက်ပေး
📌 ၃။ ကရင်အမျိုးသားအစည်းအရုံး စီးပွားရေးကော်မတီနဲ့ ကော်သူးလေ လယ်ယာနှင့်စိုက်ပျိုးရေးဌာနတို့က ခရိုင်အသီးသီးမှာ ရှိတဲ့ လယ်ယာစိုက်ပျိုးရေးဌာနတွေကို လယ်ထွန်စက်တွေ ထောက်ပံ့
📌 ၄။ လောင်းလုံးမြို့နယ်မှာ ပါဝါအိပ်ဇောတပ်မောင်းနှင်သူတွေကို အပြစ်ပေးအရေးယူမယ်လို့ မြို့နယ်ပအဖ ထပ်သတိပေး
========================
၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၃ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ အကြမ်းဖက်စစ်တပ်က သပိတ်ကျင်းနယ်ကို လေကြောင်းကနေ ပေါင် (၂၅ဝ) ဗုံးတွေ ကြဲချတာကြောင့် အရပ်သား (၄) ဦး ဒဏ်ရာရ
🚩 ၂။ စစ်တပ်က ကျောက်မဲမြို့ကို ဂျက်ဖိုက်တာနဲ့ ဗုံးထပ်ကြဲတာကြောင့် အမျိုးသမီးတဦး ဒဏ်ရာရပြီး နေအိမ်တွေ ပျက်စီး
🚩 ၃။ ဖားဆောင်းမြို့သိမ်းတိုက်ပွဲမှာ SSNDF/KNDF တပ်ရင်း (၁၀၂) က ရဲဘော် တဦးကျဆုံး
🚩 ၄။ မင်းတုန်းမြို့နယ် ကျောက်တိုင်ကျေးရွာ တိုက်နယ်ဆေးရုံမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်မှုတွင် အရာရှိနဲ့ စစ်သား (၄) ဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့ဆို
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ကရင်နီမှာ အရိုးအထူးကုဆရာဝန်တွေပါတဲ့ Karenni Orthopedic Corps ဖွဲ့စည်း
ကရင်နီပြည်မှာရှိတဲ့ ဆေးရုံအားလုံးက အရိုးအထူးကုဆရာဝန်တွေပါတဲ့ Karenni Orthopedic Corps ဖွဲ့စည်းလိုက်တယ် လို့ ဇူလိုင် (၁၃) မှာ အဆိုပါအဖွဲ့က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ကရင်နီမှာရှိတဲ့ အရိုးအထူးကုဆရာဝန် Ortho Surgeon တွေ အကုန်ပါတဲ့အဖွဲ့ဖြစ်တာကြောင့် စစ်ကောင်စီအုပ်ချုပ်တဲ့ လွိုင်ကော်မြို့ကလွဲရင် ကျန်တဲ့ ကရင်နီပြည် တခုလုံးမှာရှိတဲ့ ရဲဘော်တွေနဲ့ ပြည်သူတွေကို orthopedic service ပေးနေသူတွေလို့ ဆိုပါတယ်။
အခုတော့ တကွဲတပြားစီ အလုပ်လုပ်နေရာကနေ အားလုံး စုစုစည်းစည်းနဲ့ တဦးကို တဦး ကူညီနိုင်အောင် ဖွဲ့စည်းရတာပဲ ဖြစ်ပါတယ်လို့ Karenni Orthopedic Corps အဖွဲ့က အသိပေးပါတယ်။
အခုလို ဖွဲ့စည်းရတာဟာ ကရင်နီ နယ်မြေအတွင်းမှာရှိတဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်ဆံရာမှာ အရိုးအထူးကုဆရာဝန်တွေ အချင်းချင်း အကာအကွယ်ပေးနိုင်ဖို့နဲ့ စည်းလုံးညီညွတ်စွာနဲ့ တော်လှန်ရေးကာလကို ကျော်လွှားနိုင်ဖို့၊ ရဲဘော်တွေနဲ့ ပြည်သူတွေကို အရိုးခွဲစိတ်ကုသရာမှာ မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတွေနဲ့ ထည့်သွင်းတပ်ဆင်ရမယ့် Implant တွေအတွက် အရင်းအမြစ်တွေ ရေရှည်တည်တံ့စေမယ့်နည်းလမ်းတွေ ဖော်ဆောင်ဖို့နဲ့ လိုအပ်တဲ့ပစ္စည်းတွေ စုဆောင်းဖလှယ်နိုင်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် နိုင်ငံလုံးဆိုင်ရာ အရိုးပညာအဖွဲ့အစည်းရဲ့ လမ်းညွှန်မှုအောက်မှာ အရိုးပညာရပ်ဆိုင်ရာ ဆက်လက်ပညာ ပေးရေး (Ortho CME) နဲ့ အရိုးပညာရပ်ကို စိတ်ဝင်စားတဲ့ မျိုးဆက်သစ်တွေကို ပြုစုပျိုးထောင်ပေးဖို့ ရည်ရွယ်တယ်လို့လည်း Karenni Orthopedic Corps အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် မိဘပြည်သူများအနေနဲ့လည်း Karenni Orthopedic Corps အဖွဲ့ကို ကူညီပေးကြဖို့လည်း ဒီအဖွဲ့က တောင်းဆို ထားပါတယ်။
========================
📌📌 ၂။ ထိုင်းနိုင်ငံမှာ (၂) နှစ်နီးပါးကြာ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရတဲ့ မြန်မာအလုပ်သမား (၅၀) ဦးအရေး MHAC က ဆောင်ရွက်ပေး
ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်မြို့နယ် ကော်ဇွန်းထုတ်စက်ရုံတွင် အလုပ်လုပ်နေကြသည့် မြန်မာအလုပ်သမား (၅၀) ဦးကို အလုပ်ရှင်က (၂) နှစ်ကြာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခဲ့မှုအပေါ် ထိုင်းရောက်မြန်မာအလုပ်သမားအရေးကူညီရေးအဖွဲ့ MHAC က ထိုင်းအာဏာပိုင်များထံ တရားဝင်တိုင်ကြားလိုက်ကြောင်း သိရှိရပါသည်။
ထိုင်းနိုင်ငံ စာမွတ်ဆာခွန်မြို့နယ် ကော်ဇွန်းထုတ်လုပ်သည့်စက်ရုံ၌ အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သား (၅၀) ဦးသည် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရမှုများကြောင့် စားဝတ်နေရေး အဆင်မပြေဖြစ်လာကြောင်း၊ မြန်မာအလုပ်သမားများမှာ အချိန် (၂) နှစ်နီးပါးကြာ အလုပ်ရှင်၏ ဖိနှိပ် ခိုင်းစေမှုများကို ခံခဲ့ရကြောင်း၊ ပုံမှန် အလုပ်သမား (၃) ဦး လုပ်ဆောင်ရမည့်အလုပ်ကို အလုပ်သမား (၂) ဦးကိုသာ ခိုင်း၍ လုပ်အားခေါင်းပုံဖြတ်ခြင်း၊အလုပ်ချိန်ပိုခိုင်းခြင်းနှင့် အချိန်ပို လုပ်အားခ မပေးခြင်း များ အပါအဝင်အလုပ်သမားအခွင့်အရေးများကို ထိုင်းအလုပ်ရှင်က နည်းလမ်းမျိုးစုံ ချိုးဖောက်ခဲ့ကြောင်း ထိုင်းရောက်မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ MHAC အဖွဲ့မှ အေအေစီကိုရဲမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားကြောင်းသိရှိရပါသည်။
"အလုပ်သမားတွေကို (၃) ယောက်လုပ်ရမှာကို (၂) ယောက်ပဲခိုင်းတာ၊ (၅) ယောက်လုပ်ရမှာကို (၃) ယောက်လုပ်ခိုင်းတာမျိုးတွေ၊ ပြီးတော့ အလုပ်ချိန်ပိုခိုင်းတယ်။ OT ကြေးမပေးတာ။ လုပ်ငန်းခွင် ထိခိုက်မှုဖြစ်ရင်လည်း တာဝန်မယူတာတွေကို (၂) နှစ်လုံး လုပ်ခဲ့တာ။ မကျေနပ်လို့သွားပြာရင်လည်း အလုပ်ဖြုတ်တာ လုပ်တယ်။ ပြီးတော့ တရားဝင်နားရက်တွေအတွက်လည်း ခံစားခွင့် မရခဲ့ဘူး။ အလုပ်သမားတွေက ခု ဘယ်လိုမှ မခံနိုင်လွန်းလို့ အစ်ကိုတို့ကို လာတိုင်တာ။ ဆဝါဒီကန်ရုံးဘက်ကို တိုင်ကြားပေးထားပါတယ်"ဟု ကိုရဲမင်းက ပြောပါသည်။
မြန်မာအလုပ်သမားများအပေါ် (၂) နှစ်နီးပါးအထိ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခဲ့သော ထိုင်းအလုပ်ရှင်ကို အရေးယူဆောင်ရွက်ရန်၊ မြန်မာအလုပ်သမား ဆုံးရှူံးနစ်နာခဲ့ရသော အခွင့်အရေးနှင့် လုပ်ခလစာများ ပြန်လည်ရရှိစေရန် အေအေစီကိုရဲမင်း ဦးဆောင်သော 𝐌.𝐇.𝐀.𝐂 မဟာမိတ်အဖွဲ့ နှင့် 𝐍𝐔𝐆 အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်တိုင်ကြားခဲ့ကြောင်း သိရှိရသည်။
ထိုင်းအာဏာပိုင်များက မြန်မာအလုပ်သမားများအပေါ် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခဲ့သော အလုပ်ရုံကို ဝင်ရောက်စစ်ဆေးပြီး ဆုံးရှုံးနစ်နာနေမှုများ အချိန်တစ်ခုအတွင်း ပြန်လည်ရရှိစေရန်ဆောင် ရွက်ပေးသွားမည်ဟု အာမခံပြောကြားခဲ့ကြောင်း သိရှိရသည်။
========================
📌📌 ၃။ ကရင်အမျိုးသားအစည်းအရုံး စီးပွားရေးကော်မတီနဲ့ ကော်သူးလေ လယ်ယာနှင့်စိုက်ပျိုးရေးဌာနတို့က ခရိုင်အသီးသီးမှာ ရှိတဲ့ လယ်ယာစိုက်ပျိုးရေးဌာနတွေကို လယ်ထွန်စက်တွေ ထောက်ပံ့
ကရင်အမျိုးသားအစည်းအရုံး - KNU ရဲ့ စီးပွားရေးကော်မတီနဲ့ ကော်သူးလေ လယ်ယာနှင့်စိုက်ပျိုးရေးဌာန - ဗဟိုတို့ ပူးပေါင်းပြီး ခရိုင်အသီးသီးမှာရှိတဲ့ လယ်ယာနှင့်စိုက်ပျိုးရေးဌာနတွေကို လယ်ထွန်စက်တွေ ထောက်ပံ့ပေးခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
ခရိုင်အသီးသီးက စိုက်ပျိုးရေးနဲ့ လယ်ယာလုပ်ငန်းတွေမှာ အထောက်အကူဖြစ်စေဖို့ လယ်ယာသုံး လယ်ထွန်စက်တွေ ပံ့ပိုး ပေးခဲ့တာလို့ ဆိုပါတယ်။
ဒေသမှာရှိတဲ့ တောင်သူလယ်သမားတွေအတွက် စိုက်ပျိုးရေးကဏ္ဍတရပ် မြှင့်တင်ပေးဖို့နဲ့ လယ်ယာလုပ်ငန်းတွေ လုပ်ကိုင် ရာမှာ အဆင်ပြေစေဖို့ ရည်ရွယ်ပြီး ဒူးသထူခရိုင်၊ တောင်ငူခရိုင်၊ ခလယ်လွီထူခရိုင်၊ ဒူးပလာယာခရိုင်နဲ့ ဖားအံခရိုင်တို့ကို SP 155 Riding Tractor အမျိုးအစား ၃ စီး ပို့ဆောင်ခဲ့ပြီး မူတြော်ခရိုင်ကို SP - 155 Riding Tractorအမျိုးအစား လယ်ထွန်စက် တစီး နဲ့ Rhino Tiller - G-007 Horsepower (၁၂) စီး ပံ့ပိုးပေးခဲ့တယ်လို့ KNU ဗဟိုက အသိပေးပါတယ်။
ဒါ့အပြင် KNU စီးပွားရေးကော်မတီနဲ့ ကော်သူးလေ လယ်ယာနှင့်စိုက်ပျိုးရေးဌာနတို့က မူတြော်နဲ့ ဒူးပလာယာခရိုင် တို့မှာ လယ်ယာလုပ်ငန်းတွေ လွယ်ကူချောမွေ့စေဖို့ ဒေသမှာရှိတဲ့တောင်သူတွေကို မျိုးစပါးနဲ့ လယ်ယာမြေ ဧက (၄၀၀) အတွက် လုပ်အားထောက်ပံ့ပေးခဲ့ပြီး စပါးစိုက်ပျိုးမှု မြှင့်တင်ဖို့အတွက် ဒူးပလာယာခရိုင် စိုက်ပျိုးရေးဌာနက ဒေသနေ တောင်သူ တွေအတွက် ရေနုတ်မြောင်းတွေ ဖောက်လုပ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
========================
📌📌 ၄။ လောင်းလုံးမြို့နယ်မှာ ပါဝါအိပ်ဇောတပ်မောင်းနှင်သူတွေကို အပြစ်ပေးအရေးယူမယ်လို့ မြို့နယ်ပအဖ ထပ်သတိပေး
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်မှာ ဆိုင်ကယ်တွေမှာ ပါဝါအိပ်ဇောတပ်မောင်းနှင်သူတွေကို အပြစ်ပေးအရေးယူမယ်လို့ မြို့နယ်ပအဖက ထပ်ပြီး သတိပေးပြောဆိုလိုက်ပါတယ်။
မြို့နယ်အတွင်းနေထိုင်ကြတဲ့ ပြည်သူတွေ စိတ်အနှောက်ယှက်မဖြစ်အောင် ဆိုင်ကယ်တွေမှာ ပါဝါအိတ်ဇောပိုက်တွေ တပ်ဆင်မောင်းနှင်တာမျိုးမလုပ်ဖို့ လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ - ပအဖ က ဇူလိုင် (၉) ရက်နေ့မှာ အသိပေးထုတ်ပြန်ခဲ့တာကို ထပ်ပြီး သတိပေးလိုက်တာဖြစ်ပါတယ်။
အဲဒီ ထုတ်ပြန်ချက်မှာ ပညာပေးကာလဖြစ်တဲ့ ဇူလိုင် (၉) ရက်ကနေ (၁၈) ရက်နေ့အထိ လောင်းလုံးမြို့နယ်၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ - ပလဖ က ဦးဆောင်ပြီး မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ပကဖနဲ့ ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ - ပအဖတို့ ပူးပေါင်းပြီး အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဒီ အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ပြီးသွားချိန်မှာ လိုက်နာဆောင်ရွက်ခြင်းမရှိတဲ့သူတွေကို အပြစ်ပေးအရေးယူတာတွေ ဆက်လုပ်သွားမယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ - ပအဖက ထုတ်ပြန်ထားပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ အကြမ်းဖက်စစ်တပ်က သပိတ်ကျင်းနယ်ကို လေကြောင်းကနေ ပေါင် (၂၅ဝ) ဗုံးတွေ ကြဲချတာကြောင့် အရပ်သား (၄) ဦး ဒဏ်ရာရ
အကြမ်းဖက်စစ်တပ်က မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ကရွာတွေကို လေကြောင်းကနေ ပေါင် (၂၅ဝ) ဗုံးတွေ ကြဲချတိုက်ခိုက်တာကြောင့် အရပ်သားပြည်သူ (၄) ဦး ဒဏ်ရာရခဲ့ပြီး အိမ် (၄) လုံး ပျက်စီးသွားတယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ မိတ္ထီလာ ရှမ်းတဲ လေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာက သပိတ်ကျင်းမြို့နယ် လိပ်ကျရွာကို မနေ့ ဇူလိုင်လ (၁၂) ရက် ည (၇း၁၈) နာရီမှာ ပေါင် (၂၅၀) ဗုံးသီး တလုံး ကြဲချပြီး လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် (၁၆) နှစ်အရွယ် အမျိုးသမီး တဦး မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ အသိပေးပါတယ်။
အဲဒီနောက် ည (၇း၂၂) နာရီမှာလည်း သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းရွာကို ပေါင် (၂၅၀) ဗုံး တလုံး ကြဲချခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ အမျိုးသား (၁) ဦး၊ အမျိုးသမီး (၂) ဦး မစိုးရိမ်ရတဲ့ ဒဏ်ရာရသွားပြီး ပြည်သူပိုင်အိမ် (၄) လုံး ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဇူလိုင်လ (၅) ရက်နေ့တုန်းကလည်း ဇရပ်ကွင်းရွာကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား (၂) ဦး ဒဏ်ရာရခဲ့ပါသေးတယ်။
ဇူလိုင်လ (၆) ရက်နေ့မှာတော့ အကြမ်းဖက်စစ်တပ်ဟာ သပိတ်ကျင်းမြို့နယ် ကွင်း (၂၉) ဂေါက်ကွင်းကို Cluster ဗုံးသီးတွေအသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှု (၂) ကြိမ်ပြုလုပ်ခဲ့တာရှိပြီး လူတွေ ထိခိုက်မှုမရှိတဲ့ ဖြစ်စဉ်လည်းရှိခဲ့ပါတယ်။
ဒါကြောင့် အရပ်သားပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်တွေနဲ့ ဝေးရာမှာနေထိုင်ကြဖို့၊ လေကြောင်းရန်ကို ကာကွယ်နိုင်ဖို့အတွက် ပုန်းခိုကျင်းတွေတူးထားကြဖို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့အပါအဝင် ဒေသတွင်း တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းနှိုးဆော်ထားပါတယ်။
========================
🚩🚩 ၂။ စစ်တပ်က ကျောက်မဲမြို့ကို ဂျက်ဖိုက်တာနဲ့ ဗုံးထပ်ကြဲတာကြောင့် အမျိုးသမီးတဦး ဒဏ်ရာရပြီး နေအိမ်တွေ ပျက်စီး
ရှမ်းမြောက်ဒေသက TNLA သိမ်းပိုက်ထားတဲ့ ကျောက်မဲမြို့ပေါ်ကို ဒီနေ့ မနက်ပိုင်းမှာ စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးတွေ ထပ်ကြဲတာကြောင့် အမျိုးသမီးတဦး ဒဏ်ရာရပြီး လူနေအိမ်တွေ ပျက်စီးသွားတယ်လို့ ဒေသနေပြည်သူတွေက ပြောပါတယ်။
စာသင်ကျောင်းအပါအဝင် နေရာအချို့ကို စစ်တပ်က ဒီနေ့ မနက်အစောပိုင်းမှာ လေကြောင်းကနေ ဗုံး (၄) လုံး ကြဲချခဲ့တာလို့ ဆိုပါတယ်။
ဒီနေ့ ဇူလိုင် (၁၃) ရက် မနက် (၆း၀၈)၊ (၆း၁၄) နဲ့ (၆း၁၉) နာရီတို့မှာ မန့်နား - ကျောက်တောင်အစပ်က အမှတ် (၁၃) အခြေခံပညာမူလတန်းကျောင်းနဲ့ ပိန္နကုန်းနေရာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားတာလို့ သိရပါတယ်။
မန့်နား - ကျောက်တောင်အစပ် အမက (၁၃) ကျောင်းနားကို ဗုံး (၂) လုံးကြဲချတာမှာ လူနေအိမ်အနားဖြစ်ပေမယ့် လူတွေတော့ ဘာမှမဖြစ်ဘူးလို့ ဒေသနေပြည်သူတဦးက အသိပေးပါတယ်။
ဒေသတွင်းသတင်းတွေအဆိုအရကတော့ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီးတဦး ဒဏ်ရာရသွားပြီး နေအိမ် (၇) လုံး ဗုံးစထိမှန် ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ ဇူလိုင် (၆) ရက်၊ (၈) ရက် နဲ့ (၁၁) ရက်နေ့တွေတုန်းကလည်း ကျောက်မဲမြို့ပေါ် ရပ်ကွက်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။
ဇူလိုင်လ (၁၁) ရက် မနက်ပိုင်းက ကောလီဟိုတယ်နဲ့ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးကို ဗုံးကြဲတိုက်ခိုက်မှုမှာ အရပ်သားပြည်သူ တဦးသေဆုံးပြီး (၅) ဦး ဒဏ်ရာရခဲ့သလို ဇူလိုင် (၈) ရက်နေ့က ဗုံးကြဲတိုက်ခိုက်မှုမှာလည်း အရပ်သား တဦးသေဆုံးပြီး (၄) ဦး ဒဏ်ရာရခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ ဇွန်လနောက်ဆုံးပတ်ထဲမှာလည်း ကျောက်မဲမြို့ကို (၂) ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာရှိပြီး အရပ်သား ပြည်သူ (၅) ဦးသေဆုံးကာ (၅) ဦး ဒဏ်ရာရခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။
စစ်ကောင်စီဟာ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲ၊ သီပေါနဲ့ မိုးကုတ် မြို့နယ်တို့ကို လေကြောင်းကနေ မကြာခဏ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် အပြစ်မဲ့အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးနေရပါတယ်။
========================
🚩🚩 ၃။ ဖားဆောင်းမြို့သိမ်းတိုက်ပွဲမှာ SSNDF/KNDF တပ်ရင်း (၁၀၂) က ရဲဘော် တဦးကျဆုံး
ကရင်နီပြည်က ဖားဆောင်းမြို့သိမ်းတိုက်ပွဲမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ဗျူဟာ (၉)၊ အမှတ် (၁၀၂) တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်တဦးကျဆုံးခဲ့တယ်လို့ KNDF တပ်ရင်း (၁၀၂) က ထုတ်ပြန်ထားပါတယ်။
အသက် (၂၃) နှစ်အရွယ် ရဲဘော် ချိုလွင်မိုး (ခ) လွင်မိုးဟာ ဇူလိုင်လ (၅) ရက်နေ့ကဖြစ်တဲ့ ဖားဆောင်းမြို့သိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့တာလို့ ဆိုပါတယ်။
အဲဒီ ကျဆုံးသွားတဲ့ ရဲဘော်ဟာ ပေးအပ်တဲ့တာဝန်ကို ကျေပွန်ခဲ့ပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ရရှိရေးအတွက် အစွမ်းကုန် ကြိုးစားရင်း မြင့်မြတ်စွာ အသက်ပေးဆပ်သွားခဲ့တဲ့အပေါ် အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင်ထားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
SSNDF / KNDF အမှတ် (၁၀၂) တပ်ရင်းအနေနဲ့ ကျဆုံးသွားတဲ့ ရဲဘော်တွေရဲ့ မပြီးပြတ်သေးတဲ့တာဝန်တွေကို တော်လှန်ရေးရဲဘော်ရဲဘက်တွေက ဆက်လက်ထမ်းဆောင်သွားမှာဖြစ်တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
ဖားဆောင်းမှာအခြေစိုက်တဲ့ ခလရ (၁၃၄) နဲ့ (၁၃၅) တပ်စခန်းကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက ဇွန်လ (၂၅) ရက်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဇွန်လ (၃၀) ရက်နေ့မှာ စစ်ကောင်စီရဲ့ ခလရ (၁၃၄) တပ်စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ် လို့ စစ်ရေးသတင်းမှတ်တမ်းတွေအရ သိရပါတယ်။
လက်ရှိမှာ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီရဲ့ ခလရ (၁၃၅) တပ်စခန်းကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတွေ ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေဆဲလို့လည်း သိရပါတယ်။
========================
🚩🚩 ၄။ မင်းတုန်းမြို့နယ် ကျောက်တိုင်ကျေးရွာ တိုက်နယ်ဆေးရုံမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်မှုတွင် အရာရှိနဲ့ စစ်သား (၄) ဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့ဆို
မကွေးတိုင်း သရက်ခရိုင်ထဲက မင်းတုန်းမြို့နယ်ကို ဖြတ်သန်းသွားတဲ့ ပုသိမ်-မုံရွာ လမ်းမကြီးဘေးမှာရှိတဲ့ ကျောက်တိုင်ကျေးရွာက တိုက်နယ်ဆေးရုံမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၃၅) ဦးခန့်ကို တော်လှန်ရေး တပ်တွေက (၆ဝ) မမ လက်လုပ် ဗုံးသီးတွေနဲ့ တိုက်ခိုက်ခဲ့တာမှာ အရာရှိနဲ့ စစ်သား (၄) ဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့ အမှတ် (၁) စစ်ဒေသ သရက်ခရိုင် အမှတ် (၁) တပ်ရင်းက ဒီနေ့ ဇူလိုင် (၁၃) မှာ ထုတ်ပြန်ပါတယ်။
ကျောက်တိုင်ကျေးရွာက တိုက်နယ်ဆေးရုံအတွင်း တပ်စွဲနေရာယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဇူလိုင်လ (၁၁) ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင်စစ်ဌာန၊ သရက်ခရိုင် အမှတ် - ၄ တပ်ရင်းက တပ်ခွဲ - ၁ ခွဲမှူး ဦးဆောင်တဲ့ Drone တပ်စိပ်နဲ့ မင်းတုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တော်လှန်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်ရေး Drone တွေနဲ့ နေ့လည် (၁း၂၂) နာရီမှာ (၆၀) မမ လက်လုပ်ဗုံးသီး (၂) လုံးနဲ့ တကြိမ် နေ့လည် (၁း၅၀) နာရီမှာ (၆၀) မမ လက်လုပ်ဗုံးသီး (၂) လုံးနဲ့ တကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ ဗုံးသီး (၄) လုံးစလုံး ပစ်မှတ်နေရာတွေမှာ ကျရောက်ပေါက်ကွဲတဲ့အတွက် စစ်တပ်အရာရှိနဲ့ စစ်သား (၄) ဦးထက်မနည်း ထိခိုက်မှုရှိနိုင်တယ်လို့ အသိပေးထားပါတယ်။
ဒီတိုက်ခိုက်အပြီး နောက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေနဲ့ ခရီးသွားပြည်သူတွေကို စစ်ဆေးတာတွေ ပိုပြီးလုပ်လာတဲ့အတွက် ပြည်သူလူထုအနေနဲ့ သတိထားသွားလာကြဖို့ သရက်ခရိုင် အမှတ် (၁) တပ်ရင်းက အသိပေးနှိုးဆော်ထားပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment