၂၀၂၅ ဇူလိုင်လ ၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ချင်းပြည်အတွင်း ညီအစ်ကိုအချင်းချင်း တိုက်ခိုက်မှုများ ချက်ချင်းရပ်တန့်ရန် CPRI တိုက်တွန်း
📌 ၂။ ဗန်းမော်ကို ထိုးစစ်ဆင်နေတာ မရပ်လျှင် ကမ္ဘာ့ရှားပါး မြေရှားသတ္တုဝယ်ယူခြင်းကို ရပ်ဆိုင်းမယ်လို့ KIAကို တရုတ် ခြိမ်းခြောက်
📌 ၃။ ဂျပန်ရင်းနှီးမြှုပ်နှံသူ ၃ ဖွဲ့ ရွှေသံလွင်ကုမ္ပဏီနှင့် စီးပွားပတ်သက်မှုများ ဖြတ်တောက်
📌 ၄။ ပေါင်းတည်ထောင်မှ နိုင်ငံရေးအကျဥ်းသား တစ်ဦးရောဂါအခံမရှိဘဲ ရုတ်တရက် နှလုံးရပ်ကာ သေဆုံး
📌 ၅။ ဇူလိုင်လအတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၂) ဦးနှင့် အမျိုးသား (၇) ဦး သေဆုံးခဲ့ပြီး အသက် ၁၈ နှစ်အောက် ကလေးငယ် (၂) ဦး ပါဝင်
📌 ၆။ "အညာကိုကူ ဗုံးခိုကျင်းပေါင်း ၃၀ အလှူ" ကမ်ပိန်းမှ ပုလဲမြို့နယ် စာသင်ကျောင်း ၅ ကျောင်းစာအတွက် ကျပ်သိန်း ၁၀၀ ထောက်ပံ့ခဲ့
========================
၂၀၂၅ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ထိုင်း-မြန်မာ နယ်စပ်မျဉ်းပေါ်က သုခ စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်
🚩 ၂။ နွားထိုးကြီးမြို့နယ်၊ မိုင်တိုင် (၃၁၈) အနီး ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ ၅ ဦး သေဆုံး
🚩 ၃။ ရေစကြိုမြို့ အထွက်တနေရာမှာ စစ်ကောင်စီ ရိက္ခာပို့ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့
🚩 ၄။ ငါန်းဇွန်မြို့နယ်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၄ ဦးသေဆုံး
🚩 ၅။ KNDF B-08 ထူထောင်သည့် ၄နှစ်အတွင်း ရဲဘော် ၂၁ ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ကြောင်း ထုတ်ပြန်
🚩 ၆။ 5.56 ကျည်သုံး ချေမှုန်းရေး ရိုင်ဖယ်သေနတ်အား အောင်မြင်စွာ ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း အသိပေး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ချင်းပြည်အတွင်း ညီအစ်ကိုအချင်းချင်း တိုက်ခိုက်မှုများ ချက်ချင်းရပ်တန့်ရန် CPRI တိုက်တွန်း
ဇူလိုင်လ ၈ရက်
Radio NUG
ချင်းပြည်နယ်အတွင်း ဖြစ်ပေါ်နေသော ချင်းညီအစ်ကိုအချင်းချင်း စစ်ရေးပဋိပက္ခများကို ချက်ချင်းရပ်တန့်ရန် ချင်းငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးကြိုးပမ်းမှုအဖွဲ့ (Chin Peace and Reconciliation Initiatives – CPRI) က ဇူလိုင်လ ၈ ရက်တွင် တိုက်တွန်းနှိုးဆော်လိုက်ကြောင်း ချင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရပါတယ်။
ဇူလိုင်လ ၂ ရက်မှ စတင်ကာ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်း HPO/CDF-Hualngoram နှင့် CNO/CNDF အဖွဲ့များအကြား ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ပြီး ထိတွေ့ပစ်ခတ်မှုများအထိ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
CPRI ဥက္ကဋ္ဌဖြစ်သူ ဦးဗျက်လျန်ထန်း (CBANA အတွင်းရေးမှူး) က “ယနေ့ ချင်းပြည်နယ်အတွင်း ညီအစ်ကိုအချင်းချင်း ပစ်ခတ်မှုနှင့် သွေးထွက်သံယိုဖြစ်မှုများကို ကြားသိရသည့်အတွက် စိတ်မကောင်းဖြစ်ရပါသည်။ ထို့ကြောင့် ယခုအချိန်မှစ၍ အဖွဲ့အစည်းများအနေဖြင့် ၎င်းတို့၏ လက်နက်များကို ညီအစ်ကိုများဘက်သို့ ဦးတည်မပစ်ကြရန်၊ စားပွဲဝိုင်းတွင် ဆွေးနွေးဖြေရှင်းမည်ဆိုပါက အဖြေရှာနိုင်မည်ဟု ယုံကြည်ပါသည်။ ထို့ကြောင့် အချင်းချင်း ပစ်ခတ်မှုများကို ရပ်တန့်ပေးရန် သခင်ယေရှု၏ နာမတော်ဖြင့် တောင်းဆိုအပ်ပါသည်” ဟု ပြောကြားထားပါတယ်။
CPRI ၏ ဒုဥက္ကဋ္ဌဖြစ်သူ ဦးကျဲအိုလျန်ထန်း (CBCUSA အတွင်းရေးမှူး) က “ဤကာလသည် ပြည်တွင်းတော်လှန်ရေးကာလဖြစ်သည်နှင့်အမျှ ကျွန်ုပ်တို့အားလုံး စည်းလုံးညီညွတ်ရန် လိုအပ်သည်ဟု အမြဲပြောနေကြပါသည်။ သို့သော် ယခုအခါ ကျွန်ုပ်တို့လူမျိုးအချင်းချင်း သဘောထားကွဲလွဲမှုများမှ ပစ်ခတ်မှုများအထိ ဖြစ်ပေါ်လာသည်ကို ကြားသိရသည့်အတွက် စိတ်ပျက်ဝမ်းနည်းရပါသည်။ ဤပြဿနာကို ပစ်ခတ်မှုဖြင့် ဖြေရှင်းမည်ဆိုပါက ဘယ်သောအခါမှ အဖြေရလာမည်မဟုတ်ပါ။ ထို့ကြောင့် အပစ်အခတ်များကို ချက်ချင်းရပ်စဲရန် တောင်းဆိုပါသည်။ ဖြစ်နိုင်ပါက သဘောထားကွဲလွဲမှုများကို စားပွဲဝိုင်းတွင် ဆွေးနွေးပြီး ကျွန်ုပ်တို့သည် ညီအစ်ကိုများဖြစ်ကြသည့်အလျှောက် စစ်ကောင်စီကို စည်းလုံးညီညွတ်စွာ တိုက်ထုတ်ရန် အဖြေရှာသင့်သည်” ဟု ဆိုထားပါတယ်။
CPRI ၏ တွဲဖက်အတွင်းရေးမှူး ဦးဟရဲမာန်းကလည်း လူမှုကွန်ရက်ပေါ်တွင် အမုန်းပွားစေမည့် အကြောင်းအရာများ ရေးသားဖြန့်ဝေခြင်းများ မပြုလုပ်ရန်၊ သတင်းများမှန်ကန်နေသည်ပင်ဖြစ်စေ ငြိမ်းချမ်းရေးကို ထိခိုက်စေမည့်အရာများကို မဖြန့်ဝေရန်၊ သတင်းမှားများဖြင့် တစ်ဖွဲ့နှင့်တစ်ဖွဲ့ ပြစ်တင်ရှုတ်ချခြင်းများ မလုပ်ရန်၊ အိန္ဒိယနှင့် မီဇိုရမ်အစိုးရများအပေါ် မတော်လှန်ရေးသမားများအဖြစ် အထင်မလွဲစေရန် ဂရုစိုက်ရန်နှင့် ဤလုပ်ရပ်များသည် အကြမ်းဖက်စစ်ကောင်စီကို အကျိုးပြုရာရောက်ကြောင်း အကြံပြုပြောကြားပါတယ်။
ထို့အတူ CPRI ၏ ဘဏ္ဍာရေးမှူး စတီဗင်သင်လျန်နှင့် အတွင်းရေးမှူး ဟင်နရီဗန်ကျဲအိုလျန်တို့ကလည်း ချင်းလူမျိုးများသည် ခရစ်ယာန်ဘာသာဝင်များဖြစ်သည့်အလျှောက် ဘုရားကျောင်းများနှင့် တရားဟောပွဲများတွင် ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးကို ဟောပြောပေးရန် သင်းအုပ်ဆရာများနှင့် တရားဟောဆရာများကိုတိုက်တွန်းထားပါတယ်။
========================
📌📌 ၂။ ဗန်းမော်ကို ထိုးစစ်ဆင်နေတာ မရပ်လျှင် ကမ္ဘာ့ရှားပါး မြေရှားသတ္တုဝယ်ယူခြင်းကို ရပ်ဆိုင်းမယ်လို့ KIAကို တရုတ် ခြိမ်းခြောက်
ဇူလိုင်လ ၈ရက်
Radio NUG
တရုတ်နိုင်ငံသည် မြေရှားသတ္တုများ ပြုပြင်ထုတ်လုပ်မှုတွင် လုံးဝနီးပါးထိန်းချုပ်ထားသည့် အနေအထားရှိပြီး ဗန်းမော်မြို့အား အပြည့်အဝထိန်းချုပ်ရန် ကြိုးပမ်းမှု ရပ်တန့်မည်မဟုတ်ပါက KIA ထိန်းချုပ်ထားသော နယ်မြေများမှ ထုတ်ယူထားသည့် သတ္တုများ ဝယ်ယူခြင်းကို ရပ်ဆိုင်းမည်ဟု ခြိမ်းခြောက်ထားကြောင်း Reuters သတင်းဌာနမှာ ဖော်ပြထားပါတယ်။
ဘေဂျင်းဘက်မှ နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိများက KIA သို့ မေလတွင် ပြုလုပ်ခဲ့သော တွေ့ဆုံမှုတစ်ခုတွင် ထုတ်ဖော်ခဲ့သော ခြိမ်းခြောက်မှုသည် ဘေဂျင်းအနေဖြင့် ၎င်း၏ သတ္တုထိန်းချုပ်မှုကို နိုင်ငံရေးရည်မှန်းချက်များ အကောင်အထည်ဖော်ရန် အသုံးပြုနေပုံကို ပြသနေတယ်လို့ ဆိုထားပါတယ်။
တရုတ်နိုင်ငံသည် ၎င်း၏ လွှမ်းမိုးမှုကို အသုံးပြု၍ စစ်အစိုးရအား ထောက်ခံအားပေးနေပြီး တရုတ်၏ နောက်ဖေးခြံဝင်းတွင် စီးပွားရေးအကျိုးစီးပွားများ၏ အာမခံသူအဖြစ် ရှုမြင်ထားတယ်လို့ ဖော်ပြထားပါတယ်။
========================
📌📌 ၃။ ဂျပန်ရင်းနှီးမြှုပ်နှံသူ ၃ ဖွဲ့ ရွှေသံလွင်ကုမ္ပဏီနှင့် စီးပွားပတ်သက်မှုများ ဖြတ်တောက်
ဇူလိုင်လ ၈ရက်
Radio NUG
ဂျပန်နိုင်ငံတကာရုပ်သံထုတ်လွှင့်မှုကော်ပိုရေးရှင်း (JIB) နှင့် ဂျပန်အစိုးရ-ပုဂ္ဂလိကရန်ပုံငွေအဖွဲ့ နှစ်ဖွဲ့ဖြစ်သည့် Cool Japan Fund Inc. နှင့် Fund Corporation for the Overseas Development of Japans ICT and Postal Services (JICT) တို့အနေဖြင့် မြန်မာနိုင်ငံအခြေစိုက် Dream Vision Co., Ltd မှ ရင်းနှီးမြှုပ်နှံမှုများ ရုပ်သိမ်း ထွက်ခွာရာတွင် ပွင့်လင်းမြင်သာမှုအပြည့်အဝရှိရေးနှင့် လူ့အခွင့်အရေးစံနှုန်းများအား လေးစားလိုက်နာရေးအတွက် ဂျပန်နှင့် မြန်မာအရပ်ဘက်အဖွဲ့များက တောင်းဆိုပါတယ်။
ရွှေသံလွင်မီဒီယာသည် ရွှေသံလွင်အုပ်စု(STLG)၏ လုပ်ငန်းခွဲဖြစ်သည်ဟု နားလည်သိရှိရပြီး၊ ရွှေသံလွင်အုပ်စုအား မြန်မာစစ်အုပ်စုနှင့် နီးကပ်သည့် ဆက်ဆံရေးများမှ အကျိုးအမြတ်များရရှိနေသည့် ခရိုနီစီးပွားရေးလုပ်ငန်းစုကြီးတစ်ခုအဖြစ် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော အချက်အလက်ရှာဖွေရေးမစ်ရှင်က အစီရင်ခံစာတွင် သတ်မှတ်ဖော်ပြခဲ့ပါတယ်။
Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က "JIB၊ Cool Japan Fund နဲ့ JICT တို့က မြန်မာနိုင်ငံကနေ သူတို့ထွက်ခွာမှုနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေအတွက် မြန်မြန်ဆန်ဆန်၊ ပြည့်ပြည့်စုံစုံ ပြန်လည်ဖြေကြားဖို့၊ Dream Vision ကနေ သူတို့ထွက်ခွာရာမှာ လူ့အခွင့်အရေးဆိုင်ရာ တင်ကြိုစိစစ်မှုတွေ ပါဝင်ခဲ့ခြင်းရှိမရှိ၊ စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ ပံ့ပိုးကူညီတဲ့ ခရိုနီတွေအတွက် အကျိုးဖြစ်ထွန်းခဲ့ခြင်း ရှိမရှိ၊ ဘေးအန္တရာယ်လျော့ပါးသက်သာရေး အစီအစဉ်တွေ ရှိခဲ့မယ်ဆိုရင် ဘာတွေလုပ်ဆောင်ခဲ့လဲ စတာတွေကို ရှင်းလင်းပြောကြားဖို့ လိုပါတယ်။ အဲ့ဒီမေးခွန်းတွေကို ဖြေကြားဖို့ ပျက်ကွက်တာက လက်ခံနိုင်ဖွယ်မရှိတဲ့ ပွင့်လင်းမြင်သာမှုကင်းမဲ့တဲ့ အပေါ်မှာဖြစ်ဖြစ်၊ ဂျပန်ရင်းနှီးမြှုပ်နှံသူတွေက သူတို့လူ့အခွင့်အရေး တာဝန်ဝတ္တရားတွေကို လိုက်နာခဲ့ခြင်းရှိမရှိ အပေါ်မှာဖြစ်ဖြစ် ပိုပြီးနက်နဲတဲ့ စိုးရိမ်ပူပန်မှုကိုပဲ ဖြစ်စေခဲ့ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။
========================
📌📌 ၄။ ပေါင်းတည်ထောင်မှ နိုင်ငံရေးအကျဥ်းသား တစ်ဦးရောဂါအခံမရှိဘဲ ရုတ်တရက် နှလုံးရပ်ကာ သေဆုံး
ဇူလိုင်လ ၈ရက်
Radio NUG
၂၀၂၅ ခုနှစ် ဇူလိုင်လ ၅ရက်နေ့ က ပဲခူးတိုင်း၊ ပေါင်းတည် အကျဥ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ကိုလှမင်း(ခ)ကိုလှကြီး သတိမေ့သွားသဖြင့် ပေါင်းတည်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ဆိုထားပါတယ်။
အသက် (၄၅)နှစ်အရွယ် ကိုလှမင်း(ခ)ကိုလှကြီးသည် ပုဒ်မ ၅၀(ည)ဖြင့် ထောင်ဒဏ်(၁၀)နှစ် ကျခံနေရသူတစ်ဦးဖြစ်ပြီး ယခင်ကတည်းက ရောဂါအခံမရှိဘဲ ကျန်းမာသူဖြစ်ကာ ရုတ်တရက် နှလုံးရပ်သွားခဲ့ခြင်းကြောင့် သေဆုံးခဲ့ခြင်း ဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသား ကိုလှမင်းကို ပြင်ပဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း သေဆုံးခဲ့ရခြင်းဖြစ်ပြီး သေဆုံးခဲ့မှုအပေါ် အခြားအကြောင်းအရင်းများ ရှိ၊ မရှိကို ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)၏ စောင့်ကြည့်မှုများအရ ပေါင်းတည်ထောင်သည်လည်း အခြားအကျဉ်းထောင်များနည်းတူ ဆေးဝါးမလုံလောက်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်များ ရှိနေဆဲဖြစ်တယ်လို့ ဖော်ပြပါတယ်။
PPNM ၏ စောင့်ကြည့်လေ့လာမှုမှတ်တမ်းများအရ ၂၀၂၅ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လ ၈ရက်နေ့အထိ မြန်မာနိုင်ငံရှိ အကျဥ်းထောင်များအတွင်း ကျန်းမာရေးကြောင့် သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား စုစုပေါင်း (၁၄)ဦးအထိ ရှိနေပြီ ဖြစ်ပါတယ်။
========================
📌📌 ၅။ ဇူလိုင်လအတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၂) ဦးနှင့် အမျိုးသား (၇) ဦး သေဆုံးခဲ့ပြီး အသက် ၁၈ နှစ်အောက် ကလေးငယ် (၂) ဦး ပါဝင်
ဇူလိုင်လ ၈ရက်
Radio NUG
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ ၈ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၂) ဦးနှင့် အမျိုးသား (၇) ဦး စုစုပေါင်း (၉) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ထိုအရေအတွက်တွင် အသက် ၁၈ နှစ်အောက် ကလေးငယ် (၂) ဦး ပါဝင်တယ်လို့ သိရပါတယ်။
အဆိုပါ သေဆုံးသူများတွင် (၈) ဦးမှာ စစ်အုပ်စု၏ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ပြီး (၁) ဦးမှာ စစ်အုပ်စု၏ ဖမ်းဆီးပြီးနောက် သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။
အဆိုပါ ကာလအတွင်း အတည်ပြုရန်လိုအပ်နေဆဲ သေဆုံးအရပ်သား (၁၃) ဦး ၏ စာရင်းကိုလည်း သီးခြားကောက်ယူ စုဆောင်းပြီး အတည်ပြုနိုင်ရန် ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
ဇူလိုင်လ ၅ ရက်နေ့၊ ညနေပိုင်းအချိန်တွင် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ တောကြောင်ပေါက်ကျေးရွာရှိ စစ်ဘေးရှောင်များခိုလှုံနေထိုင်သည့် စာသင်ကျောင်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ထိုကျောင်းတွင် ခိုလှုံနေထိုင်သော စစ်ဘေးရှောင် ခြောက်ဦးတို့မှာ ဗုံးစထိမှန်၍ သေဆုံးခဲ့ရပါတယ်။
========================
📌📌 ၆။ "အညာကိုကူ ဗုံးခိုကျင်းပေါင်း ၃၀ အလှူ" ကမ်ပိန်းမှ ပုလဲမြို့နယ် စာသင်ကျောင်း ၅ ကျောင်းစာအတွက် ကျပ်သိန်း ၁၀၀ ထောက်ပံ့ခဲ့
ဇူလိုင်လ ၈ရက်
Radio NUG
"အညာကိုကူ ဗုံးခိုကျင်းပေါင်း ၃၀ အလှူ" ကမ်ပိန်းမှ ပုလဲမြို့နယ် စာသင်ကျောင်း ၅ ကျောင်းစာအတွက် ကျပ်သိန်း ၁၀၀ ထောက်ပံ့ခဲ့တယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့က အသိပေးဆိုပါတယ်။
ကမ်ပိန်းအနေဖြင့် ကျပ်သိန်း ၄၇,၈၅၇,၆၈၃ ကျပ်ရရှိခဲ့ပြီး မြေပြင်တွင် တည်ဆောက်ရေးလုပ်ငန်းများလည်း လုပ်ဆောင်လျက် ရှိပါတယ်လို့ ဖော်ပြပါတယ်။
ကျောင်းတာဝန်ခံများနှင့် ရပ်ကျေးတာဝန်ခံများကိုလည်း ဗုံးခိုကျင်းတည်ဆောက်ပုံနည်းလမ်းများနှင့် ဆောင်ရန်ရှောင်ရန်များကို ဝေမျှဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ထိုင်း-မြန်မာ နယ်စပ်မျဉ်းပေါ်က သုခ စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်
ဇူလိုင်လ ၈ ရက်၊
Radio NUG
ကရင့်အမျိုးသား အစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ မြိတ်-ထားဝယ် ခရိုင်၊ ထိုင်း-မြန်မာ နယ်စပ်မျဉ်းပေါ်က စစ်ကောင်စီရဲ့ သုခစခန်းကို KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်အင်အား ၃၀ ဝန်းကျင် တပ်စွဲထားတဲ့ ‘သုခ-မဆုတ်တမ်း ခံစစ်စခန်း’ ကို ဇွန်လကုန်ပိုင်းမှာ စတင် ချဉ်းကပ်ခဲ့တာဖြစ်ပြီး ဇူလိုင်လ ၇ ရက်နေ့ စခန်းတက်သိမ်းချိန်မှာတော့ စစ်ကောင်စီ တပ်သားအားလုံး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသွားခဲ့ကြတယ်လို့ ဆိုပါတယ်။
စခန်းသိမ်း တိုက်ပွဲကို ကရင့်အမျိုးသား လွတ်မြောက်ရေး တပ်မတော် - KNLA တပ်ရင်း (၁၀)၊ တပ်ရင်း (၁၂)၊ တပ်ရင်း (၂၇)၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် ၊ ကျောင်းသားတော်လှန်ရေးတပ်၊ သာဂရ စစ်ကြောင်းနှင့် ဒရုန်းတပ်ဖွဲ့၊ ဗထူးတပ်မတော် ဒရုန်းရဲဘော်များ၊ ဝေဟင်တပ်ဖွဲ့ ဒရုန်းရဲဘော်များ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
သုခစခန်းရှိရာ နယ်မြေဟာ KNU မြိတ်-ထားဝယ်ခရိုင် လွယ်တစိုးမြို့နယ် ဌာနချုပ်ဟောင်း ဖြစ်ခဲ့ပြီး ၁၉၉၇ ခုနှစ် မှာ စစ်တပ်က ထိုးစစ်ဆင်ခဲ့ကာ ခလရ (၂၂) နဲ့ (၂၈၂) တို့က စခန်းထိုင် တပ်စွဲထားတာ ဖြစ်ပါတယ်။
========================
🚩🚩 ၂။ နွားထိုးကြီးမြို့နယ်၊ မိုင်တိုင် (၃၁၈) အနီး ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ ၅ ဦး သေဆုံး
ဇူလိုင်လ ၈ ရက်၊
Radio NUG
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ မိုင်တိုင် (၃၁၈) အနီး ကင်းပုန်း လာဝပ်တဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို Fixed Wing ဒရုန်းများဖြင့် ဗုံးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၈) တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ ၈ ရက်နေ့တွင် နွားထိုးကြီး၊ ထိမ္ဖလား ဘုရားကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့က ကင်းပုန်း လာဝပ်တဲ့ တပ်သားများကို ရှာထူးဝေါ နည်းပညာသုံး Fixed Wing Drone များဖြင့် ဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဗုံးသီးများဟာ ကင်းပုန်းဝပ်ရာ နေရာကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် စစ်ကောင်စီ တပ်သား (၅) ဦး ထိခိုက် သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း၊ မိတ္ထီလာခရိုင် အမှတ် ၂ တပ်ရင်းနဲ့ မိတ္ထီလာခရိုင် အမှတ် ၃ တပ်ရင်းတို့က ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။
========================
🚩🚩 ၃။ ရေစကြိုမြို့ အထွက်တနေရာမှာ စစ်ကောင်စီ ရိက္ခာပို့ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့
ဇူလိုင်လ ၈ ရက်၊
Radio NUG
မကွေးတိုင်း၊ ရေစကြိုမြို့နယ် အထွက်တနေရာမှာ ပြည်သူကား ၁၀ စီးအား ချောဆွဲလာတဲ့ စစ်ကောင်စီ ရိက္ခာပို့ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ထားပါတယ်။
ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောအစီး ၂၀ ကျော်ဟာ ရေစကြိုမြို့နယ်အတွင်းမှ တပ်ရင်း ၃ ခု အတွက် ရိက္ခာခဲယမ်းများကို ငြိမ်းဇာနည် စစ်မှုထမ်းဟောင်း ရုံးအနီး ချထားခဲ့ပြီး ဇူလိုင် ၇ ရက်နေ့မှာ ပို့ဆောင်ဖို့ ရှိတယ်လို့ သတင်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
ရိက္ခာပို့ဆောင်ဖို့ ပြည်သူ့ကား ၁၀ စီးကို ချောဆွဲကာ ပြည်သူများအား ငြိမ်းဇာနည် ရုံးအနီးထားခဲ့ပြီး စစ်ကောင်စီတပ်သားများက ကားများကို မောင်းနှင်လာခဲ့တာလို့ သိရပါတယ်။
၎င်းယာဉ်တန်းကို ညနေ ၆ နာရီဝန်းကျင်မှာ စစ်ကောင်စီရဲ့ ကင်းပုန်းတွေ ရှိနေတဲ့ကြားက မိုင်း ၅ လုံးတွဲ မိုင်းဖြင့် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကားတစ်စီးမှာ ပျက်စီးမှုများခဲ့ကာ ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ ဆိုပါတယ်။
ထိခိုက်သေဆုံးမှု အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်ပြီး ၎င်း ရိက္ခာပို့ယာဉ်တန်းဟာ တပ်တွေထဲကို ဝင်ရောက်သွားခဲ့ကြတယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၄။ ငါန်းဇွန်မြို့နယ်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၄ ဦးသေဆုံး
ဇူလိုင်လ ၈ ရက်၊
Radio NUG
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ် မြို့သာ-ဂွေးကုန်း လမ်းပိုင်းမှာ မိုင်းရှင်းနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့အနီး ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ (၄) ဦး သေဆုံးခဲ့တယ်လို့ နဂါးနီ ပြောက်ကျား တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ ၆ ရက်နေ့ မနက် ၆ နာရီခန့်မှာ မြင်းခြံ၊ တိုက်နယ် (၃) နဂါးနီပြောက်ကျား တပ်ဖွဲ့က ထောင်ထားတဲ့ မိုင်းများကို တူးဖော်ဖို့ ဂွေးကုန်းစခန်းနဲ့ မြို့သာစခန်းက စစ်ကောင်စီ ပူးပေါင်းအင်အား ၂၀၀ ကျော်ဟာ ပြည်သူများကို ဓားစာခံလုပ်ပြီး မိုင်းရှင်းလင်းနေခဲ့တယ်လို့ ဆိုပါတယ်။
ပြည်သူများ ထိခိုက်နိုင်တာကြောင့် နောက်ဆုတ်ပေးခဲ့ရကာ မိုင်း ၁၀ ခန့်လုံး ဖြုတ်အပြီးမှာ အဝေး တနေရာတွင် ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ အနီးမှာ ထောင်ထားခဲ့တဲ့ ပေပါမိုင်း ၂ လုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
မိုင်းပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးသွားခဲ့ပြီး ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ KNDF B-08 ထူထောင်သည့် ၄နှစ်အတွင်း ရဲဘော် ၂၁ ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ကြောင်း ထုတ်ပြန်
ဇူလိုင်လ ၈ရက်
Radio NUG
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF အမှတ် (၈) တပ်ရင်းသည် ပြည်သူလူထု၏ ကူညီထောက်ပံ့မူဖြင့် စစ်အာဏာရှင်ကို တော်လှန် တိုက်ခိုက်ခဲ့သည်မှာ ဇူလိုင်လ ၈ရက်နေ့တွင် ( ၄ ) နှစ်တိတိပြည့်ခဲ့ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ပါတယ်။
စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်တိုက်ခိုက်သည့် ( ၄ )နှစ်တွင်းမှာ ရဲဘော်များ(၂၁ )ဦး အထိ မြင့်မြတ်စွာ အသက်ပေးသွားခဲ့ပြီး ကိုယ်ခန္ဓာထိခိုက်သူများနှင့် အခြားသော ဒဏ်ရာရသည့် ရဲဘော်များစွာ ရှိတယ်လို့ ဖော်ပြထားပါတယ်။
ကျဆုံးသွားသော အာဇာနည်ရဲဘော်များနှင့် ခြေလက်တွေပေးဆပ်ရသည့် ရဲဘော်များအားလုံးကို လေးစားဂုဏ်ယူကြောင်း၊ ကျန်ရှိနေတဲ့ ရဲဘော်များနှင့်အတူ တော်လှန်ရေးကို အဆုံးထိတော်လှန်သွားမှာ ဖြစ်ကြောင်း၊ တော်လှန်ရေးကာလ ( ၄ )နှစ်တာအတွင်းမှာ တပ်ရင်း လုပ်ငန်းများ လည်ပတ်နိုင်ရန်အတွက် ငွေအား ၊ ကာယအားဖြင့် ဝန်းရံပံ့ပိုးပေးခဲ့သည့် ပြည်တွင်း၊ ပြည်ပအလှူရှင်များ၊ လူထု တစ်ဦးချင်းစီအား ကျေးဇူးတင်လျက် ဂုဏ်ပြုအပ်ကြောင်း၊ မပြီးဆုံးသေးတဲ့ တော်လှန်ရေးမှာ ရဲဘော်ရဲမေများအားလုံး ဆက်ပြီး အားတင်းတောင့်ခံကြပြီး ပြည်သူလူထုများလည်း ဆက်လက်ဝန်းရံကူညီ ထောက်ပံ့ပေးစေလိုကြောင်း ထုတ်ပြန်အသိပေးထားပါတယ်။
========================
🚩🚩 ၆။ 5.56 ကျည်သုံး ချေမှုန်းရေး ရိုင်ဖယ်သေနတ်အား အောင်မြင်စွာ ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း အသိပေး
ဇူလိုင်လ ၈ ရက်၊
Radio NUG
5.56 ကျည်သုံး ချေမှုန်းရေး ရိုင်ဖယ် သေနတ်အား အောင်မြင်စွာ ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း ၂၀၂၅၊ ဇူလိုင်လ ၈ ရက်နေ့မှာ Myingyan Black Tiger (MBT) တပ်ဖွဲ့က ပြည်သူကို အသိပေးထားပါတယ်။
၎င်း သေနတ်ကို BT-16 ဟု အမည်ပေးထားပြီး လက်ရှိ MBT တပ်ဖွဲ့ရဲ့ စစ်ဒေသတွေမှာ အသုံးပြု တိုက်ပွဲဝင်နေသလို နောင်လာမယ့် တိုက်ပွဲများမှာလည်း အသုံးပြုသွားမယ်လို့ ဆိုပါတယ်။
BT-16 ချေမှုန်းရေး ရိုင်ဖယ်ကို ညီနောင် မဟာမိတ်ဖြစ်တဲ့ Royal Brother Defence Force (RBDF) နှင့်အတူ ပူးပေါင်းထုတ်လုပ် ခဲ့တာဖြစ်ပြီး ဆက်လက်၍လည်း ကောင်းမွန်ပြီး နည်းပညာပြည့်ဝတဲ့ လက်နက်ကြီး/ငယ်များကိုလည်း ဆက်လက်ထုတ်လုပ် သွားမယ်လို့ ဆိုပါတယ်။
ယခုထုတ်လုပ်တဲ့ BT-16 ရိုင်ဖယ်သေနတ် တစ်လက်ရဲ့ ကုန်ကျစားရိတ်က ၃၅ သိန်းကျပ် ကျသင့်ပြီး မိဘပြည်သူ တစ်ဦးချင်းအနေဖြင့် သေနတ်တစ်လက်စာ ကူညီထောက်ပံ့ပါက ထောက်ပံ့သူရဲ့ အမည်ကို သေနတ်မှာ အမှတ်တရ အနေဖြင့် ကဗ္ဗည်း ရေးထိုးပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment