၂၀၂၅ သြဂုတ်လ ၃၀ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ အပြည်ပြည်ဆိုင်ရာဥပဒေတွေကို ချိုးဖောက်နေတဲ့ အကြမ်းဖက်စစ်တပ်လုပ်ရပ်ကို ရှုံ့ချလိုက်ပြီး အဓိက တရားခံအဖြစ် သတ်မှတ်ပေးဖို့ နိုင်ငံတကာအသိုက်အဝန်းကို KHRG တိုက်တွန်း
📌 ၂။ ပုလဲမြို့နယ် မင်းတိုင်ရွာ အကြမ်းဖက်စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၆ဝ ရာခိုင်နှုန်းပျက်စီး
📌 ၃။ မုံရွာ-မန္တလေးလမ်းမှာ တိုက်ပွဲဖြစ်ပြီး ကားအစီးရေရာချီ ပိတ်မိ
📌 ၄။ အာဏာသိမ်းအကြမ်းဖက် စစ်တပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုကြောင့် လယ်ဒိုမြို့နယ် အရပ်သား ၂ ဦး ဒဏ်ရာရ
========================
၂၀၂၅ ခုနှစ် သြဂုတ်လ ၃၀ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ဝိုင်းမော်က စစ်စခန်းတခုကို KIA၊ KPDF သိမ်းပိုက်
🚩 ၂။ နတ်မောက်မြို့နယ်က ရွာတွေကို စစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတာကြောင့် အမျိုးသမီးတဦးသေဆုံး
🚩 ၃။ ရေဖြူ ဆယ်အိမ်စုရွာအနီး တိုက်ပွဲမှာ အကြမ်းဖက်စစ်သား ၃၄ ဦးသေဆုံးပြီး ၁ဝ ဦးထက်မနည်း ဒဏ်ရာ
🚩 ၄။ ကလေး - ကဘော်ဒေသက CDF - KKG အပတ်စဉ် ၈ အခြေခံစစ်သင်တန်းဆင်းပွဲကျင်းပ
🚩 ၅။ ရာမညမွန်တပ်တော်ရဲ့ စနိုက်ဘာသင်တန်း အပတ်စဉ် ၁ သင်တန်းဆင်းပွဲ ကျင်းပ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ အပြည်ပြည်ဆိုင်ရာဥပဒေတွေကို ချိုးဖောက်နေတဲ့ အကြမ်းဖက်စစ်တပ်လုပ်ရပ်ကို ရှုံ့ချလိုက်ပြီး အဓိက တရားခံအဖြစ် သတ်မှတ်ပေးဖို့ နိုင်ငံတကာအသိုက်အဝန်းကို KHRG တိုက်တွန်း
သြဂုတ်လ (၃၀)ရက်
အပြည်ပြည်ဆိုင်ရာဥပဒေတွေကို ချိုးဖောက်နေတဲ့ အကြမ်းဖက်စစ်တပ်လုပ်ရပ်ကို ရှုံ့ချလိုက်ပြီး အဓိက တရားခံအဖြစ် သတ်မှတ်ပေးဖို့ နိုင်ငံတကာအသိုက်အဝန်းကို ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။
ဒီနေ့ ဩဂုတ်လ ၃ဝ မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အဓမ္မပျောက်ဆုံးစေမှု ကျူးလွန်ခံရသူများနေ့ ထုတ်ပြန်ကြေညာ ချက်ကနေ အခုလို တောင်းဆိုလိုက်တာဖြစ်ပါတယ်။
စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေဟာ သိသိသာသာ ဆိုးရွားလာခဲ့ပြီး တာဝန်ယူမှုဆိုင်ရာနည်းလမ်းတွေ ပြိုလဲသွားတဲ့အတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့် ကြီးစိုးလာခဲ့တယ်လို့ KHRG က ထောက်ပြထားပါတယ်။
ပြည်တွင်းစစ်မှာ အကျုံးဝင်တဲ့ အပြည်ပြည်ဆိုင်ရာ ဓလေ့ထုံးတမ်းဥပဒေ - IHL က အဓမ္မပျောက်ဆုံးစေမှုကို အတိအလင်း တားမြစ်ထားတယ်လို့ သိရပါတယ်။
အပြည်ပြည်ဆိုင်ရာ ရာဇဝတ် ဥပဒေအရလည်း အရပ်သားတွေ အဓမ္မပျောက်ဆုံးစေမှုကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျ ကျူးလွန်တာဟာ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တယ်လို့လည်း သိရပါတယ်။
အဓမ္မပျောက်ဆုံးစေမှုတွေဟာ ၂၀၁၇ ခုနှစ်မှာ မြန်မာနိုင်ငံက အတည်ပြုခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာ စာတမ်း - UDHR နဲ့ အပြည်ပြည်ဆိုင်ရာ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးများ သဘောတူစာချုပ် -ICESCR အပါအဝင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေတွေကိုလည်း ချိုးဖောက်ရာရောက်တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒါ့ကြောင့် အစုလိုက်အပြုံလိုက်နေရပ်စွန့်ခွာရမှု၊ အဓမ္မပျောက်ဆုံးစေမှုများနဲ့ အခြား အကြမ်းဖက်မှုတွေကိုကျူးလွန်နေတဲ့ အကြမ်းဖက်စစ်တပ်ကို လူ့အခွင့်အရေးနှင့် လူသားချင်း စာနာထောက်ထားမှု အကြပ်အတည်းများ ပေါ်ပေါက်စေတဲ့ အဓိက တရားခံအဖြစ် အတိအလင်း သတ်မှတ်ဖို့ KHRG အနေနဲ့ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းနဲ့ သက်ဆိုင်သူများအားလုံးကို တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို သက်ဆိုးရှည်စေမယ့် အတုအယောင်ရွေးကောက်ပွဲအပါအဝင် အကြမ်းဖက်စစ်တပ်ကို အသိအမှတ်ပြုတာ၊ သဘောတူစာချုပ်တွေ ချုပ်ဆိုတာ၊ ပူးပေါင်းဆောင်ရွက်တာတွေ မလုပ်ဖို့၊ စစ်အာဏာရှင်တွေ အကြမ်း ဖက်လုပ်ရပ်တွေလုပ်နိုင်အောင် ငွေကြေးထောက်ပံ့တာ၊ စစ်လက်နက်ပစ္စည်းတွေ ရောင်းချတာတွေကို အလုံးစုံ ပိတ်ဆို့ဖို့၊ စစ်ခေါင်းဆောင်တွေ၊ သူတို့နဲ့ပူးပေါင်းနေတဲ့ကုမ္မဏီတွေနဲ့ အဓိကငွေရပေါက်ဖြစ်တဲ့ ရင်းမြစ်တွေအပေါ် တိကျတဲ့ ပိတ်ဆို့ အရေးယူမှုတွေလုပ်ဖို့အပါအဝင် အချက် ၈ ချက်ကို KHRG က တောင်းဆိုထားပါတယ်။
========================
📌📌 ၂။ ပုလဲမြို့နယ် မင်းတိုင်ရွာ အကြမ်းဖက်စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၆ဝ ရာခိုင်နှုန်းပျက်စီး
သြဂုတ်လ (၃၀)ရက်
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ထဲက မင်းတိုင်ရွာဟာ အကြမ်းဖက်စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၆ဝ ရာခိုင်နှုန်းခန့် မီးလောင်ပြာကျသွားတယ်လို့ စစ်ကိုင်းပြည်သူ ဖေးမကူ ကွန်ရက်အဖွဲ့က ပြောပါတယ်။
ဇီးဖြူကုန်းရွာက ပျူစောထီးတွေအပါအဝင် အကြမ်းဖက်စစ်တပ်နဲ့ ရဲတွေပါတဲ့ အင်အား ၂ဝဝ ခန့်ဟာ ဩဂုတ် ၁၆ ကစပြီး ခြေလျင်စစ်ကြောင်းထိုးလာပြီး ညောင်ပင်ဇောက်၊ ကွမ်းကိုင်းရွာတို့ကနေတဆင့် ငှက်ပျောတောတောင်ရွာမှာ ညအိပ်တပ်ဆွဲခဲ့ပြီး အိမ် ၅ လုံးခန့်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကြောင်းဟာ ဩဂုတ်လ ၂၀ ရက်နေ့ ညနေပိုင်းမှာ မင်းတိုင်ပင်ရွာကို လေကြောင်းတိုက်ခိုက်မှု အပါ အဝင် မြေပြင်စစ်ကြောင်းကပါ မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် စျေးအပါအဝင် လူနေအိမ် ၆၀ ရာခိုင်နှုန်းခန့် မီးလောင်ပြာကျခဲ့ရတာလို့ စစ်ကိုင်းပြည်သူ ဖေးမကူ ကွန်ရက်အဖွဲ့က အသိပေးပါတယ်။
အကြမ်းဖက်စစ်တပ်အထိုင်တပ်ချရာ ပုလဲမြို့ပေါ်မှာရှိတဲ့ စစ်တပ်စစ်ကြောင်းကလည်း သြဂုတ်လ ၂၆ ရက် နေ့က ပုလဲမြို့ အနောက်အရပ်မှာရှိတဲ့ မြကုန်း၊ ကုက္ကိုလ်ကုန်း၊ လက်ပုကန်၊ ဦးနှောက် စတဲ့ကျေးရွာတွေက ပြည်သူပိုင်ပစ္စည်းတွေကို ဝင်ရောက်ဖျက်ဆီးယူငင်သွားပြီး ကုက္ကိုလ်ကုန်းရွာမှာ အထိုင်ချတပ်ဆွဲထားတယ် လို့ ပြောပါတယ်။
ပုလဲမြို့နယ်အတွင်းက ကျေးရွာတွေဖြစ်တဲ့ မြကုန်း၊ ကုက္ကိုလ်ကုန်း၊ လက်ပုကန်၊ နှောကန်၊ မင်းတိုင်ပင်၊ ငှက်ပျောတော၊ အိုင်းမ၊ ကွမ်းကိုင်း၊ ဆူးပုတ်ကုန်း၊ သပြေကုန်း၊ သာယာကုန်း၊ ဦးနှောက်အပါအဝင် ကျေးရွာ ၂၅ ရွာက စစ်ရှောင်ပြည်သူ ၂သောင်းကျော် ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရတာ ၃လ ကျော် ကြာမြင့်နေပြီဖြစ်တာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
စစ်ရှောင်ပြည်သူတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးလိုသူတွေအနေနဲ့ စစ်ကိုင်း ပြည်သူ ဖေးမကူ ကွန်ရက်အဖွဲ့နဲ့ ချိတ်ဆက်ပြီး လှူဒါန်းနိုင်ကြပါတယ်။
========================
📌📌 ၃။ မုံရွာ-မန္တလေးလမ်းမှာ တိုက်ပွဲဖြစ်ပြီး ကားအစီးရေရာချီ ပိတ်မိ
သြဂုတ်လ (၃၀)ရက်
စစ်ကိုင်းတိုင်း မုံရွာမြို့နဲ့ မန္တလေးမြို့ကိုဆက်သွယ်ထားတဲ့ မုံရွာ-မန္တလေးလမ်းမှာ ဒီနေ့မနက်ပိုင်းက တိုက်ပွဲဖြစ်ခဲ့တာရှိပြီး စစ်တပ်က လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်နေတာကြောင့် ကားအစီးရေ ရာချီ ပိတ်မိနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ် တွေက ပြောပါတယ်။
ဒီနေ့ သြဂုတ် ၃ဝ ရက် မနက် ၈ နာရီဝန်းကျင်မှာ မုံရွာ-မန္တလေးလမ်းပိုင်း မြင်းမူမြို့နယ် အလ္လကပ္ပကျေးရွာအနီးမှာ တိုက်ပွဲ ဖြစ်ခဲ့တာကြောင့် နှစ်ဘက်လမ်းကြောတွေ ကားတွေပိတ်မိခဲ့တာလို့ ဆိုပါတယ်။
အလ္လကပ္ပမှာ တိုက်ပွဲဖြစ်နေပါသဖြင့် ကားများဖြတ်သန်းသွားလာလို အဆင်မပြေသေးပါ။မြောင်လမ်းခွဲမှာ ကားများစွာ လမ်းကြောပိတ်ဆိုမှုဖြစ်ပေါ်နေပါတယ်။ နတ်ရေကန်မှာလည်း ကားများဖြတ်သန်းခွင့်မပေးသေးဘဲ လမ်းကြောပိတ်ဆိုမှု ဖြစ်ပေါ်နေပါတယ်။ ခရီးသွားမိဘပြည်သူများ မြေပြင်သတင်း ဝေဟင်သတင်းလေးတွေနားစွင့်ပြီးမှ အန္တရာယ်ကင်းမှ လမ်းပိုင်းကိုအသုံးပြုကြပါရန်ဆိုပြီး မုံရွာ ရပ်ကွက်ကင်းထောက်များအဖွဲ့ကလည်း ဒီနေ့ မနက် ၁ဝ နာရီ အချိန်မှာ အသိပေး ထုတ်ပြန်ခဲ့ပါတယ်။
တိုက်ပွဲဖြစ်ချိန်မှာ မြောင်လမ်းခွဲမှာအထိုင်ချနေတဲ့ စစ်သားတွေကလည်း လက်နက်ကြီးတွေပစ်ကူ ၄ လုံးထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ နေ့လည် တနာရီအထိ အသေးစိတ်မသိရသေးပေမယ့် မုံရွာအခြေစိုက် အနောက်မြောက် တိုင်း စစ်ဌာနချုပ်က စက်တပ်လေထီးတွေ တောက်လျောက်တက်နေတယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၂၂ ရက်ကလည်း မုံရွာ-မန္တလေးလမ်းပေါ်မှာ တိုက်ပွဲဖြစ်ခဲ့ပြီး ကားသမားတဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်ရှိခဲ့တာ ကြောင့် ခရီးသွားပြည်သူတွေအနေနဲ့ မုံရွာ- မန္တလေး လမ်းပိုင်းအခြေအနေ သတင်းတွေ စုံစမ်းပြီး အန္တရာယ်ကင်းပြီဆိုမှ သွားလာကြဖို့ ဒေသတော်လှန်ရေးအင်အားစုတွေက သတိပေးထားပါတယ်။
========================
📌📌 ၄။ အာဏာသိမ်းအကြမ်းဖက် စစ်တပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုကြောင့် လယ်ဒိုမြို့နယ် အရပ်သား ၂ ဦး ဒဏ်ရာရ
သြဂုတ်လ (၃၀)ရက်
ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေအုပ်ချုပ်နယ်မြေ ခလယ်လွီထူခရိုင် လယ်ဒိုမြို့နယ် စီမံအုပ်ချုပ်မှုနယ်မြေ မှာ အာဏာသိမ်းအကြမ်းဖက် စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦး ဒဏ်ရာရပြီး အိမ်တလုံး ပျက်စီး သွားတယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဩဂုတ်လ ၂၈ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က နတ်သံကွင်းဘက်ကနေ ၁၂ဝ မမ လက်နက်ကြီး တလုံး ပတ်ခတ်ခဲ့ရာ တလိုင်းခင်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ဆိုပါတယ်။
လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် နော်ဒါးထူးရဲ့ အိမ် ပျက်စီးခဲ့ရပြီး အသက် ၆၁ နှစ်အရွယ် နော်ဒါးထူးနဲ့ အသက် ၇၁ နှစ်အရွယ် စောတိုးနော်တို့ ထိခိုက်ဒဏ်ရာရသွားတယ်လို့ KNU ဗဟိုက အသိပေးပါတယ်။
အဲဒီနေ့ ညနေ ၅ နာရီခွဲအချိန်မှာလည်း အကြမ်းဖက်စစ်တပ်က ၁၂၀ မမ လက်နက်ကြီးကျည်တလုံး ထပ်မံ ပစ်ခတ်ခဲ့ရာမှာ တလိုင်းခင်ကျေးရွာအရှေ့ဘက် လယ်ကွင်းထဲ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
အာဏာသိမ်းအကြမ်းဖက်စစ်တပ်က စစ်သားတွေဟာ ခလယ်လွီထူခရိုင်ထဲက လယ်ဒို၊ ဆောထိနဲ့ မူးမြို့နယ်မှာ နေထိုင်ကြ တဲ့ အပြစ်မဲ့အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေတာ ကြောင့် ဒေသနေပြည်သူတွေဟာ စိုးရိမ်စိတ်နဲ့ သွားလာလုပ်ကိုင် ရှာဖွေစားသောက်နေကြရတယ်လို့ KNU ဗဟိုက ထုတ်ပြန် ထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ဝိုင်းမော်က စစ်စခန်းတခုကို KIA၊ KPDF သိမ်းပိုက်
သြဂုတ်လ (၃၀)ရက်
ဝိုင်းမော်မြို့နယ် လမြန်ရွာအနီးက အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ တပ်စွဲထားတဲ့ စစ်စခန်းတခုကို KIA၊ KPDF က သိမ်းယူနိုင်ခဲ့တယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
လမြန်ရွာမှာရှိတဲ့ ဘုရားကျောင်းဝင်းအတွင်းမှာ တပ်စွဲထားတဲ့ စစ်ကြောင်းကို သြဂုတ်လ ၂၈ ရက်ကစပြီး KIA၊KPDF ပူးပေါင်းအဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မနေ့ သြဂုတ်လ ၂၉ ရက်ညနေပိုင်းမှာ သိမ်းယူနိုင်ခဲ့တာလို့ ဆိုပါတယ်။
KIA၊KPDF ပူးပေါင်းအဖွဲ့ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ခုခံခဲ့သလို လေကြောင်းကနေ ပစ်ကူပေးပြီးတိုက်ခိုက်နေတဲ့ကြားက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ သိရပါတယ်။
တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများပြီး စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းတွေပါ KIA၊KPDF ပူးပေါင်းတပ်ကသိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်က အသိပေးပါတယ်။
ဒီတိုက်ပွဲနဲ့ပတ်သက်လို့ KIA ဘက်က အသေးစိတ်မထုတ်ပြန်သေးပေမယ့် ဒေသသတင်းရင်းမြစ်ကတော့ စစ်သုံ့ပမ်း ၈ ဦးနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိထားတယ်လို့ ပြောပါတယ်။
ဒီတိုက်ပွဲမှာ KIA၊ KPDF ပူးပေါင်းတပ်တွေဘက်က ရဲဘော် ၃ ဦးကျဆုံးခဲ့ပြီး ၅ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်းသတင်း တွေအရ သိရပါတယ်။
========================
🚩🚩 ၂။ နတ်မောက်မြို့နယ်က ရွာတွေကို စစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတာကြောင့် အမျိုးသမီးတဦးသေဆုံး
သြဂုတ်လ (၃၀)ရက်
မကွေးတိုင်း နတ်မောက်မြို့နယ်ထဲကရွာတွေကို အကြမ်းဖက်စစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတာကြောင့် အမျိုးသမီး တဦး သေဆုံးသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒီနေ့ ဩဂုတ်လ ၃၀ ရက်နေ့ မနက် ၉ နာရီ ၁၅ မိနစ်အချိန်မှာ မိထ္တီလာလေတပ်ကနေ တက်လာတဲ့ စက်တပ်လေထီးက နတ်မောက်မြို့နယ် ကံသာကျေးရွာ စက်တောရွာ၊ ကျောက်အိုးရွာကြားမှာရှိတဲ့ ဒေသအခေါ် သနပ်ပေါက်ကျော တဲတိုက်ကို ဗုံးကြဲခဲ့တာလို့ နတ်မောက်မြို့နယ် ပကဖ တာဝန်ခံက ဒေသတွင်းသတင်းဌာနအချို့ကို အတည်ပြုထားပါတယ်။
အကြမ်းဖက်စစ်တပ်က စစ်တက်လေထီး ပါရာမိုတာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁၄ နှစ်အရွယ် မိန်းကလေးတဦး သေဆုံးပြီး အမျိုးသားတဦး ဒဏ်ရာရသွားတယ်လို့ နတ်မောက်မြို့နယ် ပကဖ တာဝန်ခံက ပြောပေမယ့် ဒေသနေသူတွေက သေဆုံးသူဟာ အသက် ၂၆ နှစ်အရွယ်လို့ ဆိုပါတယ်။
မြေပြင်မှာ တိုက်ပွဲဖြစ်တာမရှိဘဲ အကြမ်းဖက်စစ်တပ်ဟာ နတ်မောက်မြို့နယ်ထဲက ရွာတွေကို မကြာခဏ လေကြောင်းက နေ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်က အပြစ်မဲ့ပြည်သူလူထုနေထိုင်ရာ နေရာတွေ၊ ဘာသာရေးအဆောက်အအုံတွေ၊ စစ်ဘေးရှောင်စခန်း တွေနဲ့ စာသင်ကျောင်းတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေတာကြောင့် မိဘပြည်သူများအနေနဲ့ လေကြောင်းရန် ကာကွယ်ရေးဆိုင် ရာနည်းလမ်းတွေကို လိုက်နာကျင့်သုံးပေးကြဖို့နဲ့ ဗုံးခိုကျင်းတွေ တူးထားကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။
========================
🚩🚩 ၃။ ရေဖြူ ဆယ်အိမ်စုရွာအနီး တိုက်ပွဲမှာ အကြမ်းဖက်စစ်သား ၃၄ ဦးသေဆုံးပြီး ၁ဝ ဦးထက်မနည်း ဒဏ်ရာ
သြဂုတ်လ (၃၀)ရက်
တနင်္သာရီတိုင်း ရေဖြူမြို့နယ် ဆယ်အိမ်စုကျေးရွာအနီး တိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်ဘက်က ၃၄ ဦး သေဆုံးပြီး ၁ဝ ဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့ ရာမညမွန်တပ်တော် RMA က ထုတ်ပြန်လာပါတယ်။
အကြမ်းဖက်စစ်တပ်က ဆယ်အိမ်စုကျေးရွာအနီး ထိုးစစ်ဆင်လာတဲ့အတွက် ဩဂုတ်လ ၂၈ ရက်နေ့ မနက် ၁၀ နာရီ ၂၃ မိနစ်ကနေ နေ့လည် ၁၂ နာရီ မိနစ် ၄၀ အထိ ပြင်းထန်တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
၃ နာရီကြာတဲ့ အဲဒီတိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်ဘက်က ခန့်မှန်းခြေ ၃၄ ဦး သေဆုံးခဲ့ပြီး ၁၀ ဦးထက် မနည်း ဒဏ်ရာရရှိသွားတယ်လို့ မြေပြင်သတင်းရရှိထားတယ်လို့ NMSP -AD / ရာမညမွန်တပ်တော် RMA က အသိပေးပါတယ်။
ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်တပ်ကို ရာမညမွန်တပ်တော် RMA ရေဖြူဒေသတပ်ရင်းက ရဲဘော်တွေနဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး အကြမ်းဖက်စစ်တပ်ဘက်က ထိခိုက်သေဆုံး မှုတွေရှိသလို ရာမညမွန်တပ်တော် - RMA က ရဲဘော်တဦး မြင့်မြတ်စွာကျဆုံးခဲ့ပြီး မဟာမိတ်ပူးပေါင်း တပ်ဖွဲ့ ဘက်က ရဲဘော် ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ရေဖြူဒေသကို ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ထပ် လက်ဖြစ်လာနိုင်တာကြောင့် ဒေသနေပြည်သူတွေအနေနဲ့ စစ်ရေးသတိ အမြဲရှိနေကြဖို့ ရာမညမွန်တပ်တော် - RMA က နှိုးဆော်ထားပါတယ်။
========================
🚩🚩 ၄။ ကလေး - ကဘော်ဒေသက CDF - KKG အပတ်စဉ် ၈ အခြေခံစစ်သင်တန်းဆင်းပွဲကျင်းပ
သြဂုတ်လ (၃၀)ရက်
ချင်းတော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ ကလေး - ကဘော်ဒေသ CDF - KKG တပ်ရင်း ၃ က လေ့ကျင့်သင်ကြားပေးခဲ့တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၈ သင်တန်းဆင်းပွဲကို ဩဂုတ် ၂၈ ရက် မနက်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က မနေ့ ဩဂုတ်လ ၂၉ မှာ ထုတ်ပြန်ပါတယ်။
အဲဒီ သင်တန်းဆင်းပွဲကို CDF - KKG ဥက္ကဋ္ဌနဲ့ ကာကွယ်ရေး အတွင်းရေးမှူးအပါအဝင် ဖိတ်ကြားထားတဲ့ မဟာမိတ်တပ်တွေ က ကိုယ်စားလှယ်တွေနဲ့ ဧည့်သည်တော်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
သင်တန်းဆင်းပွဲမှာ သင်တန်းကာလအတွင်း ထူးချွန်တဲ့ ရဲဘော်တွေကို စံပြဆု၊ လက်ဖြောင့်ဆု၊ ဇွဲဆု၊ စစ်ရေးပြ အလှဆုံးဆု အစရှိတဲ့ တဦးချင်း ထူးချွန်ဆုတွေ ပေးအပ်ခဲ့တယ်လို့ အသိပေးထားပါတယ်။
ကလေး - ကဘော်ဒေသ CDF-KKG အနေနဲ့ မဟာမိတ်တပ်တွေနဲ့အတူ CDF-KKG Major Operation အဖြစ် အခုနှစ် ဖေဖော်ဝါရီလမှာ ကလေး-ဂန့်ဂေါလမ်းပိုင်းက အကြမ်းဖက်စစ်တပ် အခြေစိုက်စခန်းတွေဖြစ်တဲ့ ကမ်းပါနီစခန်း၊ မှန်တော၊ အောင်သာယာအရှေ့၊ အောင်သာယာအနောက်၊ ကြံသာရွာတို့ကို ၂ လအတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေး မှတ်တမ်းတွေအရ သိရပါတယ်။
========================
🚩🚩 ၅။ ရာမညမွန်တပ်တော်ရဲ့ စနိုက်ဘာသင်တန်း အပတ်စဉ် ၁ သင်တန်းဆင်းပွဲ ကျင်းပ
သြဂုတ်လ (၃၀)ရက်
မွန်ပြည်သစ်ပါတီ - စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး/ရာမညမွန်တပ်တော် NMSP-AD/ RMA ရဲ့ စနိုက်ဘာ သင်တန်း အပတ်စဉ် - ၁ သင်တန်းဆင်းပွဲကို မနေ့ ဩဂုတ်လ ၂၉ ရက်နေ့က လွတ်မြောက်နယ်မြေတနေရာမှာ ကျင်းပခဲ့တယ်လို့ ထုတ်ပြန်လာပါတယ်။
သတင်းဆင်းပွဲကို မွန်ပြည်သစ်ပါတီ - စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး/ရာမညမွန်တပ်တော် အတွင်းရေးမှူး နိုင်ဗညားလယ်၊ ဒုဗိုလ်မှူးကြီး နိုင်မာဃ၊ သင်တန်းဆရာတွေနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပြီး သင်တန်းဆင်း
ရဲဘော်တွေကို မွန်ပြည်သစ်ပါတီ - စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး/ရာမညမွန်တပ်တော် အတွင်းရေးမှူး နိုင်ဗညားလယ် နဲ့ ဒုဗိုလ်မှူးကြီး နိုင်မာဃတို့က ဂုဏ်ပြုမိန့်ခွန်းတွေ ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဒီသင်တန်းမှာ ထူးချွန်စွာ အောင်မြင်ခဲ့ကြတဲ့ ရဲဘော်တွေကိုလည်း ဂုဏ်ပြုဆုတံဆိပ်တွေ အပ်နှင်းခဲ့တယ်လို့ ရာမည မွန်တပ်တော်က အသိပေးပါတယ်။
ဒါ့အပြင် သင်တန်းဆင်းပွဲအခမ်းအနားမှာ အလံတော်ကို အလေးပြုခဲ့ကြပြီး တော်လှန်ရေးအတွက် မြင့်မြတ်စွာ အသက် ပေးလှူ ကျဆုံးခဲ့ကြတဲ့ ရဲဘော်တွေကို အလေးပြုခဲ့ကြတယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။







No comments:
Post a Comment