၂၀၂၅ စက်တင်ဘာလ ၃ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ တရုတ်အစိုးရအနေနဲ့ အကြမ်းဖက်အာဏာသိမ်း စစ်ခေါင်းဆောင်ကို ယာယီသမ္မတလို့ ရည်ညွှန်းပြောဆိုတာကို ရပ်စဲဖို့ အပါအဝင် အချက် ၃ ချက် NUG တိုက်တွန်းတောင်းဆို
📌 ၂။ အရပ်သားပြည်သူတွေအပေါ် လေကြောင်း တိုက်ခိုက်မှုတွေအပါအဝင် ကလေးငယ်များအပေါ် အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ရေး တောင်းဆိုပေးဖို့ UNICEF ကို ကုလဆိုင်ရာမြန်မာသံအမတ်ကြီး တိုက်တွန်း
📌 ၃။ မွန်ပြည်ဖက်ဒရယ်ကောင်စီနဲ့ မကွေးအခြေပြု လူထုတော်လှန်ရေးမဟာမိတ်အင်အားစုတို့ကြား နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကြေညာ
📌 ၄။ စေတုတ္တရာမြို့နယ်မှာ လူ့အခွင့်အရေးနဲ့ လေကြောင်း အန္တရာယ်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲလုပ်
📌 ၅။ အကြမ်းဖက်စစ်အုပ်စုကြောင့်ဩဂုတ်လ တလတာအတွင်း ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း (၁၃၉) ဦး သေဆုံးခဲ့ပြီး ဖမ်းဆီးခံရပြီးနောက် သေဆုံးခဲ့ရသူ (၁၄) ဦး ပါဝင်
========================
၂၀၂၅ ခုနှစ် စက်တင်ဘာလ ၃ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ပိုင်ကျုံမြို့နယ်မှာ ကလေးတွေ ကျောင်းတက်နေချိန် အကြမ်းဖက်စစ်တပ်က ကာမီကာဇယ်ဒရုန်းသုံးပြီး ဗုံးကြဲတိုက်ခိုက်
🚩 ၂။ ဒီးမော့ဆို သဲတောင်တိုက်ပွဲမှာ တပ်ရင်း - ၁၁၀၉ က တပ်စုမှူး တဦး မြင့်မြတ်စွာကျဆုံး
🚩 ၃။ ရွေးကောက်ပွဲကို အကြောင်းပြပြီး နယ်မြေချဲ့ထွင်လာတဲ့ ထိုးစစ်တွေကြောင့် နယ်မြေ မဆုံးရှုံးစေရေး၊ ပြည်သူလူထု လုံခြုံရေးနဲ့ အကာအကွယ်ပေးရေး ဦးစားပေးလုပ်သွားမယ်လို့ အထူးတိုင်းစစ်ဌာန ဆို
🚩 ၄။ နတ်မောက်မြို့မှာ အရပ်သားတွေကို ပေါ်တာဆွဲနေတဲ့ စစ်အုပ်စုကို တိုက်ခိုက်မှုမှာ စစ်တပ်ဘက်က ၆ ဦးသေပြီး ၂ ဦး ဒဏ်ရာရ
🚩 ၅။ တော်လှန်ရေးတပ်တွေ စိုးမိုးတဲ့နယ်မြေကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ခဲ့ရာမှာ အရာရှိအပါ ၈ ဦးသေပြီး သေနတ် ၈ လက်ရရှိ
🚩 ၆။ ဒီးမော့ဆိုမြို့အနီးတဝိုက် တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် ပြည်သူလူထုအနေနဲ့ သတိထား သွားလာကြဖို့ KNA ထပ် သတိပေး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ တရုတ်အစိုးရအနေနဲ့ အကြမ်းဖက်အာဏာသိမ်း စစ်ခေါင်းဆောင်ကို ယာယီသမ္မတလို့ ရည်ညွှန်းပြောဆိုတာကို ရပ်စဲဖို့ အပါအဝင် အချက် ၃ ချက် NUG တိုက်တွန်းတောင်းဆို
စက်တင်ဘာလ (၃)ရက်
တရုတ်အစိုးရအနေနဲ့ အကြမ်းဖက်အာဏာသိမ်း စစ်ခေါင်းဆောင်ကို ယာယီသမ္မတလို့ ရည်ညွှန်းပြောဆိုတာကို ရပ်စဲဖို့ အပါအဝင် အချက် ၃ ချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရထံ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မြန်မာပြည်သူတွေကိုယ်စား နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်က တိုက်တွန်းချက် ၃ ချက်ပါတဲ့ တိုက်တွန်းစာကို စက်တင်ဘာ ၁ ရက်နေ့က ပေးပို့ခဲ့တာဖြစ်ပါတယ်။
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အမိန့်ပေးကွပ်ကဲမှုအောက်မှာ အကြမ်းဖက်စစ်တပ်ဟာ ရက်စက် ကြမ်းကြုတ်မှုတွေကို စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေတာကြောင့် မြန်မာနိုင်ငံရဲ့စီးပွားရေးကို ထိခိုက်စေခဲ့တဲ့ အပြင် မြန်မာပြည်က လူဦးရေ ထက်ဝက်နီးပါးကို ဆင်းရဲတွင်းသို့တွန်းပို့ခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေကိုလည်း အဟန့်အတားဖြစ်စေခဲ့တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ရဲ့ တိုက်တွန်းစာမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ၂၀၂၀ ပြည့်နှစ်က သမ္မတရှီကျင့်ဖျင်နဲ့ သမ္မတဦးဝင်းမြင့်တို့ရေးထိုးခဲ့တဲ့ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ စီမံကိန်း - CMEC အပါအဝင် အခြေခံစီးပွားရေးအဆောက်အအုံများစွာ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးစေခဲ့တယ်လို့လည်း အသိပေး ထားပါတယ်။
မကြာသေးမီက ကျင်းပခဲ့တဲ့ မဲခေါင် - လန်ချန်းအစည်းအဝေးမှာ သမ္မတရှီကျင့်ဖျင်က မြန်မာနိုင်ငံအတွက် ဦးစားပေး လုပ်ငန်း ၃ ရပ်ဖြစ်တဲ့ ငြိမ်းချမ်းရေး၊ စစ်ပြုခြင်းရပ်စဲရေးနဲ့ ပြည်သူများရဲ့ဆန္ဒအပေါ်အခြေခံတဲ့ အုပ်ချုပ်ရေး စတဲ့ အချက် တွေ အလေးပေးဖော်ပြခဲ့ပေမယ့် အကြမ်းဖက်စစ်အုပ်စုဟာ ပြည်သူ့ဆန္ဒမပါဘဲ ဖိနှိပ်ချုပ်ချယ်မှုအောက်မှာ တရားမဝင် အတုယောင် ရွေးကောက်ပွဲကျင်းပဖို့ ဆောင်ရွက်နေတယ်လို့လည်း တရုတ်အစိုးရထံပေးပိုတဲ့ စာမှာ ထည့်သွင်းဖော်ပြထား ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေဟာ ပြည်သူလူထုရဲ့ တခဲနက် ထောက်ခံမှုကို ရရှိထားပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ဖျက်နေရုံသာမက ဖက်ဒရယ် ဒီမိုကရေစီ အနာဂတ်အတွက် ဦးတည်ဆောင်ရွက်နေတာဖြစ်တဲ့အတွက် အားလုံးပါဝင်မှု၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်တို့အပေါ်အခြေခံတဲ့ စုပေါင်းခုံခံတော်လှန်ရေးအောင်မြင်မှုကသာ မြန်မာနိုင်ငံ ထာဝရငြိမ်းချမ်းရေး၊ တည်ငြိမ် ရေးနဲ့ ရေရှည်တည်တံ့ ဖွံဖြိုးတိုးတက်ရေးအတွက် ယုံကြည်စိတ်ချရတဲ့ လမ်းကြောင်းတခုဖြစ်တယ်လို့လည်း NUG နိုင်ငံခြားရေးဝန်ကြီးက ထပ်ပြီး အသိပေးထားပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေနဲ့ မြန်မာပြည်သူတွေ အလိုမရှိတဲ့ အကြမ်းဖက်စစ်ခေါင်းဆောင်ကို ဖိတ်ကြားမှုဟာ မြန်မာ ပြည်သူတွေရဲ့ တန်ပြန်တုန့်ပြန်မှုကို ဖိတ်ခေါ်သလို ဖြစ်စေပြီး နှစ်နိုင်ငံ ပြည်သူတွေအကြား နှစ်ရှည်လများ တည်ရှိခဲ့တဲ့ ရင်းနှီး ချစ်ကြည်မှုကိုလည်း ထိခိုက်စေနိုင်တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ထောက်ပြထားပါတယ်။
ဒါကြောင့် တရုတ်နိုင်ငံအနေနဲ့ အကြမ်းဖက်စစ်အုပ်စုကို အသိမှတ်ပြုတဲ့လုပ်ရပ်ကို ဆိုင်းငံထားဖို့၊ အကြမ်းဖက်စစ်အုပ်စုက တောင်းဆိုတဲ့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ခြင်းကိစ္စကို ငြင်းပယ်ဖို့၊ အကြမ်းဖက်အာဏာသိမ်း စစ်ခေါင်းဆောင်ကို ယာယီသမ္မတလို့ ရည်ညွှန်းကိုးကားတာကို ရပ်စဲဖို့ စတဲ့ အချက် ၃ ချက် ထည့်သွင်းဖော်ပြပြီး တိုက်တွန်းထားပါတယ်။
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ပြန်လည်ရရှိဖို့အတွက် တရုတ်နိုင်ငံအနေနဲ့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်နေလို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ယုံကြည်နေဆဲလို့လည်း တရုတ်အစိုးရထံ ပေးပို့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်ရဲ့ စာမှာ ရေးသား ဖော်ပြထားပါတယ်။
========================
📌📌 ၂။ အရပ်သားပြည်သူတွေအပေါ် လေကြောင်း တိုက်ခိုက်မှုတွေအပါအဝင် ကလေးငယ်များအပေါ် အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ရေး တောင်းဆိုပေးဖို့ UNICEF ကို ကုလဆိုင်ရာမြန်မာသံအမတ်ကြီး တိုက်တွန်း
စက်တင်ဘာလ (၃)ရက်
အကြမ်းဖက်စစ်တပ်က ကလေးငယ်များအပါအဝင် မြန်မာပြည်သူတရပ်လုံးအပေါ် စစ်မက်ကျူးလွန်တာတွေ မြင့်တက်နေ တဲ့အတွက် အရပ်သားပြည်သူတွေအပေါ် လေကြောင်း တိုက်ခိုက်မှုတွေအပါအဝင် ကလေးငယ်များအပေါ် အကြမ်းဖက်မှု တွေ ချက်ချင်းရပ်တန့်ရေး တောင်းဆိုပေးဖို့ UNICEF ကို ကုလဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်း ပြောကြားလိုက်ပါတယ်။
ကုလသမဂ္ဂ ကလေးငယ်များ ရန်ပုံငွေ – UNICEF အမှုဆောင်ဘုတ်အဖွဲ့ရဲ့ ၂၀၂၅ ခုနှစ်ဆိုင်ရာ ဒုတိယအကြိမ် ပုံမှန် အစည်း အဝေး အထွေထွေ မိန့်ခွန်းပြောကြားမှုကဏ္ဍမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလို တိုက်တွန်းပြောကြားလိုက်တာဖြစ်ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ကလေးငယ်တွေအပါအဝင် မြန်မာပြည်သူတရပ်လုံးအပေါ် စစ်မက်ကျူးလွန်တာတွေ ဆက်ရှိ နေတဲ့အတွက် ဒီဒဏ်ကို ကလေးငယ်တွေ ခါးစည်းခံနေရတယ်လို့ အသိပေးခဲ့ပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အစီရင်ခံစာအရ ၂၀၂၄ ခုနှစ် တနှစ်တည်းမှာတင် အကြမ်းဖက် စစ်တပ်က ကလေးငယ် ၂၄၈ ဦးကို သတ်ဖြတ်ခဲ့တာရှိပြီး ဒါဟာ အရပ်သား ပြည်သူသေဆုံးမှုစာရင်းရဲ့ တစိတ်တပိုင်းဖြစ် တယ်လို့လည်း အစည်းအဝေးတက်ရောက်လာသူတွေကို ကုလဆိုင်ရာ မြန်မာသံမတ်ကြီးက ရှင်းပြခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် အမြတ်ပြတ် ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်မှသာ ကလေးငယ်တွေ ဘေးကင်းလုံခြုံစွာနေထိုင်နိုင်ရေး၊ အရည်အသွေးပြည့်ဝတဲ့ ပညာရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အခွင့် အလမ်းတွေ ပြန်လည်ရရှိနိုင်မှာဖြစ်လို ကလေးငယ်တွေကို အဓမ္မ စစ်သားစုဆောင်းခြင်း၊ ကလေးလုပ်သားပြုခြင်းနဲ့ အမြတ်ထုတ်ခြင်းတို့ကနေ ကာကွယ်ပေးနိုင်မှာဖြစ်တယ်လို့လည်း မြန်မာသံမတ်ကြီးက ဆက်ပြောခဲ့ပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို အလေးထား အာရုံစိုက်မှု၊ အတူတကွရပ်တည် ပေးမှု၊ အဓိကအားဖြင့် ထိရောက်ခိုင်မာတဲ့ လုပ်ဆောင်ချက်တွေ အချိန်မီ ချမှတ်ပေးခြင်း စတာတွေလုပ်ဆောင်ပေးဖို့ အထူးလိုအပ်နေသလို ဒီကိစ္စဟာ လူသားဆန်မှုနဲ့သက်ဆိုင်နေတဲ့အတွက် မြန်မာနိုင်ငံက ကလေးငယ်တွေအပေါ် မပျက်ကွက်သင့်ဘူးလို့ ကုလဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်း ပြောကြားခဲ့ပါတယ်။
========================
📌📌 ၃။ မွန်ပြည်ဖက်ဒရယ်ကောင်စီနဲ့ မကွေးအခြေပြု လူထုတော်လှန်ရေးမဟာမိတ်အင်အားစုတို့ကြား နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကြေညာ
စက်တင်ဘာလ (၃)ရက်
မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFS ကာကွယ်ရေးဌာန DOD နဲ့ မကွေးအခြေပြု လူထုတော်လှန်ရေးမဟာမိတ် အင်အားစုတို့ကြား နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပူးတွဲကြေညာလိုက်ပါတယ်။
မွန်ပြည်ဖက်ဒရယ်ကောင်စီ - MSFC ကာကွယ်ရေးဌာန DoD နဲ့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု PRA - Magway ဗဟိုကော်မတီတို့ကြား ပထမအကြိမ်တွေ့ဆုံခဲ့တာနဲ့ပတ်သက်လို့ ဒီနေ့ စက်တင်ဘာ ၃ ရက်မှာ ပူးတွဲကြေညာလာတာ ဖြစ်ပါတယ်။
မွန်ပြည်ဖက်ဒရယ်ကောင်စီ - MSFC ကာကွယ်ရေးဌာန DoD ဌာနမှူးဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ လူထုတော်လှန်ရေး မဟာမိတ်အင်အားစု PRA – Magway ဥက္ကဋ္ဌ ရဲဘော်နေမွန်ဦးဆောင်တဲ့ ဗဟိုကော်မတိဝင်တွေ ဩဂုတ်လ ၃ဝ ရက်နေ့က အွန်လိုင်းကနေ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဒီတွေ့ဆုံမှုမှာ အကြမ်းဖက်စစ်တပ်က အာဏာသိမ်းယူခဲ့တဲ့ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီကနေ အခုနှစ် ဩဂုတ်လအထိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေး စစ်ရေးအခြေအနေတွေ၊ ပြည်သူလူထုကို နည်းမျိုးစုံနဲ့ ဒုက္ခပေးနေတဲ့ အကြမ်းဖက် စစ်အုပ်စုကို တိုက်ခိုက်ချေမှုန်းသွားဖို့နဲ့ အာဏာရှင်မှန်သမျှ အမြစ်ပြတ်တဲ့အထိ ပူးပေါင်းတိုက်ခိုက်ပြီး ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်တဲ့အထိ တိုက်ပွဲဝင်သွားဖို့ ဆွေးနွေးခဲ့တယ်လို့ MSFC နဲ့ PRA – Magway တို့က ထုတ်ပြန်ထားပါတယ်။
ဒီတွေ့ဆုံမှုကနေ အကြမ်းဖက်အာဏာသိမ်းစစ်တပ်က အခုနှစ်မှာလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့၊ မွန်ပြည် ဖက်ဒရယ် ကောင်စီနဲ့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစုတို့ကြား နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ တော်လှန်ရေးအင်အားစု ၂ဖွဲ့ကြား တဖက်နဲ့တဖက် စစ်ရေး နိုင်ငံရေးအရ အပြန်အလှန်ကူညီရပ်တည်သွားဖို့ဆိုတဲ့ ဘုံသဘောတူညီချက် ၃ ချက် ရရှိ ခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၄။ စေတုတ္တရာမြို့နယ်မှာ လူ့အခွင့်အရေးနဲ့ လေကြောင်း အန္တရာယ်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲလုပ်
စက်တင်ဘာလ (၃)ရက်
မကွေးတိုင်း စေတုတ္တရာမြို့နယ်မှာ လူ့အခွင့်အရေးအသိပညာပေးနဲ့ လေကြောင်း အန္တရာယ်ကာကွယ်ရေးဆိုင်ရာအကြောင်း ဟောပြောပွဲတခု သြဂုတ်လအတွင်းကပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန က ထုတ်ပြန်ပါတယ်။
ဟောပြောပွဲကို အခွင့်အရေးဆိုင်ရာတာဝန်ခံနဲ့ ပြည်သူ့အုပ်ချုပ်ရေးပအဖအဖွဲ့တို့ ပူးပေါင်းပြုလုပ်တာဖြစ်ပြီး ကျောင်းသူ ကျောင်းသားတွေနဲ့ ဆရာတွေအပါအဝင် အရပ်သားပြည်သူ ၁၀၃ ယောက် တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
စစ်ကြောင်းထိုးတာမှ လူ့အခွင့်အရေးချိုးဖောက်တယ်လို့ အရင်က ထင်ခဲ့တာ၊ အခုလိုဟောပြောတာကြောင့် လေကြောင်းနဲ့ တိုက်ခိုက်တာကလည်း လူ့အခွင့်အရေးချိုးဖောက်တာပဲဆိုတာ သိသွားရတယ်လို့ ဟောပြောပွဲတက်ရောက်လာသူတဦးက မှတ်ချက်ပြုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန လူ့အခွင့်အရေးတာဝန်ခံတွေအနေနဲ့ ပြည်သူလူထုကြား လူ့အခွင့်အရေးအသိပညာ ပိုမိုတိုးတက်နိုင်ရေးနဲ့ ရပ်ရွာလူထုဘေးကင်းလုံခြုံရေးအတွက် အသိပညာပေးရေးလုပ်ငန်းတွေ ကို မြေပြင်မှာ စဉ်ဆက်မပြတ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
========================
📌📌 ၅။ အကြမ်းဖက်စစ်အုပ်စုကြောင့်ဩဂုတ်လ တလတာအတွင်း ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း (၁၃၉) ဦး သေဆုံးခဲ့ပြီး ဖမ်းဆီးခံရပြီးနောက် သေဆုံးခဲ့ရသူ (၁၄) ဦး ပါဝင်
စက်တင်ဘာလ (၃)ရက်
အကြမ်းဖက်စစ်အုပ်စုကြောင့်ဩဂုတ်လ တလတာအတွင်း ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း (၁၃၉) ဦး သေဆုံးခဲ့ပြီး ဖမ်းဆီးခံရပြီးနောက် သေဆုံးခဲ့ရသူ (၁၄) ဦး ပါဝင်တယ်လို့AAPPကထုတ်ပြန်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ကောက်ယူထားသော သတင်းအချက်အလက်များအရ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တလတာအတွင်း နိုင်ငံရေးအရ ဖမ်းဆီးချုပ်နှောင်ခံရသူ စုစုပေါင်း (၃) ဦးရှိခဲ့ပါတယ်။
ထို့အပြင် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း (၁၃၉) ဦး သေဆုံးခဲ့သည်။ အဆိုပါအရေအတွက်ထဲတွင် ဖမ်းဆီးခံရပြီးနောက် အကြောင်းအမျိုးမျိုးဖြင့် သေဆုံးခဲ့ရသူ စုစုပေါင်း (၁၄) ဦး ပါဝင်တယ်လို့သိရပါတယ်။
အတည်ပြုရန်လိုအပ်နေသည့် တလအတွင်း သေဆုံးခဲ့သူ (၁၈၅) ဝန်းကျင်ခန့် အရေအတွက်ကိုလည်း သီးခြားကောက်ယူထားပြီး အတည်ပြုနိုင်ရန် လုပ်ဆောင်လျက်ရှိတယ်လို့သိရပါတယ်။
"ဆေးရုံများ၊ စာသင်ကျောင်းများ၊ သာမန်အရပ်သားပြည်သူများရဲ့နေအိမ်များနဲ့ ကလေးသူငယ်၊ အမျိုးသမီး၊ အရပ်သားပြည်သူများဟာ ဘယ်အချိန်မှာမှ စစ်ရေးပစ်မှတ် မဖြစ်ရပါဘူး။ ဒါပေမဲ့ မတရားအာဏာသိမ်းယူထားတဲ့ စစ်တပ်ဟာ စစ်ရေးပစ်မှတ်အဖြစ် မသတ်မှတ်ရတဲ့နေရာများကို နေ့တဓူဝ လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ မတရားသဖြင့် ညှဉ်းပန်းသတ်ဖြတ်ခြင်းတွေကို ကျူးလွန်နေပါတယ်။ ကမ္ဘာကြီးရဲ့ အချို့အရပ်ဒေသတွေမှာ ဒီလို ကျူးလွန်ခြင်းတွေရှိနေသလို မြန်မာနိုင်ငံမှာလည်း ဖြစ်ပေါ်နေတာပါ။ ဒီလိုကျူးလွန်မူတွေကို အာဆီယံအပါအဝင် အိမ်နီးချင်းနိုင်ငံများအနေနဲ့ ကြားသိနေကြတာ ဖြစ်ပါတယ်။ စစ်တပ်က ဒီလိုကျူးလွန်နေခြင်းမျိုးတွေကို ရပ်တန့်အောင်ဆိုပြီး အပြုသဘော ဆက်ဆံခြင်းမျိုးနဲ့ စစ်အုပ်စုကို ဆက်ဆံနေခဲ့ပေမဲ့ အာဏာသိမ်းပြီး ၄ နှစ်ကျော်သည်အထိ မရပ်တန့်ဘဲ ပိုဆိုးလာနေတာကို တွေ့မြင်ရမှာပါ။ အာဆီယံအပါအဝင် အိမ်နီးချင်းများအနေနဲ့ စစ်အုပ်စုနဲ့ဆက်ဆံရေးပေါ်လစီကို ပြန်လည်သုံးသပ်သင့်ပါတယ်"လို့AAPPရဲ့ တွဲဖက်အတွင်းရေးမှူးကိုဘိုကြည်ကလည်းပြောပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် သာကီနှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ပိုင်ကျုံမြို့နယ်မှာ ကလေးတွေ ကျောင်းတက်နေချိန် အကြမ်းဖက်စစ်တပ်က ကာမီကာဇယ်ဒရုန်းသုံးပြီး ဗုံးကြဲတိုက်ခိုက်
စက်တင်ဘာလ (၃)ရက်
ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေ အုပ်ချုပ်နယ်မြေ ဖားအံခရိုင် ပိုင်ကျုံမြို့နယ်မှာ ကလေးတွေ ကျောင်းတက် နေချိန် အကြမ်းဖက်စစ်တပ်က ကာမီကာဇယ်ဒရုန်း အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ KNU ဗဟိုက ဒီနေ့ စက်တင်ဘာ ၃ ရက် မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အကြမ်းဖက် စစ်တပ်က နောင်တခီး အခြေခံပညာအလယ်တန်းကျောင်းက ကလေးသူငယ်တွေ ကျောင်းတက်နေ ချိန် စက်တင်ဘာ ၃ ရက် မနက်ပိုင်းမှာ ကာမီကာဇယ်ဒရုန်းနဲ့ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ ထုတ်ဖော် ပြောဆိုလိုက်တာဖြစ်ပါတယ်။
ကရင်ပြည်နယ် ဖားအံခရိုင် ပိုင်ကျုံ မြို့နယ်အတွင်းက ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန - KECD လက်အောက်မှာရှိတဲ့ ကော်သူးလေကျောင်းအမှတ် - ၇၀၈၂ နောင်တခီး အခြေခံပညာအလယ်တန်းကျောင်းကို ဒီနေ့ စက်တင်ဘာ ၃ ရက် မနက်ပိုင်းမှာ အကြမ်းဖက်စစ်တပ်က ကာမီကာဇယ်ဒရုန်း သုံးပြီး ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ကျောင်းတက်နေတဲ့ ကလေးငယ်တွေကိုပစ်မှတ်ထားပြီး မနက် ၉ နာရီ မိနစ် ၅၀ မှာ ကာမီကာဇယ်ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ တာကြောင့် နောင်တခီးကျေးရွာ စာသင်ကျောင်းက ကျောင်းရုံးခန်းတခု၊ ဆရာမတဦးနဲ့ဆရာတဦး၊ ကျောင်သားငယ်တဦး မစိုးရိမ်ရတဲ့ဒဏ်ရာ ရသွားတယ်လို့ သိရပါတယ်။
========================
🚩🚩 ၂။ ဒီးမော့ဆို သဲတောင်တိုက်ပွဲမှာ တပ်ရင်း - ၁၁၀၉ က တပ်စုမှူး တဦး မြင့်မြတ်စွာကျဆုံး
စက်တင်ဘာလ (၃)ရက်
ကရင်နီပြည် ဒီးမော့ဆိုမြို့ သဲတောင်တိုက်ပွဲမှာ ရှမ်းတောင် ကရင်နီ စစ်တိုင်း ဗျူဟာ ၁၁၊ အမှတ် - ၁၁၀၉ တပ်ရင်းက တပ်စုမှူးတဦး မြင့်မြတ်စွာကျဆုံးခဲ့ရတယ်လို့ P3-1109 Phoenix Battalion က ဒီနေ့ စက်တင်ဘာ ၃ ရက်မှာ ထုတ်ပြန် ပါတယ်။
အမှတ် - ၁၁၀၉ တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်စုမှူး ရဲဘော်လေပြေ (ခ) ကျော်ထက် P31109006 အနေနဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်ကို ခုခံတော်လှန်ရင်း မနေ့ စက်တင်ဘာ ၂ ရက်မှာ ကျဆုံးခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အကြမ်းဖက် စစ်တပ်ဟာ သြဂုတ်လ ၈ ရက်နေ့ကစပြီး ဒီးမော့ဆိုမြို့နယ်ထဲကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး လာတဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။
သြဂုတ်လ ၂၉ ရက်နေ့တုန်းကလည်း ဒီးမော့ဆိုမြို့ ငွေတောင်ရွာသစ် သဲတောင်မှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်တပ်က စစ်သားတွေကို တော်လှန်ရေးတပ်ပေါင်းစု တိုက်ခိုက်ခဲ့ရာမှာ စစ်သား ၁၅ ဦးထက်မနည်းသေဆုံးပြီး လက်နက် ၆ လက် သိမ်းဆည်းရမိခဲ့တာရှိတယ်လို့ စစ်ရေးမှတ်တမ်းတွေအရ သိရပါတယ်။
========================
🚩🚩 ၃။ ရွေးကောက်ပွဲကို အကြောင်းပြပြီး နယ်မြေချဲ့ထွင်လာတဲ့ ထိုးစစ်တွေကြောင့် နယ်မြေ မဆုံးရှုံးစေရေး၊ ပြည်သူလူထု လုံခြုံရေးနဲ့ အကာအကွယ်ပေးရေး ဦးစားပေးလုပ်သွားမယ်လို့ အထူးတိုင်းစစ်ဌာန ဆို
စက်တင်ဘာလ (၃)ရက်
ရွေးကောက်ပွဲကို အကြောင်းပြပြီး နယ်မြေချဲ့ထွင်လာတဲ့ အကြမ်းဖက်စစ်တပ် ထိုးစစ်တွေကြောင့် နယ်မြေ မဆုံးရှုံးစေရေးနဲ့ ပြည်သူလူထု လုံခြုံရေးနှင့် အကာအကွယ်ပေးရေး ဦးစားပေးလုပ်ဆောင်သွားမယ်လို့ အထူးတိုင်းစစ်ဌာနက ဒီနေ့ စက်တင်ဘာ ၃ ရက်မှာ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
အထူးတိုင်းစစ်ဌာန စစ်ရေးလှုပ်ရှားနယ်မြေတွေမှာ အကြမ်းဖက်စစ်ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲတွေ လုံးဝ လုပ်ခွင့်မရနိုင်ဘူးလို့လည်း အထူးတိုင်းစစ်ဌာနက သတိပေးထားပါတယ်။
အထူးတိုင်းစစ်ဌာနအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် - PDF စစ်ရုံးချုပ်ရဲ့ မဟာဗျူဟာ စစ်ရေးရည်မှန်းချက်တွေနဲ့ EROs များရဲ့ စစ်ရေး ရည်မှန်းချက်တွေအောင်မြင်အောင် လက်တွဲဖော်ဆောင်သွားမမယ်လို့ သိရပါတယ်။
စစ်တောင်းမြစ်ဝှမ်းအခြေပြုပြီး ပဲခူးနဲ့ ရန်ကုန်မှာလုပ်မယ့် စစ်ဆင်ရေးတွေကို နီးစပ်ရာတိုင်းစစ်ဌာနတွေနဲ့အတူ လက်တွဲ ချိတ်ဆက် ဖော်ဆောင်သွားယ်လို့ အထူးတိုင်းစစ်ဌာန တာဝန်ရှိသူတဦးဖြစ်တဲ့ ရဲဘော်အောင်စံရှားက ပြောပါတယ်။
အထူးတိုင်းစစ်ဌာနအနေနဲ့ ပြည်သူလူထု ဝန်ထုပ်ဝန်ပိုးမဖြစ်စေဖို့နဲ့ ထိခိုက်နစ်နာနိုင်တဲ့ကိစ္စတွေကို သတိပြုရှောင်ရှားပြီး ပြည်သူလူထုရဲ့ သဘောဆန္ဒနဲ့အညီ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် ပေါ်ပေါက်လာတဲ့အထိ ခိုင်မာတဲ့သန္ဓိဌာန်နဲ့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း အထူးတိုင်းစစ်ဌာနက ကတိသစ္စာ ပြုထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် အထူးတိုင်းစစ်ဌာနဆိုတာဟာ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်မှာ အခြေပြု ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွာ်ရေးတပ်မတော် - PDF နည်းဗျူဟာများ၊ တပ်ရင်း/တပ်ဖွဲ့များ၊ ဒရုန်း လက်ရုံးတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များနဲ့ စုဖွဲ့ထားတဲ့ တိုင်းစစ်ဌာနတခုလို့ သိရပါတယ်။
အထူးတိုင်းစစ်ဌာနအနေနဲ့ ကာလတိုအတွင်းမှာ အောင်မြင်မှုတွေရရှိထားပြီး လက်ရှိမှာလည်း KNLA တပ်ဖွဲ့တွေနဲ့အတူ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ စစ်စခန်းသိမ်းတိုက်ပွဲတွေ ဖာပွန်မြို့သိမ်းတိုက်ပွဲနဲ့ အနန်းကွင်းဗျူဟာစခန်းသိမ်း တိုက်ပွဲတွေကို ဆက်လက် ဖော်ဆောင်နေတယ်လို့လည်း သိရပါတယ်။
========================
🚩🚩 ၄။ နတ်မောက်မြို့မှာ အရပ်သားတွေကို ပေါ်တာဆွဲနေတဲ့ စစ်အုပ်စုကို တိုက်ခိုက်မှုမှာ စစ်တပ်ဘက်က ၆ ဦးသေပြီး ၂ ဦး ဒဏ်ရာရ
စက်တင်ဘာလ (၃)ရက်
မကွေးတိုင်း နတ်မောက်မြို့ ဟိန်း စက်သုံးဆီဆိုင်အနီးမှာ အရပ်သားပြည်သူတွေကို ပေါ်တာဆွဲ ဖမ်းဆီးနေတဲ့ စစ်သားတွေနဲ့ ပျူစောထီးတွေကို တိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စုဘက်က ၆ ဦးသေပြီး ၂ ဦး ဒဏ်ရာရသွားတယ်လို့ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ် ငါးပြေမပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။
နတ်မောက်မြို့ ဟိန်း စက်သုံးဆီဆိုင်အနီးမှာ အရပ်သားပြည်သူတွေကို စစ်မှုထမ်းစေဖို့ ပေါ်တာဆွဲ ဖမ်းဆီးနေတဲ့ စစ်အုပ်စုကို မနေ့ စက်တင်ဘာ ၂ ရက် မနက် ၈ နာရီကျော်အချိန်မှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ပေါ်တာဆွဲ ဖမ်းဆီးနေတဲ့ စစ်အုပ်စုကို မိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ရာကနေ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုတွေ ကြောင့် ထိတွေ့တိုက်ပွဲ ၁၅ မိနစ်ခန့်ဖြစ်ခဲ့တဲ့အတွင်းမှာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေရှိသွားတာလို့ အသိပေးပါတယ်။
ဒါ့အပြင် စစ်အုပ်စုဘက်က ပေါ်တာဆွဲဖမ်းဆီးရာမှာ အသုံးပြုတဲ့ ကား ၂ စီးလည်း ဒီတိုက်ပွဲအတွင်းမှာ ပျက်စီးသွားတယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကို သရက်ခရိုင်အမှတ် ၃ ငါးပြေမတပ်ရင်းရဲ့ မြေပြန့်ကျားတပ်ခွဲ၊ ရေနံချောင်းပကဖ၊ နတ်မောက်ပကဖ၊ မင်းဘူးခရိုင်ပကဖ၊ Chauk Revolution Army – CRA နဲ့ ဒေါင်းစစ်သည် ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၅။ တော်လှန်ရေးတပ်တွေ စိုးမိုးတဲ့နယ်မြေကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ခဲ့ရာမှာ အရာရှိအပါ ၈ ဦးသေပြီး သေနတ် ၈ လက်ရရှိ
စက်တင်ဘာလ (၃)ရက်
တော်လှန်ရေးတပ်တွေ စိုးမိုးတဲ့နယ်မြေကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးတပ်တွေ ပူးပေါင်း တိုက်ခိုက်ခဲ့ရာမှာ စစ်တပ်ဘက်က အရာရှိအပါ ၈ ဦးသေပြီး သေနတ် ၈ လက်ရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် - PDF အမှတ် - ၂ စစ်ဆင်ရေးနယ်မြေက ဒီနေ့ စက်တင်ဘာ ၃ ရက်မှာ ထုတ်ပြန်လာပါတယ်။
ကျောက်ကြီးမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေ စက်တင်ဘာ ၂ ရက်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်တပ်ဘက် ဗိုလ်ကြီးအဆင့်ရှိသူတဦးအပါအဝင် ၈ ဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာ ရသူတွေလည်း များတယ်လို့ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ သတင်းပြန်ကြားရေးဌာန တာဝန်ရှိသူက အတည်ပြုပါတယ်။
ဒီတိုက်ပွဲမှာ စစ်သားတွေကိုင်တဲ့ လက်နက်ငယ် ၇ လက်၊ RPG တလက်၊ ခဲယမ်းတွေနဲ့ စစ်သုံးပစ္စည်းအချို့ ကို တော်လှန်ရေး ပူးပေါင်းတပ်တွေဘက်က သိမ်းဆည်းရရှိခဲ့တယ်လို့လည်း အသိပေးပါတယ်။
တော်လှန်ရေးတပ်တွေ စိုးမိုးတဲ့နယ်မြေအတွင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို အမှတ် - ၂ စစ်ဆင်ရေး နယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၄၊ နဂါးနီတပ်ရင်း (P-29903) ၊ အမှတ် - ၃၅၀၂ တပ်ရင်းနဲ့ KNLA တပ်ရင်း -၈ ပူးပေါင်း တပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ကျောက်ကြီးမြို့နယ်မှာ အခြေစိုက်တဲ့ တပ်ရင်းနဲ့ ပျူစောထီးတွေပါတဲ့ အင်အား ၁၀၀ခန့်နဲ့ စစ်ကြောင်းထိုးလာခဲ့တာဖြစ် ပေမယ့် စစ်တပ်စစ်ကြောင်းဟာ အထိနာသွားတာကြောင့် ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ် ကွပ်ကဲမှုအောက်မှာရှိတဲ့ အမှတ် - ၂ စစ်ဆင်ရေးနယ်မြေမှာ နေပြည်တော်တိုင်း စစ်ဌာန၊ ပဲခူးတိုင်းစစ်ဌာန၊ ရန်ကုန်တိုင်းစစ်ဌာန၊ ဧရာဝတီတိုင်းစစ်ဌာနတို့ပါဝင်ပါတယ်။
========================
🚩🚩 ၆။ ဒီးမော့ဆိုမြို့အနီးတဝိုက် တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် ပြည်သူလူထုအနေနဲ့ သတိထား သွားလာကြဖို့ KNA ထပ် သတိပေး
စက်တင်ဘာလ (၃)ရက်
ကရင်နီပြည် ဒီးမော့ဆိုမြို့အနီးတဝိုက်မှာ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်ပေါင်းစုတို့ကြား တိုက်ပွဲတွေ ပြင်းထန် နေတဲ့အတွက် ပြည်သူလူထုအနေနဲ့ သတိထား သွားလာကြဖို့ ကယန်းအမျိုးသားတပ်မတော် - KNA က ဒီနေ့ စက်တင်ဘာ ၃ ရက်မှာ ထပ်ပြီး သတိပေးပြောဆိုလိုက်ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ တော်လှန်ရေးအားကောင်းတဲ့နယ်မြေတွေကို အင်အား အလွန်အကျွန်သုံးပြီး ထိုးစစ်ဆင်နေတာ ကြောင့် တိုက်ပွဲတွေ ပြင်းထန်နေရာ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ စစ်ရေး သတိပေးချက်တွေကို အလေးထားကြဖို့ စက်တင်ဘာ ၁ ရက်နေ့မှာ KNA က ထုတ်ပြန်ထားပြီးဖြစ်ပေမယ့် ဒီနေ့ မှာ ထပ်ပြီး သတိပေးပြောဆိုလိုက်တာဖြစ်ပါတယ်။
တိုက်ပွဲဇုန် ဧရိယာအတွင်းကို မဖြစ်မနေ အရေးကြီး အကြောင်းအရာနဲ့ သွားလာရမယ်ဆိုရင် နီးစပ်ရာ တော်လှန်ရေး အဖွဲ့အစည်းတွေဆီမှာ ချိတ်ဆက် အကူအညီ တောင်းခံပြီးမှ သွားလာကြဖို့လည်း KNA က တိုက်တွန်းထားပါတယ်။
သြဂုတ်လ ၃၀ ရက်နေ့မနက်ပိုင်းကဆိုရင် နန်းမယ်ခုံ - ဒေါငံခါးလမ်းမပေါ်မှာ ဆိုင်ကယ်မောင်းလာတဲ့ အရပ်သားတဦးကို အကြမ်းဖက်စစ်သားတွေက သေနတ်နဲ့ ပစ်သတ်ခဲ့တာကြောင့်လည်း တော်လှန်ရေးအင်အားစုတွေ အခုလို သတိပေး နေရတာ ဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။









No comments:
Post a Comment