၂၀၂၅ စက်တင်ဘာလ ၂၉ ရက်နေ့ ညနေခင်း သတင်းလွှာ

 


၂၀၂၅ စက်တင်ဘာလ ၂၉ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။⁨⁨ အကြမ်းဖက်စစ်ကော်မရှင်သည် ငြိမ်းချမ်းစွာ အရပ်ဖက်အသုံးပြုရန်ဟုသော အမည်တပ်၍ နျူကလီးယား လက်နက်ပိုင် နိုင်ငံကြီးတစ်နိုင်ငံနှင့် ပူးပေါင်းလုပ်ဆောင်မှုများ တိုးမြှင့် ဆောင်ရွက်လာကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းပြော

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ အမျိုးသားညီညွတ်ရေးအစိုးရ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း နှင့် ကိုရီးယားနေ တော်လှန်ပြည်သူများ တွေ့ဆုံ

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ လက်ရှိ ဖွဲ့စည်းထားသည့် CDM အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်နိုင်မည့်ကဏ္ဍများကို ဆွေးနွေးခဲ့

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။အနင်းမခံ မြင်းခြံ ကမ်ပိန်းဝန်းရံပေးဖို့ သရုပ်ဆောင်မင်းမော်ကွန်းတိုက်တွန်း

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။အိမ်ပြန်လမ်းအတွက် တွဲမယ့်လက်ထောက်ပို့ကံစမ်းမဲအစီအစဥ် မကြာခင်စတင်မည်


========================


၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၉ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ တန့်ဆည်မြို့နယ်၊ ကံထူးမရွာကို အကြမ်းဖက်စစ်အုပ်စုလေကြောင်းကနေ တိုက်ခိုက်မှုဖြစ်စဥ် NUGလူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနမှ အသေးစိတ်ထုတ်ပြန်

🚩၂။ ကျောက်မဲမြို့နယ်ရှိ ကျေးရွာများကို စစ်ကော်မရှင်တပ်က အဆိပ်ငွေဗုံးအပါအဝင် လေကြောင်းတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်

🚩၃။ မြန်မာ့လက်နက်ဝယ်ယူရေးကွန်ယက် (BURMESE ARMS PROCUREMENT NETWORK) တွင် ပါဝင်သည့် မြန်မာကုမဏ္ဏီများအား အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။⁨⁨ အကြမ်းဖက်စစ်ကော်မရှင်သည် ငြိမ်းချမ်းစွာ အရပ်ဖက်အသုံးပြုရန်ဟုသော အမည်တပ်၍ နျူကလီးယား လက်နက်ပိုင် နိုင်ငံကြီးတစ်နိုင်ငံနှင့် ပူးပေါင်းလုပ်ဆောင်မှုများ တိုးမြှင့် ဆောင်ရွက်လာကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းပြော


စက်တင်ဘာလ (၂၉ )ရက်


ကုလသမဂ္ဂအထွေထွေညီလာခံ၏ အပြည်ပြည်ဆိုင်ရာ နျူးကလီးယားလက်နက် အလုံးစုံ ဖျက်သိမ်းရေး နေ့ အထိမ်းအမှတ် High-level မျက်နှာစုံညီ အစည်းအဝေးကို စက်တင်ဘာလ ၂၆ ရက်တွင် နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ကျင်းပရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကတက်ရောက်ပြောကြားခဲ့ပါတယ်။


"နျူကလီးယားလက်နက်ဖျက်သိမ်းရေး အစီအစဉ်များ တိုးတက်မှု မရှိခဲ့သည့် အပြင် တရားမဝင် အာဏာသိမ်းစစ်တပ်သည် မြန်မာပြည်သူများအပေါ် လေကြောင်း တိုက်ခိုက်မှုများနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကို အဆက်မပြတ် ဆက်တိုက်ပြင်းထန်စွာ ကျူးလွန် လျက်ရှိနေ ကြောင်း၊ ထို့အပြင် တစ်ချိန်တည်းတွင် တရားမဝင် အာဏာသိမ်း စစ်အုပ်စုသည် အန္တရာယ် ဖြစ်စေနိုင်သည့် နျူကလီးယား လက်နက်ပိုင်ဆိုင်မှု ရည်မှန်းချက် ကို ဆက်လက် လုပ်ဆောင်နေ ပြီး၊ ငြိမ်းချမ်းစွာ အရပ်ဖက်အသုံးပြုရန် ဟုသော အမည်တပ်၍ နျူကလီးယား လက်နက်ပိုင် နိုင်ငံကြီးတစ်နိုင်ငံနှင့် ပူးပေါင်းလုပ်ဆောင်မှုများ တိုးမြှင့် ဆောင်ရွက်လာ နေကြောင်း၊  ရှင်းလင်းစွာပြောကြားရပါက မြန်မာနိုင်ငံကို ယခုကဲ့သို့ အလုံးစုံပျက်စီးဆုံးရှုံး ယိုးယွင်းမှုထဲသို့ တွန်းချခဲ့သော စစ်အုပ်စုသည် ငြိမ်းချမ်းသော အရပ်ဖက်အသုံးပြုမှုအတွက်  နျူကလီးယား နည်းပညာကို အသုံးပြုလိမ့်မည် မဟုတ်ကြောင်း၊ ပြည်သူပြည်သားများအပေါ် လွန်စွာဆိုးရွား သော စစ်ရာဇဝတ်မှုများ ကျူးလွန်နေသော စစ်အုပ်စုသည် အရပ်ဘက်၊ စစ်ဘက် နှစ်မျိုး အသုံးပြုနိုင်သည့် နျူကလီးယားနည်းပညာကို အရပ်ဘက်အသုံးပြုမှု အတွက်သာ ဆောင်ရွက် လိမ့်မည် မဟုတ်ပါကြောင်း" သံအမတ်ကြီးက ပြောပါတယ်။

 နျူးကလီးယားလက်နက် အသုံးပြုခြင်းမှ လုံခြုံစိတ်ချရစွာ ကာကွယ်နိုင်ရန်အတွက် တစ်ခုတည်းသောထိရောက်သည့် နည်းလမ်းမှာ နျူကလီးယားလက်နက် အားလုံးကို အပြည့်အဝ ဖျက်သိမ်းရေးသာ ဖြစ်သည် ဆိုသည့် မြန်မာနိုင်ငံ၏ ရပ်တည်ချက်ကို ထပ်မံအတည်ပြု ၍လည်း သံအမတ်ကြီးကပြောကြားခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ အမျိုးသားညီညွတ်ရေးအစိုးရ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း နှင့် ကိုရီးယားနေ တော်လှန်ပြည်သူများ တွေ့ဆုံ


စက်တင်ဘာလ (၂၉ )ရက်


အမျိုးသားညီညွတ်ရေးအစိုးရ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် ကိုရီးယားရောက် တော်လှန်ပြည်သူများ တွေ့ဆုံပွဲကို ၂၀၂၅ စက်တင်ဘာ ၂၇ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။

တွေ့ဆုံပွဲတွင် သံအမတ်ကြီးက စုပေါင်းလုပ်ဆောင်နိုင်ခြင်းဟာ အောင်မြင်ဖို့ရန် ဖြစ်ကြောင်း၊ ယခုနှစ် ကုလသမဂ္ဂ ကိုယ်စားလှယ်သတ်မှတ်ရေးကိစ္စ အခြေအနေ၊ စကမလုပ်မည့် ရွေးကောက်ပွဲကြောင့် ဖြစ်လာနိုင်မည့် အခြေအနေ၊ နိုင်ငံတကာ ဆက်ဆံရေးအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

ထို့နောက် တက်ရောက်သူ တော်လှန်ပြည်သူများ၏ မေးမြန်းမှုများနှင့် ဆွေးနွေးချက်များကို သံအမတ်ကြီးက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့တယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ လက်ရှိ ဖွဲ့စည်းထားသည့် CDM အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်နိုင်မည့်ကဏ္ဍများကို ဆွေးနွေးခဲ့


စက်တင်ဘာလ (၂၉ )ရက်


ဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ညနေ မြန်မာစံတော်ချိန်(၁၆:၀၀)နာရီအချိန်တွင် Zoom Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ပါတယ်။


အဆိုပါ အစည်းအဝေးတွင် ဒေသအခြေပြု ဖွဲ့စည်းထားသည့် CDM နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်း()ခုမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး တစ်ဦးချင်းအပြန်အလှန် မိတ်ဆက်စကား ပြောကြားခြင်း၊ လက်ရှိ ဖွဲ့စည်းထားသည့် CDM အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်နိုင်မည့်ကဏ္ဍများကို ဆွေးနွေးခြင်း၊ ဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းများ စုစည်းနိုင်သည့် ပလက်ဖောင်းတစ်ခု ပေါ်ပေါက်လာရေးကိစ္စများကို ဆွေးနွေးခြင်းနှင့် ပြည်သူ့နွေဦးတော်လှန်ရေးတွင် CDM နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍကို ပြန်လည်မြှင့်တင်နိုင်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။


အဆိုပါ ဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းများတွင် မွန်ပြည်နယ် CDM နိုင်ငံ့၀န်ထမ်းများကောင်စီ (CCSC-MON) ကရင်နီပြည် နိုင်ငံ့၀န်ထမ်း CDM ကော်မတီ (KCDM) ကချင်ပြည်နယ် CDM နိုင်ငံ့၀န်ထမ်းများကောင်စီ (KSCCSC) မန္တလေးဒေသ အကြမ်းမဖက် အာဏာဖီဆန်ရေးအဖွဲ့ (MCDMO) နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံ့၀န်ထမ်းများကောင်စီ (CCSC-SFU) တို့ ပါဝင်ပြီး တွေ့ဆုံဆွေးနွေးပွဲကို (၁၈:၀၀) နာရီအချိန်တွင် အောင်မြင်စွာ ရုတ်သိမ်းနိုင်ခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။အနင်းမခံ မြင်းခြံ ကမ်ပိန်းဝန်းရံပေးဖို့ သရုပ်ဆောင်မင်းမော်ကွန်းတိုက်တွန်း


စက်တင်ဘာလ (၂၉ )ရက်


အနင်းမခံ မြင်းခြံကမ်ပိန်းကိုဝန်းရံပေးဖို့ သရုပ်ဆောင်မင်းမော်ကွန်းမှ တိုက်တွန်းထားပါတယ်။


အနင်းမခံ မြင်းခြံကမ်ပိန်း  သိန်း၂၀၀ ကမ်ပိန်းလေးကို ကူကြပါဦးလို့ သရုပ်ဆောင်မင်းမော်ကွန်းက ဆိုထားပါတယ်။


မြင်းခြံခရိုင်စစ်ဌာနနဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးအောက်ရှိ တပ်ရင်းတပ်ဖွဲ့များအတွက် လိုအပ်တဲ့ ကာကွယ်ရေးပစ္စည်းတွေနဲ့ ဒဏ်ရာရရဲဘော်တွေအတွက် ဆေးဝါးရိက္ခာတွေ ပံ့ပိုးပေးဖို့ရည်ရွယ်ပြီး အဓိကအားဖြင့် ရန်ကုန် မန္တလေး နေပြည်တော် ဆက်သွယ်ထားတဲ့ မဟာဗျူဟာမြောက်ဂိတ်ပေါက်ကိုဖြတ်တောက်ရေး နယ်မြေစိုးမိုးရေးတို့အတွက်လည်း ရည်ရွယ်ထားတဲ့ကမ်ပိန်း ဖြစ်တယ်လို့သိရပါတယ်။


ထောက်ပို့ပြည်သူရဲ့ အလှူငွေဟာ မြင်းခြံခရိုင်ကို ကာကွယ်ပေးနေတဲ့ စစ်ဌာနအတွက် တိုက်ရိုက်အကျိုးရှိစေမှာဖြစ်သလို တော်လှန်ရေးရဲ့ကြီးမားတဲ့အောင်မြင်မှုကိုအထောက်အပံ့ဖြစ်လို့ ဝိုင်းဝန်းကူညီပေးကြဖို့တိုက်တွန်းနှိုးဆော်ထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။အိမ်ပြန်လမ်းအတွက် တွဲမယ့်လက်ထောက်ပို့ကံစမ်းမဲအစီအစဥ် မကြာခင်စတင်မည်


စက်တင်ဘာလ (၂၉ )ရက်


အိမ်ပြန်လမ်းအတွက် တွဲမယ့်လက်ထောက်ပို့ကံစမ်းမဲအစီအစဥ် မကြာခင်စတင်မည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာဧရာဝတီထောက်ပို့အသင်းက စက်တင်ဘာ၂၉ရက်မှာ ဖော်ပြပါတယ်။


"အိမ်ပြန်လမ်းအတွက် တွဲမယ့်လက်ထောက်ပို့ကံစမ်းမဲအစီအစဥ် မကြာခင်မှာ စိတ်ဝင်စားဖွယ် ကံစမ်းမဲ အစီအစဥ်လေးပြုလုပ်သွားဖို့ရှိပြီး အသေးစိတ်အချက်အလက်များကို Page မှတဆင့် ဆက်လက်ဖော်ပြပေးသွားမည်ဖြစ်ကြောင်း တော်လှန်ထောက်ပို့ပြည်သူများကို သတင်းကောင်းပါးအပ်ပါတယ်"လို့ဆိုထားပါတယ်။


"အပြည်ပြည်ဆိုင်ရာဧရာဝတီထောက်ပို့အသင်း" ဟာစက်တင်ဘာလမြေပြင်ထောက်ပို့ရာမှာ အမှတ်(၂၉)ဗျူဟာသို့ကျပ်၁၀သိန်း၊Bee Force P21809 (ခွဲ-)Drone Project သို့ ကျပ်၁၀သိန်း ၊တိုင်း(ပကဖ)ကျပ်၅သိန်း၊ရေကြည်မြို့နယ်(ပကဖ)သို့ ကျပ်၅သိန်း၊လေးမျက်နှာမြို့နယ်(ပကဖ)ကျပ်၅သိန်း၊အမှတ်(၂၉)ဗျူဟာလေ့ကျင့်ရေးဌာန မြေပြင်ဆက်သွယ်ရေးသို့ ကျပ်၂၀သိန်းထောက်ပို့ခဲ့ကြပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် သာကီမှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩


========================


========================



🚩🚩၁။ တန့်ဆည်မြို့နယ်၊ ကံထူးမရွာကို အကြမ်းဖက်စစ်အုပ်စုလေကြောင်းကနေ တိုက်ခိုက်မှုဖြစ်စဥ် NUGလူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနမှ အသေးစိတ်ထုတ်ပြန်


စက်တင်ဘာလ (၂၉ )ရက်


တန့်ဆည်မြို့နယ်၊ ကံထူးမရွာကို အကြမ်းဖက်စစ်အုပ်စုမှ လေကြောင်းကနေ တိုက်ခိုက်မှုဖြစ်စဥ် NUGလူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနမှ အသေးစိတ်ထုတ်ပြန်ထားပါတယ်။


စစ်ကိုင်းတိုင်းဒေသကြီး၊ရေဦးခရိုင်၊တန့်ဆည်မြို့နယ်၊ကံထူးမရွာကို အကြမ်းဖက်စစ်အုပ်စုကစက်တင်ဘာ ၂၆ ရက်နေ့လယ်ပိုင်းမှာ လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ပေါင် ၅၀၀ ဗုံး ၂လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၁၁ ဦးသေဆုံးပြီး ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံနဲ့လူ့အခွင့်အရေးတာဝန်ခံတွေက အတည်ပြုသတင်းထုတ်ပြန်ခဲ့ပါတယ်။


တံတားဦးလေတပ်ကနေ တက်လာတဲ့ အကြမ်းဖက်စစ်အုပ်စု ရဲ့ ဂျက်ဖိုက်တာဟာ ကံထူးမရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ   ကလေးဝမြို့ကိုပတ်ပြီး အပြန်မှာ လေကြောင်းကနေ ဗုံးကြဲချတိုက်ခဲ့တယ်လို့သိရပါတယ်။


ဂျက်ဖိုက်တာ ဟာကံထူးမရွာ အနောက်ဘက်ခြမ်းမှာရှိတဲ့  ဓါတ်ဆီဆိုင် အရှေ့က ပြည်ထောင်စုလမ်းမကြီးအနီးကို ပေါင် ၅၀၀ ဗုံးတလုံးကို ကြဲချခဲ့တာဖြစ်ပြီး အနီးအနားမှာရှိတဲ့အပြစ်မဲ့အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တာဖြစ်ပါတယ်။


 အပြစ်မဲ့အရပ်သား ၁၁ ဦးဟာ ပြင်းထန် ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပြီး ဦး ထိခိုက်ဒဏ်ရာရခဲ့ ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် အဆောက်အအုံ () လုံးလည်းထိခိုက်ပျက်စီးခဲ့ပါတယ်။ 


အကြမ်းဖက်စစ်အုပ်စုဟာ မတရားအာဏာလုယူပြီးနောက်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားတွေကိုပစ်မှတ်ထားတိုက်ခိုက်တာတွေဆက်တိုက်လုပ်ခဲ့ပြီးလက်ရှိမှာလည်း တရားမဝင်ရွေးကောက်ပွဲတရပ်ဖြစ်ဖို့ ကြိုးပမ်းနေချိန်ဖြစ်ပြီးအရပ်သားတွေအပေါ် ဦးတည်တဲ့အကြမ်းဖက်မှုတွေဟာလည်း ပိုမိုမြင့်တက်လာခဲ့တယ်လို့လူ့အခွင့်ရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။


========================


🚩🚩၂။ ကျောက်မဲမြို့နယ်ရှိ ကျေးရွာများကို စစ်ကော်မရှင်တပ်က အဆိပ်ငွေဗုံးအပါအဝင် လေကြောင်းတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်


စက်တင်ဘာလ (၂၉ )ရက်


တအာင်းပြည်၊ တပ်မဟာ ()နယ်မြေ၊ ကျောက်မဲမြို့နယ်၊ လုံဝယ်ကျေးရွာကို စစ်ကော်မရှင်တပ်မှ လေကြောင်းဖြင့် ဗုံး (၃၀)လုံးနှင့် အဆိပ်ငွေ့ဗုံး()လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLAက အတည်ပြုထုတ်ပြန်ပါတယ်။


စစ်ကော်မရှင်တပ်သည် လုံဝယ်ကျေးရွာအတွင်း ဝင်‌ရောက်လာပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။



စစ်ကောင်စီတပ်၏ အဆိပ်ငွေ့ဗုံးကြဲချမှုကြောင့် တအာင်းတပ်မတော်တပ်ဖွဲ့များမှ မူးဝေခြင်း၊ အော့အန်ခြင်း၊ မအီမသာဖြစ်ခြင်း၊ မောပန်းခြင်း၊ အသက်ရှူမြန်ဆန်ခြင်းလက္ခဏာများဖြစ်ပေါ်စေခဲ့ပြီး ယခုအချိန်၌ တပ်ဖွဲ့ဝင် ()ဦးမှ ဆေးရုံတွင် ဆေးကုသမှုခံယူနေကြရတယ်လို့သိရပါတယ်။


အလားတူ စက်တင်ဘာ (၂၇)ရက်နေ့ နေ့လယ်(၂း၃၀)နာရီအချိန်၌ နမ့်ဆော့ကျေးရွာရှိ ပြည်သူလူထုများ တည်ရှိရာကို ရည်ရွယ်ချက်ရှိရှိ ဦးတည်၍ လေကြောင်းဖြင့် ပေါင် (၂၅၀)ဗုံး ()လုံးနှင့် လက်နက်ကြီး ()လုံး ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အမျိုးသား ()ဦး၏ ညာခြေကို ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူလူထုများ စိုက်ပျိုးထားသည့် ပြောင်းဖူးခင်းများလည်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့သိရပါတယ်။


========================


🚩🚩၃။ မြန်မာ့လက်နက်ဝယ်ယူရေးကွန်ယက် (BURMESE ARMS PROCUREMENT NETWORK) တွင် ပါဝင်သည့် မြန်မာကုမဏ္ဏီများအား အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူ


စက်တင်ဘာလ (၂၉ )ရက်


မြန်မာ့လက်နက်ဝယ်ယူရေးကွန်ယက် (BURMESE ARMS PROCUREMENT NETWORK) တွင် ပါဝင်သည့် မြန်မာကုမဏ္ဏီများအား အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူခဲ့တယ်လို့ သတင်းရရှိပါတယ်။


Royal Shune Lei Company Limited (Royal Shune Lei) သည် ၂၀၂၂ ခုနှစ်တွင် မြန်မာစစ်တပ်အတွက် KOMID နှင့် ပထမဆုံးအကြိမ် လက်နက်ရောင်းဝယ်မှု စေ့စပ်ပေးခဲ့သော မြန်မာ့လက်နက်ဝယ်ယူရေး ကုမ္ပဏီတစ်ခုဖြစ်ပြီး KOMID အတွက် အရောင်းမြှင့်တင်မှုများ ပိုမိုလုပ်ဆောင်နိုင်ရန်အတွက် Royal Shune Lei မှ ဝန်ထမ်းဖြစ်သူ ကျော်သူမျိုးမြင့် နှင့် အမှုဆောင်အရာရှိချုပ် (CEO) တင်မျိုးအောင် တို့သည် ၂၀၂၃ ခုနှစ်နှောင်းပိုင်းမှစ၍ KOMID ကိုယ်စားလှယ်များနှင့် စီးပွားရေးအစည်းအဝေးများစွာ ပြုလုပ်ရန် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ကြပါတယ်။


 Royal Shune Lei ဝန်ထမ်းများသည် မြန်မာကိုယ်စားလှယ်အဖွဲ့ မြောက်ကိုရီးယား (DPRK) သို့ သွားရောက်နိုင်ရန် ဗီဇာလျှောက်ထားရန်အတွက် ပေကျင်းမြို့သို့ သွားရောက်ခဲ့ကြကာ ပေကျင်းမြို့ရှိ KOMID ဒုတိယကိုယ်စားလှယ်ဖြစ်သူ Kim Yong Ju သည် အခြားသော KOMID ကိုယ်စားလှယ်များ၊ တင်မျိုးအောင် နှင့် ကျော်သူမျိုးမြင့် တို့နှင့်ပူးပေါင်း၍ Royal Shune Lei မှတစ်ဆင့် မြန်မာ့လေတပ်အတွက် ဗုံးများနှင့် ဝေဟင်စောင့်ကြည့်ရေးပစ္စည်းများအပြင် လေကြောင်းသုံးဗုံးလမ်းညွှန်ကိရိယာ (aerial bomb guidance kits) နှစ်မျိုး ရောင်းချရန် ညှိနှိုင်းဆောင်ရွက်ခဲ့ပါတယ်။


 KOMID သည် Royal Shune Lei လက်နက်နှင့် ဆက်စပ်ပစ္စည်းများ မှာယူမှုကို အတည်ပြုနိုင်ရန်နှင့် စမ်းသပ်နိုင်ရန်အတွက် လေကြောင်းသုံးဗုံးလမ်းညွှန်ကိရိယာ နမူနာများကို Royal Shune Lei သို့ ထောက်ပံ့ပေးခဲ့ပြီး အောင်ကိုကိုဦး သည် Royal Shune Lei ဒါရိုက်တာတစ်ဦးဖြစ်ပါတယ်။


Royal Shune Lei နှင့် ကျော်သူမျိုးမြင့် တို့ကို အုပ်ချုပ်ရေးအမိန့် (E.O.) ၁၃၅၅၁ အရ မြောက်ကိုရီးယားနိုင်ငံမှ လက်နက် သို့မဟုတ် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ သို့မဟုတ် ပြန်လည်တင်ပို့ခြင်းတို့နှင့် သက်ဆိုင်သည့် လေ့ကျင့်မှု၊ အကြံဉာဏ်ပေးခြင်း သို့မဟုတ် အခြားသော ဝန်ဆောင်မှု သို့မဟုတ် အကူအညီများ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပေးအပ်ရန် ကြိုးပမ်းခြင်း သို့မဟုတ် ငွေကြေးအရောင်းအဝယ်များ ပြုလုပ်ခြင်းတို့အတွက် သတ်မှတ်လိုက်ခြင်းဖြစ်ပါတယ်။


 Royal Shune Lei နှင့် ကျော်သူမျိုးမြင့် တို့ကို မြန်မာ့စီးပွားရေး၏ ကာကွယ်ရေးကဏ္ဍတွင် ပါဝင်ပတ်သက်နေမှုကြောင့် E.O. ၁၄၀၁၄ အရပါ ထပ်မံသတ်မှတ်လိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။


Royal Shune Lei သည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် ကနေဒါနှင့် ယူနိုက်တက်ကင်းဒမ်းတို့က သတ်မှတ်ခြင်းခံရပြီး၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် ဥရောပသမဂ္ဂ (European Union) ကလည်း သတ်မှတ်ခဲ့ပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် သာကီမှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩






#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment