၂၀၂၅ စက်တင်ဘာလ ၁၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ကျောက်တော် စာသင်ကျောင်း ဗုံးကြဲခံရမှု ဖြစ်စဉ်ကို UNICEF စိုးရိမ်ကြောင်း စာထုတ်၊ ကျူးလွန်သူ အမည်ကို ချန်လှပ်ထား
📌 ၂။ ၁၀ နှစ်ကျော်ကြာ ပိတ်ထားခဲ့ရတဲ့ မောင်တော မြို့မဂျာမာ ဗလီကြီးကို ပြန်လည်ဖွင့်လှစ်
📌 ၃။ ကနီတိုက်ပွဲ ရှေ့တန်းရဲဘော်များအတွက် ရိက္ခာခြောက်ထုတ်များ ထောက်ပံ့ပေးခဲ့
========================
၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ မြင်းခြံမြို့နယ်မှာ စစ်ကော်မရှင်ယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၈ ဦး သေဆုံးဟုဆို
🚩 ၂။ ကနီတိုက်ပွဲမှာ တပ်ပျက်ပြီး ဘန့်ဘွေးပျူရွာကို ဆုတ်ခွာလာတဲ့ စစ်ကော်မရှင် စစ်ကြောင်းကို ပိတ်ဆို့ချေမှုန်းခဲ့ရာ အလောင်း ၂ လောင်းနဲ့ လက်နက် ၂ လက် သိမ်းဆည်းရမိ
🚩 ၃။ ပန်းတင်းပင် ပျူဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်၊ စစ်သားများ ထွက်ပြေးသွားပြီး ခဲယမ်းတချို့ သိမ်းဆည်းရရှိ
🚩 ၄။ မောတောင်လမ်းပိုင်း တိုက်ပွဲမှာ စစ်ကော်မရှင်တပ်သား ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
🚩 ၅။ သပိတ်ကျင်းမှာ စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦး အပါအဝင် ၇ ဦး သေဆုံး
🚩 ၆။ ကနီ-ချောင်းမ တိုက်ပွဲမှာ ULF စစ်ကြောင်းမှ စစ်ကြောင်းမှူး ရဲဘော်နိုင်မင်း ကျဆုံးခဲ့
🚩 ၇။ မိုးဗြဲ PDF အမှတ် (၁၀၀၁) တပ်ရင်း၊ တပ်ခွဲ (၄) ဝံပုလွေတပ်ခွဲ မွန်းမံသင်တန်းဆင်းပွဲ ပြုလုပ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ကျောက်တော် စာသင်ကျောင်း ဗုံးကြဲခံရမှု ဖြစ်စဉ်ကို UNICEF စိုးရိမ်ကြောင်း စာထုတ်၊ ကျူးလွန်သူ အမည်ကို ချန်လှပ်ထား
စက်တင်ဘာလ ၁၃ ရက်၊
Radio NUG
ရခိုင် ပြည်နယ်၊ ကျောက်တော် မြို့နယ်၊ သရက်တပင် ကျေးရွာက ပုဂ္ဂလိက စာသင်ကျောင်းကို စစ်ကော်မရှင်က ညနက်သန်းခေါင် ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်များ သေဆုံး၊ ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်ကို ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က အလွန်အမင်း စိုးရိမ်ကြောင်း ထုတ်ပြန်လာပါတယ်။
စက်တင်ဘာလ ၁၂ ရက်နေ့ လေကြောင်း တိုက်ခိုက်မှုအတွင်း Grade-8 ကနေ Grade-12 တို့မှာ ပညာသင်ယူနေကြတဲ့ ကျောင်းသား/သူ (၁၉) ဦး အထိ သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်ကို UNICEF က သဘောထား ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး ကျူးလွန်သူရဲ့ အမည်ကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။
အဆိုပါ တိုက်ခိုက်မှုရဲ့ လက်သည် တရားခံအမည်ကို ဖော်ပြခြင်း မရှိပေမယ့် တိုက်ခိုက်မှုဟာ ရခိုင်ပြည်နယ်မှာ ပိုမိုဆိုးရွားလာတဲ့ အကြမ်းဖက်မှု တရပ်ဖြစ်ပြီး ကလေးငယ်တွေနဲ့ မိသားစုတွေဟာ အဆိုးရွားဆုံး အကျိုးဆက်တွေကို ခံစားနေကြရတယ်လို့ ဆိုပါတယ်။
ကလေးငယ်တွေအပေါ် အကြမ်းဖက်မှု ရပ်တန့်ရမယ်လို့ “UNICEF” က တောင်းဆိုထားပြီး ဘယ်အဖွဲ့အစည်းကို တောင်းဆိုတယ်ဆိုတာတော့ မပါရှိပါဘူး။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က ပညာပန်းခင်း နဲ့ အမြင်သစ် ကိုယ်ပိုင်အထက်တန်း စာသင်ကျောင်းတွေကို စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နာရီပိုင်းအကြာမှာပဲ သတင်းထုတ်ပြန်ခဲ့သလို သေဆုံး၊ ဒဏ်ရာရခဲ့တဲ့ ကျောင်းသား/သူတွေရဲ့ အမည် ဓါတ်ပုံ အချက်အလက် အသေးစိတ်ကိုပါ ထပ်မံအသိပေး ထုတ်ပြန်ထားပါတယ်။
စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေမှာတော့ ဗုံးကြဲခံရပြီး သေဆုံးသူတွေဟာ ကျောင်းသား/သူတွေ မဟုတ်ဘဲ AA ရဲ့ စစ်သင်တန်း တက်နေသူတွေ ဖြစ်တယ်လို့ သတင်းမှား ဖြန့်ဝေနေကြပြီး စစ်ကော်မရှင်တပ်က အဆိုပါ အစုလိုက် အပြုံလိုက် ဗုံးကြဲသတ်ဖြတ်မှုကို ကျူးလွန်ခဲ့ကြောင်းကို ဖော်ပြဝန်ခံ ခဲ့ကြပါတယ်။
========================
📌📌 ၂။ ၁၀ နှစ်ကျော်ကြာ ပိတ်ထားခဲ့ရတဲ့ မောင်တော မြို့မဂျာမာ ဗလီကြီးကို ပြန်လည်ဖွင့်လှစ်
စက်တင်ဘာလ ၁၃ ရက်၊
Radio NUG
ရခိုင်ပြည်နယ်၊ မောင်တောမြို့က မြို့မဂျာမာဗလီကြီးကို အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရက စက်တင်ဘာ ၁၂ ရက်နေ့၊ မနက် ၉ နာရီခွဲခန့်မှာ အခမ်းအနားနဲ့ ပြန်လည်ဖွင့်လှစ်ပေးခဲ့တယ်လို့ Arakan Princess Media က ဖော်ပြထားပါတယ်။
ဖွင့်ပွဲ အခမ်းအနားကို အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဂျူရီအဖွဲ့ဝင်များ၊ မောင်တော ခရိုင် အစ္စလာမ်ရေးရာကောင်စီ၊ ဂျာမာဗလီ ဂေါပကအဖွဲ့နဲ့ ရခိုင်၊ သက္ကမ၊ မြို၊ ဟိန္ဒူ၊ မူဆလင် စုစုပေါင်း (၃၀၀) ခန့် တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
၎င်း အခမ်းအနားမှာ ကျမ်းမြတ်ကုရ်အာန်ရဲ့ သင့်လျော်သော အာယာတော်ကို ရွတ်ဖတ်ခြင်း၊ ဒေသအုပ်ချုပ်ရေး တာဝန်ရှိသူမှ အမှာစကားပြောကြားခြင်း၊ မူဆလင်ရေးရာကောင်စီ ဥက္ကဋ္ဌမှ ဗလီကြီးဖွင့်လှစ်ခြင်းကို ဝမ်းမြောက် ကျေးဇူးတင်စကား ပြောကြားခြင်း အပါအဝင် အစီအစဉ် ၇ ရပ်ဖြင့် ကျင်းပခဲ့တယ်လို့ သိရပါတယ်။
မောင်တောမြို့မ ဂျာမာဗလီကြီးကို ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်၊ ပဋိပက္ခများ စတင်ဖြစ်ပွားပြီး နောက်ပိုင်းမှာ ပိတ်ထားခဲ့တာလည်း ဖြစ်ပါတယ်။
========================
📌📌 ၃။ ကနီတိုက်ပွဲ ရှေ့တန်းရဲဘော်များအတွက် ရိက္ခာခြောက်ထုတ်များ ထောက်ပံ့ပေးခဲ့
စက်တင်ဘာလ ၁၃ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမကျေးရွာ တိုက်ပွဲက ရှေ့တန်းရဲဘော်များအတွက် ရိက္ခာခြောက်ထုတ်များကို ထောက်ပံ့ပေးခဲ့တယ်လို့ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ထုတ်ပြန်ထားပါတယ်။
အသင့်စားသုံးနိုင်တဲ့ ရိက္ခာခြောက်ထုတ်များကို ဆားလင်းကြီးမြို့နယ် ပ.အ.ဖ နဲ့ မြို့နယ် လူသားစာနာ အဖွဲ့တို့က ရှေ့တန်းအရောက် ထောက်ပံ့ပေးခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ ထောက်ပံ့မှုကို ဆားလင်းကြီးမြို့နယ် ပ.အ.ဖ အခွန်ရငွေနဲ့ လူသားစာနာ ခွဲတန်းရငွေထဲမှ ပံ့ပိုးပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ထိုသို့ အသင့်စားသုံးနိုင်အောင် စနစ်တကျထုတ်ပိုးပြီး ရှေ့တန်းစစ်မြေပြင်ထိအရောက် ပို့ဆောင်ပေးခဲ့တဲ့ မြို့နယ် ပ.အ.ဖ၊ လူသားစာနာ အဖွဲ့နဲ့ သယ်ယူပို့ဆောင်ရေး ဆောင်ရွက်ပေးခဲ့တဲ့ ရဲဘော်ရဲဘက်များ အားလုံးကို ကျေးဇူး တင်ရှိပါကြောင်း ဆားလင်းကြီး ပ.က.ဖ လက်ရုံးတပ် က အသိပေး ဖော်ပြထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ပဒဲဖိုးက ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ မြင်းခြံမြို့နယ်မှာ စစ်ကော်မရှင်ယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၈ ဦး သေဆုံးဟုဆို
စက်တင်ဘာလ ၁၃ ရက်၊
Radio NUG
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်ကော်မရှင် ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကြယ်တပွင့် အဖွဲ့မှ ဗိုလ် မိုက်ခဲ က ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလ ၆ ရက် မနက် ၁၀ နာရီခွဲ အချိန်မှာ မြင်းခြံမြို့နယ် မြောက်ပိုင်း၊ ကျောက်ပြုတ်ရွာမှ ထွက်လာတဲ့ စစ်ကား ၃ စီးပါ ယာဉ်တန်းကို အသင့်စောင့်ကြို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင် တပ်ဖွဲ့ဝင် (၈) ဦးအထိ သေဆုံးသွားခဲ့ပြီး ဒဏ်ရာရရှိသူ များပြားခဲ့ကာ ပြန်လည်မပစ်ခတ်နိုင်ဘဲ ဆုတ်ခွာထွက်ပြေး သွားခဲ့တယ်လို့ သိရပါတယ်။
စစ်ဆင်ရေးကို ပြည်သူ့ကြယ်တပွင့် တပ်ဖွဲ့ နဲ့ Myingyam Danger Dynamite အဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင် ခဲ့တာဖြစ်ပြီး အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၂။ ကနီတိုက်ပွဲမှာ တပ်ပျက်ပြီး ဘန့်ဘွေးပျူရွာကို ဆုတ်ခွာလာတဲ့ စစ်ကော်မရှင် စစ်ကြောင်းကို ပိတ်ဆို့ချေမှုန်းခဲ့ရာ အလောင်း ၂ လောင်းနဲ့ လက်နက် ၂ လက် သိမ်းဆည်းရမိ
စက်တင်ဘာလ ၁၃ ရက်၊
Radio NUG
ကနီမြို့နယ်၊ ချောင်းမကျေးရွာ တိုက်ပွဲမှာ ဖွဲ့စည်းပုံ ပျက်တဲ့အထိ ဖြစ်ခဲ့ပြီး ဘန့်ဘွေး ပျူရွာကို ထွက်ပြေးလာတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို ပိတ်ဆို့ချေမှုန်းခဲ့ရာ အလောင်း ၂ လောင်း၊ လက်နက် ၂ လက် သိမ်းဆည်းရမိခဲ့တယ် လို့ ယင်းမာပင်ခရိုင် ပကဖ က ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလ ၁၁ ရက်နေ့က ချောင်းမရွာကို စစ်ကြောင်းထိုးလာတဲ့ အင်အား (၁၀၀) ကျော်ပါ စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ ထိခိုက်သေဆုံးမှု များခဲ့ပြီး ဖွဲ့စည်းပုံ ပျက်ယွင်းတဲ့အထိ ဖြစ်ခဲ့ကာ ဘန့်ဘွေးပျူရွာကို ကစင့်ကလျား ဆုတ်ခွာထွက်ပြေး ခဲ့တယ်လို့ ဆိုပါတယ်။
ထွက်ပြေးသွားတဲ့ စစ်ကြောင်းကို ယင်းမာပင်မြို့နယ် ပကဖ၊ ULF စစ်ကြောင်းက ပိတ်ဆို့ချေမှုန်း တိုက်ခိုက်ခဲ့ရာ MA-1 သေနတ် ၂ လက်နဲ့ အလောင်း ၂ လောင်းကို သိမ်းဆည်းရမိ ခဲ့တယ်လို့ သိရပါတယ်။
စစ်ကော်မရှင် စစ်ကြောင်းဟာ လေကြောင်းပစ်ကူ ၁၂ ကြိမ်ထက်မနည်း ပစ်ကူပေးခဲ့ရပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့ကာ ပူးပေါင်းတပ်ဖွဲ့ဘက်မှ ULF စစ်ကြောင်းမှူး ရဲဘော်နိုင်မင်း ကျဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
ထို့အပြင် ချောင်းမရွာက တိုက်ပွဲတွင်း ကနီအခြေစိုက် တပ်ရင်းများ နှင့်အတူ ရခိုင်ပြန် ပ.က.ဖ ရဲဘော်များလည်း မဟာမိတ် စစ်ကြောင်းတကြောင်း ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ပြီး MG-(ငါးကြင်းမှီး) ၁ လက်၊ ၆၀ မမ စိန်ပြောင်း ၁ လက်၊ MA1 ၁ လက်နဲ့ MA3 ၁ လက်တို့ကို သိမ်းဆည်းရမိ ခဲ့တယ်လို့ သိရပါတယ်။
စစ်ကော်မရှင်တပ်က စက်တင်ဘာလ ၁၃ ရက်နေ့ မနက် ၁၀ နာရီ ကျော်ခန့်မှာ ကနီမြို့နယ် အရှေ့ခြမ်း ကျေးရွာတွေကို လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့သလို ရွှေတောင်ဦးကုန်း၊ နမခ တပ်၊ ကျောက်ဆစ်ပုံ (အမတ- ၅၀၈) တို့ကနေ လက်နက်ကြီးများ အဆင်မပြတ် ရမ်းသမ်းပစ်ခတ် နေတယ်လို့ ယင်းမာပင် ပ.အ.ဖ က ထုတ်ပြန် ထားပါတယ်။
========================
🚩🚩 ၃။ ပန်းတင်းပင် ပျူဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်၊ စစ်သားများ ထွက်ပြေးသွားပြီး ခဲယမ်းတချို့ သိမ်းဆည်းရရှိ
စက်တင်ဘာလ ၁၃ ရက်၊
Radio NUG
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ပန်းတင်ပင်ရွာရှိ ပျူစောထီးဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သားအားလုံး ထွက်ပြေးသွားခဲ့ပြီး ခဲယမ်းတချို့ သိမ်းဆည်းရရှိ ခဲ့တယ်လို့ သာယာဝတီခရိုင်၊ အမှတ် (၁) တပ်ရင်း (P-3801) က ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလ ၁၂ ရက်နေ့ ည ၁၀ နာရီခန့်က ပန်းတင်းပင် ပျူဂိတ်စခန်းကို ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ဂိတ်စခန်း အတွင်းက ပျူစောထီးများ နဲ့ စစ်သားများ အားလုံး ကျေးရွာအတွင်းကို ထွက်ပြေးသွားခဲ့တယ် လို့ ဆိုပါတယ်။
အဆိုပါ ဂိတ်စခန်းမှ ကာဘိုင်ကျည်ဘောက် တစ်ခု၊ ကာဘိုင်ကျည် (၈၅) တောင့်၊ ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရမိ ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင်၊ တပ်ရင်း (၁) မှ ရဲဘော်များက ဆောင်ရွက်ခဲ့တာဖြစ်ပြီး အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၄။ မောတောင်လမ်းပိုင်း တိုက်ပွဲမှာ စစ်ကော်မရှင်တပ်သား ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
စက်တင်ဘာလ ၁၃ ရက်၊
Radio NUG
တနင်္သာရီတိုင်း၊ ကရင့်အမျိုးသားအစည်းအရုံး အုပ်ချုပ်နယ်မြေ၊ တနင်္သာရီမြို့ မောတောင် နယ်စပ်ကုန်သွယ်ရေး လမ်းပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင် တပ်သား (၁၀) ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့တယ်လို့ KNU မြိတ် - ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလ ၁၁ ရက်နေ့မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင် တပ်ဖွဲ့ကို မောတောင် နယ်စပ်ကုန်သွယ်ရေး လမ်းရှိ၊ သိန်းခွန်းကျေးရွာအနီးမှာ KNLA တပ်မဟာ (၄) ၊ တပ်ရင်း (၁၁) နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကော်မရှင် တပ်ဖွဲ့ဝင် (၁၀) ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ကာ MA-1 (၂) လက်၊ MA-3 (၁) လက်၊ လက်ပစ်ဗုံး (၂) လုံး၊ ကျည် (၆၅၉) တောင့်၊ ခွဲဗုံး (၂) လုံး၊ ကျည်ဘောက် (၂၁) ခုကို သိမ်းဆည်းရမိ ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ပွဲဖြစ်ပွားရာ မောတောင်လမ်းပိုင်းကို လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့ စစ်ကော်မရှင် လေယာဉ် တစီးကို စက်တင်ဘာလ ၁၂ ရက်နေ့မှာ KNLA နဲ့ ပူးပေါင်းတပ်ဘက်က ပစ်ခတ်နိုင်ခဲ့ပြီး ထိခိုက်မှု ရှိခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၅။ သပိတ်ကျင်းမှာ စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦး အပါအဝင် ၇ ဦး သေဆုံး
စက်တင်ဘာလ ၁၃ ရက်၊
Radio NUG
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ညောင်ပင်သာကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲချ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၂ ဦး အပါအဝင် အရပ်သား ပြည်သူ ၇ ဦး သေဆုံးခဲ့တယ်လို့ MDY - PDF က သတင်းထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလ ၁၃ ရက်၊ နေ့လယ် ၁၂ နာရီခွဲ ဝန်းကျင်မှာ ညောင်ပင်သာ ကျေးရွာကို တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၅ ဦး အသက်ဆုံးရှုံး ခဲ့ရပြီး ၁ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် ညနေ ၄ နာရီ ဝန်းကျင်မှာလည်း အကြမ်းဖက် စစ်ကော်မရှင်ဟာ သပိတ်ကျင်းမြို့နယ် နေရာအနှံ့အပြား ကို Y-12 လေယာဉ်ဖြင့် ဗုံးအလုံးရေ ၄၀ ခန့် ထပ်မံကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
၎င်းလေကြောင်း တိုက်ခိုက်မှုအတွင်း ကလေးငယ် ၁ ဦးနှင့် အမျိုးသမီး ၁ ဦး အသက်ဆုံးရှုံး ခဲ့ရပြီး ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၆။ ကနီ-ချောင်းမ တိုက်ပွဲမှာ ULF စစ်ကြောင်းမှ စစ်ကြောင်းမှူး ရဲဘော်နိုင်မင်း ကျဆုံးခဲ့
စက်တင်ဘာလ ၁၃ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ချောင်းမရွာ တိုက်ပွဲမှာ ယင်းမာပင်မြို့နယ် ပကဖ ULF စစ်ကြောင်းမှ စစ်ကြောင်းမှူးဖြစ်သူ ရဲဘော် နိုင်မင်း ကျဆုံးခဲ့တယ်လို့ Union Liberation Force က ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလ ၁၁ ရက်နေ့မှာ ချောင်းမရွာက ထွက်လာတဲ့ စစ်ကော်မရှင် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်နေစဉ် စစ်ကော်မရှင်တပ်က Y12 ဖြင့် ၁၂ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ရဲဘော် နိုင်မင်းဟာ နေ့လယ် ၁၂ နာရီခွဲ ခန့်မှာ စစ်ကော်မရှင်က ကြဲချခဲ့တဲ့ ဗုံးသီး ထိမှန်ပြီး ရှေ့တန်း တနေရာမှာ ကျဆုံးခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။
ကျဆုံးသွားခဲ့တဲ့ ULF စစ်ကြောင်းမှူး ဖြစ်သူရဲ့ ခေါင်းဆောင်မှု ရဲစွမ်းသတ္တိနဲ့ စွန့်လွှတ်စွန့်စားမှုကို တော်လှန်ရေး သမိုင်းမှာ မော်ကွန်းတင်လျက် ပြည်သူ့တော်လှန်ရေး အောင်မြင်တဲ့အထိ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ကတိသစ္စာ ပြုထားပါတယ်။
========================
🚩🚩 ၇။ မိုးဗြဲ PDF အမှတ် (၁၀၀၁) တပ်ရင်း၊ တပ်ခွဲ (၄) ဝံပုလွေတပ်ခွဲ မွန်းမံသင်တန်းဆင်းပွဲ ပြုလုပ်
စက်တင်ဘာလ ၁၃ ရက်၊
Radio NUG
ရှမ်း-ကယား(ကရင်နီ) တိုင်းစစ်ဌာန၊ ဗျူဟာ အမှတ် (၁၄) လက်အောက်ရှိ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ် PDF အမှတ် (၁၀၀၁) တပ်ရင်း၊ တပ်ခွဲ (၄) ဝံပုလွေ တပ်ခွဲက မွန်းမံ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလ ၁၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အဆိုပါ မွန်းမံသင်တန်း သင်တန်းဆင်းပွဲနဲ့အတူ ယူနီဖောင်း တပ်ဆင်ပေးခြင်းကိုပါ ပြုလုပ်ခဲ့ပြီး အမှတ် (၁၀၀၁) တပ်ရင်းမှူးနဲ့ ညီနောင် တပ်ဖွဲ့ဝင်များလည်း လာရောက်ပူးပေါင်းပါဝင် ခဲ့တယ်လို့ ဆိုပါတယ်။
ယခု မွန်းမံသင်တန်းကို ပြည်သူ အားကိုးထိုက်တဲ့ ရဲဘော်များ ဖြစ်စေရန်၊ စိတ်ဓါတ်ပိုင်းဆိုင်ရာ၊ ကိုယ်ကာယပိုင်း ဆိုင်ရာတို့ကို ပြန်လည်မြှင့်တင်ရန် ရက်တိုသင်တန်းပေးခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
ရဲရင့်တဲ့ စိတ်ဓါတ်၊ ပြည့်စုံတဲ့ လေ့ကျင့်မှုများဖြင့် စစ်အာဏာရှင်ကို မဟာမိတ် တပ်ပေါင်းစု ညီအကိုများနှင့်အတူ တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်လို့ ဝံပုလွေတပ်ခွဲက အသိပေးထားပါတယ်။
မိုးဗြဲ PDF အမှတ် (၁၀၀၁) တပ်ရင်းဟာ NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှ တပ်ရင်းဖြစ်ပြီး ရှမ်း - ကရင်နီ နယ်စပ် မိုးဗြဲမြို့မှာ စစ်ကော်မရှင်ကို ခုခံတိုက်ခိုက်နေတဲ့ တပ်ရင်းတခုလည်း ဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ပဒဲဖိုးက ပေးပို့ထားတာဖြစ်ပါတယ်။







No comments:
Post a Comment