၂၀၂၅ စက်တင်ဘာလ ၂၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ NUG နိုင်ငံတော် ယာယီသမ္မတနှင့် KNU ဥက္ကဋ္ဌတို့ ပူးပေါင်း လက်တွဲ လုပ်ဆောင်သွားမည့် ကဏ္ဍများအတွက် တွေ့ဆုံ ဆွေးနွေးခဲ့
📌 ၂။ စိုးမိုးထိန်းချုပ်ဒေသများတွင် ဝန်ကြီးဌာနအချင်းချင်း အချိတ်အဆက်မိမိ ပူးပေါင်းလုပ်ဆောင်ကြမှသာ ပိုမိုထိရောက် ကောင်းမွန်တဲ့ အုပ်ချုပ်ရေးယန္တရားတစ်ခုကို အသက်သွင်းနိုင်မှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် ပြောကြား
📌 ၃။ ဖူးခက်မြို့ ဆောက်လုပ်ရေးလုပ်ငန်းတခုမှာ အလုပ်သမား (၂၀၀) ခန့် လုပ်အားခများ မရရှိကြောင်း တိုင်ကြားလာတာကြောင့် သွားရောက်ကူညီ ဖြေရှင်းပေးခဲ့
📌 ၄။ ချောင်းဦးမြို့နယ်အတွင်းမှာ NUG မှ လူထုကူညီထောက်ပံ့မှုများ ပြုလုပ်
📌 ၅။ Starlink အသုံးပြုသူများ လုံခြုံရေးအတွက် VPN မဖြစ်မနေ အသုံးပြုရန် တိုက်တွန်း
📌 ၆။ ကိုရီးယားနိုင်ငံတွင် စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြပွဲကြီး ကျင်းပမည်
========================
၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ စစ်ကော်မရှင်ရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ ပါဝင်မယ့်သူများနဲ့ ဖြစ်မြောက်အောင် ကူညီတဲ့ မည်သူ့ကိုမဆို ပြတ်ပြတ်သားသား အရေးယူမယ်လို့ ချင်းညီနောင် ထုတ်ပြန်
🚩 ၂။ လှည်းကူးမြို့နယ်၊ အုန်းနှဲကုန်း ရပ်ကွက်ရုံးကို ပြင်းအားမြင့် မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်
🚩 ၃။ သပိတ်ကျင်းမှာ စစ်ကော်မရှင်တပ်က ၂ ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၂ ဦး ဒဏ်ရာရ
🚩 ၄။ မြောက်ခင်ရန်း ပျူရွာကို မြစ်သာမြစ်ကမ်းဘေး ကျေးရွာတချို့က စားနပ်ရိက္ခာထုပ်များ ပို့ဆောင်ရောင်းဝယ်နေ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ NUG နိုင်ငံတော် ယာယီသမ္မတနှင့် KNU ဥက္ကဋ္ဌတို့ ပူးပေါင်း လက်တွဲ လုပ်ဆောင်သွားမည့် ကဏ္ဍများအတွက် တွေ့ဆုံ ဆွေးနွေးခဲ့
စက်တင်ဘာ ၂၅
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဖဒိုကွယ်ထူးဝင်းတို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း စက်တင်ဘာလ ၂၅ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရမှ သတင်းထုတ်ပြန်ပါတယ်။
တွေ့ဆုံချိန်အတွင်း နွေဦးတော်လှန်ရေး အမြန်ဆုံး အောင်မြင်စေရန် တော်လှန်ရးအင်အားစုများကြား ပူးပေါင်း လက်တွဲ လုပ်ဆောင်သွားမည့် ကဏ္ဍများနှင့်စပ်လျဥ်း၍ အကျယ်တဝံ့ ဆွေးနွေးခဲ့ကြတယ်လို့ အသိပေးထားပါတယ်။
တော်လှန်ရေးအင်အားစုများကြား ယခုထက် ပိုမို စည်းလုံးညီညွတ်စွာ လက်တွဲပြီး မြန်မာနိုင်ငံ စစ်အာဏာရှင်လက်လက်အောက်မှ အပြီးတိုင် လွတ်မြောက်ရေး၊ စစ်အာဏာရှင်နှင့် အာဏာရှင်ဟူသမျှ အမြစ်ပြတ်တိုက်ဖျက်ရေး၊ လွတ်လပ်မှု၊ ငြိမ်းချမ်းမှုနှင့် လူထုသာယာဝပြောမှုတို့ကို ဖော်ဆောင်နိုင်ရေးတို့အတွက် ဆက်လက်ပြီး ခိုင်မာစွာ အတူ လက်တွဲ ဆောင်ရွက်သွားကြရန်လည်း ခေါင်းဆောင်နှစ်ဦး သဘောတူခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၂။ စိုးမိုးထိန်းချုပ်ဒေသများတွင် ဝန်ကြီးဌာနအချင်းချင်း အချိတ်အဆက်မိမိ ပူးပေါင်းလုပ်ဆောင်ကြမှသာ ပိုမိုထိရောက် ကောင်းမွန်တဲ့ အုပ်ချုပ်ရေးယန္တရားတစ်ခုကို အသက်သွင်းနိုင်မှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် ပြောကြား
စက်တင်ဘာ ၂၅
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟို ကော်မတီ အစည်းအဝေး အမှတ်စဉ် (၃၄/၂၀၂၅)ကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၂၅) ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါတယ်။
ပြည်ထောင်စုဝန်ကြီးချုပ်က "ပြီးခဲ့တဲ့ ၂၀ ရက်နေ့တုန်းက စစ်ကိုင်းတိုင်း၊ ကသာခရိုင် ဗန်းမောက်မြို့ကို အမှတ် (၁) စစ်ဒေသရဲ့ ကွပ်ကဲမှုနဲ့ PDF ရဲဘော်တွေ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး အောင်အောင်မြင်မြင် သိမ်းပိုက်နိုင်ခဲ့တဲ့အတွက် အင်မတန် ဝမ်းမြောက်ဂုဏ်ယူမိကြောင်း ဦးစွာပြောကြားလိုပါကြောင်း၊ မြို့တစ်မြို့သိမ်းပြီးပြီဆိုရင် နောက်ဆက်တွဲစီမံလုပ်ဆောင်ရမှာတွေကလည်း အင်မတန်များပြားတယ်ဆိုတာ ရှေ့မှာအတွေ့အကြုံတွေလည်း ရှိခဲ့ပြီးသား ဖြစ်တဲ့အတွက် အတွေ့အကြုံတွေကို အရင်းခံပြီး ဝန်ကြီးဌာနများ သေချာစွာ ပေါင်းစပ်ညှိနှိုင်း လုပ်ဆောင်ကြဖို့ အင်မတန် အရေးကြီးပါကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရဟာ တော်လှန်ရေးကာလအတွင်း တာဝန်ယူရတဲ့ အစိုးရဖြစ်တဲ့အပြင် ဒီတော်လှန်ရေးက ရဲဘော်တွေ၊ ပြည်သူတွေရဲ့ အရင်းအနှီးက များလွန်းတာကြောင့် ကျွန်တော်တို့ဟာ ပိုတာဝန်ကြီးတဲ့ တော်လှန်ရေးအစိုးရလည်း ဖြစ်နေပြီး ဒီလို ကြီးလေးတဲ့ တာဝန်ကို အခက်အခဲတွေ စိန်ခေါ်မှုတွေကြားက ထမ်းဆောင်နေကြရတဲ့ ယန္တရားအဆင့်ဆင့်က တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ပါကြောင်း၊ ကမ္ဘာ့အခြေအနေအရပ်ရပ်က ပြည်သူ့နွေဦးတော်လှန်ရေးအပေါ် မျက်နှာသာပေးမှု အများကြီး မရှိနေတာကိုလည်း စိတ်ပျက်အားငယ်နေစရာမလိုပဲ ကျွန်တော်တို့ဟာ ကိုယ့်အား ကိုယ်ကိုးပြီး ဒီနေ့ဒီအချိန်ထိ လျှောက်လှမ်းလာခဲ့ကြသလို ရှေ့ဆက်ပြီးလည်း ကိုယ့်ခွန် ကိုယ့်အားနဲ့ တော်လှန်ရေးကို အဆုံးသတ်အောင်ပွဲဆင်နွှဲနိုင်ကြောင်းပြသနိုင်ဖို့ အင်အားတွေ ရှိနေကြဖို့ လိုအပ်ပါကြောင်း အခုဆိုရင် ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနဲ့ တာဝန်ရှိသူအချို့ ကျွန်တော်တို့စိုးမိုးထိန်းချုပ်ဒေသတွေဆီ ကိုယ်တိုင်ကိုယ်ကျ သွားလာ လှုပ်ရှားပြီး မြေပြင်မှာ အစိုးရယန္တရား စနစ်တကျထူထောင်လည်ပတ်တာကစလို့ အဂတိ လိုက်စားမှုတွေကို အရေးယူတာတွေအထိ လုပ်ငန်းတွေမှာ စနစ်တကျဆောင်ရွက်နေကြတာကိုလည်း အင်မတန် အားရ ကျေနပ်မှုရှိပါကြောင်းနှင့် ဝန်ကြီးဌာနအချင်းချင်း အချိတ်အဆက်မိမိ ပူးပေါင်းလုပ်ဆောင်ကြမှသာ ပိုမိုထိရောက် ကောင်းမွန်တဲ့ အုပ်ချုပ်ရေးယန္တရားတစ်ခုကို ကျွန်တော်တို့ အသက်သွင်းနိုင်မှာဖြစ်လို့ ဒီအတွက် ကြိုးစားလုပ်ဆောင်ပေးကြဖို့ မှာကြားလိုပါကြောင်း” တို့ကို ထည့်သွင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ အမှတ်စဉ် (၃၃/၂၀၂၅) တွင် ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို မွန်းလွဲ (၁၂:၀၀) နာရီအချိန်တွင် အောင်မြင်စွာ ရပ်နားခဲ့တယ်လို့ သိရှိရပါတယ်။
========================
📌📌 ၃။ ဖူးခက်မြို့ ဆောက်လုပ်ရေးလုပ်ငန်းတခုမှာ အလုပ်သမား (၂၀၀) ခန့် လုပ်အားခများ မရရှိကြောင်း တိုင်ကြားလာတာကြောင့် သွားရောက်ကူညီ ဖြေရှင်းပေးခဲ့
စက်တင်ဘာ ၂၅ ရက်၊
Radio NUG
ထိုင်းနိုင်ငံ၊ ဖူးခက်မြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် တခုမှာ အလုပ်လုပ်နေတဲ့ မြန်မာ အလုပ်သမား ၂၀၀ ခန့်က လုပ်အားခများ မရရှိကြောင်း တိုင်ကြားလာတာကြောင့် သွားရောက်ကူညီ ဖြေရှင်းပေးခဲ့တယ်လို့ တိုင်ကြားရေး ယန္တယား - အလုပ်သမား ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မြန်မာအလုပ်သမား ၂၀၀ ခန့်အား အလုပ်ရှင်မှ လုပ်အားခ ၂ လစာ မပေးသဖြင့် ဖြေရှင်းပေးပါရန် အလုပ်သမားများက တိုင်ကြားလာတာကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူနဲ့ MHAC မဟာမိတ်အဖွဲ့မှ အဖွဲ့ဝင်များက သွားရောက်တွေ့ဆုံ ဖြေရှင်းပေးခဲ့တယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၂၂၊ ၂၃၊ ၂၄ ရက်နေ့တို့မှာ အလုပ်သမားများ နေထိုင်ရာ တန်းလျားများနဲ့ လုပ်ငန်းခွင် နေရာများအထိ သွားရောက်တွေ့ဆုံပြီး ဖြစ်စဉ်ကို စုံစမ်းမေးမြန်းခဲ့ကာ အလုပ်သမားများ ရပိုင်ခွင့်ရှိတဲ့ အခွင့်အရေးများအတွက် ဖူးခက်မြို့၊ ဆဝါဒီကန် ရုံးမှာ သွားရောက်တိုင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။
ဆက်လက်ပြီး အလုပ်ရှင်နဲ့လည်း ညှိနှိုင်းဆွေးနွေးခြင်းများ ပြုလုပ်ပေးခဲ့ရာ အလုပ်သမားများကို ပေးဖို့ကျန်ရှိတဲ့ လုပ်အားခများကို အောက်တိုဘာ လဆန်းမှာ အလုပ်ရှင်ဘက်က ရှင်းပေးမယ်လို့ ဆဝါဒီကန်ရုံး တာဝန်ရှိသူများရဲ့ ရှေ့မှောက်မှာ သဘောတူညီမှုရရှိအောင် ညှိနှိုင်းကူညီ ဖြေရှင်းဆောင်ရွက် ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ယခုလို ကူညီဆောင်ရွက် ပေးနိုင်ဖို့အတွက် CRPH - အလုပ်သမားရေးရာ ကော်မတီ နှင့် MHAC မဟာမိတ်အဖွဲ့ တို့က ကုန်ကျစားရိတ်များကို ပံ့ပိုးကူညီ ထောက်ပံ့ပေးခဲ့တာ ဖြစ်ပြီး ကျေးဇူးအထူးတင်ရှိပါကြောင်း ဖော်ပြထားပါတယ်။
========================
📌📌 ၄။ ချောင်းဦးမြို့နယ်အတွင်းမှာ NUG မှ လူထုကူညီထောက်ပံ့မှုများ ပြုလုပ်
စက်တင်ဘာ ၂၅
Radio NUG
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်အတွင်း စစ်ရှောင်နေကြတဲ့ ပြည်သူတွေနဲ့ ကလေးငယ်တွေအတွက် စားနပ်ရိက္ခာနဲ့ ကျောင်းအသုံးအဆောင်ပစ္စည်း ထောက်ပံ့ကူညီပေးမှုတွေနဲ့ လေကြောင်းအန္တာရာယ်အသိပညာပေးမှုတွေကို စက်တင်ဘာလထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရေးရာတာဝန်ခံတွေက ဦးဆောင်ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။
အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ကြောင်းထိုး အကြမ်းဖက်မှုတွေနဲ့ လေကြောင်းပစ်ခတ်မှုတွေကြားမှာ အထွေထွေအကျပ်တည်းဆိုက်နေတဲ့ လူထုသည် အဖက်ဖက်က ထောက်ပံ့ကူညီမှုများ လိုအပ်နေတယ်လို့ အသိပေးထားပါတယ်။
========================
📌📌 ၅။ Starlink အသုံးပြုသူများ လုံခြုံရေးအတွက် VPN မဖြစ်မနေ အသုံးပြုရန် တိုက်တွန်း
စက်တင်ဘာ ၂၅
Radio NUG
Starlink အသုံးပြုသူများအနေဖြင့် ၎င်းတို့၏ အင်တာနက်ချိတ်ဆက်မှု၏ လုံခြုံရေးကို သေချာစေရန် VPN ကို မဖြစ်မနေ အသုံးပြုရန် တယ်လီကျန်းမာမှ တိုက်တွန်းထားပါတယ်။
လွတ်မြောက်နယ်မြေတစ်ခုမှ ဆရာဝန်တစ်ဦးက ၎င်းတို့အသုံးပြုနေသော Starlink အင်တာနက်ဖြင့် Spring Development Bank (SDB) အကောင့်သို့ ဝင်ရောက်နိုင်ခြင်း မရှိတော့ကြောင်း ပြောကြားခဲ့တာကြောင့် စစ်ဆေးမှုများအရ Starlink အင်တာနက်၏ IP လိပ်စာများသည် ယခင်က မြန်မာနိုင်ငံပြင်ပ အိမ်နီးချင်းနိုင်ငံများမှ IP လိပ်စာများအဖြစ် ပြသနေရာမှ ယခုအခါ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့အခြေစိုက် IP လိပ်စာများအဖြစ် ပြောင်းလဲပေါ်ထွက်လာကြောင်း တွေ့ရှိရတယ်လို့ အသိပေးထားပါတယ်။
အဆိုပါဆရာဝန်သည် VPN (Virtual Private Network) ကို အသုံးပြု၍ ချိတ်ဆက်ပြီးမှသာ SDB အကောင့်သို့ ပြန်လည်ဝင်ရောက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
SDB ကဲ့သို့ လုံခြုံရေးကို ဦးစားပေးသည့် ဝန်ဆောင်မှုများသည် မြန်မာနိုင်ငံအတွင်းမှ IP လိပ်စာများကို ပိတ်ဆို့လေ့ရှိပြီး ယခုကဲ့သို့ IP လိပ်စာ ပြောင်းလဲမှုသည် Starlink အင်တာနက်ဝန်ဆောင်မှုက မြန်မာနိုင်ငံစစ်ကောင်စီ၏ လက်အောက်ခံ ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မှု စတင်နေပြီလားဟူသော စိုးရိမ်မှုများကို ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်ထိ Starlink သို့မဟုတ် မြန်မာအာဏာပိုင်များထံမှ တရားဝင်ကြေညာချက် ထွက်ပေါ်လာခြင်း မရှိသေးသော်လည်း၊ ထိုပြောင်းလဲမှုသည် အသုံးပြုသူများ၏ လုံခြုံရေးအပေါ် သက်ရောက်မှုရှိနိုင်သည်ဟု ကျွမ်းကျင်သူများက သတိပေးထားပါတယ်။
အချို့အသုံးပြုသူများက Starlink နှင့် VPN ပေါင်းစပ်အသုံးပြုရာတွင် အခက်အခဲများ ရှိတတ်သည်ဟု ဖော်ပြခဲ့သော်လည်း၊ မိမိ၏ IP လိပ်စာကို စစ်ဆေးရန် Google တွင် “What is my IP address?” ဟု ရှာဖွေကြည့်ရန်၊ အကယ်၍ IP လိပ်စာသည် မြန်မာနိုင်ငံအတွင်းမှ ဖြစ်နေပါက VPN ကို အသုံးပြုရန်၊ နည်းပညာကျွမ်းကျင်သူများက လက်ရှိအခြေအနေနှင့်ပတ်သက်၍ ထပ်မံစိစစ်မှုများ ပြုလုပ်နေဆဲဖြစ်ပြီး၊ ပြတ်သားသည့်အဖြေတစ်ခု မထွက်ပေါ်မီအထိ VPN ကို အမြဲတမ်း အသုံးပြုထားရန် အကြံပြုထားပါတယ်။
========================
📌📌 ၆။ ကိုရီးယားနိုင်ငံတွင် စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြပွဲကြီး ကျင်းပမည်
စက်တင်ဘာ ၂၅
Radio NUG
မြန်မာနိုင်ငံရှိ စစ်အာဏာသိမ်းအုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်သည့် နိုင်ငံလုံးဆိုင်ရာ ဆန္ဒပြပွဲကြီးကို ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၄ ရက် (စနေနေ့) တွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။
ဆန္ဒပြပွဲသည် မွန်းလွဲ ၁၂:၃၀ မှ ညနေ ၃:၃၀ နာရီအထိ ဆိုးလ်မြို့၊ ချွန်းဂျဲစမ်ချောင်းဘဲရူလင်းရင်ပြင်တွင် စတင်မှာဖြစ်တယ်လို့ သိရပါတယ်။
ဆန္ဒပြပွဲကနေ မြန်မာစစ်အုပ်စုရဲ့ အတင်းအကျပ်ပြုလုပ်နေသည့် ရွေးကောက်ပွဲဟာ ပြည်သူလူထု၏ ထောက်ခံမှုမရှိသည့် အလိမ်အညာတစ်ခုသာဖြစ်ကြောင်း ကမ္ဘာသို့ ပြတ်သားစွာ ဖော်ပြရန် ရည်ရွယ်ထားပါတယ်။
ကိုရီးယားနိုင်ငံရှိ မြန်မာနိုင်ငံသားများနှင့် တော်လှန်ရေးအဖွဲ့အစည်းများသည် ပြည်တွင်းရှိ ပြည်သူများ၏ အသံကို ကမ္ဘာ့အသိုင်းအဝိုင်းသို့ ပို့ဆောင်ရန် တာဝန်ယူထားတယ်လို့ ဆိုပါတယ်။
“ပြည်တွင်းရှိ ပြည်သူများဟာ စစ်မိစ္ဆာတွေရဲ့ အစွမ်းကုန် ယုတ်မာရက်စက် ဖိနှိပ်မှုကြောင့် လွတ်လပ်စွာ ဆန္ဒမထုတ်ဖော်နိုင်တဲ့ အချိန်မှာ ပြည်ပရောက် ငါတို့တတွေက အကျယ်လောင်ဆုံး အသံထုတ်ပေးဖို့ ငါတို့မှာ တာဝန်ရှိတယ်။ ငါတို့အသံဟာ “လူထုအသံ”ဖြစ်တယ်။”လို့ ဖော်ပြထားပါတယ်။
ဆန္ဒပြပွဲတွင် ဆိုးလ်၊ ဂယောင်ဂီဒို၊ အင်ချွန်း၊ ဘူဖျောင်းအစရှိတဲ့ မြို့များမှ မြန်မာနိုင်ငံသားများနှင့် တော်လှန်ရေးအဖွဲ့အစည်းများ ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။
ဆန္ဒပြပွဲကို ကိုရီးယားရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်ရုံးနှင့် တော်လှန်ရေးအဖွဲ့အစည်းပေါင်း ၃၀ ကျော်ပါဝင်သည့် “စစ်အုပ်စုရွေးကောက်ပွဲဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှုကော်မတီ” မှ ဦးဆောင်စီစဉ်ထားခြင်းဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ စစ်ကော်မရှင်ရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ ပါဝင်မယ့်သူများနဲ့ ဖြစ်မြောက်အောင် ကူညီတဲ့ မည်သူ့ကိုမဆို ပြတ်ပြတ်သားသား အရေးယူမယ်လို့ ချင်းညီနောင် ထုတ်ပြန်
စက်တင်ဘာ ၂၅ ရက်၊
Radio NUG
အကြမ်းဖက် စစ်ကော်မရှင်က ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီ၊ ကိုယ်စားလှယ်များနဲ့ ရွေးကောက်ပွဲ ဖြစ်မြောက်ရေး ကူညီဆောင်ရွက်ပေးတဲ့ မည်သူ့ကိုမဆို ပြတ်ပြတ်သားသား အရေးယူသွားမယ်လို့ ချင်းညီနောင် - CHIN BROTHERHOOD က ထုတ်ပြန်ထားပါတယ်။
ပြည်သူ့သဘောဆန္ဒ မပါဘဲ တရားမဝင် ရွေးကောက်ပွဲ ဖန်တီးပြုလုပ်ခြင်းဟာ ဒီမိုကရေစီ စနစ်နဲ့ ဆန့်ကျင်နေပြီး အချုပ်အခြာအာဏာကို အတင်းအဓမ္မ ရယူဖို့ ကြိုးစားနေခြင်းသာ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်ဟာ နိုင်ငံရေး အကျဉ်းသားများကို ဆက်လက်ဖမ်းဆီးထားခြင်း၊ နိုင်ငံတဝှမ်းရှိ အရပ်သားပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်း၊ စစ်အုပ်ချုပ်ရေးကဲ့သို့ တင်းကြပ်တဲ့ ဥပဒေများချမှတ်ထားခြင်းနဲ့ ပြည်သူ ကိုယ်စားပြုတဲ့ နိုင်ငံရေးပါတီများ မပါဝင်ခြင်းတို့ကြောင့် ၎င်းတို့ ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်မှုနှင့် တရားမျှတမှု မရှိတဲ့ အတုအယောင် ရွေးကောက်ပွဲသာ ဖြစ်တယ်လို့ ထောက်ပြပါတယ်။
ထို့ပြင် တရားမဝင် ရွေးကောက်ပွဲကြောင့် ဒီမိုကရေစီ နည်းကျ ရွေးကောက်ခံ အစိုးရ ဖြစ်မလာတဲ့အပြင် ပဋိပက္ခကို ပိုမိုကြီးထွားစေနိုင်ပြီး၊ နိုင်ငံရေးအရ ထွက်ပေါက်ရှာတဲ့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေး ကြိုးပမ်းမှုသာ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ချင်းညီနောင် အနေဖြင့် တစ်နိုင်ငံလုံးရှိ မိတ်ဖက်တော်လှန်ရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းလက်တွဲကာ ဆန့်ကျင်သွားမှာဖြစ်ပြီး နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့်လည်း အတုအယောင် ရွေးကောက်ပွဲကို အားပေးထောက်ခံခြင်း မပြုကြဖို့ မေတ္တာရပ်ခံထားပါတယ်။
========================
🚩🚩 ၂။ လှည်းကူးမြို့နယ်၊ အုန်းနှဲကုန်း ရပ်ကွက်ရုံးကို ပြင်းအားမြင့် မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်
စက်တင်ဘာ ၂၅ ရက်၊
Radio NUG
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ အုန်းနှဲကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့် မိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ Yangon Army (YA) က ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလ ၂၅ ရက်၊ ည ၇ နာရီ ဝန်းကျင်မှာ အကြမ်းဖက် စစ်ကော်မရှင် လက်အောက်ခံ အုပ်ချုပ်ရေးမှူး နှင့် လူမိုက်အဖွဲ့ ရပ်ကွက်ရုံးမှာ ရှိနေချိန်တွင် ပြင်းအားမြင့် မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို Yangon Army (YA) ရဲဘော်များက ဆောင်ရွက်ခဲ့တာဖြစ်ပြီး ပစ်မှတ်ကို ထိရောက်စွာ တိုက်ခိုက်နိုင်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှု ရှိနိုင်တယ်လို့ သိရပါတယ်။
အုန်းနှဲကုန်း အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ဟာ တရားမဝင် ရွေးကောက်ပွဲ ကိစ္စများကို ဆောင်ရွက်ခြင်း၊ လူငယ်များအား ပေါ်တာဆွဲပြီး စစ်မှုထမ်း လိုအပ်တဲ့ နေရာများကို ရောင်းစားကာ လူကုန်ကူးခြင်းများ လုပ်ဆောင်နေတာကြောင့် အခုလို တိုက်ခိုက်ခဲ့တာလို့ အသိပေးထားပါတယ်။
========================
🚩🚩 ၃။ သပိတ်ကျင်းမှာ စစ်ကော်မရှင်တပ်က ၂ ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၂ ဦး ဒဏ်ရာရ
စက်တင်ဘာ ၂၅ ရက်၊
Radio NUG
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် တောင်ပိုင်း၊ ချောင်းကြီးနယ် အနီးတဝိုက်ကို စစ်ကော်မရှင်က (၂) ကြိမ်တိုင် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အမျိုးသား ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ Voice of Mandalay က ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလ ၂၅ ရက်၊ နေ့လယ် ၁၂ နာရီ ၅၀ မိနစ်မှာ စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှု (၂) ကြိမ် ပြုလုပ်ခဲ့ပြီး လူထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ထို့အပြင် ၁၂ နာရီ ၅၇ မိနစ်မှာလည်း Jet Fighter နောက်တစီးဖြင့် (၂) ကြိမ် ထပ်မံ ဗုံးကြဲခဲ့ရာ အမျိုးသား (၂) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၄။ မြောက်ခင်ရန်း ပျူရွာကို မြစ်သာမြစ်ကမ်းဘေး ကျေးရွာတချို့က စားနပ်ရိက္ခာထုပ်များ ပို့ဆောင်ရောင်းဝယ်နေ
စက်တင်ဘာ ၂၅ ရက်၊
Radio NUG
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်း၊ မြစ်သာမြစ်ကမ်းဘေးရှိ ကျေးရွာတချို့က ဒေသခံများဟာ ရေကြောင်း အသုံးပြုပြီး မြောက်ခင်ရန်းရွာ အစရှိတဲ့ ပျူစောထီး ကျေးရွာများကို စားနပ်ရိက္ခာထုတ်များ ပို့ဆောင်ရောင်းဝယ်နေကြတယ်လို့ ယောအလင်းတန်းက ဖော်ပြထားပါတယ်။
မြစ်သာမြစ် အထက်ပိုင်းကနေ မြစ်ရေစီးအတိုင်း ဆီ၊ ဆန်၊ ဆား၊ ဟင်းချိုမှုန့်၊ ငါးပိ၊ ငါးခြောက်၊ ဆေးပေါ့လိပ် နဲ့ စက်သုံးဆီ အစရှိတဲ့ စားနပ်ရိက္ခာနဲ့ အခြားအသုံးဆောင် ပစ္စည်းများကို ရေ အလွယ်တကူ မဝင်နိုင်စေရန် ရေစိုခံ အိတ်များ၊ ၅ ဂါလံဆန့် အဝါရောင် ပုံးများဖြင့် သေချာထုတ်ပိုးကာ မျှောပါပို့ဆောင် နေကြတယ်လို့ ဆိုပါတယ်။
အခုလို မြစ်ကြောင်းအတိုင်း ရေစီးနဲ့ မျှောပြီး လက်ခံရရှိတဲ့ ပစ္စည်းအထုတ်များပေါ် မူတည်ကာ အရေအတွက်နဲ့ တန်ဖိုးကြေးငွေကို ဖုန်းဖြင့် ဆက်သွယ်ပြောဆိုကာ Kpay၊ Wpay ကနေ ပိုက်ဆံရှင်းတာ၊ ပစ္စည်းဝယ်တာတွေကို လုပ်ဆောင်နေကြတာ ဖြစ်တယ်လို့ သိရပါတယ်။
ထိုသို့ ပို့ဆောင်နေတဲ့ အထုတ်တွေကို မြစ်သာမြစ်ထဲ ငါးဖမ်းနေတဲ့ တံငါတွေက လမ်းခုလပ်ကနေ ဆယ်ယူရှိတာတွေလည်း ရှိနေတယ်လို့သိရပြီး ဘယ်ရွာက၊ ဘယ်သူတွေ လုပ်ဆောင်နေကြတယ်ဆိုတဲ့ အချက်အလက်တွေကို ဖော်ပြထားခြင်း မရှိပါဘူး။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment