၂၀၂၅ အောက်တိုဘာလ ၁ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ရခိုင်အပါအဝင် မြန်မာနိုင်ငံအနှံ့ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတဲ့အတွက် ရိုဟင်ဂျာတွေ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်တဲ့ အလားအလာမရှိသေးဘူးလို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးပြော
📌 ၂။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ အတုအယောင်ရွေးကောက်ပွဲတားဆီးရေးအစည်းအဝေးကျင်းပ
📌 ၃။ တော်လှန်ရေးကာလ ၄ နှစ်အတွင်း ရန်ကုန်တိုင်းနဲ့ဆိုင်တဲ့ သတင်းအချက်အလက်တွေ ဖြန့်ဝေနိုင်ခဲ့တယ်လို့ RSN ပြော
📌 ၄။ ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့အတွက် အရေးပေါ်လိုအပ်လျက်ရှိသည့် စတားလင့် ဖြည့်ဆည်းပေးနိုင်ရေးအိမ်ပြန်လမ်းအတွက် တွဲမယ့်လက်“ကံစမ်းမဲ”အစီအစဥ်စတင်
📌 ၅။ အောက်တိုဘာ ၂ ရက်နေ့မှာအဆိုတော်လင်းလင်းရဲ့" ပြဇာတ် ၂၁ Theatre 21 "အခွေသစ်ထွက်ရှိမည်
📌 ၆။ အရှိုက်ကိုနင်းမယ့်ခြေလှမ်းများ COMBAT KICKSကမ်ပိန်းမှာ ပွိုင့်ဖိနပ် အရံ (၅၀၀)ရည်မှန်းချက် သတ်မှတ်ထား
========================
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ စစ်မှုထမ်းတပ်သားသစ်တွေကို စစ်တပ်က လူသားဒိုင်းအဖြစ် သုံးနေတဲ့အတွက် ရတဲ့နည်းနဲ့ တော်လှန်ရေး အင်အားစုနဲ့ ပူးပေါင်းဖို့ NUG ပြောခွင့်ရ ဦးနေဘုန်းလတ် တိုက်တွန်း
🚩 ၂။ အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက် ARSA အဖွဲ့က ဖမ်းဆီးသတ်ဖြတ်ပြီး စွန့်ပစ်ထားတဲ့ အာရက္ခပြည်သူတွေရဲ့ ရုပ်အလောင်းတွေ တွေ့ထားတယ်လို့ AA ပြော
🚩 ၃။ လူမိုက်တွေ လုံခြုံရေးယူထားတဲ့ မြောက်ဥက္ကလာ ၂၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့်မိုင်းအပါအဝင် လက်ပစ်ဗုံးနဲ့ တိုက်ခိုက်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ရခိုင်အပါအဝင် မြန်မာနိုင်ငံအနှံ့ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတဲ့အတွက် ရိုဟင်ဂျာတွေ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်တဲ့ အလားအလာမရှိသေးဘူးလို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးပြော
အောက်တိုဘာလ (၁)ရက်
ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံအနှံ့ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် ရိုဟင်ဂျာတွေ ဘေးကင်းလုံခြုံပြီး သိက္ခာရှိစွာနဲ့ မိမိတို့ဆန္ဒအလျောက် နေရပ်ပြန်နိုင်ဖို့ဆိုတာ အချိန်တိုအတွင်း မဖြစ်နိုင်ဘူးလို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေအပါအဝင် အခြားသော လူနည်းစုများ၏ အခြေအနေဆိုင်ရာ အဆင့်မြင့် ကွန်းဖရင့် မျက်နှာစုံညီကဏ္ဍမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။
မြန်မာအပါအဝင် အိမ်ရှင်အဖြစ် လက်ခံထားတဲ့ နိုင်ငံတွေမှာ နေထိုင်ကြတဲ့ ရိုဟင်ဂျာတွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေဟာ ဘက်ပေါင်းစုံ ရှုပ်ထွေးနေသလို လူအလုံးအရင်းနဲ့ ရွှေ့ပြောင်းခဲ့ချိန်ကစပြီး နေရပ်စွန့်ခွာမှု ဟာ ဆက်လက် မြင့်တက်နေဆဲလို့ အစည်းအဝေးတက်ရောက်လာသူတွေကို မြန်မာသံအမတ်ကြီးက ရှင်းပြထားပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အဲဒီဒုက္ခသည်တွေကို လက်ခံပေးထားတဲ့ အိမ်ရှင်နိုင်ငံတွေအပေါ် ကျေးဇူးကြွေး တင်နေကြောင်းနဲ့ အိမ်ရှင်နိုင်ငံတွေဘက်က ဒုက္ခသည်တွေရဲ့ လူနေမှုဘဝ မြင့်မားစေရေးနဲ့ ကျန်းမာရေး၊ ပညာရေး ဝန်ဆောင်မှုတွေအပါအဝင် အလုပ်အကိုင် အခွင့်အလမ်း ရရှိစေဖို့ ကူညီ လုပ်ဆောင်ပေးနိုင် မယ့်အပေါ် ကျေးဇူးတင်တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။
ဒီအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ဆိုရင် မြန်မာနိုင်ငံနဲ့ အိမ်ရှင်နိုင်ငံတွေအနေနဲ့ နိုင်ငံတကာအသိုက်အဝန်း ရဲ့ ထိရောက်တဲ့ အကူအညီတွေ အလျင်အမြန် လိုအပ်နေတယ်လို့ ထောက်ပြထားပါတယ်။
ဒီလိုအခြေအနေမှာ စစ်တပ်က ရခိုင်ပြည်အပါအဝင် မြန်မာနိုင်ငံအနှံ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် နေတာကြောင့် ရိုဟင်ဂျာတွေအနေနဲ့ သူတို့နေရပ်ကို ဘေးကင်းလုံခြုံပြီး သိက္ခာရှိစွာနဲ့ မိမိတို့ဆန္ဒအလျောက် ပြန်နိုင်ရေးဟာ အချိန်တိုအတွင်း ဖြစ်လာနိုင်တဲ့အလားအလာ မတွေ့ရဘူးလို့လည်း ကုလဆိုင်ရာ မြန်မာ သံအမတ်ကြီးက ရှင်းပြခဲ့ပါတယ်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူနဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရားတို့က တင်သွင်းတဲ့ အစီရင်ခံစာတွေမှာလည်း မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေဟာ ဆိုးရွားနေတဲ့ အကြောင်း ဖော်ပြထားတာကို ကိုးကားပြီး အသိပေးလိုက်တာ ဖြစ်ပါတယ်။
အခုလို ဖြစ်နေရတာဟာ စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ မတရား စစ်အာဏာသိမ်းခဲ့တာကြောင့်ဖြစ်တဲ့အတွက် စစ်တပ်ဟာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ပျက်စီး ဆိတ်သုဉ်းစေခြင်းရဲ့ အဓိက တရားခံ လက်သည်ဖြစ်တယ်လို့ လည်း ပြောကြားခဲ့ပါတယ်။
ဒါကြောင့် ရိုဟင်ဂျာတွေအပါအဝင် နေရပ်စွန်ခွာနေရသူတွေ နေရပ်ပြန်နိုင်ရေး အထောက်အပံ့ဖြစ်စေမယ့် ပတ်ဝန်း ကျင်ကောင်းတခု ဖန်တီးနိုင်ဖို့ဆိုရင် စစ်အာဏာရှင်စနစ်နဲ့ အရပ်သားပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ ရက်စက် ကြမ်းကြုတ်မှုတွေ ချုပ်ငြိမ်းအောင်လုပ်ဖို့ လိုသလို မိမိတို့ကြား ယုံကြည်မှုတည်ဆောက်ရေးနဲ့ စည်းလုံးညီညွတ်ရေး အတွက်လည်း နှစ်ဆ တိုးမြှင့်အားထုတ်ရမယ်လို့လည်း ကုလဆိုင်ရာ မြန်မာ သံအမတ်ကြီးက တိုက်တွန်းပြောကြားခဲ့ ပါတယ်။
========================
📌📌 ၂။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ အတုအယောင်ရွေးကောက်ပွဲတားဆီးရေးအစည်းအဝေးကျင်းပ
အောက်တိုဘာလ (၁)ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ၍အတုအယောင်ရွေးကောက်ပွဲတားဆီးရေးအစည်းအဝေးကို စက်တင်ဘာ၃၀ရက်မှာ ကျင်းပခဲ့ပါတယ်။
အစည်းအဝေး၌ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ် ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ပြည်သူ့ရဲတပ်ဖွဲ့ တာဝန်ရှိသူမှ အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲဆောင်ရွက်မှုကိစ္စရပ်များနှင့်ပတ်သက်၍ရှင်းလင်းပြောကြားခဲ့ပြီးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှပြန်လည်ဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြည်သူ့ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၃။ တော်လှန်ရေးကာလ ၄ နှစ်အတွင်း ရန်ကုန်တိုင်းနဲ့ဆိုင်တဲ့ သတင်းအချက်အလက်တွေ ဖြန့်ဝေနိုင်ခဲ့တယ်လို့ RSN ပြော
အောက်တိုဘာလ (၁)ရက်
တော်လှန်ရေးကာလ ၄ နှစ်အတွင်း ရန်ကုန်တိုင်းနဲ့ဆိုင်တဲ့ သတင်းအချက်အလက်တွေ ဖြန့်ဝေနိုင်ခဲ့တယ်လို့ Yangoon Scout Network - RSN အဖွဲ့က ပြောပါတယ်။
ဒီနေ့ အောက်တိုဘာ ၁ ရက်မှာ ကျရောက်တဲ့ RSN တည်ထောင်ခြင်း ၄ နှစ်ပြည့်မှာ အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။
ဒီ ၄ နှစ်တာကာလအတွင်း တနေ့မှ မနားဘဲ ရန်ကုန်တိုင်းတဲ့ပတ်သတ်တဲ့ သတင်းအချက်အလက်တွေကို အဓိကထားပြီး ပြည်သူလူထုနဲ့ တော်လှန်ရေးအင်အားစုတွေဆီ အချိန်နဲ့တပြေးညီ နည်းအမျိုးမျိုးနဲ့ ဖြန့်ဝေပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။
အခုလို ပေးပို့နိုင်ဖို့ RSN ကို သတင်းပေးပို့ခဲ့ကြသူတွေ၊ ပုံစံမျိုးစုံနဲ့ လုပ်အားပေးကြသူတွေ အားပေးကူညီသူ အားလုံးကို ကျေးဇူးတင်တဲ့အကြောင်းလည်း အသိပေးထားပါတယ်။
RSN အနေနဲ့ ပြည်သူလူထုနဲ့အတူ ဆက်လက်ပြီး အစွမ်းကုန်ကြိုးစားလှုပ်ရှားနေမှာဖြစ်တယ်လို့ အသိပေးသလို ပြည်သူ လူထုလိုလားတဲ့ ဘေးကင်းလုံခြုံပြီး လွတ်လပ် တရားမျှတတဲ့ နိုင်ငံတခု အမြန်ဆုံး ဖြစ်ပေါ်လာဖို့လည်း ဆုတောင်းပေးထား ပါတယ်။
Yangoon Scout Network - RSN အဖွဲ့ဟာ ရန်ကုန်တိုင်းအတွင်း ထူးခြားဖြစ်စဥ်တွေနဲ့ သတိထားရမယ့် အကြမ်းဖက် စစ်တပ် လှုပ်ရှားမှုတွေကို အဓိကထား ဖော်ပြနေတဲ့ အဖွဲ့ ဖြစ်ပါတယ်။
========================
📌📌 ၄။ ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့အတွက် အရေးပေါ်လိုအပ်လျက်ရှိသည့် စတားလင့် ဖြည့်ဆည်းပေးနိုင်ရေးအိမ်ပြန်လမ်းအတွက် တွဲမယ့်လက်“ကံစမ်းမဲ”အစီအစဥ်စတင်
အောက်တိုဘာလ (၁)ရက်
ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့အတွက် အရေးပေါ်လိုအပ်လျက်ရှိသည့် စတားလင့် ဖြည့်ဆည်းပေးနိုင်ရေးအိမ်ပြန်လမ်းအတွက် တွဲမယ့်လက်“ကံစမ်းမဲ”အစီအစဥ် စတင်လိုက်ပြီဖြစ်ပါတယ်။
ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့အတွက် အရေးပေါ်လိုအပ်လျက်ရှိသည့် စတားလင့် ဖြည့်ဆည်းပေးနိုင်ရေးတားဂတ် - ကျပ်သိန်း (၂၅၀)သတ်မှတ်ထားကာ လက်မှတ်စောင်ရေ - အစောင် (၅၀၀)ကို တစောင်လက်မှတ်တန်ဖိုး - မြန်မာငွေ ၅၀,၀၀၀ကျပ်နှုန်းဖြင့်ရောင်းချပေးသွားမှာဖြစ်ပါတယ်။
“ကံစမ်းမဲ”အစီအစဥ်စတင်ပြီဖြစ်ကြောင်းနှင့် မဲလက်မှတ်များစတင်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါတယ်"လို့အပြည်ပြည်ဆိုင်ရာဧရာဝတီထောက်ပို့အသင်းကဆိုထားပါတယ်။
ပါဝင်မည့်ဆုများကတော့ပထမဆု - iphone air (၁)လုံး ၊ဒုတိယဆု - ရွှေလက်စွပ်(၁)ကွင်း၊တတိယဆု - 21CM နာရီ (၁)လုံး၊နှစ်သိမ့်ဆု - ကြုံး(Kyone)ပိုက်ဆံအိတ် (၃)လုံးတို့ပါဝင်မှာဖြစ်ပါတယ်။
အပြည်ပြည်ဆိုင်ရာဧရာဝတီထောက်ပို့အသင်းအနေဖြင့်စတင်ဖွဲ့စည်းချိန်မှ ယနေ့အထိ လစဥ်ထောက်ပို့ငွေကောက်ခံခြင်း၊ ရန်ပုံငွေဈေးရောင်းခြင်းနှင့် “ဧရာဝတီစကားဝိုင်း”တိုက်ရိုက်ထုတ်လွှင့်ခြင်းအစီအစဥ်တို့ကိုဆောင်ရွက်နိုင်ခဲ့ပြီး ယခုကံစမ်းမဲရောင်းချသည့်အစီအစဥ်သည် အသင်းမှထပ်မံတိုးချဲ့ဆောင်ရွက်သည့်အစီအစဥ်ဖြစ်ကြောင်းသိရပါတယ်။
========================
📌📌 ၅။ အောက်တိုဘာ ၂ ရက်နေ့မှာအဆိုတော်လင်းလင်းရဲ့" ပြဇာတ် ၂၁ Theatre 21 "အခွေသစ်ထွက်ရှိမည်
အောက်တိုဘာလ (၁)ရက်
အဆိုတော်လင်းလင်းရဲ့" ပြဇာတ် ၂၁ Theatre 21 "အခွေသစ်ကို အောက်တိုဘာ ၂ ရက်နေ့မှာ ထွက်ရှိမည်ဖြစ်ကြောင်းသိရပါတယ်။
"လာမယ့် အောက်တိုဘာ ၂ ရက်နေ့မှာကျနော့်ရဲ့ ဂီတမှတ်တိုင် ၆ခုမြောက်ဖြစ်တဲ့ ၆ခွေမြောက် album ထွက်ပါမယ်။album title ကတော့ အာဏာသိမ်းညမှာ ရေးဖြစ်ခဲ့တဲ့ သီချင်းနာမည်" ပြဇာတ် ၂၁ Theatre 21 " ကို နာမည်ပေးထားပါတယ်"လို့အဆိုတော်လင်းလင်းက အသိပေးဆိုထားပါတယ်။
အခွေသစ်အား ရဲဘော်ရဲဘက် admin မိသားစုတွေက မှာယူ,လက်ခံ,ငွေယူ,ပို့ဆောင်တာတွေရယ်၊ နိုင်ငံအချို့နဲ့ ချိတ်ဆက်,မှာယူ, ပို့ဆောင်,ကြေငြာ တာတွေ လုပ်ပေးကြမှာဖြစ်ပြီးတော့ Memory stick နဲ့ တခြားသိမ်းဖို့ ပစ္စည်းလေးတွေပါတဲ့ package တခုကို U.S ဒေါ်လာ ၅၀ ကျသင့်မှာဖြစ်ကြောင်း သိရပါတယ်။
========================
📌📌 ၆။ အရှိုက်ကိုနင်းမယ့်ခြေလှမ်းများ COMBAT KICKSကမ်ပိန်းမှာ ပွိုင့်ဖိနပ် အရံ (၅၀၀)ရည်မှန်းချက် သတ်မှတ်ထား
အောက်တိုဘာလ (၁)ရက်
အရှိုက်ကိုနင်းမယ့်ခြေလှမ်းများ COMBAT KICKSကမ်ပိန်းမှာ ပွိုင့်ဖိနပ် အရံ (၅၀၀) ရည်မှန်းချက်သတ်မှတ်ထားတယ်လို့ ဗျူဟာ၂၉ ဧရာဝတီက အသိပေးဖော်ပြထားပါတယ်။
"ဧရာဝတီရဲ့ဗျူဟာ (၂၉) စစ်သည်တော်တွေဟာလည်း အသိဉာဏ်ရှိရှိ အမှန်တရားသိသိနဲ့ နောက်မဆုတ်ဘဲ ညီညီညွတ်ညွတ်နဲ့ အိမ်အပြန်ခရီးကို အာဏာရှင်ရဲ့အရှိုက်ကိုနင်းပြီး လျှောက်လှမ်းလာခဲ့ကြတာမှာ ယခုဆိုရင် သူတို့ရဲ့ဧရာဝတီမြေပေါ်သို့ ရောက်ရှိတိုက်ပွဲဝင်နေကြပြီဖြစ်ပါတယ်။ထိုကဲ့သို့ ဧရာဝတီမြေပေါ်မှာ ရောက်ရှိတိုက်ပွဲနေကြတဲ့ စစ်သည်များနဲ့အတူ မြေပြင်မှာလိုက်ပါမလျှောက်လှမ်းနိုင်ကြသော်ငြားလည်း လျှောက်လှမ်းနေကြသော စစ်သည်တော်တို့ရဲ့ခြေဖဝါးတွေအတွက် လိုအပ်နေသောပွိုင့်ဖိနပ်များကို ပြည်တွင်းပြည်ပမှ တော်လှန်ပြည်သူများအနေဖြင့် ထောက်ပို့ကူညီကြရင်း ဧရာဝတီရဲ့မြေပေါ်မှာ အာဏာရှင်ရဲ့အရှိုက်ကိုနင်းတဲ့ သမိုင်းဝင်တော်လှန်ခြေရာပိုင်ရှင်များအဖြစ် ဂုဏ်ယူစွာပါဝင်လိုက်ကြဖို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်"လို့ဆိုထားပါတယ်။
ဧရာဝတီရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်များအတွက် AYA PDF အမှတ် (၂၉) ဗျူဟာ ရဲ့ အရှိုက်ကိုနင်းမယ့်ခြေလှမ်းများ COMBAT KICKS ကမ်ပိန်းကို Spring Crowdfund - နွေဦးလူထုရန်ပုံငွေ Platform မှတဆင့်လည်း လုံခြုံစိတ်ချစွာဖြင့် ကိုယ်တိုင်ပါဝင်ချိတ်ဆက်အားဖြည့်နိုင်ပြီဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် သာကီနှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ စစ်မှုထမ်းတပ်သားသစ်တွေကို စစ်တပ်က လူသားဒိုင်းအဖြစ် သုံးနေတဲ့အတွက် ရတဲ့နည်းနဲ့ တော်လှန်ရေး အင်အားစုနဲ့ ပူးပေါင်းဖို့ NUG ပြောခွင့်ရ ဦးနေဘုန်းလတ် တိုက်တွန်း
အောက်တိုဘာလ (၁)ရက်
အာဏာသိမ်းစစ်တပ်ဟာ အဓမ္မစုဆောင်းထားတဲ့ စစ်မှုထမ်း တပ်သားသစ်တွေကို လူသားဒိုင်းအဖြစ်ထားပြီး ရှေ့တန်းကနေ အသေခံခိုင်းနေတဲ့အတွက် စစ်မှုထမ်း တပ်သားသစ်တွေအနေနဲ့ ရတဲ့နည်းသုံးပြီး တော်လှန်ရေးအင်အားစုနဲ့ ပူးပေါင်းကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူလူထုနဲ့ နိုင်ငံတကာကို သတင်းစကားပြောကြားတဲ့ အစီအစဉ် ဒီနေ့ အောက်တိုဘာ ၁ရက်မှာ ပြုလုပ်ခဲ့ရာမှာ ဦးနေဘုန်းလတ်က အခုလို တိုက်တွန်း ပြောကြားလိုက်တာဖြစ်ပါတယ်။
ဒီအစီအစဉ်မှာ လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်လို့ စစ်သားတွေရဲ့ အခြေအနေကို ထည့်သွင်း ပြောကြား ခဲ့ပြီး စစ်မှုထမ်းတပ်သားသစ်တွေ ပြည်သူ့ဘက် ပူးပေါင်းလာဖို့ တိုက်တွန်းပြောဆိုလာတာဖြစ်ပါတယ်။
ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေဟာ အသိစိတ်ကင်းမဲ့တဲ့အထိ မူးယစ်ဆေးဝါး သုံးစွဲထားကြသူတွေပါဝင်နေတာ တွေ့ရတယ်လို့ ဦးနေဘုန်းလတ်က ရှင်းပြထားပါတယ်။
ဒါကြောင့် အဓမ္မ စစ်သားစုဆောင်းခံကြရသူတွေအနေနဲ့ မူးယစ်ဆေးစွဲပြီး ရှေ့တန်းမှာ အသက်အသေခံတဲ့အထိ မမိုက်မဲဖို့၊ ရရာနည်းနဲ့ တော်လှန်ရေးအင်အားစုတွေဆီမှာ ပူးပေါင်းကြဖို့ အသိပေးထားပါတယ်။
ကချင်၊ ကရင်နဲ့ ရခိုင်အပါအဝင် တော်လှန်ရေးအင်အားစုတွေဆီမှာ အလင်းဝင်ကြတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးအင်အားစုတွေ ဖမ်းမိခဲ့တဲ့ စစ်သုံ့ပမ်းတွေရဲ့ ထွက်ဆိုချက်တွေမှာလည်း စစ်တပ်ဟာ စစ်မှုထမ်း တပ်သား သစ်တွေကို ရှေ့တန်းစစ်မြေပြင်မှာ အသေခံတိုက်ခိုင်းနေတာ၊ စစ်တပ်အရာရှိတွေ အပါအဝင် စစ်သားတွေ မူးယစ်ဆေးသုံး ပြီး စစ်တိုက်နေရတယ်လို့လည်း ပြောကြားထားတာရှိပါတယ်။
ဦးနေဘုန်းလတ် ဒီနေ့ပြောကြားတဲ့ သတင်းစကားပြောကြားမှု အစီအစဉ်မှာ ဗန်းမောက်တိုက်ပွဲ အောင်မြင်မှုနဲ့ပတ်သက်ပြီး ဂုဏ်ပြုကြောင်း ပြောကြားခဲ့သလို အဲဒီတိုက်ပွဲမှာ မြင့်မြတ်စွာကျဆုံးခဲ့တဲ့ ရဲဘော် ၆ ဦးကို ဦးညွတ်အလေးပြုတဲ့အကြောင်း နဲ့ ထိခိုက်ဒဏ်ရာရခဲ့ကြတဲ့ ရဲဘော်တွေ အမြန်ဆုံးသက်သာ ပျောက်ကင်းကြစေဖို့ ဆုတောင်းပေးထားတယ်။
ဒါ့အပြင် ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်ရှိနေရေး ဝိုင်းဝန်းတောင်းဆိုပေးခဲ့ကြတဲ့ ပြည်တွင်း ပြည်ပက ပြည်သူလူထုကိုလည်း ကျေးဇူးတင်တဲ့အကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။
ကုလသမဂ္ဂလိုနေရာမှာ လူထုထောက်ခံတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း မြန်မာနိုင်င့ကို ကိုယ်စားပြု ရှိနေခြင်းဟာ မြန်မာ နိုင်ငံနဲ့ မြန်မာပြည်သူတွေအတွက် အလွန်အရေးကြီးတဲ့အကြောင်းနဲ့ မြန်မာပြည်မှာဖြစ်ပျက်နေတာတွေနဲ့ မြန်မာပြည်သူတွေရဲ့အသံ အခုအတိုင်း ဆက်လက်ပြီး ကြားသိစေဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ ကိုယ်စားပြုခွင့်ကို ဆက်လက်ထောက်ခံပေးကြဖို့လည်း တိုက်တွန်း ပြောကြားခဲ့ပါတယ်။
========================
🚩🚩 ၂။ အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက် ARSA အဖွဲ့က ဖမ်းဆီးသတ်ဖြတ်ပြီး စွန့်ပစ်ထားတဲ့ အာရက္ခပြည်သူတွေရဲ့ ရုပ်အလောင်းတွေ တွေ့ထားတယ်လို့ AA ပြော
အောက်တိုဘာလ (၁)ရက်
အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက် ARSA အဖွဲ့က ဖမ်းဆီးသတ်ဖြတ်ပြီး စွန့်ပစ်ထားတဲ့ အာရက္ခပြည်သူတွေရဲ့ ရုပ်အလောင်းတွေ တွေ့ထားတယ်လို့ ရခိုင့်တပ်တော် AA က ဒီနေ့ အောက်တိုဘာ ၁ ရက်မှာ ထုတ်ဖော်ပြောကြား လိုက်ပါတယ်။
ရခိုင့်တပ်တော်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေ မောင်တောနယ်စပ်မှာ လုံခြုံရေးဆောင်ရွက်နေချိန် စက်တင်ဘာ ၂၈ ရက်နေ့က မောင်တောမြို့နယ် အထက်အင်းချောင်းရွာ အနောက်မြောက်ဘက် မီတာ ၇၇၀ ခန့်အကွာမှာရှိတဲ့ ငှက်ပျောတောအုပ်ထဲမှာ အရိုးစုတွေသာကျန်တော့တဲ့ ရုပ်အလောင်း ၆ လောင်း တွေ့ရှိခဲ့တာနဲ့ပတ်သက်လို့ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
အစွန်းရောက် စစ်သွေးကြွအကြမ်းဖက် ARSA အဖွဲ့ဟာ အခု စက်တင်ဘာလအတွင်းမှာ မောင်တောမြို့နယ် မြောက်ပိုင်း နယ်စပ်မှတ်တိုင် ၅၆ နဲ့ ၅၇ ကြားက ပွိုင့် - ၆၀၁ ကုန်းမှာရှိတဲ့ အာရက္ခတပ်တော် နယ်စပ်လုံခြုံရေးတပ်စခန်းနဲ့ ဒုံးညိုရွာ အနီးမှာရှိတဲ့ ဒုံးညိုစခန်းကို သိမ်းပိုက်ဖို့ဆိုတဲ့ ရည်မှန်းချက်နဲ့ သူတို့အခြေစိုက်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကနေ နည်းမျိုးစုံ နဲ့ စိမ့်ဝင်ထိုးဖောက် ဝင်ရောက်လာခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒီအကြမ်းဖက် ARSA အဖွဲ့ဟာ အာရက္ခတပ်တော်ရဲ့ လုံခြုံရေးစခန်းနှစ်ခုကို သိမ်းဖို့ ကြိုးစားနေချိန်မှာ စခန်းနှစ်ခုကို သွားတဲ့ လမ်းတလျောက် မူဆလင်မဟုတ်တဲ့ အရပ်သားပြည်သူတွေကို နှုတ်ပိတ်တဲ့အနေနဲ့ ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ပြီး အလောင်းတွေကို လူပြတ်တဲ့နေရာ သို့မဟုတ် လူအရောက်နည်းတဲ့ နေရာတွေမှာ စွန့်ပစ်ခဲ့ကြတာလို့ AA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီကာလအတွင်းမှာပဲ ရပ်ရွာတွေဘက်ကလည်း AA အရပ်ဘက်အုပ်ချုပ်ရေးအဖွဲ့တွေကို လူပျောက်တိုင်တန်းလာခဲ့တာ ၁၀ ဦးရှိခဲ့တယ်လို့ သိရပါတယ်။
အခုတွေ့ရှိတဲ့ ရုပ်အလောင်းတွေဟာ မိမိတို့ရဲ့ လုံခြုံရေး စခန်းနှစ်ခုကို တိုက်ခိုက်ဖို့လာတဲ့ စစ်သွေးကြွ အကြမ်းဖက် ARSA အဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာကို ခံလိုက်ရတဲ့ မောင်တောနယ်စပ် တမန်းသားရွာနဲ့ ဒုံးညိုရွာက ပျောက်ဆုံး နေတဲ့ ရွာသားတွေထဲက ၆ ဦးရဲ့ ရုပ်အလောင်းတွေဖြစ်နိုင်တယ်လို့ AA က ခန့်မှန်းထားပါတယ်။
အလောင်းတွေ တွေ့ရတဲ့နေရာဟာ စိုထိုင်းမှုလွန်ကဲတာနဲ့ စနစ်တကျ မမြှုပ်နှံဘဲ စွန့်ပစ်ထားခဲ့တာကြောင့် အလောင်းတွေ ဟာ အရည်ပျော်ပြီး အရိုးတွေသာ ကျန်တော့တဲ့အတွက် မှုခင်းဆေးပညာဝန်ထမ်းတွေနဲ့အတူ လူပျောက်တိုင်ထားတဲ့ မိသားစုတွေ ပူးပေါင်းပြီး ဘယ်သူတွေဖြစ်တယ်ဆိုတာ ခွဲခြမ်းလေ့လာနေတယ်လို့လည်း အသိပေးထားပါတယ်။
အာရက္ခတပ်တော်အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ဝင်ပြေးသွားတဲ့ စစ်သွေးကြွ အကြမ်းဖက် ARSA အဖွဲ့ဝင်တွေနဲ့ ပတ်သက်လို့ နယ်စပ်ရေးရာ သံတမန်ရေးအရ နယ်မြေဖြတ်ကျော် ရှင်းလင်းဖို့ ခက်ခဲပေမယ့် အာရက္ခဒေသအတွင်း ထွက်ပြေးနေတဲ့ ARSA အဖွဲ့ဝင်တွေကို လိုက်လံရှင်းလင်းနေပြီး ဒေသတွင်း အကြမ်းဖက်အန္တရာယ် ကင်းဝေးစေဖို့နဲ့ ပြည်သူ့လုံခြုံရေးအတွက် ဆက်လက်ဆောင်ရွက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက် ARSA၊ RSO လက်နက်ကိုင်အဖွဲ့ဝင်တွေ အာရက္ခ - ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသနေ အပြစ်မဲ့ အာရက္ခမိဘပြည်သူတွေရဲ့ အသက်အိုးအိမ်၊ စည်းစိမ်ကို ခြိမ်းခြောက်နေတဲ့အတွက် နယ်စပ်မှာရှိတဲ့ မိဘပြည်သူ တွေအနေနဲ့ တောတောင်တွေထဲနဲ့ လူပြတ်တဲ့နေရာတွေကို သွားမယ်ဆိုရင် တဦးတည်း ဒါမှမဟုတ် လူနည်းစုနဲ့ သွားလာ တာတွေ အတတ်နိုင်ဆုံး မလုပ်ကြဖို့နဲ့ ကျန်းမာရေးကိစ္စအပါအဝင် မဖြစ်မနေသွားလာရမယ့် အရေးကြီးကိစ္စတွေရှိရင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ အုပ်ချုပ်ရေးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို သတင်းပေးပို့ပြီးမှ သွားလာကြဖို့ ရခိုင့်တပ်တော် AA က ထပ်ပြီး သတိပေးထားပါတယ်။
========================
🚩🚩 ၃။ လူမိုက်တွေ လုံခြုံရေးယူထားတဲ့ မြောက်ဥက္ကလာ ၂၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့်မိုင်းအပါအဝင် လက်ပစ်ဗုံးနဲ့ တိုက်ခိုက်
အောက်တိုဘာလ (၁)ရက်
ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်ထဲက လူမိုက်တွေ လုံခြုံရေးယူထားတဲ့ ၂၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့်မိုင်းအပါအဝင် လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့တာမှာ စစ်အုပ်စုဘက်က ထိခိုက်မှုတွေရှိတယ်လို့ တော်လှန်ရေးအဖွဲ့ တွေက ပြောပါတယ်။
မနေ့ စက်တင်ဘာ ၃ဝ ရက် ည ၁ဝ နာရီ ၅ဝ မှာ အဲဒီရုံးကို ပြင်းအားမြင့်မိုင်းတလုံး လက်ပစ်ဗုံး ၂လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်လက်အောက်ခံ အုပ်ချုပ်ရေးမှူးရုံးက အုပ်ကြီးနဲ့ လူမိုက်အဖွဲ့ဟာ အဲဒီရုံးမှာ စစ်တပ်ကလုပ်မယ့် တရားမဝင် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စတွေလုပ်နေတာ၊ လူငယ်တွေကို ပေါ်တာဆွဲပြီး စစ်မှုထမ်းဖို့လိုအပ်နေတဲ့ ရောင်းစားတဲ့ လူကုန်ကူးမှုတွေ လုပ်နေတာကြောင့် တိုက်ခိုက်ရတာလို့ တော်လှန်ရေးအဖွဲ့တွေက ရှင်းပြထားပါတယ်။
တော်လှန်ရေးအဖွဲ့တွေဟာ ပစ်မှတ်ကို ထိထိရောက်ရောက်တိုက်ခိုက်နိုင်ခဲ့တဲ့အတွက် စစ်အုပ်စုဘက်က ထိခိုက်မှုရှိပြီး တိတိကျကျ သိရအောင် ဆက်လက် စုံစမ်းနေတယ်လို့လည်း အသိပေးထားပါတယ်။
ဒီတိုက်ခိုက်မှုကို Yangon Army - YA နဲ့ အနောက်ပိုင်းခရိုင် ပကဖ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး အကြမ်းဖက် စစ်တပ်နဲ့ ပတ်သက်တဲ့ ပစ်မှတ်တွေ၊ အကြမ်းဖက်စစ်တပ်ကလုပ်မယ့် တရားမဝင်ရွေးကောက်ပွဲအတွက် ပါဝင် လုပ်ကိုင် နေသူတွေကို ပြင်းပြင်းထန်ထန် ဆက်လက်တိုက်ခိုက်သွားမယ်လို့ တော်လှန်ရေးအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment