၂၀၂၅ အောက်တိုဘာလ ၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ မှ မြို့နယ် ပညာရေးဌာန CDM ပြည်သူ့ဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေ သိန်း (၅၀၀) ကျော် ပေးအပ်
📌 ၂။ ကရင်နီဒေသအတွက် ဆေးဝါးနှင့် ကျန်းမာရေးထောက်ပံ့မှု Project Health Shield ကမ်ပိန်း စတင်
📌 ၃။ Justice For Myanmar သည် (၂၀၂၅) ခုနှစ် Right Livelihood Award ဆုရှင်အဖြစ် ရွေးချယ်ခံရ
📌 ၄။ အခြေခံလျှပ်စစ် နှင့် အဲကွန်း၊ ရေခဲသေတ္တာ ပြုပြင်သင်တန်းအတွက် သင်တန်းသားကို ပြည်သူ့ပန်းတိုင် ခေါ်ယူ
📌 ၅။ ထီးချိုင့်မြို့နယ်မှာ အမျိုးသမီးနဲ့ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးသင်တန်းများ ပြန်လည်စတင်
========================
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ မိုးကုတ်မှာ စစ်ကော်မရှင် တပ်ရဲ့ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ဦး ဒဏ်ရာရ
🚩 ၂။ မြဝတီအနီး စစ်ကြောင်းမပေါက်သဖြင့် စစ်တပ်က အသေခံဒရုန်းဖြင့် နေ့စဉ်ဗုံးကြဲ၊ ကျုံဒိုးတိုက်ပွဲတွင် စစ်သားများ ထိခိုက်သေဆုံးမှု မြင့်တက်
🚩 ၃။ လောင်းလုံမြို့ပေါ် ထွေအုပ်ရုံးနဲ့ လဝကရုံးမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ကို ဝင်ရောက်တိုက်ခိုက်
🚩 ၄။ စစ်မှုထမ်းကြေး ကောက်ပြီး ထွက်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာ (၂) ဦး သေဆုံး
🚩 ၅။ ရန်ကုန်တိုင်း စစ်ဌာနမှ ရန်ကုန် ပကဖ သို့ လက်နက်ခဲယမ်းနှင့် ကျည်ကာဦးထုတ်များ ပေးအပ်၊ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ - ၁ က တပ်သားသစ်များ ခေါ်ယူနေ
🚩 ၆။ တိုက်ပွဲအတွင်း သိမ်းဆည်းရမိထားတဲ့ MA-1 (၅) လက်ကို တိုက်နယ် ပကဖ များထံ ဂုဏ်ပြုပေးအပ်
🚩 ၇။ ခလရ -၂၈၀ တပ်ရင်း မှ တပ်သား (၂) ဦး K.N.L.A တပ်မဟာ (၄)၊ တပ်ရင်း (၁၁) ထံသို့ ထပ်မံအလင်းဝင်
🚩 ၈။ စက်တင်ဘာလ တတိယပတ်အတွင်း စစ်သား၊ ရဲနှင့် ပြည်သူ့စစ် (၃၄) ဦး အလင်းဝင်၊ (၈) ဦး ဖမ်းဆီးခံရ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ မှ မြို့နယ် ပညာရေးဌာန CDM ပြည်သူ့ဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေ သိန်း (၅၀၀) ကျော် ပေးအပ်
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၌ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ အစည်းအဝေးအမှတ်စဉ် (၈/၂၀၂၅) ဆုံးဖြတ်ချက်အရ ခင်ဦးမြို့နယ် ပညာရေးဌာန CDM ပြည်သူ့ဝန်ထမ်းများအတွက် အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့်ငွေ သိန်း ၅၁,၇၅၀,၀၀၀/- (သိန်း ငါးရာ တစ်ဆယ့် ခုနှစ်သိန်း ငါးသောင်းကျပ်) ကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်ပညာရေးဌာန တာဝန်ရှိသူများထံ လက်ရောက် ပေးအပ်ခဲ့ကြောင်း ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ပါတယ်။
ထို့အပြင် မြို့နယ်အစည်းအဝေး (၉/၂၀၂၅) ၏ ဆုံးဖြတ်ချက်အရ အခြားကျန်ရှိနေသေးသည့် ဌာနဆိုင်ရာ အသီးသီး၏ CDM ပြည်သူ့ဝန်ထမ်းများအတွက် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ မှ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သွားမည့် အစီအစဥ်ကို အကောင်အထည်ဖော်ဆောင်ရန်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အသီးသီး၏ ရေးရာတာဝန်ခံများထံ CDM ပြည်သူ့ဝန်ထမ်းစာရင်းများ တောင်းခံထားလျက်ရှိတယ်လို့ သိရပါတယ်။
========================
📌📌 ၂။ ကရင်နီဒေသအတွက် ဆေးဝါးနှင့် ကျန်းမာရေးထောက်ပံ့မှု Project Health Shield ကမ်ပိန်း စတင်
ကရင်နီဒေသရှိ ရှေ့တန်းနှင့် နောက်တန်းဆေးရုံများအတွက် ဆေးဝါးနှင့် ကျန်းမာရေးလိုအပ်ချက်များ ဖြည့်ဆည်းပေးရန် Project Health Shield ကမ်ပိန်းကို (၂၀၂၅) ခုနှစ် အောက်တိုဘာလ (၁) ရက်မှ (၃၁) ရက်အထိ စတင်လိုက်ပြီဖြစ်ကြောင်း အသိပေးကြေညာထားပါတယ်။
Project Health Shield သည် ကရင်နီဒေသရှိ ဒေသခံပြည်သူများ၊ စစ်ရှောင်ပြည်သူများနှင့် တော်လှန်ရေးရဲဘော်များအတွက် အရေးပေါ်ကုသမှု၊ ခွဲစိတ်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို အချိန်နှင့်တစ်ပြေးညီ ပေးအပ်နိုင်ရန် ရည်ရွယ်ထားသည့် ကမ်ပိန်းတစ်ခုဖြစ်ပြီး ထိုစီမံကိန်းသည် ကရင်နီဒေသဖွံ့ဖြိုးရေးတပ်ဖွဲ့ (KNDF) ဗဟိုကျန်းမာရေးဌာနနှင့် O1 ဆေးရုံသို့ တိုက်ရိုက်ထောက်ပံ့မှုများ ပြုလုပ်မှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အောက်တိုဘာလ တစ်လတာ ကမ်ပိန်းကာလအတွင်း ရှေ့တန်းနှင့် နောက်တန်းဆေးရုံများအတွက် သုံးလစာ ဆေးဝါးနှင့် ကျန်းမာရေးအသုံးစရိတ်အတွက် အမေရိကန်ဒေါ်လာ (၅၀,၀၀၀) ရရှိရန် ရည်မှန်းထားတယ်လို့ သိရပါတယ်။
ထိုကမ်ပိန်းကို We Support Heroes၊ O1 Medical Team နှင့် KNDF ဗဟိုကျန်းမာရေးဌာနတို့က ဦးဆောင်ဆောင်ရွက်မှာဖြစ်ပြီး၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ရန်ပုံငွေဌာန (CRPH-OFP Fundraising Programme)၊ ရန်ပုံငွေရှာဖွေသူများနှင့် ပြည်တွင်းပြည်ပ တော်လှန်ရေးထောက်ခံသူများက ဝိုင်းဝန်းပံ့ပိုးကူညီမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။
========================
📌📌 ၃။ Justice For Myanmar သည် (၂၀၂၅) ခုနှစ် Right Livelihood Award ဆုရှင်အဖြစ် ရွေးချယ်ခံရ
Justice For Myanmar အဖွဲ့သည် (၂၀၂၅) ခုနှစ်အတွက် Right Livelihood Award ဆုရှင်အဖြစ် ရွေးချယ်ခံခဲ့ရပြီး ထိုဆုသည် ကမ္ဘာတဝန်းရှိ ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် ရေရှည်တည်တံ့မှုအတွက် ကြိုးပမ်းဆောင်ရွက်သူများကို အသိအမှတ်ပြုပေးအပ်သည့် ဂုဏ်သိက္ခာရှိ ဆုတစ်ခုဖြစ်ကြောင်း JFM မှ အောက်တိုဘာလ (၁) ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Justice For Myanmar သည် (၂၀၂၁) ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာစစ်တပ်၏ တရားမဝင် အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်နေသည့် မြန်မာပြည်သူများ၏ ရဲစွမ်းသတ္တိအတွက် ဂုဏ်ပြုသည့်အနေဖြင့် ထိုဆုကို လက်ခံရယူမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ထိုဆုသည် မြန်မာပြည်သူများ၏ ဖက်ဒရယ်ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုအတွက် ရုန်းကန်ကြိုးပမ်းမှုများကို ကမ္ဘာကြီးက အသိအမှတ်ပြုကြောင်း ထင်ရှားစေသည့် အရေးပါသော သတိပေးချက်တစ်ရပ်လည်း ဖြစ်တယ်လို့ သိရပါတယ်။
စစ်အုပ်စုအား ဘဏ္ဍာငွေ၊ လက်နက်နှင့် စွမ်းဆောင်ရည်များ ထောက်ပံ့ပေးနေသည့် နိုင်ငံတကာ အစိုးရများ၊ ကော်ပိုရေးရှင်းများနှင့် မြန်မာခရိုနီများကြောင့် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပေါ်တယ်လို့ ထောက်ပြထားပါတယ်။
ထို့အပြင် စစ်အုပ်စုသည် (၂၀၂၅) ခုနှစ် ဒီဇင်ဘာလတွင် အတုအယောင် ရွေးကောက်ပွဲတစ်ခု ကျင်းပရန် ပြင်ဆင်နေပြီး၊ ခုခံတော်လှန်မှုများကို ဖြိုခွဲရန် အရပ်သားများအပေါ် အကြမ်းဖက်မှုများ တိုးမြှင့်လုပ်ဆောင်လျက်ရှိတယ်လို့ ဆိုပါတယ်။
မရတနာမောင်က “လက်တွေ့အရေးယူဆောင်ရွက်တာတွေ လုပ်ဆောင်ဖို့က အခုအချိန်မှာ အရေးကြီဆုံးပါပဲ။ ကမ္ဘာတဝန်းက အစိုးရတွေအနေနဲ့ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့၊ ပြည်သူအပေါ် ကျူးလွန်တဲ့ စစ်အုပ်စုရဲ့အကြမ်းဖက်စစ်ဆင်ရေးကို သက်ဆိုးရှည်စေတဲ့ စစ်လက်နက်၊ စက်ပစ္စည်းကိရိယာနဲ့ လေယာဉ်ဆီ စီးဝင်မှုလမ်းကြောင်းတွေကိုရပ်တန့်ရေး ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှုတွေကို ညှိနှိုင်းချမှတ်ကြဖို့ တောင်းဆိုပါတယ်။ ကုမ္ပဏီတွေ၊ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ စစ်အုပ်စုရဲ့ ဘဏ္ဍာငွေ၊ စစ်လက်နက်၊ စက်ပစ္စည်းကိရိယာနဲ့ လေယာဉ် ဆီရရှိနေမှုတွေကို ဖြတ်တောက်ဖို့ မဖြစ်မနေ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်” လို့ တောင်းဆိုထားပါတယ်။
ယခုနှစ် Right Livelihood Award ဆုရှင်များတွင် ဆူဒန်နိုင်ငံမှ Emergency Response Rooms၊ Pacific Islands Students Fighting Climate Change၊ ဂူအမ်မှ Julian Aguon နှင့် ထိုင်ဝမ်မှ Audrey Tang တို့ ပါဝင်ပြီး (၁၉၈၀) ခုနှစ်မှ စတင်ပေးအပ်လာခဲ့သည့် ထိုဆုသည် ယခုအချိန်ထိ နိုင်ငံ (၈၁) နိုင်ငံမှ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း (၂၀၃) ဦးကို ချီးမြှင့်ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။
========================
📌📌 ၄။ အခြေခံလျှပ်စစ် နှင့် အဲကွန်း၊ ရေခဲသေတ္တာ ပြုပြင်သင်တန်းအတွက် သင်တန်းသားကို ပြည်သူ့ပန်းတိုင် ခေါ်ယူ
ပြည်သူ့ပန်းတိုင် ပေါင်းစည်းလမ်းအသက်မွေးသင်တန်းမှ ‘CDM စစ်သား/ ရဲသား နှင့် အရပ်ဖက်ဝန်ထမ်းများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် ကိုယ်လက်အင်္ဂါထိခိုက်ခဲ့သော တော်လှန်ရေးရဲဘော်ဟောင်း’ များအတွက် “အခြေခံလျှပ်စစ် နှင့် အဲကွန်း၊ ရေခဲသေတ္တာ ပြုပြင်သင်တန်း” ကို ထိုင်း-မြန်မာနယ်စပ်တွင် ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါသင်တန်းတွင် သင်တန်းသား ပျမ်းမျှ (၁၀) ဦး လက်ခံ၍ တစ်ရက်မှာ (၄) နာရီ (နေ့တပိုင်း) ကို တစ်ပါတ်မှာ (၅) ရက်နှင့် ရက်သတ္တပါတ် (၆) ပါတ် ကြာ ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
အခြေခံပိုင်နိုင်ကျွမ်းကျင်မှု ရရှိစေရန် စာတွေ့နှင့် လက်တွေ့ ပေါင်းစပ်ဆွေးနွေး ပို့ချပေးသွားမှာဖြစ်ပြီး အခြေခံလျှပ်စစ်ဘာသာရပ်၊ အဲကွန်း၊ ရေခဲသေတ္တာ အခြေခံသဘောတရားနှင့် စစ်ဆေးပြုပြင်ခြင်းတို့ကို သင်ကြားပေးသွားမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ပေါင်းစည်းလမ်းအသက်မွေးသင်တန်းသို့ တက်ရောက်လိုသူများအနေဖြင့် အခြေခံသတ်မှတ်ချက်နှင့်အညီ အမှန်တကယ် စိတ်ပါဝင်စားကာ သင်တန်းအတွက် အချိန်ပေးနိုင်ပြီး ယခု အလုပ်အကိုင်ဖြင့် ဆက်လက်အသက်မွေးဝမ်းကျောင်းပြုမယ်လို့ ရည်ရွယ်ထားသူများသာ လျှောက်ထားပေးပါရန် မေတ္တာရပ်ခံ တိုက်တွန်းထားပါတယ်။
သင်တန်းတက်ရောက်လိုပါက (၂၀၂၅) ခုနှစ်၊ အောက်တိုဘာလ (၅) ရက်နေ့ မြန်မာစံတော်ချိန် ညနေ (၆း၀၀) နာရီ နောက်ဆုံးထားကာ လျှောက်ထားနိုင်တယ်လို့ အသိပေးထားပါတယ်။
========================
📌📌 ၅။ ထီးချိုင့်မြို့နယ်မှာ အမျိုးသမီးနဲ့ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးသင်တန်းများ ပြန်လည်စတင်
စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်တွင် အမျိုးသမီး၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးသင်တန်း (WCP) ကို စက်တင်ဘာလထဲမှာ ပြန်လည်စတင်ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။
ထိုသို့ သင်တန်းများ ပို့ချနိုင်ဖို့အတွက် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ မြေပြင်ရေးရာတာဝန်ခံတွေကို (၂၀၂၄) ခုနှစ်မှာ တစ်ကြိမ်၊ (၂၀၂၅) ခုနှစ်မှာ တစ်ကြိမ် နည်းပြသင်တန်းများ ပို့ချခဲ့ပြီး ယခုလိုနောက်ဆက်တွဲ ဆင့်ပွားသင်တန်းတွေကို ပြုလုပ်နိုင်တာပဲ ဖြစ်တယ်လို့ သိရပါတယ်။
ထီးချိုင့်မြို့နယ်အတွင်းမှာ ပြုလုပ်တဲ့ သင်တန်းတွင် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ အမျိုးသမီး လူ့အခွင့်အရေးရာတာဝန်ခံတစ်ဦးက ဦးဆောင်ပြီး သင်ကြားဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
အဆိုပါသင်တန်းတွင် ကလေးသူငယ်အခွင့်အရေးသဘောတရားနဲ့ အခြေခံမူ၊ ကလေးအခွင့်အရေးစာချုပ် (CRC)၊ Six Grave Violations စစ်ပွဲအတွင်းကလေးသူငယ်တွေကို ထိခိုက်စေတဲ့ ပြစ်မှု (၆) မျိုး၊လိင်အခြေပြုအကြမ်းဖက်မှုများ (Gender Based Violence)၊ အမျိုးသမီးများအပေါ် ခွဲခြားမှုပပျောက်ရေး CEDAW စာချုပ်အကြောင်း၊ စစ်ပွဲအတွင်းမှာ ကလေးငယ်တွေ ကြုံတွေ့နေရတဲ့အခြေအနေတွေနဲ့ လူ့အခွင့်အရေး အခြေခံသဘောတရားတွေကို သင်ကြားပို့ချခဲ့တယ်လို့ ဖော်ပြထားပါတယ်။
‘’သင်တန်းသူအများစုသည် စေတနာ့ဝန်ထမ်း ပညာရေးဝန်ထမ်းတွေဖြစ်လို့ ကလေးသူငယ်အခွင့်အရေးတွေကို ပိုသိသွားတဲ့အခါ သင်ကြားရေးအတွက် ပိုအထောက်အကူပြုလာပါတယ်’’ လို့ သင်တန်းသူတစ်ဦးကလည်း မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနတွင် လူ့အခွင့်ရေးရာတာဝန်ခံ စုစုပေါင်း (၁၀၂) ဦး ရှိပြီး အမျိုးသမီးလူ့အခွင့်ရေးရာတာဝန်ခံ (၂၅) ဦး ခန့်အပ်တာဝန်ပေးထားတယ်လို့ သတင်းရရှိပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်နှင့် ပဒဲဖိုးတို့က ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ မိုးကုတ်မှာ စစ်ကော်မရှင် တပ်ရဲ့ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ဦး ဒဏ်ရာရ
မန္တလေးတိုင်း၊ PSLF/TNLA တပ်မဟာ (၄) ထိန်းချုပ်နယ်မြေ၊ မိုးကုတ်မြို့အနောက်ပိုင်း၊ ရေထွက်ကြီး ကျေးရွာမှာ စစ်ကော်မရှင် တပ်ရဲ့ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ဦး ဒဏ်ရာရ ခဲ့တယ်လို့ PSLF/TNLA က ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာလ (၁) ရက် မနက် (၁၀) နာရီ (၄၉) မိနစ်ခန့်မှာ စစ်ကော်မရှင်တပ်က ပြည်သူများ နေထိုင်ရာ ရေထွက်ကြီး ကျေးရွာကို ပေါင် (၂၅၀) ဗုံး (၂) လုံး ရည်ရွယ်ချက်ရှိရှိ ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုအတွင်း အမျိုးသား (၁) ဦး ထိမှန် ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၁) လုံး ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ တစ်လအတွင်း စစ်ကော်မရှင်တပ်က PSLF/TNLA ထိန်းချုပ်ထားတဲ့ မြို့တွေကို လေကြောင်းတိုက်ခိုက်မှု (၁၀) ကြိမ် ကျူးလွန်ခဲ့ရာ အရပ်သား ပြည်သူ (၂) ဦး သေဆုံးခဲ့ပြီး (၆) ဦး ဒဏ်ရာရခဲ့ကာ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ နေအိမ် အလုံး (၄၀) ထပ်မနည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၂။ မြဝတီအနီး စစ်ကြောင်းမပေါက်သဖြင့် စစ်တပ်က အသေခံဒရုန်းဖြင့် နေ့စဉ်ဗုံးကြဲ၊ ကျုံဒိုးတိုက်ပွဲတွင် စစ်သားများ ထိခိုက်သေဆုံးမှု မြင့်တက်
စက်တင်ဘာလ (၂၆) ရက်မှစတင်ကာ အောက်တိုဘာလ (၁) ရက်အထိ အကြမ်းဖက်စစ်တပ်သည် ကရင်ပြည်နယ်၊ မြဝတီမြို့ပြင်ရှိ မင်းလက်ပံ၊ ဖလူးနှင့် မယ်ထော်သလေးဒေသများကို အသေခံဒရုန်းများဖြင့် ဆက်တိုက်တိုက်ခိုက်နေပြီး၊ စာသင်ကျောင်းများနှင့် ဘုန်းကြီးကျောင်းများတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ရဲဘော်များ ရှိနေသည်ဟု စွပ်စွဲကာ ဗုံးကြဲမှုများ ပြုလုပ်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များမှ သိရပါတယ်။
ထို့အပြင် ကျုံဒိုးမြို့နယ်ရှိ ချောင်းဖျားရွာ၊ အင်းကြီးရွာနှင့် ကျုံဘိုင်းရွာတို့တွင် စက်တင်ဘာလတစ်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀၀) ဝန်းကျင်ခန့် သေဆုံးခဲ့ပြီး၊ သေဆုံးသူများ၏ ရုပ်အလောင်းများကို အင်းကြီးရွာသချိုင်းတွင် ဖြစ်သလို မြေမြှုပ်ထားရတယ်လို့ သိရပါတယ်။
ဂျိုင်းမြစ်တစ်ဖက်ကမ်းရှိ ဂျိုင်းရွာကြီးသချိုင်းတွင်လည်း စစ်တပ်က ထွက်ပြေးသွားသော သုဘရာဇာများကို ဖမ်းဆီးပြီး ရုပ်အလောင်းများကို မြေမြှုပ်ခိုင်းနေသော်လည်း၊ အလောင်းများပြားမှုကြောင့် လမ်းဘေးများတွင် ပုပ်ပွလျက်ရှိတယ်လို့ သိရပါတယ်။
တိုက်ပွဲများအတွင်း ဒဏ်ရာရရှိထားသည့် စစ်သားများကို စက်တင်ဘာ (၃၀) ရက်တွင် ကျုံဒိုး၊ ချောင်းဖျား၊ ဂျိုင်းရွာကြီးနှင့် ကျားကလေးရွာများမှ နာရေးကားများဖြင့် ဘားအံမြို့ရှိ တောင်ကလေးဆေးရုံသို့ ပို့ဆောင်ထားရာ ဆေးရုံတွင် စစ်သားများ ပြည့်လျက်ရှိတယ်လို့ သိရပါတယ်။
ထို့ပြင် ကျုံဒိုးမြို့ပေါ်ရပ်ကွက်များတွင် ပြန်လည်နေထိုင်သူများအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ထောက်ခံသူများနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ဆက်နွယ်သူများကို စစ်ကောင်စီ၏ လက်အောက်ခံ စစ်ဆေးရေးအဖွဲ့ (စရဖ)၊ ရဲ၊ နယ်ခြားစောင့်တပ် (BGF) နှင့် ပျူစောထီးအဖွဲ့များက စစ်ဆေးစောင့်ကြည့်မှုများ လုပ်ဆောင်နေပြီး၊ ဖမ်းဆီးထောင်ချရန် အပြစ်ရှာလျက်ရှိတယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ လောင်းလုံမြို့ပေါ် ထွေအုပ်ရုံးနဲ့ လဝကရုံးမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ကို ဝင်ရောက်တိုက်ခိုက်
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ပေါ်ရှိ ထွေအုပ်ရုံးနဲ့ လူဝင်မှုကြီးကြပ်ရေးရုံးတို့မှာ တပ်စွဲ ထားတဲ့ စစ်ကော်မရှင် တပ်ဖွဲ့ကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ Kanbauk Defense Force က ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလ ၃၀ ရက်၊ ၆ နာရီခွဲ အချိန်မှာ စစ်ကော်မရှင်တပ်နဲ့ ပျူစောထီး အင်အား (၇၀) ခန့် တပ်စွဲ ထားတဲ့ ထွေအုပ်ရုံးနဲ့ လဝက ရုံးတို့ကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က တပြိုင်ထဲ ဝင်ရောက်တိုက်ခိုက် ခဲ့တာပါ။
နှစ်နာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်ဘက်က ထိခိုက်သေဆုံးမှုများ ရှိခဲ့ကာ အရေအတွက် အသေးစိတ်ကို အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို ဒေါနစစ်ကြောင်း - ၃ (KBDF) ၊ ဒေါနတပ်ခွဲ - ၇ (LPF) ၊ ဖက်ဒရယ်ဓူဝံကြယ် တပ်ဖွဲ့ (FPF) ၊ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ဦး (DDPDF) နဲ့ ရာမညမွန်တပ်တော် (RMA) တို့က ပူးပေါင်းပါဝင်ခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၄။ စစ်မှုထမ်းကြေး ကောက်ပြီး ထွက်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာ (၂) ဦး သေဆုံး
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ မှော်အင်းအုပ်စု၊ ကမ်းပြိုကြီးရွာမှာ စစ်မှုထမ်းကြေးကောက်ပြီး ထွက်လာတဲ့ စစ်ကော်မရှင်တပ်နဲ့ ရဲ ပူးပေါင်းအဖွဲ့ကို တိုက်ခိုက်ခဲ့ရာ (၂) ဦး သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၃၈ဝ၂) တပ်ခွဲ (၂) က ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာလ (၁) ရက်၊ မနက် (၉) နာရီခွဲခန့်မှာ အင်အား (၂၀) ကျော်ပါတဲ့ အဆိုပါ စစ်ကော်မရှင် တပ်နဲ့ ရဲ ပူးပေါင်းအဖွဲ့ကို သဲကောဆည်လမ်းဆုံမှာ စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မိနစ် (၄၀) ခန့်ကြာ အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီး စစ်ကော်မရှင်တပ်ဖွဲ့ အထိနာကာ ဖရိုဖရဲ ထွက်ပြေးသွားခဲ့ကြတယ်လို့ သိရပါတယ်။
စစ်ကော်မရှင် တပ်/ရဲ သား အလောင်း (၂) လောင်း၊ G-3 (၁) လက်၊ ကာဘိုင် (၁) လက်၊ ကျည်ဘောက် (၄) ခု၊ ကာဘိုင်ကျည် (၄၂) တောင့်၊ လက်ပစ်ဗုံး (၂) လုံး၊ ဓား (၁) ချောင်း၊ ဘက်တံဆိပ် (၂) ခု၊ ဖုန်း (၁) လုံး၊ မှတ်ပုံတင် (၁) ခုနဲ့ ငွေသား (၅၂၈,၀၀၀) ကျပ်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အထိနာသွားတဲ့ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေပြီး တိုက်ပွဲများ ထပ်မံ ဖြစ်ပွားလာနိူင်တာကြောင့် ပြည်သူများအနေနဲ့ သတိထား သွားလာနေထိုင်ကြဖို့ အသိပေးထားပါတယ်။
========================
🚩🚩 ၅။ ရန်ကုန်တိုင်း စစ်ဌာနမှ ရန်ကုန် ပကဖ သို့ လက်နက်ခဲယမ်းနှင့် ကျည်ကာဦးထုတ်များ ပေးအပ်၊ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ - ၁ က တပ်သားသစ်များ ခေါ်ယူနေ
ပူးပေါင်းစစ်ဆင်ရေးများတွင် အသုံးပြုနိုင်ရန် လက်နက်ခဲယမ်းများနဲ့ ကျည်ကာဦးထုတ်များကို ရန်ကုန် တိုင်းစစ်ဌာနမှ ရန်ကုန်တိုင်း ပကဖ ကို ပေးအပ်ခဲ့တယ်လို့ ရန်ကုန် ပကဖ က ထုတ်ပြန်ထားပါတယ်။
စစ်ဆင်ရေးများတွင် အသုံးပြုနိုင်ရန် လက်နက် ၁၀ လက်၊ ကျည် ၁,၀၀၀ တောင့်နဲ့ ကျည်ကာဦးထုတ် ၉ လုံးတို့ကို ရန်ကုန်တိုင်း စစ်ဌာနမှ ရန်ကုန်တိုင်း ပကဖ ကို ပေးအပ်ခဲ့တာဖြစ်ပြီး ပကဖ တာဝန်ရှိသူများမှ ရှေ့တန်း စစ်မြေပြင်ကို သွားရောက်မယ့် ရန်ကုန်တိုင်း ပ.က.ဖ တိုက်ခိုက်ရေး တပ်ဖွဲ့ (၆)၊ တပ်ခွဲ (၃) မှ တာဝန်ရှိသူထံ လွှဲပြောင်းပေးအပ် ခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ - (၁) က ယုံကြည်ချက် ခိုင်မာသော လူငယ်လူရွယ် များကို တပ်သားသစ်များအဖြစ် လက်ခံခေါ်ယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဆင်းရဲပင်ပန်းမှုဒဏ်နဲ့ ကျင့်ဝတ်များကို လေးစားလိုက်နာပြီး တပ်ဖွဲ့က ထုတ်ပြန်ထားတဲ့ တပ်သားသစ်ခေါ်ယူရေး စည်းကမ်းချက်များကို ဖတ်ရှုပြီး နားလည်လက်ခံပါက ကတိခံဝန် နှင့်တကွ Telegram acc - @PRteamygnpdf ကို လာရောက်ဆက်သွယ်နိုင်တယ်လို့ အသိပေးထားပါတယ်။
========================
🚩🚩 ၆။ တိုက်ပွဲအတွင်း သိမ်းဆည်းရမိထားတဲ့ MA-1 (၅) လက်ကို တိုက်နယ် ပကဖ များထံ ဂုဏ်ပြုပေးအပ်
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ပ.က.ဖ မှ တိုက်ပွဲအတွင်း သိမ်းဆည်းရမိထားတဲ့ လက်နက်များထဲမှ MA-1 သေနတ် (၅) လက်ကို တိုက်နယ် ပ.က.ဖ အဖွဲ့များအား အသိအမှတ်ပြု ဂုဏ်ပြု ပေးအပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
အောက်တိုဘာ (၁) ရက်နေ့တွင် ပြုလုပ်ခဲ့တဲ့ လက်နက်ချီးမြှင့်ပေးအပ်ပွဲကို မြို့နယ် ပ.အ.ဖ ခေါင်းဆောင်နှင့် အဖွဲ့များ၊ မြို့နယ် ပ.က.ဖ ခေါင်းဆောင်၊ ဒုခေါင်းဆောင်နှင့် ပ.က.ဖ EC အဖွဲ့များ၊ တပ်စိတ်မှူးများ၊ တိုက်နယ် (၁၊ ၂၊ ၃၊ ၄၊ ၅) ခေါင်းဆောင်၊ ဒု-ခေါင်းဆောင် နှင့် အဖွဲ့များ၊ မြို့ပြပြောက်ကျား (UG) အဖွဲ့များ အသီးသီး တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
လက်နက်ပေးအပ်ပွဲမှာ မြို့နယ် ပကဖ တာဝန်ခံ၊ မြို့နယ် ပကဖ ဒု-တာဝန်ခံ၊ အင်အားစုဖွဲ့ လေ့ကျင့်ရေး တာဝန်ခံ၊ စစ်လက်နက် တာဝန်ခံ၊ ကူကယ် တာဝန်ခံ၊ ဆက်သွယ်ရေး တာဝန်ခံတို့က အသီးသီး ဂုဏ်ပြု ချီးမြှင့်ပေးအပ်ခဲ့ပြီး တိုက်နယ် ပကဖ ခေါင်းဆောင်၊ ဒုခေါင်းဆောင်နဲ့ အဖွဲ့တို့က အသီးသီး လက်ခံရယူခဲ့ကြတယ်လို့ သိရပါတယ်။
========================
🚩🚩 ၇။ ခလရ -၂၈၀ တပ်ရင်း မှ တပ်သား (၂) ဦး K.N.L.A တပ်မဟာ (၄)၊ တပ်ရင်း (၁၁) ထံသို့ ထပ်မံအလင်းဝင်
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်ထားဝယ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း အောက်တိုဘာလ (၁) ရက်နေ့တွင် အာဏာသိမ်းအကြမ်းဖက်တပ် (ခလရ -၂၈၀) တပ်ရင်းမှ တပ်ဖွဲ့ဝင် တပ်သား (၂) ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A တပ်မဟာ (၄)၊ တပ်ရင်း (၁၁) ထံသို့ ထပ်မံအလင်းဝင်ဘက်ပြောင်းခိုလှုံခဲ့ကြောင်း KNU ဗဟိုမှ သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ အလင်းဝင် ဘက်ပြောင်းခိုလှုံတဲ့ တပ်သား (၂) ဦးမှာ အာဏာသိမ်းအကြမ်းဖက်တပ်မှ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်လာပြီး ပြည်သူ့စစ်မှုထမ်းသင်တန်း တက်ခိုင်းခဲ့ကာ သိန်းခွန်းရှိ ရှေ့တန်းဘက်နယ်မြေသို့ ပို့ဆောင်ခံခဲ့ရချိန် လက်နက်မဲ့ ထွက်ပြေးလွတ်မြောက်လာတယ်လို့ ဖော်ပြထားပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် မတရားစစ်မှုထမ်း ခိုင်းစေခံရသည့် အာဏာသိမ်း အကြမ်းဖက်စစ်တပ်အတွင်းမှ တပ်သားများအနေဖြင့် နီးစပ်ရာ တော်လှန်ရေးတပ်များထံသို့ ရရာနည်းဖြင့် လက်နက်ချ အလင်းဝင် ပူးပေါင်းကြပါရန် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် တိုက်တွန်းထားပါတယ်။
========================
🚩🚩 ၈။ စက်တင်ဘာလ တတိယပတ်အတွင်း စစ်သား၊ ရဲနှင့် ပြည်သူ့စစ် (၃၄) ဦး အလင်းဝင်၊ (၈) ဦး ဖမ်းဆီးခံရ
(၂၀၂၅) ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များအနက် စုစုပေါင်း (၄၂) ဦးသည် အလင်းဝင်ပူးပေါင်းခြင်း သို့မဟုတ် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံခဲ့ရကြောင်း ပြည်သူ့ပန်းတိုင်က သတင်းထုတ်ပြန်ပါတယ်။
အလင်းဝင်ပူးပေါင်းသူ (၃၄) ဦးတွင် စစ်သား (၃၃) ဦးနှင့် ပြည်သူ့စစ် (၁) ဦး ပါဝင်ပြီး စစ်သားများမှာ ပဲခူးတိုင်းမှ (၃) ဦး၊ တနင်္သာရီတိုင်းမှ (၆) ဦး၊ မကွေးတိုင်းမှ (၉) ဦး၊ စစ်ကိုင်းတိုင်းမှ (၁၅) ဦး၊ စစ်ကိုင်းတိုင်းမှ ပြည်သူ့စစ်အဖွဲ့ဝင် (၁) ဦး ဖြစ်ကာ အလင်းဝင်သူ (၃၃) ဦးအနက် (၁၉) ဦးမှာ စစ်မှုထမ်းဥပဒေဖြင့် စုဆောင်းခံရသည့် တပ်သားသစ်များ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ထို့ပြင် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ (၈) ဦးတွင် စစ်သား (၃) ဦး၊ ရဲ (၄) ဦးနှင့် ပြည်သူ့စစ် (၁) ဦး ပါဝင်ပြီး၊ အားလုံးမှာ စစ်ကိုင်းတိုင်းမှ ဖြစ်ကာ ဖမ်းဆီးခံရသည့် စစ်သား (၃) ဦးအနက် (၂) ဦးမှာ စစ်မှုထမ်းတပ်သားသစ်များ ဖြစ်တယ်လို့ သိရပါတယ်။
(၂၀၂၅) ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလ တတိယပတ်အထိ အလင်းဝင်ပူးပေါင်းသူနှင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ စုစုပေါင်း (၂,၀၈၉) ဦးအထိ ရှိခဲ့သည်ဟု ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ထားပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်နှင့် ပဒဲဖိုးတို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment