၂၀၂၅ အောက်တိုဘာလ ၂ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ဂျပန် နိုင်ငံခြားရေး ဒုဝန်ကြီး Miyaji က မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် japanလွှတ်တော်အမတ်များသမဂ္ဂမှအကူအညီ တောင်းခံမှု တစ်ရပ်ကို လက်ခံရယူ
📌 ၂။ တရားမျှတမှုကိုလိုလားတဲ့ မီဒီယာတွေ ပျောက်ကွယ် မသွားအောင် ကူညီဖို့ ကိုထိန်လင်းတိုက်တွန်း
📌 ၃။ ဒဂုံတက္ကသိုလ်တွင်းရှိ CDM စာရင်းများနှင့် ကိုယ်ရေးအချက်အလက်များကို အကြမ်းဖက်စစ်ကောင်စီမှ ပြန်လည် ကောက်ယူမည်
📌 ၄။ ပခုက္ကူလေယာဉ်ကွင်း တည်ဆောက်ရေးအတွက် အသုံးပြုမယ့် ကျွန်းသစ်တွေ တင်ဆောင်လာတဲ့ ကားတစီးကို Local PDF ဖမ်းဆီး
📌 ၅။ စစ်တပ်အာဏာသိမ်းပြီးချိန်မှ ယနေ့အထိတန့်ဆည်မြို့နယ်တွင်စစ်ကော်မရှင်တပ်များအကြိမ် ၁၅၀ ကျော်ထိ မီးရှို့ခဲ့ရာ ကျေးရွာ ၁၀၀ ကျော်မှ လူနေအိမ် ၅,၃၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရ
========================
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ နမ္မတူနဲ့ မန်တုံမြို့မှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦးသေဆုံးပြီး ကလေးတွေ အပါအဝင် ၆ ဦး ဒဏ်ရာရ
🚩 ၂။ ဆဒုံးမြို့ကို လေကြောင်းတိုက်ခိုက်မှုမှာ ၃ ဦးထပ်မံသေဆုံးသွားတာကြောင့် သေဆုံးသူ ၁၁ ဦးထိရှိလာတယ်လို့ KIA ပြော
🚩 ၃။ ရေးမြို့နယ် အာယုတောင်ရွာထိပ် ဝါးကျောင်းတောင်အောက်မှာ စစ်သား ၄ ဦးကို ပစ်ခတ်ရှင်းလင်း
🚩 ၄။ အကြမ်းဖက်စစ်တပ်က မီးလောင်ဗုံးတွေကြဲချတာကြောင့် ကျောက်မဲမြို့တွင်းမှာရှိတဲ့ ဌာနဆိုင်ရာရုံးချို့ မီးလောင်တာလို့ TNLA ပြော
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ဂျပန် နိုင်ငံခြားရေး ဒုဝန်ကြီး Miyaji က မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် japanလွှတ်တော်အမတ်များသမဂ္ဂမှအကူအညီ တောင်းခံမှု တစ်ရပ်ကို လက်ခံရယူ
အောက်တိုဘာလ (၂ )ရက်
ဂျပန် နိုင်ငံခြားရေး ဒု ဝန်ကြီး Miyaji က မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အတွက် japanလွှတ်တော်အမတ်များသမဂ္ဂမှအကူအညီ တောင်းခံမှု တစ်ရပ်ကို လက်ခံရယူခဲ့တယ်လို့သတင်းရရှိပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး Miyaji သည် မြန်မာနိုင်ငံ ဒီမိုကရေစီရေး အထောက်အကူပြု အမျိုးသား လွှတ်တော်ကိုယ်စား လှယ်များအဖွဲ့၏ မှတ်တမ်းလွှာကို လက်ခံရယူခဲ့ကြောင်းအောက်တိုဘာလအတွင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
"အဓိကတော့ ကျမတို့နဲ့japanလွှတ်တော်အမတ်များသမဂ္ဂအဖွဲ့နဲ့တွေ့တုန်းကတောင်းဆိုချက်များနဲ့GIREN လွှတ်တော်အမတ်တွေတောင်းဆိုချက်များပေါင်းပြီးဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကိုပေးပို့တာပါ။ဒီစာထဲမှာပါတာက ဂျပန်နိုင်ငံအစိုးရနဲ့ ဂျပန်လွှတ်တော်အမတ်တွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စု ကျင်းပပြုလုပ်မဲ့ တရားမဝင်ရွေးကောက်ပွဲ (Sham Election)ကို (လုံးဝ) လက်မခံဖို့ ၊ဒေါ်အောင်ဆန်းစုကြည်ကိုအမြန်ဆုံးပြန်လွှတ်ပေးဖို့ဂျပန်ရောက်မြန်မာနိုင်ငံသားတွေ က တိုက်တွန်းတောင်းဆိုထားတဲ့စာကို အထက်လွှတ်တော်ဥက္ကဌ မစ္စတာကွန်ဒိုဆိုအိခ် (Mr. Kondo Soichi) ထံ တရားဝင်ပေးအပ်ခဲ့တာပါ"လို့ ဂျပန်နိုင်ငံဆိုင်ရာNUGကိုယ်စားလှယ်ရုံးမှ ဒေါ်နော်ဥမ္မာကပြောပါတယ်။
စက်တင်ဘာ၃၀ရက်မြန်မာ့ဒီမိုကရေစီအရေးကိုထောက်ခံအားပေးသည့် ပါတီလွှတ်တော်အမတ်များသမဂ္ဂ၏ နှစ်ပတ်လည် ညီလာခံသို့ ဂျပန်နိုင်ငံဆိုင်ရာ၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကိုယ်စားလှယ် ဦးစောဘလှသိန်းနှင့် ဂျပန်ရောက် မြန်မာနိုင်ငံသားများ၏ သက်ဆိုင်ရာအဖွဲ့အစည်း ကိုယ်စားလှယ်များမှ တက်ရောက်ခဲ့ရာမှာ မြန်မာ့အရေးကိုဆက်လက်အကူအညီပေးရန်တောင်းဆိုခဲ့ကြပါတယ်။
========================
📌📌 ၂။ တရားမျှတမှုကိုလိုလားတဲ့ မီဒီယာတွေ ပျောက်ကွယ် မသွားအောင် ကူညီဖို့ ကိုထိန်လင်းတိုက်တွန်း
အောက်တိုဘာလ (၂ )ရက်
တရားမျှတမှုကိုလိုလားတဲ့ မီဒီယာတွေ ပျောက်ကွယ် မသွားအောင် ကူညီဖို့ ဒေါ်အောင်ဆန်းစုကြည်၏သားငယ်ကိုထိန်လင်းက အောက်တိုဘာလ (၂ )ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။
"အခုဝတ်ထားတာ ကျွန်တော့်အကို ၁၉၉၀နှစ်လောက်က ဝတ်တဲ့တီရှပ်ပါ။ အဲဒီတုန်းက သူနဲ့ ကျွန်တော် မေမေ့သတင်းကို လွတ်လပ်တဲ့သတင်းမီဒီယာတွေကဘဲ ကြားသိနိုင်ခဲ့တယ်။ မေမေ့ဘဝရဲ့ အချိန်အတော်များများဟာ စစ်တပ်ရဲ့ဖမ်းဆီးချုပ်နှောင်မှုအောက်မှာ ကုန်ဆုံးရတယ်။ ကျွန်တော်တို့နဲ့လဲ အဆက်အသွယ် ဖြတ်ခံထားရတယ်။ မေမေနေကောင်းသလားဆိုတာ မီဒီယာတွေကတဆင့်ဘဲ သိခဲ့ရတယ်။ယခုတိုင်လည်း အဲဒီအတိုင်းပဲ၊ ပိုတောင်ဆိုးလာပါတယ်။ သူတို့ဘယ်လိုဘဲ သတင်းတွေကို အမှောင်ချထားပါစေ၊ နှုတ်ပိတ်ထားပါစေ၊ မီဒီယာတွေဟာ အမှန်တရားကို ရအောင်ဖော်ထုတ်ပါတယ်။ ဒါကြောင့် ဒီလိုမီဒီယာတွေ ပျောက်ကွယ် မသွားအောင် ကူညီကြရမယ်။မေမေ့အတွက်၊ နိုင်ငံရေးအကျဉ်းသားအားလုံးအတွက်၊ မြန်မာပြည်သူအားလုံးအတွက် အမှန်တရားကိုဆက်လက်ဖော်ထုတ်နိူင်အောင် ကြိုးစားကြရမယ်"လို့ကိုထိန်လင်းကဆိုပါတယ်။
စစ်ကော်မရှင်၏ ဖမ်းဆီးနှိပ်စက်မှုနှင့် သတ်ဖြတ်မှုများကြောင့် သေဆုံးခဲ့ရသော သတင်းမီဒီယာသမား များ ၂၀၂၁-ခုနှစ်၊ ဖေဖေါ်ဝါရီလမှ ၂၀၂၅-ခုနှစ်၊ ဇန်နဝါရီလထိ စုစုပေါင်း(၇)ဦး ရှိခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီး ၄-နှစ်နီးပါးကာလတွင် သတင်းသမားဦးရေ (၂၀၀) ကျော် ဖမ်းဆီးခံ ခဲ့ရပြီး၊ နိုင်ငံအနှံ့ အကျဉ်းထောင်အသီးသီးတွင် သတင်းသမား အနည်းဆုံး (၃၀) ကျော်မှ အများဆုံး (၆၀) ဝန်းကျင်အထိ ထိမ်းသိမ်းခံခဲ့ကြရပါတယ်။
========================
📌📌 ၃။ ဒဂုံတက္ကသိုလ်တွင်းရှိ CDM စာရင်းများနှင့် ကိုယ်ရေးအချက်အလက်များကို အကြမ်းဖက်စစ်ကောင်စီမှ ပြန်လည် ကောက်ယူမည်
အောက်တိုဘာလ (၂ )ရက်
ဒဂုံတက္ကသိုလ်တွင်းရှိ CDM စာရင်းများနှင့် ကိုယ်ရေးအချက်အလက်များကို အကြမ်းဖက်စစ်ကောင်စီမှ ပြန်လည် ကောက်ယူမည်ဖြစ်ကြောင်းသိရပါတယ်။
ဒဂုံတက္ကသိုလ်တွင်းရှိ CDM စာရင်းများနှင့် ကိုယ်ရေးအချက်အလက်များကို အကြမ်းဖက်စစ်ကောင်စီမှ ပြန်လည် ကောက်ယူသွားသည်ဖြစ်ကြောင်း သိရှိရတယ်လို့ ဒဂုံတက္ကသိုလ်ယာယီကောင်စီက အသိပေးကြေညာပါတယ်။
ဒဂုံတက္ကသိုလ်ယာယီကောင်စီသည်လည်း ရန်သူ့၏အမျိုးမျိုးသောဖိနှိပ်မှုတို့ကို တွန်းလှန်ကာ ပြည်သူ့တော်လှန်ရေးဘက်မှ ရပ်တည်နေကြပါသော ဆရာဆရာမများ၊ ဝန်ထမ်းများအားလုံးနှင့်အတူ တော်လှန်ရေးပန်းတိုင် ခရီးဆုံးအောင်ပွဲသို့ မမှိတ်မသုန် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းဒဂုံတက္ကသိုလ်ယာယီကောင်စီကဆိုပါတယ်။
========================
📌📌 ၄။ ပခုက္ကူလေယာဉ်ကွင်း တည်ဆောက်ရေးအတွက် အသုံးပြုမယ့် ကျွန်းသစ်တွေ တင်ဆောင်လာတဲ့ ကားတစီးကို Local PDF ဖမ်းဆီး
အောက်တိုဘာလ (၂ )ရက်
မကွေးတိုင်း ပခုက္ကူမြို့မှာရှိတဲ့ လေယာဉ်ကွင်း တည်ဆောက်ရေးအတွက် အသုံးပြုမယ့် ကျွန်းသစ်တွေ တင်ဆောင်လာတဲ့ ၁၀ ဘီးကား တစီးကို ဖမ်းဆီးရမိခဲ့တယ်လို့ Southern YSO PDF တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာ ၂၆ ရက်နေ့ ညနေ ၃ နာရီခန့်မှာ ရေစကြိုမြို့နယ်အတွင်းမှာရှိတဲ့ တောလမ်းတနေရာမှာ ၈ ဒသမ ၁၅၃ တန်ရှိ တဲ့ ကျွန်းသစ်တွေ တင်ဆောင်လာတဲ့ ၁၀ ဘီးကားတစီးကို ဖမ်းဆီးရမိခဲ့တာနဲ့ပတ်သက်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။
ယာဉ်မောင်း၊ စပါယာနဲ့ ပခုက္ကူကနေလိုက်လာတဲ့သူကို ဖမ်းဆီးရမိတာကြောင့် စစ်ဆေးခဲ့ရာမှာ အကြမ်းဖက် စစ်တပ်ရဲ့ လေယာဉ်ကွင်းတည်ဆောက်ရေးအတွက် သယ်ဆောင်လာတာလို့ ထွက်ဆိုထားတယ်လို့ သိရပါတယ်။
ပြည်သူလူထုရဲ့ အသက်အိုးအိမ်၊စည်းစိမ်တွေကို လေကြောင်းကနေ သတ်ဖြတ် ဖျက်စီးနေတဲ့ အကြမ်းဖက် စစ်တပ်ရဲ့ လေယာဉ်ကွင်း တည်ဆောက်ရေးမှာ အသုံးပြုမယ့် ကျွန်းသစ်တွေနဲ့ကားကို တော်လှန်ရေး အကျိုးပြု လုပ်ငန်းတွေမှာ အသုံးပြုသွားမယ်လို့ Southern YSO PDF က ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၅။ စစ်တပ်အာဏာသိမ်းပြီးချိန်မှ ယနေ့အထိတန့်ဆည်မြို့နယ်တွင်စစ်ကော်မရှင်တပ်များအကြိမ် ၁၅၀ ကျော်ထိ မီးရှို့ခဲ့ရာ ကျေးရွာ ၁၀၀ ကျော်မှ လူနေအိမ် ၅,၃၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရ
အောက်တိုဘာလ (၂ )ရက်
စစ်တပ်အာဏာသိမ်းပြီးချိန်မှ ယနေ့အထိတန့်ဆည်မြို့နယ်တွင်စစ်ကော်မရှင်တပ်များအကြိမ် ၁၅၀ ကျော်ထိ မီးရှို့ခဲ့ရာ ကျေးရွာ ၁၀၀ ကျော်မှ လူနေအိမ် ၅,၃၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရပါတယ်။
တန့်ဆည်မြို့နယ်၊ ခပေါင်းကြိုင်အုပ်စု၊ တနယ်ကျေးရွာရှိ လူနေအိမ်များ ကို စစ်တပ်နှင့်ပျူ စစ်ကြောင်းမှ၂၀၂၅ အောက်တိုဘာ ၁ ရက်နေ့ နံနက်ချိန်နှင့် ညနေချိန်တို့တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရပါတယ်။
တနယ်ကျေးရွာသည် စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခံရသေ တန့်ဆည်မြို့နယ်၏ ၁၀၁ ရွာမြောက်ကျေးရွာလည်းဖြစ်ပါတယ်။
အကြမ်းဖက်စစ်မကော်မရှင်တပ်နဲ့လက်အောက်ခံတပ်များ၏မီးရှို့ဖျက်ဆီးမှုကြောင့်တနိုင်ငံလုံးတွင် မီးလောင်ဆုံးရှုံးရသည့်အဆောက်အဦသိန်းနှင့်ချီရှိခဲ့ပြီဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် သာကီနှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ နမ္မတူနဲ့ မန်တုံမြို့မှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦးသေဆုံးပြီး ကလေးတွေ အပါအဝင် ၆ ဦး ဒဏ်ရာရ
အောက်တိုဘာလ (၂ )ရက်
ရှမ်းမြောက်ဒေသ တအာင်းတပ် သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နမ္မတူနဲ့ မန်တုံမြို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းက နေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားပြည်သူ ၃ ဦးသေဆုံးပြီး ကလေးငယ်အပါအဝင် ၆ ဦး ဒဏ်ရာရသွားတယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဒီနေ့ မနက် ၇ နာရီ ၂၀ မိနစ်မှာ အရပ်သားပြည်သူရှိတဲ့နေရာကိုဦးတည်ပြီး ရည်ရွယ်ချက်ရှိရှိနဲ့ နမ္မတူမြို့ကို ဗုံးတလုံး၊ မန်တုံမြို့ကို ဗုံး ၄လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်က ကြဲချတဲ့ ဗုံးတွေကျရောက်ပေါက်ကွဲမှုကြောင့် နမ္မတူမြို့က အရပ်သားပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး ကလေးအပါအဝင် ၆ ဦး ဒဏ်ရာရရှိခဲ့ကာ အိမ် ၈ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ အသိပေးပါတယ်။
အကြမ်းဖက်စစတပ်ဟာ မနေ့ အောက်တိုဘာ ၁ ရက်နေ့ကလည်း တအာင်းနဲ့ တော်လှန်ရေးတပ်တွေသိမ်းပိုက်ထိန်းချုပ် ထားတဲ့ မိုးကုတ်မြို့အနောက်ပိုင်း ရေထွက်ကြီးကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား တဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ပြည်သူပိုင်အိမ် တလုံး ပျက်စီးခဲ့တာရှိပါတယ်။
ဒါ့ကြောင့် မိဘပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိ အမြဲရှိဖို့လိုပြီး လေကြောင်းရန်ကနေ ကာကွယ်နိုင်ဖို့ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေ လိုက်နာဆောင်ရွက်ကြဖို့ တော်လှန်ရေးတပ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းပြောဆိုနေကြပါတယ်။
TNLA ဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်ကစတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆေးတွေနဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲ၊ သီပေါ၊နမ့်ဆန်၊ မိုင်းလုံ၊ မိုးမိတ်၊ မန်တုံ၊နမ္မတူ၊ ကွတ်ခိုင်၊ နောင်ချို၊နမ့်ခမ်း၊မိုင်းငေါ့မြိုနဲ့ မန္တလေးတိုင်းက မိုးကုတ်မြို့ကို သိမ်းယူနိုင်ခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ မြေပြင်ကနေ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးတာနဲ့ လေကြောင်းတိုက် ခိုက်မှုတွေကြောင့် ဇူလိုင်လမှာ နောင်ချိုမြို့ကို စစ်တပ်က ပြန်ရခဲ့သလို လက်ရှိမှာလည်း ကျောက်မဲမြို့ကို ပြန်ရပြီလို့ စစ်လောဘီတွေက ပြောဆိုနေချိန်မှာ အကြမ်းဖက်စစ်တပ်က နမ္မတူနဲ့ မန်တုံမြို့ကို ဗုံးကြဲတိုက်ခိုက်လာတာပဲဖြစ်ပါတယ်။
========================
🚩🚩 ၂။ ဆဒုံးမြို့ကို လေကြောင်းတိုက်ခိုက်မှုမှာ ၃ ဦးထပ်မံသေဆုံးသွားတာကြောင့် သေဆုံးသူ ၁၁ ဦးထိရှိလာတယ်လို့ KIA ပြော
အောက်တိုဘာလ (၂ )ရက်
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲက ဆဒုံးမြို့ကို အာဏာသိမ်းစစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ ဒဏ်ရာရ တဲ့သူ ၃ ဦး ထပ်မံသေဆုံးသွားတဲ့အတွက် သေဆုံးသူ ၁၁ ဦးအထိ ရှိလာပြီလို့ ကချင်လွတ်လပ်ရေးတပ်မတော် - KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြထားပါတယ်။
စက်တင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းမှာ အာဏာသိမ်းစစ်တပ်က တိုက်ပွဲဖြစ်တာမရှိတဲ့ ဆဒုံးမြို့ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် မူကြိုကလေးငယ်တွေ အပါအဝင် ၈ ဦး အခင်းဖြစ်နေရာမှာတင် သေဆုံးခဲ့ရပြီး ဒဏ်ရာရသူတွေထဲ က ၃ ဦး ထပ်မံသေဆုံးခဲ့တာလို့ ဆိုပါတယ်။
လေကြောင်း တိုက်ခိုက်မှုကြောင့် ပြင်းထန်ဒဏ်ရာ ရသွားတဲ့ ၃ ယောက် ဆေးကုသဖို့ ဆေးရုံသွားချိန် လမ်းတဝက်မှာပဲ သေဆုံးသွားတာလို့ KIA သတင်းပြန်ကြားရေးဌာနက အောက်တိုဘာ ၁ ရက်ညပိုင်းမှာ သတင်းဖော်ပြပြီး အသိပေး ထားပါတယ်။
လေကြောင်း တိုက်ခိုက်ခံတာကြောင့် သေဆုံးသွားသူတွေကို စက်တင်ဘာ ၃၀ ရက်မှာ ဈာပနကျင်းပပေးခဲ့ပြီး ဒေသနေ ပြည်သူတွေက ဗုံးကြဲတိုက်ခိုက်ခံရတဲ့နေရာကို သန့်ရှင်းရေးလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်ကြောင့် ဆဒုံးမြို့က ဒေသနေပြည်သူတွေ လက်ရှိအချိန်ထိ ထိတ်လန့်နေကြပြီး လုံခြုံတဲ့နေရာတွေမှာ တိမ်းရှောင်နေရကြောင်းနဲ့ ထိခိုက်ဒဏ်ရာရသူ ၆ ဦးကတော့ ဆေးကုသမှု ခံယူနေဆဲလို့ KIA သတင်းပြန်ကြားရေးဌာနက အသိပေးထားပါတယ်။
========================
🚩🚩 ၃။ ရေးမြို့နယ် အာယုတောင်ရွာထိပ် ဝါးကျောင်းတောင်အောက်မှာ စစ်သား ၄ ဦးကို ပစ်ခတ်ရှင်းလင်း
အောက်တိုဘာလ (၂ )ရက်
မွန်ပြည်နယ် ရေးမြို့နယ် အာယုတောင်ရွာထိပ် ဝါးကျောင်းတောင်အောက်မှာ ကင်းလာထောက်တဲ့ အကြမ်းဖက်စစ်သား တွေနဲ့ အပေါင်းပါ ၄ ဦးကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ ခေါင်းဆောင်က သူရဲ့လူမှုကွန်ယက်စာမျက်နှာ ကနေ အသိပေးထားပါတယ်။
အကြမ်းဖက်စစ်သားတွေနဲ့ DKBA အဖွဲ့တွေပေါင်းပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းက ကင်းထောက်လာတဲ့အဖွဲ့ဝင် ၄ ဦးကို မနေ့ အောက်တိုဘာ ၁ ရက်နေ့ ညနေပိုင်းမှာ ရှင်းလင်းနိုင်ခဲ့တာလို့ ဆိုပါတယ်။
DKBA ၃၄၃ တပ်နဲ့ပေါင်းပြီး ထိုးလာတဲ့စစ်ကြောင်း ဝါးကျောင်းတောင်အောက်မှာ အလောင်း ၄ကောင် ဖြစ်သွားပါပြီ။ ဒံပေါက်တောင် မစားသွားရှာဘူးလို့ ရေးဘီလူးက လူမှုကွန်ယက်စာမျက်နှာမှာ ရေးထားပါတယ်။
အာယုတောင် ရွာထိပ်ဝါးကျောင်းတောင်အောက်မှာ အကြမ်းဖက်စစ်သားတွေနဲ့ ရေးဘီးလူးအဖွဲ့တို့ကြား မကြာခဏ တိုက်ပွဲ ဖြစ်လေ့ရှိတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ စစ်ကြောင်းထိုးရာမှာ DKBA အဖွဲ့နဲ့ပေါင်းပြီး စစ်ကြောင်းထိုးလေ့ရှိတာကြောင့် ရေးဘီးလူးအဖွဲ့ရဲ့ ရှင်းလင်းတာ ခံလိုက်ရသူတွေထဲမှာ DKBA တပ်ဖွဲ့ဝင်တွေလည်း ပါဝင်နိုင်တယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ အကြမ်းဖက်စစ်တပ်က မီးလောင်ဗုံးတွေကြဲချတာကြောင့် ကျောက်မဲမြို့တွင်းမှာရှိတဲ့ ဌာနဆိုင်ရာရုံးချို့ မီးလောင်တာလို့ TNLA ပြော
အောက်တိုဘာလ (၂ )ရက်
ရှမ်းပြည်မြောက်ပိုင်း တအာင်း တပ်မဟာ ၂ နယ်မြေ ကျောက်မဲမြို့တွင်းကို အကြမ်းဖက်စစ်တပ်က မီးလောင်ဗုံးတွေ ကြဲချ တိုက်ခိုက်တာကြောင့် ဌာနဆိုင်ရာရုံးတွေ မီးလောင်ပျက်စီးရတာလို့ တအာင်းတပ်မတော် TNLA က ပြောကြားလိုက်ပါတယ်။
စက်တင်ဘာ ၃၀ ရက်နေ့ မွန်းလွဲပိုင်းမှာ အကြမ်းဖက်စစ်တပ်က ဒရုန်းတွေသုံးပြီး မီးလောင်ဗုံးတွေကြဲချတိုက်ခိုက်တာ ကြောင့် ဌာနဆိုင်ရာရုံးတွေ မီးလောင်မှုဖြစ်ခဲ့တာနဲ့ ပတ်သက်လို့ ပြောဆိုလိုက်တာဖြစ်ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ကျောက်မဲမြို့ပေါ်ကို လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်းတွေသုံးပြီး ဗုံးတွေ ကြဲချ တိုက်ခိုက် ခဲ့တဲ့အပြင် လက်ရှိမှာ မီးလောင်ဗုံးတွေ အသုံးပြုတိုက်ခိုက်လာတာကြောင့် မြို့တွင်းနေရာတွေအပြင် မီးသတ်ရုံး၊ သစ်တော ရုံးနဲ့ ရဲစခန်းတို့ မီးလောင်ခဲ့တယ်လို့ အသိပေးပါတယ်။
တအာင်းတပ်မတော် TNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့နယ်ပြန်ရဖို့ကြိုးစားနေတဲ့ အကြမ်းဖက်စစ်တပ်ဟာ သာလွန်အင်အားနဲ့ မြေပြင်ကနေစစ်ကြောင်းထိုးနေသလို လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းနဲ့ အဆိပ်ငွေ့ဗုံးတွေသုံးပြီး ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေတာကြောင့် ဒေသနေပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါ တယ်။
အကြမ်းဖက်စစ်တပ်နဲ့ တအာင်းတပ်မတော်တို့ကြား တိုက်ပွဲတွေဖြစ်နေတာရှိပြီး ကျောက်မဲမြို့အနီးက ပင်တီးရွာ၊ နောင်ချို မြို့နယ်ထဲက ဘန်ကာချောင်းအနီးမှာ တိုက်ပွဲတွေဖြစ်ခဲ့တာရှိပြီး လက်ရှိအချိန်ထိလည်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေ တယ်လို့ စစ်ရေးသတင်းတွေက ဆိုပါတယ်။
ဒါကြောင့် မိဘပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့ လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်းတွေသုံးပြီး ဗုံးကြဲတိုက်ခိုက်တာတွေကို ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိ အမြဲရှိကြဖို့နဲ့ လေကြောင်းရန်ကနေ ကာကွယ်နိုင်ဖို့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းတွေကို လိုက်နာဆောင်ရွက်ရန်ကြဖို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက တိုက်တွန်းထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment