၂၀၂၅ အောက်တိုဘာလ ၂၁ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ အကြမ်းဖက်စစ်တပ်က လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ပိတ်ဆို့ထားတယ်လို့ မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့ ပြော
📌 ၂။ စစ်အုပ်စုဟာ သူတို့ကိုဆန့်ကျင်နေသူတွေ ကွယ်ပျောက်သွားစေတဲ့နည်း စနစ်တကျကျင့်သုံးနေတယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ပြော
📌 ၃။ ပါရာမော်တာတွေနဲ့ အရပ်သားတွေကို သတ်ဖြတ်နေတဲ့စစ်တပ်ဟာ နျူကလီးယားစွမ်းအင်ကိုလည်း လက်နက်အဖြစ် အသုံးပြုလိမ့်မယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး သတိပေး
========================
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၂ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ စာသင်ကျောင်းတွေနဲ့ ကျောင်းသားတွေကို ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပညာရေးကဏ္ဍ ဖွံ့ဖြိုးအောင် ဆောင်ရွက်နေတယ်လို့ဆို
🚩 ၂။ လှိုင်သာယာ သောင်ကြီးရဲစခန်းကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်
🚩 ၃။ မိုင်းလုံမြို့ကို စစ်တပ်ကို ဗုံးထပ်ကြဲတာကြောင့် ကလေးတဦးနဲ့ အမျိုးသမီးတဦး ဒဏ်ရာရ
🚩 ၄။ စစ်တပ်က ဝင်စီးမယ်ဆိုတဲ့သတင်းကြောင့် KK Park က ကျားဖြန့် အလုပ်သမားတွေ ထောင်ချီ ထွက်ပြေး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ အကြမ်းဖက်စစ်တပ်က လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ပိတ်ဆို့ထားတယ်လို့ မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့ ပြော
အောက်တိုဘာလ (၂၂)ရက်
အကြမ်းဖက်စစ်တပ်က လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ပိတ်ဆို့ထားတယ်လို့ မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့ က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ ၁၅၁ ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို တက်ရောက်နေတဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ မနေ့ အောက်တိုဘာ ၂၁ ရက်က “Safeguarding humanitarian action in times of armed conflict” ခေါင်းစဉ်နဲ့ ပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက် ထားမှုဆိုင်ရာဥပဒေအား လေးစားလိုက်နာရေးမြှင့်တင်မှုကော်မတီ အစည်းအဝေးမှာ အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အကြမ်းဖက်မှုတွေကြောင့် ဆိုးရွားနေတဲ့ မြန်မာနိုင်ငံရဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေကို မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့က ရှင်းလင်းတင်ပြခဲ့တာလည်း ဖြစ်ပါတယ်။
ဒီအစည်းအဝေးမှာ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒေါက်တာဝင်းမြတ်အေးက ပဋိ့ပက္ခတွေကြောင့် နေရပ်စွန့်ခွာနေရမှု၊ အကြမ်းဖက်မှုတွေ ခံစားနေရတာ၊ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ လိုအပ်နေမှုအခြေ အနေ၊ အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် အကြမ်းဖက်မှုတွေ လုပ်ဆောင်နေတဲ့အခြေအနေ တွေကို ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် ဆေးရုံ၊ စာသင်ကျောင်းတွေနဲ့ ဘာသာရေးအဆောက်အအုံတွေ ပျက်စီးနေရတာနဲ့ အကြမ်းဖက်စစ်တပ်က လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို ပိတ်ဆို့ထားတဲ့ အခြေအနေ တွေကို ရှင်းလင်းတင်ပြခဲ့ပြီး အကြမ်းဖက်စစ်တပ်ရဲ့ အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှု စည်းမျဉ်းတွေကို ချိုးဖောက်နေတာတွေကို ထောက်ပြခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ ဘရာဇီး၊ ဘယ်လ်ဂျီယံ၊ ပိုလန်၊ ဖိလစ်ပိုင်နိုင်ငံတို့က လွှတ်တော်ကိုယ်စား လှယ်တွေနဲ့ သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့တာရှိတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်အတီ CRPH က ထုတ်ပြန်ထားပါတယ်။
ဒီနေ့ အောက်တိုဘာ ၂၂ ရက်နေ့မှာဆိုရင် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ဒုတိယခေါင်းဆောင် ဒေါ်ဇင်မာအောင်က ညီလာခံရဲ့ General Debate အစီအစဉ်မှာ မိန့်ခွန်းပြောကြားမယ်လို့ သိရပါတယ်။
========================
📌📌 ၂။ စစ်အုပ်စုဟာ သူတို့ကိုဆန့်ကျင်နေသူတွေ ကွယ်ပျောက်သွားစေတဲ့နည်း စနစ်တကျကျင့်သုံးနေတယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ပြော
အောက်တိုဘာလ (၂၂)ရက်
စစ်အုပ်စုဟာ သူတို့ကိုဆန့်ကျင်နေသူတွေ ကွယ်ပျောက်သွားစေတဲ့နည်းကို စနစ်တကျကျင့်သုံးနေတယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုရေးရာကော်မတီရဲ့ အတင်းအကျပ် ပျောက်ကွယ်စေ ခြင်း - Enforced Disappearances ဆိုတဲ့ အပြန်အလှန် ဆွေးနွေးပြောကြားမှုအစီအစဉ်မှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
စစ်အုပ်စုဟာ သူတို့အပေါ် မကျေနပ်တဲ့ အသံတွေ ဆိတ်သုဉ်းသွားစေဖို့၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေကို ပြစ်ဒဏ်ပေး ဖို့၊ ဒီမိုကရေစီ ထောက်ခံလှုပ်ရှားတဲ့ စိတ်ဓာတ်ကို ချိုးနှိမ်ဖို့ ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ စစ်အာဏာသိမ်းခဲ့ချိန်ကစပြီး ၄ နှစ် တာ ကာလပတ်လုံး အတင်းအကျပ်ပျောက်ကွယ်စေခြင်းဆိုတဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို စနစ်တကျ ကျူးလွန်ခဲ့တယ်လို့ ကုလဆိုင်ရာ မြန်မာ သံအမတ်ကြီးက ရှင်းလင်း ပြောကြားခဲ့ပါတယ်။
အခုလို ထိတ်လန့်စရာကောင်းတဲ့ ကျင့်စဉ်တခုလို ကျင့်သုံးနေတဲ့ အတင်းအကျပ်ပျောက်ကွယ်စေခြင်းဟာ ရှားပါး ရာဇဝတ်မှု မဟုတ်ဘဲ စစ်အုပ်စုဘက်က စနစ်တကျ တွက်ချက်အသုံးချနေတဲ့ စစ်မက်လက်နက်တခု ဖြစ်နေတယ်လို့လည်း ထောက်ပြခဲ့ပါတယ်။
စစ်အုပ်စုဟာ သူတို့ကို ဆန့်ကျင်ကန့်ကွက်သူတွေကို ဖိနှိပ်ဖို့ တရားလက်လွတ် ဖမ်းဆီးချုပ်နှောင်တာ၊ ညှဉ်းပန်းနှိပ်စက်တာနဲ့ တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ သတင်းထောက်တွေ အပါအဝင် အရပ်သားပြည်သူတွေအပေါ် အတင်းအကျပ် ပျောက်ကွယ်စေခြင်းနည်းကို အသုံးချနေတယ်လို့ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားရဲ့ အချက်အလက်တွေအရ သိရပါတယ်။
ဒီဖြစ်စဉ်အများမှာဆိုရင် ဖမ်းဆီးခံထားရသူတွေရဲ့ အခြေအနေတွေနဲ့ သူတို့ရောက်နေတဲ့နေရာကို မသိစေဖို့ မိသားစုတွေ၊ ရှေ့နေတွေနဲ့ အဆက်အသွယ် ဖြတ်တောက်ထားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားအဖွဲ့ က အသိပေးထားပါတယ်။
ဆက်သွယ်ရေးလမ်းကြောင်းတွေနဲ့ တွေ့ဆုံခွင့်လမ်းကြောင်းတွေကို ဖြတ်တောက်ထားတာဟာ နစ်နာသူတွေ ရဲ့ စာရင်းပျောက်ကွယ်သွားစေဖို့နဲ့ အကာအကွယ် မရစေဖို့အပါအဝင် အလွဲသုံးစားပြုသူတွေအောက်မှာ ထိရှလွယ်စေဖို့ စစ်အုပ်စုဘက်က ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်နေတဲ့ နည်းဗျူဟာတွေလို့ ကုလဆိုင်ရာ မြန်မာ သံအမတ်ကြီးက အစည်းအဝေးတက်ရောက်လာသူတွေကို ပြောကြားခဲ့ပါတယ်။
ဒီလိုလုပ်နေတာ အချိန်ကြာမြင့်လာတာနဲ့အမျှ အခုလို ကြီးလေးတဲ့ ရာဇဝတ်မှုတွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေဟာ နစ်နာသူတွေအပေါ်တင်မဟုတ်တော့ဘဲ ဥပဒေ၊ စီးပွားရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ကျဆင်းမှုတွေ ရင်ဆိုင်နေရသူတွေရဲ့ မိသားစုဝင်တွေနဲ့ အသိုက်အဝန်းအထိ ရိုက်ခတ်လာနေပြီလို့လည်း အသိပေးခဲ့ပါတယ်။
အတင်းအကျပ် ပျောက်ကွယ်စေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်နေတဲ့ တရားခံဟာ စစ်အုပ်စုဖြစ်ပြီး သူတို့ရရှိ နေတဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အပြည့်အဝအသုံးချနေပြီး အရပ်သားပြည်သူတွေအပေါ် စနစ်တကျ ဆက်လက် တိုက်ခိုက် နေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
စစ်အုပ်စုကလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို ထောက်ခံတာဟာ အတင်းအကျပ် ပျောက်ကွယ်စေ ခြင်းဆိုတဲ့ ရာဇဝတ်မှုကို ထပ်ပြီး ကျူးလွန်ခွင့်ရစေဖို့ ခွင့်ပြုပေးရာရောက်မှာဖြစ်တဲ့အတွက် စစ်အုပ်စုက လုပ်မယ့်ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်တာတွေ ချက်ခြင်းလုပ်ဆောင်ကြဖို့ အစည်းအဝေးတက်ရောက်လာတဲ့နိုင်ငံတွေက ကိုယ်စားလှယ်တွေ ကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်း ပြောကြားခဲ့ပါတယ်။
========================
📌📌 ၃။ ပါရာမော်တာတွေနဲ့ အရပ်သားတွေကို သတ်ဖြတ်နေတဲ့စစ်တပ်ဟာ နျူကလီးယားစွမ်းအင်ကိုလည်း လက်နက်အဖြစ် အသုံးပြုလိမ့်မယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး သတိပေး
အောက်တိုဘာလ (၂၂)ရက်
အပန်းဖြေရာမှာ အသုံးပြုတဲ့ ပါရာမော်တာတွေကို လက်နက်အဖြစ်အသုံးပြုပြီး အရပ်သားပြည်သူတွေကို သတ်ဖြတ်နေတဲ့ မြန်မာစစ်တပ်ဟာ နျူကလီးယားစွမ်းအင်ကိုလည်း လက်နက်အဖြစ် အသုံးပြုလိမ့်မယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ် ကြီး ဦးကျော်မိုးထွန်းက သတိပေး ပြောကြားလိုက်ပါတယ်။
အကြိမ် ၈၀ မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ လက်နက်ဖျက်သိမ်းရေးနှင့်နိုင်ငံတကာလုံခြုံရေး ကော်မတီရဲ့ နျူကလီးယားလက်နက် ဖျက်သိမ်းရေးဘာသာရပ် မူဝါဒရေးရာ ဆွေးနွေးပြောကြားမှု အစီအစဉ်မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလို သတိပေး ပြောကြားလိုက်တာဖြစ်ပါတယ်။
အကြမ်းဖက်စစ်အုပ်စုက အရပ်သားတွေအပေါ် ရာဇဝတ်မှုတွေနဲ့ ပစ်မှတ်ခွဲခြားခြင်းမရှိတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ပိုပြီး ကျူးလွန်နေချိန်မှာ စစ်အုပ်စုက နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံတနိုင်ငံနဲ့ပေါင်းပြီး “နျူကလီးယားစွမ်းအင် အစီအစဉ်”ဆိုတဲ့ အမည်တပ်ပြီး ဆောင်ရွက်နေတာဟာ စိုးရိမ်ရတဲ့ အခြေအနေလို့ အစည်းအဝေးတက်ရောက်လာသူတွေ ကို သတိပေးပြောကြားခဲ့ပါတယ်။
နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုရန်ဆိုတဲ့ အယူအဆဟာ အကြမ်းဖက်စစ်အုပ်စုနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတယ်လို့ ထောက်ပြပြောဆိုခဲ့ပါတယ်။
မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်အပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၆၆၉ အပါအဝင် ကုလသမဂ္ဂအဖွဲ့အစည်းတွေရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်နေတဲ့ အကြမ်းဖက်စစ်တပ်ဟာ IAEA ရဲ့ ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ စည်းမျဉ်းတွေကိုလည်း ချိုးဖောက်မှာပဲလို့လည်း ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးက ထပ်ပြီး သတိပေးခဲ့ပါတယ်။
တရားမဝင် လက်နက်ဝယ်ယူရေးလုပ်ငန်းတွေကို လွယ်ကူစေဖို့ လုပ်ပေးနေတဲ့ စစ်အုပ်စုနဲ့သူတို့ လက်အောက်ခံတွေဟာ တရားမဝင်နျူကလီးယားလုပ်ငန်းတွေကိုလည်း အလွယ်တကူ လုပ်လာကြလိမ့်မယ်လို့လည်း ပြောကြားခဲ့ပါတယ်။
စစ်အုပ်စုကစီစဉ်နေတဲ့ အတုအယောင် အလိမ်အညာရွေးကောက်ပွဲကို ပံ့ပိုးမယ့် နိုင်ငံတကာအထောက်အပံ့ ဒါမှမဟုတ် အကူအညီပေးမှုတွေဟာ အန္တရာယ်ရှိတဲ့ နျူကလီးယား ရည်မှန်းချက်တွေ အကောင်အထည် ဖော်နိုင်ရေးကြိုးစားနေတဲ့ စစ်အုပ်စုအတွက် တဆင့်တိုး နီးကပ်သွားစေမယ်လို့လည်း ကုလဆိုင်ရာ မြန်မာ သံအမတ်ကြီက ထပ်ပြီး သတိပေး ပြောကြားခဲ့ပါတယ်။
မတော်တဆဘဲဖြစ်ဖြစ် မရည်ရွယ်ဘဲဖြစ်ဖြစ် ရည်ရွယ်ချက်ရှိရှိပဲဖြစ်ဖြစ် နျူကလီးယားလက်နက်ကို တကြိမ်တခါ အသုံးပြု လိုက်တာနဲ့ လူတွေနဲ့ သဘာဝပတ်ဝန်းကျင်အပေါ် ပျက်စီး ဆုတ်ယုတ်စေမယ့် အကျိုးဆက်တွေ ဖြစ်လာနိုင်တာကြောင့် နျူကလီးယားလက်နက် အသုံးပြုခြင်းကနေ ကာကွယ်နိုင်ရေး တခုတည်းသောအာမခံချက်ဟာ လုံးဝဖျက်သိမ်းဖို့သာ ဖြစ်သည်ဆိုတဲ့ မြန်မာနိုင်ငံရဲ့ ရပ်တည်ချက်ကို မြန်မာ သံအမတ်ကြီက ခိုင်ခိုင်မာမာ ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ “နျူကလီးယားလက်နက် ဖျက်သိမ်းရေး” ခေါင်းစဉ်နဲ့ ဆုံးဖြတ်ချက်အဆိုမူကြမ်းတရပ် တင်သွင်းထား ပြီးဖြစ်တဲ့အတွက် အဖွဲ့ဝင်နိုင်ငံတွေအနေနဲ ဒီအဆိုမူကြမ်းကို ထောက်ခံကြဖို့နဲ့ ပူးတွဲအဆိုရှင်အဖြစ် ပါဝင်ကြဖို့ မေတ္တာရပ်ခံ ထားပါတယ်။
အရှေ့တောင်အာရှ နျူကလီးယားလက်နက်ကင်းမဲ့ဇုန်စာချုပ်အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ နျူကလီးယားလက်နက် ကင်းမဲ့ဇုန်တွေက နျူကလီးယားလက်နက်တွေကို ဆန့်ကျင်တဲ့ ကမ္ဘာလုံး ဆိုင်ရာစံနှုန်းတွေကို ပိုပြီး ခိုင်မာအောင်ပံ့ပိုး ပေးနိုင် လိမ့်မယ်လို့ ယုံကြည်ထားပြီး စာချုပ်မှာ လက်မှတ်ရေးထိုးမယ့် တီမောလက်စ်တေနိုင်ငံကိုလည်း ကြိုဆိုထားပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ရွေးကောက်ခံအရပ်သားအစိုးရလက်ထက်က နျူကလီးယားလက်နက် တားဆီးပိတ်ပင်ရေးဆိုင်ရာ စာချုပ် TPNW၊ နျူကလီးယား ဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာ ကွန်ဗင်းရှင်း - CNS ၊နျူကလီးယားပစ္စည်းများ ရုပ်ပိုင်းဆိုင်ရာကာကွယ်စောင့်ရှောက်ရေးဆိုင်ရာကွန်ဗင်းရှင်း - CPPNM နဲ့CTBT တို့ကို အတည်ပြု လက်မှတ်ရေးထိုးခဲ့ပြီး TPNW ကို အတည်ပြုဖို့၊ IAEA ရဲ့ နောက်ဆက်တွဲစာချုပ်ကို အသက်ဝင်စေဖို့နဲ့ Modified Small Quantity Protocol-MSQP ကို လိုက်နာမယ်ဆိုတဲ့ အစီအစဉ်တွေအားလုံးဟာ ၂၀၂၁ ခုနှစ်မှာဖြစ်ခဲ့တဲ့ တရားမဝင် အကြမ်းဖက် စစ်အာဏာ သိမ်းမှုကြောင့် ပျက်စီးသွားခဲ့ရတယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ စာသင်ကျောင်းတွေနဲ့ ကျောင်းသားတွေကို ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပညာရေးကဏ္ဍ ဖွံ့ဖြိုးအောင် ဆောင်ရွက်နေတယ်လို့ဆို
အောက်တိုဘာလ (၂၂)ရက်
စာသင်ကျောင်းတွေနဲ့ ကျောင်းသားတွေကို ဗုံးကြဲသတ်ဖြတ်နေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က တနိုင်ငံလုံးအတိုင်းအတာနဲ့ ပညာရေးကဏ္ဍဖွံ့ဖြိုးအောင် ဆောင်ရွက်နေတယ်လို့ ပြောဆိုလာပါတယ်။
မနေ့ အောက်တိုဘာ ၂၁ ရက်က နေပြည်တော်မှာရှိတဲ့ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန - ၁ မှာကျင်းပတဲ့ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ် - ၇ က ကျောင်းသား၊ ကျောင်းသူတွေနဲ့တွေ့ဆုံရာ အခုလို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။
မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကော်မရှင်ဟာ တော်လှန်ရေးနယ်မြေတွေက စစ်ရေးနဲ့မသက်ဆိုင်တဲ့ စာသင်ကျောင်းတွေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေချိန်မှာ အခုလို အယှက်မရှိ ပြောဆို လာတာလို့ CDM ဆရာ၊ ဆရာမအသိုင်းအဝိုင်းက မှတ်ချက်ပြုပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ အခုလထဲမှာ ဟားခါးမြို့နယ်က ဗန်ဟားကျေးရွာစာသင်ကျောင်းက ကလေးတေါစာသင်နေချိန်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ၈ နှစ်အရွယ် ကျောင်းသားတဦးနဲ့ ၁၂ နှစ်အရွယ် ကျောင်းသူတဦး သေဆုံးခဲ့ ရပြီး ၂၁ ယောက်ဒဏ်ရာရခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်တခုဖြစ်တဲ့ CDF-Hakha က ထုတ်ပြန်ထားပါတယ်။
ထို့အတူ မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပျဉ်းမပင်ဆိပ်ကျေးရွာ အနောက်ဘက်ခြမ်းက ကဘောယူပလောနေရာကိုလည်း အကြမ်းဖက်စ်တပ်က ဗုံးလာကြဲတဲ့အတွက် ကျောင်းသား ၅ ယောက်သေဆုံးပြီး ၉ယောက် ပြင်းထန်ဒဏ်ရာရသွားတယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ချင်းပြည်နယ် မင်းတပ်မြို့နယ်က ဘော်ဒါကျောင်းဆောင်တခုကိုလည်း အကြမ်းဖက်စစ်တပ်က ဗုံးကြဲတာကြောင့် ကျောင်းသား၃ယောက်နဲ့ မသန်စွမ်းအမျိုးသမီးတယောက်သေဆုံးပြီး အရပ်သား ၁၀ ယောက်ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်တခုဖြစ်တဲ့ CDF – Mindat က ထုတ်ပြန်ထားပါတယ်။
ရခိုင်မှာဆိုရင်လည်း စက်တင်ဘာလထဲမှာ ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာက ပညာပန်းခင်းနဲ့ အမြင်သစ် ကိုယ်ပိုင်ဘော်ဒါကျောင်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကျောင်းသား၊ ကျောင်းသူ ၂၀ သေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရခဲ့တာရှိသလို မေလထဲမှာလည်း စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းရွာ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆရာ၊ ဆရာ ၂ယောက်အပါအဝင် ကျောင်းသူ၊ ကျောင်းသား ၂၄ ဦး ထက်မနည်းသေဆုံးခဲ့ရပြီး ပြင်းထန်ဒဏ်ရာရသူ ၄ဝ ခန့်အပါအဝင် ဒဏ်ရာရသူ ၁ဝ၅ ယောက်ရှိခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
တအာင်းတပ်တွေထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာဆိုရင်လည်း အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အခုလထဲမှာ ကျောင်းသားအရွယ်ကလေးငယ်တွေ သေဆုံးခဲ့ရတာရှိသလို စာသင်ကျောင်း ၃ ကျောင်း ပျက်စီးခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန မှတ်တမ်းတွေအရ သိရပါတယ်။
========================
🚩🚩 ၂။ လှိုင်သာယာ သောင်ကြီးရဲစခန်းကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်
အောက်တိုဘာလ (၂၂)ရက်
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အနောက်ပိုင်း အနော်ရထာလမ်းမပေါ်မှာရှိတဲ့ သောင်ကြီးရဲစခန်းကို မနေ့ အောက်တိုဘာ ၂၁ ရက် ည ၉ နာရီ ၄၈ မိနစ်ခန့်အချိန်မှာ လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ကလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲအတွက် ပူးပေါင်းပါဝင်လှုပ်ရှားနေကြပြီး ပြည်သူလူထုကို နည်းမျိုးစုံနဲ့ မတရားဖမ်းဆီး နှိပ်စက်နေတဲ့ လှိုင်သာယာရဲတပ်ဖွဲ့ကို စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်ပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုမှာ ရန်သူဘက်က ထိခိုက်မှုရှိနိုင်တဲ့အတွက် အခြေအနေ အသေးစိတ်သိရအောင် ဆက်လက်စုံစမ်းနေတယ်လို့ တိုက်ခိုက်ရာမှာ ပါဝင်တဲ့အဖွဲ့တွေက အသီးသီး ထုတ်ပြန်ထားပါတယ်။
ဒီစစ်ဆင်ရေးကို အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ လသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ကြည့်မြင်တိုင် မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့အတူ Operation Flame အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
Operation Flame အနေနဲ့ အကြမ်းဖက်စစ်တပ််လုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို လုံးဝလက်မခံတဲ့ အတွက် ရန်ကုန်မှာရှိတဲ့ တော်လှန်ရေးမဟာမိတ်တွေနဲ့ လက်တွဲပြီး အကြမ်းဖက်စစ်တပ်ကို အရှိန်မြင့်တိုက်ခိုက်ချေမှုန်းသွားမယ်လို့ အသိပေးထားပါတယ်။
========================
🚩🚩 ၃။ မိုင်းလုံမြို့ကို စစ်တပ်ကို ဗုံးထပ်ကြဲတာကြောင့် ကလေးတဦးနဲ့ အမျိုးသမီးတဦး ဒဏ်ရာရ
အောက်တိုဘာလ (၂၂)ရက်
တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်မြောက်ပိုင်း မိုင်းလုံမြို့နယ်ကို အကြမ်းဖက် စစ်တပ်က ဗုံးထပ်ကြဲတာကြောင့် ကလေးတဦးနဲ့ အမျိုးသမီးတဦး ဒဏ်ရာရသွားတယ်လို့ TNLAနဲ့ တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO တို့က ဒီနေ့ အောက်တိုဘာ ၂၂ မှာ ထုတ်ပြန်လာပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ တိုက်ပွဲဖြစ်တာမရှိဘဲ မိုင်းလုံမြို့နယ် မန်စံကျေးရွာကို ဒီနေ့ မနက် ၁ နာရီ ၃၃ မိနစ်အချိန်မှာ ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံး ၂ လုံး လာရောက်ကြဲချပြီး တိုက်ခိုက်ခဲ့တာလို့ အသိပေးပါတယ်။
အကြမ်းဖက်စစ်တပ်က ကြဲချတဲ့ဗုံးတွေရောက်ပေါက်ကွဲမှုကြောင့် ကလေးတဦးနဲ့ အမျိုးသမီးတဦး ဒဏ်ရာရခဲ့ပြီး နေအိမ် ၄ လုံး ပျက်စီးသွားခဲ့တယ်လို့ TNLA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒဏ်ရာရသူတွေဟာ အသက် ၉ နှစ်အရွယ် မိုင်းရွှေစံနဲ့ အသက် ၃၅ နှစ်အရွယ် လွေးထွေးဟန်တို့ဖြစ်ပြီး ခေါင်းနဲ့ခြေထောက်မှာ ဒဏ်ရာရခဲ့ကြတာလို့ TWO က ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ အခု အောက်တိုဘာလထဲမှာ TNLA ထိန်းချုပ်ထားတဲ့မြို့နယ်တွေကို လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်တာ ၃၄ ကြိမ်နဲ့ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာ တကြိမ် စုစုပေါင်း ၃၅ ကြိမ် ရှိနေပြီလို့ PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာန မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
တအာင်းအမျိုးသမီးအဖွဲ့အစည်းက ကောက်ယူရရှိထားတဲ့ အချက်အလက်တွေအရဆိုရင် အခု အောက်တိုဘာ ၁ ရက်ကနေ ၂၂ ရက်နေ့အထိ လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ကလေး ၁၃ ဦး အပါအဝင် သေဆုံးသူ ၄၁ ဦးရှိလာပြီး ကလေး ၁၅ ဦး အပါအဝင် ၆၇ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ စစ်တပ်က ဝင်စီးမယ်ဆိုတဲ့သတင်းကြောင့် KK Park က ကျားဖြန့် အလုပ်သမားတွေ ထောင်ချီ ထွက်ပြေး
အောက်တိုဘာလ (၂၂)ရက်
အကြမ်းဖက် စစ်တပ်က ဝင်စီးမယ်ဆိုတဲ့ သတင်းကြောင့် KK Park မှာရှိတဲ့ အလုပ်ဆိုက်တွေထဲက ထောင်နဲ့ချီတဲ့ ကျားဖြန့် အလုပ်သမားတွေဟာ ဒီနေ့ အောက်တိုဘာ ၂၂ ရက် မနက်ပိုင်းကစပြီး ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် မယ်ထော်သလေး ကျေးရွာအနီးက KK Park မှာရှိတဲ့ ကျားဖြန့် အလုပ်သမားတွေဟာ အလုပ်ဆိုက်ဂိတ်တွေထဲကထွက်ပြီး မယ်ထော်သလေး - အင်ကြင်းမြိုင်လမ်းမကြီးအတိုင်း နီးစပ်ရာ မယ်ထော်သလေးရွာနဲ့ မြဝတီမြို့ဘက် ထွက်ပြေးနေကြတယ်လို့ ဆိုပါတယ်။
KK Park က ကျားဖြန့် အလုပ်သမားတွေကို ကရင်နယ်ခြားစောင့်တပ် - BGF လုံခြုံရေး အစောင့်တွေက ဂိတ်ဖွင့်ပေးပြီး ရှောင်ခိုင်းလိုက်တာလို့လည်း သိရပါတယ်။
ဒီလို တိမ်းရှောင်ခိုင်းရာမှာ တရုတ်နိုင်ငံသားတွေကိုတော့ ကားတွေနဲ့ သယ်ပေးနေပြီး ဆိုင်ကယ်တွေနဲ့ ထွက်ပြေးသူတွေ လည်း ရှိသလို အချို့သော အလုပ်သမားတွေကတော့ လမ်းလျှောက်ပြီး ထွက်ပြေးနေကြတယ်လို့ မျက်မြင်တွေ့နေရသူတွေ က ပြောပါတယ်။
စစ်တပ်ကဝင်စီးမယ်ဆိုတဲ့သတင်းကြောင့် အဲဒီနေရာကို သွားပြီးလေ့လာနေသူတယောက်က KK Park အလုပ်သမားတွေကို ဂိတ်ဖွင့်ပေးပြီး ရှောင်ခိုင်းလိုက်တာလို့ ဆိုပါတယ်။
တရုတ်နိုင်ငံသားတွေနဲ့ နိုင်ငံခြားသားတွေကိုတော့ လုံခြုံရေးအဖွဲ့အစည်းတွေက ဘေးလွတ်ရာနေရာတွေကို ကားနဲ့သယ် ထုတ်ပေးနေပေမယ့် ကျန်တဲ့အလုပ်သမားတွေကတော့ ကိုယ်အစီအစဉ်နဲ့ ကိုယ်တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းလုပ်ငန်းတွေ ကြီးစိုးရာနေရာအဖြစ် နိုင်ငံတကာမှာ နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ KK Park ကို အကြမ်းဖက်စစ်တပ်က ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဟန်ပြ ဝင်စီးခဲ့ရာမှာ ဝေဖန်မှုတွေထွက်ပေါ် ခဲ့တဲ့အတွက် ဒီနေ့မှာ အကြမ်းဖက် စစ်တပ်က ထပ်မံ ဝင်စီးမယ်ဆိုတဲ့သတင်းကြောင့် အလုပ်သမားတွေ ထွက်ပြေးတိမ်းရှောင်နေကြတာပဲ ဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment