၂၀၂၅ အောက်တိုဘာလ ၁၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး ပြည်ထောင်စုဝန်ကြီးချုပ် ဦးဆောင်ကျင်းပ
📌 ၂။ မြန်မာစစ်အုပ်စုနှင့် ဆက်စပ်မှုဖြင့် တယ်လီနောကို နော်ဝေတွင် တရားစွဲဆိုရန် စတင်
📌 ၃။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ အောက်တိုဘာလ ၉ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် ဘာသာရေးကဏ္ဍမှ စုစုပေါင်း (၂၉) ဦး သေဆုံး
📌 ၄။ ကိုးကန့်အထူးဒေသ Xingwang မြို့မှာ အခမဲ့ ဆေးပေးခန်းဖွင့်လှစ်
📌 ၅။ ချောင်းဦး လေကြောင်းတိုက်ခိုက်မှု ထိခိုက်ပြည်သူများကို ဆေးဝါးနှင့် ရိက္ခာ မျှဝေထောက်ပံ့
📌 ၆။ စစ်အာဏာရှင် တော်လှန်ရေးမှာ အသက်ပေးခဲ့ရတဲ့ အာဇာနည်သူရဲကောင်းများကို ရည်စူးပြီး ဆီးမီးထွန်းဂုဏ်ပြု
========================
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ဗန်းမောက်မြို့နယ်တွင် တိုက်ပွဲများကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူများအား NUG ကူညီ၊ စစ်အုပ်စုနှင့် SNAမှ ဒေသခံ ၂၀၀ကျော်ကို ဖမ်းဆီးသွား
🚩 ၂။ "သိမ်းငှက်စစ်ဆင်ရေး"တွင် မော်လိုက်အတွင်း စစ်အုပ်စုစခန်း ၆ ခု သိမ်းပိုက်ရှိ၊ စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရရှိ၊ ၄ဦး အလင်းဝင်
🚩 ၃။ ချောင်းဦး လေကြောင်းတိုက်ခိုက်မှု တရားခံနဲ့ ဆက်စပ်သတင်းများ ပေးပို့ကြဖို့ မုံရွာ ပလဖ တောင်းခံ
🚩 ၄။ ညောင်ဦးမြို့နယ် လုံခြုံရေးအတွက် မိဘပြည်သူ၊ ခရီးသွားများ လိုက်နာရန် စည်းကမ်းထုတ်ပြန်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး ပြည်ထောင်စုဝန်ကြီးချုပ် ဦးဆောင်ကျင်းပ
အောက်တိုဘာ ၉
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၃၆/၂၀၂၅) ကို အောက်တိုဘာလ ၉ရက်နေ့ မနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါတယ်။
ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၃၅/၂၀၂၅)တွင် ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်ချက်များကို အကျယ်တဝင့် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ ဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး နေ့လယ် (၁၂:၀၀)နာရီအချိန်တွင်အောင်မြင်စွာ ရပ်နားခဲ့ပါတယ်။
========================
📌📌 ၂။ မြန်မာစစ်အုပ်စုနှင့် ဆက်စပ်မှုဖြင့် တယ်လီနောကို နော်ဝေတွင် တရားစွဲဆိုရန် စတင်
အောက်တိုဘာ ၉
Radio NUG
မြန်မာစစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ပါဝင်ပတ်သက်မှုအတွက် နော်ဝေဆက်သွယ်ရေးကုမ္ပဏီကြီး တယ်လီနော (Telenor) အား တရားစွဲဆိုရန် ပထမအဆင့်ကို Defend Myanmar Democracy အဖွဲ့က စတင်လိုက်ပြီဖြစ်ကြောင်း အောက်တိုဘာလ ၉ရက်နေ့တွင် သတင်းထုတ်ပြန်ပါတယ်။
Defend Myanmar Democracy နှင့် Myanmar Internet Project အဖွဲ့တို့ ပူးပေါင်းကာ Telenor ASA အား နော်ဝေနိုင်ငံတွင် တရားစွဲဆိုရန် ပြင်ဆင်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ အာဏာသိမ်းမှုအပြီး တယ်လီနောက အသုံးပြုသူများ၏ ဖုန်းခေါ်ဆိုမှုမှတ်တမ်းများ၊ အမည်၊ လိပ်စာ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနံပါတ်နှင့် နောက်ဆုံးတည်နေရာအပါအဝင် ထိခိုက်လွယ်သော ဒေတာအချက်အလက်များကို စစ်အုပ်စုထံ လွှဲပြောင်းပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထိုဒေတာများကို အသုံးပြု၍ စစ်အုပ်စုသည် အာဏာသိမ်းမှုကို ဆန့်ကျင်သူများကို ခြေရာခံခြင်း၊ ဖမ်းဆီးခြင်းနှင့် နှိပ်စက်ညှဉ်းပန်းခြင်းများ ပြုလုပ်ခဲ့ကြောင်း သက်သေအထောက်အထားများက ဖော်ပြထားပြီး အရပ်သားများစွာ ဖမ်းဆီးနှိပ်စက်ခံရကာ အနည်းဆုံး တစ်ဦး ကွပ်မျက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
အရပ်ဘက်အဖွဲ့အစည်းများ၏ တားမြစ်ချက်များရှိသော်လည်း တယ်လီနောသည် အဆိုပါအချက်အလက်များကို စစ်အုပ်စုထံ လွှဲပြောင်းပေးခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ၎င်း၏ပိုင်ဆိုင်မှုများကို ရောင်းချကာ မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့ကြောင်း၊ ထိုအချိန်က တယ်လီနောတွင် သုံးစွဲသူ ၂၂ သန်းကျော်ရှိခဲ့ကြောင်း အသိပေးထားပါတယ်။
လက်ရှိတွင် တယ်လီနော၏ ပိုင်ဆိုင်မှုများကို လက်ဘနွန်အခြေစိုက် M1 Group နှင့် ရွှေဗျိုင်းဖြူကုမ္ပဏီက ဝယ်ယူထားပြီး ATOM Myanmar အမည်ဖြင့် လုပ်ငန်းလည်ပတ်နေသလို ရွှေဗျိုင်းဖြူသည် စစ်အုပ်စုနှင့် ဆက်စပ်နေတယ်လို့ ဖော်ပြထားပါတယ်။
ယခုအမှုသည် မြန်မာနိုင်ငံကဲ့သို့ ပဋိပက္ခဖြစ်ပွားနေသည့်နေရာများတွင် စီးပွားရေးလုပ်ငန်းများ၏ ဆုံးဖြတ်ချက်များက လူ့အသက်ဘဝများအပေါ် ဆိုးကျိုးသက်ရောက်နိုင်သည့်အခါ ၎င်းတို့၏ တာဝန်ယူမှုနှင့် သက်ဆိုင်ရာအစိုးရများ၏ ကြီးကြပ်မှု လိုအပ်ကြောင်း ထပ်လောင်းဖော်ပြတယ်လို့ ဆိုထားပါတယ်။
========================
📌📌 ၃။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ အောက်တိုဘာလ ၉ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် ဘာသာရေးကဏ္ဍမှ စုစုပေါင်း (၂၉) ဦး သေဆုံး
အောက်တိုဘာ ၉
Radio NUG
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ အောက်တိုဘာလ ၉ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် ဘာသာရေးကဏ္ဍမှ စုစုပေါင်း (၂၉) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး အသက် ၁၈ နှစ်အောက် သေဆုံးသူ (၁၀) ဦး ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ အသိပေးထုတ်ပြန်ပါတယ်။
ရှမ်းပြည်နယ်မှာ (၈) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး စစ်ကိုင်းတိုင်းမှာ (၆) ဦးဖြင့် သေဆုံးမှု ဒုတိယအများဆုံးဒေသဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ (၂၉) ဦးအနက် (၁၈) ဦးမှာ စစ်အုပ်စု၏ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ပြီး (၇) ဦးမှာ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒုတိယအများဆုံးသေဆုံးခဲ့တယ်လို့ အသိပေးထားပါတယ်။
အောက်တိုဘာလ ၂ ရက်နေ့၊ နံနက် ၉ နာရီခန့်အချိန်တွင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်ရှိ ကညနရုံး၌ အထိုင်ချတပ်စွဲထားသော စစ်အုပ်စုနှင့် ရွှေဘိုမြို့ပေါ်ရှိ ထောက်ပို့တပ်တို့မှ ပူးပေါင်း၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အောင်မြေချမ်းမြေ့ ဘုန်းကြီးကျောင်းဝန်းအတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့ ပြီး ကိုရင်ငယ်လေးပါးဖြစ်တဲ့ ဉာဏိက၊ ဥတ္တမ၊ ဝိမလ၊ မေဓါနန္ဒတို့ ကျည်စထိမှန်၍ ပျံလွန်တော်မူခဲ့ပါတယ်။
========================
📌📌 ၄။ ကိုးကန့်အထူးဒေသ Xingwang မြို့မှာ အခမဲ့ ဆေးပေးခန်းဖွင့်လှစ်
အောက်တိုဘာ ၁၀ ရက်၊
Radio NUG
အထူးဒေသ (၁) ကျန်းမာရေးဌာနရဲ့ ညွန်ကြားချက်အရ ကိုးကန့်ခရိုင်၊ တရုတ်ရိုးရာတိုင်းရင်းဆေးရုံမှ Xingwang မြို့မှာ အခမဲ့ ဆေးကုသပေးတဲ့ ဆေးပေးခန်း ဖွင့်လှစ်ခဲ့တယ်လို့ The Kokang က ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာ ၃ ရက်နေ့က Xingwang မြို့၊ Xinping လမ်းမှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အခြေခံ ပြည်သူများရဲ့ ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်ချက်များကို အထောက်အကူ ပြုနိုင်ရန် ရည်ရွယ်တယ်လို့ ဆိုပါတယ်။
အဆိုပါ ဆေးပေးခန်းမှာ ဆေးဝါးများနှင့် ကုသမှုဆိုင်ရာ ကုန်ကျစားရိတ်အားလုံးကို အခမဲ့ ဆောင်ရွက်ပေးနေပြီး အနီးနားရှိ ပြည်သူများအား ရေရှည်တည်တံပြီး လွယ်ကူစွာ ကျန်းမာရေး ဝန်ဆောင်မှုများကို ရရှိစေလိုတယ်လို့ ဆိုပါတယ်။
အထူးဒေသ ကျန်းမာရေးဌာနနှင့် MNDAA ထောက်/ပို့ဌာန ရဲ့ ကျန်းမာရေးဦးစီးဌာနတို့ဟာ ဆေးကုသဖို့ ခက်ခဲတဲ့ ကျေးလက်ဒေသများ၊ ရွာများနဲ့ စစ်ဘေးရှောင် စခန်းများ၊ သဘာဝဘေးအန္တရာယ် စခန်းများကို သွားရောက်ကာ ယာယီ အခမဲ့ ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
“ယာယီမိုဘိုင်း အခမဲ့ ဆေးဝန်ဆောင်မှု” ကနေ “ပုံမှန်ဆေးကုသမှုနေရာ ဆေးပေးခန်း” အထိ ပြည်သူများအတွက် အကျိုးပြု ကျန်းမာရေးဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် မြင့်တင်လျက်ရှိပြီး ယခုဆေးပေးခန်း ဖွင့်လှစ်ခြင်းက ယခင်ဆောင်ရွက်ခဲ့တဲ့ ဝန်ဆောင်မှုများကို ပိုမိုပြည့်စုံစေပြီး အခြေခံ ကျန်းမာရေး ဝန်ဆောင်မှု ကွန်ယက်ကို ပိုမို ကျယ်ပြန့်စွာ ဖြန့်ကျက်နိုင်ခဲ့တာကြောင့် အရေးပါတဲ့ ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းစဉ်တရပ် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
========================
📌📌 ၅။ ချောင်းဦး လေကြောင်းတိုက်ခိုက်မှု ထိခိုက်ပြည်သူများကို ဆေးဝါးနှင့် ရိက္ခာ မျှဝေထောက်ပံ့
အောက်တိုဘာ ၁၀ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်ကို သီတင်းကျွတ် လပြည့်နေ့ညက လေကြောင်း တိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာ ရခဲ့တဲ့ ပြည်သူများကို ဆေးဝါးနှင့် ရိက္ခာ မျှဝေထောက်ပံ့ ပေးခဲ့တယ်လို့ စစ်ကိုင်းပြည်သူ ဖေးမကူ ကွန်ရက်က ထုတ်ပြန်ထားပါတယ်။
မုံရွာ - ချောင်းဦး မြို့နယ်အစပ်က ပြည်သူများ ဆီမီးသပိတ် ပြုလုပ်နေတဲ့ နေရာကို အကြမ်းဖက် စစ်ကော်မရှင်တပ်က ဗုံးကြဲချခဲ့တာကြောင့် ၂၄ ဦး သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရရှိ ခဲ့တာပါ။
ဆုံးပါးသွားတဲ့ ပြည်သူများအား ကောင်းရာသုဂတိ လားပါစေကြောင်းနဲ့ ဒဏ်ရာရခဲ့တဲ့ ထိခိုက်ပြည်သူများလည်း အမြန်ဆုံး သက်သာပျောက်ကင်းပါစေကြောင်း ကွန်ရက်က ဆုတောင်းမေတ္တာ ပို့သထားပါတယ်။
ထိခိုက်ဒဏ်ရာရ ပြည်သူများကို ကွန်ရက်အဖွဲ့ဝင် ချောင်းဦးမြို့နယ် တာဝန်ခံ ဆေးအဖွဲ့က ကုသပေးလျက်ရှိပြီး၊ ကွန်ယက်မှ ဆေးဝါးများ၊ ဆေးဖက်သုံး ပစ္စည်းများနဲ့ ရိက္ခာများ ကျပ် (22,552,500) ဖိုးကို မျှဝေ ထောက်ပံ့ပေး ခဲ့တယ်လို့ သိရှိရပါတယ်။
========================
📌📌 ၆။ စစ်အာဏာရှင် တော်လှန်ရေးမှာ အသက်ပေးခဲ့ရတဲ့ အာဇာနည်သူရဲကောင်းများကို ရည်စူးပြီး ဆီးမီးထွန်းဂုဏ်ပြု
အောက်တိုဘာ ၁၀ ရက်၊
Radio NUG
၂၀၂၁ ဖေဖော်ဝါရီလ၊ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာရှင်စနစ်ကို အမြစ်ပြတ် တွန်းလှန်နိုင်ရေးအတွက် တာဝန်ထမ်းဆောင်ရင်း မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရတဲ့ အာဇာနည် သူရဲကောင်းများအား ရည်စူးပြီး အောက်မေ့ဖွယ် ဆီးမီးထွန်း ဂုဏ်ပြုခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့တယ်လို့ ယောကာကွယ်ရေးတပ် - YDF က ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာလ ၇ ရက်နေ့က ယောကာကွယ်ရေးတပ် စိုးမိုးနယ်မြေ တနေရာမှာ ကျင်းပခဲ့တဲ့ အောက်မေ့ဖွယ် ဆီမီးထွန်းပွဲကို ယောကာကွယ်ရေးတပ်မှ တာဝန်ရှိသူများ နဲ့ ရဲဘော်များ၊ မဟာမိတ် တပ်ဖွဲ့များ၊ မိဘပြည်သူများ၊ အရပ်ဘက် တာဝန်ခံများ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေး တော်လှန်ရေးများမှာ ရဲဝံ့စွာအသက်သွေးရင်းနှီးကာ တိုက်ပွဲဝင်ရင်း မြင့်မြတ်စွာ ကျဆုံးခဲ့ကြတဲ့ တိုင်းရင်းသား၊ လူမျိုးစုအသီးသီးမှ အာဇာနည်ရဲဘော်များရဲ့ ဓမ္မဝါဒီ ထွန်းလင်းစေရန် ဆီမီးထွန်းညှိ ပူဇော်ခြင်း အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ယောကာကွယ်ရေး တပ်မှလည်း ဒု-စစ်ဦးစီးချုပ် ဖြိုးဝေစိုးဟာ ၂၀၂၂၊ အောက်တိုဘာ ၉ ရက်နေ့က ရန်သူ့နယ်မြေ အတွင်း အနီးကပ် ပစ်ခတ်တိုက်ခိုက် ခံခဲ့ရပြီး ကျဆုံးခဲ့ရတယ်လို့ သိရှိရပါတယ်။
ဒုစစ်ဦးစီးချုပ် အပါအဝင် ယောဒေသနဲ့ မဟာမိတ်နယ်မြေအသီးသီးမှာ မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့ကြတဲ့ YDF ရဲဘော်များအား တော်လှန်ရေးအာဇာနည် သူရဲကောင်းများအဖြစ် ကမ္ဗည်းထိုး မော်ကွန်းတင် ဂုဏ်ပြုတယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ဗန်းမောက်မြို့နယ်တွင် တိုက်ပွဲများကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူများအား NUG ကူညီ၊ စစ်အုပ်စုနှင့် SNAမှ ဒေသခံ ၂၀၀ကျော်ကို ဖမ်းဆီးသွား
အောက်တိုဘာ ၉
Radio NUG
ဗန်းမောက်မြို့နယ်အနီးတဝိုက်တွင် နေ့စဉ်ရက်ဆက် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် အနီးဝန်းကျင်ကျေးရွာများနှင့် မြို့ပေါ်ရှိ လေးရပ်ကွက်မှ ဒေသခံပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဗန်းမောက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ အသိပေးထုတ်ပြန်ပါတယ်။
တိုက်ပွဲများကြောင့် ကျေးရွာပေါင်း ၁၅ ရွာခန့်မှ ဒေသခံများသည် ထွက်ပြေးတိမ်းရှောင်နေရပြီး ၎င်းတို့အတွက် စားနပ်ရိက္ခာ၊ အဝတ်အထည်၊ စောင်နှင့် ခြင်ထောင်များ အရေးပေါ်လိုအပ်နေတာကြောင့် ဒေသခံပြည်သူများအား ကူညီထောက်ပံ့ရန်အတွက် လှူဒါန်းမှုများ ပြုလုပ်နိုင်ရန် တိုက်တွန်းနှိုးဆော်ထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ အဖွဲ့အစည်းများကလည်း ဗန်းမောက်မြို့နယ်အတွင်းရှိ ကတူးတိုင်းရင်းသားကျေးရွာများမှ စစ်ဘေးရှောင်ပြည်သူ ၁,၀၀၀ ကျော်ကို ဆေးဝါးနှင့် အခြားလိုအပ်ချက်များ ထောက်ပံ့ပေးနေတယ်လို့ ဖော်ပြထားပါတယ်။
ထို့ပြင်၊ စစ်ကောင်စီနှင့် ရှမ်းနီတပ်မတော် (SNA) ပူးပေါင်းတပ်ဖွဲ့များက ဗန်းမောက်မြို့နယ်အတွင်းရှိ အလယ်ရွာနှင့် စက်တောရွာမှ ဒေသခံ ၂၀၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဖမ်းဆီးခံရသူများထဲတွင် ကျေးရွာဘုန်းကြီးကျောင်းများတွင် ပိတ်မိနေသည့် အသက် ၆၀ ကျော် သက်ကြီးရွယ်အိုများလည်း ပါဝင်တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူများကို မျက်နှာများကို အဝတ်စည်းကာ မိုးကာဖုံးထားသည့် ကားများဖြင့် အနောက်ဘက်ခြမ်းသို့ ခေါ်ဆောင်သွားသလို အနီးအနားရှိ တောတောင်များတွင် ပုန်းခိုနေသည့် ဒေသခံအမျိုးသားများကိုလည်း ဖမ်းဆီးသွားခဲ့တယ်လို့ အသိပေးထားပါတယ်။
========================
🚩🚩 ၂။ "သိမ်းငှက်စစ်ဆင်ရေး"တွင် မော်လိုက်အတွင်း စစ်အုပ်စုစခန်း ၆ ခု သိမ်းပိုက်ရှိ၊ စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရရှိ၊ ၄ဦး အလင်းဝင်
အောက်တိုဘာ ၉
Radio NUG
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်တွင် သြဂုတ်လပထမပတ်ကစတင်ခဲ့သော "သိမ်းငှက်စစ်ဆင်ရေး" အတွင်း မော်လိုက်မြို့နယ်အတွင်းရှိ ထော်သာ၊ တောင်းအင်၊ ညောင်ဝန်း၊ နားပင်၊ အော်ဇီးခုံ၊ နောင်ပိန်းတို့မှ စစ်အုပ်စုစခန်း ၆ ခုကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ကြောင်း Mawlaik Revolutions မှ အောက်တိုဘာလ ၉ရက်နေ့တွင် သတင်းထုတ်ပြန်ပါတယ်။
သြဂုတ်လ ၁၅ ရက်တွင် ထော်သာရွာစခန်းကို စတင်သိမ်းခဲ့ပြီး၊ ပျူစောထီး ခေါင်းဆောင် အဲပန်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက်နှင့် မိသားစု ၁၉၀ ကျော်ကို ဖမ်းဆီးရရှိခဲ့ကာ သြဂုတ်လ ၁၈ ရက်တွင် တပ်မ ၈၈ မှ စစ်သား ၂ ယောက်ကို ထပ်မံဖမ်းဆီးနိုင်ခဲ့သလို အော်ဇီးခုံရွာတွင် ပြည်သူ့စစ် ၁ ယောက်ကိုလည်း အရှင်ဖမ်းဆီးရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တော်လှန်ရေးတပ်များကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သော်လည်း၊ ဤစစ်ဆင်ရေးကို မော်လိုက်ခရိုင်တပ်ရင်း (၁၊ ၂၊ ၃၊ ၄)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) နှင့် ခရိုင်ကွပ်ကဲရေးရုံးတို့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အောင်မြင်မှုများ ရရှိခဲ့ကာ တော်လှန်ရေးတပ်ဖွဲ့ဘက်မှလည်း ထိခိုက်မှုများရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိတွင် စစ်အုပ်စုများသည် ကင်းတပ်၊ ဆွတ်နန်း၊ တွန်းပင်ရွာများတွင် ခံစစ်ပြင်ထားပြီး အရပ်သားများ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အသိပေးထားပါတယ်။
ထို့အပြင်၊ စစ်မှုထမ်းတပ်သား ၁ ဦး၊ ပျူစောထီး ၂ ဦး၊ ဆယ်အိမ်မှူး ၁ ဦးတို့သည် လက်နက် ၆ လက်နှင့် အတူ အလင်းဝင်ရောက်ခဲ့ပြီး၊ သိမ်းငှက်စစ်ဆင်ရေးအတွင်း လက်နက်ချပြီး အလင်းဝင်သူများကို ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြောင်း သိရှိရပါတယ်။
========================
🚩🚩 ၃။ ချောင်းဦး လေကြောင်းတိုက်ခိုက်မှု တရားခံနဲ့ ဆက်စပ်သတင်းများ ပေးပို့ကြဖို့ မုံရွာ ပလဖ တောင်းခံ
အောက်တိုဘာ ၁၀ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ဘုံတိုကျေးရွာအနီး လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ် ကျူးလွန်ခဲ့တဲ့ တရားခံနဲ့ အလိုတူအလိုပါ ပူးပေါင်းပါဝင်သူ တရားခံများနဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်များ ပေးပို့ကြဖို့ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေး အဖွဲ့က တောင်းခံထားပါတယ်။
အောက်တိုဘာ ၆ ရက်(သီတင်းကျွတ် လပြည့်နေ့) ည ၈ နာရီခန့်က ဘုံတိုကျေးရွာအနီး ပြည်သူတွေ ဆီမီးထွန်းပွဲ ပြုလုပ်နေတဲ့ နေရာကို မုံရွာ (န.မ.ခ) မှ တက်လာတဲ့ ပါရာမိုတာ (စက်တပ်လေထီး) တစီးဖြင့် ၁၂၀ မမ ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ပါတယ်။
လူအုပ်ကြားထဲ ဗုံးသီးကျရောက် ပေါက်ကွဲခဲ့တာကြောင့် ထိခိုက်သေဆုံးသူ အများအပြား ရှိခဲ့ပြီး ကယ်ဆယ်ရေး လုပ်နေတဲ့ အချိန်မှာလည်း နောက်ထပ် ပါရာမိုတာ တစီးဖြင့် ၁၂၀ မမ ဗုံးသီး ၂ လုံး ထပ်မံကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ယနေ့အထိ ပြည်သူ ၂၀ ကျော် သေဆုံးခဲ့ကာ ဆက်လက်သေဆုံးနေဆဲ ဖြစ်ပြီး သေဆုံး ဒဏ်ရာရသူ အများစုဟာ အသက် ၁၀ နှစ်အောက် ကလေးငယ်များ ဖြစ်ကြပြီး ခန္ဓာကိုယ် တစစီ ဖြစ်ကာ ရုပ်အလောင်း (DB) များအား စုကောက်ခဲ့ရတဲ့ အခြေအနေ ဖြစ်တယ်လို့ သိရပါတယ်။
လူမဆန်တဲ့ လေကြောင်း တိုက်ခိုက်မှုကို ရက်ရက်စက်စက် ကျူးလွန်ခဲ့တဲ့ တရားခံ Pilot (ပါရာမိုတာ မောင်းသူ) နဲ့ ဆက်စပ်သတင်းများ၊ အလိုတူအလိုပါ ပူပေါင်းပါဝင်သူ တရားခံများအား အပြစ်ပေးစီရင်နိုင်ဖို့ရာ သက်ဆိုင်တဲ့ သတင်း အချက်အလက်များကို ပေးပို့ပေးကြဖို့ မုံရွာ ပလဖ က ဖိတ်ခေါ်ထားတာ ဖြစ်ပါတယ်။
========================
🚩🚩 ၄။ ညောင်ဦးမြို့နယ် လုံခြုံရေးအတွက် မိဘပြည်သူ၊ ခရီးသွားများ လိုက်နာရန် စည်းကမ်းထုတ်ပြန်
အောက်တိုဘာ ၁၀ ရက်၊
Radio NUG
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် အတွင်းရှိ မိဘပြည်သူများနဲ့ ခရီးသွားပြည်သူများ လိုက်နာရန် စည်းကမ်းများကို ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့က အောက်တိုဘာ ၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
လက်ရှိ စစ်ရေး လုံခြုံရေး အခြေအနေများအရ ညောင်ဦး - ကျောက်ပန်းတောင်း လမ်းပိုင်းအား အသုံးပြုရာတွင် ည ၁၁ နာရီမှ မနက် ၅ နာရီအတွင်း ဖြတ်သန်းသွားလာပါက မှန်တံခါးချ မောင်းပေးကြဖို့နဲ့ ပုံမှန်ထက်ပို၍ အရှိန်ပြင်းစွာ မောင်းနှင်ခြင်း မပြုကြဖို့ တောင်းဆိုထားပါတယ်။
ညောင်ဦး မြို့နယ်အတွင်း စိုးမိုးမှု ရရှိနိုင်ရန် ကြိုးစားနေသော ကာလ ဖြစ်တာကြောင့် ပြည်သူများ စိတ်အနှောက်အယှက် ဖြစ်စေနိုင်တဲ့ ယာဉ်များကို တားဆီးကာ အခွန်ကောက်ခံခြင်း၊ အလှူခံခြင်းများအား လုံးဝလုံးဝ ပြုလုပ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
မိဘပြည်သူများ အနေဖြင့် ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့က ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်များကို အထူးဂရုပြု လိုက်နာဆောင်ရွက် ပေးကြဖို့ကိုလည်း လေးစားစွာ တောင်းဆိုထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာဖြစ်ပါတယ်။








No comments:
Post a Comment