၂၀၂၅ အောက်တိုဘာလ ၃၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ကုလသမဂ္ဂ တတိယကော်မတီတွင် မြန်မာ့အရေး ဆွေးနွေးပွဲ ကျင်းပ
📌 ၂။ ချင်းလန်းကောင်စီမှ စစ်အုပ်စု၏ ရွေးကောက်ပွဲကို လုံးဝ ဆန့်ကျင်ကန့်ကွက်
📌 ၃။ ကယန်းအမျိုးသားတပ်မတော် ဖွဲ့စည်းတည်ထောင်ခြင်း တစ်နှစ်ပြည့် အခမ်းအနားကျင်းပ
📌 ၄။ မြန်မာ့နွေဦးတက္ကသိုလ်၊ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံမည်
📌 ၅။ တအာင်းဒေသတွင် PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးရေးဌာနမှ ကျေးရွာ (၁၄) ရွာတွင် အသိပညာပေး ကွင်းဆင်း
========================
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ စစ်ကော်မရှင် တပ်နှင့် TNLA အပစ်ရပ်၊ မိုးကုတ်နှင့် မိုးမိတ်မှ TNLA တပ်များ ဆုတ်ခွာမည်၊ ထိန်းချုပ်နယ်မြေများကို ဆက်လက်ကာကွယ်သွားမယ်လို့ MDY PDF, မိုးကုတ်ဗျူဟာ အသိပေး
🚩 ၂။ ပေါက်တောမြို့နယ်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး သေဆုံး၊ နှစ်ဦး ပြင်းထန်ဒဏ်ရာရ
🚩 ၃။ တီးတိန်မြို့နယ် သိုင်းငင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ တိုက်ပွဲပြင်းထန်၊ သိုင်းငင်းရွာကို လေယာဉ်နဲ့ ဗုံးကြဲ
🚩 ၄။ ဆားတောင်မြို့နယ်တွင် မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွား၊ စစ်သား (၂) ဦး သေဆုံး
🚩 ၅။ ထားဝယ်မြို့အနီး လမ်းကင်းထွက်လာတဲ့ စစ်ကော်မရှင် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ ၃ ဦး သေဆုံး၊ ရေဖြူ၊ ညင်းထွေးရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်
🚩 ၆။ တနင်္သာရီမြို့နယ်၊ လေးမိုင်ရွာအနီးတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ် ထိတွေ့တိုက်ပွဲဖြစ်ပွား
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ကုလသမဂ္ဂ တတိယကော်မတီတွင် မြန်မာ့အရေး ဆွေးနွေးပွဲ ကျင်းပ
ကုလသမဂ္ဂ အထွေထွေညီလာခံ၏ လူမှုရေး၊ လူသားချင်းစာနာရေးနှင့် ယဉ်ကျေးမှုရေးရာ ကော်မတီ (တတိယကော်မတီ) တွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အစည်းအဝေး တစ်ရပ်ကို အောက်တိုဘာလ (၂၈) ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သတင်းရရှိပါတယ်။
အစည်းအဝေးတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ဂျူလီ ဘီရှော့ (Julie Bishop) က ဗီဒီယို မှတ်တမ်းဖြင့်၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား အကြီးအကဲ မစ္စတာ နီကိုလပ် ကောင်ဂျီယန် (Nicholas Koumjian) နှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေး အထူးအစီရင်ခံစာတင်သွင်းသူ မစ္စတာ သောမတ်စ် အန်ဒရူး (Thomas Andrews) တို့က လူကိုယ်တိုင် တက်ရောက်၍ အစီရင်ခံစာများ အပေါ် အခြေခံကာ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ထို့နောက် မြန်မာနိုင်ငံ၏ အမြဲတမ်း ကုလသမဂ္ဂ ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက စစ်အုပ်စုသည် (၂၀၂၁) ဖေဖော်ဝါရီ အာဏာသိမ်းပြီးနောက် ယခု ငါးနှစ်နီးပါး အတွင်း ပြည်သူများအပေါ် စစ်မက်ကျူးလွန်မှုကို ပိုမို တိုးချဲ့ လုပ်ဆောင်လာကြောင်း၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေး အဆောက်အအုံများအပါအဝင် အရပ်သား နေရာများကို လေကြောင်း တိုက်ခိုက်မှု နှင့် လက်နက်ကြီး ပစ်ခတ်မှု များ ဆက်တိုက် လုပ်ဆောင်နေကြောင်း၊ (၂၀၂၅) ခုနှစ်အတွင်း လေကြောင်း တိုက်ခိုက်မှု အရေအတွက်မှာ (၂၀၂၄) ထက် နှစ်ဆ မြင့်တက်ခဲ့ကြောင်း ထောက်ပြခဲ့ပါတယ်။
စုံစမ်းစစ်ဆေးရေး ယန္တရားက စုဆောင်းထားသော သက်သေ အထောက်အထားများတွင် အရပ်သားများကို သတ်ဖြတ်ခြင်း၊ ထိန်းသိမ်းရေး စင်တာများတွင် လျှပ်စစ်ရှော့ နှင့် လည်ပင်း ညှစ်သတ်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု များ ပါဝင်ကြောင်း ဖော်ပြခဲ့ပါတယ်။
ကုလသမဂ္ဂ အစီရင်ခံစာများအရ နေရပ်စွန့်ခွာ ထွက်ပြေးသူ (၃.၆) သန်း ကျော်၊ လူသားချင်း အကူအညီ လိုအပ်သူ (၂၂) သန်း ရှိနေပြီး ကလေး (၆.၉) သန်း နှင့် အမျိုးသမီး (၁၀.၄) သန်း အပါအဝင် ဖြစ်ကြောင်း၊ (၂၀၂၅) မတ်လ ငလျင်ဘေးတွင် လူ (၃,၈၀၀) ကျော် သေဆုံး၊ နေအိမ် (၅၅,၀၀၀) ကျော် ပျက်စီးခဲ့သော်လည်း စစ်အုပ်စုက ဗုံးကြဲမှုများ ဆက်လက် လုပ်ဆောင်ခဲ့ကြောင်း သံအမတ်ကြီးက ပြောခဲ့ပါတယ်။
ထို့အပြင် ဦးကျော်မိုးထွန်း က မြန်မာနိုင်ငံသည် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု ဗဟိုချက် ဖြစ်လာကြောင်း၊ ကရင်နှင့် ရှမ်းပြည်နယ်ရှိ စစ်ကောင်စီ ထိန်းချုပ်နယ်မြေများတွင် အွန်လိုင်း လိမ်လည်မှု စခန်းကြီးများ ဖွင့်လှစ်ထားကြောင်း ထောက်ပြခဲ့ပါတယ်။
ထိုစခန်းများတွင် လူကုန်ကူးခံရသူ လူငယ် တစ်သိန်းခန့် အတင်းအကျပ် လိမ်လည်မှု ကျူးလွန်စေခံနေရကြောင်း၊ နှစ်စဉ် ဒေါ်လာ (၄၀) ဘီလီယံ ခန့် အမြတ်ထုတ်နေကြောင်း ဆိုပါတယ်။
ထို့အတူ စစ်အုပ်စု ပြင်ဆင်နေသော ရွေးကောက်ပွဲသည် “လုံးဝ ယုတ္တိကင်းမဲ့၊ နိုင်ငံရေး ထောင်ချောက်” ဖြစ်ကြောင်း ဦးကျော်မိုးထွန်းက ပြင်းထန်စွာ ကန့်ကွက်ခဲ့ပါတယ်။
ရွေးကောက်ခံအစိုးရကို ဖယ်ရှားခဲ့သည့် စစ်အုပ်စုတွင် ရွေးကောက်ပွဲကျင်းပပိုင်ခွင့် မရှိကြောင်း၊ နိုင်ငံရေးခေါင်းဆောင်များ ထောင်ချခံနေရဆဲ ဖြစ်ကြောင်း၊ နယ်မြေ (၃၀) ရာခိုင်နှုန်းအောက်သာ ထိန်းချုပ်ထားနိုင်ကြောင်း သူက ထောက်ပြခဲ့ပါတယ်။
သံအမတ်ကြီးက နိုင်ငံတကာက စစ်အုပ်စုထံ လက်နက်၊ လေယာဉ်ဆီ၊ နှစ်မျိုးသုံး ပစ္စည်းများ စီးဆင်းမှု ဖြတ်တောက်ရန်၊ မင်းအောင်လှိုင်အား ICC ဖမ်းဝရမ်း ထုတ်ရန်၊ နိုင်ငံရေး အကျဉ်းသားများ ချက်ချင်း လွှတ်ပေးရန် နှင့် အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ် အပြည့်အဝ အကောင်အထည်ဖော်ရန် တောင်းဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး၊ သိက္ခာရှိမှုနှင့် စစ်မှန်သော ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အတွက် နိုင်ငံတကာ၏ စည်းလုံးညီညွတ်သော အကူအညီများကို မြန်မာပြည်သူများက အားထားပါကြောင်း၊ အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံရေးဆန္ဒရှိမှုနှင့် လူသားဆန်မှုအပေါ် ထားရှိသည့် မှန်ကန်သောမူတို့ကသာလျှင် မြန်မာပြည်သူများ၏ အသက်အိုးအိမ်နှင့် အနာဂတ်တို့အား ကယ်တင်နိုင်မည့် သော့ချက်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါတယ်။
========================
📌📌 ၂။ ချင်းလန်းကောင်စီမှ စစ်အုပ်စု၏ ရွေးကောက်ပွဲကို လုံးဝ ဆန့်ကျင်ကန့်ကွက်
ချင်းလန်းကောင်စီက စစ်အုပ်စုမှ ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲကို အတုအယောင်ရွေးကောက်ပွဲဟု ရည်ညွှန်းကာ လုံးဝ ဆန့်ကျင်ကန့်ကွက်ကြောင်း အောက်တိုဘာလ (၂၉) ရက်နေ့တွင် ထုတ်ပြန်ပါတယ်။
ကြေညာချက်တွင် စစ်အုပ်စုသည် စစ်အာဏာရှင်စနစ်တည်မြဲရေးအတွက် (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံ၍ ရွေးကောက်ပွဲ အပိုင်း (၁) ကို ဒီဇင်ဘာလ (၂၈) ရက်တွင် ကျင်းပရန် ပြင်ဆင်နေကြောင်း၊ မဲစာရင်း စုစည်းခြင်း၊ မဲပေးစက်ဖြင့် ကြိုတင်လေ့ကျင့်ခြင်း၊ နှင့် စစ်ဘေးရှောင်များ ကြိုတင်မဲပေးနိုင်ရေး စီစဉ်နေကြောင်း ဖော်ပြထားပါတယ်။
ထို့အပြင် နိုင်ငံတကာ၊ အာဆီယံနှင့် အိမ်နီးချင်းနိုင်ငံများကို လိမ်ညာရန် ရွေးကောက်ပွဲဥပဒေများ ပြင်ဆင်နေတယ်လို့လည်း ဆိုထားပါတယ်။
ချင်းလန်ကောင်စီက ထိုရွေးကောက်ပွဲသည် နိုင်ငံရေးပဋိပက္ခကို ဆိုးရွားစေမည်ဖြစ်သဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းက အသိအမှတ်မပြုရန်နှင့် ပံ့ပိုးမှု မပြုလုပ်ရန် တိုက်တွန်းထားပါတယ်။
ထုတ်ပြန်ချက်တွင် ချင်းပြည်အတွင်း Non-CDM ဝန်ထမ်းများကို ရွေးကောက်ပွဲတွင် ပါဝင်ခြင်းမပြုရန်နှင့် ချင်းပြည်သူများကို အတင်းအဓမ္မ မဲပေးခိုင်းခြင်းကို ငြင်းဆိုရန် တိုက်တွန်းထားပါတယ်။
========================
📌📌 ၃။ ကယန်းအမျိုးသားတပ်မတော် ဖွဲ့စည်းတည်ထောင်ခြင်း တစ်နှစ်ပြည့် အခမ်းအနားကျင်းပ
ကယန်းအမျိုးသား တပ်မတော် (KNA) ဖွဲ့စည်းတည်ထောင်ခြင်း တစ်နှစ်ပြည့် အခမ်းအနားကို အောက်တိုဘာလ ၂၉ ရက်နေ့က ကယန်းဒေသ တနေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ KNA က ထုတ်ပြန်ထားပါတယ်။
အခမ်းအနားကို ကယန်းအမျိုးသားတပ်မတော်(KNA) နိုင်ငံရေးဦးဆောင်ကော်မတီဝင်များ၊ တပ်ဗိုလ်တပ်မှူးများ၊ မဟာမိတ် ကိုယ်စားလှယ်များနဲ့ ဒေသခံ ပြည်သူတချို့ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အခမ်းအနားတွင် စစ်ရေးပြစစ်ကြောင်းမှ ကွင်းအတွင်း ချီတက်နေရာယူခြင်း၊ ကယန်းအမျိုးသား အလံတော် နှင့် ကယန်းအမျိုးသား တပ်မတော် အလံတော်အား အလေးပြုခြင်း၊ ခေတ်အဆက်ဆက် စစ်အာဏာရှင်ကို တိုက်ပွဲ- ဝင်ရင်း ကျဆုံးသွားတဲ့ ကယန်းအာဇာနည် သူရဲကောင်းများနဲ့ KNA မှ ကျဆုံးသွားခဲ့တဲ့ အာဇာနည် (၇) ဦးတို့အား အလေးပြု ဂုဏ်ပြုခြင်း၊ စစ်ရေးပြ စစ်ကြောင်းများကို စစ်ဆေးခြင်းများ ပြလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဆက်လက်ပြီး ကယန်းအမျိုးသားတပ်မတော် ဥက္ကဌက အွန်လိုင်းမှတဆင့် အဖွင့်မိန့်ခွန်း ပြောကြားခြင်း၊ ကယန်း အမျိုးသား တပ်မတော် စစ်ဦးစီးမှူး မှ မိန့်ခွန်းပြောကြားခြင်း၊ မဟာမိတ် အဖွဲ့အစည်းမှ ကိုယ်စားလှယ် တစ်ဦးက အားပေးစကား ပြောကြားခြင်းတို့ကို လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ထို့နောက် ကယန်းအမျိုးသား တပ်မတော်မှ စစ်ရေး သရုပ်ပြခြင်း၊ စစ်သည်ရဲမေများမှ အကဖြင့် တင်ဆက်ခြင်း၊ ကျေးဇူးတင်စကား ပြောကြားခြင်း၊ အခမ်းအနား တက်ရောက်လာသူ အားလုံးမှ ကယန်းဘုံအက ကို ပါဝင်ကပြ ခြင်းတို့ဖြင့် အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။
========================
📌📌 ၄။ မြန်မာ့နွေဦးတက္ကသိုလ်၊ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံမည်
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ မြန်မာ့နွေဦးတက္ကသိုလ်က (၂၀၂၆-၂၀၂၇) ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံမှုကို နိုဝင်ဘာလ (၁၂) ရက်မှ ဒီဇင်ဘာလ (၂၃) ရက်အထိ ဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးကြေညာပါတယ်။
ကျောင်းအပ်လက်ခံမှုကို အမျိုးအစား နှစ်မျိုးခွဲ၍ ဆောင်ရွက်မည်ဖြစ်ရာ ပထမအမျိုးအစားမှာ (၂၀၂၀) မတိုင်မီ တက်ရောက်ခဲ့သော ကျောင်းသားဟောင်းများ ဖြစ်ပြီး ဒုတိယအမျိုးအစားမှာ တက္ကသိုလ်မှ အောင်စာရင်း ထုတ်ပြန်ပြီးသည့် ကျောင်းသားများ ဖြစ်တယ်လို့ သိရပါတယ်။
(၂၀၂၀) မတိုင်မီ ကျောင်းသားဟောင်းများအတွက် ပထမအဆင့် နိုဝင်ဘာလ (၁၂) ရက်မှ (၂၈) ရက်နေ့အတွင်း Myanmar Education System (MES) တွင် စာရင်းသွင်းခြင်း၊ Student ID နှင့် လျို့ဝှက်ကုဒ် ရယူခြင်း၊ သတ်မှတ်ဖောင်တွင် အချက်အလက်များ ဖြည့်သွင်းခြင်းများ ပြုလုပ်ရမည်ဖြစ်ပြီး နိုဝင်ဘာလ (၂၉) ရက်မှ ဒီဇင်ဘာလ (၂) ရက်နေ့အတွင်း တင်သွင်းဒေတာ စစ်ဆေးပြီး ကျောင်းအပ်ခွင့် အီးမေးလ်ဖြင့် အကြောင်းကြားမည်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ထို့အပြင် ဒုတိယအဆင့်အတွက် ဒီဇင်ဘာလ (၃) ရက်မှ (၂၃) ရက်နေ့အတွင်း MES တွင် ကျောင်းအပ်ခြင်း၊ Admission Fees ကို SDB သို့မဟုတ် NUG Pay မှတဆင့် ပေးသွင်းခြင်း၊ ငွေသွင်းပြေစာ (slip) ကို သတ်မှတ်ဖောင်တွင် ဖြည့်သွင်းခြင်းများ ပြုလုပ်ရမှာဖြစ်ပြီး မှားယွင်းပါက ကျောင်းအပ်မအောင်မြင်သလို အခကြေးငွေ ပြန်မရရှိနိုင်ကြောင်း သတိပေးထားပါတယ်။
အပ်နှံနိုင်မည့် အတန်း၊ မေဂျာ အသေးစိတ်ကို နိုဝင်ဘာလ (၁၂) ရက်နောက်ပိုင်းမှာ ကြေညာမယ်လို့ သိရပါတယ်။
အောင်စာရင်း ထုတ်ပြန်ပြီးသည့် ကျောင်းသားများအတွက် ဒီဇင်ဘာလ (၃) ရက်မှ (၂၃) ရက်နေ့အတွင်း MES မှတဆင့် ကျောင်းအပ်ခြင်း၊ Admission Fees ပေးသွင်းခြင်း၊ ငွေသွင်းပြေစာ ဖြည့်သွင်းခြင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ Incomplete ရှိသူများအတွက် သီးသန့်လမ်းညွှန်ချက် ထုတ်ပြန်မည်ဖြစ်ကြောင်း၊ အောင်စာရင်း မပါဝင်သူများကို မူလအတန်းတွင်သာ ပြန်တက်ခွင့်ပြုမည်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
အသေးစိတ် လမ်းညွှန်ချက်များကို စတင်ရက်များတွင် Facebook နှင့် ချန်နယ်များမှ ကြေညာမည်ဖြစ်သဖြင့် ကျောင်းသားများ အနီးကပ် လေ့လာရန် အကြံပြုထားပါတယ်။
ယခု ကျောင်းအပ်လက်ခံမှုတွင် တက္ကသိုလ်ဝင်ခွင့် သုံးကြိမ်ရရှိပြီး ကျန်ရှိနေသော ကျောင်းသားများ ပါဝင်ခွင့် မရှိကြောင်း ထည့်သွင်း ကြေညာထားပါတယ်။
========================
📌📌 ၅။ တအာင်းဒေသတွင် PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးရေးဌာနမှ ကျေးရွာ (၁၄) ရွာတွင် အသိပညာပေး ကွင်းဆင်း
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းဒေသအတွင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ၏ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနက အောက်တိုဘာလအတွင်း ကျေးရွာ (၁၄) ရွာတွင် အသိပညာပေး ကွင်းဆင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ ကွင်းဆင်းမှုများကို မန်တုံမြို့နယ်ရှိ ကျေးရွာ ၅ ရွာ၊ နမ္မတူမြို့နယ်ရှိ ကျေးရွာ ၂ ရွာ၊ နှင့် မူဆယ်မြို့နယ်ရှိ ကျေးရွာ ၇ ရွာ တို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ပြည်သူ ၄၈၈ ဦးထံ အမျိုးသမီးနှင့် ပျော်ရွှင်သော မိသားစု၊ အမျိုးသမီးနှင့် ကျန်းမာရေး၊ လိင်ပိုင်းဆိုင်ရာ အသိပညာ စသည့် အကြောင်းအရာများကို ပို့ချခဲ့သည်ဟု PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။
PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးရေးဌာနသည် တအာင်းဒေသအတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှု လျော့ကျစေရေး၊ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေး၊ စည်းရုံးရေး၊ အိမ်တွင်းမှု နှင့် ဝင်ငွေလည်ပတ်မှု လုပ်ငန်းစဉ်များကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်နှင့် ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ စစ်ကော်မရှင် တပ်နှင့် TNLA အပစ်ရပ်၊ မိုးကုတ်နှင့် မိုးမိတ်မှ TNLA တပ်များ ဆုတ်ခွာမည်၊ ထိန်းချုပ်နယ်မြေများကို ဆက်လက်ကာကွယ်သွားမယ်လို့ MDY PDF, မိုးကုတ်ဗျူဟာ အသိပေး
တရုတ်အထူးကိုယ်စားလှယ်၏ ကြားဝင်စေ့စပ်မှုဖြင့် စစ်ကော်မရှင်နဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့တယ်လို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) က အောက်တိုဘာ (၂၉) ရက်နေ့မှာ အသိပေး ထုတ်ပြန်ပါတယ်။
PSLF/TNLA မှ ဒုတိယ ဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်တဲ့ NSPNC ကိုယ်စားလှယ် အဖွဲ့တို့ဟာ အောက်တိုဘာလ (၂၇-၂၈) ရက်နေ့က ကူးမင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ (၉) ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲမှာ အခုလို အပစ်ရပ်ဖို့ သဘောတူခဲ့တာလို့ ဆိုပါတယ်။
အောက်တိုဘာ (၂၉) ရက်နေ့မှ စတင်ပြီး နှစ်ဖက်တပ်များ ရောက်ရှိတဲ့နေရာမှာ အပစ်အခတ် ရပ်စဲကြဖို့၊ သတ်မှတ် ကာလအတွင်း မိုးကုတ်နဲ့ မိုးမိတ် မြို့နယ်တို့မှ TNLA တပ်များ ပြန်ဆုတ်ခွာဖို့၊ တအောင်းဒေသကို မြန်မာစစ်တပ် က ဗုံးကြဲခြင်း၊ ထိုးစစ်ဆင်ခြင်းများ မပြုဖို့ သဘောတူ လက်မှတ်ရေးထိုး ခဲ့တယ်လို့ သိရှိရပါတယ်။
တဖက်မှာလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF က ရရှိထားတဲ့ ထိန်းချုပ်နယ်မြေများ ကို ဆက်လက်ကာကွယ် ထိန်းသိမ်းနိုင်ရေး မိတ်ဖက်တော်လှန်ရေး အင်အားစုများနဲ့ လက်တွဲပြီး ကိုယ်စွမ်းရှိသမျှ ဉာဏ်စွမ်းရှိသမျှ အားသွန်ခွန်စိုက် ကြိုးပမ်းကာကွယ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
MDY PDF ဟာ အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန ရဲ့ ကွပ်ကဲမှုအောက်မှာ တည်ရှိနေတဲ့ တပ်တခုဖြစ်ပြီး ၂၀၂၄ ဇွန်လက စတင်ခဲ့တဲ့ ရှမ်း - မန်း စစ်ဆင်ရေးအတွင်း မန္တလေးဒေသရှိ သပိတ်ကျင်း၊ စဉ့်ကူး နဲ့ မတ္တရာ စတဲ့ နယ်မြေများကို သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။
အလားတူ မိုးကုတ်မြို့ နဲ့ ထိစပ်မြို့နယ်တွေက PDF တပ်ရင်းတွေ ပါဝင်ဖွဲ့စည်းထားတဲ့ မိုးကုတ်ဗျူဟာကလည်း တော်လှန်ရေး ခရီးမှာ ဘယ်လို အခက်အခဲပဲကြုံကြုံ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ မိုးကုတ်မြို့ကို ချစ်ကြတဲ့ ပြည်သူများကို ရည်ညွန်းပြီး ထုတ်ပြန်လာပါတယ်။
အကြမ်းဖက် စစ်တပ်ရဲ့ ယုတ်မာရက်စက်မှု မျိုးစုံ၊ ကောက်ကျစ်စဉ်းလဲမှု မျိုးစုံကို ရင်ဆိုင်နေရပေမယ့် တွန့်ဆုတ် ကြောက်ရွံ့ခြင်း အလျင်းမရှိဘဲ မိုးကုတ် အခြေပြု တော်လှန်ရေး တပ်ဖွဲ့များမှ တော်လှန်ရေး အောင်မြင်တဲ့အထိ ဆက်လက်ချီတက် တိုက်ပွဲဝင်သွားမယ်လို့ ကတိသစ္စာ ပြုထားပါတယ်။
မိုးကုတ်မြို့ကို တော်လှန်ရေး တပ်တွေ သိမ်းပိုက်ခိုက်ခဲ့ချိန်က MDY PDF၊ မိုးကုတ်ဗျူဟာ၊ TRI ဗျူဟာ၊ BPLA၊ PLA အစရှိတဲ့ ဒေသတွင်းတော်လှန်ရေးတပ်တွေဟာ TNLA နဲ့အတူ စစ်ကော်မရှင်တပ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
========================
🚩🚩 ၂။ ပေါက်တောမြို့နယ်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး သေဆုံး၊ နှစ်ဦး ပြင်းထန်ဒဏ်ရာရ
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ တောင်ညိုရွာတွင် စစ်တွေမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး အရပ်သား နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း APM သတင်းဌာနမှ ဖော်ပြထားပါတယ်။
အောက်တိုဘာ (၂၉) ရက် နေ့လယ် (၂) နာရီကျော်ခန့်တွင် စစ်တွေမြို့မှ စစ်ကောင်စီတပ်က ပေါက်တောမြို့နယ်ဘက်သို့ လက်နက်ကြီး အနည်းဆုံး ငါးလုံး ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ထိုပစ်ခတ်မှုများကြောင့် တောင်ညိုရွာတွင် ကလေးငယ်မှာ ခေါင်းသို့ လက်နက်ကြီးကျည်စထိမှန်ကာ နေရာတွင် သေဆုံးခဲတယ်လို့ သိရပါတယ်။
သေဆုံးခဲ့သူမှာ တောင်ညိုရွာမှ ဦးနေဇော်ထွန်း၏ သမီး မဇင်ချိုအိ (၅ နှစ်) ဖြစ်ပြီး ဒဏ်ရာရသူ နှစ်ဦးမှာ မဇင်ချိုအိ၏ ဖခင်ဖြစ်သူ ဦးနေဇော်ထွန်း (၃၀ နှစ်) နှင့် ယင်းရွာမှ ဦးမောင်စိန်ဝင်း (၆၆ နှစ်) တို့ ဖြစ်တယ်လို့ သိရပါတယ်။
ဦးနေဇော်ထွန်း၏ ဘယ်လက်နှင့် ဦးမောင်စိန်ဝင်း၏ ခြေထောက်နှစ်ဖက်တွင် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ပြီး နှစ်ဦးလုံး အရေးပေါ် ဆေးကုသမှု ခံယူလျက်ရှိတယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၃။ တီးတိန်မြို့နယ် သိုင်းငင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ တိုက်ပွဲပြင်းထန်၊ သိုင်းငင်းရွာကို လေယာဉ်နဲ့ ဗုံးကြဲ
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ စီးယင်ဒေသ၊ သိုင်းငင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားရာချီဖြင့် နှစ်ဖက်ညှပ် စစ်ကြောင်းထိုးလာရာ ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) နှင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေကြောင်း ဒေသသတင်းများအရ သိပါတယ်။
အဆိုပါ တိုက်ပွဲများသည် အောက်တိုဘာ ၂၉ ရက် နေ့လယ် ၂ နာရီ ၃၀ မိနစ်ခန့်မှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သည် မွှာလ်ပီးဘက်မှ အင်အား ၂၀၀ ဝန်းကျင်နှင့် တီးတိန်မြို့မှ သိုင်းငယ်ဘက်မှ အင်အား ၂၀၀ ဝန်းကျင်တို့ဖြင့် စစ်ကြောင်းနှစ်ခု ခွဲ၍ ထိုးစစ်ဆင်လာခြင်း ဖြစ်တယ်လို့ သိရပါတယ်။
ထို့အပြင် အောက်တိုဘာ ၂၈ ရက် ည ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် သိုင်းငင်းကျေးရွာကို ပေါင် ၅၀၀ အလေးချိန်ရှိ ဗုံးနှစ်လုံး ပစ်ချတိုက်ခိုက်ခဲ့ရာ အရပ်သားအမျိုးသမီး တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အချို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲများကြောင့် ကလေး-တီးတိန်ကြား ဆိုင်ကယ်လမ်းများကို အောက်တိုဘာ ၂၇ ရက်မှ စတင်၍ ခေတ္တပိတ်ထားကြောင်း CDF-CDM Siyin က ကြေညာထားပါတယ်။
========================
🚩🚩 ၄။ ဆားတောင်မြို့နယ်တွင် မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွား၊ စစ်သား (၂) ဦး သေဆုံး
စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့နယ် မြောက်ဘက်ခြမ်း သိန်ချောင်းကျေးရွာသို့ အောက်တိုဘာ (၂၇) ရက် ညနေ (၃) နာရီဝန်းကျင်တွင် နမခမှ ဂျိုင်ဒိုကော်ပတာ နှစ်စီးဖြင့် လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း ဆားတောင်မိုးကြိုး PDF က သတင်းထုတ်ပြန်ထားပါတယ်။
ထို့အပြင် ကူကြီးကုန်းကျေးရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
ထို့နောက် စစ်ကောင်စီတပ်က စစ်သား၊ ရဲ၊ ပျူအင်အား (၁၅၀) ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာရာ ဆားတောင်မိုးကြိုး ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့များက သုတ်သင်ရှင်းလင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီစစ်သား နှစ်ဦး သေဆုံးခဲ့ပြီး MA1 လက်နက်နှစ်လက် သိမ်းယူရရှိခဲ့တယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၅။ ထားဝယ်မြို့အနီး လမ်းကင်းထွက်လာတဲ့ စစ်ကော်မရှင် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ ၃ ဦး သေဆုံး၊ ရေဖြူ၊ ညင်းထွေးရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်
တနင်္သာရီတိုင်း၊ ထားဝယ်မြို့ အနီးမှာ လမ်းကင်းထွက်လာတဲ့ စစ်ကော်မရှင် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ (၃) ဦး သေဆုံးပြီး ရေဖြူမြို့နယ်၊ ညင်းထွေးရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ကို ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် က ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာ (၂၂) ရက်နေ့က ထားဝယ်မြို့အနီး လမ်းကင်းထွက်လာတဲ့ စစ်ကော်မရှင် တပ်ဖွဲ့ကို ဓဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော် (DNLA) ရဲ့ ဒူရကစစ်ကြောင်း၊ ဒေါနတပ်ခွဲ (၇) နဲ့ ဧဒင်မှူး ပြောက်ကျားတပ်ဖွဲ့ တို့က တိုက်ခိုက်ခဲ့ရာ မိနစ် (၃၀) ခန့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကော်မရှင် တပ်ဖွဲ့ဝင် (၃) ဦး သေဆုံးပြီး (၉) ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့ကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာလ (၂၀) ရက်နေ့ကလည်း ညင်းထွေးကျေးရွာမှာ ယာယီတပ်စွဲထားတဲ့ စစ်ကော်မရှင် စစ်ကြောင်းကို မနက် (၁၀) နာရီမှာ တကြိမ်၊ ညနေ (၃) နာရီခွဲမှာ တကြိမ် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို ဒူရကစစ်ကြောင်း (Drone Team) နဲ့ DEF (Drone Team) တို့က ပူးပေါင်းဆောင်ရွက် ခဲ့တာဖြစ်ပြီး စစ်ကော်မရှင် တပ်ဖွဲ့ဝင်အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၆။ တနင်္သာရီမြို့နယ်၊ လေးမိုင်ရွာအနီးတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ် ထိတွေ့တိုက်ပွဲဖြစ်ပွား
တနင်္သာရီမြို့နယ်၊ လေးမိုင်ရွာအနီးတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီတပ်ဖွဲ့ဝင်များ ခြေကုပ်ယူထားသည့် နေရာကို ဝင်ရောက်ပစ်ခတ်ရာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း မြိတ်ခရိုင်အမှတ် ၂ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါ တိုက်ပွဲသည် အောက်တိုဘာ ၂၈ ရက် နေ့လယ် ၂ နာရီ ၁၀ မိနစ်ခန့်တွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပူးပေါင်းတပ်ဖွဲ့များတွင် မြိတ်ခရိုင်တပ်ရင်း ၂ တပ်ခွဲ (၁)၊ တပ်ရင်း ၃ တပ်ခွဲ (၂)၊ KNDO တပ်ရင်း ၇ တပ်ခွဲ (၃)၊ တနင်္သာရီမြို့နယ် ပကဖ၊ မြိတ်ခရိုင် ပကဖ နှင့် မြိတ်မြို့နယ် ပကဖတို့ ပါဝင်တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ အရာရှိတစ်ဦး အပါအဝင် အထိခိုက်ကျဆုံးမှု ရှိနိုင်ကြောင်း၊ ပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး တစ်ဦး မစိုးရိမ်ရသော ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်သားနေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်များအတွင်း ဖောက်ထွင်းဝင်ရောက်နေထိုင်နေကြောင်း ဖော်ပြထားပါတယ်။
ထိုဖြစ်ရပ်များကြောင့် တနင်္သာရီမြို့နယ်အတွင်း စစ်ရေးအခြေအနေ တင်းမာနေသဖြင့် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ သတိထားသွားလာရန် ပူးပေါင်းတပ်ဖွဲ့က မေတ္တာရပ်ခံ တိုက်တွန်းထားပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်နှင့် ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။







 
 
 
 
 
No comments:
Post a Comment