၂၀၂၅ အောက်တိုဘာလ ၁၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှဒေသတွင် ငွေကြေးလိမ်လည်မှုအန္တရာယ်များကင်းရှင်းစေရန် ယူကေ နှင့် အမေရိကန်ပြည်ထောင်စုတို့မှ ပူးတွဲအရေးယူ
📌 ၂။ အိန္ဒိယဘက် ထွက်ပြေးသွားတဲ့ စစ်သုံ့ပန်းများကို အိန္ဒိယစစ်တပ်က ရဟတ်ယာဉ်ဖြင့် စစ်ကောင်စီထံ လွှဲပြောင်း
📌 ၃။ တပ်တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် ခေါင်းဆောင်မှု၏ အရေးပါမှုကို ဆွေးနွေးမယ့် အနောက်မြောက်လွင်ပြင်သို့ တော်လှန်စကားဝိုင်း ပြုလုပ်မည်
📌 ၄။ မိုးကုတ်ဗျူဟာနှင့် ရွှေဘိုခရိုင်တပ်ရင်း ၂၃ တို့မှ တပ်သားသစ်များ ခေါ်ယူ
📌 ၅။ စစ်ကိုင်းနှင့် ညောင်ဦးမြို့နယ်များတွင် စစ်မှုထမ်းတပ်သားများ အလင်းဝင်ရောက်
========================
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ဆောထိမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား (၁) ဦးသေဆုံးပြီး (၂) ဦး ထိခိုက်ကာ ဘုန်းကြီးကျောင်း (၂) ကျောင်းနှင့် စာသင်ကျောင်း (၁) ကျောင်း ထိခိုက်ပျက်စီးခဲ့ရ
🚩 ၂။ မြောင်မြို့နယ် ဇရပ်ကုန်းကျေးရွာကို စစ်ကောင်စီတပ် လေကြောင်းဗုံးကျဲတိုက်ခိုက်မှု အရပ်သား ၁၁ ဦး အပြင်းအထန်ဒဏ်ရာရ
🚩 ၃။ ဝက်လက်မြို့နယ် သမန်သာကျေးရွာ စာသင်ကျောင်းအား ဗုံးကြဲတိုက်ခိုက်ခံရမှုတွင် ပြည်သူ ၂ ဦး ဒဏ်ရာရရှိ၊ မပေါက်ကွဲသေးတဲ့ ဗုံးသီး ၁ လုံးကို ဖယ်ရှားပေးခဲ့ရ
🚩 ၄။ သီပေါမြို့နယ်တွင် အကြမ်းဖက်စစ်တပ်မှ ဗုံးအလုံး(၃၀) ဝန်းကျင်ကြဲချတိုက်ခိုက်မှုကြောင့် နေအိမ်အချို့နှင့် ကျောင်းဆောင်တစ်ခု ထိခိုက်ပျက်စီး
🚩 ၅။ တောင်သာမြို့နယ်၊ ရုံးစည်ကြီးရွာတွင် တပ်စွဲထားတဲ့ အကြမ်းဖက်စသ်သားများကို တိုက်ခိုက်ရာ စစ်သား ၆ ဦး သေဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှဒေသတွင် ငွေကြေးလိမ်လည်မှုအန္တရာယ်များကင်းရှင်းစေရန် ယူကေ နှင့် အမေရိကန်ပြည်ထောင်စုတို့မှ ပူးတွဲအရေးယူ
လူကုန်ကူးခံရသော အလုပ်သမားများကို ညှဉ်းပန်းနှိပ်စက်နေသည့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများတွင် ပါဝင်နေသော စတာလင်ပေါင်ဘီလီယံပေါင်းများစွာတန်သည့် ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်တစ်ခုအား ယူကေ နှင့် အမေရိကန်ပြည်ထောင်စုတို့က ပူးတွဲ ပိတ်ဆို့အရေးယူလိုက်ကြောင်း ဗြိတိန်မြန်မာသံရုံးမှ သတင်းထုတ်ပြန်ပါတယ်။
ထိုကွန်ရက်သည် ကမ္ဘောဒီးယားအခြေစိုက် Prince Group နှင့် ဆက်စပ်မှုရှိပြီး၊ မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယားနှင့် အရှေ့တောင်အာရှ ဒေသအခြားများတွင် ဆိုက်ဘာဆိုင်ရာ လိမ်ညာမှုများကို လည်ပတ်နေကြောင်း အမေရိကန် ဘဏ္ဍာရေးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။
အရှေ့တောင်အာရှ အခြေစိုက် ငွေကြေးလိမ်လည်မှုလုပ်ငန်းများသည် ကမ္ဘာတစ်ဝှမ်းမှ ပတ်မှတ်ထားခံရသူများကို ကျယ်ကျယ်ပြန့်ပြန့် နည်းစနစ်ကျကျ လိမ်ညာလှည့်ဖြားလျက်ရှိပြီး၊ ၂၀၂၃ ခုနှစ်အတွင်း အရှေ့အာရှနှင့် အရှေ့တောင်အာရှ ဒေသတစ်ခုတည်းမှာပင် ဆိုက်ဘာဆိုင်ရာ လိမ်လည်မှုများကြောင့် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၃၇ သန်း ဆုံးရှုံးခဲ့ရကာ ထိုကဲ့သို့ ဒေသတွင်းမှ အစပြုသော လိမ်လည်မှုများသည် ကမ္ဘာတစ်ဝန်း ပိုမိုကြီးမားသော ဆုံးရှုံးမှုများစွာကို ဖြစ်ပေါ်စေနေကြောင်း ယူကေ နှင့် အမေရိကန် အစိုးရများက ထောက်ပြထားပါတယ်။
ထို့ကြောင့် ဤငွေကြေးလိမ်လည်မှုကွန်ရက်ကြောင့် ကြီးထွားလာသော နိုင်ငံဖြတ်ကျော် ခြိမ်းခြောက်မှုများကို တိုက်ဖျက်ရန်နှင့် လူ့အခွင့်အရေးများကို ကာကွယ်ရန် ယူကေ က အမေရိကန်ပြည်ထောင်စုနှင့် ပူးပေါင်းကာ အရေးယူပိတ်ဆို့မှုများကို ကြေညာလိုက်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
ယခုကဲ့သို့ အရေးယူပိတ်ဆို့မှုများကြောင့် ဤကွန်ရက်၏ လုပ်ငန်းများကို ဖော်ထုတ်တားဆီးနိုင်မည်ဖြစ်ပြီး၊ ယူကေ နှင့် အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံသားများအား ငွေကြေးလိမ်လည်မှုများကြောင့် ဖြစ်ပေါ်လာမည့် ထိခိုက်ဆုံးရှုံးမှု အန္တရာယ်များမှ အကာအကွယ်ပေးကာ ကူညီနိုင်မယ်လို့ သိရပါတယ်။
ယူကေ နိုင်ငံခြားရေး ဝန်ကြီး Stephen Doughty က ထိုအရေးယူမှုများနှင့်ပတ်သက်၍
“ငွေကြေးလိမ်လည်မှုလုပ်ငန်းများဟာ စနစ်တကျလှည့်ဖြားမှုတွေ လုပ်ဆောင်တဲ့ ၄င်းတို့ရဲ့ ကွန်ရက်ဌာနချုပ်များမှာ ထိခိုက်လွယ်တဲ့၊ ပစ်မှတ်ထားခံရလွယ်တဲ့သူတွေကို ထောင်ချောက်ဆင် ထိန်းချုပ်ထားတဲ့အပြင် ယူကေနိုင်ငံသားများထံက သူတို့ ခက်ခက်ခဲခဲရှာဖွေထားတဲ့ ငွေကြေးတွေကို လိမ်လည်ရယူနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်နေပါတယ်။
၄င်းငွေလိမ်လည်မှုလုပ်ငန်းတွေဟာ နိုင်ငံနယ်နိမိတ်များကိုလျစ်လျူရှုပြီး လည်ပတ်နေကြတာဖြစ်ပါတယ်။ ဒါဟာ လူ့အခွင့်အရေး၊ စီးပွားရေးတိုးတက်မှုနဲ့ အမျိုးသားရေးလုံခြုံမှုကို တန်းတူခြိမ်းခြောက်နေတဲ့ တရားမဝင်ငွေစီးဆင်းနေမှုတွေ ဖြစ်တာကြောင့် စုပေါင်းညှိနှိုင်းလုပ်ဆောင်မှုများနဲ့အတူ ဟန့်တားရမဲ့ နိုင်ငံဖြတ်ကျော် ခြိမ်းခြောက်မှုတစ်ခုဖြစ်ပါတယ်။
ယူကေနိုင်ငံသားများနဲ့ ယူကေဘဏ္ဍာရေးစနစ်ခိုင်မာမှုကိုကာကွယ်ဖို့ ကျွန်တော်တို့ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ထားပါတယ်။ ဒီဒေသတွင်းမှာ တရားမ၀င်ငွေကြေးကြောင့် ဖြစ်ပေါ်လာတဲ့အန္တရာယ်များကို သတိပြုမိပါတယ်။ လိမ်လည်မှုလုပ်ငန်းများနဲ့ ၎င်းတို့လည်ပတ်နေတဲ့ကွန်ရက်များကို ထိန်းချုပ်ဖို့အတွက် ဒေသတွင်းကြိုးပမ်းအားထုတ်မှုများကို ယူကေအစိုးရအနေနဲ့ ပံ့ပိုးကူညီကာ အရှေ့တောင်အာရှနိုင်ငံများနဲ့ ပူးပေါင်းလုပ်ဆောင်သွားဖို့ သန္နိဋ္ဌာန်ချထားပါတယ်။’’လို့ ပြောကြားထားပါတယ်။
========================
📌📌 ၂။ အိန္ဒိယဘက် ထွက်ပြေးသွားတဲ့ စစ်သုံ့ပန်းများကို အိန္ဒိယစစ်တပ်က ရဟတ်ယာဉ်ဖြင့် စစ်ကောင်စီထံ လွှဲပြောင်း
မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးသွားပြီး ကျန်ဖိုင်းခရိုင်၊ Saikhumphai ကျေးရွာတွင် ခိုလှုံနေတဲ့ စစ်သုံ့ပန်း ၂၀ ကျော်ကို အာသံရိုင်ဖယ်တပ်ဖွဲ့က အောက်တိုဘာလ ၁၅ရက်နေ့ မနက်ပိုင်းတွင် ရဟတ်ယာဉ်ဖြင့် မိုးရေးမြို့သို့ ပို့ဆောင်ခဲ့ကာ မိုးရေး-တမူးနယ်စပ်ကတဆင့် စစ်ကောင်စီထံ လွှဲပြောင်းပေးခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။
ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း CNDF က စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်အချို့ အပါအဝင် စစ်သုံ့ပန်းများကို ချင်းပြည်နယ်ရှိ Camp Rihli တွင် ထိန်းသိမ်းထားခဲ့သော်လည်း ၂၀၂၅ ခုနှစ် ဇူလိုင်လဆန်းပိုင်းတွင် CNDF နှင့် CDF-Hualngoram တပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားပြီးနောက် Camp Rihli အား ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့စဉ် အဆိုပါ စစ်သုံ့ပန်းများသည် မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးခဲ့ကြခြင်းဖြစ်တယ်လို့ သိရပါတယ်။
၎င်းတို့သည် မြန်မာသံရုံးနှင့် ချိတ်ဆက်ပြီး အိန္ဒိယစစ်တပ်ထံမှ အကူအညီရယူကာပြန်လည်ထုတ်ယူခံခဲ့ရခြင်းဖြစ်တယ်လို့ သိရပါတယ်။
========================
📌📌 ၃။ တပ်တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် ခေါင်းဆောင်မှု၏ အရေးပါမှုကို ဆွေးနွေးမယ့် အနောက်မြောက်လွင်ပြင်သို့ တော်လှန်စကားဝိုင်း ပြုလုပ်မည်
တော်လှန်ရေး အကြပ်အတည်းကာလတွင် တပ်တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် ခေါင်းဆောင်မှု၏ အရေးပါမှုကို ထူးခြားချက်ဖြင့် ဆွေးနွေးရန် “အနောက်မြောက်လွင်ပြင်သို့ တော်လှန်စကားဝိုင်း” အစီအစဉ်ကို အောက်တိုဘာ ၁၇ ရက်၊ ည ၇ နာရီ (မြန်မာစံတော်ချိန်) တွင် OFP Fundraiser Page၊ မီဒီယာများ၊ ကမ်ပိန်း Page နှင့် တပ်ရင်း Page များမှ တိုက်ရိုက် Live လွှင့် ကျင်းပမှာဖြစ်ကြောင်း သတင်းရရှိပါတယ်။
ပါဝင်ဆွေးနွေးသူများတွင် ပြည်သူ့လွတ်လပ်ရေး တပ်တော် (PIO / PIA) ဘဏ္ဍာရေးဌာန ဒုတိယတာဝန်ခံ Merry Fay၊ ဓနုပြည်သူ့လွတ်မြောက်ရေး တပ်ဦး / တပ်တော် (DPLF / DPLA) ဥက္ကဋ္ဌ ကိုအောင်ငဲ၊ ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော် (BPLA) ကွပ်ကဲရေးမှူး ကိုဆောင်းခနှင့် ဗျူဟာ အမှတ် ၉၃ (TRI ဗျူဟာ) နည်းဗျူဟာမှူး ကိုဝေမိုးကျော်တို့ ပါဝင်တယ်လို့ သိရပါတယ်။
========================
📌📌 ၄။ မိုးကုတ်ဗျူဟာနှင့် ရွှေဘိုခရိုင်တပ်ရင်း ၂၃ တို့မှ တပ်သားသစ်များ ခေါ်ယူ
မိုးကုတ်ဗျူဟာမှ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုကို လိုအပ်နေပြီး၊ တော်လှန်ရေးအောင်မြင်ရန်၊ အတူတကွ လက်တွဲလျှောက်လှမ်းကြရန် တပ်သားသစ်များ ခေါ်ယူနေကြောင်း အောက်တိုဘာလ ၁၄ရက်နေ့တွင် သတင်းထုတ်ပြန်ပါတယ်။
မိုးကုတ်ဗျူဟာသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ရှိ တရားဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့ဖြစ်ပြီး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ခိုင်မာသော ခံယူချက်နှင့် ကတိသစ္စာပြုထားသည့် ရဲဘော်များဖြင့် ဖွဲ့စည်းထားသည့် တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီ ပန်းတိုင်သို့ အမြန်ဆုံးရောက်ရှိနိုင်ရန် တော်လှန်ရေးယန္တရားကို တွန်းအားပေးမည့် ရဲဘော်များ လိုအပ်နေတယ်လို့ အသိပေးထားပါတယ်။
ထို့အတူ ရွှေဘိုခရိုင်တပ်ရင်း ၂၃ မှလည်း အသက် ၁၈ နှစ်အထက်နှင့် အခြေခံစစ်သင်တန်းကို ပြီးမြောက်အောင် တက်ရောက်နိုင်သည့် ရဲဘော်သစ်များ ခေါ်ယူနေကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
သင်တန်းပြီးဆုံးပါက ရဲဘော်သစ်များသည်
- တိုက်ခိုက်ရေးတပ်ခွဲများ
- လက်ရုံးတပ်များ
- လက်နက်ကြီးတပ်ဖွဲ့
- ဒရုန်းတပ်ဖွဲ့
- ဖောက်ခွဲရေးတပ်ဖွဲ့
- ဌာနဆိုင်ရာရုံးများ
- ထောက်လှမ်းရေးတပ်ဖွဲ့
- ထောက်ပို့တပ်ဖွဲ့ စသည်တို့တွင် တာဝန်ထမ်းဆောင်ရမယ်လို့ ဖော်ပြထားပါတယ်။
ရဲဘော်သစ်များသည် ပေးအပ်ထားသည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရမယ်လို့ အသိပေးထားပါတယ်။
========================
📌📌 ၅။ စစ်ကိုင်းနှင့် ညောင်ဦးမြို့နယ်များတွင် စစ်မှုထမ်းတပ်သားများ အလင်းဝင်ရောက်
စစ်ကိုင်းမြို့နယ်ရှိ တပ်မ ၃၃ မှ စစ်မှုထမ်းတပ်သားတစ်ဦးသည် အောက်တိုဘာ ၁၀ ရက်နေ့တွင် Wetlet Informational Network အဖွဲ့ထံ ဆက်သွယ်ခဲ့ပြီး ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့-UGF ၏ အကူအညီဖြင့် အလင်းဝင်ရောက်ခဲ့ကြောင်း သတင်ူရရှိပါတယ်။
အဆိုပါ တပ်သားအား Shwebo District Battalion 23 တွင် ခေတ္တထိန်းသိမ်းထားပြီး အောက်တိုဘာ ၁၃ ရက်နေ့တွင် သက်ဆိုင်ရာ ရပ်ကျေးပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် မိသားစုထံ လွှဲပြောင်းအပ်နှံခဲ့တယ်လို့ သိရပါတယ်။
ထိုတပ်သားသည် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလခန့်က မိသားစုအခက်အခဲကြောင့် မန္တလေးမြို့သို့ အလုပ်လုပ်ရန် သွားရောက်ခဲ့စဉ် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များက ဖမ်းဆီးခဲ့ပြီး တောင်တွင်းကြီးမြို့တွင် စစ်သင်တန်းပို့ခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
သင်တန်းဆင်းပြီး ၇ လခန့်အကြာ တပ်မ ၃၃ သို့ ပြန်လည်ပို့ဆောင်ခံရပြီး ၂ ပတ်အကြာတွင် Wetlet Informational Network နှင့် ဆက်သွယ်ကာ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့ အသိပေးထားပါတယ်။
အလားတူ၊ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင်လည်း စစ်ကောင်စီက ပေါ်တာဆွဲဖမ်းဆီးထားသော စစ်မှုထမ်းတပ်သားတစ်ဦး အောက်တိုဘာ ၁၅ ရက်နေ့တွင် Garuda Secret Force ထံသို့ လက်နက်မပါဘဲ အလင်းဝင်ရောက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီသည် မြို့ပေါ်တွင် လူကြီး၊ လူငယ်၊ ကျား၊ မ မရွေး အတင်းအဓ္ဓမ ပေါ်တာဆွဲဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် ပြည်သူများအနေဖြင့် သတိထားသွားလာရန်နှင့် စစ်ကောင်စီတပ်ဖွဲ့များ၏ ပျော်ပွဲရွှင်ပွဲများကို ရှောင်ရှားရန် တော်လှန်ရေးအဖွဲ့များက သတိပေးထားပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ဆောထိမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား (၁) ဦးသေဆုံးပြီး (၂) ဦး ထိခိုက်ကာ ဘုန်းကြီးကျောင်း (၂) ကျောင်းနှင့် စာသင်ကျောင်း (၁) ကျောင်း ထိခိုက်ပျက်စီးခဲ့ရ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ဆောထိ မြို့နယ်အတွင်း အောက်တိုဘာလ (၈) ရက်နေ့ မနက် (၁၀း၂၀) မိနစ် အချိန်နှင့် နေ့လယ် (၃း၀၂) မိနစ် အချိန်တို့တွင် အာဏာသိမ်းအကြမ်းဖက် စစ်တပ်မှ ကွင်းဒလကြီး၊ ညောင်ပင်ကြီး၊ သက်ကယ်ကုန်း ကျေးရွာ အနီးတစ်ဝိုက်ကို ဂျက်ဖိုက်တာဖြင့် (၁၂) ကြိမ်အတွင်း ပေါင် (၅၀၀) ဗုံး (၂၄) လုံး ခန့် ကြဲချ တိုက်ခိုက်ခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုမှ သတင်းထုတ်ပြန်ပါတယ်။
ထိုလေကြောင်းတိုက်ခိုက်မှုအတွင်း ကွင်းဒလေး ကျေးရွာမှ မခင်စံပယ်ဦး (၁၈) နှစ် ထိခိုက်သေဆုံးခဲပြီး မောင်ဇင်မင်းအောင် (၃၀) နှစ် ထိခိုက်ဒဏ်ရာရရှိခဲ့ရတယ်လို့ သိရပါတယ်။
ထို့အပြင် သက်ကယ်ကုန်းကျေးရွာသို့ စစ်ဘေးရှောင်ရန် ရောက်ရှိနေသည့် ကွင်းဒလေးရွာသူ ဒေါ်မွေး (၅၉) နှစ် ထိခိုက် ဒဏ်ရာ ရရှိခဲ့ရပြီး ဦးကျော်ထူး နှင့် ဦးပန်းဦး တို့၏ နေအိမ် (၂) လုံး ထိခိုက်ပျက်စီးခဲ့ရသည့်အပြင် ညောင်ပင်ကြီးကျေးရွာမှ ဘုန်းကြီးကျောင်း (၁) ကျောင်း၊ မင်္ဂလာကုန်း ကျေးရွာမှ ဘုန်းကြီးကျောင်း (၁) ကျောင်းနှင့် သက်ကယ်ကုန်း ကျေးရွာမှ စာသင်ကျောင်း (၁) ကျောင်းတို့ ထိမှန်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှ ၎င်းတို့ အာဏာဆက်လက်တည်မြဲနိုင်ရေးအတွက် ၎င်းတို့ အုပ်ချုပ်ရာ နယ်မြေများတွင် အတုယောင်ရွေးကောက်ပွဲကို အတင်းအဓမ္မပြုလုပ်ရန် အထူးကြိုးပန်းလျက်ရှိပြီး ၎င်းတို့ လက်လွတ်ဆုံးရှုံးခဲ့ရသော နယ်မြေများအတွင်းရှိ ပြည်သူလူထုများအား အကြောက်တရား ဖြစ်ပေါ်စေရန် ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိကြောင်း ဖော်ပြထားပါတယ်။
========================
🚩🚩 ၂။ မြောင်မြို့နယ် ဇရပ်ကုန်းကျေးရွာကို စစ်ကောင်စီတပ် လေကြောင်းဗုံးကျဲတိုက်ခိုက်မှု အရပ်သား ၁၁ ဦး အပြင်းအထန်ဒဏ်ရာရ
အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ၇ နာရီခွဲမှ ၈ နာရီခန့်တွင် မြောင်မြို့နယ် ဇရပ်ကုန်းကျေးရွာကို ဂျက်ဖိုက်တာလေယာဉ်ဖြင့် ပေါင် ၂၅၀ ဗုံးသီး ၁ လုံးကို ကျေးရွာတောင်ဘက်ရှိ တောစပ်အနီးတွင် ကြဲချခဲ့ပြီး၊ ရော့ကက်ဒ်ဒုံးကျည် ၆ ကြိမ် မှ ၈ ကြိမ်ထိ ကျေးရွာအတွင်း နေရာအမျိုးမျိုးသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များအရ သိရပါတယ်။
ထိုတိုက်ခိုက်မှုကြောင့် မြေပဲလှမ်းဖို့ ပြင်ဆင်နေတဲ့ အမျိုးသမီး တစ်ဦး ဗိုက်မှာ ဒဏ်ရာအပြင်းအထန်ရပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေရှိကာ အခြားသူများလည်း ခြေထောက်ပြတ်၊ လက်ပြတ်တဲ့ ဒဏ်ရာတွေနဲ့ ဆိုးဆိုးဝါးဝါး ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒဏ်ရာရရှိသူများထဲတွင် အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၃ ဦး ပါဝင်ပြီး၊ ကျောင်းသားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (T.G.R) မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေသတင်းဌာနသို့ ပြောကြားထားပါတယ်။
ထို့အပြင် ဘုန်းကြီးကျောင်းရှိ အုတ်တံတိုင်းများလည်းပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဒဏ်ရာရသူများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဆေးကုသပေးလျက်ရှိပြီး၊ လက်ရှိအချိန်ထိ သေဆုံးသူမရှိသေးဘူးလို့ သိရပါတယ်။
========================
🚩🚩 ၃။ ဝက်လက်မြို့နယ် သမန်သာကျေးရွာ စာသင်ကျောင်းအား ဗုံးကြဲတိုက်ခိုက်ခံရမှုတွင် ပြည်သူ ၂ ဦး ဒဏ်ရာရရှိ၊ မပေါက်ကွဲသေးတဲ့ ဗုံးသီး ၁ လုံးကို ဖယ်ရှားပေးခဲ့ရ
အောက်တိုဘာလ ၁၄ ရက် နေ့လယ် ၁ နာရီ ၅၀ ချိန်ခန့်တွင် ဝက်လက်မြို့နယ်အတွင်း သမန်သာကျေးရွာရှိ စာသင်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီက ပါရာမိုတာ ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း နွေဦးအောင်ပွဲမှ သတင်းထုတ်ပြန်ပါတယ်။
ထိုတိုက်ခိုက်မှုကြောင့် ပြည်သူ နှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ရွှေဘိုခရိုင်တပ်ရင်း (၁) နှင့် ဝက်လက်မြို့နယ် ပြည်သူကာကွယ်ရေး (PDF) တို့က မပေါက်ကွဲခဲ့တဲ့ ဗုံးသီး ၁ လုံးကို ပူးပေါင်းဖယ်ရှားရှင်းလင်းခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့များက ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၄။ သီပေါမြို့နယ်တွင် အကြမ်းဖက်စစ်တပ်မှ ဗုံးအလုံး(၃၀) ဝန်းကျင်ကြဲချတိုက်ခိုက်မှုကြောင့် နေအိမ်အချို့နှင့် ကျောင်းဆောင်တစ်ခု ထိခိုက်ပျက်စီး
ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ကော်မရှင်တပ်မှ လေ ကြောင်းဖြင့် အထက်နမ့်ဟူးနွဲ့ကျေးရွာအနီးတွင် ဗုံးအလုံး (၃၀) ဝန်းကျင် ကြဲချတိုက်ခိုက်ခဲ့ကြောင်း
အောက်တိုဘာလ(၁၄) ရက် ညနေပိုင်း ၄:၃၀ နာရီအချိန်တွင် သီပေါမြို့နယ်က စစ်ကော်မရှင်တပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ကြား ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ နယ် အထက်နမ့်ဟူးနွဲ့ကျေးရွာ နှင့် ခါးလိန်ကျေးရွာအနီး ကိုတန်ကုန်းနှင့် စံဖိတ်ကျေးရွာ သင်္ချိုင်းကုန်းနေရာများကို စစ်ကော်မရှင်တပ်မှ (Y12) လေယာဉ်အမျိုးအစားဖြင့် ဗုံးအလုံး (၃၀) ဝန်းကျင် ကြဲချတိုက်ခိုက်ခဲ့ကြောင်း SSPP မှ သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ခါးလိန်ကျေး ရွာ နေအိမ်(၃) လုံး နှင့် နမ့်ဟူးနွဲ့ ဘုန်းကြီးကျောင်းရှိ ဆရာလေးကျောင်းဆောင် (၁) ခု ထိခိုက်ပျက်စီးပြီး ကျန်ရှိသည့် အခြားထိခိုက်သေဆုံးမှု အချက်အ လက်ကို အတည်မပြုနိုင်သေးဘူးလို့ ဖော်ပြထားပါတယ်။
အောက်တိုဘာလ ၁၅ရက် နံနက် ၈:၃၀ နာရီအချိန်တွင်လည်း စစ်ကော်မရှင်တပ်၏ မြေပြင်စစ် ကြောင်းများနှင့် ဒရုန်းတပ်များသည် ယမန်နေ့ ဗုံး ကြဲတိုက်ခိုက်ခဲ့သည့် နေရာများကို ဝင်ရောက်ရှင်း လင်းရာ လက်ရှိအချိန်ထိ နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
ထို့အတူ အောက်တိုဘာလ (၁၅) ရက် နံနက် ၈:၃၀ နာရီ ဝန်းကျင်အချိန်ကစပြီး နေ့လယ်ပိုင်း ၂:၅၀ အချိန်ထိ စစ်ကော်မရှင်စစ်ကြောင်း အင်အား ၃၀၀ ဝန်းကျင် နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့သည် ဘော်ကြိုကျေးရွာ အုပ်စု နားခိုင်းကျေးရွာ နှင့် ကောင်းခါးကျေးရွာတို့တွင် နှစ်ဖက်တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေတယ်လို့ အသိပေးထားပါတယ်။
တိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်မှ မြေပြင်စစ် ကြောင်းများ အပါအဝင် ဒရုန်းများ လေကြောင်းပစ်ကူများဖြင့် အသုံးပြု တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
တိုက်ပွဲများကြောင့် ကျေးရွာများအချို့ ထိခိုက်ပျက်စီးမှုများရှိတယ်လို့ အသိပေးထားပါတယ်။
========================
🚩🚩 ၅။ တောင်သာမြို့နယ်၊ ရုံးစည်ကြီးရွာတွင် တပ်စွဲထားတဲ့ အကြမ်းဖက်စသ်သားများကို တိုက်ခိုက်ရာ စစ်သား ၆ ဦး သေဆုံး
တောင်သာမြို့နယ်ရှိ ရုံးစည်ကြီးကျေးရွာ အဝင်လမ်းဘေးဝဲယာတလျှောက်တွင် တပ်စွဲထားသော စစ်ကောင်စီ စစ်သားများကို မင်းသားကြီး စစ်ကြောင်းမှ ဦးဆောင်ပြီး တော်လှန်ရေးတပ်ဖွဲ့များက အောက်တိုဘာ ၁၃ ရက်နေ့တွင် လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းမှ သတင်းထုတ်ပြန်ပါတယ်။
မင်းသားကြီး စစ်ကြောင်းသည် ၆၀ MM နှင့် ၄၀ MM လက်နက်ငယ်များကို အသုံးပြုကာ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး၊ လက်နက်ကြီး ထိမှန်မှုကြောင့် အကြမ်းဖက်စစ်သား ၆ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုနောက်ပိုင်း အကြမ်းဖက်စစ်တပ်မှ ရုံးစည်ကြီး ကျေးရွာတွင် ကျည်တစ်ချက်ပေါက်လျှင် ပြည်သူနေအိမ်များကို မီးရှို့ဖျက်ဆီးမယ်လို့ ခြိမ်းခြောက်ပြောဆိုထားတယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment