၂၃ - ၁၀ - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )

၂၃ -  ၁၀ - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )

မင်္ဂလာပါရှင်/ခင်ဗျာ အခုချိန်ကစပြီး m.CDM ရဲ့ ပြည်တွင်းသတင်းများကို ဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီကနေ့မှာတင်ပြပေးမယ့်သတင်းတွေကတော့

၁။(၅) နှစ်ကျော်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ပထမဆုံး စကားပြောခွင့်ရ၊ အခြေခံ လူ့အခွင့်အရေးကို နိုင်ငံရေး အပေးအယူအတွက် အသုံးမချဖို့ သတိပေး၊

၂။⁨ကနီမှာ အကြမ်းဖက် စစ်ကော်မရှင်ရဲ့ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံး၊ဖားကန့်၊ မင်းပြားနဲ့ မြင်းမူ မှာလည်း စစ်ကော်မရှင်ရဲ့ အကြမ်းဖက် လုပ်ရပ်တွေကြောင့် ပြည်သူ ၆ ဦး ဒဏ်ရာရ

၃။⁨စစ်ကိုင်းမှာ စစ်ကော်မရှင် ဗိုလ်မှူးကြီး တစ်ဦးကို ဖမ်းဆီးရမိ၊ ခုခံထွက်ပြေးလို့ ပစ်ခတ်ဖမ်းဆီးရာ သေဆုံး၊ကန်ပက်လက် တိုက်ပွဲအတွင်း ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းတွေထဲမှာ BNRA အဖွဲ့ဝင်ဟောင်းအချို့ ပါဝင်နေ၊

၄။ဂန့်ဂေါမြို့နယ်အတွင်း မည်သည့်နေရာတွင် ကျောင်းထားသည်ဖြစ်စေ အပြစ်ပေးအရေးယူမှာ မဟုတ်ဘူးလို့ မြို့နယ်ပညာရေးဘုတ်အဖွဲ့ ထုတ်ပြန် စတဲ့ သတင်းအပါအဝင် တခြား သတင်းအကြောင်းအရာတွေကိုပါ တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

အခုပထမဆုံးအနေနဲ့
⁨၁။(၅) နှစ်ကျော်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ပထမဆုံး စကားပြောခွင့်ရ၊ အခြေခံ လူ့အခွင့်အရေးကို နိုင်ငံရေး အပေးအယူအတွက် အသုံးမချဖို့ သတိပေး၊
===============
m.CDM အောက်တိုဘာ ၂၂ ရက်။

မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၅ နှစ်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် အောက်တိုဘာလ ၂၂ ရက်နေ့မှာ တိုက်ရိုက် စကားပြောခွင့် ရခဲ့တယ်လို့ သားငယ်ဖြစ်သူ ကိုထိန်လင်း (ခေါ်) Kim Aris က အသိပေးထားပါတယ်။

လန်ဒန်မြို့ရှိ မြန်မာသံရုံးကနေတဆင့် တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောခဲ့ကြတာဖြစ်ကြောင်း စစ်ကော်မရှင် ကလည်း ဓါတ်ပုံတွေနဲ့တကွ ထုတ်ပြန်ထားပါတယ်။

မိခင်ဖြစ်သူရဲ့ အသံကို ပထမဆုံး ပြန်ကြားရတာဟာ စကားနဲ့ ဖော်ပြလို့မရအောင် အဓိပ္ပာယ်ရှိပြီး၊ ပြည်သူတွေရဲ့ တောင်းဆိုမှုတွေကြောင့် အခုလို ဆက်သွယ်ခွင့်ရတာလို့ ယုံကြည်ကြောင်း ကိုထိန်လင်းက ပြောပါတယ်။

ဒါပေမယ့် အသက် (၈၁) နှစ်ရှိပြီဖြစ်တဲ့ မိခင်ဟာ ဆက်လက်ဖမ်းဆီး ခံထားရဆဲဖြစ်လို့ နိုင်ငံတကာပိတ်ဆိုမှုတွေ လျော့ပေါ့ရေးနဲ့ တရားဝင် အသိအမှတ်ပြုမှု ရရှိရေးအတွက် ဓားစာခံသဖွယ် အသုံးချပြီး အပေးအယူ မလုပ်ဖို့ကို လည်း သူက သတိပေးထားပါတယ်။

အခုလို တစ်ကြိမ် စကားပြောခွင့်ရတာဟာ ပုံမှန်ဆက်သွယ်ခွင့်ရတာ မဟုတ်သလို မိသားစုနဲ့ ဆက်သွယ်ခွင့်ရတာ ဟာလည်း လွတ်မြောက်တာ မဟုတ်ဘူးလို့ လေးလေးနက်နက် အသိပေးထားပါတယ်။

ဗြိတိန်အပါအဝင် နိုင်ငံတကာအစိုးရတွေအနေနဲ့ အခြေခံလူ့အခွ့င်အရေးတွေကို စစ်ကော်မရှင်အတွက် တရားဝင် အသိအမှတ်ပြုမှုနဲ့ အလဲအလှယ် မလုပ်ကြဖို့ကိုလည်း မေတ္တာရပ်ခံထားပါတယ်။

အကြမ်းဖက် စစ်ကော်မရှင်ဟာ ပြီးခဲ့တဲ့ဩဂုတ်လက ICRC ကိုယ်စားလှယ်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံတဲ့ ဓါတ်ပုံတွေအပြင် အောက်တိုဘာ ၁၉ ရက်နေ့ကလည်း ဗြိတိန်ဘုရင် ချားလ်စ် ပေးပို့တဲ့ စာအုပ်တွေ သွားရောက် ပေးအပ်ခဲ့တဲ့ ဓာတ်ပုံတွေကို ဆက်တိုက်ဆိုသလို ထုတ်ပြန်နေတာလည်း ဖြစ်ပါတယ်။

ဒါဟာ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုရဖို့ ကြိုးပမ်းနေတာ ဖြစ်တယ်လို့ နိုင်ငံရေး သုံးသပ်သူတွေက သုံးသပ်ထား ကြပြီး၊ မိခင်ဖြစ်သူနှင့်တကွ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ချွင်းချက်မရှိ လွတ်မြောက်ရေးဟာ အပေးအယူ လုပ်ရမယ့်ကိစ္စ မဟုတ်ဘူးလို့လည်း ကိုထိန်လင်းက သတိပေး တောင်းဆိုထားပါတယ်။
—---------------
၂။ကနီမှာ အကြမ်းဖက် စစ်ကော်မရှင်ရဲ့ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံး၊ဖားကန့်၊ မင်းပြားနဲ့ မြင်းမူ မှာလည်း စစ်ကော်မရှင်ရဲ့ အကြမ်းဖက် လုပ်ရပ်တွေကြောင့် ပြည်သူ ၆ ဦး ဒဏ်ရာရ
==================
m.CDM အောက်တိုဘာ ၂၂ ရက်။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က နွားခြံကုန်းနဲ့ နတ်လာပို့ရွာတွေကို အကြမ်းဖက် စစ်ကော်မရှင်တပ်က လေကြောင်း ကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ပြည်သူ ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၂၂ ရက်၊ နေ့လယ်ပိုင်းမှာ မုံရွာအခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်က တက်လာတဲ့ ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲချခဲ့တာလို့ ဆိုပါတယ်။

ဗုံးသီးကျရောက်ပေါက်ကွဲမှုကြောင့်  နွားခြံကုန်းရွာအနီးက လယ်ကွင်းထဲမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီး ၁ ဦးနဲ့ နတ်လာပို့ရွာက အမျိုးသား ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အလားတူ ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ လုံးခင်း၊ ရပ်ကွက် (၂) မှာလည်း တိုက်ပွဲခြင်းမရှိဘဲ စစ်ကော်မရှင်တပ်က ရမ်းသမ်းပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည် ထိမှန်ခဲ့တာကြောင့် အရပ်သား ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

အောက်တိုဘာလ ၂၂ ရက်၊ နေ့လယ်ပိုင်းမှာ ဖားကန့်စစ်တပ်ကုန်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး၊ ထိခိုက်ဒဏ်ရာ ရခဲ့တဲ့ ဒေသခံ ၄ ဦးထဲက ၂ ဦးဟာ ဒဏ်ရာ အတော်ပြင်းထန်တယ်လို့ သိရပါတယ်။

ဆက်လက်ပြီး ရခိုင်ပြည်နယ်၊ မင်းပြား (ခ) အဉ္ဇနပူရမြို့ကိုလည်း မနေ့က အောက်တိုဘာလ ၂၁ ရက် ည ၁၁ နာရီ ၅၅ မိနစ်ခန့်မှာ စစ်ကော်မရှင်တပ်က Y-12 လေယာဉ်နဲ့ ဗုံးပတ်ကြဲခဲ့တယ်လို့ ဆိုပါတယ်။

ဗုံးအလုံး ၂၀ နီးပါး ကြဲချခဲ့ရာ မင်းဘာကြီး၊ မြို့သစ်၊ ဈေးဟောင်းပိုင်း၊ ပြည်တော်လှ ရပ်ကွက်တွေနဲ့ ကင်းဆိပ်ရွာ တွေထဲကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း အသက် ၄၄ နှစ်အရွယ် ဒေါ်နုနုအေး နဲ့ ၂၉ နှစ်အရွယ် မသိန်းနုချေ တို့ ၂ ဦး ဗုံးစထိမှန် ဒဏ်ရာရခဲ့ကာ၊ သန်းမိသားစု ဆီဆိုင်လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရှိရပါတယ်။

အလားတူ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်က မကျီးကန်ရွာ ဘုန်းကြီးကျောင်း ကိုလည်း အောက်တိုဘာလ ၂၁ ရက်၊ ညနေ ၄ နာရီခန့်မှာ အကြမ်းဖက် စစ်တပ်က အသေခံဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

၎င်းတိုက်ခိုက်မှုအတွင်း လူထိခိုက်မှု မရှိခဲ့ပေမယ့် ဘုန်းကြီးကျောင်း အဆောင်တချို့ ထိခိုက်ပျက်စီးသွားတယ်လို့ သိရှိရပါတယ်။
—-------------------
၃။စစ်ကိုင်းမှာ စစ်ကော်မရှင် ဗိုလ်မှူးကြီး တစ်ဦးကို ဖမ်းဆီးရမိ၊ ခုခံထွက်ပြေးလို့ ပစ်ခတ်ဖမ်းဆီးရာ သေဆုံး၊ကန်ပက်လက် တိုက်ပွဲအတွင်း ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းတွေထဲမှာ BNRA အဖွဲ့ဝင်ဟောင်းအချို့ ပါဝင်နေ၊
==================
m.CDM အောက်တိုဘာ ၂၂ ရက်။

စစ်ကိုင်းမြို့မှာ အရှင်ဖမ်းဆီးရမိထားတဲ့ စစ်ကော်မရှင် ဗိုလ်မှူးကြီး တစ်ဦး လက်နက်လုပြီး ထွက်ပြေးဖို့ ကြိုးစား တာကြောင့် ပစ်ခတ်ဖမ်းဆီးရာကနေ သေဆုံးသွားတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

အောက်တိုဘာလ ၁၈ ရက်၊ ညနေ ၄ နာရီခန့်က စစ်ကိုင်းမြို့၊ ကံတလူ တိုးဂိတ်အနီးမှာ ဗိုလ်မှူးကြီး ဇော်မျိုးတင့် ဆိုသူကို လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့က အရှင်ဖမ်းဆီး ရမိခဲ့တယ်လို့ ဆိုပါတယ်။

၎င်းဟာ အုန်းတော(၆၀၀၅) အမြောက်တပ်က ဂိတ်ဖွင့်ပြီး ဆက်ကြေးကောက်နေတာကို သွားရောက်စစ်ဆေးပြီး အပြန်မှာ ဘက်ပြောင်းသွားသူတွေနဲ့ ဖရဲသီးတွေရဲ့ သတင်းပေးပို့ချက်ဖြင့် ဖမ်းဆီးနိုင်ခဲ့တာလို့ သိရပါတယ်။

အဲ့ဒီနောက် အောက်တိုဘာလ ၁၉ ရက်နေ့၊ ၎င်းကို သက်ဆိုင်ရာတာဝန်ရှိသူတွေထံ လွှဲပြောင်းပေးဖို့ ဆောင်ရွက်- နေချိန်မှာ စစ်ကော်မရှင်တပ်က မြေပြင် စစ်ကြောင်းထိုးတာနဲ့ ဝေဟင်ကနေ Mi-35 နဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ထိုသို့ အခြေအနေတွေ ရှုပ်ထွေးနေချိန်မှာ ဗိုလ်မှူးကြီး ဇော်မျိုးတင့် ဟာ ရဲဘော်တစ်ဦးရဲ့ သေနတ်ကို လုယူထွက် -ပြေးဖို့ ကြိုးစားခဲ့တာကြောင့် ပစ်ခတ်ဖမ်းဆီးရာကနေ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သိရှိရပါတယ်။

တစ်ဖက်မှာလည်း ချင်းပြည်နယ်၊ ကန်ပက်လက် မြို့နယ်က တိုက်ပွဲအတွင်း ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းတွေထဲမှာ အကြမ်းဖက် စစ်ကော်မရှင်ထံ လက်နက်ချသွားတဲ့ ဗိုလ်နဂါးရဲ့ BNRA တပ်ဖွဲ့ဝင်ဟောင်း အချို့ ပါဝင်နေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်အုပ်စုဟာ ကန်ပက်လက်နဲ့ ကျင်ဒွေးမြို့တွေဘက်ကို ပြီးခဲ့တဲ့စက်တင်ဘာ လကုန်ပိုင်းကတည်းက စစ်ကြောင်း ထိုးနေပြီး၊ ချင်းပြည်သူ့ အစည်းအရုံး (CPU/CPA) မဟာမိတ် ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေတယ် လို့ ဆိုပါတယ်။

အဲ့ဒီနောက် အောက်တိုဘာလ ၁၂ ရက်နေ့၊ မဆာတွီနဲ့ မောချောင်းကြား တိုက်ပွဲကနေ BNRA တပ်ဖွဲ့ဝင်ဟောင်း တွေ အပါအဝင် စစ်သုံ့ပန်းတွေကို လက်နက်တွေနဲ့တကွ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းအရေအတွက်နဲ့ BNRA တပ်ဖွဲ့ဝင်ဟောင်း အရေအတွက် အသေးစိတ် ကို တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
--------------------------
၄။⁨မြန်မာပလာဇာအနီးက EV Charging Station မှာ ကားအားသွင်းနေတဲ့ အမျိုးသမီးတစ်ဦး ပြန်ပေးဆွဲခံရ၊မင်္ဂလာတောင်ညွန့် လူသတ်မှု ကျူးလွန်သူ ၃ ဦးကို ဖမ်းမိ"
==================
m.CDM အောက်တိုဘာ ၂၂ ရက်။

ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်ရှေ့၊ မြန်မာပလာဇာအနီးက MG EV Charging Station မှာ ကားအားသွင်းနေတဲ့ အမျိုးသမီး ၁ ဦးကို လူငယ် ၃ ဦးက ပြန်ပေးဆွဲ ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

YP Education ကို တည်ထောင်သူ မနှင်းလဲ့လဲ့ပိုင် (ခ) Ma Yuki ဟာ အောက်တိုဘာလ ၂၁ ရက် ညနေ ၆ နာရီခွဲ လောက်မှာ EV ကား အားသွင်းနေရင်း ပျောက်ဆုံးသွားတာ ဖြစ်ပါတယ်။

CCTV မှတ်တမ်းတွေအရ လူ ၃ ဦးပါတဲ့ ကားတစ်စီး ရောက်လာပြီး လူငယ်တစ်ဦးက မနှင်းလဲ့လဲ့ပိုင်ရဲ့ ကားကို မောင်းသွားပြီး၊ ကျန်တဲ့ ၂ ဦးကတော့ သူမကို သူတို့ကားပေါ် အတင်းခေါ်တင်သွားတယ်လို့ သိရပါတယ်။

သူမနဲ့အတူ ပျောက်ဆုံးနေတဲ့ ကားကတော့ Dongfeng Nammi EV အမျိုးအစားဖြစ်ပြီး ကားနံပါတ် HH-4713 ဖြစ်တယ်လို့ ဆိုပါတယ်။

ကားဖြစ်စေ၊ လူဖြစ်စေ တွေ့ရှိပါက ၀၉၂၅၄၀၆၅၈၇၀ နဲ့ ၀၉၉၇၂၄၂၉၀၄၈ ကို ဆက်သွယ် အကြောင်းကြားပေးဖို့ မိသားစုက အကူအညီ တောင်းခံထားပါတယ်။

အလားတူ ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်မှာ အောက်တိုဘာလ ၂၁ ရက်၊ မနက်အ- စောပိုင်းက နေအိမ်ဖောက်ထွင်းပြီး၊ အိမ်ရှင် လူငယ်တစ်ဦးကို ဓါးနဲ့ထိုးသတ်ခဲ့တဲ့ တရားခံ ၃ ဦးလုံးကို ဖမ်းမိပြီလို့ သိရပါတယ်။

မနေ့က(၂၁ ရက်) ညနေပိုင်းမှာ ဓားနဲ့ထိုးခဲ့သူ အသက် ၁၉ နှစ်အရွယ် မောင်မောင်ဆိုသူကို သက်သေခံဓားနဲ့အတူ ဖမ်းမိခဲ့ပြီး၊ ဒီကနေ့ (၂၂ ရက်) နေ့လယ်ပိုင်းမှာတော့ ကျန်တဲ့ ၂ ဦးကို တောင်ဒဂုံမြို့နယ်ထဲမှာ ထပ်မံ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

ကျူးလွန်ခဲ့သူ ၃ ဦးစလုံးဟာ တာမွေ ကြက်ဘဲဈေးက ပျံကျ အလုပ်သမားတွေ ဖြစ်ပြီး၊ ၎င်းတို့ကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
-----------------
၅။ဂန့်ဂေါမြို့နယ်အတွင်း မည်သည့်နေရာတွင် ကျောင်းထားသည်ဖြစ်စေ အပြစ်ပေးအရေးယူမှာ မဟုတ်ဘူးလို့ မြို့နယ်ပညာရေးဘုတ်အဖွဲ့ ထုတ်ပြန်
======================
m.CDM၊ အောက်တိုဘာ ၂၂

မကွေးတိုင်း ဂန့်ဂေါမြို့နယ်အတွင်းက ကျောင်းသား၊ ကျောင်းသူတွေရဲ့ လွတ်လပ်စွာ ပညာသင်ကြားခွင့်နဲ့ လူ့အခွင့်အရေးစံနှုန်းတွေအရ မည်သည့်နေရာမှာမဆို သွားရောက်ပညာသင်ယူနိုင်ပြီး အပြစ်ပေးအရေးယူမှာ မဟုတ်ဘူးလို့ ဂန့်ဂေါမြို့နယ်ပညာရေးဘုတ်အဖွဲ့က အောက်တိုဘာလ ၂၁ ရက်စွဲနဲ့ အသိပေး ထုတ်ပြန်ထားပါ တယ်။

ဂန့်ဂေါမြို့နယ်ပညာရေးဘုတ်အဖွဲ့အနေနဲ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြို့နယ်အတွင်း ပညာသင်ယူခွင့် ဆုံးရှုံးနေတဲ့ ကျောင်းနေအရွယ်ကလေးငယ်တွေ အခြေခံပညာ ဆက်ပြီး သင်ယူနိုင်စေဖို့  ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၂ ရက်ကစပြီး ပြည်သူ့အခြေပြုကျောင်းတွေ ဖွင့်လှစ်သင်ကြားနိုင်ဖို့ စဉ်ဆက် မပြတ် ကြိုးပမ်းဆောင်ရွက်ခဲ့တယ်လို့လည်း ဆိုထားပါတယ်။

ကလေးငယ်တွေရဲ့ လွတ်လပ်စွာပညာသင်ကြားခွင့်ကို အထူးလေးစားတန်ဖိုးထားတယ်လို့  ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့က ပြောပါတယ်။
ဒီအခွင့်အရေးဟာ ပညာရေးတိုးတက်မှု၊ လူ့အဖွဲ့အစည်းရဲ့ အသိပညာဖွံ့ဖြိုးမှု၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အတွက် အရေးကြီးတဲ့ အခြေခံအုတ်မြစ်တခုဖြစ်တာကြောင့် အခုလို အသိပေးကြေညာရတာလို့ ဂန့်ဂေါမြို့နယ်ပညာရေးဘုတ်အဖွဲ့က ထုတ်ပြန်ထားပါတယ်။⁩
———————————
၆။⁨မြန်မာပြည်သူတွေ ခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေရဲ့ အဓိကဇစ်မြစ်က အာဏာသိမ်းစစ်အုပ်စု ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေတာကြောင့်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြော
==================
m.CDM၊ အောက်တိုဘာ ၂၂

မြန်မာပြည်သူတွေ ဘက်ပေါင်းစုံ ခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေရဲ့ အဓိကဇစ်မြစ်က အာဏာသိမ်း အကြမ်းဖက် စစ်အုပ်စုနဲ့ စစ်အာဏာရှင်တွေ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတာကြောင့်ဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အောက်တိုဘာ ၂၁ ရက်ကလုပ်တဲ့ တရားလက်လွတ်၊ အကျဉ်းချုပ်နဲ့ ဥပဒေမဲ့ ကွပ်မျက်မှုဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူနဲ့ အပြန်အလှန်ဆွေးနွေးရာမှာ အခုလိုပြောကြားလိုက်တာပါ။
အသက်ရှင်သန်ခွင့်ဟာ လူတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ အခြေခံအခွင့်အရေးဖြစ်ပြီး တရားလက်လွတ်နဲ့ ဥပဒေမဲ့ သတ်ဖြတ်ကွပ်မျက်မှုတွေဟာ အဲဒီ အခွင့်အရေးကို အဆိုးရွားဆုံး ချိုးဖောက်မှုတွေဖြစ်တယ်လို့ သံအမတ်ကြီးက ပြောပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ ကျေးရွာတွေကို ဝင်ရောက်စီးနင်းရာမှာ အမျိုးသမီးတွေ၊ ကလေးငယ်တွေနဲ့ မွေးကင်းစ ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူတွေကို သတ်ဖြတ်တာ၊ ဖမ်းဆီးထိန်းသိမ်းထားသူတွေကို ညှဉ်းပန်း နှိပ်စက်ပြီး သတ်ဖြတ်တာတွေ ရှိနေတယ်လို့လည်း ထောက်ပြခဲ့ပါတယ်။
ဒါ့အပြင် စာသင်ကျောင်းတွေ၊ ဆေးရုံတွေနဲ့ နေအိမ်တွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေရဲ့ အသက်အိုးအိမ် ထိခိုက်နေရပြီး အတင်းအကျပ် နေရပ်စွန့်ခွာရမှုတွေမှာ ထွက်ပြေး တိမ်းရှောင်ဖို့ အခက်အခဲရှိတဲ့ သက်ကြီးရွယ်အိုတွေဟာ အထိခိုက်လွယ်ဆုံးသူတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းက ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့မှာ နိုင်ငံရေးအကျဉ်းသားတွေကို တရားလက်လွတ် ကွပ်မျက်ခဲ့တဲ့ ဖြစ်စဉ်ကိုလည်း ပြန်လည်ထောက်ပြခဲ့ပြီး စစ်အာဏာသိမ်းမှု ငါးနှစ်ကျော် ကြာမြင့်လာပေမဲ့ ကျူးလွန်သူ တွေဟာ တာဝန်ခံမှုနဲ့ တရားမျှတမှုကနေ ကင်းလွတ်နေဆဲဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
——————————
၇။⁨ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီက ကရင်နီတပ်ပေါင်းစုံ စစ်ဘက်ဆိုင်ရာဥပဒေ ထုတ်ပြန်
=====================
m.CDM၊ အောက်တိုဘာ ၂၂

ကရင်နီပြည်အတွင်းက တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေ စနစ်တကျပေါင်းစည်းတည်ထောင်နိုင်ဖို့ ရည်ရွယ်တဲ့ “ကရင်နီတပ်ပေါင်းစုံ စစ်ဘက်ဆိုင်ရာဥပဒေ” ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေး ကောင်စီ IEC က အောက်တိုဘာ ၂၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
ဒီစစ်ဘက်ဆိုင်ရာဥပဒေမှာ အခန်းပေါင်း ၁၉ ခု၊ ပုဒ်မပေါင်း ၁၂၆ ခု ပါဝင်ပြီး ကရင်နီတပ်ပေါင်းစုံ UKSA က တပ်ဖွဲ့ဝင်တွေအပြင် ကရင်နီပြည်အတွင်း အခြေချလှုပ်ရှားနေတဲ့ မဟာမိတ်တပ်ဖွဲ့ဝင်တွေပါ စစ်ဥပဒေတခု တည်းအောက်မှာ လိုက်နာကျင့်သုံးနိုင်ဖို့ ရေးဆွဲထားတယ်လို့ ဆိုပါတယ်။
ဒီဥပဒေဟာ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးဆိုင်ရာ ဥပဒေပြုရေးလုပ်ငန်းစဉ်အတွက် အရေးပါတဲ့ အစိတ်အပိုင်းတရပ်ဖြစ်ပြီး ဥပဒေပါပြဋ္ဌာန်းချက်တွေအညီ ရှေ့ဆက်အကောင်အထည်ဖော်သွားမယ်လို့ IEC က ပြောထားပါတယ်။
ပြဋ္ဌာန်းချက်ထဲမှာ တပ်ဖွဲ့ဝင်တွေအနေနဲ့ အရပ်သားပြည်သူတွေ၊ အမျိုးသမီး၊ ကလေးသူငယ်နဲ့ လိင်စိတ် ခံယူမှုကွဲပြားသူ LGBT တွေအပေါ် အကြမ်းဖက်တာ၊ ထိပါးနှောင့်ယှက်တာမျိုး လုံးဝမလုပ်ဖို့ တားမြစ်ထားပြီး စစ်သုံ့ပန်းတွေကို ဂျီနီဗာကွန်ဗန်းရှင်းတို့အညီ လူ့ဂုဏ်သိက္ခာရှိစွာ ဆက်ဆံရမယ်ဆိုတဲ့အချက်လည်း ပါဝင်ပါ တယ်။
ဒါ့အပြင် တပ်သားသစ်စုဆောင်းရာမှာ အသက် ၁၈ နှစ်ပြည့်ပြီး စစ်မှုထမ်းဖို့ ဆန္ဒရှိသူတွေကိုသာ စုဆောင်းရ မှာဖြစ်ပြီး အတင်းအဓမ္မစုဆောင်းသူတွေကို ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်တဲ့ပြစ်ဒဏ်ကိုလည်း ထည့်သွင်း ပြဋ္ဌာန်းထားပါတယ်။
တရားစီရင်ရေးကဏ္ဍမှာတော့ အရပ်ဘက်နဲ့ စစ်ဘက်တရားစီရင်ရေးကို ခွဲခြားသတ်မှတ်ထားပြီး တပ်ဖွဲ့ဝင် တဦးအနေနဲ့ အရပ်သားပြည်သူအပေါ် ပြစ်မှုကျူးလွန်ခဲ့ရင် စစ်ဘက်တရားရုံးမှာ မစစ်ဆေးဘဲ လက်နက် ဖြုတ်သိမ်းပြီး အရပ်ဘက်တရားရုံးကိုလွှဲပြောင်းကာ စစ်ဆေးစီရင်ရမယ်လို့ ဖော်ပြထားပါတယ်။
ပြစ်မှုနဲ့ ပြစ်ဒဏ်များအပိုင်းမှာဆိုရင် စစ်ရေးအရ မလိုအပ်ဘဲ ပြည်သူပိုင်အိမ်တွေဖျက်ဆီးတာ၊ စာသင်ကျောင်း၊ ဆေးရုံနဲ့ ဘာသာရေးအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ၊ စစ်သုံ့ပန်းတွေကို ညှင်းပန်းသတ်ဖြတ်တာနဲ့ လူသားဒိုင်းအဖြစ် အသုံးပြုတာ စတဲ့ စစ်ရာဇဝတ်မှုတွေကျူးလွန်ရင် အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်ကနေ ထောင်ဒဏ်တသက် ချမှတ်မယ့်အပြင် တပ်ကထုတ်ပယ်တဲ့ ပြစ်ဒဏ်ကိုလည်း ခံရမယ်လို့ အခုပြဋ္ဌာန်းလိုက်တဲ့ စစ်ဘက်ဆိုင်ရာဥပဒေက ဆိုထားပါတယ်။
———————————
၈။“ဆီသို့လှမ်းချီ တနင်္သာရီ ကမ်ပိန်း”က ပေးပို့တဲ့ ကာကွယ်ရေး ပစ္စည်းတွေ PDF တပ်ဖွဲ့တွေဆီ ရောက်ရှိ
=================
m.CDM အောက်တိုဘာ ၂၂ ရက်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တနင်္သာရီတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်မှာရှိတဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေအတွက် ဆီသို့လှမ်းချီ တနင်္သာရီ ကမ်ပိန်းက ထောက်ပို့ကူညီလိုက်တဲ့ ကာကွယ်ရေးပစ္စည်းတွေ လက်ခံရရှိကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အဆိုပါ ကမ်ပိန်းက ထောက်ပံလိုက်တဲ့ ကျည်ကာအင်္ကျီတွေနဲ့ ဦးထုပ်တွေဟာ မြေပြင်တပ်ရင်း၊ တပ်ဖွဲ့တွေထံကို ရောက်ရှိပြီ ဖြစ်တယ်လို့ အောက်တိုဘာလ ၂၂ ရက်နေ့မှာ ဓါတ်ပုံနဲ့တကွ ဖော်ပြထားပါတယ်။

အခုလို ထောက်ပို့ကူညီပေးခဲ့တဲ့ “Forward Myanmar” ကမ်ပိန်း အဖွဲ့နဲ့ တော်လှန် ပြည်သူတွေကို အထူး ကျေး- ဇူးတင်ရှိကြောင်းကိုလည်း ကာကွယ်ရေးဝန်ကြီးဌာနက မှတ်တမ်းတင် ဂုဏ်ပြုထားပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန အနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊ တပ်ဖွဲ့တွေကို စစ်စည်းကမ်းဥပဒေ လိုက်နာတဲ့တပ်၊ လက်နက်တပ်ဆင်မှုစနစ်ကျတဲ့တပ် ဖြစ်လာဖို့အတွက် လေ့ကျင့်တပ်ဆင် ပေးနေတယ်လို့လည် း အသိပေးထားပါတယ်။

ဒီနေ့အတွက် m.CDM ပြည်တွင်းသတင်း အစီအစဉ် ဒီမှာပဲ ရပ်နားခွင့်ပြုပါရှင်/ခင်ဗျာ၊အခုတင်ပြပေးခဲ့တဲ့သတင်းတွေကို ကိုသစ်နှင့်လူလေးတို့က ပေးပို့ခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရ သတင်းတွေအတွက် ကျတော်/ကျမတို့ရဲ့ Channel ကို ကျေးဇူးပြုပြီး Subscribe လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်/ခင်ဗျာ။
Uploaded Image
Share:

No comments:

Post a Comment