၂၄ - ၁၀ - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )

၂၄ -  ၁၀ - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )

မင်္ဂလာပါရှင်/ခင်ဗျာ အခုချိန်ကစပြီး m.CDM ရဲ့ ပြည်တွင်းသတင်းများကို ဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီကနေ့မှာတင်ပြပေးမယ့်သတင်းတွေကတော့

၁။စစ်တွေမြို့လယ်မှာ ပေါက်ကွဲမှုဖြစ်ပြီး ထိခိုက်သေဆုံးမှုများ

၂။⁨ဟုမ္မလင်းမှာ စစ်ကော်မရှင်တပ်နဲ့ SNA ပူးပေါင်း ခြေကုတ်စခန်းတွေကို KIA တိုက်ခိုက်သိမ်းပိုက်၊ဖာပွန်ဗျူဟာနဲ့ ကမမောင်း-ကတိုင်ထိ လမ်းက တိုက်ပွဲတွေမှာ စစ်ကော်မရှင် အရာရှိ အပါအဝင် ၄ ဦး သေဆုံး၊

၃။⁨ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်  ၉၇၁၁ တပ်ဖွဲ့ကို NUG ကာကွယ်ရေးဝန်ကြီးဌာန လက်နက်တပ်ဆင်

၄။မြင်းခြံခရိုင်မှာ အဓမ္မခိုင်းစေမှု တားဆီးကာကွယ်ရေး အသိအမြင်မြှင့်တင်ပွဲ ပြုလုပ်၊အိုကီနာဝါ ငြိမ်းချမ်းရေးဆု ရရှိခဲ့တဲ့ Dr. စင်သီယာမောင် ကို CRPH ဂုဏ်ပြုသဝဏ်လွှာ ပေးပို့၊ စတဲ့ သတင်းအပါအဝင် တခြား သတင်းအကြောင်းအရာတွေကိုပါ တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

အခုပထမဆုံးအနေနဲ့
⁨၁။⁨စစ်တွေမြို့လယ်မှာ ပေါက်ကွဲမှုဖြစ်ပြီး ထိခိုက်သေဆုံးမှုများ
=====================
m.CDM၊ အောက်တိုဘာ ၂၃

ရခိုင်ပြည်နယ် စစ်တွေမြို့လယ်မှာ အောက်တိုဘာ ၂၃ ရက် မနက် ၈ နာရီဝန်းကျင်က ပေါက်ကွဲမှုတခု ဖြစ်ခဲ့ပြီး အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်တွေမြို့လယ်မှာရှိတဲ့ ရွှေငါးစတိုးဆိုင်အနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လေယာဉ်ဗုံး သို့မဟုတ် လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲတာမျိုးဖြစ်နိုင်တယ်လို့ ဒေသနေပြည်သူတွေက ခန့်မှန်းပြောဆိုနေကြပါတယ်။
ရခိုင်ဒေသသတင်းတွကို ဦးစားပေးဖော်ပြနေတဲ့ သတင်းဌာနတွေကတော့ မနက် ၈ နာရီဝန်းကျင်လောက်မှာ စစ်တွေမြို့ မောလိပ်ရပ်ကွက်နဲ့ ကျောင်းတက်လမ်းရပ်ကွက်တို့မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပြီး အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးခဲ့ရတာလို့ ဖော်ပြကြပါတယ်။
ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် အမျိုးသမီး ၄ ဦးအပါအဝင် အရပ်သား ၅ ဦးထက်မနည်းသေဆုံးခဲ့ပြီး၊ အများ အပြား ဒဏ်ရာရသွားတယ်လို့ ဒေသသတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြခဲ့ကြတာပါ။
 ဒေသသတင်းရင်းမြစ်တွေကတော့ “အသေအပျောက်က ၅ ယောက်ကနေ ၁၀ ယောက်ကြားရှိပါမယ်။ ဒဏ်ရာပြင်းတာတွေ ရှိပါသေးတယ်” လို့ပြောကြပါတယ်။
ပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက် ထိခိုက်ဒဏ်ရာရသူတွေကို ကူညီကယ်ဆယ်ရေးအဖွဲ့တွေက လူနာတင်ယာဉ် တွေနဲ့ ဆေးရုံတွေကို အရေးပေါ် ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။
စစ်တွေမြို့နဲ့အနီးဝန်းကျင်ဒေသတွေမှာ စစ်ရေးတင်းမာနေပြီး တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့အတွက် အာဏာသိမ်းစစ်တပ်က စစ်တွေမြို့အနီးတဝိုက် လေကြောင်းတိုက်ခိုက်မှုတွေ လက်နက်ကြီးနဲ့ပစ်ခတ်တာ တွေ လုပ်နေတယ်လို့လည်း သိရပါတယ်။
————————————
၂။မြိုင်နဲ့ ပုဏ္ဏားကျွန်းကို စစ်ကော်မရှင် လေကြောင်းဗုံးကြဲလို့ ပြည်သူ ၂ ဦး သေဆုံး၊ ၇ ဦးခန့် ဒဏ်ရာရ၊မင်းကင်းနဲ့ ရှမ်း-ကရင်နီ နယ်စပ်မှာလည်း ဗုံးကြဲခံရပြီး ပြည်သူ ၁၄ ဦး ဒဏ်ရာရ
===================
m.CDM အောက်တိုဘာ ၂၃ ရက်။

မကွေးတိုင်း၊ မြိုင်မြို့နယ်က ကျောက်ခွက်ရွာကို စစ်ကော်မရှင်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းက -နေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာလ ၂၃ ရက်၊ ညနေ ၃ နာရီခန့်မှာ ဂျက်ဖိုက်တာ ၂ စီး၊ ဂျိုင်ရိုကော်ပတာ ၃ စီးနဲ့ ဗုံးကြဲခဲ့တာ ဖြစ်ပြီး၊ ၅ ဦးထပ်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ၁ ဦးဟာ အလွန်စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။

အလားတူ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပန်းနီလာရွာကိုလည်း အောက်တိုဘာလ ၂၃ ရက်၊ နေ့လယ် ၂ နာရီ လောက်မှာ စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာ ၁ စီးနဲ့ လာရောက်ဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။

၎င်းတိုက်ခိုက်မှုအတွင်း ဒေါ်လှရွှေတင် (၄၄ နှစ်) သေဆုံးခဲ့ရပြီး၊ ဒေါ်မအေးနု (၆၂ နှစ်) နဲ့ အောင်လင်းစိုး (၂၅ နှစ်) တို့ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ထို့အပြင် စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တိုက်နယ်အမှတ် (၆) ရွာဘကျေးရွာကို စစ်ကော်မရှင်တပ်က ဗုံးကြဲချ တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂၂ ရက်၊ ညနေ ၃ နာရီခွဲခန့်မှာ အနောက်မြောက်တိုင်း စစ်ဌာနချုပ်က တက်လာတဲ့ ဂျိုင်ရိုကော်ပ- တာ ၃ စီးနဲ့ ပေါင် ၂၅၀ ဗုံး ၂ လုံးကို ကြဲချတိုက်ခိုက် ခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့ကလည်း မင်းကင်းမြို့နယ်၊ မြောက်ချွန်းရွာကို ဂျိုင်ရိုကော်ပတာ ၂ စီးနဲ့ ဗုံး ကြဲခဲ့လို့ ပြည်သူ ၈ ဦး ဒဏ်ရာရပြီး၊ နေအိမ် ၃ လုံး ပျက်စီးခဲ့ပါတယ်။

အောက်တိုဘာ ၂၁ ရက်၊ မွန်းလွဲပိုင်းမှာပဲ ရှမ်း-ကရင်နီနယ်စပ်က စစ်ရှောင်စခန်း တစ်ခုကိုလည်း တိုက်လေယာဉ် ၂ စီးနဲ့ ဗုံး ၂၆ လုံး ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် စစ်ရှောင် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။
———————————
၃။ဟုမ္မလင်းမှာ စစ်ကော်မရှင်တပ်နဲ့ SNA ပူးပေါင်း ခြေကုတ်စခန်းတွေကို KIA တိုက်ခိုက်သိမ်းပိုက်၊ဖာပွန်ဗျူဟာနဲ့ ကမမောင်း-ကတိုင်ထိ လမ်းက တိုက်ပွဲတွေမှာ စစ်ကော်မရှင် အရာရှိ အပါအဝင် ၄ ဦး သေဆုံး၊
===================
m.CDM အောက်တိုဘာ ၂၃ ရက်။

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်က အကြမ်းဖက် စစ်ကော်မရှင် တပ်နဲ့ ရှမ်းနီအမျိုးသား တပ်မတော် (SNA) တို့ရဲ့ ခြေကုတ်စခန်းတွေကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့ တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၁၈ ရက်နဲ့ ၁၉ ရက်နေ့တွေမှာ တောင်ဦးကျေးရွာအုပ်စု၊ တာမယ်ပုတ်ရွာက တပ်စခန်းတွေကို သိမ်းပိုက်နိုင်ခဲ့သလို အောက်တိုဘာလ ၂၂ ရက် ညပိုင်းမှာလည်း ခြေကုတ်စခန်းကြီး တစ်ခုကို ထပ်မံသိမ်းပိုက်နိုင် ခဲ့တယ်လို့ ဆိုပါတယ်။

၎င်းတိုက်ပွဲတွေအတွင်း စစ်ကော်မရှင်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပြီး၊ လက်နက်ခဲယမ်း အများအပြား ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့ရာ နယ်မြေတွေမှာ KIA တပ်မဟာ (၉) နဲ့ KPDF တပ်ဖွဲ့တွေ အဓိက လှုပ်ရှားနေတာဖြစ်ပြီး၊ စစ် ကော်မရှင်တပ်က လေကြောင်းကနေပါ လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့သေးတယ်လို့ သိရှိရပါတယ်။

တဖက်မှာလည်း ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်မှာရှိတဲ့ ဖာပွန်ဗျူဟာကုန်းနဲ့ ကမမောင်း-ကတိုင်တိ လမ်းပိုင်းပေါ်က စစ်ကော်မရှင်ရဲ့ တပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အောက်တိုဘာလ ၁၉ ရက်၊ မနက် ၅ နာရီကျော်မှာ ဒွယ်လိုးမြို့နယ်၊ ကမမောင်း - ကတိုင်တိ လမ်းပိုင်းမှာ ဝါသိုးခို ဒေသကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ကို KNLA ပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကော်မရှင် တပ်ဘက်က အရာရှိ ၁ ဦး အပါအဝင် စစ်သား ၄ ဦး သေဆုံးခဲ့ပြီး၊ အများအပြား ဒဏ်ရာရခဲ့ကာ ဒဏ်ရာရသူတွေကို ဘားအံမြို့၊ တောင်ကလေးဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အလားတူ အောက်တိုဘာလ ၂၀ ရက်၊ မနက် ၁၀ နာရီခွဲခန့်မှာလည်း ဘူးသိုမြို့နယ်ထဲက ဖာပွန်ဗျူဟာ လက်ကျန် စခန်းကို KNLA နဲ့ PDF ဒရုန်း ပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

၎င်းတိုက်ခိုက်မှုအတွင်း စစ်ကော်မရှင် တပ်ဘက်က လက်နက်ကြီးတွေအပြင် လေကြောင်းကနေပါ ဗုံးကြဲတိုက်- ခိုက်ခဲ့တာကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး တော်လှန်ရေး ရဲဘော်တစ်ဦး ကျဆုံးခဲ့ရတယ်လို့ သိရှိရပါတယ်။
----------------------------
၄။ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်  ၉၇၁၁ တပ်ဖွဲ့ကို NUG ကာကွယ်ရေးဝန်ကြီးဌာန လက်နက်တပ်ဆင်
=====================
m.CDM၊ အောက်တိုဘာ ၂၃

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ်ကွပ်ကဲမှု အောက်မှာရှိတဲ့ အမှတ် ၉၇၁၁ တပ်ဖွဲ့ကို လက်နက်တပ်ဆင်တဲ့ အခမ်းအနားတခု NUG အုပ်ချုပ်ရေးနယ်မြေတနေရာ မှာ ကျင်းပခဲ့ပါတယ်။
အခမ်းအနားကို ပြည်သူ့ကာကွယ်ရေးတပ်မတော်အလံကို အလေးပြုတာ၊ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံး ခဲ့တဲ့ သူရဲကောင်းတွေကို ဂုဏ်ပြုဦးညွှတ်တာ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်နဲ့ တာဝန်ရှိသူ တွေရဲ့ အမှာစကားပြောကြားတာနဲ့စတင်ခဲ့ပြီး အမှတ် ၉၇၁၁ တပ်ဖွဲ့က ရဲဘော်တွေရဲ့ ကိုယ်ပိုင်နံပါတ် အတည်ပြုပေး ခဲ့ပြီး ရဲဘော်တွေကို တာဝန်ရှိသူတွေက လက်နက်တပ်ဆင်ပေးအပ်ခဲ့တယ်လို့ PDF စစ်ရုံးချုပ်က အောက်တိုဘာ ၂၃ မှာ ထုတ်ပြန်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ တပ်တည်ဆောက်ရေးနဲ့ တပ် ကျစ်လစ်ခိုင်မာရေးလုပ်ငန်းစဉ်တွေကို မွမ်းမံ နေပြီး အမိမြေနဲ့ ပြည်သူတွေကို ဂုတ်သွေးစုပ်ဖိနှိပ်သတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်တပ်ကို ထိထိရောက်ရောက် တိုက်ခိုက်ချေမှုန်းနိုင်စေဖို့ အစဉ်မပြတ် ကြိုးပမ်းအားထုတ်နေတာပါ။
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အနေနဲ့ စစ်အာဏာရှင်စနစ် ချေမှုန်းရေးအတွက် စစ်မျက်နှာအသီးသီးမှာ အရှိန်အဟုန်မြှင့် တိုက်ပွဲဝင်နေတဲ့အတွက် မိဘပြည်သူများအနေနဲ့လည်း မိမိတို့ တပ်ဖွဲ့ဝင်တွေကို တတ်စွမ်းသရွေ့ ဝိုင်းဝန်းကူညီဖေးမပေးကြဖို့လည်း မေတ္တာရပ်ခံ ထားပါတယ်။
———————————
၅။ရပ်စောက်မှာ RCSS နဲ့ ၉ နာရီကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကော်မရှင် တပ်ဘက်က ၁၀ ဦးကျော် သေဆုံး
====================
m.CDM အောက်တိုဘာ ၂၃ ရက်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူ-အင်တောကြားက ဇော်ဂျီဆည် အနီးမှာ RCSS/SSA နဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်တို့ကြား တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ၁၀ ဦးကျော် သေဆုံး ခဲ့တယ်လို့ သိရပါတယ်

အောက်တိုဘာလ ၂၂ ရက်၊ မနက် ၈ နာရီခွဲခန့်မှာ ခလရ (၂၉၂) တပ်ရင်းက စစ်ကော်မရှင်တပ်အင်အား ရာနဲ့ချီဟာ RCSS ထိန်းချုပ်နယ်မြေထဲကို ကြိုတင် အကြောင်းမကြားဘဲ ဝင်ရောက်လာရာကနေ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာ လို့ ဆိုပါတယ်။

ညနေ ၅ နာရီ လောက်အထိ  ၉ နာရီခန့်ကြာ တိုက်ပွဲတွေ ဆက်ဖြစ်နေခဲ့ပြီး၊ စစ်ကော်မရှင် တပ်ဖွဲ့ဝင် ၁၀ ဦးကျော် သေဆုံးခဲ့ကာ အများအပြား ဒဏ်ရာရခဲ့တယ်လို့ RCSS နဲ့ နီးစပ်သူတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာဟာ ရပ်စောက်မြို့နဲ့ (၂၂) မိုင်ခန့်သာဝေးတဲ့ ဇော်ဂျီဆည်အနီးက လမ်းဆုံနဲ့ ကျိုင်းခမ်းရွာ အနီးပတ်ဝန်းကျင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက် ခလရ (၂၉၂) တပ်ရင်းကနေ RCSS တပ်ဖွဲ့တွေ ရှိနိုင်မယ့်နေရာတွေကို လက်နက် ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေသလို နှစ်ဖက်စလုံးက တပ်ဖွဲ့ဝင် ရာနဲ့ချီ ထပ်မံ အင်အားဖြည့်တင်းထားကြတယ် လို့ သိရပါတယ်။

RCSS ဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ ဖြစ်သလို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ NCA (၁၁) နှစ်ပြည့် အစည်းအဝေးကိုလည်း တက် ရောက်ခဲ့ပါသေးတယ်။

ဒါပေမယ့် အဆိုပါ အစည်းအဝေးမှာ NCA လုပ်ငန်းစဉ်ဟာ လက်တွေ့မှာ ထိရောက်မှု မရှိတာကြောင့် ပြန်လည် သုံးသပ်သင့်တယ်လို့ RCSS က ဝေဖန်ပြောဆိုခဲ့ပြီးနောက် အခုလို စစ်ရေးတင်းမာမှုနဲ့ တိုက်ပွဲတွေ ပြန်လည်ဖြစ် ပွားလာတာလည်း ဖြစ်ပါတယ်။
————————————
၆။⁨အာဏာသိမ်းစစ်တပ်အပေါ် ကမ္ဘာလုံးဆိုင်ရာလက်နက် တင်ပို့ရောင်းချမှုပိတ်ပင်တားမြစ်ချက် Global Arms Embargo ချမှတ် အကောင်အထည်ဖော်ပေးကြဖို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး မေတ္တာရပ်ခံ
======================
m.CDM၊ အောက်တိုဘာ ၂၃

အရပ်သားပြည်သူတွေကိုကာကွယ်နိုင်ဖို့အတွက် အာဏာသိမ်းစစ်တပ်အပေါ်  ကမ္ဘာလုံးဆိုင်ရာလက်နက် တင်ပို့ ရောင်းချမှု ပိတ်ပင်တားမြစ်ချက် Global Arms Embargo ချမှတ် အကောင်အထည်ဖော်ပေးကြဖို့ နိုင်ငံတကာ အသိုက်အဝန်းကို ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးက မေတ္တာရပ်ခံ ပန်ကြားလိုက်ပါတယ်။
၈၁ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ပထမကော်မတီဖြစ်တဲ့ လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာ လုံခြုံရေးကော်မတီရဲ့ “သမားရိုးကျလက်နက်များ” ခေါင်းစဉ်နဲ့ကျင်းပတဲ့ ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲမှာ ကုလသမဂ္ဂ ဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလို ပန်ကြားလိုက်တာပါ။
သံအမတ်ကြီး ဦးကျော်မိုးထွန်းက အဖွဲ့ဝင်နိုင်ငံအချို့ဟာ မြန်မာစစ်အုပ်စုကို လက်နက်တွေလွှဲပြောင်း ပေးအပ်နေတာ ဟာ အကြမ်းဖက်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အရပ်သားပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ပိုပြီးဆိုးရွားလာစေအောင် အထောက်အကူပြုနေတယ်လို့လည်း ထောက်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် တရားမဝင်စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ သတ်ဖြတ်မှု တွေကြောင့် အရပ်သားပြည်သူ ၈,၅၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရပြီးပြီလို့လည်း အစည်းအဝေးတက်ရောက်လာသူ တွေကို ရှင်းပြခဲ့ပါတယ်။
စစ်အုပ်စုအနေနဲ့ အခုလိုလက်နက်တွေရယူပိုင်ဆိုင်ခွင့်ရနေတာဟာ အမျိုးသမီးတွေနဲ့ ကလေးသူငယ်များ အပါအဝင် ပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ဖို့ဖြစ်နေတယ်ဆိုတာ အလွန်ထင်ရှားတယ်လို့လည်း ဦးကျော်မိုးထွန်းက အသိပေးခဲ့ပါတယ်။
အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ စစ်အာဏာရှင်အုပ်စုကို လက်နက်ခဲယမ်းတွေတင်ပို့တာ၊ ရောင်းချတာနဲ့ လွှဲပြောင်း ပေးအပ်နေ တာဟာ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေတာ သိသိနဲ့ ထောက်ခံ အားပေးနေတယ်ဆိုတာ မြန်မာပြည်သူတွေကြား ကျယ်ကျယ်ပြန့်ပြန့် သိမြင်နေကြပါပြီလို့လည်း သတိပေးခဲ့ပါတယ်။
———————————
၇။မြင်းခြံခရိုင်မှာ အဓမ္မခိုင်းစေမှု တားဆီးကာကွယ်ရေး အသိအမြင်မြှင့်တင်ပွဲ ပြုလုပ်၊အိုကီနာဝါ ငြိမ်းချမ်းရေးဆု ရရှိခဲ့တဲ့ Dr. စင်သီယာမောင် ကို CRPH ဂုဏ်ပြုသဝဏ်လွှာ ပေးပို့၊
===================
m.CDM အောက်တိုဘာ ၂၃ ရက်။

မန္တလေးတိုင်း၊ မြင်းခြံခရိုင်မှာ အဓမ္မခိုင်းစေမှု တားဆီးကာကွယ်ရေး အသိအမြင်မြှင့်တင်ရေးဆွေးနွေးပွဲကို NUG လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနရဲ့ ဦးဆောင်မှုနဲ့ အောက်တိုဘာလ ၂၂ ရက်နေ့မှာ ကျင်းပခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီဆွေးနွေးပွဲကို မြင်းခြံခရိုင်ထဲက မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာနဲ့ ငါန်းဇွန် မြို့နယ်တွေက ခရိုင်နဲ့ မြို့နယ်အဆင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် စုစုပေါင်း ၈၀ ဦး တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါဆွေးနွေးပွဲမှာ ဒု-ဝန်ကြီး ဒေါက်တာအချမ်းက အဓမ္မစစ်သားစုဆောင်းမှု အပါအဝင် ပုံစံအမျိုးမျိုးနဲ့ အဓမ္မ ခိုင်းစေမှုတွေကို တားဆီးရေးနဲ့ ထိခိုက်ခံစားရသူတွေကို ပြန်လည်ကုစားရေးတွေအတွက် ဝိုင်းဝန်းဆောင်ရွက်ကြ ဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒါ့အပြင် အလုပ်သမားရေးရာဦးစီးဌာန တာဝန်ရှိသူတွေကလည်း ILO ရေးရာ ကိစ္စတွေ၊ CIO ရဲ့ တိုက်တွန်းချက်၊  အပါအဝင် အဓမ္မခိုင်းစေမှု လျော့နည်းပပျောက်ရေး မူဝါဒတွေနဲ့ပတ်သက်တဲ့ အစီအမံတွေကို ရှင်းလင်းဆွေးနွေး ခဲ့ကြတယ်လို့ သိရှိရပါတယ်။

နောက်ထပ် သတင်းတစ်ပုဒ်အနေနဲ့ ဂျပန်နိုင်ငံ အိုကီနာဝါ ငြိမ်းချမ်းရေးဆု ရရှိခဲ့တဲ့ ဒေါက်တာစင်သီယာမောင် ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က လှိုက်လှိုက်လှဲလှဲ ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝ ဏ်လွှာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

ဒေါက်တာစင်သီယာမောင်ဟာ ထိုင်း-မြန်မာနယ်စပ်မှာ မယ်တော်ဆေးခန်းကို တည်ထောင်ပြီး ရွှေ့ပြောင်းလုပ်သ ားတွေ၊ စစ်ရှောင်တွေနဲ့ နွမ်းပါးသူတွေကို အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ နှစ် ၄၀ ကျော် ဆောင်ရွက်ပေး ခဲ့တာကြောင့် အခုလို ထိုက်တန်စွာ ဂုဏ်ပြုခံရတာ ဖြစ်ပါတယ်။

ဒီငြိမ်းချမ်းရေးဆုဟာ ဒေါက်တာစင်သီယာမောင် အပါအဝင် မယ်တော်ဆေးခန်း မိသားစုဝင်တွေနဲ့ ဝန်းရံကူညီခဲ့ သူတွေရဲ့ စုစည်းညီညွတ်မှုကို ဂုဏ်ပြုတာဖြစ်တယ်လို့ CRPH က ဆိုပါတယ်။

သူမရဲ့ ခွဲခြားဆက်ဆံမှုမရှိတဲ့ လူသားအကျိုးပြု လုပ်ရပ်တွေဟာ လူငယ်တွေအတွက် အတုယူစရာဖြစ်ပြီး၊ အနာ -ဂတ်မှာလည်း ဒီလုပ်ငန်းစဉ်တွေကို ဆက်လက် အောင်မြင်စွာ လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ကြောင်းကိုလည်း ဆန္ဒပြု ဖော်ပြထားပါတယ်။
-------------------
၈။⁨ခလယ်လွီထူခရိုင်မှာ အာဏာသိမ်းအကြမ်းဖက်စစ်တပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် အမျိုးသမီးတဦး သေဆုံးပြီး တဦးဒဏ်ရာရရှိကာ အိမ် ၂ လုံးပျက်စီး
======================
m.CDM၊ အောက်တိုဘာ ၂၃

ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်မှုနယ်မြေ ခလယ်လွီထူခရိုင် ဆောထိမြို့နယ်နဲ့ မူးမြို့နယ်တို့မှာ အာဏာသိမ်းအကြမ်းဖက်စစ်တပ်က အပြစ်မဲ့အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် အမျိုးသမီးတဦးသေဆုံးကာ တဦးဒဏ်ရာရရှိပြီး အိမ် ၂ လုံး ပျက်စီး ခဲ့ရတယ်လို့ ကေအဲန်ယူ-ဗဟိုက ထုတ်ပြန်ထားပါတယ်။
ဆောထိမြို့နယ် စီမံအုပ်ချုပ်မှုနယ်မြေ ထင်းကုန်းရွာထဲကို အောက်တိုဘာ ၁၃ ရက် ညနေ ၆ နာရီ ၂၀ မိနစ် ခန့်အချိန်မှာ အာဏာသိမ်းအကြမ်းဖက်စစ်တပ်က ကာမီကာဇေအသေခံ ဒရုန်း ၂ စင်းနဲ့ တိုက်ခိုက်ခဲ့တာ ကြောင့် အိမ် ၂ လုံး ထိမှန်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မူးမြို့နယ်အုပ်ချုပ်စီမံနယ်မြေ ညောင်ခြေထောက်ရွာကိုလည်း အောက်တိုဘာ ၁၈ ရက်နေ့က ကကွေးမှာ တပ်စွဲထားတဲ့ အာဏာသိမ်းအကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ ဗုံးသီး ၄ လုံး ကြဲချ တိုက်ခိုက်ခဲ့တာ ကြောင့် အသက် ၇၈ နှစ်အရွယ် အမျိုးသမီး သေဆုံးခဲ့ရပြီး အသက် ၂၇ နှစ်အရွယ် အမျိုးသမီးဒဏ်ရာရ ခဲ့တယ်လို့ သိရပါတယ်။
အာဏာသိမ်းအကြမ်းဖက်စစ်တပ်ဟာ အာဆီယံ ဘုံသဘောတူညီချက် (Five-Point Consensus) ကို လိုက်နာ ဆောင်ရွက်ခြင်းမရှိဘဲ နိုင်ငံတ၀န်းက အပြစ်မဲ့ အရပ်သားပြည်သူတွေကို လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ ဗုံးကြဲ တိုက်ခိုက်နေသလို လက်နက်ကြီးတွေနဲ့ အကြမ်းဖက်တိုက်ခိုက်ာ၊ အရပ်သားပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ်တာ စတဲ့ စစ်ရာဇ၀တ်မှုတွေ နေ့စဉ်နဲ့အမျှ ကျူးလွန်နေတယ်လို့ ကေအဲန်ယူ-ဗဟိုက အသိပေး ထားပါတယ်။
——————————
၉။⁨မင်းတုန်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က ပါရာမော်တာနဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် အရပ်သားတဦးသေဆုံး
=======================
m.CDM၊ အောက်တိုဘာ ၂၃

မကွေးတိုင်း မင်းတုန်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က ပါရာမော်တာ စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် အရပ်သားပြည်သူတဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် အမှတ် ၄ တပ်ရင်းက အောက်တိုဘာ ၂၃ မှာ ထုတ်ပြန်ပါတယ်။အောက်တိုဘာ ၂၂ ရက် ညနေ ၅ နာရီလောက်မှာ ပါရာမော်တာ ၃ စင်းနဲ့ ဗုံး ၉ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အသက် ၂၅ နှစ်အရွယ် အမျိုးသားတဦး သေဆုံးပြီး အခြားအမျိုးသား ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သရက်မြို့အခြေစိုက် ကပစ ၁၂ ကနေတက်လာတဲ့ ပါရာမော်တာ ၃ စင်းနဲ့ အရပ်သားပြည်သူတွေနေထိုင်ရာ နေရာကို ရည်ရွက်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး မင်းတုန်းမြို့နယ်ထဲက ရွာသစ်ရွာနဲ့ ငှက်ပျင်းရွာကြားမှာ စားဝတ်နေရေး အတွက် သွားလာလုပ်ကိုင်နေတဲ့ အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးခဲ့တာလို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ကြို့ဝကျေးရွာနေ အသက် ၂၅ နှစ်အရွယ် ကိုဖိုးလမင်း သေဆုံးခဲ့ပြီး အသက် ၆၂ နှစ်အရွယ် ဦးကြည်ဝင်းနဲ့ အသက် ၄၇ နှစ်အရွယ် ဦးအောင်မြိုင်တို့ ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုထားပါတယ်။
အခု စစ်အုပ်စုဗုံးကြဲတိုက်ခိုက်သွားတဲ့ ကျေးရွာတွေဟာ စစ်အုပ်စုစစ်ကြောင်းတွေနဲ့မနီးသလို စစ်ရေးတင်းမာနေတဲ့ နေရာလည်း မဟုတ်ဘူးလို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုဟာ အာဏာသိမ်းစစ်တပ်အနေနဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာဖြစ်ပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာလို့ သရက်ခရိုင် အမှတ် ၄ တပ်ရင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
——————————
၁၀။မြဝတီဘက်က တိုက်ပွဲတွေကြောင့် ထိုင်းဘက်ကို လက်နက်ကြီးကျည်တွေ ကျရောက်ပြီး နေအိမ်တွေ ပျက်စီး၊မြန်မာနိုင်ငံသား ၁ ဦး ဒဏ်ရာရ
================
m.CDM အောက်တိုဘာ ၂၃ ရက်။


မြန်မာ-ထိုင်း နယ်စပ်၊ မြဝတီမြို့နယ် တောင်ပိုင်းမှာ အကြမ်းဖက် စစ်ကော်မရှင်တပ်နဲ့ ကရင်အမျိုးသားလွတ်မြေ ာက်ရေးတပ်မတော် (KNLA) တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ ထိုင်းနိုင်ငံဘက်ခြမ်းကို လက်နက်ကြီး ကျည်တချို့ ထပ်မံကျရောက် ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၂၂ ရက်၊ ည ၈ နာရီကျော်ခန့်မှာ မြန်မာဘက်ခြမ်းက ပစ်ခတ်လိုက်တဲ့ ၆၀ မမ စိန်ပြောင်းကျည် ၄ လုံးဟာ တာ့ခ်ခရိုင် မဲဆောက်မြို့နယ်၊ မဟာဝမ်ကျေးရွာအုပ်စု အမှတ် (၉) ရပ်ကွက်ထဲကို ကျရောက်ပေါက်ကွဲ ခဲ့တယ်လို့ ဆိုပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ရွှေ့ပြောင်း မြန်မာအမျိုးသမီး ၁ ဦး ဒဏ်ရာ အနည်းငယ် ရရှိခဲ့သလို ဒေသခံ ထိုင်းပြည်သူတွေရဲ့ နေအိမ် ၄ လုံးလည်း ထိခိုက်ပျက်စီး ခဲ့တယ်လို့ သိရှိရပါတယ်။

ထိုသို့ လက်နက်ကြီးကျည်တွေ ကျရောက်ခဲ့ပြီးနောက် နေအိမ်ပိုင်ရှင်တွေနဲ့ အနီးနားက ဒေသခံတွေဟာ လုံခြုံရေ းအတွက် အလျင်အမြန် ထွက်ခွာ တိမ်းရှောင်ခဲ့ကြရတယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်တွေကြောင့် ထိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့ ရာချာမာနူ (Ratchamanu) ရဲ့ တပ်မမှူးက ထိခိုက်နစ်နာခဲ့တဲ့ ဒေသခံတွေကို အောက်တိုဘာ ၂၃ ရက်နေ့မှာ သွားရောက်တွေ့ဆုံ အားပေးခဲ့ပြီး ကယ်ဆယ်ရေးပစ္စည်းတွေ ထော က်ပံပေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ထိုင်းစစ်တပ်နဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့ဟာ သောင်ရင်းမြစ်ကမ်းဘေး နယ်စပ်တစ်လျှောက်မှာ လုံခြုံ- ရေး တင်းကျပ်ထားပြီး၊ ၂၄ နာရီ ကင်းလှည့် စောင့်ကြည့်တာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

မြဝတီ တောင်ပိုင်းက တိုက်ပွဲတွေဟာ နယ်စပ်နဲ့ နီးကပ်နေတာကြောင့် လက်နက်ကြီး ကျည်တွေနဲ့  လေကြောင်း တိုက်ခိုက်မှုက လွင့်စင်လာတဲ့ အစအနတွေဟာ ထိုင်းဘက်ခြမ်းက ကျေးရွာတွေ၊ စိုက်ခင်းတွေနဲ့ နေအိမ်တွေပေါ် မကြာခဏ ကျရောက်နေတာလည်း ဖြစ်ပါတယ်။
⁨
ဒီနေ့အတွက် m.CDM ပြည်တွင်းသတင်း အစီအစဉ် ဒီမှာပဲ ရပ်နားခွင့်ပြုပါရှင်/ခင်ဗျာ၊အခုတင်ပြပေးခဲ့တဲ့သတင်းတွေကို ကိုသစ်နှင့်လူလေးတို့က ပေးပို့ခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရ သတင်းတွေအတွက် ကျတော်/ကျမတို့ရဲ့ Channel ကို ကျေးဇူးပြုပြီး Subscribe လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်/ခင်ဗျာ။⁩⁩⁩⁩⁩⁩⁩⁩
Uploaded Image
Share:

No comments:

Post a Comment