သတင်းခေါင်းစဉ်များ -
📌မြဝတီမြို့တောင်ဘက် လေးကေကော်ဒေသတိုက်ပွဲသတင်းများ
📌နောင်မွန်တွင် ရဲတပ်သားများ၏ အမျိုးသမီးများကို စစ်သင်တန်းပို့ချနေ
📌ဆွမ်ပရာဘွမ်မြို့နယ်တွင် ငှက်ဖျားရောဂါကြောင့် ဖျားနာသူဦးရေ များပြားနေ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌မြဝတီမြို့တောင်ဘက် လေးကေကော်ဒေသတိုက်ပွဲသတင်းများကို တင်ဆက်ပေးပါ့မယ်
အာဏာသိမ်းစစ်တပ်နှင့်ခုခံတော်လှန်သောပူးပေါင်းတပ်ဖွဲ့တို့အကြား ငါးရက်မြောက်အဖြစ် တိုက်ပွဲများပြန်လည်ပြင်းထန်လာနေပါတယ်
ဒီဇင်ဘာလ ၁၅ ရက်ကစလို့ ငါးရက်မြောက်လာပီဖြစ်တဲ့ ဒီဇင်ဘာ ၁၉ ရက်နေ့မှာတော့ တဖက်သတ်လက်နက်ကြီးများ ပစ်ခတ်သံနှင့်အတူ စစ်ကောင်စီတပ်ဟာအင်အားပြန်ဖြည့်ဖို့ကြိုးစားရင်း တိုက်ပွဲတွေ ပြန်လည်ပြင်းထန်ခဲ့ပါတယ်။ လေးကေကော်မြောက်ဘက်မှာရှိတဲ့ မဲထော်သလေးတဝိုက်ကို စစ်ကောင်စီတပ်ဟာ ၎င်းတို့ရဲ့လက်အောက်ခံ BGF အကူအညီနှင့်အတူ ပြန်လည်နယ်မြေစိုးမိုးဖို့ ကြိုးစားပါတယ် ဒါ့အပြင် ကော့ကရိတ်မြို့နယ်ရှိ တံတားကျိုးဂိတ်တွင် အာဏာသိမ်းတပ်ဘက်က လက်နက်ကြီးများ တပ်ဆင်ထားပြီး အင်အားဖြည့်ထားကြောင်း ဒီဇင်ဘာ ၁၈ ရက် ဒေသခံသတင်း များအရ သိရပါတယ် မြဝတီမြို့တွင်လည်း ၁၉၉၅ ခုနှစ်က အသုံးပြုခဲ့သော အမြှောက်ကုန်းဟောင်း နေရာ၌ လက်နက်ကြီးပစ်ကုန်းအဖြစ်ပြန်လည် ပြင်ဆင်၍ လက်နက်ကြီးများ တပ်ဆင်ထားကြောင်းလည်းသိရပါတယ် တိုက်ပွဲဖြစ်ရာ လေးကေ့ကော်ဧရိယာအနီးတစ်ဝိုက်တွင် လက်နက်ကြီးများဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်နေခဲ့ပေမယ့် ဒါဟာ နှစ်ဖက် အပြန်အလှန် ထိတွေ့တိုက်ပွဲအတွင်း ပစ်ခတ်မှုမျိုးမဟုတ်ဘဲ နေရာစုံကိုတဖက်သတ်ပစ်ခတ်နေခြင်းမျိုးလို့ ဒေသခံများက ပြောပါတယ် ဒီဇင်ဘာ ၁၇ နှင့် ၁၈ ရက်များမှာ ပြင်းထန်တဲ့ ထိတွေ့တိုက်ပွဲ မတွေ့ရပေမယ့် အာဏာသိမ်းတပ်ဘက်က လက်နက်ကြီးအချက်ပေါင်းများစွာ ပစ်ခတ်နေတာကြောင့် စစ်ဘေးရှောင်ပြည်သူများသာ ပိုမိုများလာခဲ့ရပီး စုစုပေါင်း ၁ သောင်းဝန်းကျင်ခန့်ရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်များအရ သိရပါတယ် ဒီဇင်ဘာလ ၁၉ ရက်မှာတော့ လေးကေကော်မြို့သစ်အနီး မေတ္တာလင်းမြိုင်နှင့် မယ့်ထော်သလေးကြားတွင် နေ့လည် ၁၂ နာရီ မိနစ် ၅၀ မှစတင်ကာ တိုက်ပွဲများပြန်လည်ပြင်း ထန်ခဲ့ပါတယ်။ မယ့်ထော်သလေးရွာကို ထိန်းချုပ်ထားနိုင်ခဲ့တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ၊ ကရင်အမျိုး သားကာကွယ်ရေးတပ်ဖွဲ့-KNDOနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- PDF တပ်များဘက်ကို ကျောက်လုံးကြီး၊ ကျောက်ဂူ၊ လက်ခတ်တောင်စသည့် BGF စခန်းကုန်းများနေ၍ စစ်ကောင်စီတပ်များက လက်နက်ကြီးမျိုးစုံဖြင့် စိုးမိုးပစ်ခတ်ခဲ့ပါတယ်။ တိုက်ပွဲပုံစံဟာ လက်နက်အင်အားတဖက်သတ်အသာစီးနဲ့ စစ်ကောင်စီဘက်က အမြောက်ကျည်ဆံများ ဖောဖောသီသီ သုံးနေတာမျိုးဖြစ်ပြီး KNLA နှင့်ပူးပေါင်းတပ်ဖွဲ့များဘက်ကတော့ ပိုင်ပိုင်နိုင်နိုင်ရှိမှသာ စိတ်ဓာတ်ပိုင်းဆိုင်ရာအသာစီးနဲ့ ချေမှုန်းဖို့ကြိုးစားစောင့်ဆိုင်းရတဲ့အခြေအနေမျိုးပါ။ အရှေ့တောင်တိုင်း စစ်ဌာ နချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်ကလည်း မြ၀တီမြို့သို့ရောက်ရှိနေပြီး မြစန္ဒီဂေါက်ကွင်းတွင် တာဝေးပစ်အမြှောက်များကို တပ်ဆင်ကာ စစ်ရေးပြင်ဆင်မှုများကို စီမံညွှန်ကြားနေတယ်လို့ သတင်းရင်းမြစ်များက ပြောပါတယ်။ ဒီဇင်ဘာ ၁၅ ရက်နှင့် ၁၆ ရက်များမှာ ထိခိုက်သေဆုံးဖမ်းဆီးခံရမှုများခဲ့တဲ့ အာဏာသိမ်း စစ်တပ်ဟာ အခုနောက်ပိုင်း လေးကေကော်မှာသာမက နိုင်ငံတဝန်းမှာ စစ်အင်အားတိုးချဲ့ပြီး တိုက်ပွဲတွေ ဆက်လက် ဖော်ဆောင်နေတာ ဖြစ်ပါတယ်။ ဒီချိန်မှာပဲ စစ်အာဏာရှင်ကိုခုခံသော တော်လှန်စစ်မှာ KNU KNLA KNDO အဖွဲ့အစည်းများအား ပြည်တွင်းပြည်ပအားလုံးက ဝိုင်းဝန်းထောက်ခံပေးဖို့လိုကြောင်း KNDO က ကြေငြာချက်ထုတ်ထားပါတယ် အခုလို အခြေအနေတွေကြောင့် အာဏာသိမ်း စစ်တပ်ရဲ့ လက်ရှိ အခြေအနေဟာ ရှုံးမဲ မဲတဲ့ အဆင့်ကို ရောက်သွားပြီလို့ ပြည်သူ့ရင်ခွင်ခိုလှုံနေသူ CDM ဗိုလ်ကြီး လင်းထက်အောင်က မှတ်ချက်ပြုခဲ့ပါတယ်။ “ မိုက်ရူးရဲဆန်ပြီး ရှုံးမဲ မဲတဲ့အဆင့်ကို ရောက်နေပြီးလို့မြင်တယ် သူတို့ရဲ့ လုပ်ရပ်တွေကိုကြည့်ရင်။ တော်လှန်ရေး အင်အားစုတွေကို သူတို့ဆက်ဆံရာမှာ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ဘာမှမရှိဘူး။ နိုင်ငံခေါင်းဆောင်တွေကို ဆက်ဆံရာမှာလည်း အလွန်ကို ရုပ်ဆိုးအကျည်းတန်တဲ့ လုပ်ရပ်တွေကို တွေ့ရတယ်။ သူတို့ရဲ့ လုပ်ရပ်တွေသည် နောက်ဆုံးအချိန်ထိ မိုက်ရူးရဲဆန်လိမ့်မယ်လို့ မြင်ကြောင်း ဗိုလ်ကြီးလင်းထက် အောင်ကပြောပါတယ်။ အာဏာသိမ်း စစ်တပ်ဟာ စစ်ရေးစွမ်းရည် ၊ အုပ်ချုပ်ရေး စွမ်းရည်၊ စည်းရုံးရေး စွမ်းရည်ဆိုတဲ့ စွမ်းရည် ၃ ရပ်လုံး ဆက်တိုက် ကျဆင်းနေတာပါလို့ CDM ဗိုလ်ကြီးညီသုတကဆိုပါတယ်။ အနယ်နယ်အရပ်ရပ်က တိုက်ပွဲတွေကိုကြည့်ရင် တောင်သူယာခုတ် အရပ်သားတွေရဲ့ တူမီးကိုင်စွဲ တော်လှန်မှုကိုလည်း စစ်ရေးအရ မလွှမ်းမိုးနိုင်လို့ လေကြောင်းစစ်ကူတွေပေးနေရတာ အများအသိပါပဲ ဒီလိုအကျအဆုံးများလာတောကြောင့် လေကြောင်း ပစ်ကူ အမြောက်ပစ်ကူ ပိုမိုအသုံးပြုပြီး စစ်မျက်နှာပြင်တွေကို တိုးချဲ့ဖွင့်လှစ်နေတာ ဖြစ်ပါတယ်။ အာဏာသိမ်း စစ်တပ်က အခုလို စစ်မျက်နှာပြင်တွေ တိုးချဲ့ဖွင့်လှစ်နေတာဟာ မကြာမီကာလအတွင်း ကျဆုံးတော့မယ်ဆိုတဲ့ အခြေအနေပဲ ဖြစ်တယ်လို့ CDM ဗိုလ်ကြီး ညီသုတက သူ့အမြင်ကိုပြောပါတယ်။
“ တပ်က နဂိုကတည်းက စစ်ပန်းပြီးသားဗျ။ လက်ရှိအချိန်မှာ စစ်မျက်နှာ အများကြီးဖွင့်တယ်ဆိုတာက မကြာခင်မှာ သူတို့ကျဆုံးတော့မယ့် အတိတ်နိမိတ်ဘဲ။ သူတို့ဟာ မနိုင်ဝန်ကို ထမ်းနေရပြီး သူတို့က ခုခံစစ်ကို ပြန်ရောက်သွားပြီး။ မကြာခင်မှာ ပြည်သူ့တော်လှန်ရေးအဖွဲ့တွေကို အရှုံးပေးရပါလိမ့်မယ် ခင်ဗျ” လို့ ပြောပါတယ်။ လက်ရှိမှာတော့ အာဏာသိမ်း စစ်တပ်ဟာ တပ်အတွင်းမှာလည်း စစ်သား အမျိုးသမီးတွေကို စစ်သင်တန်း တက်ခိုင်းတာအပြင် တပ်လုံခြုံရေးတွေပါ ထမ်းဆောင်ခိုင်းနေပါတယ်။ ဒါ့အပြင် အာဏာသိမ်း စစ်တပ်ဟာ မြို့ပေါ်လုံခြုံးရေးအတွက်ဆိုပြီး စစ်မှုထမ်းဟောင်းတွေကိုပါ ပြန်လည် ခေါ်ယူအသုံးပြုနေရပါတယ်။ အာဏာသိမ်းတပ်ဟာ လေးကေကော်မှစခဲ့တဲ့တိုက်ပွဲဂွင်ကို စစ်အင်အားဖြည့်ဖို့အတွက် ကျုံဒိုးကော့ကရိတ်လမ်းပိုင်းကိုအဓိကအားထားနေရပီး တော်လှန်ရေးပူးပေါင်းတပ်များ ရဲ့ ကြားဖြတ်မိုင်းဆွဲမှုကြောင့် အခက်အခဲတွေလည်းကြုံနေရပါတယ် ကျုံဒိုး-ကော့ကရိတ်အာရှလမ်းပေါ်ရှိ (၉)တိုင်နှင့် (၅)တိုင်လမ်းပိုင်းကြားတွင် အာဏာသိမ်းအကြမ်းဖက် တပ်မှ တပ်ဖွဲ့ဝင်များသည် မြဝတီသွားသောကားများတား၍ ခရီးသည်ယာဉ်များဖြင့် အတင်းအဓ္ဓမလိုက်ပါစီးနင်းမှုများကိုလည်း ဒီဇင်ဘာလ ၁၉ ရက်နေ့က ပြုလုပ်ခဲ့ကြပါတယ်။ ထိုဖြစ်စဉ်မျိုးကြုံခဲ့ရတဲ့ ဘားအံ-မြဝတီကားသမားများကလည်း အချင်းချင်းသတိပေးသည့်အနေနဲ့ ကျန်ရှိနေသော ကားများ ထပ်မတက်လာကြရန် သတိပေးခဲ့ရပါတယ်။ တိုက်ပွဲပြန်လည်ပြင်းထန်ခဲ့တဲ့ ဒီဇင်ဘာလ ၁၉ ရက်နေ့မွန်းလွဲပိုင်းမှာ အာဏာသိမ်းတပ်ဘက်ကလက်နက် ကြီးများရမ်းပစ်မှုကြောင့် မယ်ထော်သလေးကျေးရွာရှိ ပြည်သူအိမ်များအပေါ်ကျရောက်ပြီး နေအိမ်များ မီးလောင်ကျွမ်းနေသည်ကို ရုပ်သံမှတ်တမ်းများမှတွေ့ရှိနေရပါတယ်။ မီးလောင်ကျွမ်းတဲ့အိမ်အရေအတွက်နှင့် လူထိခိုက်မှုအခြေအနေကိုမသိရပေမယ့် တိုက်ပွဲကတော့ ဆက်လက်ပြင်းထန်နေခဲ့ကြပါတယ်။ အဆိုပါ မေတ္တာလင်းမြိုင်နဲ့ မယ့်ထော်သလေး ကြား ၅ ရက်မြောက်နေ့တိုက်ပွဲမှာ စစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှုများနေပြီး ၆၀ မမ တစ်လက်၊ MA-1 လေးလက်၊ Snipper နှစ်လက်၊ Pistrol နှစ်လက် စုစုပေါင်း ၉ လက်သိမ်းစီးရမိကြောင်း၊ သေဆုံးသူများမှာ အရာရှိများပါဝင်နိုင်ကြောင်း ဒီဇင်ဘာ ၁၉ ရက်နေ့ညခင်းပိုင်းသတင်းများအရ သိရှိရပါတယ်။
အခုလို နီးစပ်တဲ့နယ်စပ်ဒေသတိုက်ပွဲများကြောင့် ထိုင်းဘက်ခြမ်းတွင်လည်း စစ်အင်အား တိုးချဲ့ထားကြပါတယ်။ သောင်ရင်းမြစ်ကိုဖြတ်ပီး ထိုင်းဘက်သို့ ကမ်းကူး ဒုက္ခသည်များအား ကျန်းမာရေး ချို့တဲ့သူများကိုသာ ကမ်းကူးခွင့်ပေးထားပြီး မြန်မာဘက်ခြမ်းရှိ လေးကေ ကော် ဒေသစစ်ရှောင်များအတွက်တော့ ဖလူးကြီး၊ ဖလူးလေး ကျေးရွာများတွင် ရွှေ့ပြောင်းနေရာချ ထားပေးကာ ကူညီစောင့်ရှောက်ထားတဲ့အကြောင်း ကယ်ဆယ်ရေးအဖွဲ့များထံမှသိရပါတယ်ခင်ဗျာ။ ဒါကတော့ ဒီဇင်ဘာ ၁၉ ရက်နေ့ ညနေပိုင်းထိ ရရှိထားတဲ့ နောက်ဆုံးရသတင်းများပဲ ဖြစ်ပါတယ်။
========================
📌📌နောင်မွန်တွင် ရဲတပ်သားများ၏ အမျိုးသမီးများကို စစ်သင်တန်းပို့ချနေ
ပူတာအိုခရိုင်၊ နောင်မွန်မြို့တွင် စစ်ကောင်စီ ရဲတပ်သားများ၏ အမျိုးသမီးများကို ဒီဇင်ဘာလဆန်းပိုင်းအတွင်းမှစတင်ကာ စစ်သင်တန်းပို့ချပေးနေကြောင်းသိရပါတယ်။
စစ်သင်တန်းတက်နေတဲ့ အမျိုးသမီးတွေကို ရှေ့တန်းလုံခြုံရေးအတွက် လိုအပ်သည်ဟု ပြောဆိုကာ ရဲအရာရှိ တာဝန်ရှိသူများက သင်ကြားပေးနေတယ်လို့ နောင်မွန်ဒေသခံတစ်ဦးထံမှသိရပါတယ်။
"နီးစပ်တဲ့ သူတွေကို မေးကြည့်တော့ ရှေ့တန်းထွက်ရင် စခန်းတွေကို လုံခြုံရေးယူပေးနိုင်ဖို့လို့ပြောတယ်။ ပြီးရင် ခုခံကာကွယ်နိုင်ဖို့လို့လည်းပြောတယ်။ အဲ့လောက်ဘဲသိရတယ်"လို့ပြောဆိုလိုက်ပါတယ်။
လက်ရှိ စစ်သင်တန်းတက်နေတဲ့ အမျိုးသမီးတွေ ၁၇ ဦးခန့်ရှိပြီး အသက် ၅၀နှစ်အောက်ရှိသူများသာ ဖြစ်ကြတယ်လို့ သိရပါတယ်။
စစ်သင်တန်းကာလမှာ ၁လ ခန့်သာ ကြာမြင့်နိုင်ပြီး နောင်မွန်မြို့၏ မြို့နယ် ရဲစခန်းအတွင်းမှာ သင်ကြားပို့ချပေးနေကြောင်းသိရပါတယ်။
နောင်မွန်ဒေသတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ဌာနယ်ပြည်သူ့စစ်အဖွဲ့ကလည်း ထိုဒေသရှိ လူငယ်များကို စည်းရုံးကာ စစ်သင်တန်းပို့ချမှုများ ၂ကြိမ်ထက်မနည်းပို့ချခဲ့ပြီဖြစ်ပါတယ်။
========================
📌📌ဆွမ်ပရာဘွမ်မြို့နယ်တွင် ငှက်ဖျားရောဂါကြောင့် ဖျားနာသူဦးရေ များပြားနေ
ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ် ကျေးလက်ဒေသများတွင် ငှက်ဖျားရောဂါ ကူးစက်ဖျားနမှု များပြားလာတာကြောင့် သေဆုံးမှုအထိရှိလာနေကြောင်း ကချင်နယ်လှည့် ကျန်းမာရေးလုပ်သားအဖွဲ့ ထံမှ သိရပါတယ်။
ကချင်နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့ (Back Pack) ဟာ ပြီးခဲ့တဲ့အပတ် ဆွမ်ပရာဘွမ်မြို့နယ်ကို လိုက်လံ ဆေးကုသမှုပေးခဲ့ပြီးနောက် ထိုဒေသရှိပြည်သူများ၏ ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး (Back Pack) အဖွဲ့မှတာဝန်ရှိသူ တစ်ဦးကအခုလိုပြောပါတယ်။
“ အယောက် ၁၀၀ ကို စစ်ဆေးရင် ၂၀ က ငှက်ဖျားရောဂါ ဖြစ်နေတယ်။ ငှက်ဖျားစစ်ဆေးတာကို ကျနော်တို့က RDT နဲ့ပဲ စစ်ဆေးတယ်။ ဖျားနာသူ ၁၀၀ မှာ ၂၀ က ငှက်ဖျားရောဂါဖြစ်နေတယ်ဆိုတော့ ကျနော်တို့အတွက် စိန်ခေါ်မှုတစ်ခုဖြစ်လာတယ်။ ငှက်ဖျားနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက ကူညီပေးမလဲဆိုတာတွေကို ကျနော်တို့အနေနဲ့ နည်းလမ်းရှာရမဲ့သဘောရှိလာတယ်။ ဒီအရာနဲ့ပတ်သက်ပြီး ကူညီထောက်ပံ့ပေးစေလိုတယ်။”
ဆွမ်ပရာဘွမ်မြို့နယ်အတွင်း ဆွမ်ပီယန်၊ ခင့်ဒူယန် စသည့် ကျေးရွာများတွင် ငှက်ဖျားရောဂါခံစားနေရသူအများအပြားရှိနေပြီး ရောဂါကြောင့် သေဆုံးသူလည်းရှိနေကြောင်း သိရပါတယ်။ ဒါ့အပြင် ဖျားနာမှုဖြစ်ပွားနေသော နေရာများတွင် ငှက်ဖျားဆေးရှိသော်လည်း ရက်လွန်နေတာကြောင့် NGO အဖွဲ့အစည်းများအနေဖြင့် အမြန်ဆုံးကူညီပေးသင့်ကြောင်း သူက တိုက်တွန်းပြောဆိုထားပါတယ်။
မြို့နဲ့ ဝေးပြီး လမ်းခရီးဝေးလံခေါင်ဖျားတဲ့ တောင်ပေါ်ဒေသတွေဖြစ်တာကြောင့် ၎င်းဒေသတွေမှာ ကျန်းမာရေး အမြင်ဖွင့်သင်တန်းများ ပေးရန် လိုအပ်နေတယ်လို့လည်း နယ်လှည့်ကျန်းမာရေးအဖွဲ့ကပြောပါတယ်။ အသိပညာ၊ အမြင်ဖွင့်သင်တန်းတွေပေးဖို့ လိုအပ်နေတဲ့ ဒေသတွေက ဘယ်နေရာလည်းဆို ဆွပ်ပရာဘွမ်မြို့နယ်တွင်းရှိ ဒေသကျေးလက် ကျေးရွာတွေမှာ အများကြီးလိုအပ်နေတယ်။ ဒါက ကျနော်တို့ကိုယ်တိုင် ရောက်ရှိပြီး သိရတဲ့ အတွေ့အကြုံဖြစ်တယ်။ ကျန်းမာရေးအတွက် ဆေးခန်းမရှိဘူး။ ဆေးရုံမရှိဘူး။ ဖျားနာလာတဲ့အချိန် ဆေးရုံ၊ ဆေးပေးခန်းမရှိတာကြောင့် ဘယ်မှာသွားပြရမလဲ သွားကုရမလဲ သူတို့အတွက် အခက်အခဲကြီးတစ်ခုဖြစ်နေတယ်။ ဒါကြောင့် အဲ့ဘက်ကဒေသခံပြည်သူများအတွက် မဖျားအောင်ပဲ ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတဲ့ အမြင်ဖွင့်သင်းတန်းတွေကို သာ များများလုပ်ဆောင်ပေးနိုင်ရင်တော့ ပိုပြီးတော့ လက်ရှိနိုင်ငံရေး အကြပ်အတည်းကြား ပိုပြီး ထိရောက်၊ အဆင်ပြေတဲ့ ဖြေရှင်းနည်းဖြစ်လိမ့်မယ်လို့ မြင်တယ်။”
ကချင်နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့ KBHWT ဟာ အစိုးရလက်လှမ်းမမှီသော တောင်ပေါ် ကျေးရွာဒေသများတွင် အခမဲ့ ကျန်းမာရေးလိုက်လံစောင့်ရှောက်ပေးနေသော အဖွဲ့တစ်ခု ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment