သတင်းခေါင်းစဉ်များ -
📌၃ လတက်ပြီး အတန်းတင်ပေးမယ်ဆိုတဲ့ မိုင်းယုလေးရွာ စာသင်ကျောင်းက ဆရာမနဲ့ ကျောင်းသူဆီမှာ ကိုဗစ်ပိုး တွေ့တာကြောင့် ပြန်ပိတ်လိုက်ရ
📌မန္တလေးမှာ ကျောက်ရောင်းဝယ်သူ (၂၀၀)ကျော်ကို စစ်တပ်က ဖမ်းဆီး၊ လူတစ်ဦးကို ငွေ (၁၀)သိန်းနဲ့ လာရွေးဖို့ သတင်းတွေ ထွက်ပေါ်
📌စစ်ရှောင်အတွက် ကူညီနေသည့် အောင်ပန်းမှ လူငယ်များကို စစ်ကောင်စီ လိုက်ဖမ်းနေ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌၃ လတက်ပြီး အတန်းတင်ပေးမယ်ဆိုတဲ့ မိုင်းယုလေးရွာ စာသင်ကျောင်းက ဆရာမနဲ့ ကျောင်းသူဆီမှာ ကိုဗစ်ပိုး တွေ့တာကြောင့် ပြန်ပိတ်လိုက်ရ
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် မိုင်းယုလေးကျေးရွာမှာ ဖွင့်လှစ်တဲ့ စာသင်ကျောင်းမှာ ကိုဗစ်ပိုး တွေ့ရှိတာကြောင့် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်မှာ ပြန်ပိတ်လိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆရာမတစ်ဦးနဲ့ ကျောင်းသူတစ်ဦးဆီမှာ ကိုဗစ်ပိုး တွေ့ရှိတာအပြင် ရွာအတွင်းမှာလည်း ကိုဗစ်ပိုး ကူးစက်မှုများပြားနေတာကြောင့် ပိတ်လိုက်တာလို့ ရွာခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
သုံးလအတွင်းနဲ့ ကလေးတွေကို စာတတ်မြောက်အောင် သင်ကြားပေးမယ်ဆိုတဲ့အပေါ် ထိရောက်မှု မရှိနိုင်ဘူးလို့လည်း ကျောင်းသားမိခင်တစ်ဦးက သုံးသပ်ပြောဆိုပါတယ်။
“စာသင်ကျောင်းတွေမှာ ဗုံးပေါက်တာတို့ကြားတော့ ကျွန်မတို့လည်း စိုးရိမ်တယ်။ သုံးလအတွင်းနဲ့ ကလေးတွေကို အတတ်သင်နိုင်မယ်ဆိုတာမျိုးလည်း မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ကျောင်းဖွင့်တော့ ကလေးတွေက သွားချင်ကြတာလေ။ ဆိုတော့ သွားအပ်ကြတာပေါ့”
အဲဒီကျောင်းမှာ မိုင်းယုကျေးရွာအုပ်စုထဲက နမ့်ခိုင်၊ ပန်လော၊ ဟိုခို၊ လွယ်လိုင်၊ ကုန်းစုံ၊ လွယ်ပေါင်း စတဲ့ကျေးရွာက ကျောင်းသူ၊ ကျောင်းသားတွေ တက်ရောက်ကြပြီး ကျောင်းတက်သူ ဦးရေ (၅၀၀)ခန့်ရှိတယ်လို့ ပြောပါတယ်။
မိုင်းယုလေး အလယ်တန်းကျောင်းကို ဒီဇင်ဘာလာ ၆ ရက်မှာ စတင်ဖွင့်လှစ်ခဲ့ရာကနေ ကျောင်းဖွင့်ပြီး (၁၀)ရက် ကျော်အကြာမှာပဲ အခုလို ပြန်ပိတ်လိုက်ရတာပါ။ ကွတ်ခိုင်မြို့ပေါ်ရှိ စစ်ကောင်စီ လက်အောက်ခံ စာသင်ကျောင်းတွေကို ဒီဇင်ဘာ ၁ ရက်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ကျေးရွာပိုင်းမှာရှိတဲ့ကျောင်း တော်တော်များများတွေကိုတော့ ပိတ်ထားရဆဲ ဖြစ်ပါတယ်။
========================
📌📌မန္တလေးမှာ ကျောက်ရောင်းဝယ်သူ (၂၀၀)ကျော်ကို စစ်တပ်က ဖမ်းဆီး၊ လူတစ်ဦးကို ငွေ (၁၀)သိန်းနဲ့ လာရွေးဖို့ သတင်းတွေ ထွက်ပေါ်
မန္တလေးမြို့မှာ မနေ့ ဒီဇင်ဘာ ၂၀ ရက် မနက်ပိုင်းကစပြီး ကျောက် ရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူ (၂၀၀)ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေအိမ်တွေထဲအထိ ဝင်ရောက်ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ကျောက်သမားတွေက ပြောပါတယ်။
မဟာအောင်မြေမြို့နယ်၊ အောင်မြေသာစံမြို့နယ်တွေထဲမှာ ကျောက် ရောင်းဝယ်ရေး လုပ်ကိုင်နေသူတွေကို ဝင်ရောက် ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးခံရသူတစ်ဦးကို ငွေကျပ် (၁၀)သိန်းနဲ့ လာရောက် ရွေးယူဖို့သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
“အဓိကတော့ စစ်ခွေးတွေ ငွေလိုနေလို့ပိုက်ဆံရှာတာပဲဗျ။ ကျောက်သမားအများစုက ပိုက်ဆံရှိတယ်လို့ သူတို့ကတွက်ထားတော့ အဲဒီအုပ်စုကို ပစ်မှတ်ထားတာပေါ့။ ကျောက်သမားတွေကလည်း ဒီကောင်တွေကို ဝင်ငွေ မရအောင် ကျောက်ဝိုင်းထဲ ဝင်မရောင်းဘဲ အပြင်မှာ အဆင်ပြေသလိုရောင်းဝယ်နေကြတာကို မကျေနပ်တာလည်းပါမယ်” လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ ကျောက်သမားတစ်ဦးက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေကို ရဲအချုပ်ကားတွေနဲ့ အိုးဘိုထောင်သို့ ခေါ်ဆောင်သွားတာဖြစ်ပြီး လက်ရှိအချိန်ထိ သတင်းတွေ ထွက်ပေါ်နေသလို ငွေနဲ့ လာရောက်ရွေးဖို့ မိသားစုတွေဆီ အကြောင်းကြားတာတော့ မရှိသေးဘူးလို့ ဖမ်းဆီးခံရသူတွေရဲ့မိသားစုဝင်တွေက ဆိုပါတယ်။
မဟာအောင်မြေမြို့နယ် ကျောက်ဝိုင်းဟာ ကိုဗစ်ရောဂါကြောင့် ကာလအတန်ကြာ ပိတ်ထားခဲ့ပြီး ကျောက်သမားတွေဟာ ကျောက်ဝိုင်းအပြင်ဘက်မှာ ရောင်းဝယ်မှုတွေ ပြုလုပ်နေခဲ့ရာက အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်တပ်က ကျောက်ဝိုင်းအတွင်းမှာပဲဆိုင်တွေဖွင့်ပြီး ပြန်လည်ရောင်းချဝယ်ယူဖို့ အတင်းအကျပ် ဖိအားပေးလာပေမဲ့ ကျောက်သမားတွေက အာဏာဖီဆန်ပြီး အခုလို အပြင်ဘက်မှာပဲ အဆင်ပြေသလို ဝယ်ယူရောင်းချနေကြတာပါ။
မဟာအောင်မြေ ကျောက်မျက်ရတနာရောင်းဝယ်ရေးစျေးဟာ မြန်မာနိုင်ငံမှာ အကြီးဆုံး ကျောက်မျက်ရတနာရောင်းဝယ်ရေးစျေးတစ်ခုဖြစ်ပြီး အဲဒီကျောက်ဝိုင်းကို မှီခိုလုပ်ကိုင်နေသူ လူပေါင်း တစ်သိန်းခွဲဝန်းကျင်အထိ ရှိတယ်လို့ သိရပါတယ်။
========================
📌📌စစ်ရှောင်အတွက် ကူညီနေသည့် အောင်ပန်းမှ လူငယ်များကို စစ်ကောင်စီ လိုက်ဖမ်းနေ
စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့ရန် အလှူငွေနဲ့ ပစ္စည်းများ လက်ခံနေတဲ့ ရှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့မှ လူငယ်များကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အရပ်ဝတ်ဖြင့် ရှာဖွေဖမ်းဆီးနေကြောင်း သိရပါတယ်။
“ပြီးခဲ့တဲ့ လပြည့်ည ဗုံးကွဲပြီးကတည်းက စစ်ကောင်စီတပ်သားတွေ အရပ်ဝတ်နဲ့ ရပ်ကွက်ထဲဝင်ပြီး လူငယ်တွေကို လာဖမ်းတာရှိပါတယ်၊ ဒီနောက်ပိုင်း သူတို့လာဖမ်းတဲ့သူတွေက ပရဟိတလုပ်တဲ့ လူငယ်တွေချည်းပဲ” ဟု အောင်ပန်းမြို့နေ အမျိုးသားတစ်ဦးက ပြောပါတယ်။
အောင်ပန်းမြို့ရှိ မြို့ဟောင်း ရပ်ကွက်တွင် ၂ ဦး၊ လှည်းရိုးရပ်ကွက်တွင် ၂ ဦးနှင့် အမှတ် ၃ ရပ်ကွက်မှ စားသောက်ဆိုင်တစ်ခုတွင် အလုပ်လုပ်နေသည့် ဝန်ထမ်းတစ်ဦးဖြစ်သည့် မောင်ဝေလင်းထွန်း အပါအဝင် လူငယ်စုစုပေါင်း ၁၇ ဦး ဖမ်းဆီး ခံနေရကြောင်း အောင်းပန်ဒေသခံတွေ ပြောပြချက်အရသိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့ ည (လပြည့်ည)တွင် အောင်ပန်းမြို့တွင် ဗုံးနှစ်လုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားတို့သည် ဒေသခံ ပအိုဝ်း (PNO) ပြည်သူ့စစ်တို့နဲ့ ပူးပေါင်းပြီး ရပ်ကွက်ထဲရှိ လူငယ်များကို မသင်္ကာမှုနဲ့ ဖမ်းဆီးနေတယ်လို့ သိရပါတယ်။
“အဲ့ လပြည့်ညမှာ အလိုင်းရင့်ရှေ့မှာတစ်လုံး၊ ပင်စိမ်းလက်ဖက်ရည်ဆိုင်ရှေ့မှာတစ်လုံး ရှေ့ဆင့်နောက်ဆင့် ဗုံးနှစ်လုံး ပေါက်ကွဲတယ်၊ အဲ့နောက်တော့ အရပ်ဝတ် စကစတွေက PNO နဲ့ ပေါင်းပြီး လူငယ်တွေကို လိုက်ဖမ်းတော့တာပဲ၊ သူတို့က ယူနီဖောင်းမဝတ်ဘဲ လာဖမ်းတော့ ဇဝေဇဝါနဲ့မို့ ပြေးချိန်ဘယ်ရမလဲ” လို့ အောင်ပန်းမြို့နေ အမျိုးသားတစ်ဦးက ပြောပါတယ်။ အောင်ပန်းမြို့တွင်း လက်ရှိအခြေအနေသည် ယူနီဖောင်းဝတ် စစ်ကောင်စီတပ်သားတို့အပြင် အရပ်ဝတ်နဲ့ စစ်ကောင်စီတပ်သားတွေဟာ နေရာအနံ့ကင်းပုန်းချထားပြီး လူငယ်များ အပြင်မထွက်ရဲအောင် ပြုလုပ်နေကြောင်း သိရပါတယ်။
“စစ်ကောင်စီတွေက နေ့ဘက်မှာဆို လမ်းသွားလမ်းလာတွေကို စစ်တယ်၊ တခါတလေ အရပ်ဝတ်နဲ့ ယာဥ်တွေကို တားပြီး စစ်တာလည်းရှိတယ်၊ ညဘက်မှာကျတော့ ဝင်ဖမ်းတာ၊ ဘယ်လို အချိတ်အဆက်တွေကြောင့် ဖမ်းသလဲ မသိဘူး၊ နေရာအတိအကျနဲ့ လာဖမ်းတာ” လို့ အထက်ပါ ပုဂ္ဂိုလ်က ပြောပါတယ်။
လက်ရှိတွင် အောင်ပန်းမြို့ပေါ်နဲ့ အနီးတစ်ဝိုက်ရှိ ကျေးရွာများအထိ စစ်ကောင်စီတို့က လုံခြုံရေးချထားသည့်အပြင် ၎င်းတို့ရဲ့ကင်းလှည့်ကားများဖြင့်လည်း လှည့်လည်စစ်ဆေးနေကြောင်း ဒေသခံတွေရဲ့ပြောကြားချက်အရသိရှိရပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment