ဒီဇင်ဘာလ ၂၃ ရက်နေ့ နေ့လည်ခင်း ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌KNLA စစ်ဦးစီးချုပ်က စစ်အာဏာရှင်အစိုးရကို လက်မခံဘူးလို့ ပြောဆိုလိုက်ပါတယ်။
📌ရခိုင်ပြည်နယ်က စစ်ရှောင်စခန်းများကို နေရပ်ပြန်ကြဖို့ အာဏာသိမ်းအဖွဲ့ကပြောပါတယ်။
📌ယင်းမာပင်မြို့နယ်မှာ ကျေးရွာပေါင်း ၈ ရွာကရွာသူရွာသားတွေ အိုးအိမ်စွန့်ခွာနေရပါတယ်။
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌KNLA စစ်ဦးစီးချုပ်က စစ်အာဏာရှင်အစိုးရကို လက်မခံဘူးလို့ ပြောဆိုလိုက်ပါတယ်
မြန်မာတနိုင်ငံလုံးက ပြည်သူတွေဟာ စစ်အာဏာရှင်ကို လက်မခံသလိုပဲ ကျနော်တို့ဘက်ကလည်း လက်ခံနိုင်စရာအကြောင်းမရှိပါဘူး။ ဗမာတိုင်းရင်းသားချင်းချင်းတောင် အာဏာသိမ်းစစ်ကောင်စီအပေါ် ထောက်ခံခြင်းမရှိသလိုပဲ နိုင်ငံတကာကလည်း သူတို့ကိုမယုံကြည်တာတွေ့ရတယ် လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA စစ်ဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးစောဂျော်နီက Salween Prerss ကိုပြောဆိုခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ စစ်ကောင်စီနှင့်စစ်အာဏာရှင်စနစ်ကို မြန်မာပြည်အနှံ့က လက်နက်ကိုင်တော်လှန်ရေးတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ဒါ့အပြင် ထင်ရာစိုင်းဥပဒေထုတ်ပြီး ဆန့်ကျင်သူမှန်သမျှကို ဖမ်းဆီးသတ်ဖြတ်လေ့ရှိတဲ့ စစ်တပ်အန္တရာယ်ကိုရှောင်တိမ်းနိုင်ဖို့ ဖက်ဒရယ်ဒီမိုကရေစီလိုလားသူ တက်ကြွလှုပ်ရှားသူတွေဟာ KNU-KNLA ထိန်းချုပ်နယ်မြေများအတွင်း ဝင်ရောက်ခိုလှုံခဲ့ကြပါတယ်။ ဒီမိုကရေစီလိုလားတဲ့ လူငယ်အများစုဟာ လက်နက်ကိုင်သင်တန်းများကိုလည်း အဆိုပါ ထိန်းချုပ်နယ်မြေများအတွင်း လေ့ကျင့်သင်ကြားခဲ့ကြပါတယ်။ စစ်အာဏာရှင်အစိုးရနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်သူတွေကို တတ်နိုင်တဲ့ဘက်က ပံ့ပိုးကူညီမယ်လို့ ဗိုလ်ချုပ်ကြီး စောဂျော်နီက ပြောဆိုခဲ့တာပါ။ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ စစ်ကောင်စီတပ်များဟာ လေးကေကော်မြို့သစ်ကို အင်အားအလုံးအရင်းနဲ့ဝင်ရောက်ဖမ်းဆီးရာမှာတော့ ပြင်းထန်တဲ့ခုခံစစ်ပွဲတွေပေါ်ပေါက်ခဲ့ပီး ထိုတိုက်ပွဲများမှာ KNLA နှင့်အတူ ကရင့်အမျိုးသားကာကွယ်ရေးအစည်းအရုံး KNDO တပ်များ PDF ခေါ်သော ဖက်ဒရယ်ဒီမိုကရေစီလိုလားသူ ပြည်သူ့ကာကွယ်ရေးတပ်သားများဟာလည်း ဒေသခံ KNLA တပ်ဖွဲ့များနှင့် စတင်ပူးပေါင်း ကာကွယ်မှုကို ပြုနိုင်ခဲ့ကြပါတယ်။ ခုဆိုရင် ထိုင်းနိုင်ငံဘက်ခြမ်းကို စစ်ဘေးရှောင်များ ပြေးဝင်ခိုလှုံရသည်ထိ စစ်ရေးတင်းမာနေခြင်း ရှစ်ရက်မြောက်နေ့လည်း ဖြစ်ပါတယ်။
"စစ်အာဏာရှင်ကိုဆန့်ကျင်သူတွေကို ကူညီမှရမယ်။ အဲ့ဒါမှ အာဏာရှင်စနစ်ပြိုလဲမယ်။ ဒါကျွန်တော်တို့လည်းသိတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်းလုပ်ရမယ်" လို့ ဗိုလ်ချုပ်ကြီး စောဂျော်နီ က ပြောပါတယ်။ ဒါပေမဲ့ စစ်အာဏာရှင်စနစ်မပြိုလဲသေးတဲ့အတွက် အာဏာရှင်တွေကိုအထင်သေးလို့မရဘူးလို့ သူကထပ်လောင်းပြောပါတယ်။ စစ်အာဏာရှင်စနစ်မကျဆုံးသေးတာဟာ တိုင်းရင်းသားအဖွဲ့တွေကြားမှာ ညီညွှတ်မှုအားနည်းသေးတဲ့အကြောင်းအရင်းလည်းပါတယ်လို့ သူကဆိုပါတယ်။ ဒါကြောင့်တိုင်းရင်းသားအဖွဲ့အစည်းအပါအဝင် စစ်အာဏာရှင်ဆန့်ကျင်သည့်အဖွဲ့အစည်းအားလုံး ညီညီညွှတ်ညွှတ်ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်လို့မြင်ကြောင်း ဗိုလ်ချုပ်ကြီး စောဂျော်နီ က သူ့အမြင်ကိုရှင်းပြခဲ့ပါတယ်။
"ကျွန်တော်တို့အားလုံးညီညွှတ်ရင် ကျွန်တော်တို့လိုချင်တဲ့အခွင့်အရေးကိုရရှိမှာဖြစ်ပြီး ပန်းတိုင်ကိုရောက်မယ်" လို့ ဗိုလ်ချုပ်ကြီး စောဂျော်နီ ကပြောပါတယ်။
စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အာဏာသိမ်းလိုက်ကတည်းက NCA လမ်းကြောင်းကတဆင့် ငြိမ်းချမ်းရေးထံ ချည်းကပ်မှုဟာ ပျောက်ကွယ်သွားတယ်လို့ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ က ပြောပါတယ်။ "အာဏာသိမ်းလိုက်တော့ NCA ဘယ်ရှိတော့မလဲ၊ ဘယ်မှာသွားရှာမလဲ။ အာဏာသိမ်းလိုက်တော့ ဘယ်လိုလုပ်ဆက်လုပ်လို့ရမှာလဲ။ တကယ်လို့ NCA အတိုင်းလိုက်နာဆောင်ရွက်ရင်ကောင်းတာပေါ့။ ဒါပေမဲ့ သူတို့ (စစ်ကောင်စီ) ကအပြောပဲရှိပြီး လက်တွေ့ကျတော့ ဘာမှာမလုပ်ဘူး။ ဘယ်နှစ်နှစ်တောင်ရှိနေပြီးလဲ" ဟု ဗိုလ်ချုပ်ကြီး စောဂျော်နီ က ပြောပါတယ်။ NCA စာချုပ်ကို လက်ကိုင်တုတ်သဖွယ် အသုံးချပြီး စစ်ကောင်စီတပ်တွေဟာ ၎င်းတို့နယ်မြေစိုးမိုးအသာစီးရရေးကိုသာ တောက်လျှောက်လုပ်ကိုင်နေတာဖြစ်လို့ မြေပြင်မှာ အနှစ်သာရမရှိတော့တဲ့ NCA စာချုပ်ကို ပျက်ပြယ်ကြောင်း တရားဝင်ကြေငြာဖို့လိုနေပြီဆိုတာကိုလည်း KNLA တပ်မဟာ ၅ မှ ဖဒိုမန်းမန်းက အတိအလင်းပြောကြားထားပါတယ်။ တပ်မဟာ ၆ နယ်မြေမှစလို့ ကျူးကျော်လာတဲ့ စစ်ကောင်စီရဲ့လူ့အခွင့်အရေးချိုးဖောက်မှုကိုတွန်းလှန်ရင်း ကြီးမားလာတဲ့လေ့ကေကော်တိုက်ပွဲဟာ ခုဆိုရင် KNU - KNLA အခြားတပ်မဟာ ဒေသဆီကိုလည်း တစစပြန့်နှံ့လာနေတာကိုတွေ့ရပါတယ်။ KNLA စစ်ဦးစီးချုပ်က ပြောကြားရာမှာ ကရင်လူမျိုးတွေအချင်းချင်းစည်းလုံးညီညွှတ်ပြီး ပူးပေါင်းဆောင်ရွက်ဖို့လိုတယ် အမြင်တွေ၊ သဘောထားမတိုက်ဆိုင်ပေမဲ့ ရည်ရွယ်ချက်တူကြတဲ့အတွက် ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်လို့ ဗိုလ်ချုပ်ကြီးစောဂျော်နီ က ပြောဆိုခဲ့ကြောင်း သိရပါတယ်။
========================
📌📌ရခိုင်ပြည်နယ်က စစ်ရှောင်စခန်းများကို နေရပ်ပြန်ကြဖို့ အာဏာသိမ်းအဖွဲ့ကပြောပါတယ်။
မြောက်ဦးမြို့နယ်ရှိတိမ်ညိုစစ်ရှောင်စခန်းကို အာဏာသိမ်းစစ်ကောင်စီက ဝန်ကြီးအဖြစ်နေရာပေးထားတဲ့ ဒေါက်တာ သက်သက်ခိုင်၊ ဦးကိုကိုလွင်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒေါက်တာအောင်ကျော်မင်း၊ ဗိုလ်မှူးကြီး ကျော်သူရ၊ ဗိုလ်မှူးကြီး ထိန်လင်းတို့အဖွဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် လာရောက်ခဲ့ကြပီး ခုလိုပြောဆိုသွားတာပါ။
“ပြန်မယ့် ဆန္ဒရှိတဲ့သူတွေ စာရင်းပေးလို့ ရတယ်လို့ ပြောတယ်။ နေရပ်ကို ပြန်ရင် နေအိမ်တွေ ပျက်စီးနေတာတွေကို ပြုပြင်ပေးမယ်။ စားဝတ်နေရေးအတွက် ထောက်ပံ့ပေးမယ်လို့တော့ ပြောတယ် ” ဟု တိန်ညို စစ်ဘေးရှောင်စခန်း ပြန်ကြားရေး တာဝန်ခံ ဦးစိုးနိုင်က ပြောပါတယ်။ အာဏာသိမ်းပီးနောက်ပိုင်း နိုင်ငံရေးအခြေအနေမတည်ငြိမ်မှုများ ဆက်တိုက်ဖြစ်ပေါ်နေတဲ့ကာလမှာ AA ရခိုင့်တပ်တော်နှင့် အာဏာသိမ်းစစ်တပ်တို့ မကြာခဏ စစ်ရေးတင်းမာမှုဖြစ်လေ့ရှိပါတယ်။ ဒါ့အပြင် စစ်ကောင်စီနောက်လိုက် ဝန်ကြီးများရဲ့ ကတိပေးမှုကို မယုံကြည်ကြသူတွေရှိနေသလို နေရပ်ပြန်ပြောင်းရွှေ့လိုက်ချိန်မှ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာမှာကို စိုးရိမ်နေကြသူတွေက အများစုပါ။ တိန်ညိုစခန်းမှ စစ်ရှောင် အများစုဟာ နေအိမ်များကို စွန့်ခွာပြီး စခန်းကို ရောက်ရှိနေသည်မှာ သုံးနှစ်ခန့် ရှိပြီဖြစ်ပါတယ်။
“ပေးမယ်လို့ ပြောရင်လည်း သူတို့က အာမခံချက် မရှိတဲ့အတွက် ကျွန်မတို့က ယုံကြည်မှု မရှိဘူး။ ရွာမှာ သက်သေသက်ထား အဖြစ် တစ်ခုခုများ လုပ်ပြထားရင် ကျွန်မတို့က ယုံကြည်လို့ရမှာ။ အခုကဘာမှလည်း မလုပ်ပေးတဲ့အတွက် မယုံကြည်ဘူး။ ကျွန်မတို့က မပြန်ရဲသေးဘူး။ နောက်ထပ် စစ်ပွဲတွေ ဖြစ်လာမှာကိုလည်း ကြောက်တယ်။ စစ်သားတွေလည်း နေရာတိုင်းမှာ ရှိကြသေးတယ် ”ဟု စစ်ရှောင်တစ်ဦး ဖြစ်သည့် ဒေါ်အေးအေးက မဇ္ဈိမသတင်းဌာနကိုပြောပါတယ်။
စစ်ဘေးရှောင်များ နေရပ်ပြန်ပါက နေအိမ်ပျက်စီးမှုးများကို အဆင့် A၊ B ၊ C ဟု သုံးဆင့်ခွဲ ကူညီမယ်လို့ စစ်ကောင်စီအဖွဲ့က နှုတ်ကတိ ပေးခဲ့သည်ဟုလည်း ဆိုပါတယ်။ အဆင့် (A) သည် လုံးဝပျက်စီးသွားသည့်အိမ်၊ အဆင့် (B သည် တစ်ဝက်တစ်ပျက် ပျက်စီးသည့်အိမ် ဖြစ်ပြီး အဆင့် (C) မှာ အနည်းငယ် ပျက်စီးသွားသည့် အိမ် ဟု ခွဲထားသည်ဟု ဆိုသည်။
“ သူတို့က ပြောတယ်။ စစ်ဘေးရှောင်တွေ အတွက် ကုန်နေတဲ့ ငွေတွေက တိုင်းပြည် တည်ဆောင်ရေး အတွက် အသုံးမဝင်ဘဲ မိမိနေရပ်ကို ပြန်ရင် ပိုအဆင်ပြေမှာပါလို့ ပြောတယ်။ အဲ့တော့ ကျွန်တော်တို့ဘက်က ပြောချင်တာက သူတို့ လူကြီးပိုင်းတွေက စာချုပ်စာတန်းတွေ၊ ကတိကဝတ်တွေနဲ့ အပစ်အခတ် ရပ်စဲပြီးမှ ပြန်လို့ရမယ်။ အဲ့လိုမျိုး မဟုတ်ရင် စိုးရိမ်စိတ်တွေ များနေတဲ့အတွက် အတင်းပြန်ခိုင်းလို့မှ မရတာ” ဟု တိန်ညိုစစ်ဘေးရှောင်စခန်း ပြန်ကြားရေး တာဝန်ခံ ဦးစိုးနိုင် က ပြောသည်။ တိန်ညို စစ်ဘေးရှောင်စခန်းကို ၂၀၁၉ ခုနှစ်တွင် ဖွင့်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ အိမ်ထောင်စု ၇၇၃ စု၊ လူဦးရေ ၂‚၈၆၂ ဦး နေထိုင်လျက် ရှိပြီး ချင်းပြည်နယ် ပလက်ဝ မြို့နယ်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်တော်၊ မြောက်ဦး မြို့နယ်တို့ရှိ ကျေးရွာပေါင်း ၁၂ ရွာမှ စစ်ဘေးရှောင် ပြည်သူများ ဆက်လက်ခိုလှုံလျက်ရှိကြောင်း သိရပါတယ်။
========================
📌📌ယင်းမာပင်မြို့နယ်မှာ ကျေးရွာပေါင်း ၈ ရွာကရွာသူရွာသားတွေ အိုးအိမ်စွန့်ခွာနေရပါတယ်။
ဒီဇင်ဘာ ၂၂ ရက်နေ့ မနက်မှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် စစ်ဘေးရှာင်ရွာသားတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေရပါတယ်။ LPDF ခေါ်တဲ့ ဒေသခံပြည်သူ့ကာကွယ်ရေတပ်တွေနှင့် အာဏာသိမ်းစစ်ကောင်စီနှစ်ဖက်တိုက်ပွဲပြင်းထန်မှုကြောင့် အရေအတွက် ထောင်ချီတဲ့ဒေသခံတွေဟာ စစ်ဘေးရှောင်ရာမှ အရေးပေါ်အကူအညီတွေလည်းလိုအပ်နေကြောင်း သိရပါတယ် စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် အနောက်ခြမ်း နုံးကြီးကျေးရွာနှင့် မျိုးကြီးကျေးရွာအနီးတဝိုက်မှာ တိုက်ပွဲပြင်းထန်ခဲ့တာပါ။ တိုင်းရင်းသာလက်နက်ကိုင်ဒေသတိုက်ပွဲများမှ စစ်ကောင်စီက လက်နက်ကြီးများ ပစ်ခတ်လေ့ရှိသလိုပဲ ခေတ်မီလက်နက်များတပ်ဆင်နိုင်ခြင်းမရှိတဲ့ ယင်းမာပင်မြို့နယ်တွင်းက တိုက်ပွဲကိုလည်း စစ်ကောင်စီဟာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပါတယ်။ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှာတော့ အထိအခိုက်မရှိဘူးလို့ တိုက်ပွဲဝင်နေတဲ့ LPDF တာဝန်ခံတဦးကပြောပါတယ်
“တိုက်ပွဲစတာနဲ့ သူတို့ ဒီစစ်ကြောင်းထိုးတဲ့ ရွှေဂူတောင်ရဲ့အနောက်ဘက်က နုံကြီးရွာနဲ့ မျိုးကြီးရွာ နောက်ပြီးတော့ ရွာတောင်ပေါ့နော်။ အဲဒီမှာဖြစ်တာပါ။ မနက်ပိုင်းကစပြီး တိုက် ပွဲဟာ နေ့လည် ၁၂ နာရီလောက်မှာ တိုက်ပွဲက ငြိမ်သွားတယ်။ လက်ရှိအခြေအနေကတော့ ကျနော်တို့ နယ်မြေရှင်းလင်းရေးတွေ လုပ်နေတာရှိပါတယ်။ သူတို့ဘက်ကနေပြီးတော့ သာလွန်အင်အားနဲ့ပေ့ါနော်၊ ကျနော်တို့ဘက်ကို ထိုးစစ်ဆင်လာတဲ့အတွက် ကျနော်တို့ကလည်း မလွဲမရှောင်သာ ပြန်လည်ခုခံရတဲ့ အခြေအနေမှာ တိုက်ပွဲစတင်ခဲ့ရတာဖြစ်ကြောင်း LPDF ဘက်က ပြောပါတယ်
စစ်ပြေးဒုက္ခသည်တွေကို အကူအညီပေးနေသူတဦးက တိုက်ပွဲကြောင့် ကျေးရွာ ၈ ရွာက ကျေးရွာသားတွေ ထွက်ပြေးနေရတဲ့အခြေအနေကို ခုလိုပြောပါတယ်
သူတို့ထိုးစစ်ဝင်လာတယ်ဗျ၊ ထိုးစစ်လာပြီးတော့ သူတို့ ဒေသခံတွေကတော့ ပြေးရတယ်ဗျ။ ဒီနေ့တိုက်ပွဲကတော့ အခု ကျနော်တို့ ဒီဒေသခံနယ်မြေခံ PDF တပ်ဖွဲ့တွေက နေ့လယ် ၁၂ လောက်မှာပဲ သူတို့ ပြန်ပြီးတော့ အကုန်လုံး ပြန်ဆုတ်သွားတယ်။ စစ်ဘေးရှောင်တွေကတော့ သူတို့ ဒေသမှာတော့ ပြန်လို့တော့ မရသေးဘူး။ ဒီပြင်နီးစပ်ရာရွာတွေကိုပဲ ခိုလှုံနေရရှိနေတာဗျ။” ဟု ပြောပါတယ်
တိုက်ပွဲအခြေအနေကြောင့် နုံးကြီးကျေးရွာ မြို့ကြီးကျေးရွာ ပြောင်းပြာကျေးရွာ ရုံးလေးပင်ကျေးရွာ လက်လှုပ်ကျေးရွာ မြောက်နုံးကျေးရွာ မြေကျက်ဆူကျေးရွာ ရွာတောင်ကျေးရွာ စတဲ့ ကျေးရွာ ၈ ရွာထက်မနည်း အိုးအိမ်စွန့်ခွာ ပြေးခဲ့ရပါတယ်
“တချို့ရွာတွေမှာ ထမင်းမစားရတဲ့ ရွာတွေ တော်တော်များများရှိတယ်ဗျ။ ဘာလို့ရှိတယ်ဆိုတော့ ဟိုဘက်ရွာကို ပြေးတယ်၊ အဲ့ဘက်လည်း ပေါင်းပြေးတယ်၊ ပြီးတော့ သူ့ကို ချက်ကျွမ်းရမယ့်လူမရှိတော့ အခုချိန်ထိ ထမင်းမစားရသေးဘူး စားရေးသောက်ရေးခက်ခဲနေတယ် ချက်ချင်းပြေးရလို့ ဘာမှပါမလာဘူး။ တချို့အဝတ်တထည် ကိုယ်တခုနဲ့ ပြေးလာတဲ့ လူတွေလည်း ရှိတယ်ဗျ။ ဆောင်းရာသီဆိုတော့ အခက်အခဲရှိတယ်ဗျ။ ကျနော်တို့ ဒီတိုင်းဆိုရင် ကျနော်တို့ ဘယ်ခေါ်မလဲ နောက်ရက်ထိဆက်မယ်ဆိုရင် ဒါ ဒီနေ့ဆိုရင် မေးကြည့်လိုက်တာကျတော့ ချမ်းတဲ့ဟာတော့ မခံနိုင် ဘူးပေ့ါဗျ။ ကျနော်တို့ ဒီကျန်းမာရေးအတွက်လည်း ထိခိုက်နိုင်တယ်။ ဘာထိခိုက်လဲဆိုတော့ အိုးအိမ်စွန့်ခွာပြီး ပြေးရတာလေ၊ စောင်တွေ ဘာတွေ ယူချိန်လည်းမရကြဘူး။ တချို့ဆိုရင် အဝတ်တထည် ကိုယ်တခုနဲ့ ပြေးရတာ။” လို့ပြောပါတယ်။
အခုလိုစားရေးသောက်ရေးသာမက ဆောင်းတွင်းရာသီဥတုမှာ စစ်ဘေးဒုက္ခသည်တွေဟာ စောင်၊ အဝတ်အထည်နဲ့ ဆေးဝါး အစားအသောက်တွေ အရေးပေါ်လိုအပ်နေကြပါတယ်။ စစ်တပ်ကအာဏာသိမ်းပြီး နောက် မြန်မာနိုင်ငံတဝှမ်းလုံးမှာ လက်နက်ကိုင်တော်လှန်မှုများ ပြင်းထန်နေဆဲပါပဲ ။ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်များမှာလည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ကြံ့ကြံ့ခံတော်လှန်မှုတွေ ရှိနေဆဲဖြစ်သလို စစ်ကောင်စီဘက်ကလည်း ရွာမီးရှို့ခြင်းစတဲ့အကြမ်းဖက်မှုအပါအဝင် ဖမ်းဆီးမိသူတွေကို သတ်ဖြတ်ခြင်းများလည်း မကြာခဏ ကျူးလွန်လျက်ရှိနေပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment