ဒီဇင်ဘာလ ၂၃ ရက်နေ့ ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌လှည်းကူးတွင် CDM သူနာပြုသင်တန်းသူတစ်ဦး၏နေအိမ် ချိတ်ပိတ်ခံရ၊ မန္တလေးမှ ထိန်းသိမ်းခံ သားဖွားဆရာမတစ်ဦးကိုပြန်လွှတ်ပြီး ဦးလေးဖြစ်သူကိုဖမ်းဆီး
📌လားရှိုး ဟိုနားကျေးရွာ တရွာလုံး အစားအသောက် ခက်ခဲ
📌ကလေးမြို့ စီးစံရွာအနီး တိုက်ပွဲတွင် စကစနှင့် PDF တို့ နှစ်ဖက်အကျအဆုံးရှိ၊ စကစတပ်က ရွာရှိနေအိမ်အချို့ကို မီးရှို့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌လှည်းကူးတွင် CDM သူနာပြုသင်တန်းသူတစ်ဦး၏နေအိမ် ချိတ်ပိတ်ခံရ၊ မန္တလေးမှ ထိန်းသိမ်းခံ သားဖွားဆရာမတစ်ဦးကိုပြန်လွှတ်ပြီး ဦးလေးဖြစ်သူကိုဖမ်းဆီး
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ညောင်ကုန်းကျေးရွာတွင်နေထိုင်သည့် CDM သူနာပြု ဒုတိယနှစ်ကျောင်းသူတစ်ဦး၏နေအိမ်ကို မြန်မာစစ်တပ်လက်အောက်ခံများမှ ချိတ်ပိတ်ခဲ့ကြောင်း သိရပါတယ်။သူနာပြုနီးနွယ်ကွင်းဆင်းလေ့ကျင့်ရေးသင်တန်းကျောင်း(ရန်ကုန်)မှ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) ဒုတိယကျောင်းသူ၏နေအိမ်တွင် ဖောက်ခွဲရေးပစ္စည်းများရှိသည်ဟု စစ်တပ်လက်အောက်ခံအဖွဲ့များကို သတင်းပေးတိုင်တန်းမှုကြောင့် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် မိသားစုလိုက် တိမ်းရှောင်သွားခဲ့ရကြောင်း အဆိုပါကျောင်းသူနှင့် နီးစပ်သူတစ်ဦးက ပြောပါတယ်။
"စစ်တပ်ရဲ့သတင်းပေးတွေက အိမ်မှာဖောက်ခွဲရေးပစ္စည်းတွေရှိတယ်ဆိုပြီးတော့ မဟုတ်မမှန်တိုင်ကြားတယ်။ အဲတာကိုစစ်တပ်နဲ့ရဲအဖွဲ့က အိမ်ကိုလာပြီးတော့ သုံးရက်အတွင်း လာအဖမ်းခံ၊ အဖမ်းမခံလို့ ဒီနေ့မှာလာပြီးတော့ အိမ်ကိုချိတ်ပိတ်တယ်။ တစ်မိသားစုလုံးကြောက်ပြီးရှောင်ရတော့ ဝရမ်းပါအထုတ်ခံထားရတယ်"လို့ အဆိုပါ နီးစပ်သူကပြောပါတယ်။ထိုသူနာပြုကျောင်းသူရဲ့နေအိမ် ချိတ်ပိတ်ခံရမှုဟာ သူနာပြုလောကအတွင်း ပထမဦးဆုံးဖြစ်ပြီး ယခုလို လုပ်ဆောင်မှုသည်တရားမမျှတမှုမရှိတဲ့အပြင် ယခုလိုလုပ်ဆောင်မှုအတွက် ပြန်လည်တုံ့ပြန်မှုများ ပြုလုပ်ခံရမည်ဖြစ်ကြောင်း သူနာပြုသားဖွာကောင်စီ(ယာယီ)အဖွဲ့မှ အသိပေးထားပါတယ်။ ဒွ့အပြင် ဒီဇင်ဘာ ၂၀ ရက်နေ့ကလည်း မန္တလေးမြို့တွင်နေထိုင်တဲ့ သူနာပြုသားဖွားဆရာမတစ်ဦးကို မြန်မာစစ်တပ်လက်အောက်ခံအဖွဲ့မှ ဖမ်းဆီပြီးနောက် ပြန်လွတ်ပေးခဲ့ကာ ဦးလေးတော်စပ်သူကို ထပ်မံဖမ်းဆီးသွားကြောင်း ဖမ်းဆီးခံရတဲ့သူနာပြုဆရာမရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
"ဆရာမကိုပေါ့ အိမ်ကိုလာပြီးတော့ကိုဖမ်းတာပါ။ အင်အားအများကြီးနဲ့ဝင်စီးတာပါ။ နောက်တော့ ဆရာမကိုပြန်လွှတ်ပေးလိုက်တယ်။ ဦးလေးကိုထပ်ပြီး ဖမ်းခေါ်သွားတယ်။ ဘာအမှုနဲ့ဖွင့်နေတာလဲတော့ မသိရသေးဘူး”လို့ အဆိုပါမိသားစုဝင်က ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလမှစတင်ပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)ပြုလုပ်တဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ရာဇသတ်ကြီးပုဒ်မ- ၅၀၅(က)အပြင် နှစ်လစာအတိုးမဲ့ကိုဗစ်ချေးငွေများရယူထားသူများကို နိုင်ငံဘဏ္ဍာ အလွဲသုံးစွဲမှုဖြင့် တရားစွဲဆိုရန်ရှိနေကြောင်း စစ်ကောင်စီနှင့်နီးစပ်သည့်သတင်းများအရ သိရပါတယ်။စစ်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်သည့် ကျန်းမာရေးဝန်ထမ်းအင်အား တစ်သိန်းကျော်ခန့်ရှိနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကျန်းမာရေးဝန်ကြီးဌာနကဆိုပါတယ်။စစ်ကောင်စီမှဖမ်းဆီးမှုများကြောင့် CDM သူနာပြုနှင့်နီးစပ်တဲ့ မိသားစုဝင်များ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရကာ အချို့မှာပြန်လည်လွတ်မြောက်လာခဲ့ပြီး သေဆုံးသူအရေအတွက် ၁၁ ဦးအထိ ရှိနေပါတယ်။
========================
📌📌လားရှိုး ဟိုနားကျေးရွာ တရွာလုံး အစားအသောက် ခက်ခဲ
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် ဟိုနားကျေးရွာတွင် ကိုဗစ် ၁၉ ကာလနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် တရွာလုံးနီးပါး စားဝတ်နေရေး ခက်ခဲလာပြီး ထမင်းနပ်မှန်တောင် မစားရတဲ့အခြေအနေထိ ရှိနေကြောင်း ဒေသခံတွေပြောပြချက်အရသိရပါတယ်။
ဟိုနားကျေးရွာတွင် အိမ်ခြေ ၁၀၀ နီးပါးရှိပြီး ဝါးဖြင့် ဖျာယက်လုပ်ငန်းကို အဓိက လုပ်ကိုင်ကြတာဖြစ်ပြီး ဝယ်ယူသူနည်းပါးလာသောကြောင့် စားဝတ်နေရေးအတွက် အလှူရှင်များကို အားကိုးလာရကြောင်း သိရပါတယ်။
“ရွာက အရင်ကတည်းက အဆင်မပြေဘူး။ အရင်ကတည်းက ဝါးဖျာယက်လုပ်ပြီး ရောင်းကြတာလေ။ အခု နိုင်ငံရေးရော ကိုဗစ်ရောဆိုတော့ ပိုဆိုးသွားတယ်။ ထမင်းတောင် နပ်မမှန်တော့ဘူး” လို့ ဟိုနားကျေးရွာဒေသခံတွေကို ကူညီပေးနေသည့် ကျောင်းဆရာတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ ဝင်ငွေမရှိတဲ့အတွက် ထမင်းနပ်မှန်မစားရကြောင်း၊ ဆောင်းရာသီရောက်ရှိတဲ့အတွက် အနွေးထည်တွေလည်း လိုအပ်နေကြောင်း ဟိုနားကျေးရွာမှ ကျောင်းဆရာက ဆိုပါတယ်။ဟိုနားကျေးရွာသည် မိုင်းယော်တိုက်နယ်ထဲတွင် တည်ရှိပြီး မြို့နှင့် ၂၅ မိုင်ခန့်ကွာဝေးကာ လမ်းပန်းဆက်သွယ်ရေး လည်း ခက်ခဲမှုများစွာရှိကြောင်း သိရပါတယ်။“မြို့နဲ့ဝေးတယ်။ လမ်းတွေလည်း ဆိုင်ကယ်သွားလို့ရတဲ့လမ်းတွေဘဲ။ လမ်းလည်းကြမ်းတာပေါ့။ သူတို့ရွာက တောင်ပေါ်မှာရှိတာလေ။ လမ်းတွေခက်တယ်။ အရင်က ရေတွေလည်း မရှိဘူး။ အခုတော့ အလှူရှင်တွေ နည်းနည်းရလာတော့ သောက်ရေတွေလည်းရရှိလာပြီ” လို့ ၎င်း ကျောင်းဆရာက ပြောပါတယ်။ဟိုနားကျေးရွာတွင် အပေါ်ရွာနှင့် အောက်ရွာပေါင်း အိမ်ခြေ (၁၀၀)နီးပါးရှိကြောင်း သိရပါတယ်။
ကိုဗစ် ၁၉ တတိယလှိုင်းဒဏ်နှင့် နိုင်ငံရေးအခြေအနေကြောင့် ပြည်သူများ စားဝတ်နေရေး ခက်ခဲကြသည့်အပြင် မြို့ပြနှင့်ဝေးသည့် ကျေးရွာ ဒေသခံများသည် သာမန်ပြည်သူများထက် ၂ ဆ ပိုမိုခက်ခဲ ကြပ်တည်းလာကြောင်း သိရပါတယ်။
========================
📌📌ကလေးမြို့ စီးစံရွာအနီး တိုက်ပွဲတွင် စကစနှင့် PDF တို့ နှစ်ဖက်အကျအဆုံးရှိ၊ စကစတပ်က ရွာရှိနေအိမ်အချို့ကို မီးရှို့
ဒီဇင်ဘာ ၂၀ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ စီးစံရွာအနီးတွင် စစ်ကောင်စီတပ်နဲ့ PDF ကလေး ၊ CNDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်စလုံး ထိခိုက်ကျဆုံးမှုရှိကြောင်း သိရပါတယ်။
ဒီဇင်ဘာ ၂၀ ရက်နေ့မနက်က စစ်ကောင်စီတပ်သည် ကလေးPDF တပ်ရင်း ၅ ရဲ့ စခန်းဟောင်းတစ်ခုကို ဝင်ရောက်မီးရှို့ခဲ့ပြီးနောက် မနက် ၁၀ နာရီခန့်တွင် စီးစံကျေးရွာအနောက်ဘက် ဆုတောင်းကုန်းအနီး၌ တိုက်ပွဲ ၁ ကြိမ်၊ မွန်းလွဲ ၃ နာရီခန့်တွင် စီးစံရွာအပြင် သင်္ချိုင်းအနီးတွင် တိုက်ပွဲ ၁ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ကလေး PDF က သတင်းထုတ်ပြန်ထားပါတယ်။
ယင်းနောက် စစ်ကောင်စီတပ်သည် စီးစံရွာအတွင်း ဝင်းရောက်တပ်စွဲလိုက်ပြီး နေအိမ် ၂ လုံးကို မီးရှို့ခဲ့ကြောင်း၊ ယင်းအပြင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ကြောင့် စီးစံရွာမှ နေအိမ် ၂ လုံး၊ ဆင်တောရွာမှ နေအိမ် ၂ လုံးတို့ မီးလောင်ပျက်စီးခဲ့ကြောင်း ၊ ည ၈ နာရီခန့်တွင် ရွာအတွင်းတပ်စွဲထားသော စစ်ကောင်စီတပ်ကို သွားရောက်ပစ်ခတ်ရာမှ တိုက်ပွဲတစ်ကြိမ် ထပ်မံဖြစ်ပွားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ကဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၂ ဦး ၊ ကလေး PDF တပ်ရင်း ၆ တပ်ဖွဲ့ဝင် ၁ ဦးတို့ သေဆုံးခဲ့ကြောင်း၊ ကလေး PDF တပ်ဖွဲ့ဝင် ၁ ဦး CNDF တပ်ဖွဲ့ဝင် ၁ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဆိုပါတယ်။ လက်ရှိတွင် စီးစံရွာအပါအဝင် အနည်းဆုံး ရွာ ၆ ခုမှ ဒေသခံပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံအချို့ထံမှ သိရပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment