ဒီဇင်ဘာလ ၂၄ ရက်နေ့ နေ့လည်ခင်း ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌လေးကေ့ကော်နဲ့ ဖလူးဒေသကို စစ်ကောင်စီက လေယာဥ်ဗုံးကျဲ တိုက်ခိုက်ခဲ့တဲ့သတင်း
📌ကလေးမြို့နယ် နတ်ချောင်းကျေးရွာကို အကြမ်းဖက်စစ်တပ်က စစ်ရဟတ်ယာဉ်များနဲ့ပစ်ခတ်ပီး ရွာလုံးကျွတ်မီးရှို့
📌မွန်ပြည်နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးရဲ့နေအိမ်ကို စစ်ကောင်စီကချိတ်ပိတ်
📌NU - KNLA သိမ်းပိုက်ခဲ့ကြတဲ့ ကြသောင်းဆိပ်တပ်စခန်းမှာ အာဏာသိမ်းတပ်များပြန်လည်တပ်စွဲရာမှ စစ်ရေးပြန်လည်တင်းမာ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌လေးကေ့ကော်နဲ့ ဖလူးဒေသကို စစ်ကောင်စီက လေယာဥ်ဗုံးကျဲ တိုက်ခိုက်ခဲ့တဲ့သတင်း
လေးကေ့ကော်နဲ့ စစ်ဘေးရှောင်အများအပြားရှိရာ ဖလူးဒေသကို စစ်ကောင်စီက လေယာဥ်ဗုံးကျဲတိုက်ခိုက်ခဲ့ပါတယ်။ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ စတင်ခဲ့တဲ့ စစ်ကောင်စီနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ ၂ ဘက် တိုက်ပွဲများပြင်းထန်ခဲ့ပြီးနောက်မှာတော့ စစ်ဘေးရှောင်အမြောက်အများလည်း လေယာဥ်ဗုံးကျဲမှာကို စိုးရိမ်စိတ်နဲ့ ဘေးလွတ်ရာဒေသတွေကိုပြောင်းရွေ့နေခဲ့ကြတာပါ။ ဒီဇင်ဘာလ ၂၃ ရက်နေ့ ည ၁၀ နာရီ ၁၅ မိနစ်မှာတော့ စစ်လေယာဥ်ဖြင့်ဗုံးကျဲတိုက်ခိုက်မှုတွေကို အာဏာသိမ်းစစ်ကောင်စီဘက်က စတင်လိုက်ပါတယ်။ ကရင်ပြည်နယ် KNU တပ်မဟာ ၆ နယ်မြေ လေးကေ့ကော်ဒေသ လေးကာဘော်ရှိ KNLA စခန်းကုန်းကို လေကြောင်းဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြပါတယ် လေးကေ့ကော်အမြှောက်ကုန်းပေါ်မှာ စစ်ကောင်စီဘက်က တပ်မမှုးပိတ်မိနေခဲ့တာ ၁၅ ရက်နေ့ နောက်ပိုင်းတည်းကဖြစ်ကြောင်းနဲ့ အဲ့တပ်မမှုးကိုပြန်ထုတ်နိုင်ဖို့အတွက် လွန်ခဲ့တဲ့ရက်တွေတည်း လေးကေ့ကော်ကို ဝင်ဖို့ကြိုးစားနေတာဖြစ်တယ်လို့ စစ်မြေပြင်နဲ့ နီးစပ်သူတစ်ဦးဖြစ်တဲ့ PDF တပ်ဖွဲ့မှ ကိုဇေယျာလွင်က လူမှုကွန်ယက်မှာရေးသားထားပါတယ်။
ပြည်သူအများထိတ်လန့်နေတဲ့အတိုင်းဖြစ်လာပြီးနောက်မှာတော့ ဗုံးကျဲသတင်းတွေဟာ လူမှုကွန်ရက်ပေါ်မှာ ချက်ချင်းပဲ ပြန့်နှံ့သွားပြီး အချင်းချင်း သတိပေးသံ၊ ဆုတောင်းသံတွေ ပေါ်ထွက်လာပါတယ်။ လေးကေ့ကော်မှာ အများကြီးကျဲချတယ် မယ့်ထော်သလေး၊ မေတ္တာလင်းမြိုင်မှာလည်းကျဲတယ်၊ ကော့ကရိတ်ဘက်လည်းအမြှောက်တွေနဲ့ပစ်နေပြီလို့ KNLA နဲ့နီးစပ်တဲ့ ဒေသခံ တစ်ဦးကပြောပါတယ်။ စစ်ကောင်စီတပ်များဟာ အထိနာခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့ ကစလို့ နေ့စဥ် စစ်အင်အားတို့ချဲ့နေခဲ့ပြီး ၄င်းတို့ရဲ့ စစ်ကြောင်းလှုပ်ရှားမှု သတင်းအားလုံးကိုလည်း ပြည်သူတွေစီက အချိန်နဲ့အမျှ သတင်းထွက်ပေါ်နေခဲ့ပါတယ်။ ဒီဇင်ဘာလ ၂၃ ရက်နေ့ လေယာဥ်ဗုံးကျဲတဲ့ညမှာပဲ ကော့ကရိတ်ကနေ အာရှလမ်းဟောင်းအတိုင်းမှာလည်း မြဝတီဘက်ကို ဒီည စစ်ကား အစီး ၄၀ တက်သွားတယ်လို့ နယ်မြေခံ သတင်းပေးပို့သမားတွေစီကနေသိရပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေကို မြေပြင်တိုက်ပွဲတိုင်းမှာ အထိနာနေကျ အာဏာသိမ်းစစ်တပ်ဟာ လေကြောင်းကနေ ဗုံးကျဲမည့်ရန်ကို KNU, KNLA ကကြိုတင်သိထားပါတယ်။ ထိုင်းမြန်မာနယ်စပ်နားက လေးကေ့ကော်ဒေသမှာ လေကြောင်းပျံသန်းမှုကင်းမဲ့ Zone အဖြစ် သတ်မှတ်ပေးဖို့ UN ကို KNU တောင်းဆိုနေတဲ့ကြားမှာပဲ အခုလိုစစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာပါ။
========================
📌📌ကလေးမြို့နယ် နတ်ချောင်းကျေးရွာကို အကြမ်းဖက်စစ်တပ်က စစ်ရဟတ်ယာဉ်များနဲ့ပစ်ခတ်ပီး ရွာလုံးကျွတ်မီးရှို့ခဲ့ကြပါတယ်
ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ စစ်ကိုင်းတိုင်း ကလေး-ဂန့်ဂေါ လမ်းပိုင်းရှိ နတ်ချောင်းကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများပြင်းထန်ခဲ့ပါတယ်။ ထို့နောက်မှာတော့ မွန်းလွဲပိုင်းမှာ Mi35p အမျိုးအစား တိုက်ခိုက်ရေးရဟတ်ယာဉ်များရောက်ရှိလာပီး ရွာသူရွာသားများအပေါ် လေကြောင်းမှပစ်ခတ်တိုက်ခိုက်ခဲ့ကြပါတယ်။ ထိုသို့ပစ်ခတ်မှုကြောင့် ဒေသခံကာကွယ်ရေးတပ်များ ဆုတ်ခွါစဉ်မှာပဲ အာဏာသိမ်းတပ်များဟာ ညနေ ၅ နာရီကျော်အချိန်မှစလို့ရွာလုံးကျွတ်မီးရှို့ခဲ့ကြပါတယ် "နတ်ချောင်းမှာ ပိတ်မိနေသူတွေ ရှိတယ်၊ ထိကုန်ပြီ၊ ဘုန်းကြီးကျောင်းတွေပါ ထိကုန်ပြီ၊ အသေအပျောက်တော့ မသိသေးဘူး" ဟု ဒေသခံတစ်ဦးကအခင်းဖြစ်ပွားစဉ်နေ့က ပြောပါတယ်
"တိုက်ပွဲဖြစ်ပြီးတော့ စစ်ကောင်စီဘက်က စနိုက်ပါသမား ၁ ယောက် ဒီဘက်က ပစ်တာခံရပြီး သေတယ်၊ အဲဒီမှာတင် နတ်ချောင်းရွာထဲကို ရဟတ်ယာဉ်နဲ့ ပစ်တော့တာ၊ ပြည်သူအချို့ ထိခိုက်တာရှိတယ်လို့ ကြားတယ်၊ အတိအကျတော့ မသိဘူး" ဟု ဒေသခံသတင်းရင်းမြစ်မှတဆင့်သိရပါတယ်။
နတ်ချောင်းကျေးရွာအတွင်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့သော အကြမ်းဖက်စစ်ကောင်စီ၏ Mi35p ရဟတ်ယာဉ်ဟာ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်ခန့်မှာတော့ ကလေးမြို့လေဆိပ်ကို ဆင်းသက်ခဲ့ပါတယ်။ ဒီဇင်ဘာလ ၂၂ ရက်နေ့က နတ်ချောင်း နတ်မြောင်းနဲ့ချောင်းဂွကျေးရွာတို့မှာ ရွာခံတွေကို ဖမ်းဆီးစစ်ဆေးတာ ရိုက်နှက်တာတွေလုပ်ခဲ့ပြီးနောက် ဒေသခံ PDF တွေက ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ ပြန်လည်ပစ်ခတ်ခဲ့ရာကစပီး ခုလိုစစ်ရဟတ်ယာဥ်တွေကို အသုံးပြုလာတာပါ။ ကလေးမြို့နယ် ၊တောင်ပိုင်းရှိ နတ်ချောင်း၊ နတ်မြောင်း၊ ချောင်းခွ ကျေးရွာတွေမှာ စစ်ကောင် စီတပ်တွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်နေ့ ကနေပြီး ဒီဇင်ဘာလ ၁၆ ရက်နေ့ အထိကျေးရွာ ဘုန်ကြီးကျောင်းများ ဘာသာရေး အဆောက်အအုံများမှာ တပ်စွဲနေခဲ့ပါသေးတယ်။ ဒီဇင်ဘာလ ၁၆ ရက်နေ့မှာတော့ ကလေး ဂန့်ဂေါ်လမ်းပေါ်က ဂန့်ဂေါ်မြို့နယ်အတွင်းရှိ နမ်းခါးကျေးရွာကို စစ်ရဟတ်ယာဥ်နှစ်စီးနဲ့ ပြောင်းသွားခဲ့ကြတာလို့ဆိုပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ ဒေသခံခုခံတော်လှန်သောတပ်ဖွဲ့များရဲ့ဝိုင်းဝန်းချေမှုန်းခြင်းကို မြေပြင်မှာခံရလေ့ရှိတာကြောင့် ခုလို စစ်ရဟတ်ယာဉ်များနဲ့ အသာစီးယူတိုက်ခိုက်လေ့ရှိပါတယ်။ တပ်ပြောင်းရွှေ့သွားတဲ့ ရဟတ်ယာဉ်တွေဟာ ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ဒီဇင်ဘာလ ၂၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်များဟာ ၎င်းတို့တပ်စွဲနေတဲ့ နတ်ချောင်းစာသင်ကျောင်းထဲကနေပီး ရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေလုပ်ခဲ့ကြပါသေးတယ်
ကလေးမြို့တောင်ပိုင်း ကလေး ဂန့်ဂေါ်လမ်းဘေးက ရွာတွေဖြစ်တဲ့ နတ်ချောင်း နတ်မြောင်း ချောင်းဂွရွာတွေအနီးမှာ ထိတွေ့တိုက်ပွဲများ ၅ ကြိမ်ခန့်ရှိခဲ့ပီး ဖုန်းနဲ့ အင်တာနက်တွေကိုတော့ ဒီဇင်ဘာလ ၂၂ ရက်နေ့ကတည်းက အဆိုပါဒေသမှာ ဖြတ်တောက်ထားခဲ့ကြောင်း သိရပါတယ်။
========================
📌📌မွန်ပြည်နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးရဲ့နေအိမ်ကို စစ်ကောင်စီကချိတ်ပိတ်ခဲ့ကြပါတယ်
ပေါင်မြို့နယ် ပေါင်းရပ်ကွက်ရှိ nld ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးနေအိမ်အား ဒီဇင်ဘာလ ၂၂ရက်နေ့က အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံများလာရောက်ပီး ချိတ်ပိတ်သွားပါတယ် ။ စစ်ကောင်စီလက်အောက်ခံအဖွဲ့များက လာရောက်စဉ်မှာ ဦးဇော်ဇော်ထူးဟာ နေအိမ်မှာမရှိတဲ့ကြောင်း ထို့နောက်မှာ၎င်းတို့အဖွဲ့များက ဒီအိမ်ကို နိုင်ငံတော်ကသိမ်းတယ်ဆိုတဲ့စာများ လာကပ်သွားတာဖြစ်ကြောင်း ဒေသခံများကပြောပါတယ်
အလားတူ မွန်ပြည်နယ် ကျိုက်ထိုမြို့ မြောက်ပိုင်းရပ်ကွက်ရှိ မွန်ပြည်နယ် nld ဥက္ကဌဖြစ်သလို ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဒေါက်တာခင်ဆောင်ရဲ့ နေအိမ်ကိုလည်း ဒီဇင်ဘာလ ၂၂ ရက်နေ့မှာပဲ လာရောက်ချိတ်ပိတ်ခဲ့ပါတယ်။ မွန်ပြည်နယ်မှာကဲ့သို့ပဲ အခြားသောပြည်နယ်နှင့် တိုင်းများမှာလည်း NLD ခေါင်းဆောင်များနေအိမ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များနဲ့ဆက်စပ်သည်ဆိုကာ စစ်ကောင်စီဘက်ကလိုက်လံဖမ်းဆီးလေ့ရှိပါတယ်။အိမ်မှာနေထိုင်မရဲဘဲ ထွက်ပြေးတိမ်းရှောင်သွားသူ လွှတ်တော်ကိုယ်စားလှယ်များရဲ့ အိမ်ကို အခုလိုပဲ လိုက်လံ ချိတ်ပိတ်ကြောင်းစာတန်းများလာရောက်ကပ်ဆွဲပီးပိတ်ပစ်နေကြပါတယ် မွန်ပြည်နယ်က ဒေါက်တာခင်ဆောင်နှင့် ဦးဇော်ဇော်ထူးတို့အပါအဝင် အခြားသော လွှတ်တော်ကိုယ်စားလှယ်အချို့ကိုလည်း စစ်ကောင်စီကရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် စွဲဆိုအမှုဖွင့်ထားပါတယ် ။ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များဟာ စစ်တပ်အာဏာသိမ်းယူခံရပီးကတည်းက နေအိမ်များမှာ မနေရဲကြတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေခဲ့ကြတာဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်ဆောင်နှင့် ဦးဇော်ဇော်ထူးတို့နှစ်ဦး နေအိမ်ချိတ်ပိတ်ခံရတဲ့ဖြစ်စဉ်ဟာ မွန်ပြည်နယ်တွင်းမှာတော့ ပထမဆုံးဖြစ်တယ်လို့ သိရပါတယ်။
========================
📌📌NU - KNLA သိမ်းပိုက်ခဲ့ကြတဲ့ ကြသောင်းဆိပ်တပ်စခန်းမှာ အာဏာသိမ်းတပ်များပြန်လည်တပ်စွဲရာမှ စစ်ရေးပြန်လည်တင်းမာနေပါတယ်
လွန်ခဲ့တဲ့ ဒီဇင်ဘာလ ၁၇ ရက်နေ့ မနက် ၆ နာရီမှာ KNLA တပ်မဟာ (၁)၊ တပ်ရင်း(၁)နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက ကြသောင်းဆိပ်ကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ BGF-၁၀၁၃ တပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ပီး ည ၉ နာရီ ၃၀ မိနစ်လောက်မှာတော့ စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြတာဖြစ်ပါတယ်။
အဆိုပါစခန်းသိမ်းတိုက်ပွဲမှြ ဖမ်းဆီးရမိတဲ့ BGF တပ်ဖွဲ့ဝင် ၃၀ ဦးကို ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) က စစ်ကောင်စီတပ်ဖွဲ့ လေးကေစခန်းကို လက်နက်တွေနဲ့ ပြန်လည်ပို့ဆောင်ပေးခဲ့တာမို့ ကရင်လူထုကြား ဝေဖန်မှုများ မကျေနပ်မှုများ မြင့်တက်ခဲ့ရပါသေးတယ်။ ပြန်လွှတ်ပေးခဲ့သူတွေထဲမှာ စစ်ကောင်စီလက်အောက်ခံ BGF ၁၀၁၃ (တစ်သုညတစ်သုံး ဟုဖတ်ပါရန်) စခန်းမှူးဗိုလ်ကတုံးလည်းပါဝင်ပါတယ်။
ဒီလုပ်ရပ်ဟာ KNLA တပ်မဟာ ၁ ရဲ့ ဂုဏ်သိက္ခာကျဆင်းစေပြီး ညှိနှိုင်းပြီးပြန်လွှတ်ရင်တောင်မှ လက်နက်တွေနဲ့အတူ ပြန်မပို့သင့်ဘူးလို့ ပြောနေကြပါတယ်။
ဒီဇင်ဘာလ ၁၇ ရက်နေ့ဖြစ်စဉ် အဆိုပါ တိုက်ပွဲအတွင်းမှာ KNLA က အသက် ၁၈ နှစ်အရွယ် ဗိုလ်သင်တန်းဆင်း လူငယ်တစ်ဦး ကျဆုံးခဲ့ရပီး ၃ ဦးဒဏ်ရာရခဲ့ပါတယ်။ အောင်ပွဲခံခဲ့တဲ့ KNLA ပူးပေါင်းတပ်ဖွဲ့များကို ဒေသခံကရင်လူထုက ဒီဇင်ဘာလ ၁၉ ရက် မနက် ၁၀ နာရီအချိန်က သောင်းသောင်းဖြဖြ ပန်းကုံးစွပ်ကူညီခဲ့ကြတဲ့ မှတ်တမ်းဓာတ်ပုံတွေလည်းလူမှုကွန်ရက်ပေါ်ပြန့်နှံ့ခဲ့ကြတာပါ။ အခုတော့ KNLA တွေ သိမ်းပိုက်မီးရှို့ပစ်ခဲ့ကြရာ ကြသောင်းဆိပ်တပ်စခန်းကို ဒီဇင်ဘာာလ ၂၁ ရက်နေ့ ညပိုင်းအချိန်မှာ စစ်ကောင်စီနှင့် ပူးပေါင်းတပ် BGF တို့ဟာ အင်အား ၇၀ ခန့်နဲ့ ပြန်လည်တပ်စွဲလာနေပါပီ။ "စစ်ကောင်စီ အဖွဲ့တွေ ပြန်ရောက်နေတာဟုတ်တယ်။ ခု ဘုန်းကြီးကျောင်းမှာ နေရာချနေနေသေးတယ်။ သူတို့ဘက်က လှုပ်ရှားလာတာနဲ့ တိုက်ပွဲတွေ ထပ်ဖြစ်မယ့် အခြေနေပါ။ သူတို့ဘက်က ဘာဆက်လုပ်လာမလဲဆိုတာ စောင့်ကြည့်နေပါတယ်။ ခုသူတို့တွေ ပြန်ရောက်လာတာက သူတို့စခန်းကို မရုပ်သိမ်းချင်လို့ ပြန်ရောက်လာတာလို့မြင်တယ်။ သူတို့ပြန်ရောက်လာတော့ ဒေသခံတွေက စိုးရိမ်နေကြတယ်'' စစ်ရေးအသင့် ပြင်ဆင်ထားတဲ့အကြောင်း KNU တပ်မဟာ (၁) တာဝန်ရှိသူ တစ်ဦးကပြောသွားတာပါ။ ပတ်ဝန်းကျင်တဝိုက်မှာနေထိုင်ကြတဲ့ ဒေသခံတွေကတော့ တိုက်ပွဲတွေ ပြန်ဖြစ်လာမှာကိုစိုးရိမ်ပီး ဘေးလွတ်ရာကို ထွက်ပြေးနေကြပီလည်းဖြစ်ပါတယ် ကြသောင်းဆိပ် တပ်စခန်းဟာ စစ်ရေးအရ အရေးပါတဲ့ တပ်စခန်း တစ်ခု ဖြစ်ပြီး၊ စစ်ကောင်စီတပ်ဖွဲ့တွေ ရိက္ခာပို့တာနဲ့ တပ်အပြောင်းအလဲ ပုံမှန်လုပ်နေတဲ့ တပ်စခန်းတစ်ခုလည်း ဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့လက်အောက်ခံအဖြစ် ခိုလှုံဝင်ရောက်ခဲ့တဲ့ ကရင့်လက်နက်ကိုင်အဖွဲ့ BGF ဟာ ကရင်လူထုအကြား နာမည်ဆိုးများဖြင့်ကျော်ကြားပါတယ်။ အာဏာသိမ်းပီးနောက်ပိုင်း စစ်ကောင်စီဟာ KNLA တပ်ဖွဲ့များကို တိုက်ခိုက်ဖို့ ကရင်အချင်းချင်းတိုက်ခိုက်ဖို့ BGF တပ်ဖွဲ့များကိုအားကိုးပီး ရှေ့တန်းကိုပို့လွှတ်လေ့ရှိပါတယ်။ လေးကေကော်မှာ စစ်ကောင်စီက အကြမ်းဖက်ဝင်ရောက်ဖမ်းဆီးရာမှ ပြင်းထန်ခဲ့တဲ့တိုက်ပွဲများနောက်ပိုင်း ကရင့်လက်နက်ကိုင်များကြား စည်းလုံးညီညွတ်ဖို့
ကရင့်တော်လှန်ရေးတပ်ဖွဲ့များ ပေါင်းစည်းပီး စစ်ကောင်စီကိုတော်လှန်ဖို့ ကရင်ပြည်သူတွေကြား တိုက်တွန်းနှိုးဆော်မှုတွေ ပိုမိုမြင့်တက်လာနေပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment