15th JAN 2022 - Evening Daily News by Radio NUG

၂၀၂၂ ဇန်နဝါရီလ ၁၅ ရက်နေ့ ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ရောင်းချနေတဲ့ ငွေတိုက်စာချုပ် (Bond) တွေကို ပြန်လည်ဝယ်ယူလို့ရနေပြီ
📌ရန်ကုန်အပါအဝင် မြို့တွေမှာ စစ်တပ်၊ရဲနဲ့ ထွေအုပ်တွေ စီးပွားရေးလုပ်ငန်းတွေဆီက ဆက်ကြေးကောက်၊ လောင်းကစားနဲ့ပြည့်တန်ဆာလုပ်ငန်းတွေကို လိုင်းကြေး ယူခွင့်ပြုမှုတွေကြောင့် နေ့ချင်း ညချင်း ချမ်းသာလာကြ
📌မုံရွာ-ယာကြီး-ကလေးဝ ကားလမ်း အသုံးမပြုရန် ဒေသခံ ကာကွယ်ရေးအဖွဲ့ ထုတ်ပြန်

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ရောင်းချနေတဲ့ ငွေတိုက်စာချုပ် (Bond) တွေကို ပြန်လည်ဝယ်ယူလို့ရနေပြီ

အခြေအနေအရပ်ရပ်အရ အရင်လို အထူးတလည် ကြော်ငြာပြီး မရောင်းခဲ့ပေမယ့် ပြန်လည်ရောင်းချပြီး ၂ ပတ်တာအတွင်းမှာ အမေရိကန် ဒေါ်လာ ၃.၆ သန်းနီးပါး ရောင်းချနိုင်ခဲ့ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ၊စီမံကိန်းဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၏ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်၏ လူမှုကွန်ယက်စာမျက်နှာ FB မှာရေးသားထားတာကိုတွေ့ရပါတယ်။
ဒါ့အပြင် ရောင်းရငွေအားလုံးကို ကြာရှည်စွာထိန်းသိမ်းမထားဘဲ တော်လှန်ရေးအောင်စိတ်အပြည့်နဲ့ စိတ်ပိုင်းဖြတ်ယုံကြည်စွာ ဝယ်ယူသူတွေ မျှော်လင့်တိမ်းညွှတ်သော ရည်ရွယ်ရာဆီကို စနစ်တကျ ပေးပို့စီမံခန့်ခွဲလျက်ရှိတာကြောင့် အရင်ကထက် ပိုမိုထိရောက်တဲ့ တော်လှန်ရေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်နေပြီလည်း ဖြစ်ပါတယ်။
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက "ပြည်သူတွေ အားထည့်ဝယ်ယူထားတဲ့ တစ်ကျပ်တစ်ပြားကစလို့ လုံးဝ အလဟဿမဖြစ်သလို အလေလွင့်အဆုံးအရှုံးလည်း မရှိဘူးဆိုတာကို တော်လှန်ရေးသစ္စာနဲ့ ကျနော်တို့လုံးဝ တာဝန်ယူ/ တာဝန်ခံပါတယ်။ အကြောင်းကြောင်းကြောင့် ကျယ်ပြန့်စွာ (အတတ်နိုင်ဆုံး) ချင့်ချိန်ပြီး ပွင့်လင်းမြင်သာစွာ အသိပေးချပြနိုင်ခြင်း (လတ်တလော) မရှိနိုင်သေးတာကိုလည်း နားလည်ခွင့်လွှတ်ပေးနိုင်ကြမယ်လို့ မျှော်လင့်ယုံကြည်မိပါတယ်။ သေချာတာ တစ်ခုကတော့ ငွေတိုက်စာချုပ် ဝယ်ယူမှုဟာ တော်လှန်ရေးအတွက် ထိရောက်တဲ့ အရွေ့တစ်ခုကို ဆောင်ကျဉ်းပေးလာနေပါပြီဆိုတဲ့ အချက်ပါပဲ။ ကျနော်တို့မျိုးဆက်များအတွက်... မြန်မာ့မြေပေါ်က အကြမ်းဖက်စစ်အာဏာရှင်စနစ် လုံးဝချုပ်ငြိမ်းပျောက်ကွယ် သွားစေရေးအတွက်... အဓိကလိုအပ်ချက်ဖြစ်တဲ့ ဘဏ္ဍာရန်ပုံငွေ ရရှိစေရန် ငွေတိုက်စာချုပ်များကို စွမ်းသမျှ ဝယ်ယူပေးကြပါလို့ လေးနက်စွာ အထူးမေတ္တာရပ်ခံ တိုက်တွန်းလိုပါတယ်" လို့ လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် ပြည်သူထံပန်ကြားထားတာကိုလည်း တွေ့ရပါတယ်။
ဒါ့အပြင် နိုင်ငံတကာရှိ ငွေတိုက်စာချုပ် အရောင်းကိုယ်စားလှယ် - တော်လှန်ရေးအင်အားစုများ၏ စာရင်းကို ဇန်နဝါရီလ (၁၅) ရက်နေ့မှာ ကြော်ငြာပေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
"တချို့ အရောင်းကိုယ်စားလှယ်တွေကတော့ အခြေအနေအရ-သက်ဆိုင်ရာနိုင်ငံတွေရဲ့ အကန့်အသတ်တွေအရ ပေါ်ပေါ်တင်တင် ကိုယ်စားလှယ်အဖြစ် မကြော်ငြာနိုင်သည့်တိုင် မိမိတို့ယခင်က ယုံကြည်ရင်းစွဲရှိခဲ့သူတွေဖြစ်ခဲ့လျှင်လည်း စိတ်ချလက်ချ ဆက်လက်ဝယ်ယူနိုင်ပါတယ်။ ဒါကြောင့် အဆိုပါ ကိုယ်စားလှယ်တွေထံသို့ ယုံကြည်စွာဆက်သွယ်ပြီး မိမိတို့ ပါဝင်နိုင်သမျှဝယ်ယူပေးကြပါလို့ ထပ်လောင်း မေတ္တာရပ်ခံပန်ကြားအပ်ပါတယ်။" လို့လည်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားထားပါတယ်။
မိဘပြည်သူများအနေနဲ့ မြန်မာ့နွေဦးတော်လှန်ရေး တစ်နှစ်တာပြည့်မြောက်တော့မယ့်အချိန်အထိ သွေးအေးမသွားပဲ စစ်အာဏာရှင်ကို ဆက်လက်ခုခံတွန်းလှန်ရင်း တော်လှန်ရေးမှာ အဓိကကျတဲ့အခန်းကဏ္ဍတွေကို ထိထိရောက်ရောက်ထောက်ပံ့ကူညီပေးနိုင်ဖို့ NUG အစိုးရရဲ့ ငွေတိုက်စာချုပ်များကို စိတ်ချယုံကြည်စွာ ဝယ်ယူအားပေးကြဖို့ လိုအပ်လျက်ရှိနေကြောင်းရေးသားထားပါတယ်။
ဒါ့အပြင် ကိုရီးယားနိုင်ငံမှမြန်မာအလုပ်သမားဖူလုံရေးစင်တာ အနေနဲ့လည်း NUGရဲ့အထူးငွေတိုက်စာချုပ်ကို ဒေါ်လာ တစ်သောင်းဖိုးဝယ်ယူထားတယ်လို့လည်းသိရပါတယ်။

========================

📌📌ရန်ကုန်အပါအဝင် မြို့တွေမှာ စစ်တပ်၊ရဲနဲ့ ထွေအုပ်တွေ စီးပွားရေးလုပ်ငန်းတွေဆီက ဆက်ကြေးကောက်၊ လောင်းကစားနဲ့ပြည့်တန်ဆာလုပ်ငန်းတွေကို လိုင်းကြေး ယူခွင့်ပြုမှုတွေကြောင့် နေ့ချင်း ညချင်း ချမ်းသာလာကြ

ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာ စစ်တပ်၊ ရဲနဲ့ ထွေအုပ်တွေက စီးပွားရေးလုပ် ငန်းတွေဆီက ငွေ ကြေး အဓမ္မတောင်းခံခြင်း၊ ဆက်ကြေးတောင်းခံခြင်း၊ လောင်း ကစားနဲ့ပြည့်တန်ဆာလုပ်ငန်းတွေကို လိုင်းကြေးယူခွင့်ပြုမှုတွေ လုပ် ဆောင်နေပြီး နေ့ချင်းညချင်း ချမ်းသာလာတဲ့ရဲတွေ၊ စစ်ဗိုလ်တွေရှိနေတယ်လို့ ဒေသခံတွေကဆီ သိရပါတယ်။
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ပွဲရုံတွေဆီမှာ ဇန်နဝါရီလ ၆ ရက်နေ့ လုံခြုံရေးယူနေတဲ့ စစ်သားတချို့က ပွဲရုံတွေဆီက ငွေကြေးနဲ့ ရိက္ခာတွေ အဓမ္မလိုက်လံ ခြိမ်းခြောက်တောင်းခံခဲ့တယ် လို့သိရပါတယ်။
အရင်ကတည်းက ဘုရင့်နောင်ပွဲရုံဘက်တွေမှာ တည်းခိုခန်းတွေနဲ့ ပြည့် တန်ဆာလုပ်ငန်းတွေ ချိတ်ဆက်လုပ်ကိုင်မှုတွေရှိခဲ့ရာကနေ အခု စစ်အာ ဏာသိမ်းပြီးတဲ့နောက် အကြီးအကျယ် ပေါ်ပေါ် တင်တင် လုပ်ကိုင်လာကြတယ်လို့ ဆိုပါတယ်။
နှစ်လုံးထီ၊ သုံးလုံးထီလုပ်ငန်းတွေလည်း မရမ်းကုန်းမြို့နယ်အပါအဝင် ရန်ကုန်တိုင်း မြို့နယ်တွေမှာ လိုင်းကြေး အနည်းငယ်နဲ့ ရဲစခန်းတွေက လုပ်ခွင့်ပြုပေးနေတယ်လို့ သိရပါတယ်။
"နိုင်ငံရေး မလုပ်ရင်၊ စစ်တပ်ကို မဆန့်ကျင်ရင် ကြိုက်တာလုပ်ဆိုတဲ့သဘောပဲ။ ချဲ၊ ထီကတော့ ပေါ်ပေါ်တင်ထိုးလို့ရပြီ။ ဘုရင့်နောင်ရဲစခန်း နယ်ထိန်း ခေါင်း ဆောင် ဒုရဲအုပ်သန့်ဇင်ဦးဆိုရင် သိန်း ၁၀၀ ကျော်လောက်ပဲတန်တဲ့ Honda Fit ကားစီးနေရာကနေ အခုတော့ သိန်း ၅၀၀ လောက်တန်တဲ့ ကားနံပါတ် 1S စတဲ့မော်ဒယ်မြင့်ကားစီးနေပြီ ။ အရင်စစ်အစိုးရခေတ် ၁၉၉၉ ခုနှစ်ကာလ ပြန်ရောက်သွားသလိုပဲ" လို့ မရမ်းကုန်းမြို့နယ်မှ လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်အတွင်းမှာရှိတဲ့ သီရိမင်္ဂလာစျေး အပါအဝင် စျေးတွေဆီက ကုန်စိမ်းနဲ့ ငွေကြေးတွေ စစ်တပ်က လုယက် အဓမ္မဆက်ကြေးတောင်းခံမှုတွေ ရှိလာတယ်လို့ စျေးသည်တွေက ဆိုကြပါတယ်။
ဒါ့အပြင် ဧရာဝတီတိုင်း၊ဇလွန်မြို့နယ်၊ပကွဲရေလဲအုပ်စုခြံတန်းရွာမှာလည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုး ဝင်းရွှေ၊ ငွေသိန်းနဲ့ နယ်ထိန်းရဲ ကျော်သင်းတို့ ပူး ပေါင်းပြီး အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းလောင်းကစားဝိုင်းအာဝါဒေးပွဲတွေအကြီး အကျယ်ပြုလုပ်ပေးလျက်ရှိနေတယ်လို့ သိရပါတယ်။
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ် ငွေတော်ကြည်ကုန်းရပ်ကွက်မှာလည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ကိုတင်စိုး၊ ဆယ်အိမ်ခေါင်း ရာအိမ်မှူး သိန်းနွဲ့ ဖိုးဆန်း ပေါအောင် ညီညီ တို့ ဦးဆောင်မှုနဲ့ ရပ်ကွက် အတွင်း လောင်းကစားဝိုင်းမျး ပြုလုပ်ပေးခြင်း၊ ချဲထီ လုပ်ငန်းတွေကို လိုင်းကြေးယူခွင့်ပြုပေးနေတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ်သပြေချာင်းကျေးရွာမှာလည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဦးဝိုင်းခေါ် သိန်းတိုးလင်းက စစ်တပ်နဲ့ ပူးပေါင်းပြီး ကျေးရွာမှာရှိတဲ့ ငါးဖမ်းနှင့်စက်တပ်ယာဥ်ကို တစ်စီးကို ၁၆၅၀၀ ကျပ် ဆက်ကြေးကောက်ခံနေပါတယ်လို့ သိရပါတယ်။

========================

📌📌မုံရွာ-ယာကြီး-ကလေးဝ ကားလမ်း အသုံးမပြုရန် ဒေသခံ ကာကွယ်ရေးအဖွဲ့ ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း မုံရွာ-ယာကြီး-ကလေးဝ ကားလမ်းအား ဇန်နဝါရီလ ၁၄ ရက်နေ့မှ စတင်ကာ အသုံးမပြုရန် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။
"ဘန့်ဘွေးရွာမထဲကို (စစ်ကောင်စီ) တပ်တွေ ရောက်နေလို့ပါ၊ ဒလန်ပေါတဲ့ ရွာပါ၊ အင်အား ၁၀၀ ကျော် ၂၀၀ နီးပါးလောက်တော့ ရှိတယ်၊ အခုလို ထုတ်ပြန်တာက Mission လုပ်ရင် နှောင့်နှေးမှာကော စခ (စစ်ကောင်စီ) တွေက သိပ်ပြီးကောင်းတဲ့ ကောင်တွေ မဟုတ်ဘူးဗျ၊ ပြည်သူတွေကို နှောက်ယှက်မှာစိုးလို့ကော၊ အဲဒါကြောင့် ထုတ်ပြန်လိုက်တာပါ" ဟု ချိုမိုင်မိုင် ယင်းမာပင် ကနီ မဟာမိတ် တပ်ပေါင်းစု အဖွဲ့ တာဝန်ရှိသူက ပြောသည်။
ယခုရက်ပိုင်းအတွင်း အဆိုပါ လမ်းပိုင်းအား အသုံးမပြုရန်နှင့် အရေးကြီး ကိစ္စရှိပါက သက်ဆိုင်ရာ အဖွဲ့ အသီးသီးကို ချိတ်ဆက်သွားလာရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဘန့်ဘွေးရွာမသည် ယင်းမာပင်မြို့နှင့် မိုင်၂၀ ခန့် အကွာတွင် တည်ရှိကြောင်း သိရပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment