16th JAN 2022 - Morning Daily News by Radio NUG

၂၀၂၂ ဇန်နဝါရီလ ၁၅ ရက်နေ့ ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌တိုးတက်မှုမရသရွေ့ စစ်ခေါင်းဆောင်တွေကိုဆက်လက်ဖယ်ကျဉ်ထားဖို့ စင်္ကာပူဝန်ကြီးချုပ်က ပြောဆို
📌ဖမ်းဆီးသွားပီး ၄ ရက်အကြာမှာ စစ်ကောင်စီက အရပ်သားတဦးရဲ့ အလောင်းကို မိသားစုထံပြန်ပို့
📌ဂွမ်းဂျူးမြို့သူမြို့သားများက NUG ကို ဝမ်သိန်းတစ်ထောင် လှူဒါန်း
📌အာဏာသိမ်းအုပ်စုခေါင်းဆောင်က ကယားပြည်နယ်နေ့မှာ ငြိမ်းချမ်းရေးကမ်းလှမ်း

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌တိုးတက်မှုမရသရွေ့ စစ်ခေါင်းဆောင်တွေကိုဆက်လက်ဖယ်ကျဉ်ထားဖို့ စင်္ကာပူဝန်ကြီးချုပ်က ပြောဆိုလိုက်ပါတယ်

မြန်မာပြည်မှာ အာဏာသိမ်းခဲ့ပီးကတည်းက အာဆီယံထိပ်သီးအစည်းအဝေးမှာ စစ်အုပ်စုခေါင်းဆောင်တွေကို နိုင်ငံကိုယ်စားပြုတက်ရောက်ခွင့်မပေးခဲ့ပါဘူး။ အစည်းအဝေးမှာ မြန်မာတက်ရောက်ဖို့လုံးဝပိတ်ပင်ထားတာမျိုးမဟုတ်ဘဲ နိုင်ငံရေးနဲ့မသက်ဆိုင်တဲ့ကိုယ်စားလှယ်တစ်ဦးကိုသာဖိတ်ကြားခဲ့တာပါ။ ဒီအစဉ်အလာကို ဆက်လက်ထိန်းသိမ်းထားသင့်တဲ့အကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက စနေနေ့မှာထုတ်ပြန်လိုက်တာကို စီအန်အေသတင်းဌာနက ဖော်ပြခဲ့ပါတယ်။
အာဏာသိမ်းပီးနောက်ပိုင်း နှစ်လကျော်အကြာ အင်ဒိုနီးရှားနိုင်ငံမှာကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်တက်ရောက်ခဲ့ပီးကတည်းက အာဆီယံဘုံသဘောထား ၅ ချက် အကောင်အထည်ဖော်ဖို့ ကတိကဝတ်ရှိခဲ့ပါတယ်။ ဒါပေမယ့် လက်တွေ့အကောင်အထည်ဖော်ဆောင်မှုကင်းမဲ့ခဲ့ပီး အကြမ်းဖက် စစ်ရာဇဝတ်မှုတွေသာ တိုးမြှင့်ကျူးလွန်ခဲ့ပါတယ်။ ဒီဘုံသဘောတူညီချက်များကို လိုက်နာတိုးတက်မှုမရှိသရွေ့ မြန်မာစစ်ခေါင်းဆောင်တွေကို ထိပ်သီးစည်းဝေးမဖိတ်ရန် စင်္ကာပူဝန်ကြီးချုပ် လီရှိန်လွန်းကပြောကြားလိုက်ပါတယ်။ အာဆီယံဥက္ကဌနေရာကို ကမ္ဘောဓီးယားနိုင်ငံက အလှည့်ကျတာဝန်ထမ်းဆောင်ချိန်ကစလို့ ဝန်ကြီးချုပ် ဟွန်ဆင်ရဲ့ မြန်မာ့စစ်ခေါင်းဆောင်များအပေါ် လူရာသွင်းအလေးပေးဆက်ဆံမှုတွေဟာ အာဆီယံနိုင်ငံများကြားသာမကဘဲ ကမ္ဘာ့နိုင်ငံကြီးများအထိပါ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရပါတယ်။
ဇန်နဝါရီ ၁၄ ရက်နေ့မှာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ စင်ကာပူဝန်ကြီးချုပ်တို့ အွန်လိုင်းကနေ တွေ့ဆုံရာမှာတော့ အာဏာသိမ်းခေါင်းဆောင်တွေကို စည်းဝေးပွဲရောက်လာအောင် အလေးပေး ဖိတ်ကြားခြင်းမပြုဖို့ ခုလို ထပ်မံပြောကြားလိုက်တာလည်းဖြစ်ပါတယ်။ အွန်လိုင်းမှတဆင့် တွေ့ဆုံမှုမှာဝန်ကြီးချုပ်ဟွန်ဆန်က သူ့အနေနဲ့ အာဆီယံဥက္ကဋ္ဌအဖြစ် ဒီတစ်နှစ်အတွင်း ဦးစားပေးအစီအစဉ်တွေကိုရှင်းပြခဲ့တယ်လို့လည်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ထားပါတယ် “အာဆီယံခေါင်းဆောင်တွေက စစ်ခေါင်းဆောင်ကို ဖယ်ကျဉ်ထားဖို့ ဆုံးဖြတ်ထားပါတယ် ဒီဆုံးဖြတ်ချက်ကို ပြန်ပြီးသုံးသပ်ဖို့ဆိုတာ ဆွေးနွေးမှုတိုင်းဟာအချက်အလက်အသစ်တွေအပေါ်ပဲ အခြေခံရပါမယ်။ အာဆီယံဥက္ကဋ္ဌအနေနဲ့ စစ်တပ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးနဲ့စေ့စပ်ဆွေးနွေးဖို့လိုအပ်ကြောင်း ဝန်ကြီးချုပ်လီက အလေးပေးပြောကြားခဲ့ပါတယ်” လို့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

" အာဏာသိမ်း မြန်မာစစ်တပ်က တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့အပစ်အခတ်ရပ်စဲရေး အချက်ကို အဆိုပြုခဲ့ပေမယ့် အာဆီယံရဲ့ဘုံသဘောတူညီချက် ၅ ရပ်မှာပါတဲ့ အဓိကအချက်ကတော့ အကြမ်းဖက်မှုရပ်စဲရေးတောင်းဆိုချက်သာဖြစ်ပါတယ်။ စစ်တပ်ဟာ သူ့ရဲ့နိုင်ငံရေးအတိုက်အခံတွေနဲ့အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့အဓိက ရည်ညွှန်းတာဖြစ်တယ်" လို့လည်း ဝန်ကြီးဌာနက ထုတ်ပြန်ချက်က ထပ်လောင်းထောက်ပြပြောဆိုပါတယ်။ ဝေဖန်မှုတွေကြားမှာပဲ အာဆီယံဥက္ကဌဟွန်ဆင်ဟာ မြန်မာနိုင်ငံကို အလည်အပတ်သွားရောက်ခဲ့ပါတယ်။ ဒါပေမယ့် ပြည်တွင်းမှာတော့ မြန်မာစစ်တပ်က သူ့ရဲ့နိုင်ငံရေး ဆန့်ကျင်အင်အားစုတွေကို ပိုမိုဖိနှိပ်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ထောင်ဒဏ်များ ထပ်မံချမှတ်ခဲ့တာကို စင်္ကာပူဝန်ကြီးချုပ်အနေနဲ့ သတိပြုမိကြောင်းလည်း ဆိုပါတယ်။

သောတရှင်များခင်ဗျာ မြန်မာ့အရေးနဲ့ပက်သက်ပီး အာဆီယံရဲ့သတိထားစောင့်ကြည့်မှု တိုးမြှင့်လာနေစဉ်မှာပဲ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံအထူး ကိုယ်စားလှယ် Noeleen Heyzer နှင့် ဗီယက်နမ်ဝန်ကြီးချုပ် Bui Thanh Son တို့ အကြား တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ် ဇန်နဝါရီလ ၁၄ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ အွန်လိုင်း ဆွေးနွေးပွဲမှာ မြန်မာ့အရေးကို ထည့်သွင်းဆွေးနွေးခဲ့ကြတာဖြစ်ပြီးတော့ လက်ရှိမတည်ငြိမ်မှုတွေအပေါ် စိုးရိမ်မှုကိုအခြေခံပီး ပုံမှန်အခြေအနေကိုပြန်လည်ရောက်ရှိရေးအတွက် ရည်ရွယ်ဆွေးနွေးခဲ့ကြတာပါ။ အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စုဟာ အာဏာသိမ်းဖြစ်စဉ် တနှစ်နီးနီးကြာမြင့်လာချိန်ထိအောင် အာဆီယံအဖွဲ့ကြီးမှာ နိုင်ငံရေးကိုယ်စားပြုခွင့်အနေနဲ့ ဖယ်ကျဉ်ခံထားရဆဲပါပဲ။
အာဏာသိမ်းပီး ၉ လအကြာ အောက်တိုဘာလ ၂၆ ရက်နေ့က ကျင်းပခဲ့တဲ့ အာဆီယံထိပ်သိးအစည်းအဝေးမှာလည်း စစ်ခေါင်းဆောင်တွေတက်ရောက်ဖို့ အာဆီယံက လက်မခံခဲ့ပါဘူး။ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးကိုသာ နိုင်ငံရေးနဲ့မသက်ဆိုင်တဲ့ကိုယ်စားလှယ်အဖြစ် ဖိတ်ကြားခဲ့တာ တွေ့ရပေမယ့် အာဏာသိမ်းအုပ်စုဘက်ကတော့ ဦးချမ်းအေးကိုစေလွှတ်ခဲ့ခြင်းမရှိပါဘူး။ မြန်မာပြည်ကိုအလည်သွားပြခဲ့တဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ရဲ့ အာဆီယံဥက္ကဌတာဝန်ယူချိန်ကစလို့ မြန်မာ့အရေးနဲ့ပက်သက်ပီး ဆွေးနွေးကြ ထောက်ပြကြနဲ့ သတင်းတွေ လှုပ်လှုပ်ခတ်ခတ်ဖြစ်လာနေပါတယ်။
တပြိုင်တည်းမှာပဲ မြန်မာပြည်တွင်းက ဒီမိုကရေစီအရေး လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုနှင့် သာလွန်အင်အားသုံးပီး ရွာနှင့်ရွာသားများအား မီးရှို့အကြမ်းဖက်မှုတွေဟာလည်း နေ့စဉ်လိုလို ကျူးလွန်နေကြဆဲဖြစ်ပါတယ်။

========================

📌📌ဖမ်းဆီးသွားပီး ၄ ရက်အကြာမှာ စစ်ကောင်စီက အရပ်သားတဦးရဲ့ အလောင်းကို မိသားစုထံပြန်ပို့ခဲ့ကြပါတယ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ရှင်မုတ္တီးရွာဘုရားနားက အကြမ်းဖက်စစ်တပ်ပိုင် မိုင်တဲတာဝါတိုင် မိုင်းခွဲခံရပီးနောက်မှာ သံသယနဲ့ဖမ်းဆီးခံရသူတွေရှိခဲ့ပီး ဇန်နဝါရီလ ၁၅ ရက်နေ့မှာတော့ ဖမ်းဆီးခံရသူများအနက်က ၁ ဦးသေဆုံးသွားခဲ့ပါတယ် ဇန်နဝါရီလ ၁၅ ရက် နေ့လည်ပိုင်းမှာ အလောင်းကို မိသားစုထံ လာပြန်ပို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နေ့လည် ၁၂ နာရီခန့်က စစ်ကောင်စီအဖွဲ့များရဲ့ စစ်ကြောရေးမှာ ​ သေဆုံးသွားသူက ဦးခင်မောင်လွင် အသက် ၄၈နှစ်ဖြစ်ပါတယ်။
သေဆုံးသူ ဦးခင်မောင်လွင်ရဲ့ ရုပ်အလောင်းကိုတော့ စစ်ကောင်စီတပ်တွေက မိသားစုထံ လာပြန်ပို့ခဲ့ကြပါတယ် ။ ”ဖမ်းခံရတဲ့ နေ့ကတည်းက ဘယ်မှာဖမ်းထားလဲဆိုတာသိရအောင် မိသားစုဝင်တွေက လိုက်စုံစမ်းသေးတယ်။ သတင်းမရတော့ မိသားစုဝင်တွေက ရွာကို ပြန်လာပြီး သတင်းစောင့်နေကြတာ။ ဒီနေ့ကျတော့ သွေးတိုးလို့သေတယ်ဆိုပြီး အလောင်းလာပြန်ပို့သွားတယ်။ သိရသလောက် စစ်ကြောရေးမှာ လက်လွန်ပြီး သေသွားတယ်လို့ သိရတယ်။ အလောင်းမှာဒဏ်ရာတွေလဲရှိနေတယ်လို့ '' လို့ သေဆုံးသူမိသားစုဝင်တွေနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ် ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၂ နာရီကျော်အချိန်က ရှင်မုတ္တီးဘုရားနားက စစ်တပ်ပိုင် မိုင်တဲတာဝါတိုင် မိုင်းခွဲခံရပြီး ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။
ဒီလုပ်ရပ်က ရပ်ကွက်နေပြည်သူတွေနဲ့မဆိုင်ကြောင်း ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေး ပူးပေါင်တပ်ဖွဲ့က ၎င်းတို့လုပ်ခဲ့တာဖြစ်ကြောင်း အတိအလင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် မိုင်တဲတိုင်မိုင်းခွဲခံရပြီးနောက် ဦးခင်မောင်လွင်အပါအဝင် စော်ဝရွာနေ ရာအိမ်မှူး ဦးဉာဏ်ရှိန်၊ ဦးမောင်လေး၊ ဦးရည်ကြိုနဲ့ဦးကျော်ငွေတို့ ရွာသား ၅ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတာဖြစ်ပါတယ်။ ဖမ်းဆီးခံရပြီး ၄ ရက်အကြာမှာတော့ အခုလိုပဲ ဦးခင်မောင်လွင် သေဆုံးသွားပြီး ကျန် ၄ ဦးရဲ့ အခြေနေကိုလည်း မသိရသေးတာမို့ မိသားစုဝင်တွေက စိုးရိမ်ပူဆွေးနေကြရပါတယ် “ရွာမှာ Mytel တာဝါတိုင် ဗုံးပေါက်တာကို စစ်တပ်က လာစစ်ပြီးတော့ သူတို့ကို ဖမ်းသွားကြတာ၊ ဖမ်းသွားတုန်းက အကုန်အကောင်း၊ ပြီးလဲပြီးရော ဦးလေးကို သွေးတိုးတက်ပြီး သေသွားတယ်ဆိုပြီး အိမ်ကို စစ်ကားနဲ့ အလောင်းပြန်ပို့သွားကြတာ ကျွန်တော်တို့ သိသလောက် သူ့မှာ ဘာသွေးတိုးမှ မရှိဘူး”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ အကြမ်းဖက်စစ်ကောင်စီဟာ အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ပစ်မှတ်အသွင်ပါဝင်နေတဲ့ စစ်တပ်ပိုင်စီးပွားရေး မိုင်တဲတာဝါတိုင်များ ကို ဦးစားပေးကာကွယ်နေကြရပီး နိုင်ငံအဝန်းက လက်နက်ကိုင်ပြည်သူများရဲ့ ခုခံတွန်းလှန်စစ်ပွဲများကိုလည်း လေကြောင်းပစ်ခတ်မှုအားကိုးဖြင့် နှိမ်နင်းရန်ကြိုးစားလျက်ရှိပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း မင်းအောင်လှိုင်ဦးဆောင်တဲ့စစ်အုပ်စုကို ဘက်ပေါင်းစုံကဖိအားပေးနေကြပါတယ် ။ ဆန္ဒပြပွဲများ အရှိန်မြင့်ခဲ့စဉ်ကာလကအတိုင်းပဲ သံသယနဲ့ဖမ်းဆီးခံခဲ့ရသူများကို စစ်တပ်က စစ်ဆေးလက်လွန်ပီး သေဆုံးအလောင်းပို့ဖြစ်စဉ်တွေကတော့ ဆက်လက်ဖြစ်ပေါ်နေဆဲတွေ့ရှိရပါတယ်။

========================

📌📌ဂွမ်းဂျူးမြို့သူမြို့သားများက NUG ကို ဝမ်သိန်းတစ်ထောင် လှူဒါန်းခဲ့တဲ့သတင်းတပုဒ်ကို ဖတ်ကြားပေးပါ့မယ်

မြန်မာ့ဒီမိုကရေစီအရေးအား ထောက်ခံအားပေးသည့် လှုပ်ရှားမှုများကို ပြုလုပ်ရန် ဂွမ်ဂျူးမြို့ရှိ လူမှုအဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသည့် Gwangju Alliance Against Opposing the Military Regime and Supporting Democratization in Myanmar အဖွဲ့သည် မြန်မာ့ဒီမိုက‌ရေစီအရေးအတွက် ဂွမ်ဂျူးမြို့သူ/သားများမှ စုပေါင်း လှူဒါန်းထားကြသည့် အလှူငွေ ဝမ်သိန်းတစ်ထောင်အား စုပေါင်းလှူဒါန်းခဲ့ကြကြောင်း သိရပါတယ်။
အမျိုးသားညီညွတ်ရေး အစိုးရ၏ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းမှတဆင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံသို့ ပေးပို့လှူဒါန်းခဲ့ခြင်းဖြစ်ပါတယ်။
အလှူငွေ ဝမ်သိန်းတစ်ထောင် အနက် ဝမ်သိန်း ၅၀၀ အား အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနသို့ ပေးပို့လှူဒါန်းခဲ့ပြီး နောက်ထပ် ဝမ်သိန်း ၅၀၀ အား လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနသို့ ပေးပို့လှူဒါန်းခဲ့ပါတယ်။
ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်နှင့် ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးတို့သည် လှူဒါန်းသည့် အလှူငွေများအား ကောင်းစွာ လက်ခံရရှိကြောင်း ကျေးဇူးတင် ဂုဏ်ပြုလွှာများကို အသီးသီး ပြန်လည် ချီးမြှင့်ပေးခဲ့ကြပါတယ်။
အလှူငွေများကို အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်မှုကြောင့် ထွက်ပြေး တိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင်မြန်မာပြည်သူများနှင့် တော်လှန်ရေး အတွက် လိုအပ်သည့်နေရာများတွင် ထိ‌ရောက်စွာ သုံးစွဲသွားမည် ဖြစ်ကြောင်း သိရှိရပါတယ်။

========================

📌📌အာဏာသိမ်းအုပ်စုခေါင်းဆောင်က ကယားပြည်နယ်နေ့မှာ ငြိမ်းချမ်းရေးကမ်းလှမ်းခဲ့ပါတယ်

လေကြာင်းအားကိုးထိုးစစ်တွေဆက်တိုက် ပြုလုပ်နေဆဲ၊ ဒေသခံပြည်သူတွေ အသက်ဘေးကနေ တိမ်းရှောင်ပြေးလွှားနေစဉ်၊ လုယက်ဖျက်ဆီးသတ်ဖြတ်မှုတွေကို ပြုလုပ်နေရင်းမှာပဲ အဓမ္မအာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ငြိမ်းချမ်းရေးကမ်းလှမ်းစကားကို ဆိုခဲ့တာပါ။ ကယားပြည်နယ်ရဲ့ နှစ် ၇၀ ပြည့် ပြည်နယ်နေ့မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သဝဏ်လွှာပေးပို့ပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဥပဒေမဲ့အာဏာသိမ်းခြင်းကို ကျူးလွန်ခဲ့တဲ့ စစ်တပ်ဟာ အာဏာထိန်းတယ်လို့ ၎င်းတို့ထိန်းချုပ်ခံမီဒီယာကနေ ပြောလေ့ရှိပီး ဒါဟာ တနှစ်အကြာကာလဖြစ်တယ်လို့လည်း မကြာခဏဖော်ပြလေ့ရှိပေမယ့် တနှစ်နီးပါးပြည့်လာချိန်မှာတော့ မြန်မာ့အရေးဟာ ဆိုးသထက်သာပိုမိုဆိုးရွားလာနေပါပီ။ ပြည်တွင်းမှာ ဖမ်းဆီးခံစစ်ဆေး အလောင်းပို့ဖြစ်စဉ်တွေ ရှိနေဆဲဖြစ်သလို နေရာအနှံ့ကတိုက်ပွဲတိုင်းလိုလိုမှာလည်း လေကြောင်းပစ်အားကို အဓိကအားကိုးပြီး စစ်သားအရပ်သားမရှောင် လေယာဉ်ဗုံးကြဲမှုတွေကို ပြောင်ပြောင်တင်းတင်းပြုလုပ်နေဆဲ ဖြစ်ပါတယ်။ အာဏာသိမ်းခဲ့ရခြင်းကို ဥပဒေနှင့်အညီလို့ ပြောရန်ဝန်မလေးတဲ့ စစ်အုပ်စုက မြန်ပြည်တဝန်းလုံးက ပြည်သူတွေရဲ့ ခုခံတွန်းလှန်စစ်ကိုလည်း သွေးထိုးလှုံ့ဆော်မှုကြောင့် ဖြစ်ရတယ်လို့ ရေးသားဖော်ပြ ဝါဒဖြန့်လျက်ရှိပါတယ် ။ အာဏာသိမ်းမှုနောက်ပိုင်း စစ်အုပ်စုအပေါ် လက်နက်ကိုင်တော်လှန်ရေးတိုက်ပွဲများကို အစောပိုင်းဆင်နွှဲခဲ့တဲ့ ကရင်နီပြည်နယ်မှာ ပြည်နယ်တည်ငြိမ်ရေးအတွက်
စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အထူးလိုအပ်ကြောင်း၊ သွေးထိုးလှုံဆော်မှုတွေ ရှိနေလို့သာ ဒေသတချို့မှာ မငြိမ်းမချမ်းဖြစ်နေရကြောင်း၊ ကရင်နီပြည်နယ်က တာဝန်ရှိသူတွေအနေနဲ့ ငြိမ်းချမ်းရေးမှာ အရင်ကထက် ပူးပေါင်းဆောင်ရွက်ဖို့လိုကြောင်း ဇန်နဝါရီလ ၁၅ ရက်နေ့မှာပေးပို့တဲ့ သဝဏ်လွှာမှာ ရေးထားပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် pdf များကို တော်လှန်ရေးစိတ်နဲ့အညီ ကူညီလက်တွဲပူးပေါင်းတိုက်ပွဲဝင်နေတဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ကတော့ စစ်ကောင်စီနဲ့ ဆွေးနွေးဖို့မရှိဘူးလို့ ပြောပါတယ်။ KNPP အတွင်းရေးမှူး(၁) ခူဒယ်နီယာက " KNPP ကို ငြိမ်းချမ်းရေးဆွေးနွေးမယ် လာပြောရင်တော့ KNPP က လူထုနဲ့ပဲ အလုပ်လုပ်တယ်၊ လူထုနဲ့ တစ်သားတည်းပဲ၊ သူတို့နဲ့ KNPP က ငြိမ်းချမ်းရေး သွားဆွေးနွေးရင် KNPP ပဲ နာမည်ပျက်မယ်၊ သူတို့ကို လူထုက လက်မှမခံတော့တာ၊ လောလောဆယ် ဆွေးနွေးဖို့အကြောင်း မရှိသေးပါဘူး" လို့ RFA သတင်းဌာနကို ပြောခဲ့ပါတယ်

ကယားပြည်နယ်နေ့အဖြစ် သတ်မှတ်ထားတဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ အခုလိုငြိမ်းချမ်းရေးစကား သဝဏ်လွှာ ပေးပို့ခဲ့ပေမယ့် တော်လှန်ရဲသူတွေရဲ့ ကရင်နီပြည်နယ်တွင်းမှာ စစ်ကောင်စီဘက်က တိုက်ခိုက်နေတာတွေတော့ လျော့မသွားဘဲ နေ့တိုင်း တိုက်ပွဲရက်ဆက်နေတုန်းပါပဲ။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဦးဆောင်မှုအောက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့်အတူ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF ပူးပေါင်းတပ်တွေဟာ စစ်ကောင်စီကို ကြံ့ကြံခံ ပြန်လည်ခုခံတိုက်ခိုက်နေကြရတာပါ။

ကရင်နီလက်နက်ကိုင်တပ်ဖွဲ့များဘက်တော့ အာဏာသိမ်းအုပ်စုနဲ့ ဆွေးနွေးဖို့ အစီအစဉ်မရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရနှင့်အတူ လက်တွဲပီး ဖက်ဒရယ်ဒီမိုကရေစီ ပန်းတိုင်ကိုအရောက်ချီတက်မယ့်အကြောင်း တစိုက်မတ်မတ် ပြောဆိုနေတာတွေ့ရပါတယ်။ ကရင်နီပြည်နယ်မြို့တော်ဖြစ်တဲ့ လွိုင်ကော်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုတွေ ရှိခဲ့သလို မြို့လုံးကျွတ်နီးပါး အိုးအိမ်စွန့်ခွာထွက်ပြေးနေရတာဟာခုဆိုရင် ပြည်နယ်တခုလုံးလူဦးရေရဲ့ ထက်ဝက်ကျော်ဖြစ်ခဲ့ပါပီ။

ဖရူဆိုမြို့နယ်မှာလည်း ဒေသခံပြည်သူ ၃၅ ဦးကို အရှင်လတ်လတ်မီးရှို့သတ်ဖြတ်မှုတွေဟာ စစ်ရာဇဝတ်မှုကိုပြောင်ပြောင်တင်းတင်းကျူးလွန်ပီး အပြစ်ကင်းလွတ်ခွင့်ရတဲ့ အာဏာသိမ်းစစ်တပ်ဖြစ်ကြောင်း ကမ္ဘာက သိသာခဲ့ရပါတယ် အဲ့ဒီလို စစ်ရာဇဝတ်မှုတွေ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆက်တိုက်ကျူးလွန်နေပြီး မြေပြင်စစ်ရေးအရ ရှုံးနိမ့်လာချိန် အခုလို ငြိမ်းချမ်းရေးကမ်းလှမ်းတာဟာ အဓိပ္ပါယ်မရှိ အရှက်ဂုဏ်သိက္ခာမဲ့ လုပ်ရပ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက သုံးသပ်ပြောဆိုနေကြပါတယ်။

ကရင်နီပြည်နယ်ဟာ နယ်ရှင် စော်ဘွားများ အာဏာလက်လွှတ်ပြီးနောက်ပိုင်း စစ်တပ်ရဲ့ အကြမ်းဖက်ဗိုလ်ကျမှုများကို ခါးဆီးခံခဲ့ရသော ပြည်နယ်တစ်ခုဖြစ်ပါတယ် စစ်တပ်ရဲ့ ယုတ်မာမှုများကြောင့် ကရင်နီပြည်ရဲ့ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် အခြေခံအဆောက်အအုံများခေတ်နောက်ကျကျန်ရစ်ခဲ့ရပါတယ်။ သီးခြားလွတ်လပ်သော ပြည်နယ်တစ်ခု ဖြစ်ခဲ့သည့် ကရင်နီပြည်နယ်အား ကယားပြည်နယ်သို့ အမည်ပြောင်းလဲ သတ်မှတ်လိုက်တဲ့နေ့ကို ကယားပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့ကြတာပါ။ မူလကရင်နီပြည်နယ်သို့ ပြန်လည်သတ်မှတ်ရန်အတွက် ခေတ်အဆက်ဆက် တောင်းဆိုလျက်ရှိရာမှာ ယနေ့ထက်တိတိုင် ကရင်နီလူမျိုးများရဲ့ ခုခံတွန်းလှန်စစ်များက သက်သေထင်ရှားရှိနေဆဲဖြစ်ပါတယ်။






#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment