19th JAN 2022 - Evening Daily News by Radio NUG

၂၀၂၂ ဇန်နဝါရီလ ၁၉ ရက်နေ့ ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌ထားဝယ်မှာ စစ်တပ်က ပြည်သူတွေကို အကြမ်းဖက်ဖမ်းဆီးပြီး လယ်တဲတွေကိုလည်း မီးရှို့၊ Dawei Watch သတင်းထောက်များကို ညသန်းခေါင်တွင် ဝင်ရောက် ဖမ်းဆီးသွား
📌စစ်အာဏာရှင် တော်လှန်ရေး အဆင့်တိုင်းတွင် လူထုနှင့်အတူ လက်တွဲတိုက်ပွဲဝင်လျှက်ရှိကြောင်း မြန်မာမွတ်စလင်ကွန်ရက်က ပြောဆို
📌“ဓါတ်ငွေ့ကရတဲ့ သွေးစွန်းငွေတွေက စစ်ပွဲနဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေကို မီးထိုးလို့နေ။ သမ္မတ ဘိုင်ဒန်နဲ့ မက်ခရွန် တို့ တားပေးနိုင်မည်လော “ ခေါင်းစဉ်ဖြင့် အွန်လိုင်း နိုင်ငံတကာညီလာခံ ကျင်းပမည်

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌ထားဝယ်မှာ စစ်တပ်က ပြည်သူတွေကို အကြမ်းဖက်ဖမ်းဆီးပြီး လယ်တဲတွေကိုလည်း မီးရှို့၊ Dawei Watch သတင်းထောက်များကို ညသန်းခေါင်တွင် ဝင်ရောက် ဖမ်းဆီးသွားတဲ့သတင်းကို တင်ပြပေးပါ့မယ်။

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသက ထိန်ကြီးရွာမှာ ဒလန်အဖြစ် နာမည်ကြီးသူတစ်ဦး ပစ်သတ်ခံရပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေဟာ ပြည်သူတွေကို အကြမ်းဖက်ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ထိန်ကြီးရွာမှာ ဒလန်အဖြစ် နာမည်ကြီးတဲ့ ဦးဇော်ဆိုသူဟာ ဇန်နဝါရီလ ၁၂ ရက် ညနေပိုင်းက သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပြီး အဲဒီနေ့ညမှာပဲ ထိန်ကြီးရွာက ဦးထွန်းငြိမ်း၊ ဦးဝင်းဇော်နဲ့ မူးဒူးရွာကကိုဇော်ဦးနဲ့ ကိုဇေယျာဦးတို့ကို စစ်ကောင်စီတပ်တွေက လာရောက်ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ဦးဇော် ရှင်းလင်းခံရမှုနှင့်ပတ်သက်၍ ရေဖြူ PDF က ၎င်းတို့လက်ချက်ဖြစ်ကြောင်း ထုတ်ပြန်ထားပေမယ့်လည်း စစ်ကောင်စီတပ်တွေက မူးဒူးရွာက ကိုဇော်ဦးနဲ့ ကိုဇေယျာဦးတို့ညီအစ်ကို နှစ်ဦးကို လာရောက်ဖမ်းဆီးချိန်မှာ ရိုက်နှက်ဖမ်းဆီးခဲ့ပြီး နေအိမ်တစ်ခုလုံးကို ရိုက်ဖျက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကိုဇေယျာဦးကို နေအိမ်ပေါ်မှာပဲ မျက်နှာကိုခြေထောက်နဲ့နင်းပြီး လက်မောင်းကိုသေနတ်နဲ့တေ့ပစ်ပြီးမှ ဖမ်းခေါ်သွားခဲ့တယ်လို့ သိရပါတယ်။
နောက်တစ်နေ့ ဇန်နဝါရီလ ၁၃ ရက်နေ့ညမှာတော့ စစ်ကောင်စီတပ်သားတွေ ထပ်ရောက်လာပြီး ကိုဇော်ဦးတို့ပိုင်ဆိုင်တဲ့ လယ်တဲ အပါအဝင် အနီးအနားက လယ်တဲ ၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အလားတူ တနင်္သာရီတိုင်း၊ ထားဝယ်မြို့အခြေစိုက် Dawei Watch သတင်းဌာန၏ သတင်းထောက် ၂ ဦး နှင့် အဖွဲ့ဝင် လူငယ် ၁ ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဇန်နဝါရီလ ၁၈ ရက် ညသန်းခေါင်အချိန်တွင် နေအိမ်များမှ လာရောက်ဖမ်းဆီးသွားတယ်လို့ သိရှိရပါတယ်။
Dawei Watch သတင်းဌာန၏ သတင်းထောက် မမိုးမြင့်ကို ဇန်နဝါရီလ ၁၈ ရက် ည ၁၁ နာရီအချိန်တွင် နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးသွားပြီး ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက် ၂ နာရီခန့်တွင် သတင်းထောက် ကိုဇော်နှင့် ကိုသားကြီးတို့ကိုလည်း အလားတူဝင်ရောက်ဖမ်းဆီးသွားကြောင်း Dawei Information Center ထံမှ သိရှိရသည်။
လက်ရှိအချိန်တွင် မမိုးမြင့်၊ ကိုဇော်နှင့် ကိုသားကြီးတို့ကို မည်သည့်နေရာတွင် ဖမ်းဆီးချုပ်နှောက်ထားသည်ကို မသိရှိရသေးပါ။

========================

📌📌ဆက်လက်ပြီး စစ်အာဏာရှင် တော်လှန်ရေး အဆင့်တိုင်းတွင် လူထုနှင့်အတူ လက်တွဲတိုက်ပွဲဝင်လျှက်ရှိကြောင်း မြန်မာမွတ်စလင်ကွန်ရက်က ပြောဆိုလိုက်တဲ့သတင်းကို တင်ပြပေးပါ့မယ်။

စစ်အာဏာရှင်တော်လှန်ရေး ခရီးကြမ်းတွင် ကျရာအခန်းကဏ္ဍတော်လှန်ရေးအဆင့်တိုင်း၌ လူထုနှင့်အတူ လက်တွဲတိုက်ပွဲဝင်လျှက်ရှိကြောင်း နွေဦးတော်လှန်ရေး မြန်မာမွတ်စလင်ကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုထွန်းကြည်က ပြောပါတယ်။
“အကြမ်းမဖက် ဆန့်ကျင်အန်တုလို့ရတဲ့ ရရာနည်းမျိုးစုံနဲ့ ကျရာအခန်းကဏ္ဍတွေကနေ ပူးပေါင်းပါဝင် လှုပ်ရှားနေပါတယ်။ စစ်အာဏာရှင်ကို အမြစ်ဖြတ်တိုက်ဖျက်ရေးအတွက် လက်ရှိမှာ CDM လှုပ်ရှားမှုတွေ၊ မြေပြင်ပြောက်ကျားသပိတ်လှုပ်ရှားမှုတွေနဲ့ အကျဉ်းသားအရေးကိစ္စတွေမှာ ပါဝင် လှုပ်ရှားနေပါတယ်” ဟု ကိုထွန်းကြည်က ရှင်းပြပါတယ်။
လက်ရှိတွင် ကွန်ရက်အနေဖြင့် မဟာမိတ်ဆက်ဆံရေးအခိုင်အမာ တည်ဆောက်နိုင်ရန် CRPH၊ NUG၊ NUCC အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ၊ ရိုဟင်ဂျာ၊ ကမန် စသည့် လူမျိုးစု အဖွဲ့အစည်းများဖြင့် ချိတ်ဆက်လှုပ်ရှားဆောင်ရွက်သွားမှာဖြစ်ပြီး ကွန်ရက်၏ နိုင်ငံရေးရည်မှန်းချက် လုပ်ငန်းစဉ်များအနေဖြင့် စစ်အာဏာရှင်အမြစ်ဖြတ်တိုက်ဖျက်ရေး အပါအဝင် လူနည်းစုအခွင့်အရေးနှင့် လူမျိုးစုအခွင့်အရေးများ တန်းတူညီမျှရရှိရေး၊ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ စနစ်ပေါ်ပေါက်ရေးတို့အတွက် လက်တွဲတိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကွန်ရက်အနေဖြင့် မည်သည့် လူပုဂ္ဂိုလ်၊ ပါတီအဖွဲ့အစည်းတို့၏ လွှမ်းမိုးခြယ်လှယ်မှု တစ်စုံတစ်ရာ မရှိဘဲ အမှီအခိုကင်းသည့်ကွန်ရက်အဖြင့် လွတ်လပ်စွာရပ်တည်သွားမည်ဖြစ်ပြီး တော်လှန်ရေး၏ အန္တိမ ရည်မှန်းချက်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းလာရေးအတွက် ပြည်သူလူထုနှင့် အတူတကွ တိုက်ပွဲဝင်သွားမယ်လို့လည်း ဆိုပါတယ်။
အဆိုပါ ကွန်ရက်ကို နွေဦးတော်လှန်ရေး မြန်မာမွတ်စလင်ကွန်ရက် အမည်ဖြင့် ၂၀၂၁ခုနှစ် ဒီဇင်ဘာ ၆ ရက်တွင် စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

========================

📌📌“ဓါတ်ငွေ့ကရတဲ့ သွေးစွန်းငွေတွေက စစ်ပွဲနဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေကို မီးထိုးလို့နေ။ သမ္မတ ဘိုင်ဒန်နဲ့ မက်ခရွန် တို့ တားပေးနိုင်မည်လော “ ခေါင်းစဉ်ဖြင့် အွန်လိုင်း နိုင်ငံတကာညီလာခံ ကျင်းပမည်ဆိုတဲ့သတင်းကို ဆက်လက်တင်ပြပေးပါ့မယ်။

ကမ္ဘာလုံးဆိုင်ရာ - မြန်မာအာဏာရှင်ကို ဆန့်ကျင်သော လှုပ်ရှားမှုအင်အားစု မှ ဦးဆောင်ကျင်းပမယ့် “ဓါတ်ငွေ့ကရတဲ့ သွေးစွန်းငွေတွေက စစ်ပွဲနဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေကို မီးထိုးလို့နေ။ သမ္မတ ဘိုင်ဒန်နဲ့ မက်ခရွန် တို့ တားပေးနိုင်မည်လော“ ဟု အမည်ပေးထားတဲ့ အွန်လိုင်း နိုင်ငံတကာ ညီလာခံ ကို ဇန်နဝါရီလ ၂၀ ရက်နေ့ ၊ မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲ မှာ ကျင်းပသွားမယ်လို့ သိရှိရပါတယ်။
ယခုကျင်းပပြုလုပ်မည့် နိုင်ငံတကာ စကားဝိုင်းဆွေးနွေးပွဲတွင်
Publish What You Pay Australia (သုတေသန အဖွဲ့) မှ နိုင်ငံလုံးဆိုင်ရာ ဒါရိုက်တာ ခလန်စီ မောက Moderator အဖြစ် ပါဝင်သွားမှာဖြစ်ပြီး
♦ မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ရန်ဟီးလီ၊
♦ မြန်မာနိုင်ငံ ဥပဒေနှင့် မူဝါဒရေးရာ အကြံပေး (Earth Rights International) မှ ရှေ့နေ ဘန် ဟာ့ဒ်မန် နှင့်
♦ သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့မှ ကိုရဲ (သဘာ၀ သံယဇာတအရေး တက်ကြွလှုပ်ရှားသူ) တို့က ပါဝင်ဆွေးသွားကြမှာဖြစ်တယ်လို့ သိရပါတယ်။
ဆွေးနွေးပွဲကို ဦးဆောင်ကျင်းပသူများက “နိုင်ငံရဲ့ အဓိက နိုင်ငံခြားဝင်ငွေ ရေနံနဲ့ သဘာဝဓါတ်ငွေ့ကဏ္ဍကရတဲ့ အခွန်ငွေတွေဟာ စစ်အုပ်စုရဲ့လက်တွင်းကို လုံးလုံး ကျရောက်လျက်ရှိပြီး စစ်အုပ်စုအလိုကျ အသုံးချခံနေရတာဖြစ်ပါတယ်။ ဒီသွေးစွန်းငွေတွေကို မြန်မာစစ်အာဏာရှင်တွေအနေနဲ့ ပြည်သူလူထုကို သတ်ဖြတ်ဖို့အတွက် စစ်လေယာဥ်တွေ၊ စစ်လက်နက်တွေ ဝယ်ယူရာမှာ အသုံးပြုနေပါတယ်” လို့ ဆိုပါတယ်။
ဒါ့အပြင် လက်ရှိမှာ အကြမ်းဖက် စစ်အုပ်စုက နိုင်ငံအဝန်း ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ချင်တိုင်း ကျူးလွန်နိုင်ဖို့ သွေးစွန်းငွေတွေက အထောက်အပံ့ပြုနေတာဟု ထုတ်ဖော်ပြောဆိုထားပါတယ်။
ဆွေးနွေးပွဲတွင် အကြမ်းဖက် စစ်အုပ်စု မြန်မာစစ်အာဏာရှင်တွေရဲ့ အသက်သွေးကြောသဖွယ်ဖြစ်တဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့ ကရတဲ့ သွေးစွန်းငွေတွေကို စစ်အုပ်စုဆီ မစီးဆင်းရေးအတွက် နိုင်ငံတကာက ဘယ်လိုအရေးယူနိုင်မလဲ ဆိုတာနဲ့ပတ်သက်လို့ အဓိကဆွေးနွေးသွားကြမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဆွေးနွေးပွဲမှ ပြောကြားချက်တွေကို ကိုရီးယား၊ မြန်မာနဲ့ ပြင်သစ် ဘာသာပြန် ပါရှိမှာဖြစ်ပြီး ပြည်တွင်းက မြန်မာပြည်သူလူထုအနေနဲ့ တက်ရောက်နားထောင်ဖို့လည်း ဖိတ်ခေါ်ထားပါတယ်။ တက်ရောက် ဆွေးနွေးနားထောင်လိုသူတွေအနေနဲ့ bit.ly/gasrevenue ဆိုတဲ့လင့်မှတစ်ဆင့် ကြိုတင်စာရင်းပေးသွင်းနိုင်ကြောင်း သိရပါတယ်။ အဆိုပါ အွန်လိုင်း နိုင်ငံတကာ ညီလာခံကို ပြည်တွင်း၊ ပြည်ပ မီဒီယာများမှလည်း ထုတ်လွှင့်သွားမယ်လို့ သိရပါတယ်။




#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment