၂၀၂၂ ဇန်နဝါရီလ ၁၉ ရက်နေ့ ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌စစ်အာဏာရှင်ကိုအပြုတ်မတိုက်နိုင်ရင် မကောင်းဆိုးဝါး မွေးထားမိသလိုဖြစ်လိမ့်မယ်လို့ DKBA ဗိုလ်မှူးပြောဆို
📌ထားဝယ်အခြေစိုက်သတင်းဌာနမှ သတင်းထောက် များဖမ်းဆီးခံရ
📌Mytel တာဝါတိုင်များအပေါ်မှာ အယောင်ဆောင် MPT တံဆိပ်များရိုက်နေ
📌ICJ နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာခုံရုံးမှာ မြန်မာစစ်ကောင်စီ၏ ကန့်ကွက်ချက်ကို ပဏာမ ကြားနာ
📌အာဏာသိမ်းစစ်အုပ်စုထံ ရေနံနှင့်ဓာတ်ငွေ့လုပ်ငန်းမှစီးဝင်တဲ့သွေးစွန်းငွေများရပ်တန့်ရေး အွန်လိုင်းဆွေးနွေးပွဲသတင်း
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌စစ်အာဏာရှင်ကိုအပြုတ်မတိုက်နိုင်ရင် မကောင်းဆိုးဝါး မွေးထားမိသလိုဖြစ်လိမ့်မယ်လို့ DKBA ဗိုလ်မှူးပြောဆိုခဲ့တဲ့သတင်းတပုဒ်ကိုတင်ပြပေးပါ့မယ်
ဒီဇင်ဘာလ ၁၅ ရက်နေ့ကစလို့ မြဝတီတောင်ပိုင်းလေးကေကော်မြို့သစ်တိုက်ပွဲများပြင်းထန်ခဲ့ရာမှာ KNLA KNDO PDF စတဲ့ပူးပေါင်းတပ်ဖွဲ့များက အာဏာသိမ်းစစ်ကောင်စီရဲ့ လေကြောင်းထိုးစစ်ကိုကြံ့ကြံ့ခံရင်ဆိုင်ခဲ့ကြပါတယ်။ နှစ်ဖက်တိုက်ပွဲများ ယနေ့တိုင်ဖြစ်ပေါ်နေပီး အထူးသဖြင့်လေကြောင်းရန်စိုးရိမ်တဲ့ဒေသခံတွေဟာ တဖက်ကမ်းထိုင်းနိုင်ငံထဲအရောက် စစ်ဘေးရှောင်ခဲ့ရပါတယ်။ ကနဦးတိုက်ပွဲမှာပါဝင်ခဲ့ခြင်းမရှိတဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA တပ်ဖွဲ့ဟာ ဇန်နဝါရီလလယ်ပိုင်းကစလို့ တိုက်ပွဲမှာပါဝင်လာတာတွေ့ရပီး စစ်ကောင်စီတပ်ရဲ့ထိုးစစ်ကို ပြန်လည်ရင်ဆိုင်ခဲ့ရပါတယ်။ ဗိုလ်မှူးစောစလုံးဦးဆောင်တဲ့ DKBA တပ်စခန်းရှိရာ ဖလူးလေးကျေးရွာထဲကို ဇန်နဝါရီလ ၁၄ ရက် နေ့လည်အချိန်တွင် စစ်ကောင်စီတပ်မှ လေယာဉ် (၂) စီးနှင့် လာရောက်ပစ်ခတ်သွားသည့်အပြင် လက်နက်ကြီးများနှင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာပါ။
လေးကေကော်မြို့အနီး ဖလူးလေးရွာရှိ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် -DKBA မှ ဗိုလ်မှူးစောစလုံး၏ တပ်စခန်းနှင့် အနီးဝန်းကျင်နေရာများကို စစ်ကောင်တပ်မှ သာလွန်အင်အားဖြင့် မြေပြင်၊ ဝေဟင် ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဗိုလ်မှူးစောစလုံးနှင့် တပ်ဖွဲ့ဘက်မှ စခန်းမှ ဆုတ်ခွာပေးခဲ့ရကြောင်း သိရပါတယ်။ ထိုအခြေအနေနဲ့ပက်သက်ပီး ဒေသခံကရင်သတင်းဌာနဖြစ်တဲ့ KIC ရဲ့မေးမြန်းမှုကိုဖြေကြားရာမှာ "ကျနော်တို့ သတိနဲ့ အမြဲတမ်းနေနေရတယ်။
ဘာဖြစ်လဲဆိုတော့ ရန်သူက တစ်ဖွဲ့တည်းမဟုတ်ဘူး။ နှစ်ဖွဲ့ သုံးဖွဲ့က ပေါင်းကြံနေကြတာကြောင့် သတိနဲ့ အမြဲနေနေရတယ်။ သူတို့ အခြေအနေက သိတဲ့အတိုင်းပါပဲ တက်တက်ပြီးလာတယ်။ အဆုံးထိလုပ်ဖို့ရှိပုံရတယ်လို့ သူ့အမြင်ကိုပြောခဲ့ပါတယ်။
"အချင်းချင်းကြားမှာ သွေးထိုးတာတွေ ရှိနိုင်တယ်။ နောက်တစ်ချက် ကျနော်က အဖွဲ့တိုင်းကို ကျနော်က ကူညီပေးတယ်။ တတိယအချက်က ကျနော့်ဆီ ပြေးလာတဲ့ ဒုက္ခသည်တွေကို ကျနော်ကူညီပေးတာလည်းပါတယ်။ ဒုက္ခသည်တွေ အစားအသောက် အကူအညီ အလွယ် အကူရဖို့အတွက် ကျနော့်ဆီကနေ တစ်ဆင့် သွားနိုင်တယ်။ ထိုင်းတွေနဲ့လည်း ဆက်ဆံရေး အဆင်ပြေတာ သတင်းပေးခံရတာလည်းပါမယ်။ ဒါကို ကြည့်မရတော့ ဖျက်ဆီးချင်တဲ့သဘောပဲ။
ကျနော့် ရဲဘော်တွေ တိုက်ပွဲထဲမှာ တစ်ယောက်မှ မသေဘူး။ အပြင်းအထန် ထိခိုက်ဒဏ်ရာရတာ ၃ယောက်နဲ့ ကျန်တဲ့တချို့က နည်းနည်းထိတာတော့ရှိတယ်။ အခု ဆေးရုံထဲမှာ ရောက်နေတာက အားလုံး ၉ ယောက်လောက် ရှိတာပေါ့။ အသက်ပေးသွားရတဲ့သူတွေ တချို့မှာက သေနတ်မရှိဘူး တချို့က လူထုတွေဖြစ်တယ်။ အဲ့မှာ ၄ ရက် ၄ ညလောက် အပစ်ခံရတာ။ ၄ ရက်ကြာလာတော့ ကျနော်တို့လည်း ပြေးရတော့တာပဲ" လို့ ဗိုလ်မှူးစောစလုံးက စခန်းစွန့်ခွာလိုက်ရတဲ့အခြေအနေကိုအသေးစိတ်ပြောပြပါတယ်။
စခန်းကျသွားတဲ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က သာလွန်အင်အားသုံးနိုင်တာကြောင့် ခံပစ်ဖို့မဖြစ်နိုင်ဘဲဆုတ်ပေးခဲ့ရတဲ့အကြောင်းကိုလည်း အခုလို ထပ်လောင်းပြောပြပါတယ်။ “ဘာဖြစ်လို့ ပြေးရလဲဆိုတော့ လက်နက်ကြီးကလည်း အပြင်းအထန်ပစ်ခံရတယ်။ လေယာဉ်ကလည်း အသေလာပစ် နေတာ။ ကျနော့် ရဲဘော်တစ်ယောက်ဆိုရင် သူ့မိန်းမ နေ့စေ့လစေ့ မီးဖွားတော့မယ်။ မြစ်ထဲ ဆင်းပြေးတော့ အဲ့မှာပဲ စစ်တပ်က ပစ်သတ်သွားတယ်။ လက်နက်မရှိတဲ့ ကျနော့် ရဲဘော်တွေကော လူထုတွေကော မြစ်ထဲဆင်းပြေးတာ စစ်တပ်က ပစ်သတ်တာ အဲ့မှာ ၁၀ ယောက် အယောက် ၂၀ လောက် ရှိမယ်။ အခုလောလောဆယ် အလောင်း ၈ လောင်းလောက် သူများတွေ့ထားတယ်။ မြစ်ထဲမှာက ဘယ်နယောက်အထိရှိလဲ မသိဘူး။ မပေါ်လာသေးဘူး" ဆိုပြီး ပြောသွားပါတယ်။ လက်နက်ကြီးနှင့်လေကြောင်းတိုက်ခိုက်မှုကိုအဓိကထားပီး အပြတ်ချေမှုန်းဖို့ စစ်ကောင်စီကရည်ရွယ်ချက်ရှိနေတာတွေ့ရပါတယ် ဒီကိစ္စကို DKBA ခေါင်းဆောင်တွေအနေနဲ့ကတော့ ဘာမှ ညွန်ကြားချက်မရှိဘူးလို့ သူကဆက်ပြောပါတယ်။ ဒါ့အပြင် " ဒီစစ်အာဏာရှင်တစ်ဖွဲ့ကိုတော့ အပြုတ်တိုက်ရလိမ့်မယ်။ မပြုတ်ရင်တော့ ကျနော်တို့က မကောင်းဆိုးဝါးကို မွေးထားသလိုပဲဖြစ်နေမယ်။ ပျောက်သွားအောင် လု
ပ်ရမယ်။ ကျနော်တို့မှာ ရဲဘော်တွေ အများကြီးရှိတယ်။ ဒါပေမဲ့ လက်နက်တွေတော့ အားနည်းနေသေးတယ်။ ကိုယ့်ကိုယ်ကို ပြန်ကာကွယ်ဖို့လောက်တော့ ရှိတာပေါ့။ ဒါပေမဲ့ သူတို့ကို ထိုးစစ်ပြန်ဆင်ဖို့အထိတော့ မရနိုင်သေးတဲ့အကြောင်း အထိုင်စခန်းဆုတ်ပေးခဲ့ရတဲ့ DKBA ဗိုလ်မှူးစောစလုံးက ပြောပါတယ်။ သူ့အနေနဲ့ အသက် ၁၃ နှစ်ကတည်းက ကရင့်တော်လှန်ရေးထဲ ဝင်ခဲ့သူဖြစ်ပီး လွတ်မြောက်ရေးအတွက်ကြိုးစားခဲ့ပေမယ့် ပြည့်စုံမှုမရှိတဲ့အခြေအနေကြောင့် လက်ရှိအခြေအနေလောက်သာ လုပ်နိုင်ခဲ့တာဖြစ်ကြောင်း စခန်းကိုသာမဆုတ်ရင်အကျအဆုံးပိုများပီး အလုံးစုံပျက်စီးမှာဖြစ်ကြောင်း ဒါကြောင့် နောက်တလှမ်းဆုတ်ပီး ရန်သူအခြေအနေကိုကြည့်ပီး အာဏာသိမ်းစစ်ကောင်စီကို နောက်တခေါက်ပြန်ချတာပေါ့” ဟု KIC သတင်းဌာနရဲ့ သတင်းမေးမြန်းခဏ်းမှာ ပြောကြားသွားခဲ့ပါတယ်။
အခုလို စစ်ကောင်စီတပ်များရဲ့ အင်အားသုံးစီးနင်းမခံရမီက DKBA ဗျုဟာလက်အောက်ခံ အထူးစစ်ကြောင်းမှ ဗိုလ်မှူး စောစလုံးတို့အဖွဲ့ဟာ လေးကေကော်ဒေသစစ်ဘေးရှောင် ၇၀၀ ခန့်ရှိတဲ့ဖလူးစစ်ဘေးရှောင်စခန်းကို ဒီဇင်ဘာလ ၂၁ ရက်နေ့ကသွားရောက်ပီးစားနပ်ရိက္ခာများ ထောက်ပံ့ပေးခဲ့ကြတာကို သတင်းမီဒီယာများမှာ ဖော်ပြခဲ့ကြပါတယ်။
========================
📌📌ထားဝယ်အခြေစိုက်သတင်းဌာနမှ သတင်းထောက် များဖမ်းဆီးခံလိုက်ရတဲ့သတင်းကိုဖတ်ကြားပေးပါ့မယ်
Dawei Watch အမည်ရှိ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ အခြေစိုက် သတင်းဌာနဟာ အာဏာသိမ်းဖြစ်စဉ်များကို ပုံမှန်သတင်းတင်ဆက်ခဲ့ရာမှ ဇန်နဝါရီလ 19 ရက်မှာတော့ သတင်းထောက်များကို အကြမ်းဖက်အာဏာသိမ်းတပ်ဖွဲ့များက လာရောက်ဖမ်းဆီးသွားကြပါတယ်။
သတင်းထောက်၂ ဦးနဲ့ ရုံးဝန်ထမ်း ၁ ဦး စုစုပေါင်း ၃ ဦးကို ၎င်းတို့ရဲ့ နေအိမ်တွေမှာ ဝင်ရောက် ဖမ်းဆီးသွားတာပါ။ ဇန်နဝါရီလ ၁၉ ရက် မနက် ၁ နာရီဝန်းကျင်မှာ သတင်းထောက် မမိုးမြင့်ကို တလိုင်းထိန်ရပ်ကွက်ရှိ နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးသွားသွားတာဖြစ်ပီး သတင်းထောက်ကိုဇော်နှင့် ရုံးဝန်ထမ်း ကိုဖြိုးပြည့်လေးလွင်(ခ)ကိုသားကြီးတို့ကိုလည်း ထားဝယ်မြို့ ဝဲကျွန်းရပ်ရှိ ဝန်ထမ်းအိမ်ရာလိုင်းခန်းမှာ ဝင်ရောက် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
"အရင်ဆုံး မမိုးမြင့်ကို ဖမ်းသွားတာ။ ပြီးမှ ကိုဇော်နဲ့ကိုသားကြီးကို ဖမ်းသွားတာ။ သတင်းဌာနက ရုံးခန်းကိုလဲ ဝင်ရှာတာတွေ လုပ်သွားသေးတယ် လို့ Dawei Watch သတင်းဌာနနဲ့ နီးစပ်သူ ဒေသခံ တစ်ဦးက ပြောပါတယ်။ Dawei Watch သတင်းဌာနရုံးခန်းကို ဝင်ရောက်မွှေနှောက်ရှာဖွေအပြီးမှာ စာရွက်စာတမ်းအချို့နဲ့ ပစ္စည်းအချို့ကို ယူဆောင်သွားတယ် မည်သည့်နေရာကိုခေါ်ဆောင်သွားတယ်ဆိုတာ မိသားစုဝင်များဘက်က မသိရဘဲ အဆက်အသွယ်လည်း မရကြပါဘူး။ Dawei Watch သတင်းဌာနအနေနဲ့ ဒေသတွင်းသတင်းများကို အချိန်နဲ့တပြေးညီတင်ဆက်လေ့ရှိပီး ဒေသခံများအားထားကြည့်ရှုရတဲ့ သတင်းဌာနလည်းဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေ ပြင်းပြင်းထန်ထန်ခံခဲ့ရတဲ့ ထားဝယ်မြို့မှာ ဆန္ဒပြပွဲသတင်းတွေကိုလည်း Dawei Watch က ပုံမှန်တင်ဆက်လေ့ရှိပီး ဆန္ဒပြပွဲသတင်းများကို သတင်းစည်းကမ်းအတိုင်း နေရာနှင့်တကွဖော်ပြခဲ့ရာမှာလည်း ထိုအချိန်က ဝေဖန်မှုတွေကြုံခဲ့ရဖူးပါတယ်။
သတင်းထောက်များ အခုလိုဖမ်းဆီးခြင်းမခံရမီ ဇန်နဝါရီလ ၁၈ ရက်နေ့ရက်စွဲဖြင့် Dawei Watch ရဲ့သတင်းတပုဒ်ကတော့ "ထားဝယ်ထောင်အတွင်း ထိရောက်သောဆေးကုသခွင့်အလိုရှိသည် " ဟု ခေါင်းစဉ်ဖြင့် သတင်းတပုဒ်ဖြစ်ပါတယ်။ " တနင်္သာရီတိုင်းတွင် အသတ်ခံရသူ ၆၀ကျော်၊ ဖမ်းဆီးခံရသူ ၉၀၀ ကျော်ရှိပြီ " ဆိုတဲ့ သတင်းခေါင်းစီးနှင့် သတင်းတပုဒ်ကို ဇန်နဝါရီလ ၁၈ ရက်နေ့က တင်ဆက်ခဲ့ကြပါတယ်။ ဇန်နဝါရီလ ၁၆ ရက်နေ့ရက်စွဲဖြင့် Dawei Watch ရဲ့ သတင်းဖော်ပြမှုတပုဒ်မှာလည်း “ရှေ့နေတွေပင် ပုန်းကြရပြီ” ဆိုတဲ့သတင်းခေါင်းစဉ်ဖော်ပြမှုဖြစ်တာ တွေ့ရပါတယ်။ အာဏာသိမ်းကာလအတွင်း ဖမ်းဆီးခံရသူတွေရဲ့ အမှုတွေကို လိုက်ပါဆောင်ရွက်နေကြတဲ့ ထားဝယ်ခရိုင်က ရှေ့နေတွေဟာ ရှေ့နေပါဝါ ရုပ်သိမ်းလိုက်ကြပြီး တချို့ဆို တိမ်းရှောင်နေကြရပါတယ်လို့ ဇန်နဝါရီလ ၁၆ ရက်နေ့မှာ သတင်းရေးသားထားတာတွေ့ရှိရပါတယ်။
========================
📌📌Mytel တာဝါတိုင်များအပေါ်မှာ အယောင်ဆောင် MPT တံဆိပ်များရိုက်နေတဲ့အကြောင်း သတင်း
စစ်အာဏာသိမ်းခံရပြီးနောက်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက် သတ်ဖြတ်မှုတွေကို ကြံ့ကြံ့ခံရင်း မင်းအောင်လှိုင်နဲ့ စစ်အုပ်စုရဲ့ စီးပွားရေးဒေါက်တိုင်တစ်ခုဖြစ်တဲ့ Mytel တာဝါတိုင်များကို ဖြိုချနိုင်ဖို့နည်းမျိုးစုံဖြင့် ကြိုးစားလျက်ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ ၄ ခုမြောက် ဆက်သွယ်ရေးလုပ်ငန်းဖြစ်တဲ့ Mytel ဆက်သွယ်ရေးလုပ်ငန်းဟာ ဗီယက်နန်စစ်တပ်ပိုင် ကုမ္ပဏီနဲ့ မြန်မာစစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်း မြန်မာ့စီးပွားရးကော်ပိုရေးရှင်း MEC တို့ ပူးပေါင်းလက်ဝါးကြီးအုပ်ထားသော စစ်တပ် စီးပွားရေးတစ်ခုသာဖြစ်ပါတယ်။ အာဏသိမ်းပြီး ၁၀ လ အတွင်း Mytel တာဝါတိုင်များ ရာနဲ့ချီ၍ ဖောက်ခွဲဖျက်စီးခြင်းခံခဲ့ရပါတယ်။ အခုလိုစစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများ ထိခိုက်နေပေမယ့် တဘက်မှာ နိုင်ငံပိုင် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများကို လက်ဝါးကြီးအုပ်ပြီး စစ်အုပ်စုဟာ ၄င်းတို့ရဲ့ အဓိက ဝင်ငွေလမ်းကြောင်းကို ဖြည့်တင်းလျက်ရှိနေပါတယ်။ အာဏာသိမ်းစစ်အုပ်စုများဟာ တာဝါတိုင်များတွင် လူစောင့်ချခြင်း၊ နင်းမိုင်းထောင်ခြင်း၊ လုံခြုံရေး ကင်မရာတပ်ဆင်ခြင်း စတဲ့နည်းမျိုးစုံကိုသုံး၍ ကာကွယ်ထားပြီး ရဲတပ်ဖွဲ့ကိုလည်းတိုင်လုံခြုံရေးအတွက် စာထုတ်ညွှန်ကြားထားတာကို ရုံးစာပေါက်ကြားမှုများအရသိရပါတယ်။ စစ်အုပ်စုဟာ ၄င်းတို့ရဲ့ စီးပွားရေးများထိခိုက်မှုရှိနေတဲ့ Mytel တာဝါတိုင်များ ဖျက်စီးခံရခြင်းကို ကာကွယ်နိုင်စေဖို့ အခုဆိုရင် နိုင်ငံပိုင်မြန်မာ့ဆက်သွယ်ရေး MPT တံဆိပ်များကို ရေးဆွဲတပ်ဆင် ဟန်ဆောင်လာနေတာတွေ့ရပါတယ်။ Mytel တိုင်တစ်ခုအောက်ခြေရှိ သံပြားကာ စက်ပစ္စည်းပုံးတွင် အပြာရောင်ဆေးမှုတ်ထားသည့် MPT တံဆိပ်ကို ရုပ်သံမှတ်တမ်းတစ်ခုအရတွေ့မြင်ခဲ့ရပါတယ်။ အခုလို ဟန်ဆောင်တံဆိပ်ရိုက်ထားခြင်းဖြင့် စစ်အုပ်စုရဲ့ စီးပွားရေးကို ပစ်မှတ်ထားနေသောတိုက်ခိုက်သူတို့ကို လည့်စားနိုင်ဖို့ရည်ရွယ်ထားကြောင်းသိရပါတယ်။ ဆက်သွယ်ရေးတိုင်တည်ဆောက်တပ်ဆင်ရေး အတွေ့အကြုံရှိသူ အင်ဂျင်နီယာတစ်ဦးကတော့ ဆက်သွယ်ရေးတိုင်ရဲ့ အသုံးပြုထားတဲ့ စက်ပစ္စည်း တပ်ဆင်ပုံတို့ကိုကြည့်လျင် မည်သည့်ဆက်သွယ်ရေးကုမ္ပဏီအတွက်တိုင်ဖြစ်ကြောင်း သိသာတယ်လို့ပြောပါတယ်။ Mytel ကုမ္ပဏီတွင် လုပ်သက် ၂ နှစ်ကျော်ရှိခဲ့သူဖြစ်ပြီး စစ်အာဏာသိမ်းမှုကြောင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင်ပါဝင်နေသူ အင်ဂျင်နီယာတစ်ဦးကတော့ အခုဆိုရင် သူကိုယ်တိုင် Mytel တာဝါတိုင် ဖောက်ခွဲဖျက်စီးရေးတွင် ပါဝင်နေပါတယ် “အခုလို Mytel တိုင်များကို MPT တံဆိပ်ဟန်ဆောင်နေပေမယ့် သေချာတာကတော့ ဖောက်ခွဲရေးသမားတွေအနေနဲ့လည်း လွဲမှာတော့မဟုတ်ဘူး။ ရွာတွေမှာက များသောအားဖြင့် တိုင်တွေကို သိကြတာများပါတယ်”လို့ သူကပြောပါတယ်။ အခုလို တံဆိပ်ပြောင်းကပ်ထားသော Mytel တိုင်များ ရာခိုင်နှုန်းမည်မျှထိရှိတာကိုတော့ မသိရသေးပါဘူး အရင်ကတော့ အကြမ်းဖက်စစ်တပ်ရဲ့ စီးပွားရေးဒေါက်တိုင်များကို ပျက်စီးစေရန်သာရည်ရွယ်ပေမယ့် အခုဆိုရင်တော်လှန်ရေးတပ်ဖွဲ့များဟာ လက်နက်ထုတ်လုပ်ရေးအတွက် အဆိုပါ Mytel တာဝါတိုင်များကို ရယူအသုံးပြုလာနိုင်ကြပြီပဲဖြစ်ပါတယ်။ အပြင်ကကြည့်ရင်တော့ MPT လိုလိုပဲ ဒါပေမယ့် အထဲကိုသွားကြည့်ရင် သံပြားမှာ အတွင်းထဲမှာ Mytel ဆိုပြီးရေးထားတာရှိတယ် အဲလိုသိသာခွဲခြားလို့ရတယ် ကျနော်တို့ PDF တွေက သူ့ဒေသအလိုက် သူ့ဟာနဲ့သူ လိုက်ကြည့်ပြီးသား သူတို့အဲ့လို ဟန်ဆောင်ကာကွယ်လို့မရဘူးလေလို့ ဇာမဏီ ZRF အဖွဲ့ခေါင်းဆောင်ကပြောထားပါတယ်။ နိုင်ငံအနှံ့ Mytel တာဝါတိုင် ၁၂၀၀၀ ကျော်ရှိရာ ၃၆၀ တိုင်ဖျက်စီးခံရခြင်းသည် စစ်ခေါင်းဆောင်ရဲ့သမီးဖြစ်သူ ဒေါ်ခင်သီရိသက်မွန်၏ Pinnacle Asia ကုမ္ပဏီပိုင် တာဝါတိုင် ၃ ရာခိုင်နှုန်း ဖျက်ဆီးခံလိုက်ရခြင်းဖြစ်တယ်လို့သိရပါတယ်။
========================
📌📌ICJ နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာခုံရုံးမှာ မြန်မာစစ်ကောင်စီ၏ ကန့်ကွက်ချက်ကို ပဏာမ ကြားနာမယ်ဆိုတဲ့သတင်း
ဟိတ်မြို့မှာ ရှိတဲ့ ICJ တရားရုံးမှာ မြန်မာစစ်ကောင်စီရင်ဆိုင်နေရတဲ့ လူမျိုးတုံးသတ်ဖြတ်နေကြောင်း စွပ်စွဲခံရတဲ့အမှု ကြားနာမှုတွေ စတင်မယ်လို့ ဇန်နဝါရီ ၁၉ ရက်နေ့က ထုတ်ပြန်ပါတယ်။ ဂန်ဘီရာနိုင်ငံက တရားလိုပြုပြီး မြန်မာစစ်တပ်က ရိုဟင်ဂျာလူမျိုးတွေ မျိုးတုံးသတ်ဖြတ်နေမှု တရားရင်ဆိုင်နေရတာကို ဆက်လက်စစ်ဆေးနေတာ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၁ ကနေ ၂၈ ရက်အတွင်း ပြန်လည် စတင်မယ်လို့ ဆိုပါတယ်။ မြန်မာစစ်ကောင်စီ၏ တန်ပြန်ကန့်ကွက်မှုကို ပဏာမအဖြစ် ကြားနာမယ်လို့ သိရပါတယ်။
ကိုဗစ်ရောဂါပြန့်ပွားနေလို့ တရားရုံးစစ်ဆေးမှုကို လူကိုယ်တိုင်နဲ့ အဝေးရောက် ကြားနာမှု တွဲပြီး Hybrid စနစ် သုံးပါမယ်။ တရားရုံးတော်အဖွဲ့ဝင်များက ကိုယ်တိုင်တက်ရောက်ပြီး အချို့တွေကတော့ ရုပ်သံကနေ တက်ရောက်ကြမယ် ဆိုပါတယ်။ တရားခံနဲ့ တရားလိုတွေက လူကိုယ်တိုင်ဖြစ်စေ၊ အဝေးရောက်ရုပ်သံနဲ့ ဖြစ်စေ တက်ရောက်နိုင်တယ်လို့ ဆိုပါတယ်။ ကုလသမဂ္ဂနဲ့ ရုံးတော်၏ ဝက်ဆိုက်တွေကနေ အများပြည်သူ၊ သံတမန်များနဲ့ မီဒီယာများ တိုက်ရိုက် ကြည့်ရှုနိုင်အောင် အချိန်နဲ့တပြေးညီ ထုတ်လွှင့်ပေးမယ်လို့ သိရပါတယ်။ တရားရုံးတော်မှာ မြန်မာစစ်ကောင်စီ၏ ထုချေမှုတလှည့် တရားလို ဂမ်ဘီယာနိုင်ငံ၏ လျောက်ထားမှုတလှည့် ၂ကြိမ်စီ ဆောင်ရွက်ကြမယ်လို့ ရေးသားထားကြောင်းပါ။
========================
📌📌အာဏာသိမ်းစစ်အုပ်စုထံ ရေနံနှင့်ဓာတ်ငွေ့လုပ်ငန်းမှစီးဝင်တဲ့သွေးစွန်းငွေများရပ်တန့်ရေး အွန်လိုင်းဆွေးနွေးပွဲသတင်းတပုဒ်ကိုဖတ်ကြားပေးပါ့မယ်
စစ်ကောင်စီဟာ ဓါတ်ငွေ့ကရတဲ့ သွေးစွန်းငွေတွေနဲ့ စစ်ပွဲတွေဖန်တီးနေပီး အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေကို မီးထိုးနေကြပါတယ်။ ဒါကို သမ္မတ ဘိုင်ဒန်နဲ့ မက်ခရွန် တို့ တားပေးနိုင်မလား ခေါင်းစဉ်ဖြင့် အွန်လိုင်း နိုင်ငံတကာညီလာခံတခုကို ကျင်းပတော့မယ်လို့သိရပါတယ်။ ကမ္ဘာလုံးဆိုင်ရာ မြန်မာအာဏာရှင်ကို ဆန့်ကျင်သော လှုပ်ရှားမှု အင်အားစု မှ ဦးဆောင် ကျင်းပမှာဖြစ်ပါတယ်။
အဆိုပါ အွန်လိုင်း နိုင်ငံတကာ ညီလာခံ ကို ဇန်နဝါရီလ ၂၀ရက်နေ့ ၊ မြန်မာစံတော်ချိန် ညနေ ၅နာရီခွဲ မှာ ကျင်းပမှာဖြစ်ပါတယ်။ “နိုင်ငံရဲ့ အဓိက နိုင်ငံခြားဝင်ငွေ ရေနံနဲ့ သဘာဝဓါတ်ငွေ့ကဏ္ဍကရတဲ့ အခွန်ငွေတွေဟာ စစ်အုပ်စုရဲ့လက်တွင်းကို လုံးလုံး ကျရောက်လျက်ရှိပြီး စစ်အုပ်စုအလိုကျ အသုံးချခံနေရတာဖြစ်ပါတယ်။ ဒီသွေးစွန်းငွေတွေကို မြန်မာစစ်အာဏာရှင်တွေအနေနဲ့ ပြည်သူလူထုကို သတ်ဖြတ်ဖို့အတွက် စစ်လေယာဥ်တွေ၊ စစ်လက်နက်တွေ ဝယ်ယူရာမှာ အသုံးပြုနေပါတယ်” လို့ ယခုပွဲကို ဦးဆောင်ကျင်းပသူများကဆိုပါတယ်။
အကြမ်းဖက် စစ်အုပ်စုဟာ နိုင်ငံအဝန်းမှာ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ချင်တိုင်း ကျူးလွန်နိုင်ဖို့ သွေးစွန်းငွေတွေက အထောက်အပံ့ပြုနေတာဖြစ်ကြောင်း ဖော်ပြထားပါတယ်
ရေနံနဲ့သဘာဝဓါတ်ငွေ့ ကရတဲ့ သွေးစွန်းငွေတွေကို စစ်အုပ်စုထံ ဆက်လက် မစီးဆင်းရေး နိုင်ငံတကာက ဘယ်လိုအရေးယူနိုင်မလဲ ဆိုတာ အဆိုပါဆွေးနွေးပွဲအတွင်း သုံးသပ်ဆွေးနွေးသွားမယ်လို့သိရပါတယ် ပြည်တွင်းနေမြန်မာပြည်သားများတက်ရောက်နားဆင်နိုင်ဖို့ဖိတ်ခေါ်တယ်လို့သိရပီး ကိုရီးယား၊ မြန်မာ၊ ပြင်သစ် ဘာသာပြန်များ ပါရှိမှာဖြစ်ပါတယ်။
ဇန်နဝါရီလ ၂၀ ရက်နေ့ဆွေးနွေးပွဲမှာ Moderator အဖြစ် နိုင်ငံလုံးဆိုင်ရာ ဒါရိုက်တာ, Publish What You Pay Australia သုတေသန အဖွဲ့မှ ခလန်စီမောကပြုလုပ်မှာဖြစ်ပီး Panelist - ပါဝင်ဆွေးနွေးမည့်သူများကတော့
- မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရန်ဟီးလီ
- မြန်မာနိုင်ငံ ဥပဒေနှင့် မူဝါဒရေးရာ အကြံပေးရှေ့နေ ဘန် ဟာ့ဒ်မန်
- သဘာ၀ သံယဇာတအရေး သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု တက်ကြွလှုပ်ရှားသူ ကိုရဲ တို့ဖြစ်ကြောင်း သိရပါတယ်။
သွေးစွန်းငွေများရပ်တန့်ရေး အဆိုပါ အွန်လိုင်းဆွေးနွေးပွဲကို ပွဲ ခေတ်သစ် အပါအဝင် ပြည်တွင်း၊ ပြည်ပ မီဒီယာများမှလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment