20th JAN 2022 - Evening Daily News by Radio NUG

၂၀၂၂ ဇန်နဝါရီလ ၂၀ ရက်နေ့ ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌အကြမ်းဖက်စစ်တပ်၏ ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နှင့် ပတ်သက်ပြီး ICJ တရားရုံးကြားနာပွဲကို ဖေဖော်ဝါရီ ၂၁ တွင်ထပ်မံကြားနာ
📌အကျဉ်းထောင်များတွင် လူဦးရေများလွန်းနေ၍ ဆန်နှင့်ပဲ များပွားလာစေရန်ဟုဆိုကာ ဆိုဒါအလွန်အကျွံသုံး၊ ငရုတ်နှင့်ပဲ မှိုတက်များကို ဖြစ်သလိုကျွေးပြီး လူ့အခွင့်အရေးချိုးဖောက်မှုနှင့်လာဘ်ပေး လာဘ်ယူမှုများ များပြားလာ
📌မြန်မာ့ရေနံနှင့် သဘာ၀ဓါတ်ငွေ့လုပ်ငန်း (MOGE) ကို ပိတ်ဆို့အရေးယူနိုင်ဖို့ လုပ်ဆောင်တဲ့ Sanction MOGE အွန်လိုင်းဆန္ဒပြပွဲမှာ ပြည်သူလူထုအားလုံး ပါဝင်ပေးကြဖို့ ဖိတ်ခေါ်
📌မူးယစ်ဆေးဝါးဂိုဏ်းကို ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု ပူးပေါင်းနှိမ်နင်းခဲ့မှုနဲ့ပတ်သက်လို့ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌ပထမဆုံးအနေနဲ့ အကြမ်းဖက်စစ်တပ်၏ ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နှင့် ပတ်သက်ပြီး ICJ တရားရုံးကြားနာပွဲကို ဖေဖော်ဝါရီ ၂၁ တွင်ထပ်မံကြားနာမယ့်သတင်းကို တင်ပြပေးပါ့မယ်။

အကြမ်းဖက်စစ်တပ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် အာဖရိကတိုက်ရှိ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို နိုင်ငံတကာတရားရုံး - ICJ တွင် တရားစွဲဆိုထားတဲ့အမှုကို လာမယ့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ နယ်သာလန်နိုင်ငံ သယ်ဟိတ်မြို့၊ နိုင်ငံတကာတရားရုံး ICJ မှာ ထပ်မံကြားနာမှာဖြစ်ကြောင်း ICJ ရဲ့ တရားဝင်ထုတ်ပြန်ချက်အရ သိရပါတယ်။
အဆိုပါကြားနာပွဲကို ဖေဖော်ဝါရီ ၂၈ ရက်နေ့ထိ ၄ ရက်နေ့ကြာ ပြုလုပ်မှာဖြစ်ပြီး ကုလသမဂ္ဂရဲ့ အဓိကတရားစီရင်ရေးအဖွဲ့အစည်းဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာတရားရုံးဟာ မြန်မာနိုင်ငံက တင်သွင်းသည့် ပဏာမကန့်ကွက်မှုတွေအပေါ် အာရုံစိုက်သွားမှာ ဖြစ်ပါတယ်။
"လာမယ့်လမှာ ကျင်းပမယ့် ICJ က ကြားနာပွဲမှာ လူမျိုးတုံးသတ်ဖြတ်မှု မြောက်ခြင်း၊ မမြောက်ခြင်းကို ဆုံးဖြတ်မှာ မဟုတ်ဘူး။ ဂမ်ဘီယာက အာဖရိကန်နိုင်ငံတစ်ခုဖြစ်တယ်၊ မြန်မာနိုင်ငံနဲ့ ဝေးတယ်၊ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး ဖြစ်ပျက်ခဲ့တာတွေက ဂမ်ဘီယာကို ထိခိုက်မှုမရှိဘူး၊ အဲဒါကြောင့် တရားစီရင်ခွင့်မှာ သက်ရောက်မှုမရှိဘူးလို့ မြန်မာနိုင်ငံဘက်က တုံ့ပြန်ထားတယ်။ အဲဒီကိစ္စကို အဓိကထား ကြားနာမယ်လို့ အကြမ်းဖျဉ်း သိထားတယ်"​ လို့ ရိုဟင်ဂျာ လွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့၊ တွဲဖက်တည်ထောင်သူတစ်ဦးဖြစ်တဲ့ ကိုနေဆန်းလွင်က ပြောပါတယ်။
လက်ရှိ COVID-19 ကပ်ရောဂါကြောင့် ကြားနာပွဲကို တရားရုံးရဲ့ အဖွဲ့ဝင်တချို့ဟာ တရားရေးခန်းမကြီးမှာ လူကိုယ်တိုင်လာရောက်ပြီး နှုတ်နဲ့ တရားစွဲဆိုမှုတွေပြုလုပ်ကြမှာဖြစ်ပြီး အခြားသူတွေကတော့ ဗီဒီယိုလင့်ခ်ဖြင့် အဝေးမှပါဝင်ရမှာဖြစ်ကာ အမှုတွဲမှာ ပါဝင်သူတွေရဲ့ ကိုယ်စားလှယ်တွေဟာ လူကိုယ်တိုင်ဖြစ်စေ ဗီဒီယိုလင့်ခ်ဖြင့်ဖြစ်စေ ပါဝင်ရမှာဖြစ်ပါတယ်။
"မြန်မာနိုင်ငံဘက်ကတော့ စစ်အုပ်စုက အာဏာသိမ်းထားတော့ စစ်အုပ်စုက အသစ်ခန့်ထားတဲ့ ကိုယ်စားလှယ်သာ ကိုယ်စားပြုလိမ့်မယ်လို့ ကြားထားတယ်။ အခုထိတော့ တရားရုံးက မြန်မာနိုင်ငံဘက်က ဘယ်သူတွေကိုယ်စားပြုမယ်ဆိုတာ တရားဝင်ထုတ်ပြန်ထားခြင်းတော့ မရှိသေးဘူး"​ လို့ ကိုနေဆန်းလွင်က ဆက်ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီက ICJ အရေး ဖြေရှင်းဖို့အတွက် ကော်မတီတရပ်ကို ၂၀၂၁ ခုနှစ် ဇွန်လက ဖွဲ့စည်းခဲ့ပြီး ကော်မတီဥက္ကဋ္ဌအဖြစ် နိုင်ငံခြားရေး၀န်ကြီး ဦး၀ဏ္ဏမောင်လွင်ကို ခန့်အပ်ထားကြောင်း သိရသည်။
အကြမ်းဖက်စစ်တပ်၏ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် အာဖရိကတိုက်ရှိ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို နိုင်ငံတကာတရားရုံး - ICJ တွင် ၂၀၁၉ ခုနှစ် နိုဝင်ဘာလထဲမှာ တရားစွဲဆိုခဲ့ပြီး ဒီဇင်ဘာလကြားနာမှုမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ICJ မှာသွားရောက် တရားရင်ဆိုင်ခဲ့တာပါ။

========================

📌📌ဆက်လက်ပြီး အကျဉ်းထောင်များတွင် လူဦးရေများလွန်းနေ၍ ဆန်နှင့်ပဲ များပွားလာစေရန်ဟုဆိုကာ ဆိုဒါအလွန်အကျွံသုံး၊ ငရုတ်နှင့်ပဲ မှိုတက်များကို ဖြစ်သလိုကျွေးပြီး လူ့အခွင့်အရေးချိုးဖောက်မှုနှင့်လာဘ်ပေး လာဘ်ယူမှုများ များပြားလာတဲ့သတင်းကို တင်ပြပေးပါ့မယ်။

စစ်ကောင်စီက ပြည်သူတွေကို မတရားဖမ်းဆီးထောင်ချနေမှုကြောင့် အကျဉ်းထောင်တွေမှာ လူဦးရေများပြားလွန်းနေပြီး စားနပ်ရိက္ခာအတွက် ဆန်နှင့်ပဲကို ပွားလာစေရန်ဟုဆိုကာ ဆိုဒါ အလွန်အကျွံသုံးစွဲမှုတွေ ရှိလာနေကြောင်း နိုင်ငံရေးအကျဉ်းသားတချို့က မိသားစုထံ အကြောင်းကြားတဲ့စာတွေအရ သိရှိရပါတယ်။
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်က အကျဉ်းထောင်မှာ မနက်စာအဖြစ် ထမင်းနှင့်ရေနွေးကြမ်းသာ ပေးတော့ကြောင်း၊ လချီကြာမြင့်နေပြီး မှိုတက်နေတဲ့ ငရုတ်နှင့်ပဲတွေကိုလည်း ဖြစ်သလို ချက်ပြုတ်ကြောင်း၊ ဆန်နှင့်ပဲတွေကို လူအများကျွေးနိုင်ဖို့ ပွားလာစေရေး ဆိုဒါ အလွန်အကျွံအသုံးပြုကြောင်း၊ ထောင်ဝင်စာတွေကို အလွန်တင်းကျပ်စွာ စိစစ်ပြီး အချုပ်သားတွေကို ရုံးထုတ် စစ်ဆေးမှုတွေမှာလည်း ရှေ့နေတွေတောင် ဝင်ရ/ထွက်ရ ခက်ခဲလာနေကြောင်း နိုင်ငံရေးအကျဉ်းသားတစ်ဦးက မိသားစုထံ အကြောင်းကြားတဲ့ စာမှာ ရေးသားဖော်ပြထားတယ်လို့ သိရပါတယ်။
အလားတူ ရမည်းသင်းအကျဉ်းထောင်မှာလည်း နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသားတွေအပေါ် ထောင်အာဏာပိုင်တွေက အလွန်ဖိနှိပ်နေပြီး ငွေ ကြေး ညှစ်ယူမှုတွေ များပြားနေကြောင်း သိရှိရပါတယ်။
"ရမည်းသင်းထောင်က လက်ထောက်ကြီးကြပ်ရေးမှူး နိုင်နိုင်ထွန်းက တော်တော်ကို လာဘ်စားနေပါတယ်။ သူ့အဆောင်မှာ ရောက်လာတဲ့သူတွေကို ငွေပေးရင်ပေး မပေးရင် အိမ်သာနားမှာ အိပ်ခိုင်းပါတယ်။ ငွေပေးရင်လည်း ပေးတဲ့အချိန်သာ ကောင်းကောင်းမွန်မွန်ဆက်ဆံပြီး မပေးတော့ရင် မပေးသလို နိုင်ထက်စီးနင်းလုပ်နေပါတယ်။ ထောင်ကျနေတဲ့ လူတွေရဲ့အိမ်တွေအထိ ဖုန်းတွေဆက်ပြီး ပိုက်ဆံတွေတောင်းနေပါတယ်။ သူ့အဆောင်မှာ အိမ်သာနား မအိပ်ရဖို့ ငွေကျပ် ၅၀၀၀၀ ကနေ ၁၅၀၀၀၀ အထိပေးရပါတယ်။ ထောင်ပိုင်ကလည်း သူ့ဆရာဆိုပြီး သူ့ကို ဘာမှမလုပ်တော့ ထင်ရာစိုင်းပြီး အနိုင်ကျင့်တာတွေ အကျဉ်းသားတွေကို တုတ်နဲ့ရိုက်နှက်တာတွေ လုပ်ပါတယ်။ ၅၀၅ တွေကိုဆိုလည်း အနိုင်တွေကျင့်ပြီး ပိုက်ဆံမပေးရင် ပညာတွေပြပါတယ်။ အကျဉ်းထာင်ဥပဒေမှာရိုက်ခွင့်မရှိတာကို လူလူချင်းရိုက်နှက်နေတယ်" လို့ နိုင်ငံရေးအကျဉ်းသားတစ်ဦးရဲ့ မိသားစုဝင်က အခြေအနေကို ရှင်းပြပါတယ်။
ရမည်းသင်းအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေထံ ထောင်ဝင်စာတွေ ပေးပို့ရာမှာလည်း ထောင်အာဏာပိုင်တွေက ၎င်းတို့လိုချင်တဲ့ ပစ္စည်းတွေကို ဖြတ်တောက် ရယူတာတွေရှိကြောင်း၊ ရမည်းသင်းအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေအပေါ် နှိပ်ကွပ် ဖိနှိပ်မှုတွေ အလွန်ဆိုးဝါးနေကြောင်း သိရှိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူ ၁ သောင်းကျော်ကို မတရားဖမ်းဆီး အကျဉ်းချထားကြောင်း လေ့လာစောင့်ကြည့်ရေးအဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

========================

📌📌အခုဆက်လက်ပြီး မြန်မာ့ရေနံနှင့် သဘာ၀ဓါတ်ငွေ့လုပ်ငန်း (MOGE) ကို ပိတ်ဆို့အရေးယူနိုင်ဖို့ လုပ်ဆောင်တဲ့ Sanction MOGE အွန်လိုင်းဆန္ဒပြပွဲမှာ ပြည်သူလူထုအားလုံး ပါဝင်ပေးကြဖို့ ဖိတ်ခေါ်လိုက်တဲ့ သတင်းကို တင်ပြပေးပါ့မယ်။

မြန်မာ့ရေနံနှင့် သဘာ၀ဓါတ်ငွေ့လုပ်ငန်းက ဝင်ငွေတွေ အကြမ်းဖက် စစ်အုပ်စုဆီ စီးဝင်နေတာကို ပိတ်ဆို့အရေးယူတားဆီးနိုင်ဖို့ ဥရောပသမဂ္ဂကို ဦးတည်တဲ့ Sanction MOGE Online ဆန္ဒပြပွဲမှာ ပါဝင်ပေးကြဖို့ ပြည်တွင်း၊ ပြည်ပရှိ လူထုလူတန်းစား အသီးသီးကို Blood Money Campaign မှ ဖိတ်ခေါ်လိုက်ပါတယ်။
အဆိုပါကမ်ပိန်းဟာ ဇန်နဝါရီလ ၂၄ ရက်နေ့ ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံမယ့်အစည်းအဝေးကို ဦးတည်ပြီး ဖိအားပေးဖို့ ရည်ရွယ်ထားတယ် လိို့ ဆိုပါတယ်။
ဒီမိုကရေစီအင်အားစုများအပါအဝင် ပြည်သူလူထုရဲ့ ဖိအားပေးမှုတွေကြောင့် Total Energies နဲ့ Chevron ကဲ့သို့သော ရေနံနဲ့ သဘာဝဓာတ်ငွေ့ကုမ္ပဏီကြီးတွေဟာ သူတို့ရဲ့ ရင်းနှီးမြုပ်နှံသူတွေဆီကပေးတဲ့ ဖိအားတွေ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါကြောင့်မို့ အဆိုပါ ရေနံကုမ္ပဏီတွေနဲ့ လက်ရှိအချိန်မှာ လက်တွဲလုပ်ကိုင်နေပြီး စစ်အုပ်စုရဲ့ယန္တရားကို လည်ပတ်ပေးနေတဲ့ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) ကို US နှင့် EU တို့မှ အမြန်ဆုံး ပိတ်ဆို့အရေးယူနိုင်ရေးဟာ နွေဉီးတော်လှန်ရေးအတွက် အလွန်အရေးကြီးတယ် လို့ Blood Money Campaign က ပြောပါတယ်။
မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ရာဇဝတ်မှုတွေ၊ လူအခွင့်အရေး ချို့ဖောက်မှုတွေနဲ့ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ရပ်တန့်နိုင်ဖို့အတွက် ၎င်းတို့ရဲ့ ဝင်ငွေရင်းမြစ်ဖြစ်တဲ့ MOGE ကို ပိတ်ဆို့အရေးယူမှုတွေ အမြန်ဆုံးလုပ်ဆောင်နိုင်ဖို့ ဝိုင်းဝန်းတောင်းဆိုကြဖို့လိုတယ်လို့လည်း ဆိုပါတယ်။
ဇန်နဝါရီလ ၂၁ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ပြုလုပ်မဲ့ Sanction MOGE အွန်လိုင်း ဆန္ဒပြပွဲတွေဖြစ်တဲ့ ဓါတ်ပုံကမ်ပိန်း၊ Twitter trending၊ FB နှင့် Twitter တို့မှ EU ရဲ့ page အောက်မှာ သွားပြီး ကောမန့်ပေးကြဖို့ စတဲ့ အွန်လိုင်းဆန္ဒပြပွဲတွေမှာ ပါဝင်နိုင်ဖို့အတွက် အသေးစိတ်ကို BMC page မှာသွားရောက်ကြည့်ရှုနိုင်ပါတယ်။
ဒါ့အပြင် စစ်အုပ်စုရဲ့ အာဏာသွေးကြောဖြစ်တဲ့ ရေနံနဲ့သဘာဝဓတ်ငွေ့လုပ်ငန်းက ဝင်ငွေတွေကို ပိတ်ဆို့အရေးယူဖို့ တောင်းဆိုကြောင်း EU & US Petition ကမ်ပိန်းမှာ လက်မှတ် မထိုးရသေးရင်လည်း https://bit.ly/oilgasmyanmar လင့်မှာ ဝင်ရောက်လက်မှတ်ရေးထိုး ပါဝင်တောင်းဆိုပေးကြဖို့ကိုလည်း နှိုးဆော်ထားပါတယ်။

========================

📌📌မူးယစ်ဆေးဝါးဂိုဏ်းကို ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု ပူးပေါင်းနှိမ်နင်းခဲ့မှုနဲ့ပတ်သက်လို့ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားတာကို ဆက်လက်တင်ပြပေးပါ့မယ်။

ဒီဇင်ဘာ (၁၆) ရက်နေ့၊ ညနေ (၆) နာရီခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်းရှိ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေတဲ့ ဂိုဏ်းကို ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်နှိမ်နှင်းခဲ့ကြောင်း သိရပါတယ်။
အဆိုပါ မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချတဲ့ဂိုဏ်းမှ WY မူးယစ်ဆေးဝါး အပြား(၈၀၀)၊ ပစ္စတိုတစ်လက်၊ ၉ မမကျည် (၇) တောင့် နဲ့ ငွေသား (၇၄, ၇၀၀) ကျပ် ကို သိမ်းဆည်းရရှိခဲ့ပြီး မူးယစ်ဆေးဝါးတွေကိုတော့ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရပါတယ်။
အလားတူ စစ်ကိုင်းတိုင်း ကန့်ဘလူ-ကောလင်းလမ်းပိုင်းမှာလည်း ဇန်နဝါရီလ ၂၀ ရက်နေ့၊ မနက် ၆ နာရီ ၂၀ ဝန်းကျင်က ကန့်ဘလူမှ ကောလင်းဘက်တက်လာတဲ့ ကားတွေမှာ စစ်တပ်ထုတ်ကုန် Tiger နှင့် Adman Beer တွေ စိစစ်တွေ့ရှိရတဲ့အတွက် ဖမ်းဆီးပြီး ဖျက်ဆီးလိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်တွေထံမှ သိရှိရပါတယ်။
အဆိုပါ ဘီယာတွေ သယ်ဆောင်လာတဲ့ကားကို တားဆီးစစ်ဆေးပြီး ထုတ်ပြန်သတိပေးထားသည့်သတိပေးချက်တွေအတိုင်း ဖယ်ရှားဖျက်ဆီးကာ ကားသမားတွေကိုလည်း နောက်နောင်မှာ ပြည်သူလူထုလက်မခံတဲ့ စစ်တပ်ထုတ်ကုန်တွေကို သယ်ဆောင်ခြင်းမပြုဖို့ သတိပေး၍ ပြန်လွှတ်လိုက်ကြောင်း၊ ဒါ့အပြင် ပြည်သူပိုင်သစ်တွေ တင်ဆောင်လာတဲ့ ဆိုင်ကယ်တစ်စီးကိုလည်း ထပ်မံသိမ်းဆည်းရမိကြောင်း သိရှိရပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment