30th JAN 2022 - Evening Daily News by Radio NUG

၂၀၂၂ ဇန်နဝါရီလ ၃၀ ရက်နေ့ ရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -

📌KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေက စစ်ကောင်စီလက်အောက်ခံ အရပ်ဖက်ဝန်ထမ်းတွေ အကုန်လုံး သတ်မှတ်ရက်အတွင်း ထွက်ခွာဖို့ (KNU/KNLA) သတိပေးထုတ်ပြန်
📌စစ်အာဏာရှင် ဆန့်ကျင်ရေး အသံတိတ် သပိတ်ကို ချေဖျက်နိုင်ရေး စစ်ကောင်စီက ပြိုင်ပွဲနှင့်စျေးပွဲတော်များ အလောတကြီးစီစဉ်နေ
📌Myanmar: Year Zero Plus One ဆိုတဲ့ နိုင်ငံတကာ အထူးစကားဝိုင်း ဒေါက်တာဆာဆာ နှင့် ဦးအောင်မျိုးမင်း တို့ တက်ရောက်ဆွေးနွေးမည်

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေက စစ်ကောင်စီလက်အောက်ခံ အရပ်ဖက်ဝန်ထမ်းတွေ အကုန်လုံး သတ်မှတ်ရက်အတွင်း ထွက်ခွာဖို့ (KNU/KNLA) သတိပေးထုတ်ပြန်

လက်ရှိ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေသော စစ်ကောင်စီ လုပ်ရပ်တွေအပေါ် တနိုင်ငံလုံးရှိပြည်သူတွေက နည်းမျိုးစုံနဲ့ ဆန္ဒပြ တော်လှန်နေကြချိန် ဖြစ်ပါတယ်။
ဒါကိုလည်း ကမ္ဘာသိဖြစ်တာကြောင့် (KNU/KNLA) အမှတ်(၅) တပ်မဟာ နယ်မြေအတွင်းက စစ်ကောင်စီအုပ်ချုပ်ရေးယန္တယားတွေ မလည်ပတ်နိုင်ဖို့အတွက် ဇန်နဝါရီလ ၂၉ ရက်နေ့ရက်စွဲနဲ့ အသိပေးကြေညာချက်တစ်စောင် အသိပေးထုတ်ပြန်လိုက်ပါတယ်။
အဆိုပါကြေညာချက်မှာ-
ကရင်ပြည်နယ် မူတြော်ခရိုင်၊ ဖာပွန်မြို့နယ်အတွင်းက စစ်ကောင်စီလက်အောက်ခံ တာဝန်ထမ်းဆောင်နေကြတဲ့ အရပ်ဖက်ဆိုင်ရာဌာနအသီးသီးမှ ဝန်ထမ်းတွေ အားလုံး မိမိတို့ နေထိုင်ရာဒေသတွေကို အတားအဆီးမဲ့ ရေလမ်းခရီးနဲ့ သတ်မှတ်ထားတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၁၀ ရက်နေ့အတွင်း ဖာပွန်မြို့ကနေ ထွက်ခွာကြဖို့နဲ့ မြို့ခံဝန်ထမ်းတွေအနေနဲ့လည်း စစ်ကောင်စီ လက်အောက်က ဌာနတွေမှာ တာဝန် ထမ်းဆောင်တာတွေကို ရှောင်ရှားကြဖို့ KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေက အသိပေးအကြောင်းကြားလိုက်ပါတယ်။
ယခုအသိပေးစာကို မလိုက်နာပဲပျက်ကွက်ရင် ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် သတိပေးခြင်းနှင့်အတူ အသိပေးအကြောင်းကြားအပ်ပါသည် လို့ကြေညာချက်မှာ ပါရှိပါတယ်။

========================

📌📌စစ်အာဏာရှင် ဆန့်ကျင်ရေး အသံတိတ် သပိတ်ကို ချေဖျက်နိုင်ရေး စစ်ကောင်စီက ပြိုင်ပွဲနှင့်စျေးပွဲတော်များ အလောတကြီးစီစဉ်နေ

ရန်ကုန်၊ မန္တလေးအပါအဝင် ပြည်နယ်နှင့်တိုင်းအသီးသီးတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး အသံတိတ် သပိတ်ကို ချေဖျက်နိုင်ရေး စစ်ကောင်စီက ပြိုင်ပွဲနှင့်စျေးပွဲတော်များ အလောတကြီးစီစဉ်လာနေကြောင်း ဝန်ထမ်းအသိုင်းအဝိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် ဇန်နဝါရီလ ၂၉ ရက်နေ့ စျေးပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပရန် စစ်တပ်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က စီစဉ်လာကြောင်း ၊ စက်ရုံပိုင်ရှင်များကိုလည်း ထုတ်ကုန်များ စျေးပွဲတော်များတွင် လာရောက်ရောင်းချရန် ဖိအားပေးလာကြောင်း စက်ရုံပိုင်ရှင်တစ်ဦးက ပြောဆိုသည်။
"မနေ့က မြို့နယ် အားကစားကွင်းမှာ စျေးပွဲတော်လုပ်မယ်။ ဇန်နဝါရီ ၃၁ ကနေ ဖေဖော်ဝါရီ ၂ အထိ ။ အဲဒါကို စျေးလာရောင်းပါဆိုပြီး ခေါ်တာ။ ရောင်းကိုရောင်းရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ အကြောင်းကြားတာ။ မရောင်းရင် အရေးယူမယ့် သဘော။ အဲဒီလိုမျိုးကတော့ ကျနော်တို့အတွက် အဆင်မပြေဘူး။ ပြည်သူနဲ့ ဆန့်ကျင်တဲ့အလုပ် ကျနော်တို့လည်း မလုပ်ချင်ဘူး" ဟု လှိုင်သာယာမှ စက်ရုံပိုင်ရှင်တစ်ဦးက ပြောသည်။
အလားတူ မန္တလေးတွင်လည်း ကောက်ကာ ငင်ကာ မြို့တော်ဝန်ဖလား စက်ဘီးပြိုင်ပွဲဟု အမည်တပ်ကာ ပွဲတစ်ခု ကျင်းပရန် ကြေညာလာကြောင်း၊ အသံတိသပိတ်ကျင်းပမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့၊ မွန်းလွဲ ၂ နာရီ ၃၀ အချိန်တွင်ပင် ကျင်းပမည်ဟု ကြေငြာထားသလို မန္တလေးမြို့မှာ ပြုလုပ်မယ့် စက်ဘီးပြိုင်ပွဲကို မန္တလေး စက်ဘီးဝါသနာရှင်တွေအနေနဲ့ ပါဝင်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ စက်ဘီးပြိုင်ပွဲတွေကို မနက်ခင်းပိုင်းသာ ပြုလုပ်လေ့ရှိပြီး ရိုးရိုးစက်ဘီးနဲ့ ပြိုင်ပွဲဝင်လို့ရတယ်ဆိုတာလည်း တစ်ခါမှမကြားဖူးခဲ့ကြောင်း စစ်ကိုင်းအခြေစိုက် စက်ဘီးဝါသနာရှင် တစ်ဦးက ပြောပါတယ်။
"နေပြည်တော်မှာလည်း ဖေဖော်ဝါရီလ ၁ ရက်နေ့ မဖြစ်မနေ ရုံးတက်ရမယ်။ သေမယ့်ရောဂါဖြစ်နေရင်တောင် ရုံးတက်၊ ရုံးမှာ လာသေဆိုပြီး ရုံးအကြီးအကဲတွေက အဲလိုမှာနေတယ်" ဟု နေပြည်တော်ဝန်ထမ်းတစ်ဦးက ပြောသည်။
အကြမ်းဖက်စစ်ကောင်စီသည် အသံတိတ်သပိတ်တွင်ပါဝင်ပါက ပြည်သူကို ဥပဒေမျိုးစုံ သုံး၍ ဖမ်းဆီးထောင်ချမည်ဟုလည်း ခြိမ်းခြောက်မှုများ လုပ် ဆောင်လျက်ရှိသည်။

========================

📌📌Myanmar: Year Zero Plus One ဆိုတဲ့ နိုင်ငံတကာ အထူးစကားဝိုင်း ဒေါက်တာဆာဆာ နှင့် ဦးအောင်မျိုးမင်း တို့ တက်ရောက်ဆွေးနွေးမည့်အကြောင်းတင်ပြပေးပါမယ်။

အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ နှင့် လူ့အခွင့်အရေးဆိုင်ရာန်ကြီး ဦးအောင်မျိုးမင်း တို့ Asia News Network၊ The Jakarta Post နဲ့ Thai PBS တို့မှ စီစဉ်သော အထူးနိုင်ငံရေး စကားဝိုင်း တစ်ခုတွင် ဝင်ရောက်ဆွေးနွေးမည် ဖြစ်ကြောင်းသိရှိရပါတယ်။
မြန်မာ့စစ်တပ်က မတရားအာဏာသိမ်းပြီး တစ်နှစ်ကြာတဲ့အခါမှာ မြန်မာနိုင်ငံဟာ ဝရုန်းသုန်းကားအခြေအနေဖြစ်နေပြီး၊ အသက်ဆုံးရှုံးမှုတွေ၊ အိုးအိမ်ဆုံးရှုံးမှုတွေ ၊ ငတ်မွတ်ခေါင်းပါးမှုတွေဟာ ပထဝီနိုင်ငံရေးအရ ဒေသတွင်းနိုင်ငံတွေကိုပါ ရိုက်ခတ်မှုတွေ ရှိလာပါတယ်။ ဒါတွေရဲ့ အဆုံးမှာ မျှော်လင့်ချက်အလင်းရောင်ပေါ်ထွက်လာမလား ၊ သို့မဟုတ် အဆုံးစွန်ဆုံးဆိုးဝါးသွားမလားဆိုတာတွေ ကို ဆွေးနွေးကြမယ်လို့ ပွဲပိုစတာမှာ ရေးသားထားပါတယ်။
အဆိုပါ စကားဝိုင်းတွင် ကေအဲန်ယူနိုင်ငံတကာရေးရာဌာနအတွင်းရေးမှု စောနင်ရော့ (Saw Nimrod)၊ မြန်မာ့နိုင်ငံရေးကျွမ်းကျင်သူ ဘာတေးလစ်တနာ၊ မြန်မာ့လူအခွင့်အရေးကွန်ယက်မှ ဦးကျော်ဝင်း နှင့် ဒေသတွင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ အင်ဒိုနီးရှားတို့မှ ဝါရင့်နိုင်ငံရေးသမားများ၊ အရာရှိများ၊ အရာရှိဟောင်းများ ၊ The Jakarta Post စီနီယာအယ်ဒီတာတို့ ပါဝင်ဆွေးနွေး ကြမည်ဟု သတင်းရရှိပါတယ်။
အဆိုပါ အခမ်းအနား ကို လာမည့် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင် ကျင်းပမည်ဖြစ်ပြီး Thai PBS၊ Thai PBS World Facebook တို့မှ တိုက်ရိုက်ထုတ်လွှင့်မည် ဖြစ်ကြောင်း သိရှိရပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment