သတင်းခေါင်းစဉ်များ -
📌အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ရဲ့ ပထမအကြိမ်ပြည်သူ့ညီလာခံ၏ ထုတ်ပြန်ကြေညာချက်
📌ဇန်နဝါရီလ ၃၁ ရက်နေ့တွင်ကျရောက်သော ၇၃ ကြိမ်မြောက်ကရင်အမျိုးသားတော်လှန်ရေးနေ့သို့ ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက သဝဏ်လွှာပေးပို့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ရဲ့ ပထမအကြိမ်ပြည်သူ့ညီလာခံကို ဇန်နဝါရီလ ၂၇ ရက်မှ ဇန်နဝါရီလ ၂၉ ရက်နေ့ထိ အောင်မြင်စွာကျင်းပနိုင်ခဲ့ပီးနောက်မှာတော့ ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ် အစိတ်အပိုင်း ၂ ခုစလုံးကို အတည်ပြုနိုင်ခဲ့ကြောင်းသိရပါတယ်။ အခုလိုအတည်ပြုနိုင်မှုကြောင့် ဒါဟာ သမိုင်းဝင်မယ့်ညီလာခံတခုဖြစ်တယ်လို့ NUCC ခေါင်းဆောင်များက ပြောကြားခဲ့ကြပီး “စစ်အာဏာရှင်တွေ မြန်မာ့မြေပေါ်မှာ နေရာမရှိစေရဘူး” လို့လည်း ပြည်သူတွေကို သတင်းစကား ပါးခဲ့ပါတယ်။ ဇန်နဝါရီလ ၃၀ ရက်နေ့မှာ ညီလာခံနဲ့ပက်သက်တဲ့ သတင်းစာရှင်းလင်းပွဲတရပ်ကိုပြုလုပ်ကျင်းပခဲ့ကြပြီး ပထမအကြိမ်ပြည်သူ့ညီလာခံ၏ ထုတ်ပြန်ကြေညာချက်ကိုအောက်ပါတိုင်း ထုတ်ပြန်ကြေငြာခဲ့ကြပါတယ်။
ပထမအကြိမ်ပြည်သူ့ညီလာခံ၏ ထုတ်ပြန်ကြေညာချက်
၁။ စစ်အာဏာရှင်စနစ်အပါအဝင် မည်သည့်အာဏာရှင်စနစ်မဆို အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများကို အပြည့်အဝ အာမခံချက်ပေးနိုင်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရေးကို ဦးတည်လျက် ပထမအကြိမ် ပြည်သူ့ညီလာခံကို အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီက ကြီးမှူး၍ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၂၇)ရက်နေ့မှ (၂၉)ရက်နေ့အထိ သမိုင်းဝင်ညီလာခံကြီးအဖြစ် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။
၂။ ပြည်သူ့ညီလာခံသည် နိုင်ငံရေးအရ အမြင့်ဆုံး ဆုံးဖြတ်ချက် ချမှတ်ပေးနိုင်သည့် စုစည်းမှုဖြစ်ပြီး အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီအင်အားစုများ စုပေါင်း၍ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေးနှင့် အာဏာရှင်စနစ်တိုက်ဖျက်ရေးဆိုင်ရာ အခြေခံမူများ၊ မူဝါဒများ၊ မဟာဗျူဟာများနှင့် အသွင်ကူးပြောင်းမှုဆိုင်ရာအစီအမံများ ညှိနှိုင်းဆွေးနွေး အတည်ပြု ဆောင်ရွက်ရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်သည်။
၃။ ဤညီလာခံကြီးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အပါအဝင် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ သမဂ္ဂများ၊ အမျိုးသမီးများ၊ လူငယ်နှင့်လူနည်းစုဆိုင်ရာအဖွဲ့အစည်းများ အပါအဝင် အရပ်ဘက်အဖွဲ့အစည်းများ၊ အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့ဝန်ထမ်း CDM လှုပ်ရှားမှုဆိုင်ရာ အဖွဲ့အစည်းများ၊ လူထုသပိတ်လှုပ်ရှားမှုဆိုင်ရာ အဖွဲ့အစည်းများ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ ကြားကာလ ပြည်နယ်/ဖက်ဒရယ်ယူနစ်/လူမျိုး ကိုယ်စားပြုကော်မတီများမှ ကိုယ်စားလှယ်များ၊ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အဖွဲ့ဝင်များ၊ နိုင်ငံတကာဧည့်သည်တော်များနှင့် လေ့လာသူများ စုစုပေါင်း (၃၈၈) ဦးတက်ရောက်ခဲ့သည်။
၄။ ပထမအကြိမ် ပြည်သူ့ညီလာခံတွင် အောက်ပါဆုံးဖြတ်ချက်များကို အတည်ပြုဆုံးဖြတ်ခဲ့သည်။
(က) ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၁) နှင့် အစိတ်အပိုင်း (၂) ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအစီအမံကို အတည်ပြုသည်။
(ခ) အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကို အစုအဖွဲ့ (၅) ဖွဲ့အား ကိုယ်စားပြုသည့် အစုအဖွဲ့ဝင် အဖွဲ့အစည်း (၃၃) ဖွဲ့ဖြင့် ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်းအတည်ပြုသည်။
(ဂ) အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) အဖွဲ့ဝင်အစုအဖွဲ့များက ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကိုအတူတကွ ကတိကဝတ်ပြု သန္နိဋ္ဌာန်ချ၍ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် သဘောတူ အတည်ပြု (Ratify) သည်။
(ဃ) ၂၀၂၁ ခုနှစ်၊ ဧပြီလ (၁၆) ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ အဆိုပြုချက်ဖြင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က ဖွဲ့စည်းပေးခဲ့သော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဤပြည်သူ့ညီလာခံ ရှေ့မှောက်၌ ထပ်လောင်း အတည်ပြုသည်။
(င) အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ၏ လုပ်ငန်းအစီရင်ခံစာကိုအတည်ပြုသည်။
(စ) အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လုပ်ငန်းအစီရင်ခံစာကို ပြင်ဆင်ဖြည့်စွက်ချက်များနှင့်အတူ အတည်ပြုသည်။
(ဆ) အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၏ ဦးဆောင်မှု ခိုင်မာအားကောင်းစေရန်၊ လုပ်ငန်းဆောင်တာများ ပိုမိုကောင်းမွန်စေရန် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) အကြား လုပ်ငန်းများ ချိတ်ဆက်မှု ကောင်းမွန်စေရေးအတွက် လုပ်ငန်းလမ်းညွှန်နှင့် လုပ်ထုံးလုပ်နည်းများ (Terms of Reference and Role) ကိုပြင်ဆင်ဖြည့်စွက်သွားရန် အတည်ပြုသည်။
(ဇ) ပထမအကြိမ် ပြည်သူ့ညီလာခံ ထုတ်ပြန်ချက်ကို ထုတ်ပြန်ရန် အတည်ပြုသည်။
၅။ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ဂျီနီဗာသဘောတူညီချက် (Geneva Convention) အပါအဝင် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေများကို ချိုးဖောက်လျက် ပြည်ထောင်စုတဝှမ်းလုံးရှိ အပြစ်မဲ့ပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့်နှင့် ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုများ၊ လူသားမျိုးနွယ်စုများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ (Crimes Against Humanity)၊ စစ်ရာဇဝတ်မှု (War Crimes) ကျူးလွန်မှုများ၊ လူမျိုးတုန်းသတ်ဖြတ်မှုများ (Genocides) စသည့် ကျူးလွန်နေမှုမှန်သမျှကို ဤပြည်သူ့ညီလာခံကြီးက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပြီး အကြမ်းဖက် စစ်ကောင်စီအား ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီမှတဆင့် အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံး (International Criminal Court) ၌ အရေးယူ ဆောင်ရွက်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်သွားမည်။
၆။ အကြမ်းဖက်စစ်ကောင်စီက အင်အားအလွန်အကျွံသုံး၍ မြေပြင်နှင့် လေကြောင်း စစ်ဆင်ရေးများဖြင့် အရပ်သားပြည်သူလူထုများအပေါ် ပစ်မှတ်ထား တိုက်ခိုက်နေခြင်းနှင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း ကျူးလွန်ခံနေရမှုများမှ အကာအကွယ်ပေးရန် အရေးပေါ်လိုအပ်ချက်အရ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းများတွင် နိုင်ငံတကာအာမခံမှုဖြင့် အရပ်သား ပြည်သူလူထုများအား အကာအကွယ်ပေးသည့် လုံခြုံသောနေရာများ (Internationally Guaranteed Civilians Protection - Safe Zones) ဖြစ်ပေါ်ရေးနှင့် လူထုအတွက် အရေးပေါ် လူသားချင်းစာနာမှုအကူအညီများအား ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုက်အဝန်းမှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးသွားရန် ဤညီလာခံကြီးက အလေးအနက် တောင်းဆိုအပ်ပါသည်။
၇။ နိုင်ငံတကာအနေဖြင့် အာဏာသိမ်းစစ်ကောင်စီအား အသိအမှတ်မပြုဘဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုသာ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရန် ဤညီလာခံက တောင်းဆိုတိုက်တွန်းသည်။
၈။ သို့ဖြစ်၍ ပြည်သူလူထုများ၏ ဘဝလုံခြုံမှုရရှိစေရေး ဆောင်ရွက်သွားရန်အတွက် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန် တိုက်ပွဲဝင်နေကြသည့် ပြည်တွင်း၊ ပြည်ပရှိ လူမျိုးစုံပြည်သူများနှင့်အတူ လက်တွဲဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ထို့အပြင် ပြည်သူလူထုတရပ်လုံးအတွက် တရားမျှတမှုရရှိရေးနှင့် စစ်ကောင်စီအား အရေးယူ ဆောင်ရွက်နိုင်ရေးတို့ကို ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် အစွမ်းကုန် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။
၉။ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်ဟူသမျှ အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့သူများ၊ မတရားဖမ်းဆီးချုပ်နှောင်ခံရသူများနှင့် တိုက်ပွဲဝင်နေကြသူများအား ဤညီလာခံကြီးက အလေးအနက် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။
၁၀။ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီအနေဖြင့် စစ်အာဏာရှင်စနစ်အပါဝင် အာဏာရှင်မှန်သမျှ ဖယ်ရှား၍ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကို အာမခံသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်နိုင်သည်အထိ စုပေါင်းခေါင်းဆောင်မှု၊ စုပေါင်းညီညွတ်မှုအင်အားတို့ဖြင့် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်ဟူ၍ ပထမအကြိမ် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ ပြည်သူ့ညီလာခံက သဘောထားထုတ်ပြန်ခဲ့ကြောင်းသိရပါတယ်။
========================
📌📌ဇန်နဝါရီလ ၃၁ ရက်နေ့တွင်ကျရောက်သော ၇၃ ကြိမ်မြောက်ကရင်အမျိုးသားတော်လှန်ရေးနေ့သို့ ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက သဝဏ်လွှာပေးပို့ခဲ့တဲ့သတင်းကို ဖတ်ကြားတင်ပြပေးပါ့မယ်။
အဆိုပါသဝဏ်လွှာတွင်
ကရင်အမျိုးသားအားလုံး ကိုယ်စိတ်ကျန်းမာစွာဖြင့်ရန်သူမျိုးအပေါင်းမှ အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ခေတ်အဆက်နှစ်များစွာအတွင်း နိုင်ငံနှင့်လူမျိုးအတွက် အသက်စွန့်ခဲ့ကြသော ကရင့်သူရဲကောင်းများကို ဂုဏ်ယူမှတ်တမ်းတင်လျက်လေးစားအသိအမှတ်ပြုပါကြောင်း ဦးစွာဖော်ပြထားပါတယ်။
မိမိတို့ကရင့်အမျိုးသားသမိုင်းတလျှောက်တွင် လူမျိုးကြီးစနစ်နှင့် ဝါဒီများ၏ဖိနှိပ်မှု နိုင့်ထက်စီးနင်းမှု သတ်ဖြတ်မှုများကိုခံစားခဲ့ရကြောင်း၊ ကရင်အမျိုးသားများသည် လူမျိုးတမျိုးအနေနဲ့လွတ်လပ်စွာရှင်သန်ရပ်တည်ပီး မိမိကြမ္မာမိမိဖန်တီးနိုင်ရေးအတွက် လွတ်လပ်ပီးကိုယ်တိုင်ပြဌာန်းခွင့်ရှိသည့်ပြည်ကို တောင်းဆိုခဲ့ကြကြောင်း ထို့ကြောင့် ကရင်အမျိုးသားအစည်းအရုံး KNU ကို ၁၉၄၇ ဖေဖေါ်ဝါရီလ ၅ တွင်စတင်ဖွဲ့စည်းခဲ့ကြကြောင်း ကရင်အမျိုးသားများ၏ အမျိုးသားရည်မှန်းချက်ကို နိုင်ငံရေးနည်းလမ်းဖြင့်အကောင်အထည်ပေါ်လာစေရန် KNU မှကိုယ်စားပြုကာ ဦးဆောင်မှုပေးရန်အတွက်ဖြစ်သည်ဟု ရေးသားထားပါတယ်။
ကရင်အမျိုးသားတို့၏ နိုင်ငံရေးရည်မှန်းချက်ပန်းတိုင်ခရီးမှာ အခက်အခဲမျိုးစုံကြုံခဲ့ရသော်လည်း ကရင်အမျိုးသားအစည်းအရုံးမှချမှတ်ထားသောနိုင်ငံရေး ခုခံတော်လှန်ရေး ရှေ့လုပ်ငန်းစဉ်များအတိုင်း နိုင်ငံရေး ရေချိန်များနှင့်အညီ စစ်ရေးဆိုင်ရာဗျူဟာများအကောင်အထည်ဖော်လုပ်ဆောင်ခဲ့ကြသည်ဟု ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ရေးသားထားပါတယ်။ ၂၀၁၅ ခုနှစ်တွင် စစ်တပ်နှင့် အပစ်အခတ်ရပ်စဲရေး ယူခဲ့သော်လည်း တန်းတူရေး အပြန်အလှန်အသိအမှတ်ပြုရေးကိုအကောင်အထည်ဖော်နိုင်ခြင်းမရှိသည့်အတွက် နိုင်ငံရေးအရအဖြေရှာနိုင်ခဲ့ခြင်းမရှိဟူ၍လည်း အတိအလင်း ဖော်ပြထားပါသေးတယ်။ ဒါ့ပြင် ၂၀၂၁ ဖေဖေါ်ဝါရီလမှစလို့ စစ်တပ်မှ နိုင်ငံတော်အာဏာကိုအတင်းအဓမ္မသိမ်းယူခဲ့ပြန်ရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်သွေဖည်နေသည်ကို တွေ့ရသဖြင့် နိုင်ငံအဝန်းဆန့်ကျင်တော်လှန်မှုများပေါ်ပေါက်ခဲ့ရပြီး ၎င်းအာဏာသိမ်းမှုမှာ အာဏာရှင်စနစ်ကိုပြန်လည်အသက်သွင်းခြင်းသာဖြစ်သည်ဟူ၍လည်း ဖော်ပြထားပါတယ်။
လွန်ခဲ့သောခေတ်ကာလများကိုပြန်ကြည့်လျှင် မြန်မာလူမျိုးမဟုတ်တေသာ အခြားသော လူမျိုးများကသာ စစ်တပ်ကို ခုခံတိုက်ပွဲဝင်သော်လည်း လက်ရှိတွင်မူ တိုင်းရင်းသားပေါင်းစုံအလွှာပေါင်းစုံ အသိအမြင်ပွင့်လင်းလာပီး ခုခံတော်လှန်နေကြသည်ကိုတွေ့ရသည်။ PDF များသည်လည်းကရင်အမျိုးသားအစည်းအရုံးနှင့်တနည်းတဖုံဆက်နွှယ်မှုများရှိနေတဲ့အတွက် ပြည်သူများ စစ်ဘေးကြုံတွေ့ရပီး စစ်ပြေးဒုက္ခသည်ဘဝကိုရောက်ခဲ့ကြရတယ်လို့ ပါရှိပါတယ်။
စစ်အာဏာရှင်စနစ်အပြင် လူမျိုးကြီးဝါဒအပြင် အာဏာရှင်မှန်သမျှတို့ကို အပြီးတိုင်ချုပ်ငြိမ်းစေပီး ဖက်ဒရယ်ဒီမိုကရေစီတည်ထောင်နိုင်ရေးအတွက် မိမိတို့ကရင်အမျိုးသားများ ကရင်အမျိုးသားအဖွဲ့အစည်းများ၊ နိုင်ငံအဝှမ်းရှိပြည်သူတရပ်လုံးက ပူးပေါင်းဆောင်ရွက်ကြရမည်ဟုလည်း သဝဏ်လွှာမှာတိုက်တွန်းထားပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU အနေနဲ့ အာဆီယံနှင့်ကမ္ဘာ့အဖွဲ့အစည်းများကို တောင်းဆိုလိုသည်မှာ မိမိတို့နိုင်ငံနိုင်ငံရေးပဋိပက္ခနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ပကတိအခြေအနေမှန်တိုင်း သက်ဆိုင်ရာအခန်းကဏ္ဍများတွင် ကူညီပံ့ပိုးပေးကြရန် တောင်းဆိုသည်ဟုလည်း အကူအညီတောင်းထားတာကို တွေ့ရပါတယ်။
ကရင်အမျိုးသားတို့ရဲ့ ၇၃ နှစ်မြောက် ခုခံတော်လှန်ရေးနေ့ အခါသမယတွင် အာဏာရှင်စနစ်အမျိုးမျိုးရန်မှ ကင်းလွတ်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံအစစ်အမှန်တည်ထောင်နိုင်ရန် ကြိုးစားအားထုတ်ကြပါ၊ အနာဂါတ်မျိုးဆက်သစ်များတွက် ရေရှည်တည်တံ့မည့်ငြိမ်းချမ်းရေးကို ဦးတည်လျက် မိမိတို့ကရင်အမျိုးသားများအပြင် သက်ဆိုင်ရာလူမျိုးတိုင်း အဖွဲ့အစည်းတိုင်းနှင့် ပြည်သူတရပ်လုံးက စည်းလုံးစွာကြိုးပမ်းကြရန် တိုက်တွန်းရင်းနိဂုံးချုပ်အပ်သည် (စစ်မှန်သောတော်လှန်ရေးမုချအောင်ရမည်) ဟု ရေးသားဖော်ပြထားတာကို တွေ့ရှိရပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment