၂၀၂၂ ဇန်နဝါရီလ ၃၁ ရက်နေ့ ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌KNU/KNLA ၏ ရပ်တည်ချက်ကို AA၊ MNDAA၊ TLNA မဟာမိတ် ၃ ဖွဲ့က ဂုဏ်ပြုလိုက်ပြီး ဘုံရန်သူ စစ်တပ်ကို ဟန်ချက်ညီ စုပေါင်းတိုက်ပွဲဝင်မည်ဟု ထုတ်ပြန်
📌အာရှဒေသ ဒီမိုကရေစီနိုင်ငံတွေဖြစ်တဲ့ ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နဲ့ တောင်ကိုးရီးယားတို့က စစ်ကောင်စီကို ပိတ်ဆို့ အရေးယူဖို့ ပျက်ကွက်နေတယ်လို့ Justice for Myanmar က ထုတ်ပြန််
📌WFP က ထုတ်ပေးတဲ့ ဆန်ကို မောင်ပိုင်စီးပြီး အသံတိတ်သပိတ်နေ့မှာ မထုတ်ရင် အဆုံးလို့ ပြည်သူတွေကို စစ်အုပ်စု အုပ်ချုပ်ရေးမှူး ခြိမ်းခြောက်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌KNU/KNLA ၏ ရပ်တည်ချက်ကို AA၊ MNDAA၊ TLNA မဟာမိတ် ၃ ဖွဲ့က ဂုဏ်ပြုလိုက်ပြီး ဘုံရန်သူ စစ်တပ်ကို ဟန်ချက်ညီ စုပေါင်းတိုက်ပွဲဝင်မည်ဟု ထုတ်ပြန်လိုက်တဲ့သတင်း
လက်ရှိ မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ အကြမ်းဖက် စစ်ကောင်စီကို တော်လှန်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU/KNLA ရဲ့ စစ်ရေး၊ နိုင်ငံရေး ရပ်တည်ချက်တွေဟာ ခိုင်မာပြတ်သားတဲ့ လုပ်ရပ်တွေဖြစ်သည်ဟု ကိုးကန့် MNDAA၊ တအာင်း TNLA နှင့် ရခိုင် AA စတဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ကရင်တော်လှန်ရေးနေ့အခမ်းအနားမှာ သဝဏ်လွှာပေးပို့ ဂုဏ်ပြုခဲ့ပါတယ်။
KNU/KNLA ၏ ရပ်တည်ချက်ကို AA၊ MNDAA၊ TLNA မဟာမိတ် ၃ ဖွဲ့က ဂုဏ်ပြုလိုက်ပြီး ဘုံရန်သူဖြစ်တဲ့ စစ်တပ်ကို မိတ်ဖက် အဖွဲ့အစည်းတွေနှင့်အတူ ဟန်ချက်ညီ စုပေါင်းတိုက်ပွဲဝင်မည်ဟု ထုတ်ပြန်ထားပါတယ်။
ကရင့်အာဇာနည်ခေါင်းဆောင် စောဘဦးကြီးရဲ့ မူ ၄ ချက်နှင့်အတူ ကရင်လူမျိုးတွေရဲ့ မတရားမှုအတွက် ဦးမညွှတ်တတ်တဲ့ စိတ်ဓာတ်၊ ကရင်ခေါင်းဆောင်ကြီးတွေရဲ့ ဘဝတူညီနောင်တိုင်းရင်းသားလူမျိုးတွေနဲ့ တသားတည်းရပ်တည်ချက်တွေ၊ ရိုးသားပွင့်လင်းမှုတွေ၊ အမျိုးသားလွတ်မြောက်ရေးအတွက် တပ်ပေါင်းစုဖြင့် စုပေါင်းတိုက်ပွဲဝင်ခဲ့ကြပုံတွေဟာ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက် မတရားအာဏာသိမ်းပြီးနောက်ပိုင်း ပို၍ သိသာထင်ရှားစေကြောင်း ရေးသားထားပါတယ်။
ကရင့်တော်လှန်ရေး ၇၃ နှစ်အတွင်း ပေးဆပ်စွန့်လွှတ်ခဲ့ကြတဲ့ ကရင့်အာဇာနည်တွေ၊ ကရင့်သူရဲကောင်းတွေနဲ့ ကရင့်ပြည်သူလူထုတို့ရဲ့ ပေးဆပ်စွန့်လွှတ်အနစ်နာခံမှုတွေကို အောက်မေ့လွမ်းဆွတ်ခြင်းနှင့်အတူ ဦးညွှတ်အလေးပြုကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ဆိုပါတယ်။
ကိုးကန့်၊ တအာင်း၊ ရခိုင်အဖွဲ့အစည်းတို့ဟာ တူညီတဲ့ စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်တွေနဲ့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်ရရှိရေးတို့အတွက် ဘုံရန်သူကို တော်လှန်တိုက်ပွဲဝင်နေကြတဲ့အလျောက် စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်တူညီတဲ့ အခြား မိတ်ဖက်ညီအစ်ကို အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး စစ်ရေး၊ နိုင်ငံရေး လိုအပ်ချက်အရ ဟန်ချက်ညီ စုပေါင်းလုပ်ဆောင်သွားကြရမယ်လို့ ယုံကြည်ကြောင်း MNDAA၊ TNLA၊ AA ညီနောင်မဟာမိတ်သုံးဖွဲ့က ကရင်တော်လှန်ရေးနေ့အခမ်းအနားကို ပေးပို့သည့် ဂုဏ်ပြုလွှာတွင် ဖော်ပြထားကြောင်း သိရှိရပါတယ်။
========================
📌📌အာရှဒေသ ဒီမိုကရေစီနိုင်ငံတွေဖြစ်တဲ့ ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နဲ့ တောင်ကိုးရီးယားတို့က စစ်ကောင်စီကို ပိတ်ဆို့ အရေးယူဖို့ ပျက်ကွက်နေတယ်လို့ Justice for Myanmar က ထုတ်ပြန််လိုက်တဲ့သတင်း
အာရှဒေသတွင်း အင်အားကြီး ဒီမိုကရေစီ နိုင်ငံတွေဖြစ်တဲ့ ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နဲ့ တောင်ကိုးရီးယား တို့ဟာ အကြမ်းဖက်စစ်ကောင်စီကို ပိတ်ဆို့အရေးယူဖို့ပျက်ကွက်နေတယ်လို့ Justice for Myanmar က ဇန်နဝါရီလ ၃၀ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။
ဒေသတွင်း ဒီမိုကရေစီ နိုင်ငံတွေဖြစ်တဲ့ ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နဲ့ တောင်ကိုးရီးယား တို့ဟာ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်နေတဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်နဲ့ စစ်ကောင်စီ အပေါ် ဘယ်လိုပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုကိုမှ မလုပ်ဆောင်ခဲ့ဘူးလို့ JFM က ထုတ်ပြန် ပြောဆိုခဲ့တာပါ။
ဒါ့အပြင် အဲ့ဒီနိုင်ငံတွေမှာ အခြေစိုက်တဲ့ ကုမ္ပဏီတွေဟာလည်း မြန်မာစစ်ကောင်စီရဲ့ စီးပွားရေး လုပ်ငန်းစုကြီးများနဲ့ ပူးပေါင်းပြီး စီးပွားရေးလုပ်ငန်းတွေ ဆက်လက် လုပ်ကိုင်နေကြဆဲ ဖြစ်တယ်လို့ JFM က ထောက်ပြထားပါတယ်။
ဩစတြေးလျနိုင်ငံအနေနဲ့ Magnitsky-style ဒဏ်ခတ်ပိတ်ဆို့အရေးယူမှု ဥပဒေမူကြမ်းတစ်ရပ်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ( ၂ ) ရက်နေ့က အတည်ပြုခဲ့ပြီး ဖြစ်ပေမယ့်လည်း အခုအချိန်ထိ အဲ့ဒီဥပဒေအရ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်တာမရှိဘူးလို့ ဆိုပါတယ်။
“ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နဲ့ တောင်ကိုးရီးယားနိုင်ငံတို့ဟာ မြန်မာစစ်ကောင်စီရဲ့ တရားမဝင် စစ်အာဏာသိမ်းကြိုးပမ်းမှုကို တုန့်ပြန်ဖို့ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှု ဘာတခုမှ ချမှတ်နိုင်ခဲ့ခြင်း မရှိတာဟာ ရှက်ဖို့ကောင်းပါတယ်။ မြန်မာစစ်ကောင်စီနဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းစုကြီးတွေအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့နဲ့ အရှိန်မြှင့်ပြီး ချက်ချင်း အရေးယူဆောင်ရွက်ချက်တွေ လုပ်ဆောင်ဖို့ လိုပါတယ်”။
“ အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ ကနေဒါနဲ့ ဥရောပသမဂ္ဂတို့က သူတို့ရဲ့ မိတ်ဆွေ အစိုးရတွေအနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုအချို့ ချမှတ်လုပ်ဆောင်ထားပြီးတဲ့အပြင် ဒီလို နှောင့်နှေး ကြန့်ကြာနေတဲ့ အစိုးရတွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့အတွက် တွန်းအားပေးဖို့လည်း တာဝန်ရှိနေပါတယ်” လို့ Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကပြောပါတယ်။
စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို ရပ်တန့်ဖို့ နိုင်ငံတကာအစိုးရတွေက ပိုမိုဖိအားပေးလုပ်ဆောင်ဖို့ မဖြစ်မနေလိုအပ်နေတယ်လို့ လည်း JFM က တိုက်တွန်းခဲ့ပါတယ်။
ရရှိထားတဲ့ အချက်အလက်တွေအပေါ် လေ့လာချက်အရ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဆောင်ရွက်တဲ့နေရာမှာ နိုင်ငံတကာအစိုးရတွေအကြား ကွဲလွဲတဲ့ ချဉ်းကပ်မှုပုံစံတစ်ရပ်ကို တွေ့ရှိရပြီး၊ ဒီထက် ပိုမိုထိရောက်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ အရေးတကြီးလိုအပ်နေသေးတယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေထဲက တချို့ကို အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ ကနေဒါနဲ့ ဥရောပသမဂ္ဂတို့က ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်ခဲ့ပါတယ်။
ဒါပေမယ့် စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့ လုပ်ငန်း (MOGE)နဲ့ မိုင်တဲလ်ကို ပိုင်ဆိုင်သည့် Telecom International Myanmar ကုမ္ပဏီ အပါအဝင် စစ်ကောင်စီရဲ့ စီးပွားရေးလုပ်ငန်းတွေကို ပစ်မှတ်ထားဒဏ်ခတ် ပိတ်ဆို့မှု ချမှတ်ဆောင်ရွက်ဖို့ လိုအပ်နေဆဲ ဖြစ်တယ်လို့ တိုက်တွန်းထားပါတယ်။
မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) ဟာ အကြမ်းဖက် စစ်ကောင်စီအတွက် အရေးပါတဲ့ အခွန်ဘဏ္ဍာငွေရှာဖွေပေးနေတဲ့ စစ်တပ်ထိန်းချုပ်မှု အောက်က နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံတကာ အစိုးရတွေအနေနဲ့ စစ်လက်နက်နဲ့ အရပ်ဘက်-စစ်ဘက် နှစ်မျိုးသုံးပစ္စည်းတွေ ထောက်ပံ့မှုမှာ ပါဝင်နေတဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကိုလည်း အရေးယူဒဏ်ခတ်မှုလုပ်ဆောင်ရာမှာ သိသိသာသာ နည်းပါးနေသေးတယ်လို့လည်း JFM က ထောက်ပြထားပါတယ်။
========================
📌📌WFP က ထုတ်ပေးတဲ့ ဆန်ကို မောင်ပိုင်စီးပြီး အသံတိတ်သပိတ်နေ့မှာ မထုတ်ရင် အဆုံးလို့ ပြည်သူတွေကို စစ်အုပ်စု အုပ်ချုပ်ရေးမှူး ခြိမ်းခြောက်
ရန်ကုန်မြို့၊ ရွှေုပြည်သာမြို့နယ် မှာ စစ်အုပ်စုခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ကနေ ပြည်သူတွေကို ထောက်ပံ့ပေးတဲ့ ဆန်တွေကို မောင်ပိုင်စီးယူထားပြီး အသံတိတ်သပိတ် ရက်မှ ထုတ်ပေးမှာဖြစ်ပြီး မထုတ်ရင် အဆုံးလို့ ရပ်ကွက်နေပြည်သူတွေကို ခြိမ်းခြောက် အကြပ်ကိုင်နေတယ်လို့ သိရပါတယ်။
ရွှေပြည်သာမြို့နယ်၊ အမှတ် ၉ ရပ်ကွက်က စစ်အုပ်စုခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ရပ်ကွက်နေပြည်သူတွေထံကနေ တစ်ကဒ်ကို ငါးရာကျပ် နဲ့ တစ်အိမ်တက်ဆင်း တောင်းပြီး WFP နဲ့ ICRC တို့က ပြည်သူတွေကို ထောက်ပံ့တဲ့ ဆန်တွေကို သိမ်းယူထားကာ အကျိုးအမြတ်ယူပြန်ဝေဖို့ ကြံနေတယ်လို့ သိရပါတယ်။
ဒီလို ဖြန့်ဝေရာမှာလည်း ရပ်ကွက်နေပြည်သူတွေကို အသံတိတ်သပိတ် ပြုလုပ်မယ့် ဖေဖော်ဝါရီ ၁ ရက် မနက် ၈နာရီကနေ နေ့လည် ၂နာရီအတွင်းသာ ထုတ်ယူရမှာဖြစ်ပြီး အချိန်ကျော်ပါက မထုတ်ပေးပဲ ဆန်တွေကို မောင်ပိုင်စီးဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။
ယခုဖြစ်စဉ်ကိုလည်း အသံတိတ်သပိတ်မှာ ပြည်သူတွေ မပါဝင်ရအောင် အလှူ့ လက်ဖက်နဲ့ ဓါးမြတိုက်တယ်လို့ ရန်ကုန်မြို့က အမည်မဖော်လိုသူ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ရှုမြင်ကြောင်း ပြောခဲ့ပါတယ်။
“ အလှူ့လက်ဖက်နဲ့ မျက်နှာလုပ်တာ မဟုတ်ဘူး။ ဒါမျိုးကကျ ဓါးမြတိုက်တာမျိုး။ သူတို့ပိုင်တဲ့ ဆန်လည်း မဟုတ်ဘူး။ ဒီနေ့ မထုတ်လည်း နောက်ရက် ထုတ်ရင် ပေးရမှာပဲ။ စစ်တပ်အောက်ဆွဲတွေက ပို ယုတ်တယ်ဗျ။ “ လို့ သူက ပြောပါတယ်။
စစ်အာဏာသိမ်း တစ်နှစ်ပြည့် လူထုတော်လှန်ရေး အရှိန်မြှင့်တဲ့ အနေနဲ့ အသံတိတ်သပိတ်ကို ပြည်သူတွေ တစ်ညီတစ်ညာတည်း ဆင်နွှဲမှာကို စစ်အုပ်စု အလွန်အမင်း စိုးရိမ်နေပုံရပြီး အသံတိတ်သပိတ် မပါဝင်ရေး အကြမ်းဖက်ဖမ်းဆီးမှုတွေ ခြိမ်းခြောက် အကြပ်ကိုင်မှုတွေကို ဆက်တိုက်ပြုလုပ်နေခဲ့တယ်လို့ သိရပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment