1st FEB 2022 - Morning Daily News by Radio NUG

၂၀၂၂ ဇန်နဝါရီလ ၃၁ ရက်နေ့ ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌လက်နက်မဲ့ ပြည်သူများရဲ့ အသံတိတ်သပိတ်ကို စစ်ကောင်စီက ထိတ်လန့်ကြောက်ရွံ့စွာ ခုခံတန်ပြန်ဖို့ကြိုးစားနေ
📌စစ်ကောင်စီရဲ့ ထိုးစစ်ကို ခုခံတိုက်ခိုက်ဖို့အသင့်ရှိနေတယ်လို့ တပ်မဟာ ၅ ဘက်ကပြောကြား

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌လက်နက်မဲ့ ပြည်သူများရဲ့ အသံတိတ်သပိတ်ကို စစ်ကောင်စီက ထိတ်လန့်ကြောက်ရွံ့စွာ ခုခံတန်ပြန်ဖို့ကြိုးစားနေပါတယ်

အာဏာသိမ်းခံရပီး (၁)နှစ်ပြည့်အထိမ်းအမှတ်ဆင်နွှဲမယ့် ပြည်တော်ဝင်ဖို့ရုန်းကြစို့ အမည်နဲ့ အသံတိတ်သပိတ်ဟာ ရောက်ရှိလို့လာခဲ့ပါပီ။ တတိုင်းပြည်လုံး ညီညီညာညာ ဆင်နွှဲမယ့်နှိုးဆော်သံတွေ ထွက်ပေါ်လာပီးနောက်မှာ အခုလိုလက်နက်မဲ့တိုက်ပွဲခေါ်သံကိုပဲ အင်အားကြီးလှပါတယ်ဆိုတဲ့ အာဏာရှင်စနစ်ဟာ အိန္ဒြေမဆည်နိုင်ဘဲ အထိတ်တလန့်ကာကွယ်နေတာတွေ့ရပါတယ်။ တတိုင်းပြည်လုံးကိုလက်နက်အားကိုးထိန်းချုပ်ဖို့ကြိုးစားနေရဆဲစစ်တပ်ဟာ မတရားမှုကိုမုန်းတီးတဲ့ပြည်သူတွေရဲ့ နာကျည်းစိတ်ကိုတော့ လက်နက်အားကိုးမတတ်နိုင်ဘဲ ခုဆိုရင်နည်းလမ်းပေါင်းစုံသုံးနေပါတယ်။
(ဖေဖော်ဝါရီ ၁)တွင် ပြုလုပ်မည့် "အသံတိတ်သပိတ်"မအောင်မြင်စေရန် လူစည်ကားရာနေရာများ၌ နှာခေါင်းစည်းနှင့် ပိုက်ဆံများဝေရန် အကြမ်းဖက်စစ်ကောင်စီက ညွှန်ကြားလာတယ်လို့
နမ့်ခမ်းအခြေစိုက် လူမှုရေးအသင်းများက ပြောပြပါတယ်။ အသံတိတ်သပိတ်နေ့မှာ လူစည်နေအောင်ဆိုပီး မတ်စ်တွေ ဝေခိုင်းနေတယ် တရုတ်အန်ပေါင်းအနေနဲ့ စာအိတ်ထဲကို ငွေနှစ်ထောင်စီထည့်ပီးလည်း ဝေခိုင်းတယ် ဒီလူတွေရူးနေလားမသိဘူး လို့ နမ့်ခမ်းအခြေစိုက် လူမှုရေးအသင်းတခုမှ တာဝန်ရှိသူတဦးကပြောပြသွားတာပါ။ သပိတ် မအောင်မြင်စေရန် နည်းမျိုးစုံကြိုးစားနေရာ မန္တလေးမြို့တွင်လည်း နေ့ခင်းကြောင်တောင် စက်ဘီးစီးပြိုင်ပွဲကျင်းပရန် စီစဥ်နေပြီး စစ်ကောင်စီထောက်တိုင် ဆီဆိုင်များကလည်း ဆိုင်ကယ်တစ်စီးလျှင် ဆီတစ်လီတာ ဝေမည့်သတင်းလည်း ထွက်ပေါ်နေပါတယ်။ အသံတိတ် သပိတ်ပျက်ပြယ်စေရန် ဝန်ထမ်းများ ရုံးတက် ရုံးဆင်းချိန်၊ ကျောင်းတက်ကျောင်းဆင်းချိန်များကို နံနက် ၁၀ နာရီမှ ညနေ ၃ နာရီသို့ စစ်ကောင်စီက ယနေ့ ပြောင်းလဲ သတ်မှတ်ကြောင်း နေပြည်တော်နှင့်စစ်ကိုင်းတိုင်းမှ ဝန်ထမ်းများထံမှ သိရှိရပါတယ်။ မန္တလေးမှာလည်း ဆိုင်ကယ်များကိုဖမ်းဆီးပီး အသံတိတ်သပိတ်ပြုလုပ်မယ့်နေ့မှာ စစ်ကောင်စီက လာရောက်ရွေးခိုင်းဖို့စီစဉ်နေတာလည်းသိရပါတယ် မန္တလေးမြို့ခံတစ်ဦးဆီကသိရတာကတော့ ဆိုင်ကယ်ဖမ်းခံရတဲ့အခါ ဖေဖေါဝါရီလ ၁ ရက်နေ့ ရဲစခန်းမှာလာရွေးကြဖို့ မှာလိုက်တဲ့အကြောင်း တပါတည်းပြောလိုက်တယ်လို့သိရပါတယ်။

အသံတိတ်သပိတ်မပြုလုပ်နိုင်ရန် ခြိမ်းခြောက်အကျပ်ကိုင်ဖမ်းဆီးမှုများ ပြုလုပ်နေပြီး လမ်းပေါ်၌ လူရှိစေရန် တပ်မတော်ထောက်ခံပွဲများ ကျင်းပခိုင်းခြင်း၊ အစိုးရဝန်ထမ်းများအား မွန်းလွဲပိုင်းမှရုံးတက်စေခြင်း၊ စျေးဖွင့်ချိန်များတိုးမြှင့်ခြင်း၊ စက်ဘီးပြိုင်ပွဲ၊ ထမနဲထိုးပွဲများ စသည်ဖြင့် စစ်ကောင်စီက နည်းလမ်းပေါင်းစုံဖြင့် ကျင်းပစေခြင်းတို့ဖြင့် ဖျက်ဆီးရန် စီစဥ်နေကြတာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း၊မုံရွာမြို့တွင်လည်း အကြမ်းဖက်စစ်ကောင်စီက အသံတိတ်သပိတ်တွင် ဈေးဆိုင်ခန်းများပိတ်ထားပါက ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)ဖြင့် အရေးယူမည်ဖြစ်ပြီး ဆိုင်ခန်းအားချိတ်ပိတ်မည်ဖြစ်ကြောင်း လိုက်လံခြိမ်းခြောက်နေသည်ဟု ဒေသခံများက ပြောပါတယ်။ "အသံတိတ်လဲကြောက်၊ အသံကျယ်လဲကြောက်၊PDFလဲကြောက်၊ VPNလဲကြောက်၊နေမြင့်လေအရူးရင့်လေဆိုတာဒါမျိုးပြောတာ။" လို့ မုံရွာမြို့ခံတစ်ဦးက ပြောပါတယ်။ ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် ပိတ်သည့်ဆိုင်များကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပြီး ပြင်းပြင်းထန်ထန်တိုက်ခိုက်မည်ဟုရေးသားထားသောစာရွက်များကို ပျူစောထီးအဖွဲ့က မော်လမြိုင်မြို့က ဈေးတွေမှာ ဒီမနက်ပိုင်းကစပြီး လိုက်လံကပ်နေတယ်လို့ မျက်မြင်တွေ့သူတဦးက ပြောပါတယ်။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှာ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ အသံတိတ် သပိတ် Silent Strike မှာ စစ်ကောင်စီက ဆွမ်းဆန်စိမ်းလောင်းလှူ ပွဲလုပ်ဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အသံတိတ်သပိတ်နေ့ နေ့လည်ပိုင်းမှာ ထားဝယ်မြို့ သာသနဗိမာန်မှာ ပြုလုပ်ဖို့ စစ်ကောင်စီဘက်က လုပ်ဆောင်နေပြီး ဌာနဆိုင်ရာဝန်ထမ်းတွေကိုလဲ မဖြစ်မနေ တက်ရောက်လောင်းလှူ ကြဖို့ စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ညွှန်ကြားထားတယ်လို့ ဌာနဝန်ထမ်းအချို့ထံက သိရပါတယ်။ ခါတိုင်းနှစ်တွေက ဒီအချိန် ဆွမ်းဆန်စိမ်းလောင်းလှူ ပွဲက လုပ်နေကြမှ မဟုတ်တာ။ သူတို့ သက်သက်မဲ့ဂွင်ဆင်တာပေါ့။ အဲနေ့မှာ ပြည်သူတွေက လမ်းပေါ်မထွက်ဘူးလေ။ ဒါကို မထွက်ထွက်အောင်လုပ်တဲ့သဘောဘဲ။ ခုပွဲမှာတော့ သူတို့ကို ထောက်ခံသူတွေကလွဲရင် ကျန်သူတွေက ထွက်မှာ မဟုတ်ပါဘူး။ ''လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ကချင်ပြည်နယ်တွင်လည်း မြစ်ကြီးနားစည်ပင်သာဈေး ၁ နဲ့၂ တို့ကို မဖြစ်မနေဖွင့်လှစ်ဖို့ ညွှန်ကြားထားတယ်လို့ ဈေးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းပြောပါတယ်။ "ဈေးဖွင့်ရက်တော့ဟုတ်တယ်။ ဆိုတော့ဖွင့်ရမှာပေါ့နော် တရုတ်နှစ်သစ်ကူးဆိုပေမဲ့လည်း မနက်ပိုင်းတော့အဖွင့်ပြရမှာ ဟုတ်တယ်" လို့ ဈေးအသိုင်းအဝိုင်းနဲ့နီးစပ်သူကပြောပါတယ်။ မန္တလေးမြို့မှာ ကုန်စည်ဒိုင်တွေ ဈေးဆိုင်တွေကို ဖေဖော်ဝါရီ ၁ရက်မှာ ဖွင့်ဖို့ စည်ပင်ကော်မတီက ကြော်ငြာစာရွက်တွေ လိုက်ဝေတာ၊ ညွှန်ကြားတာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါပေမဲ့ ဒီညွှန်ကြားချက်ကြောင့် တရုတ်နှစ်သစ်ကူးချိန်ဖြစ်နေလို့ ဆိုင်ပိတ်မယ့် ကုန်သည်တွေနဲ့ ဈေးဆိုင်တွေအတွက် အခက်တွေ့ အကျပ်ရိုက်စေတယ်လို့ ပြောကြပါတယ်။

နည်းမျိုးစုံသုံးအကြမ်းဖက်ဖိအားပေးနေမှုနှင့်အတူ စစ်အုပ်စုများဟာ ဇန်နဝါရီလ ၃၁ ရက်နေ့ကစလို့ အကြမ်းဖက်စစ်တပ်အား ထောက်ခံပွဲတွေကို လမ်းပေါ်ထွက်စေပီး လုံခြုံရေးယူပေးခဲ့ကြပါတယ်။ ကချင်ပြည်နယ် မြစ်ကြီးနား မြို့ မှာ တပ်မတော် ထောက်ခံပွဲကို ဇန်နဝါရီ ၃၁ ရက်မနက် ၁၀ နာရီခန့်က လူဦးရေ ၁၀၀ကျော်ခန့်နဲ့ပြုလုပ်ခဲ့ပြီး မြစ်ကြီးနား၊ ဧရာရပ်ကွက်၊ ကျောက်စိမ်း တုံး ဘက်အခြမ်း ကနေ စတင်ပြီး လမ်းလျှောက်ချီတက်ခဲ့ကြတယ်လို့ မျက်မြင်တွေ့သူဒေသခံတွေကပြောပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ စစ်တပ်မိသားစုတွေ စုပေါင်းပြီး တပ်မတော်ထောက်ခံပွဲကို ယ ဇန်နဝါရီလ ၃၁ ရက်နေ့နက်ပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီထောက်ခံပွဲကို နံနက် ၉ နာရီကျော်ကစပြီး စစ်တွေမြို့ရှိ လေယာဉ်ကွင်းအနီးရှိစစ်တပ် ဝန်ထမ်းအိမ်ရာကနေ ဝေသာလီဘောလုံးကွင်းအထိ လူဦးရေ ၂၀၀ ဝန်းကျင်ခန့်က လမ်းလျှောက်ချီတက်ခဲ့ကြပါတယ်။

တပ်ထောက်ခံပွဲတွေကို ဒီကနေ့ ရန်ကုန် အပါအဝင် ရခိုင်ပြည်နယ် စစ်တွေ၊ ကချင်ပြည်နယ် မြစ်ကြီးနား၊ မန္တလေး၊ မော်လမြိုင် ၊ချင်းပြည်နယ် ပလက်၀ စတဲ့မြို့တို့မှာလည်း တပ်ထောက်ခံပွဲတွေ စပြီး ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။ ရန်ကုန်မြို့က တပ်ထောက်ခံပွဲမှာ ရန်ကုန်စီးပွားရေးတက္ကသိုလ်အနီးကနေ ပြည်လမ်းတစ်လျှောက် လမ်းလျှောက်ပြီးလှည့်လည်ခဲ့ကြတာဖြစ်ပါတယ်။ စစ်တပ်ထောက်ခံပွဲတွေကို အသံတိတ်သပိတ်နေ့မတိုင်ခင်တရက်ကစပီး နေရာတချို့မှာ ပြုလုပ်လာတာတွေ့ရပေမယ့် အသံတိတ်သပိတ်မှာပါဝင်ဖို့ စီစဉ်သူတွေ၊အသံတိတ်သပိတ် ထောက်ခံသူတွေကိုတော့ စစ်တပ်က ပုဒ်မတွေတပ်ပြီး လိုက်လံဖမ်းဆီးပါတယ်။

စစ်တပ်က အဓမ္မအာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များရဲ့ ရရာလက်နက်ကိုင်စွဲတိုက်ပွဲဝင်မှုများ ပြင်းထန်နေပါတယ်။ လက်နက်မဲ့ပြည်သူများကလည်း နည်းလမ်းပေါင်းစုံနဲ့ စစ်အုပ်စုကို မလိုလားကြောင်း ပြသနေဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့က တစ်ကြိမ် ၊ ဒီဇင်ဘာလ ၁၀ ရက်နေ့က တစ်ကြိမ် ၊အသံတိတ်သပိတ် ပြုလုပ်ခဲ့ကြပြီးတော့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းခံထား၇တာ ၁ နှစ်ပြည့်အထိမ်းအမှတ် သုံးကြိမ်မြောက်အသံတိတ်သပိတ်ကီု ဆင်နွှဲကြတော့မှာဖြစ်ပါတယ်။ လက်နက်အားကိုး စစ်အုပ်စုဟာ တိုက်ပွဲတိုင်းမှာ လက်နက်ကြီးအားကို စစ်လေယာဉ်အားကိုးပီး ပြည်သူကိုသတ်ဖြတ်ဖို့ကြိုးစားနေသလို ပြည်သူလူထုရဲ့ နည်းပေါင်းစုံဆန္ဒပြပွဲတွေကိုလည်း အကြောက်တရားနဲ့ထိန်းချုပ်ဖို့ အာဏာရှင်တို့ရဲ့အစဉ်အလာတိုင်း ကြိုးစားနေတာ တွေ့ရပါတယ်။

========================

📌📌စစ်ကောင်စီရဲ့ ထိုးစစ်ကို ခုခံတိုက်ခိုက်ဖို့အသင့်ရှိနေတယ်လို့ တပ်မဟာ ၅ ဘက်ကပြောကြားလိုက်ပါတယ်

အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ပြည်သူတွေရဲ့ နည်းပေါင်းစုံနဲ့ခုခံတွန်းလှန်မှုကိုရင်ဆိုင်ရပီးနောက် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များကိုလည်း အင်အားသုံးထိုးစစ်ဆင်မှုတွေ
ဆက်တိုက်ပြုလုပ်နေပါတယ်။ မြဝတီတောင်ပိုင်း လေးကေ့ကော်ဒေသမှာ ဒီဇင်ဘာလကစလို့ စစ်မီးတောက်လောင်ခဲ့ပီး ဒေသခံပြည်သူများလည်း တဖက်နိုင်ငံပြေးဝင်ခိုလှုံရတဲ့ထိ အခြေအနေဆိုးဝါးခဲ့ပါတယ်။ ကရင် အမျိုးသား လွတ်မြောက်ရေးတပ် (KNLA) တပ်မဟာ ၅ အခြစိုက်ရာ မူတြော် (ဖာပွန်) ခရိုင်ကိုလည်း စစ်အုပ်စုက နယ်စပ်ဒေသ လုံခြုံရေးအတွက်ဟူ၍ အကြောင်းပြပီး စစ်ဆင်ရေးတရပ် ဆောင်ရွက်မည်ဖြစ် ကြောင်း ဇန်နဝါရီလ ၃၁ ရက်တွင် ကြေညာချက်ထွက်ခဲ့ပါတယ်။ အခုလို တပ်မဟာ ၅ အား အာဏာသိမ်း စစ်ကောင်စီဘက်က ထိုးစစ်ဆင်လာပါက ခုခံတိုက်ခိုက်သွားမည် ဖြစ်ကြောင်း တပ်မဟာ ၅ အခြေစိုက်သည့် KNU မူတြော် (ဖာပွန်) ခရိုင် ပြောခွင့်ရ ပဒိုမန်းမန်းကလည်း တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

“စစ်ကောင်စီဘက်က ထုတ်ပြန်သည်ဖြစ်စေ၊ မထုတ်ပြန် သည် ဖြစ်စေ တိုက်နေတာပဲ။ တပ်မဟာ ၅ ရယ်မှတော့ မဟုတ်ပါဘူး။ တပ်မဟာ အားလုံးလိုလိုကို သူတို့ စစ် ဆင်ရေး ဆင်နေတာပဲ။ အခုလို ထုတ်ပြန်မှရယ် မဟုတ်ပါဘူး။ အခုလို ထုတ်ပြန်တာလည်း အထူးအဆန်း မဟုတ်ဘူးလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ ကျနော်တို့ဘက်ကတော့ ထိုးစစ်ဆင်လာရင်တော့ ခုခံကာကွယ်သွားရမှာပဲ ဖြစ်ပါတယ်” လို့ဖဒိုမန်းမန်းကပြောပါတယ်။

တကယ်တော့ ထိုးစစ်ဆင်ဖို့အရေးတွက် ကြေငြာချက်ထုတ်ခြင်းကသာ ထူးဆန်းနေတာဖြစ်ပြီး စစ်ကောင်စီဘက်က အခွင့်ပေးရင်ပေးသလို ထိုးစစ်ဆင်တာဟာ အထူးအဆန်းမဟုတ်တော့ပါဘူး။
အာဏာသိမ်း စစ်ကောင်စီတပ်များသည် ဇန်နဝါရီလ ၃၀ ရက် ညပိုင်းကလည်း တပ်မဟာ ၅ တပ်ဖွဲ့ဝင်များရှိမည်ဟု ထင်ရသည့် နေရာများအား လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်သွားခဲ့ပါသေးတယ်။

ဗဟိုကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်အရ KNUအနေနဲ့ တပ်မဟာ ခုနစ်ခုစလုံးကို တိုက်ခိုက်မှုတွေပြန်လုပ်ဖို့ ညွှန်ကြားချက် ပေးထားတယ် ဆိုတဲ့သတင်းများလည်းထွက်ပေါ်နေပီး။ ဒီကိစ္စနဲ့ပက်သက်လို့ KNU ဗဟိုကော်မတီဝင်ပဒိုစောတောနီးက " ဒီအချိန်ဟာ အင်မတန်မှ ကျွန်တော်တို့ ရခဲတဲ့ အချိန်အခါ အခွင့်အလမ်းတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ သမိုင်းတလျှောက်မှာ ဒီလိုဟာမျိုးက တော်တော်လေး ရယူနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ နှစ်ကာလအများကြီးပေးခဲ့ရတယ်။ နောက်ပြီးတော့ အချိန်အခါအခွင့်အလမ်းတွေကလည်း သူ့ဟာသူ ပေါ်လာတာ မဟုတ်ဘူး။ ဒါက ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့က အမိအရ ဆုပ်ကိုင်ဖို့လိုတယ်ဆိုတာ ပြောလိုတယ်လို့ မီဒီယာများကို အသိပေးထားပါသေးတယ်။

အာဏာရှင်စနစ်မှန်သမျှအပြီးတိုင်ချုပ်ငြိမ်းစေပီး ဖက်ဒရယ်ဒီမိုကရေစီနိုင်င့တည်ထောင်နိုင်ရေးအတွက် ကရင်အမျိုးသားများအားလုံးနှင့် အဖွဲ့အစည်းများသည် နိုင်ငံအဝန်းရှိပြည်သူလူထုတရပ်လုံးနှင့် အင်တိုက်အားတိုက်ပူးပေါင်းတိုက်ပွဲဝင်ရမှာဖြစ်တယ်လို့ ၇၃ နှစ်မြောက်ကရင့်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးဥက္ကဌက ထည့်သွင်းရေးသားခဲ့ပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment