၂၀၂၂ ဇန်နဝါရီလ ၇ ရက်နေ့ ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌အမျိုးသားညီညွတ်ရေးအစိုးရက CDM တွေကို ဖိနှိပ်မှုပြုလုပ်နေတဲ့ Non CDM ဝန်ထမ်းအရာရှိ ၈၂ ဦးကို အမည်ပျက်စာရင်းသွင်းပြီး ရာထူးကထုတ်ပယ်
📌သရက်ချောင်းမှာ တိုက်ပွဲဖြစ်ရာမှ ပန်းရံလုပ်သား ၃ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်
📌စစ်ကောင်စီ၏နတ်တောင်စခန်းကို ကရင်နီတပ်မတော်ကသိမ်းပိုက်နိုင်ခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌အမျိုးသားညီညွတ်ရေးအစိုးရက CDM တွေကို ဖိနှိပ်မှုပြုလုပ်နေတဲ့ Non CDM ဝန်ထမ်းအရာရှိ ၈၂ ဦးကို အမည်ပျက်စာရင်းသွင်းပြီး ရာထူးကထုတ်ပယ်လိုက်ပါတယ်
အမည်ပျက်စာရင်းနဲ့ ရာထူးက ထုတ်ပယ်ခံလိုက်ရတဲ့သူတွေဟာ CDM ဝန်ထမ်းတွေကို ဖိအားပေးတာ၊ ခြိမ်းခြောက်တာ၊ ရာထူးထုတ်ပယ်တာ၊ တရားစွဲတာ၊ ပြန်ဆပ်ရန်မလိုတော့တဲ့ ချေးငွေတွေကို အတင်းအဓမ္မပြန်လည်ပေးဆောင်းခိုင်းတာ၊ လက်တ လောကွယ်လွန်တဲ့အခါမှာလည်း နိုင်ငံ့ဝန်ထမ်းတစ်ဦးနဲ့ ခံစားခွင့်မရတာအစရှိတဲ့ ဖိနှိပ်မှုအမျိုးမျိုးကို လုပ်ဆောင် နေတာဖြစ်တဲ့အတွက်ကြောင့်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထုတ်ပယ်ခံရသူတွေက ဝန်ကြီးရုံးက လက်ထောက်အတွင်းဝန် ၅ ဦး၊ ဒုညွှန်ကြားရေမှူး ၁၂ ဦး၊ လက်ထောက်ညွှန်ကြားရေးမှူး ၁၀ ဦးနဲ့ ဦးစီးအရာရှိ ၄ ဦး စုစုပေါင်း ၃၁ ဦးဖြစ်ပါတယ်။ လျှပ်စစ်စွမ်းအား စီမံရေးဦးစီးဌာနက ထုတ်ပယ်ခံရတဲ့သူတွေကတော့ ဒုညွှန်ကြားရေးမှူးချုပ် တစ်ဦး၊ ညွှန်ကြားရေးမှူး တစ်ဦးနဲ့ ဒုညွှန်ကြားရေးမှူး တစ်ဦး စုစုပေါင်း ၃ ဦးပါ။ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနဲ့ ကွပ်ကဲရေးဦးစီးဌာနက ထုတ်ပယ်ခံရတဲ့သူတွေကတော့ ညွှန်ကြားရေးမှူး ၂၊ ဒုညွှန်ကြားရေးမှူး ၃ ဦး စုစုပေါင်း ၅ ဦးဖြစ်ပါတယ်။ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနက ထုတ်ပယ်ခံရတဲ့သူတွေကတော့ ညွှန်ကြားရေးမှူး တစ်ဦး၊ ဒုညွှန်ကြားရေးမှူး ၅ ဦးနဲ့ ဦးစီးအရာရှိ ၃ ဦး စုစုပေါင်း ၉ ဦးဖြစ်ပါတယ်။ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းက ထုတ်ပယ်ခံရတဲ့သူတွေကတော့ အထွေထွေမန်နေဂျာ ၂ ဦး၊ အင်ဂျင်နီယာချုပ် ၂ ဦး၊ ညွှန်ကြားရေးမှူး ၂ ဦး၊ ဒုအင်ဂျင်နီယာချုပ် ၃ ဦး၊ ဒုတိယညွှန်ကြားရေးမှူး ၆ ဦး၊ အင်ဂျင်နီယာမှူးကြီး ၁၂ ဦး၊ လက်ထောက်ညွှန်ကြား ရေးမှူး ၄ ဦး၊ အင်ဂျင်နီယာမှူး ၁ ဦးနဲ့ လက်ထောက်အင်ဂျင်နီယာ ၂ ဦး စုစုပေါင်း ၃၄ ဦးဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ လျှပ်စစ်ဝန်ကြီးဌာနအနေနဲ့လည်း အမိန့်အာဏာ ဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်ခဲ့ကြတဲ့ ဝန်ကြီးဌာနမဖွဲ့ရသေးသောဌာနအသီးသီးမှ နိုင်ငံ့ဝန်ထမ်း သူရဲကောင်းတွေရဲ့ လူမှုဖူလုံရေး၊ လုံခြုံဘေးကင်းရေးနဲ့ ဖိအားကင်းစင်ရေး တို့အတွက် အလေးထား ဆောင်ရွက်နေတယ်လို့ သိရှိရပါတယ်။
========================
📌📌သရက်ချောင်းမှာ တိုက်ပွဲဖြစ်ရာမှ ပန်းရံလုပ်သား ၃ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်လိုက်တဲ့သတင်းကိုတင်ပြပေးပါ့မယ်
တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် စော်ဖျားရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဇန်နဝါရီ ရ ရက်နေ့ နံနက် ၁၀ နာရီချိန်တွင် ဝင်ရောက်တိုက်ခိုက်ကြရာမှာ နှစ်ဖက်အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ စစ် ကူလာတဲ့ စစ်ကောင်စီယာဉ်တန်းကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကင်းရှေ့ရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြပါတယ်။
အဲ့ဒီနောက် စစ်ကောင်စီတပ်ဖွဲ့တွေ ရွာဘက်ကိုသေနတ်များ ရမ်းသန်းပစ်ခတ်ခဲ့ကြတာပါ။ ကြောက်လန့်ထွက်ပြေးသွားတဲ့ ရွာသားနောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ပစ်ခတ်ခဲ့ရာမှ ပန်းရံလုပ်သား လူငယ် ၃ ဦးကျည်ထိမှန်သေဆုံးသွားပါတယ်။ " တောင်ပျောက်တိုက်နယ်အဝင် အထွက်လမ်းပိုင်းတွေ ပိတ်ထားလို့ ရွာမှာ ရိက္ခာပြတ်နေပြီးလေ၊ စစ်သားတွေ လမ်းမဖွင့်မပေးလို့ စော်ဖျားရွာမှာ တပ်ဆွဲထားတဲ့ စစ်ကောင်စီတပ်တွေကို PDF တွေက စွန့်စားပီး ဝင်ပစ်တာပါ၊ သူတို့တိုက်ခိုက်ခံရပီးနောက်မှာ စစ်ကူလာတဲ့ယာဉ်တန်းက ကင်းရှေ့ရွာအနားမှာ မိုင်းဆွဲခံရတယ်၊ ပြီးတော့ ရွာထဲ သေနတ်ပစ်တော့ ရွာသားတွေ ထွက်ပြေးကြတာပေါ့၊ အဲထဲမှာ ပန်းရံ့လုပ်သား ၃ ယောက်သေနတ်ပစ်ခံထိလို့ သေသွားတယ်၊ သိရသလောက် အခုအလောင်းရတဲ့ ၃ ဦးပါပဲ ဒီထက်ပိုရင်လည်း ပိုနိုင်တယ်"လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်တွေရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် သေဆုံးသွားရသူလူငယ်တွေကတော့ ပန်းရံလုပ်သား မောင်အောင်သက် (၁၇)နှစ်၊ မောင်ရဲဇော်ထိုက် (၁၇)နှစ်၊ မောင်ခန့်ဇင်ထွေး(၁၄)နှစ်တို့ ဖြစ်ကြပါတယ်။ " ရုတ်ရက်တိုက်ပွဲဖြစ်တယ် သေနတ်တွေပစ်နေပြီဆိုတော့ ရွာထဲ ပန်းရံလုပ်နေတဲ့ကလေးတွေလည်း ကြောက်ပီးပြေးတာပေါ့ အဲ့လိုပြေးတာကို သူတို့က သူတို့ရန်သူဆိုပီး ပစ်တာပါ " လို့ ရွာသားတဦးက ပြောပါတယ်။
သေဆုံးသူ ၃ ဦးရှိခဲ့တဲ့အပြင် ဒေသခံပြည်သူ အနည်းဆုံး ၅ ဦးထက်မနည်းကိုလည်း စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားပြီး ဆိုင်ကယ်တချို့ကိုလည်း သိမ်းဆည်းသွားပါတယ်။ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်တခွင်ကို အာဏာသိမ်းအကြမ်းဖက်စစ်တပ်က လမ်းကြောင်းအားလုံးပိတ်ဆို့ထားတာကြောင့် ရွာသူရွာသားများအားလုံး စားနပ်ရိက္ခာများ ပြတ်လပ်နေကြတာလည်း လအတန်ကြာပြီလို့ သိရပါတယ်။
========================
📌📌စစ်ကောင်စီ၏နတ်တောင်စခန်းကို ကရင်နီတပ်မတော်ကသိမ်းပိုက်နိုင်ခဲ့တဲ့သတင်းတပုဒ်ကိုတင်ပြပေးချင်ပါတယ်
ကရင်နီပြည်နယ်၊ ရှားတောမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ နန်းပန်ချောင်းအနီးရှိ စစ်ကောင်စီရဲ့ နတ်တောင် တပ်စခန်းကို ဇန်နဝါရီလ ၇ ရက်နေ့
နံနက်ပိုင်းတွင် ကရင်နီတပ်မတော် KA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ထိုသို့ စစ်ကောင်စီစခန်းကို အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပြီးနောက် နာရီဝက်အကြာတွင် အကြမ်းဖက်စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ရာမှာလည်း ၎င်းတို့တပ်များအပေါ်သို့ အချင်းချင်းမှားယွင်းဗုံးကြဲတိုက်ခိုက်သည်ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါတယ်"ပြည်သူကိုအမြဲ ဒုက္ခပေးနေတဲ့ ထိုင်း-ကရင်နီ နယ်စပ် နန်းပန်ချောင်းအနီး စစ်ခွေးခြေကုတ် တပ်စခန်းဖြစ်တဲ့ နတ်တောင်စခန်းကို ကရင်နီတပ်မတော်မှ ယနေ့နံနက်အချိန်တွင် သွားရောက်သိမ်းပိုက်ခဲ့ပြီး စခဘက်မှ အသေ အပျောက်များရှိခဲ့ပါတယ်" လို့ Karenni Army Center (Kn.A.C) က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ထိုတိုက်ပွဲတင် ကရင်နီတပ်မတော်ဘက်က အကျအဆုံးမရှိဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦးကို အရှင်ဖမ်းမိခဲ့ကြောင်းနှင့် တဖက်နိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံဘက်ကလည်း၎င်းတို့နယ်မြေပေါ် လက်နက်များကျရောက်ခြင်းမရှိရန်နှင့် အရေးပေါ်စစ်ဘေးရှောင်များကိုလည်း လက်ခံကူညီနိုင်ရန်အသင့်ဖြစ်နေခဲ့ကြတယ်လို့ဆိုပါတယ် "စခန်းသိမ်းနိုင်တယ်ပေါ့နော်၊ အရှင်မိတာတွေလည်း ရှိတယ်၊ စစ်သားသေဆုံးစာရင်း အတိအကျကတော့ ကျနော်တို့ဆီ မရောက်သေးဘူး" ဟု KA/KNPP အတွင်းရေးမှူး (၁) ဦးအောင်ဆန်းမြင့်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုခဲ့ပါတယ်။
ဦးအောင်ဆန်းမြင့်က ဆက်လက်ပြောဆိုရာမှာ "ကျနော်တို့ စခန်းသိမ်းပြီးတာနဲ့ စစ်ကောင်စီဘက်က လေယာဉ်တွေနဲ့ လာပစ်တယ်ပေါ့၊ ကျနော်တို့ ညာမိုစခန်းဘက်ကိုလည်း ဗုံးလာကြဲတယ်၊ အဲဒါ ကျနော်တို့စခန်းကို မ ကျဘဲ ညာမိုစခန်းနဲ့ ကပ်နေတဲ့ စစ်ကောင်စီရဲ့ ကာကင်းကုန်းတွေပေါ် ပြန်ကျတယ်၊ နှစ်ခါနာ ဖြစ်တာပေါ့" လို့ ဆိုပါတယ် ကရင်နီတပ်မတော်အနေနဲ့ စစ်ကောင်စီရဲ့ နတ်တောင်စခန်းအား ယခုလိုသိမ်းပိုက်ရရှိထားပြီးနောက်မှာ ပြန်လည်လက်လွှတ်သွားမှာမဟုတ်ဘူးလို့လည်းပြောကြားခဲ့ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment