၂၀၂၂ ဇန်နဝါရီလ ၈ ရက်နေ့ ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌ဟိုနားရွာ နေအိမ်တစ်ခုမှာ မပေါက်ကွဲသေးတဲ့လက်နက်ကြီးတစ်လုံး ကျန်ရှိနေ၊ ပေါက်ကွဲတဲ့ လက်နက်ကြီးတွေကြောင့် ဓမ္မာရုံ ၁ ခုအပါအဝင် နေအိမ် (၁၀)လုံးထက်မနည်း ထိခိုက်ပျက်စီး
📌စစ်မီးကျယ်ပြန့်လာတဲ့ ကယားပြည်နယ်မှာ ဆက်သွယ်ရေး အခွန်အကောက်တိုးမြှင့်လိုက်ပြန်
📌မြစ်ဆုံနှင့် ချီဖွေဒေသတွင် ကန့်ကွက်နေသည့်ကြားမှ စက်ယန္တရားအကြီးဖြင့် ရွှေတူးဖော်မှု ပိုမိုများပြားလာ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌ဟိုနားရွာ နေအိမ်တစ်ခုမှာ မပေါက်ကွဲသေးတဲ့လက်နက်ကြီးတစ်လုံး ကျန်ရှိနေ၊ ပေါက်ကွဲတဲ့ လက်နက်ကြီးတွေကြောင့် ဓမ္မာရုံ ၁ ခုအပါအဝင် နေအိမ် (၁၀)လုံးထက်မနည်း ထိခိုက်ပျက်စီး
ရွှေဖီမြေ၊ ဇန်နဝါရီလ ၇ ရက်၊ နမ့်ခမ်း
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ ဟိုနားကျေးရွာအုပ်စု၊ နောင်စန့်ကုန်းထဲက နေအိမ်တစ်ခုမှာ စစ်ကောင်စီက စခန်းသစ်ကုန်းဘက်မှ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးနှစ်လုံးမှာ တစ်လုံးသာ ပေါက်ကွဲပြီး တစ်လုံးက မပေါက်ကွဲသေးပဲ အိမ်ရှေ့တစ်ခုမှာ ကျန်ရှိနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်က တအာင်းတပ်မတော် (TNLA) က မြို့ပေါ်ကို ဝင်ရောက်လာပြီး တိုက်ပွဲမဖြစ်ပွားခင် မနက်ပိုင်းမှာ စစ်ကောင်စီက ရမ်းသမ်းပစ်ခတ်ခဲ့လို့ ဓမ္မာရုံ ၁ ခု အပါအဝင် နေအိမ် (၁၀) လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဟိုနားကျေးရွာခံတစ်ဦးက "အဲဒီမှာကျန်နေတဲ့ လက်နက်ကြီးက သူတို့အိမ်ရှေ့မှာစိုက်နေတာ။ မနေ့က စာပေယဉ်ကျေးမှုအဖွဲ့က ဆားတွေလာထည့်တာ။ သူတို့က ဘယ်သူမှ သွားမထိသေးနဲ့ ပြောတယ်။ ဘယ်သူမှတော့ သွားမထိရဲသေးဘူး"လို့ ဆိုပါတယ်။
အဲဒီနေ့မှာ စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး (၁၀) လုံးထက်မနည်းရှိခဲ့ပြီး ပန်ထိုလင်ကျေးရွာက ဓမ္မာရုံ ၁ ခုအပါအဝင်၊ ဟိုနားက ရွာခံတွေရဲ့နေအိမ် ၃ လုံး၊ အမှတ် (၁) ကောင်းတပ်က (၄) လုံး၊ နမ့်စရီးရွာက (၃) လုံး ထိခိုက်ပျက်စီးခဲ့တာလို့ နောက်ထပ်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
"ဟိုနားရွာထဲမှာတော့ ထိခိုက်မှုအများဆုံးဖြစ်မယ်။ အိမ်တွေ တော်တော်များများထိသွားတာ။ အကြီးအကျယ်ထိခိုက်သွားတာတော့ ၃ အိမ်ပေါ့။ တခြားတော့ ခေါင်မိုးတို့ ထရံပေါက်ပြဲသွားတာမျိုးလောက်ပဲ"လို့ ပြောပါတယ်။
တမြန်နေ့၂ နာရီ ဝန်းကျင်အချိန်မှာလည်း စစ်ကောင်စီနဲ့ ရဲတပ်သားတို့ အမြဲစောင့်ကြပ် စစ်ဆေးနေတဲ့ နမ့်ခမ်းမြို့အထွက် မူဆယ်အတက်လမ်း ဂိတ်တစ်ခုမှာ လက်နက်ကြီးပေါက်ကွဲသံ တချက်ကြားရပြီးနောက် လက်နက်ငယ် ပစ်ခတ်သံ ၁၀ ချက် ထက်မနည်း ကြားရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
ဟိုနားကျေးရွာ တစ်ဝိုက်မှာ ဇန်နဝါရီလ ၅ ရက် နေ့လည်ပိုင်းမှာ TNLA နဲ့ စစ်ကောင်စီတို့ ၃ နာရီနီးပါးကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နောင်စန့်ကုန်းမှာ ကျရောက်ပေါက်ကွဲခဲ့တဲ့ လက်နက်ကြီးကြောင့် ကလေးငယ် ၃ ဦးအပါအဝင် ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
========================
📌📌စစ်မီးကျယ်ပြန့်လာတဲ့ ကယားပြည်နယ်မှာ ဆက်သွယ်ရေး အခွန်အကောက်တိုးမြှင့်လိုက်ပြန်
ပြည်နယ်မြို့တော်တွေအနက်က ကယားပြည်နယ်ရဲ့မြို့တော် လွိုင်ကော်မြို့ရဲ့ ရပ်ကွက်အချို့မှာ လက်နက်ကြီးကျည်ကျပြီး တိုက်ပွဲနီးကပ်စွာ ဖြစ်ပွားနေတာကြောင့် လွိုင်ကော်မြို့ရဲ့ ရပ်ကွက်တချို့မှာ နေထိုင်သူတွေ မြို့ကနေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
ပြည်နယ်နဲ့ တိုင်းမြို့တော် ၁၄ ခုရှိတဲ့အနက်မှာပထမဆုံး မြို့ရဲ့ရပ်ကွက်အချို့မှာ လက်နက်ကြီးကျည်ကျတာ တိုက်ပွဲဖြစ်တာတွေ ပထမဆုံးဖြစ်ပွားတဲ့ မြို့လို့ မှတ်တမ်းတင်ရမယ့် အနေအထားဖြစ်နေပါတယ်။
ကယားပြည်နယ်မြို့တော်ကို စစ်ကောင်စီတပ်က ခိုင်ခိုင်မာမာကာကွယ် မထားနိုင်တဲ့အဓိပ္ပါယ်လည်း သက်ရောက်နေပြီး ကယားပြည်နယ်မှာရှိတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပီဒီအက်ဖ်တို့ လွိုင်ကော်မြို့ကို ခြိမ်းခြောက်နိုင်တဲ့အနေအထားလည်း ဖြစ်ပါတယ်။ မြို့သိမ်းတိုက်ပွဲတိုက်နိုင်တယ် ဆိုတဲ့အနေအထားတော့ မဟုတ်သေးသော်လည်း ခြိမ်းခြောက်နိုင်တဲ့အနေအထား စစ်ကောင်စီအနေနဲ့ နေရာအများအပြားမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အင်အားဖြန့်ချထားရတဲ့အခြေအနေလို့လည်း ဆိုရမှာဖြစ်ပါတယ်။
တဘက်မှာတော့ ကယားပြည်နယ်ရဲ့ စစ်မျက်နှာ စစ်မြေပြင်ပိုမိုကျယ်ပြန့်လာနေတာရဲ့ အကျိုးဆက် အရပ်သားတွေ ထွက်ပြေးတိမ်းရှောင်ရတဲ့အခြေအနေမှာ လိုအပ်မယ့်အကူအညီတွေ ရိက္ခာ၊ ဆေးဝါး၊ အမိုးအကာစတာတွေ ဘယ်လိုရနိုင်မလဲစတဲ့ လက်တွေ့ပြဿနာတွေဟာလည်း အများအပြားရှိနေတယ်လို့ သိပါတယ်။
နောက်ထပ်တိုက်ပွဲသတင်းမဟုတ်ပဲ စီးပွားရေးဆိုင်ရာ ဆက်သွယ်ရေးဆိုင်ရာ အခွန်အကောက်တိုးမြှင့်တဲ့ သတင်းအနေနဲ့ကတော့ ဒီဇင်ဘာလဆန်းမှာ တယ်လီဖုန်းအင်တာနက် အသုံးပြုခတွေ ၂ ဆနီးပါးတိုးမြှင့်ခဲ့ပြီးနောက် တလအကြာမှာ ဆင်းကတ်အသစ်တကတ်မှာ ကျပ် ၂သောင်း တန်ဖိုးအပေါ်ပေါင်းထည့်ကောက်ခံမယ့် အကြောင်းနဲ့ ဆက်သွယ်ရေး ကုန်သွယ်မှုခွန်ကောက်ဖို့နဲ့ အင်တာနက် ဝန်ဆောင်မှုပေါ် ကုန်သွယ်ခွန် ၁၅ ရာနှုန်း သတ်မှတ်ကောက်ခံမယ့် အကြောင်းကို ဘတ်ဂျက် ဥပဒေမှာပြင်ဆင်ချက်အနေနဲ့ ပြဌါန်းလိုက်တယ်လို့လည်း သိရပါတယ်။
ဒီဇင်ဘာလ နဲ့ အခုဇန်နဝါရီလ အခွန်တိုးမြှင့်တာတွေဟာ အခွန်အကောက် တိုးပြီးကောက်လိုတာ နဲ့ ဝင်ငွေနည်းတဲ့ လူများစုကို မိုဘိုင်းအင်တာနက်အသုံးပြုတာ လျော့ကျအောင်လုပ်တဲ့ ရည်ရွယ်ချက်လို့လည်း ဆိုနိုင်ပါတယ်။ စစ်ကောင်စီအနေနဲ့ လျော့နည်းလာနေတဲ့ ဘတ်ဂျက်ကို ဖြည့်ဆည်းဖို့ လုပ်ဆောင်မှုတွေအနက်က တစ်ချက်ဖြစ်သလို တဖက်မှာလည်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုတွေဟာ အင်တာနက် ဆိုရှယ်မီဒီယာတွေပေါ်ကနေ ဆက်သွယ်လှုံ့ဆော်ကြတာကြောင့် အင်တာနက်ကို ဝင်ငွေနည်းသူတွေ လက်လှမ်းမမှီအောင် ရည်ရွယ်လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။
အင်တာနက်ကို ကုန်ကျစရိတ်မြှင့်တင်လိုက်တာရဲ့ အကျိုးဆက်ဟာ စီးပွားရေးကုန်ပစ္စည်း ဝန်ဆောင်မှု ဖလှယ်မှုတွေကို ထိခိုက်စေမှာ ဖြစ်သလို ပညာရေးလေ့လာသင်ယူမှုကိုလည်း ထိခိုက်စေပါတယ်။
စီးကရက်၊ အရက်၊ ဇိမ်ခံပစ္စည်းလို ကုန်ပစ္စည်းမျိုး ဝန်ဆောင်မှုမျိုးမှာ အခွန်တိုးကောက်တာကို နားလည်နိုင်ပေမယ့် ဖွံ့ဖြိုးရေး၊ ပညာရေး၊ ဆက်သွယ်ရေးလိုမျိုးမှာ အခွန်တိုးကောက်တာဟာ တိုးတက်မှာ အသိဥာဏ်ဖလှယ်မှာကို မလိုလားတာလည်း ဖြစ်ပါတယ်။
လက်ရှိမှာ ကယားပြည်နယ် လွိုင်ကော်အပြင် စစ်ကိုင်းတိုင်း၊ ယင်းမာပင် (ယင်းမဘင်) မြို့နယ် နဲ့ အင်းတော်မြို့နယ်က ကျေးရွာအချို့တို့မှာ တိုက်ပွဲတွေ ဖြစ်နေပြီး စစ်ကောင်စီက လေယာဥ်တွေ၊ ရဟတ်ယာဥ်တွေနဲ့ တိုက်ခိုက်လို့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
========================
📌📌မြစ်ဆုံနှင့် ချီဖွေဒေသတွင် ကန့်ကွက်နေသည့်ကြားမှ စက်ယန္တရားအကြီးဖြင့် ရွှေတူးဖော်မှု ပိုမိုများပြားလာ
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အထက်ပိုင်း မြစ်ဆုံဒေသတဝိုက် နဲ့ ချီဖွေမြို့မြစ်ကြောင်းတစ်လျှောက်တွင် စစ်အာဏာသိမ်းပြီးနောက် အာဏာရှင်နဲ့ဆက်နွယ်သူတွေက စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်မှု အလွန်များပြားလာကြောင်း ဒေသခံတွေက ပြောပြပါတယ်။
မြစ်ဆုံဒေသတဝိုက်တွင် ဒေသခံတွေ ကန့်ကွက်နေတဲ့ကြားက စီးပွားရေးလုပ်ငန်းရှင်အချို့က ငါးမွေးမြူတဲ့လုပ်ငန်းအသွင်ယူပြီး ရွှေတူးဖော်တဲ့ လုပ်ငန်းတွေကို လုပ်ဆောင်နေတယ်လို့ မြစ်ဆုံဒေသခံတစ်ဦးက ပြောပါတယ်။
“အဲ့မှာ ရွှေတူးနေတဲ့ အင်လား နော်အောင် အရင်ကတော့ ဒီအထက်ဘက်မှာ နေတယ်။ အခုတော့ စီတာပူမှာ နေတယ် ကြားတယ်။ ငါးကန်လုပ်မယ်ဆိုပြီး ပြောတယ်။ ရပ်ကွက်ကသူတွေကိုလည်း ငါးကန်လုပ်ဖို့ လက်မှတ် လိုက်ထိုးခိုင်းတယ်လို့ ကြားတယ်။ ဘယ်သူတွေ ထိုးလဲတော့ မသိဘူး။ အခု သူက ငါးကန်တော့ မလုပ်ပဲ ရွှေတူးတဲ့ လုပ်ငန်းကို လုပ်နေတယ်။ သူ ငါးကန်လုပ်မယ် ပြောတဲ့နေရာမှာ ရေလည်း မရှိဘူး။ ငါးကန် လုပ်မယ်ဆိုပြီး အပေါ်ပိုင်း မြေကြီးတွေကိုတော့ ခွာတူးပြီး အောက်ကမြေကြီးတွေကို ကားပေါ်တင်သွားပြီး ဘယ်ကို သွားပုံလည်းမသိဘူး။ ကျမတို့ စောင့်ကြည့်နေတယ်။ ညတော့ မြေကြီးတွေ တင်တယ်ကြားတယ်။ ၁ ဧက လောက်တော့ ရှိပြီထင်တယ် တူးနေတာ။”လို့ အမည်မဖော်လိုတဲ့ မြစ်ဆုံ ဒေသခံတစ်ဦးက ပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ မေလက စတင်ပြီး မြစ်ဆုံဒေသမှာ အကြီးစား စက်ယန္တရားကြီးတွေ အသုံးပြုပြီး တူးဖော်နေပေမယ့်လည်း အဆိုပါလုပ်ငန်းတွေကို ရပ်တန့်စေလိုတဲ့ ဒေသခံတွေက မည်သည့်အဖွဲ့အစည်းဆီကို တိုင်ကြားရမည်ကို မသိဘဲ အခက်ကြုံနေရကြောင်း သိရပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ အဆိုပါ မြစ်ဆုံဒေသတဝိုက် ရွှေတူးဖော်နေသူတွေထဲမှာ စစ်ကောင်စီခန့် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်ရဲ့ခမည်းခမက်တော်စပ်သူ၊ ကချင်ပြည်နယ်ရဲ့ထင်ရှားတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့အပြင် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG မှ ဦးယွပ်ဇော်ခေါင်လည်း ပါဝင်နေတယ်လို့ အဆိုပါဒေသခံက ဆက်ပြောပါတယ်။
“ယွပ်ဇော်ခေါင် တူးနေတာက မြစ်ကမ်းဘက်မှာ တူးတယ်။ ဘုန်းကြီးကျောင်းအနောက်ဘက် တူးနေတာက နောက်တစ်ယောက် ဟုတ်တယ်။ အခုတူးနေကြတာက ဘုန်းကြီးကျောင်း အနောက်ဘက်မှာ စက်ယန္တရားကြီး - ဘတ်ဟိုး အကြီး ၂ စီး ရယ် ကားအကြီး ၂ စီးရယ်နဲ့ တူးနေကြတယ်။ အဲ့မှာ တူးနေကြတာ ၁ လလောက်တောင်ရှိပြီ။ လုပ်ငန်းရှင် ၃ ယောက်ပေါင်းပြီး တူးတယ်လို့တော့ သိရတယ်။ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်မှာ ကျမတို့လည်း ဘယ်သူ့ကို ပြောဖို့၊ အကူအညီတောင်းဖို့ အခွင့်အရေးမရှိတော့ဘူးလေ။” လို့ သူကပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း စက်ယန္တရားကြီးဖြင့် ရွှေတူးဖော်မှုစတင်လာသောနေရာတွေမှာ မြစ်ဆုံအထက်ပိုင်း ချီဖွေမြို့ မေခမြစ်ချောင်းတစ်လျှောက်လည်း ပါဝင်ပါတယ်။
ချီဖွေမြို့နယ်၊ ကန်ပိုင်ယန်ရပ်ကွက် မြစ်ကြောင်းတစ်လျောက်မှာ စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ လုပ်ငန်းရှင်တွေက လွတ်လွတ်လပ်လပ် ရွှေတူးဖော်နေကြပြီး ၎င်းတို့ရဲ့လုပ်ငန်းခွင်တွေမှာ ပြည်သူ့စစ်အဖွဲ့က လုံခြုံရေးသဖွယ် ရှိနေတဲ့အတွက် ချီဖွေဒေသခဲတွေအနေဖြင့် ကန့်ကွက်ဖို့ မဖြစ်နိုင်ဘူးလို့လည်း သိရပါတယ်။
“ကျနော်တို့ ချီဖွေမြို့က အမဲရောင်နယ်မြေလေ။ ဒေသခံတွေ ကန့်ကွက်တာတို့ လုပ်ရင် ကျည်ဆံပဲ အပစ်ခံ ရမှာ။ စစ်ကောင်စီနဲ့ ခရိုနီတွေပေါင်းပြီး လုပ်နေတာဆိုတော့ ကျနော်တို့အနေနဲ့ ပြောပြော/မပြောပြော ကျည်ဆံပဲ တွေ့စားမှာလေ။ အာဏာသိမ်းပြီးနောက်ပိုင်း မေလကနေစပြီး တူးနေကြတာ ဟုတ်တယ်။ ၁၀ လပိုင်းကနေ တော့ ပိုပြီး လုပ်လာကြတယ်။ ချီဖွေမြို့ထဲမှာကို တူးနေကြတာပါ။ ချီဖွေကပဲ လုပ်ငန်းရှင် ၃ယောက်လောက် လုပ်နေကြတယ်။ ဘတ်ဟိုး အကြီးတွေနဲ့။ မိုးတွင်းဆို ကျနော်တို့ ချီဖွေ မြို့တွင်းကို ရေတိုက်စားမှု ခံရမယ်။” လို့ ချီဖွေဒေသခံတစ်ဦးက ပြောပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO နယ်မြေရှိ ရွှေတူးဖော်မှုတွေကို ပိတ်ပင်လိုက်ကြောင်း ကချင်လွတ်လပ်ရေးကောင်စီ KIC က ညွန်ကြားထားတယ်လို့ KIO သတင်းမှာ ဖော်ပြထားပါတယ်။
သယံဇာတ ပေါကြွယ်ဝတဲ့ ကချင်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ရွှေတူးဖော်မှု အလွန်များပြားလာပြီး ၎င်းတို့အနက် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နှင့် မြစ်ဆုံအထက်ဘက် မလိခမြစ်ကြောင်းတို့မှာ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment