14th MAR 2022 - Evening Daily News by Radio NUG

၂၀၂၂ မတ်လ ၁၄ ရက်နေ့ ညပိုင်း ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌အထိနာလာတဲ့ စစ်ကောင်စီဟာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားလာတယ်လို့ ကာကွယ်ရေးဝန်ကြီး သတိပေး
📌ကျေးရွာတွေကို ဖျက်ဆီးဖို့လာတဲ့ စကစတပ်တွေကို ချောင်းဦး PDF က ဆီးကြိုမိုင်းခွဲရာ ၁၂ ဦးသေဆုံး
📌ရွှေလှေကျေးရွာကို ပျူစောထီးများ ဝင်ရောက် ၍ မီးရှို့ ဖျက်ဆီး
📌မင်္ဂလာတောင်ညွန့်တွင် ညသပိတ်ဖြိုခွင်းခံရ
📌ဗစ်တိုးရီးယား ပြည်နယ်မှာ ငွေတိုက်စာချုပ်နဲ့ ရန်ပုံငွေ ဩစတြေးလျဒေါ်လာ ခြောက်သောင်းကျော် ရရှိ

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌အထိနာလာတဲ့ စစ်ကောင်စီဟာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားလာတယ်လို့ ကာကွယ်ရေးဝန်ကြီး သတိပေးတဲ့သတင်းကို တင်ပြပေးပါ့မယ်

အထိနာလာတဲ့ စစ်ကောင်စီဟာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားလာတယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကသတိပေးပြောကြားလိုက်ပါတယ်။

“ပြည်သူ့ခုခံတွန်းလှန်စစ် (၆) လပြည့် အစီရင်ခံစာ” မှာဝန်ကြီးကဆိုပါတယ်။

"ဒီနေရာမှာ ရန်သူ့ဘက်က ကျင့်သုံးလာတဲ့ ဗျူဟာအပြောင်းအလဲ အခင်းအကျင်းကိုလည်း ကျွန်တော်တို့သတိပြုဖို့လိုတယ်။ စစ်မြေပြင်မှာ PDF နဲ့မဟာမိတ်တွေကြောင့် အဖက်ဖက်က အထိနာလာတဲ့ စစ်ကောင်စီဟာ အစွမ်းကုန် အကြမ်းဖက်စစ်ဗျူဟာကို ကျင့်သုံးလာတာတွေ့ရတယ်။ သူတို့ရဲ့ပစ်မှတ်က အရပ်သားပြည်သူတွေကိုပဲ။ ပြည်သူတွေကို အကြမ်းဖက် နှိပ်စက် သတ်ဖြတ်တဲ့ဗျူဟာပဲ"လို့ဆိုပါတယ်။

လက်ရှိမှာ စစ်ကိုင်းတိုင်းတွင်း စကစတပ်များဟာ နေ့စဥ်ရက်ဆက် စစ်ကြောင်းထိုးကာ ဒေသခံအရပ်သားများကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်း၊ နှိပ်စက်ညှင်းပန်းသတ်ဖြတ်ခြင်းတို့ကျူးလွန်လျက်ရှိပါတယ်။

========================

📌📌ကျေးရွာတွေကို ဖျက်ဆီးဖို့လာတဲ့ စကစတပ်တွေကို ချောင်းဦး PDF က ဆီးကြိုမိုင်းခွဲရာ ၁၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် အနောက်ဖက်ခြမ်းရှိ ကျေးရွာတွေကို ဖျက်ဆီးဖို့လာတဲ့ စကစတပ်တွေကို ချောင်းဦး PDF က ဆီးကြိုမိုင်းခွဲရာ ၁၂ ဦးသေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။

မတ်လ ၁၃ ရက် မွန်းလွဲပိုင်း ချောင်းဦးမြို့နယ် အနောက်ဘက်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးလာတဲ့ စကစတပ်အင်အား ၇၀ ခန့်ကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (CHUPDF) ကဆိုပါတယ်။

မိုင်းကွင်းအဆင့်ဆင့်နဲ့ ဖောက်ခွဲတိုက်ခိုက်ရာ မိုင်းဧရိယာ ၆ ခုမြောက် တိုက်ခိုက်ပြီးချိန်မှာ စကစတပ်သား ၁၂ ဦးသေဆုံးကာ ၂၀ ဦး ထက်မနည်းထိခိုက်ဒဏ်ရာ ရသွားတယ်လို့ သတင်းရရှိပါတယ်။

အထိနာသွားတဲ့ စကစတပ်တွေဟာ အလောင်းတွေနဲ့ထိခိုက်ဒဏ်ရာရသူများကို သယ်ဆောင်ပြီးတော့ ချောင်းဦးမြို့ထဲ​ပြန်လည်ဝင်ရောက်သွားတယ်လို့ သိရပါတယ်။

========================

📌📌ရွှေလှေကျေးရွာကို ပျူစောထီးများ ဝင်ရောက် ၍ မီးရှို့ ဖျက်ဆီး

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ရွှေလှေကျေးရွာကို ပျူစောထီးများ ယနေ့ မနက်ဝင်ရောက်ဖျက်ဆီးမီးရှို့ ခဲ့ကြောင်းသတင်းရရှိပါတယ်။

မတ်လ ၁၄ ရက် နံနက် ၆ နာရီ ၃၀ အချိန် ရွှေလှေကျေးရွာသို့ ပျူစောထီးများ သေနတ်ဖောက်ဝင်ရောက်ခဲ့ဟု ချောင်းဦးတော်လှန်ရေးအင်အားစုကဆိုပါတယ်။

"မတ်လ ၁၄ ရက်၊နံနက် ၆ နာရီ ခွဲခန့်တွင် ကံကြီးကုန်း ပျူစောထီးများမှ ချောင်းဦးမြို့နယ်၊ရွှေလှေကျေးရွာသို့ သေနတ်များ ပစ်ဖောက်ဝင်လာကြကာ ကျေးရွာအတွင်းရှိ နေအိမ် အများအပြား ကို မီးရှို့ ဖျက်စီးနေကြတယ်လို့ သတင်းရရှိထားပါတယ်"လို့ဆိုပါတယ်။

အများစုမှာ NLD ပါတီထောက်ခံသူများ၏ နေအိမ်ကို မီးရှို့ဖျက်ဆီးသွားကြကြောင်း၊ အိမ်များကို ရွေးရှို့ပြီး လတ်တလောတွင် ရွာတွင်းရှိအိမ်များ အများစု မီးလောင်သွားကြောင်းသတင်းရရှိပါတယ်။

''နံနက် ၆ နာရီခန့်တွင် စတင်ဝင်ရောက်မီးရှို့ခြင်းများပြုလုပ်ကြတယ်။ရွာထဲသေနတ်ဖောက်ဝင်လာကြပြီး NLD ထောက်ခံသူတွေရဲ့ အိမ်တွေကို ရွေးပြီး ရှို့တာ၊ အခု ၉ နာရီ ကျော်ကျော်လောက်ကျ တစ်ရွာလုံးကုန်ခမန်း နီးပါး ရှိသွားပြီ'' ဟု ပြည်သူတစ်ဦးမှ CHU Revolution သို့ သတင်းပေးပြောကြားပါတယ်။

========================

📌📌မင်္ဂလာတောင်ညွန့်တွင် ညသပိတ်ဖြိုခွင်းခံရ

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်တွင် ညသပိတ်ဖြိုခွင်းခံရတယ်လို့သတင်းရရှိပါတယ်။

မတ်လ ၁၃ ရက်ညပိုင်းမှာဆန္ဒပြသူများကို အရပ်ဝတ် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက တုတ်များဖြင့် ဝင်ရောက် ရိုက်နှက်ခဲ့တယ်လို့ ဒေသ သတင်းအရင်းအမြစ်များထံက သိရပါတယ်။

ဆန္ဒပြသူများကို အရပ်ဝတ် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက တုတ်ဖြင့်ဝင်ရိုက်တာကြောင့် လူအချို့လည်း ဖမ်းဆီးခံရတယ်လို့သိရပါတယ်။

သပိတ်ပြီးခါနီးမှာ အနောက်ကနေ ဝင်ရိုက်တာကြောင့် မြန်မာ့ဂုဏ်ရည်လမ်းမှာ လူအချို့ကို ဖမ်းဆီးသွားတယ်လို့ မျက်မြင်တွေ့သူ‌တွေကလည်းဆိုပါတယ်။

========================

📌📌ဗစ်တိုးရီးယား ပြည်နယ်မှာ ငွေတိုက်စာချုပ်နဲ့ ရန်ပုံငွေ ဩစတြေးလျဒေါ်လာ ခြောက်သောင်းကျော် ရရှိ

ဩစတြေးလျနိုင်ငံ၊ ဗစ်တိုးရီးယားပြည်နယ်မှာ ကျင်းပတဲ့ NUG အစိုးရရဲ့ငွေတိုက်စာချုပ် ရောင်းချပွဲနဲ့ ဈေးရောင်းပွဲမှာ ဩစတြေးလျဒေါ်လာ ခြောက်သောင်းကျော်ဖိုး ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၁၃ ရက်နေ့၊ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနေ့မှာ ငွေတိုက်စာချုပ်နဲ့ ဈေးရောင်းပွဲတော်ကို NUG/CRPH Support Group Australia က ဦးဆောင်ကာ မဲလ်ဘုန်းမြို့က Oakleigh Town Hall မှာ ကျင်းပခဲ့ခြင်းဖြစ်ပြီး ငွေတိုက်စာချုပ် ဩစတြေးလျဒေါ်လာ လေးသောင်းကျော်ဖိုးနဲ့ ဈေးရောင်းပွဲကနေ နှစ်သောင်းကျော်ဖိုး ရောင်းချနိုင်ခဲ့တယ်လို့ NUG/CRPH Support Group Australia ရဲ့ ဗစ်တိုးရီးယားပြည်နယ်ကိုယ်စားလှယ် ဦးအေးမင်းစိုးက ပြောပါတယ်။

ဒီပွဲမှာ ‘မြန်မာ့ရိုးရာ စားသောက်စရာ‌၊ ထမနဲ၊ မုန့်ဟင်းခါး၊ ဘူးသီးကြော်၊ စသဖြင့် တိုင်းရင်းသားရိုးရာ အဝတ်အထည်၊အသုံးအဆောင်၊ နွေဦးတော်လှန်ရေး၊ အထိမ်းအမှတ်ရင်ထိုးတံဆိပ်တွေ ရောင်းချပါတယ်’ လို့ ဦးအေးမင်းစိုးကပြောပါတယ်။

မနေ့က ကျင်းပတဲ့ အဲဒီပွဲကို ဩစတြေးလျရောက်မြန်မာ ၃၀၀ နဲ့ ၅၀၀ ကြား တက်ရောက်ခဲ့ပါတယ်။

ရောင်းချရရှိတဲ့ အလှူငွေတွေကို အကြမ်းဖက် စစ်အုပ်စုရဲ့ဖိနှိပ်မှုအမျိုးမျိုးကြောင့် အတိဒုက္ခရောက်ရှိနေသူတွေကိုကူညီဖို့နဲ့ လူသားချင်းစာနာမှု အကူအညီအတွက် လှူဒါန်းသွားမယ်လို့ NUG/CRPH Support Group Australia ကပြောပါတယ်။

ယမန်နေ့ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဩစတေးလျနိုင်ငံ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေ တက်ရောက်ခဲ့ပြီး၊ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ လုပ်ငန်းစဉ်တွေနဲ့ လာမည့် ၆ လအတွင်း ဆောင်ရွက်စရာ ရှိတာတွေကိုရှင်းလင်းပြောပြခဲ့ကာ ရောက်ရှိလာကြတဲ့ မဲလ်ဘုန်းမြန်မာမိသားစုကလည်း သိရှိလိုတာတွေကို ပွင့်ပွင့်လင်းလင်းမေးမြန်းခဲ့ကြတယ်လို့သိရပါတယ်၊ ဒီသတင်းကတော့ Delta Newsမှ ထုတ်နုတ်တင်ပြပေးတာဖြစ်ပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment